Wednesday, September 12, 2007

ဘလော့ဂ်& ယုံကြည်ချက်၊ ခံစားချက်၊ ရပ်တည်ချက်…

လူတိုင်းမှာ ခံစားချက်ကိုယ်စီ၊ ယုံကြည်ချက်ကိုယ်စီ၊ ရပ်တည်ချက်ကိုယ်စီ ရှိကြပါတယ်။ မတူညီတဲ့ ရှင်သန်ကြီးပြင်းမှု၊ ကွဲပြားတဲ့ နေရာဒေသ အခြေအနေ၊ လေ့လာသိရှိခွင့်ရတဲ့ ပညာရပ် စတာတွေကို အခြေခံပြီးတော့ ခံစားယုံကြည် ရပ်တည်ချက် အမျိုးမျိုး ရှိကြပါတယ်။

ဟိုးအရင့်အရင် ကျနော်တို့ ဘိုးဘေးများလက်ထက်ကတော့ ပေကညစ်၊ ကျောက်စာတွေမှာ မှတ်တမ်းတင်လို့ ခံစားရတာတွေ၊ ယုံကြည်မိတာတွေကို ရေးဖွဲ့ကြပါတယ်။ တဖြည်းဖြည်းနဲ့ ကာလာရွေ့လျောလာတော့ စာအုပ်စာပေများ အဲဒီကမှတဆင့် အင်တာနက် ၀က်ဘ်ဆိုက် စာမျက်နှာများ…။ အခုများတော့ ဘလော့ဂ်။

***

ဘလော့ဂ်ရေးတယ်ဆိုတာကို လူတွေက ပုံစံအမျိုးမျိုး ယူဆခံစားကြပါတယ်။ ကျနော်ကတော့ ဘလော့ဂ်ရေးခြင်းဟာ `မိမိယုံကြည်ချက်၊ မိမိခံစားချက်ကို မိမိဘာသာ စီစဉ်တည်းဖြတ် တင်ပြခြင်း´ လို့ ခံယူပါတယ်။

ဘလော့ဂ်တခုဟာ အဲဒီဘလော့ဂ်ကို စီစဉ်တင်ဆက်နေတဲ့ အုပ်စု၊ လူပုဂ္ဂိုလ်ရဲ့ အာဘော်၊ ခံစားချက်ပါပဲ။ အဲဒီဘလော့ဂ်ကို တင်ဆက်သူနဲ့ ခံစားချက်ခြင်း၊ ယုံကြည်ချက်ခြင်း ထပ်တူကျတဲ့ စာဖတ်သူတွေက အဲဒီဘလော့ဂါကို အားပေးကြပါတယ်။ ဒီလိုနဲ့ ဘလော့ဂါတွေကို လူကြိုက်များခြင်း၊ မများခြင်းက ပုံစံမျိုးစုံနဲ့ ကွဲပြားလာပါတော့တယ်။

***

ကျနော် ဘလော့ဂ် စတင်ရေးသားစဉ်တုန်းက မြန်မာဘလော့ဂါတွေရဲ့ အရေအတွက်က လက်ချိုးရေတွက်လို့ ရတဲ့ အနေအထားမှာ ရှိပါသေးတယ်။ အဲဒီအထဲကမှ ဘလော့ဂ်ကို ပုံမှန်ရေးသားတင်ဆက်သူ အရေအတွက်က ပိုလို့တောင် နည်းခဲ့ပါသေးတယ်။

မှတ်မှတ်ရရ…၊ ကျနော်သတိထားမိသလောက် အဲဒီတုန်းက ဘလော့ဂါတွေထဲမှာ အာဏာပိုင်ကို ဆန့်ကျင်သူနဲ့ ဆန့်ကျင်တယ်လဲ မပြော၊ ထောက်ခံတယ်လဲ မပြောတဲ့ ဘလော့ဂါ ဆိုပြီး နှစ်မျိုးနှစ်စားတည်းပဲ ရှိခဲ့ပါတယ်။ အာဏာပိုင်တွေကို ထောက်ခံသူ ဘလော့ဂါ မရှိခဲ့ပါဘူး။

