မြန်မာပြည်မှာ နေစဉ်တုန်းက တရက်မှာ ကျနော့် ဦးကြီး တော်စပ်သူရှိရာ မြို့တမြို့ကို အလည်ရောက်ရှိသွားခဲ့ပါတယ်။ ဦးကြီးမှာက သမီးနှစ်ယောက် ရှိပါတယ်။ ကျနော့် အမ တ၀မ်းကွဲတွေပေါ့။ တရက်မှာတော့ ကျနော့် အမ နှစ်ယောက် ကျူရှင်ကနေ အိမ်ကိုမျက်နှာ မသာမယာနဲ့ ပြန်လာပါတယ်။ အမငယ်ကို ကြည့်တော့ အခုပဲ ငိုချတော့မယ့်ဟန်…။ ဒါနဲ့ ဦးကြီးရဲ့ မိန်းမက `ဟဲ့၊ ဘာဖြစ်လာကြတာလဲ´ လို့ ပျာပျာသလဲ မေးပါတယ်။ တော်တော်နဲ့ ပြန်မဖြေကြပါဘူး။ နောက်တော့ တအိမ်သားလုံးက မေးလွန်းမက မေးတော့မှ- `လမ်းမှာ လူ နှစ်ယောက်က လိုက် စကားပြောလို့´ လို့ ပြန်ဖြေတယ်။ `ရည်းစားစကား လိုက်ပြောတာလား´ လို့ ဒေါ်ကြီးက ထပ်မေးပါတယ်။ မေးလိုက်တဲ့ ခဏမှာပဲ အမငယ်ဖြစ်သူက တအင့်အင့်နဲ့ ငိုတော့တာပါပဲ။ သူ့ကို ၀ိုင်းချော့တန်ချော့လို့ အခြေအနေ နည်းနည်း ငြိမ်သွားတဲ့ အခါကျမှ အမကြီးက ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ ညီအမနှစ်ယောက် ကျူရှင်က အပြန်မှာ လူနှစ်ယောက်က အနောက်က လိုက်လာသတဲ့။ ပထမတော့ ချစ်စကား၊ ကြိုက်စကားပါပဲတဲ့။ ဒီလိုမျိုး အရင်ကလည်း လိုက်စကားပြောခံရဖန်များတော့ အမကြီးရော အမငယ်ရော အဲဒီလူတွေကို ဘာဆို ဘာမှ ပြန်မပြောဘဲ မျက်နှာထား ခပ်တည်တည်နဲ့သာ ကိုယ့်လမ်းကိုယ်သွားမြဲ သွားပါသတဲ့။ ဒီလိုနဲ့ အဲဒီလူ နှစ်ယောက်က ထပ်ချပ်မကွာလိုက်လာရင်းနဲ့ တခါမှာတော့ သူတို့ နှစ်ယောက်ထဲက တယောက်က အမကြီးတို့ ဘယ်လိုမှ ထင်မထားတဲ့ ရုန့်ရင်းကြမ်းတမ်းလှတဲ့ စကားတွေကို ပြောပြီး သူတို့ နှစ်ယောက်လုံး လှည့်ထွက်သွားပါသတဲ့။ အဲဒီလူပြောသွားတဲ့ စကားက (နားနဲ့မနာ ဖ၀ါးနဲ့ နာပါခင်ဗျာ)- `ထမီလေးတွေ ချွတ်ပေးကြပါလား။ တခါလောက်တော့ အတူတူအိပ်ချင်တယ်ကွာ´ *** လွန်ခဲ့တဲ့ ခြောက်လကျော်ခန့်က ကျနော် အမျိုးသမီးရေးရာ ဆောင်းပါးလေး တပုဒ် `နှုတ်အားဖြင့် ဖြစ်စေ´ ဆိုတာကို ရေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ရေးခဲ့တဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေကို