Thursday, September 06, 2007

ထိုတခဏ...

ဒီနေ့…။

ထူးခြားသည်ဟု ပြောရမလား၊ မထူးခြားပါဘူးလို့ပဲ ပြောရမလားမသိ…။ သေချာသည်ကတော့ မနက်မိုးလင်း အိပ်ရာအထမှာကတည်းက လူက ပျင်းရိပျင်းတွဲ။ ကမန်းကတန်း သွားတိုက်၊ မျက်နှာကို ဖရူုးဖရူး နှင့် အမြန်သစ်ပြီး ရေစင်ပေါ်က မှန်ထဲမှာ ကိုယ့်ရုပ် ကိုယ်ပြန်ကြည့်မိတော့ မနေ့က ညှပ်ထားခါစ ဆံပင်ပုံစံ အသစ်နှင့် လူက မက္ကဆီကန်လိုလို၊ ကိုးရီးယန်းလိုလို…။

အလုပ်ထဲရောက်တော့ တာဝန်ကျေ နှုတ်ဆက်စကားတချို့ကို ထူးမခြားနား ပတ်ပျိုး တပုဒ် ထုတ်လွှင့်သံလိုလို ဟိုတစ ဒီတစ ကြားလိုက်ရ၏။ ပြုံးချင်သလို မပြုံးချင်သလို အပြုံးတွေနဲ့ ထိုလူတွေကြားထဲမှာ ကျနော်လည်း ရောမိရောရာနှင့် စက်ရုပ်လူသား ဖြစ်မိသွားလားတော့ မပြောတတ်။ ဒီလိုနှင့် အချိန်မှတ် ကဒ်ပြားကို နာရီထဲ ထိုးထည့်၊ ဒေါက်ခနဲ အသံတစ တိုးညှင်းညှင်းထွက်အလာမှာ ကဒ်ပြားပေါ်မှာ အလုပ်ဝင်ချိန်စာတမ်း ပေါ်လာသည်။ မနက် ၆ နာရီ ၅၇ မိနစ်။

ဘယ်သူ ဖွင့်ထားမှန်း မသိသော ရေဒီယိုမှ မိုးလေ၀သ သတင်းကြေညာသံ တခု ကြားလိုက်ရသည်။

`ယနေ့ အမြင့်ဆုံး အပူချိန် ၈၇ ဒီဂရီ ဖာရင်ဟိုက်၊ နေသာမည်။ လက်ရှိ အပူချိန် ၇၃ ဒီဂရီ ဖာရင်ဟိုက်´

***

စက်သံတွေ ဆူညံညံ၊ တ၀ူးဝူး တဝေါဝေါကြားမှာ စက်နဲ့ တူသော လူတွေက ဟိုမှာ ဒီမှာ ကိုယ်စီ အလုပ်နှင့် တချို့လည်း သီချင်းညည်း၊ တချို့လည်း အပျင်းကြီး။

ကုန်ခဲလှသော အချိန်တွေကို ခဲယဉ်းစွာ ဖြတ်သန်းရင်းနှင့်ပင် နေ့လည်စာ စားချိန်ကို လွန်မြောက်လာခဲ့၏။ အပုပ်ချိန် ရောက်လေရော့ထင့်၊ ကမ္ဘာ့အလေးလံဆုံး အရာက အမြင်အာရုံတွေကို ပိတ်ဖုံးဖို့ ခဏခဏ ကြိုးစားလာသည်။ ခဏကြာတော့ ဘေးနားက စားပွဲကို အလုပ်ရှင် ရောက်လာသည်။ ငိုက်လို့ မဖြစ်တော့…။

မျက်လုံးတွေက အလိုက်သိရှာကြသား…။ အလုပ်ရှင် ဘေးနားရောက်လာတော့ အလိုလို လန်းဆန်းနေသည်။ စကားများသော အလုပ်ရှင်က ဟိုဟိုဒီဒီတွေ ပြောနေတာကြောင့်လဲ ငိုက်ချိန်မရတာ ဖြစ်နိုင်သည်။ သူ ပြောနေတာတွေကလည်း ကြားနေရကြ စကားများ ဖြစ်သည့် ဒီတပတ် ပိတ်ရက်မှာ သူ မနားဖြစ်ကြောင်း၊ ဆောက်လက်စ သူ့အိမ်မှာ မြက်ခင်းတွေ စိုက်ကြောင်း၊ ငွေကို ဘယ်တော့မှ လက်လွတ်စပယ် မသုံးသင့်ကြောင်းတွေသာ…။ ကျနော်ကလည်း yeah, um hum တွေ စုံနေအောင် သူ့လေကြောမှာ အလိုက်သင့်…။