အာဏာပိုင်တွေကို ထောက်ခံလိုလားတဲ့ ဘလော့ဂါတချို့ ပေါ်လာတာကတော့ ၂၀၀၇ခုနှစ်၊ နောက်ပိုင်းကာလတွေမှာပါပဲ။ သတိထားမိသလောက် ၈၈၈၈ နေ့ နောက်ပိုင်းမှာမှ တစိုက်မတ်မတ် စတင်ရေးသားကြတာ များပါတယ်။

သူတို့ကလည်း သူတို့အမြင်၊ သူတို့အထင်တွေကို တချို့ကလည်း အကိုးအကား အထောက်အထား၊ တချို့ကလည်း ထင်ရာမြင်ရာနဲ့ တင်ဆက်လာကြပါတယ်။ ဆိုလိုချင်တာကတော့ ၂၀၀၇ ခုနှစ်၊ ဒီဘက်လများမှာ နအဖ လိုလားသူ ဘလော့ဂါတွေ ထီးထီးကြီး ပေါ်ထွက်လာကြပါတယ်။

***

ယနေ့ မြန်မာဘလော့ဂ်လောကကို လေ့လာကြည့်ပါ။ ကျနော် တဦးတည်း အမြင်အရ ရဲရဲကြီး ပြောရဲတာ တခုရှိပါတယ်။ လက်ရှိ အာဏာပိုင်ကို ထောက်ခံရေးသားနေသူတွေ နေရာမရပါဘူး။ မြန်မာဘလော့ဂါတွေ အချင်းချင်း အားပေးမှုနဲ့ပဲ ယှဉ်ယှဉ်၊ စာဖတ်သူတွေရဲ့ ထင်မြင်မှု မှတ်ချက်တွေကိုပဲ လေ့လာလေ့လာ ဘယ်လို ရှုထောင့်က ကြည့်ကြည့် အာဏာပိုင်တွေဘက်က ထောက်ခံရေးသားသူတွေကို လိုလားကြသူ ရာခိုင်နှုန်း အင်မတန်နည်းပါတယ်။

ဒါတောင် မိမိဆန္ဒအမြင်တွေကို ထင်ထင်ပေါ်ပေါ် ထုတ်ပြောကြသူတွေကိုသာ အကဲခတ်မိတာပဲ ရှိပါသေးတယ်။ ဆန္ဒအမြင်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဖို့သာ အခြေအနေပေးရင် လက်ရှိ အာဏာပိုင်တွေကို မလိုလားသူတွေ ဘယ်လောက်အထိ ထွက်ပေါ်လာအုံးမယ်ဆိုတာ မသိနိုင်ပါဘူး။

သေချာတာကတော့ မြန်မာဘလော့ဂါနဲ့ ဘလော့ဂ်ဖတ် ပရိသတ်တွေအကြားမှာ အာဏာပိုင်တွေကို ထောက်ခံလိုလားသူ အင်အားနဲ့ ဆန့်ကျင်သူ အင်အားက အကွာကြီး ကွာပါတယ်။

ဒီနေရာမှာ အာဏာပိုင်တွေဘက်က ထောက်ခံရေးသားနေသူတွေလည်း မရေးသင့်ဘူး၊ ရေးခွင့်မရှိဘူးလို့ မဆိုလိုပါဘူး။ မိမိသဘောထားကို လွတ်လပ်စွာ ကွဲပြားနိုင်ပါတယ်။ ဒါပေမယ့် လွတ်လပ်စွာ ကွဲပြားတာနဲ့ ရန်စတာနဲ့ကတော့ မတူဘူးဆိုတာ စာဖတ်တတ်ကြသူအားလုံး ထင်ထင်ရှားရှား သိနိုင်ပါတယ်။

***

အာဏာပိုင်တွေကို လိုလားထောက်ခံသူတွေရဲ့ ဘလော့ဂ်တွေ အလျှိုလျှို ပေါ်ထွက်လာပြီးနောက်ပိုင်းမှာ တိုက်ဆိုင်တယ်ပဲ ပြောရမလား မသိ၊ တစတစနဲ့ ကျယ်ပြန့်လာတာကတော့ `အနှောက်အယှက်ပေးမှု နဲ့ ခြိမ်းခြောက်မှု´ တွေပါပဲ။