အမျိုးသားတွေက အကြမ်းဖက်မှုမှာ ကိုယ်အားဖြင့်သာ မက၊ နှုတ်အားဖြင့်ပါ ချိုးဖဲ့ နှိမ့်ချ ပြောဆိုတာကိုလည်း ဆင်ခြင်သင့်တဲ့ အကြောင်းကို အခြေခံပြီး ရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးကို ဖတ်ရှုမိသူ အမျိုးသား စာဖတ်သူ တယောက်က အဲဒီ ဆောင်းပါးထဲက အချက်တချို့အနက် သူ လက်မခံနိုင်တာတွေကို ထောက်ပြခဲ့ဖူးပါတယ်။ ဥပမာအားဖြင့် သူလက်မခံတာက `၀စီကံနဲ့ နှိပ်စက်ကလူ ပြုခံရသူတွေဟာ အမျိုးသမီးတွေ´ ဆိုတဲ့ အချက်ကိုပါ။ အဲဒီအချိန်အခါတုန်းကတော့ ကျနော် အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ ပြန်လည် ဆွေးနွေးခြင်း မလုပ်ဖြစ်ခဲ့ပါဘူး။ အခုတော့ `၀စီကံအားဖြင့် နှိပ်စက်ကလူ ပြုခံနေရတဲ့ အမျိုးသမီးများ´ ၊ တနည်းအားဖြင့် ကျနော်တို့ရဲ့ အမေများ၊ အမများ၊ နှမများ အတွက် ဒီစာကို ရေးသင့်ပြီလို့ ယူဆတဲ့အတွက် ရေးရပါတော့မယ်။ *** ဘယ်သူတွေ ဘယ်လိုပဲ ပြောပြော၊ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ဘယ်လို ရင်ဘောင်တန်းနေပါပြီလို့ ကြွေးကြော် ကြွေးကြော် ဘယ်သူ့ဘယ်သူမှ ငြင်းလို့ မရတာ တခုရှိပါတယ်။ အဲဒါကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အားနွဲ့ပါတယ်။ အမျိုးသားတွေထက် အားကြီးသူတွေ ရှိပါတယ် ဆိုရင်တောင် ဒါဟာ မဖြစ်စလောက်သော အရေအတွက်ပါ။ သဘာဝ တရားကြီးက သတ်မှတ်ပေးလိုက်တဲ့ ခန္ဓာဗေဒအရကိုက အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ခွန်အားအရာမှာ အလိုလို အားနည်းပါတယ်။ အဲဒီ အခြေခံအချက်ကို အမှီပြုပြီးတော့ပဲ ဟိုးရှေးရှေး ပဝေသဏီကတည်းကနေ ယနေ့အချိန်အထိ ကျနော့်တို့ အမျိုးသားတွေက အမျိုးသမီးတွေကို နိုင်စားလာခဲ့ကြပါတယ်။ ဒီလိုနဲ့ အသိတရားတွေ မဖွံ့ဖြိုးကြသေးတဲ့ အချိန်မှာတုန်းကတည်းကနေ စတင် အမြစ်တွယ်လာလိုက်တာ အမျိုးသမီးဆိုတာ အမျိုးသားရဲ့ နောက်မှာ အလိုလို ရောက်နှင့်နေပြီးသား ဖြစ်ခဲ့ရပါတယ်။ အခုအခါမှာတော့ အမျိုးသမီးတွေရဲ့ ကြိုးစားမှုနဲ့ ခေတ်ကာလရဲ့ အပြောင်းအလဲ၊ တောင်းဆိုမှုတွေကြောင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ဟိုးအရင်ကတွေလို အမျိုးသားတွေရဲ့ နောက်မှာ မဟုတ်တော့ပါဘူး။ တန်းတူ နေရာကို ရောက်နေပြီလို့ကို ပြောလို့ရနေပါပြီ။ ဒါပေမယ့် ခက်တာက၊ ကျနော်တို့ အမျိုးသားတွေ…၊ အမျိုးသားတွေဆိုလို့ အားလုံးတော့ မဟုတ်ပါဘူး။ တချို့သော အမျိုးသားတွေလို့ ဆိုပါရစေ…။ အမျိုးသမီးတယောက်ကို နင်ပဲငဆတွေ တစ်တစ်ခွခွ ပြောလိုက်ရတာကို အရသာခံနေဆဲ အမျိုးသားတွေ။ သူတို့ အဲဒီလို ပြောလိုက်လို့ အဲဒီ အမျိုးသမီးတွေက ပြန်မပြောတာကိုဘဲ `ဒီကောင်မ၊ ငါဒီလို ပြောလိုက်လို့ ငြိမ်သွားတာ´ လို့ ထင်နေသေးတဲ့ အမျိုးသားမပီသသူ အမျိုးသားတွေ ဒီခေတ်ကြီးမှာ ဘယ်ခေတ်က လက်ကျန်မှန်း မသိတဲ့ အတွေးတွေနဲ့ ရှိနေသေးတာကို တွေ့နေရပါပြီ။ *** ယနေ့ မြန်မာ ဘလော့ဂ် လောကကို လေ့လာကြည့်ကြပါစို့…။ နေရာစုံ၊ အလွှာစုံက မြန်မာတွေ ကိုယ့်စိတ်ကူးသန်ရာ ဘလော့ဂ်တွေ ရေးကြတာကို မြင်ပါလိမ့်မယ်။ ဒါဟာ ကျေနပ်စရာပါ။ ကျေနပ်စရာ ကောင်းလွန်းလို့လဲ မြန်မာဘလော့ဂ် လောကလေးကို ကျနော်က `ဘလော့ဂ် မောင်မယ် စာပန်းခင်း´ လို့ တင်စားခဲ့ဖူးပါတယ်။ အတွေးအမြင်အမျိုးမျိုးနဲ့ မောင်မယ်တို့က ကိုယ့်အယူအဆကို လွတ်လပ်ပွင့်လင်းစွာ တင်ပြကြတဲ့ ပန်းခင်းနဲ့ တူတဲ့ ရပ်ဝန်းလေး။ ဘယ်လောက်များ လှလိုက်ပါသလဲ။ ဒါပေမယ့်…။ လူရယ်လို့ ဖြစ်လာပြီဆိုမှ မတူညီတဲ့ အမြင်အမျိုးမျိုး ရှိတတ်ကြတာ ဓမ္မတာမို့ ဘလော့ဂ် လောကသားတွေမှာလည်း မတူကွဲပြားတဲ့ အမြင်တွေ အမျိုးမျိုး ရှိတတ်ကြပါတယ်။ ဒီလိုနဲ့ပဲ ဆွေးနွေးကြ၊ ငြင်းခုန်ကြ၊ တိုင်ပင်ကြ၊ ကြိုက်တာတွေကို ပြောပြကြ၊ မကြိုက်တာတွေကို ထောက်ပြကြ၊ ဝေဖန်ကြ…။ ဒီလိုနဲ့…။ ကျနော် သတိထားမိသလောက် ဒီဘက် လေးငါးလအတွင်းမှာ မြန်မာ ဘလော့ဂါ အသစ်တွေ တော်တော်ကြီးကို များလာပါတယ်။ တချို့လည်း လက်ရှိ အုပ်ချုပ်သူတွေကို ဆန့်ကျင်၊ တချို့လည်း ထောက်ခံ…။ စာဖတ်သူတွေထဲမှာလည်း ဆန့်ကျင်တဲ့ဘက်ကို ထောက်ခံတဲ့ စာဖတ်သူ၊ အုပ်ချုပ်သူတွေကို လိုလားတဲ့ စာဖတ်သူ...