အထက်ပါ အနှောက်အယှက်ပေးမှုနဲ့ ခြိမ်းခြောက်မှုတွေရဲ့ ဒဏ်ကို အဓိက ခံရတာကတော့ စာဖတ်သူတွေရဲ့ ထောက်ခံအားပေးမှု အများစု ရလေ့ရှိနေတဲ့ ဘလော့ဂ်တွေပါပဲ။ စီဘောက်စ်များက တဆင့် မထိတထိ ရန်စခြင်း၊ အပြန်အလှန်ဆဲဆိုခြင်း၊ အမည်မဲ့ကွန်မန့်များနဲ့ စော်ကားရိုင်းပျခြင်း အစရှိတဲ့ နည်းမျိုးစုံကို အသုံးပြုကြပါတယ်။ အုပ်စုဖွဲ့ပြီး စနစ်တကျ လုပ်ဆောင်နေတယ်လို့ ထင်ရတဲ့ အနေအထားအထိကို တစိုက်မတ်မတ်နဲ့ အချိန်ယူကြတာကို တွေ့ရပါတယ်။

ဘလော့ဂ်တွေက ဆီပုံးတွေမှာ ဟိုဘက်က ဒီဘက်ကို တိုက်ခိုက်သလိုလို၊ ဒီဘက်က ဟိုဘက်ကို တိုက်ခိုက်သလိုလို ရေးသားနေကြတာတွေဟာလည်း မျက်စိလည်စရာကောင်းလောက်အောင်ကို အပြန်အလှန် ချေပတိုက်ခိုက်မှုတွေ ဖြစ်စေတဲ့အတွက် ပြဿနာဖြစ်စေချင်သူတွေက တမင်လိုက်လံ ဖန်တီးနေကြသလားလို့တောင် ထင်ရပါတယ်။

အထက်ပါ လုပ်ဆောင်ချက်တွေအပြင် မြန်မာဘလော့ဂါအချင်းချင်း သပ်လျှိုသွေးခွဲတဲ့ အနေအထားတွေ၊ ရန်ကုန်နဲ့ မန္တလေးသား ဘလော့ဂါတွေ အကြား အထင်အမြင်လွဲအောင် လုပ်ဆောင်ချက်တွေ၊ ပြည်တွင်းနဲ့ ပြည်ပ ဘလော့ဂါတွေအကြား အဆက်အဆံနည်းသထက် နည်းအောင် ဖန်တီးမှုတွေက တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့တာကိုလည်း သတိထားမိလာရပါတယ်။

***

လူတိုင်းမှာ ကိုယ့်အယူအဆကို တင်ပြခွင့် ရှိပါတယ်။ လက်ခံတာ လက်မခံတာက လူ့အဖွဲ့အစည်းရဲ့ ဆုံးဖြတ်မှုပါပဲ။ အဓိကကတော့ ကိုယ့်အယူအဆ၊ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ လိုလားချက် နီးစပ်နိုင်သမျှ နီးစပ်ဖို့ပါပဲ။ လူတွေရဲ့ သဘောကတော့ ရှင်းပါတယ်။ ကြိုက်ရင် ထောက်ခံမယ်၊ မကြိုက်ရင် ကန့်ကွက်မယ်။ ဒါပါပဲ။

မိမိအယူအဆကို မိမိ ကြိုက်သလို မှတ်ကျောက်တင်လို့ ရပါတယ်။ စာဖတ်တဲ့လူက သုံးသပ်ဆုံးဖြတ်သွားမှာပါပဲ။

မိမိအယူအဆနဲ့ မတူရကောင်းလားဆိုပြီး တဖက်သားကို ခြိမ်းခြောက်တာဟာ အင်မတန် အောက်တန်းကျတဲ့ လူသိမ်လူမွှားတွေရဲ့ စိတ်ဓာတ်ပါပဲ။ လူတယောက်ကို ဘယ်လို ဒုက္ခပေးရပါ့မလဲလို့ စနစ်တကျ အကွက်ချ လုပ်ဆောင်ပြီ ဆိုရင်တော့ အဲဒီလူကို `လူ´ လို့တောင် သတ်မှတ်ဖို့ အတော်ခဲယဉ်းသွားပါပြီ။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာကတော့ ဒီနေ့ခေတ် မြန်မာပြည်မှာက လူမဟုတ်တဲ့ လူတွေရဲ့ ဒဏ်ကို လူပီသတဲ့ လူတွေက ခါးစည်းခံရတာပါ။