။ ဒီလိုနဲ့…။ ဘယ်သူကမှ ဘယ်သူ့ကိုမှ မမြင်ရတဲ့ အင်တာနက် လောကကြီးမှာ အခုတော့ မြန်မာ အမျိုးသမီး ဘလော့ဂါတွေရဲ့ ကာယိနြေ္ဒကို ထိပါးစေတဲ့ ၀စီကံမြောက် စော်ကားရိုင်းပျမှုတွေက မတူကွဲပြားတဲ့ ယူဆချက်တွေပေါ်မှာ အခြေခံပြီးတော့ ဘလော့ဂ် လောကမှာ တစတစနဲ့ တော်တော်ကြီးကို ကျယ်ပြန့်လာခဲ့ပါပြီ။ စီဘောက်စ်များမှာ နှမချင်းမစာမနာ မောင်နဲ့နှမ၊ အမိနဲ့အဖ မြင်လို့မှ မတော်မလျော် လိင်ပိုင်းဆိုင်ရာ စကားလုံးတွေနဲ့ ဆဲလိုဆဲ၊ ကွန်မန့်တွေမှာ အမည်မဲ့တွေနဲ့ ပိုးစိုးပက်စက် ၀င်ရေးလိုရေးနဲ့ ကျနော်တို့ အမေအရွယ်၊ အမအရွယ်၊ နှမအရွယ်တွေဟာ ကာယကံမြောက် မဟုတ်သည့်တိုင်အောင် အင်မတိအင်မတန် အရှက်ရစေလောက်အောင် အစော်ကားခံနေရတာဟာ မြန်မာ ဘလော့ဂ် လောကရဲ့ အရုပ်ဆိုး အကျည်းတန်မှု တခု ဖြစ်လို့ နေပါပြီ။ ဒီကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ အငြင်းအခုန်မရှိတဲ့ နေရာ မရှိပါဘူး။ အမြင်မတူကြတဲ့အတွက် အယူအဆတွေလည်း အမျိုးမျိုး ကွဲကြမှာ အသေအချာပါပဲ။ ဒါပေမယ့် ကိုယ်နဲ့ မတူတိုင်း တဖက်သားကို နစ်နာသွားရင် ပြီးရော ဆိုတဲ့ စိတ်ထားနဲ့ ရိုင်းစိုင်းစွာ ဆဲဆိုတာဟာ မဖြစ်သင့်ဆုံးလို့ ကျနော်တော့ ထင်ပါတယ်။ အာဏာပိုင်တွေကို ထောက်ခံသူက ဆန့်ကျင်သူကို ဆဲသည်ဖြစ်စေ၊ ဆန့်ကျင်သူက အာဏာပိုင်တွေကို ဆဲသည်ဖြစ်စေ ဆဲတယ် ဆိုကတည်းကိုက ကောင်းတဲ့ လက္ခဏာ မဟုတ်သလို အားလုံးအတွက် အဖြေကောင်း ထွက်လာစရာလည်း အကြောင်း မရှိပါဘူး။ ဒါ့အပြင် အထူး သတိပြု စာနာပေးသင့်တာက အမျိုးသမီးများအတွက်ပါ။ မကျေနပ်မှုတွေ ရှိတယ် ဆိုရင်တောင် တဘက်က အပြောခံရမယ့်သူဟာ `အမျိုးသမီး´ ဆိုတဲ့ စိတ်ထားသင့်ပါတယ်။ ငါ့အမေ၊ ငါ့အမ၊ ငါ့နှမကိုများ တခြားတစိမ်းယောက်ျား တယောက်ယောက်က အခု ငါသူ့ကို ပြောသလို လာပြောခဲ့ရင် ငါ ဘယ်လို ခံစားရမလဲ ဆိုတဲ့ အတွေးဟာ ဒီခေတ်ကြီးထဲမှာ ဘယ်သူ့ကိုမှ သင်စရာမလိုတော့တဲ့ ကိုယ်ချင်းစာနာစိတ်ပါ။ ဒါပေမယ့် အခု အခြေအနေကတော့ ၀မ်းနည်းစရာ အလွန်ကောင်းလှပါတယ်။ အပြောခံရသူ အမျိုးသမီးများခမျာမှာ သူ အဆဲခံရတာက `ဒီလိုပါ´ လို့တောင် အဲဒီစကားလုံးတွေကို ပြန်မပြောရဲလောက်အောင် အရင့်သီးခံရတဲ့ အနေအထားအထိတောင် အစော်ကားခံနေရပါပြီ။ တကယ်ဆိုရင် ကိုယ်ဖတ်မိတဲ့ စာကို လက်မခံသည့်တိုင်အောင် စာပါ အကြောင်းအရာကိုပဲ အကျိုးသင့် အကြောင်းသင့် ဝေဖန် ထောက်ပြတာမျိုး ဖြစ်သင့်လှပါတယ်။ စာနဲ့ မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိပါးမှုတွေကတော့ အမျိုးသမီးများကို မဆိုထားနဲ့ အမျိုးသား အချင်းချင်းတောင် မပြောအပ်၊ မပြောသင့်ပါဘူး။ အခုတော့ လူမြင်ကွင်း ဘလော့ဂ်ပေါ်က စီဘောက်စ်တွေ၊ ကွန်မန့်တွေမှာပါ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းတဲ့ စကားတွေနဲ့ အမျိုးသမီး ဘလော့ဂါတွေကို မိုက်ရိုင်းတာ၊ စော်ကားတာဟာ အလွန်ကို ရုပ်ဆိုးလွန်းလှပါတယ်။ အမျိုးသမီးတယောက်ကို အမျိုးသားတယောက်က ဆဲလိုက်ရလို့ အဲဒီလူအတွက် အဲဒီ အမျိုးသမီးအပေါ် မကျေနပ်တဲ့ စိတ်တွေ အတိုင်းအတာ တခုအထိ အာသာပြေကောင်း ပြေပါလိမ့်မယ်။ ဒါပေမယ့် တဘက်က အပြောခံရသူ အမျိုးသမီးမှာတော့ ပြောမပြတတ်တဲ့ အရှက်ရမှုကြီး ဖြစ်သွားရှာပါပြီ။ ကျနော်တို့ အမျိုးသားတွေ ဒါလေးတော့ စဉ်းစားပြီး ဆင်ခြင်သင့်လှပါတယ်။ `တည်ကြည်တဲ့ ယောက်ျား´ ဆိုတဲ့ စကားလုံးနဲ့ အမွှမ်းတင်ခံ အမျိုးသားတွေ ဖြစ်ပြီး ဘာလို့များ ကိုယ့်ထက် မွေးရာပါ အားနွဲ့ပြီးသား အမျိုးသမီးကို ညစ်ညမ်းစကားတွေနဲ့ ပစ်ပေါက် အနိုင်ယူမှာပါလဲ။ ဒါဟာ ယောက်ျားကောင်းတွေရဲ့ အကျင့်မဟုတ်ပါဘူး။ ယောက်ျားယုတ် လူ့ဗာလတွေသာ ဒီလို အနိုင်ယူနည်းကို သုံးပါတယ်။ တနည်းပြောရရင် အဲဒီလို ဆဲဆိုတဲ့ ယောက်ျားတွေဟာ အဆဲခံရသူ အမျိုးသမီးတွေကို ဥာဏ်ရည်ချင်း ယှဉ်ဖို့ရာ ဘယ်လိုမှ မစွမ်းသာလို့လာလျှင် အဆင့်အတန်းမဲ့စွာ ဆဲဆိုတာ ဖြစ်ပါတယ်။ ရေးခဲ့တာ အတန်ငယ် ရှည်လျားပါပြီ။ ဒီစာကိုဖတ်ပြီးတော့ ကျနော့်ကို တစုံတယောက်က `မင်းက မိန်းမတွေကို ထိလို့ နာသလား´ လို့ မေးကောင်းမေးနိုင်ပါတယ်။ ဟုတ်ကဲ့…၊ နာပါတယ်။ အမချင်း၊ နှမချင်းစာနာစိတ် နဲ့ နာပါတယ်။ ယဉ်ကျေးတဲ့ အမျိုးသားတွေ ကိုယ်စား ရှက်လို့ နာပါတယ်။ အဲဒီလို နာလို့ ကျနော့်ကိုပါ ဆဲချင်သေးသပ ဆိုရင်လဲ သဘောတော် အတိုင်းပါပဲ…။ *** ကျူရှင်က အပြန် လမ်းမှာ ယောက်ျားနှစ်ယောက်ရဲ့ ၀စီကံမြောက် စော်ကားတာ ခံခဲ့ရလို့ ၀မ်းနည်းပြီး ငိုနေတဲ့ အမငယ် အငို တိတ်သွားတဲ့ အချိန်မှာ ဦးကြီးက အလွန်ထိရောက်တဲ့ စကား တခွန်းနဲ့ပဲ နှစ်သိမ့်ခဲ့ပါတယ်။ `မငိုနဲ့ သမီး၊ ၀မ်းလဲ မနည်းနဲ့၊ ဒီလောက်တောင် ယုတ်ညံ့ ရိုင်းစိုင်းတဲ့ လူတွေအတွက် ငိုခြင်း၊ ၀မ်းနည်းခြင်းတွေ ဖြစ်နေတာဟာ သူ့စကားတွေကို သွယ်ဝိုက်သောအားဖြင့် အသိအမှတ်ပြုနေတာပဲ။ သူ့လုပ်ရပ်က တစုံတရာ ထိရောက်သွားတာပဲ။ လူမိုက် အကြိုက် မလိုက်မိစေနဲ့´ ကျနော့် အမ၊ နှမ မြန်မာ အမျိုးသမီး ဘလော့ဂါများ စိတ်အေးကြည်လင်စွာနဲ့ မိမိယုံကြည်ချက်ရှိတဲ့အတိုင်း စာတွေ ဆက်လက် ရေးနိုင်ကြပါစေလို့ ဒီနေရာကနေ ဆုမွန် တောင်းလိုက်ပါတယ်။ ကလိုစေးထူး |
Wednesday, September 05, 2007
ထားသင့်သည့် စာနာစိတ်...
Subscribe to:
Post Comments (Atom)
12 comments:
မမေဓာဝီကို အားပေးရင်းနဲ့  တခြားအမျိုးသမီးတွေအတွက်ပါ စာနာစိတ်နဲ့ ရေးလိုက်တာနဲ့ တူတယ်.. ဒီပိုစ့်လေး ကောင်းပါတယ်... ဒီလိုအရေးအသားတွေ များများရေးနိုင်ပါစေ
Ur writing is tremendously good.Keepit up Ako Klo.
Dear Klosayhtoo,
it's awfully nice to read your blogs....I knew you from 'Ayarwadi' webpage but I dont know you creat a blog.Today,I find your blog through ma maydarwii blog and I find it that yr blog is really interesting...plz carry on...i really want to write my comment in myanmar but i dont know what to do....plz let me know if u have free time...via your blog or send email to 'zarniko1976@gmail.com'....thankx
koko,
Cheers!
Thank you very much.