ခေတ္တ ပိတ်သိမ်းထားရတာပဲ ဖြစ်ဖြစ်၊ အမြဲတမ်း ပိတ်သိမ်းတာပဲ ဖြစ်ဖြစ် ဆဲဆိုခြိမ်းခြောက်မှုတွေရဲ့ နောက်ဆက်တွဲကြောင့် လူတယောက်ရဲ့ ခံစားချက်၊ ယုံကြည်ချက်၊ ရပ်တည်ချက်တွေကို ကိုယ်စားပြုတဲ့ အထင်ကရ ဘလော့ဂ်တခုကတော့ ၀မ်းနည်းစရာ ကောင်းလှစွာ `အဖြူရောင် မျက်နှာပြင်´ အဖြစ် အသွင် ပြောင်းသွားရပါပြီ။ နောက်ထပ် ဒီလို အဖြစ်နဲ့ ဘလော့ဂ် ဘယ်နှစ်ခု ထပ်ပျောက်သွားကြအုံးမလဲ။ ရင်လေးစရာ အနေအထား တခုကတော့ မြန်မာဘလော့ဂ် လောကကို ရိုက်ခတ်နေပြီဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။

***

`တကယ်က ကျနော်တို့တွေလည်း သူတို့လို ပြန်ယုတ်မာလို့ ရတယ်၊ သူတို့လို စိတ်မျိုး မွေးလို့ မရလို့ ဒီလိုဖြစ်ရတာ´ လို့ ညီငယ် ဘလော့ဂါတယောက်က ခံပြင်းစွာ ရင်ဖွင့်ပါတယ်။ `တို့တွေ အရင်ထက် စည်းလုံးဖို့ လိုအပ်လာပြီ´ လို့ သူငယ်ချင်း ဘလော့ဂါတယောက်က မှတ်ချက်ချပါတယ်။ `ကိုယ့်တရား ကိုယ်စီရင်ကြပါလိမ့်မယ်´ လို့ ပရိတ်သတ် တယောက်က ဖြေသိမ့်ပါတယ်။ `ဘလော့ဂ် ရေးရတာ အရင်လို မဟုတ်တော့ဘူး´ လို့ ၀ါရင့် စာရေးသူ တယောက်က ညည်းတွားပါတယ်။

ဒါပေမယ့် ကျနော်တို့ ခြေလှမ်းတွေကိုတော့ ရပ်ပစ်လို့ မဖြစ်နိုင်ပါဘူး။ ဆက်လျှောက်ရမှာပါပဲ။ ကျနော်တို့ ယုံကြည်ချက်တွေကို ချခင်းပြနေရအုံးမှာပါပဲ။ ကျနော်တို့ ချစ်တဲ့ ပြည်သူနဲ့ တသားတည်း ရှိနေဖို့ ကြိုးစားနေရအုံးမှာပါပဲ။ ရန်စတိုက်ခိုက်သူတွေကိုလည်း တွန်းလှန်ရအုံးမှာပါပဲ။

ဒါပေမယ့် ကျနော်တို့ `စည်းလုံးမှု´ ရှိဖို့တော့ အရင်ထက် ပိုလိုအပ်နေပါပြီလို့ ထင်မိကြောင်း တင်ပြအပ်ပါတယ်။

မြန်မာဘလော့ဂ် လောကကြီး အဓွန့်ရှည်တည်တံ့ပါစေ….။


ကလိုစေးထူး

9 comments:

ဂျစ်တူး - gyit_tu said...

ဟုတ်တယ် ကိုစေးထူး ။ ဂျစ်တို့ ဒီ့ထက် ပိုစည်းလုံးကြရမယ် ။ ဗမာပြည်ကလူတွေတွက် ထွက်ပေါက်သေးသေးလေးဖြစ်နေတဲ့ ဒီဘလောဂ့်ပေါ်တောင် လိုက် ပိတ်ပင်ခံရတာကို ၊ ရင်နာတယ် ။ ခံပြင်းတယ် ။

ယုံကြည်ချက်တခု ၊ ရပ်တည်ချက် တခုတွက်.. ဘလောဂါ့တွေအားလုံး ရှေ့ဆက် လျှောက်ကြမယ်လို့လည်း စိတ်ထဲမှာ စွဲမြဲထားမယ် ။

Anonymous said...

may24
သိပ်ကောင်းတဲ့ရေးသားချက်လေးပဲ
လူမဟုတ်တဲ့လူတွေကြောင့်ပြည်သူတွေစိတ်ဆင်းရဲ့လှပြီ

Dear said...