ကိုစေထူး...ဘလော့ကိုလာလည်တည်တော့ကြာပြီး ။ကွန့် မန်ကိုတော့အခုမှရေးဖြစ်တယ်။ ထားသင့်သည့် စာနာစိတ် ဆိုတဲ့ ပို့ဒ်လေးကိုကြိုက်တယ်ဗျ။အဲဒီလို ဆဲဆိုတဲ့ ယောက်ျားတွေဟာ အဆဲခံရသူ အမျိုးသမီးတွေကို ဥာဏ်ရည်ချင်း ယှဉ်ဖို့ရာ ဘယ်လိုမှ မစွမ်းသာလို့လာလျှင် အဆင့်အတန်းမဲ့စွာ ဆဲဆိုတာ ဖြစ်ပါတယ်။ အဲ့ ဒီစာသားမှာအဖြေပါပြီးသားလို့ ထင်တယ်။ အဆင့်အတန်ရှိတဲ့ လူတစ်ယောက်ဟာဘလော့ဂ်ပေါ်က စီဘောက်စ်တွေ၊ ကွန်မန့်တွေမှာပါ လိင်ပိုင်းဆိုင်ရာအကြောင်းအရာကိုလုံးမှမရေးသင့်ပါဘူ။
မြန်မာအမျိုးသမီးတွေရဲ့ ကိုယ်ကျင့်သိက္ခာက အခြားနိုင်ငံက အမျိုးသမီးတွေထက် အများကြီး သာပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ အရေးအသား အဆင့်တန်ရှိ၂ ရေးသင့်တယ် လို့  ကျွန်တော် ထင်ပါတယ်ခင်ဗျာ။ ကိုစေးထူးရေ ...ကျေးဇူး ပဲခင်ဗျ။။
ကျေးဇူးတင်ပါသည်..ဟုတ်ပါတယ်..ကျတော်ဟိုတလောကအရမ်း
ရိုင်းတဲ့စာသားတခုဖတ်လိုက်ရပြီးအရမ်းကိုလန့်သွားခဲ့တယ်
အရမ်းကိုမတ်ရိုင်းပါတယ်..မတ်ရိုင်းတယ်ဆိုတဲ့စကားထက်တောင်
ပိုလို့ရိုင်းပါတယ်။
ကျေးဇူးတင်ပါတယ်..အမျိုးသမီးထုကိုလေးစားလို့
ပို့စ်အရမ်းကောင်းတယ်။ ကိုယ်ချင်းစာတရားက အရမ်းအရေးကြီးပါတယ်။ ဘလော့ကောင်းတခုမှာ ရုန့်ရင်းတဲ့ ကွန့်မန့်တွေမြင်တိုင်း စိတ်မကောင်းဖြစ်မိတယ်။
ကျေးဇူးတင်ပါတယ် ကိုကလိုစေးထူး။
ကိုစေးထူးရေ ရေးသင့်ရေးထိုက်တဲ့ စာတစ်ပုဒ်ပါပဲ။ ကျေးဇူးတင်ပါတယ်။ အခြေခံ ကိုယ်ချင်းစာနာ စိတ်ကလေးတောင် မထားနိုင်ကြတဲ့ တချို့လူတွေကြောင့် ရင်လေးမိတာအမှန်ပါ။
Thanks for writing this! You're a good man ^_^
အားပေးကြတဲ့ အမည်မသိ၊ မမီးမီး၊ ကိုဇာနည်ကို၊ ခက်၊ မောင်မျိုး၊ သမုဒယနွယ်၊ မြရွက်ဝေ၊ မမလေး ဒိုရာနဲ့ dawn တို့ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ မမေဓာဝီ အပါအ၀င် ရင့်သီးစွာ အဆဲဆို အပြောဆိုခံရတဲ့ ကျနော့် အမ၊ နှမ မြန်မာဘလော့ဂါတွေ အားလုံးအတွက် ကိုယ်ချင်းစာစိတ်နဲ့ ရေးခဲ့တာပါခင်ဗျာ။ နောက်ထပ် ရေးမယ့် စာတွေကိုလည်း အားပေး ဝေဖန်ကြပါအုံး။
တချို. လူတွေ တော်တော် လူမဆန်တဲ့ ကောင် တွေပဲ။ ဒီ လောက် ထိ ရိုင်းစိုင်း လိမ့် မယ်လို. မထင်ခဲ့ ပါ ဘူး။ အေး လေ မြန်မာ blogger တွေ ပေါ်လာတာ ကောင်းသလို အဆိုး လည်း ဒွန်တွဲ လိုက် လာတာ ပေါ့။ online မှာတင် မက အပြင်မှာ ပါ မိုက် ရိုင်းတယ် ဆိုတော့ တရား လွန်တယ် ဗျာ။ ဘယ်သူ တရားပျက်ပျက် ကိုယ် မပျက် ဖို. ကအရေး အကြီး ဆုံး ပဲ။ သူ. ထိုက် နဲ. သူကံ သွားကြ ပါလိမ့်မယ်။
Post a Comment