ဘလောဂ့်လောကအဓွန့်ရှည်ပါစေ

pandora said...

ကိုစေးထူးရေ အားပေးနေပါတယ် ဒါနဲ့ ဟိုစာပိုဒ် ၂ ပိုဒ် က လေးထောင့်ကွက် ဖြစ်နေတယ် ပြင်လိုက်ဦးနော်

Chit Lay Pyay said...

ဟုတ်တယ် ကိုစေးထူး ၊ သူတို့က အဲလို့ ဘလော့ဂ် လောက ပျောက်ကွယ်အောင် လုပ်နေတာ၊ သူတို့ နှောက်ယှက်တာ မခံနိုင်လို့ ပိတ်လိုက်ရင် သူတို့ လိုချင်သလို ဖြစ်သွားလိမ်မယ်၊ ဒါကြောင့် အားလုံး နံမည်ကြီး ဘလော့ဂ်ဂါတွေကို ဒီနေရာကနေ တောင်းဆိုချင်ပါတယ်၊ ကိုယ်ရေးကိုယ်တာ အခက်အခဲ ကြောင့်ကလွဲရင် ဘာကြောင့်မှ ဘလော့ဂ်ကို မပိတ်သိမ်းဖို့ ကိုယ့်ယုံကြည်ချက်တိုင်း ကိုယ် ရဲရဲ ဆက်လျှောက်ဖို့ သူတို့ လှည့်ကွက်ထဲမှာ မ၀င်ဖို့ ပိုစည်းလုံးဖို့ တောင်းဆိုချင်ပါတယ်၊ ကျွန်မလဲ ကိုယ့်ကိုယ်ရေးကိုယ်တာ အခက်အခဲကြောင့် သာ ဘလော့ဂ်ကို နားချင်နားမယ်၊ ဒါပေမယ့် ကိုယ်ချစ်တဲ့ ဘလော့ဂ်ဂါတွေကိုတော့ အမြဲအားပေးနေမှာပါ၊ အမြဲ ထောက်ခံနေမှာပါ၊

MELODYMAUNG said...

ညီညီ(သံလွင်) ပြောသလို သူ့လူကိုယ့်ဘက်သားယောင်ဆောင်ကာ စေတနာ သဘောရိုးနှင့် ကွန်မန့် ရေးသလိုနှင့် နောက်ကွယ်က ပြနေသော လက်သီးကိုမြင်ပြီး အမှန်တရား ဘက်တော်သား ဘလော့ဂ်ဂါများ၊ ဘလော့ဂ်ဖတ်ပရိသတ်များဆက်လက်ချစ်ခင်ကြဖို့ လိုပါတယ်
ရှေ့ဆက်ရေးကြဦးမယ် ငါတို့ ဆက်ချစ်ကြမယ်လေ

ကိုမင်းကျော် said...

ဟုတ်တယ် ကိုစေထူး ...
ကျွန်တော်တို့တွေ ပိုစည်းလုံး ဖို့လိုအပ်သလို၊ ကြိုးစားဖို့လည်းလိုအပ်လာနေပြီ။

Anonymous said...

ဟိုဘက်ဒီဘက်အပြန်အလှန်တိုင်ခိုက်ကြတာတွေ ရပ်တန်း
ကရပ်ကြဘို့ ကောင်းပြီ။ရင့် သီးတဲ့စကားလုံးတွေနဲ့ သူများ
ဘလောဂ်တွေပေါ်မှာဝင်ပြီးရိုင်းပြနေကြတာအင်မတန်မှကို
ရိုင်းပါတယ်။လာတိုက်ခိုက်တဲ သူတွေရော ပြန်ကာကွယ်ပြီး
ရေးကြတဲ့သူတွေရောအားလုံးရပ်သင့်ပြီ

Anonymous said...
This comment has been removed by a blog administrator.