ထိုအခိုက်…။

***

အလုပ်ရုံ တခုလုံး မှောင်အတိ ကျသွားသည်။ ဆူညံနေသော စက်သံတွေလည်း လုံးဝ ရပ်တန့်သွားသည်။ ဘာဆို ဘာမှ မမြင်ရတော့…။ စောစောက လင်းချင်းနေသော ပတ်ဝန်းကျင်က ဘာဆိုဘာမှ မမြင်ရတော့လောက်အောင်ပင် ချက်ချင်း မှောင်ကျသွားသည်။ အကြောင်းကတော့ လျှပ်စစ်မီး ပျက်သွားခြင်းပင်…။

ဒါမျိုး တခါမှ မဖြစ်ဖူးသောကြောင့်လားတော့ မပြောတတ်…။ ရှိရှိသမျှ လူတွေရဲ့ `အိုးးး´ ဆိုသော အာမေဋိတ် သံတွေက တပြိုင်တည်း ထွက်လာသည်။ အလုပ်ရှင်က ဒရောသောပါးနှင့် အခန်းပြင်ကို ထွက်ဖို့ ကြိုးစားသည်။ သို့သော် အခန်းပြင် မရောက်ခင် တစုံတခုနှင့် တိုက်မိပြီး နာကျင်သွားသည်။ `ရှစ်ထ်´ ဟု မကျေမနပ် ဆဲရေးသံကို ကြားလိုက်ရသည်။

တခြားသော လူတွေလည်း တယောက်နဲ့ တယောက် အော်ခေါ်သံတွေ ကြားနေရသည်။ `ဟေ့ ဒေ့ဗ်၊ မင်း ဓာတ်မီးပါတယ် မဟုတ်လားကွ´ `နစ်ကီ၊ မင်းဘယ်မှာလဲ´ `ဟေးး၊ ရော်နီ´ စသဖြင့် စသဖြင့် အသံတွေက အမှောင်ထဲမှာ နေသားမကျလှစွာ ထွက်ပေါ်နေ၏။

***

သိပ်မကြာလှပါ။ ဆယ်မိနစ် နီးပါးလောက်ကြာတော့ မီး ပြန်လာ၏။ စောစောက ငြိမ်သက်နေရသော စက်တွေက ၀ူးခနဲ အလန့်တကြား အော်မြည်သည်။ မီးချောင်းတွေက မျက်တောင် တဖျတ်ဖျတ်ခတ်ကာ ပတ်ဝန်းကျင် တခွင် အလင်းပြန်ပေးဖို့ ရုန်းထ၏။

အလုပ်ရှင်က စက်တွေ အကုန်လုံး အလုပ် ကောင်းကောင်း ပြန်လုပ်မလုပ် လိုက်စစ်၏။ ကွန်ပြူတာတွေ လိုက်စစ်၏။ ပါးစပ်ကလည်း ရှစ်ထ် ချင်း ထပ်နေအောင် ပြောနေသေးသည်။

မီးက ပြန်လာသော်လည်း ပါဝါအပြည့် ပြန်မလာ၊ စက်တွေက မီးမပျက်ခင်ကလို ကောင်းစွာ ပြန်မလည်…။ လုံလောက်သည့် စွမ်းအင်မရတော့ အလင်းရရုံသာ ရပေမယ့် နဂိုအခြေအနေလို အဆင်မပြေ။ ခဏကြာတော့ အလုပ်ရှင်က စိတ်ပျက်လက်ပျက် အသံနှင့် အားလုံးကြားအောင် လှမ်းပြောလိုက်၏။

`အားလုံး အိမ်ပြန်တော့´

နာရီကို ကြည့်မိတော့ မွန်းလွဲ နှစ်နာရီခွဲသာ ရှိသေး၏။ ပုံမှန်အချိန်ထက် တနာရီ စောပြီး အိမ်ပြန်ရသည်ပေါ့။

***

အိမ်ပြန်ရောက်တော့ ခါတိုင်းထက် ပိုနေသည့် တနာရီစာ အချိန်အတွက် ဘာလုပ်ရမှန်း မသိ၊ ယောင်နနကြီး ဖြစ်နေသည်။ ဒီလိုနှင့် ဟိုဟိုဒီဒီတွေး…။

ဒီနိုင်ငံမှာက မီးပျက်သည် ဆိုသည်မှာ မကြုံစဖူး။ ပျက်လို့လည်း မဖြစ်၊ လျှပ်စစ်ကို အားထားနေရသည့် နေရာဌာနတွေက အပုံအပင်။ အဓိကအားဖြင့် ဆေးရုံ၊ အလုပ်ရုံ။ ထားပါတော့…။

တကယ်တော့ စောစောက မှောင်အတိကျသွားသည့် အချိန်မှာ ခဏတဖြုတ်မျှသာ…။ တောက်လျှောက် အလင်း ရခဲ့သော အချိန်များနှင့် နှိုင်းစာလျှင် အခု မှောင်သည် ဆိုသည်မှာ ခဏလေးမှ တကယ့် ခဏလေး။

သို့သော်…။ ထို တခဏတာ အမှောင်လေးတွင် လူတွေ ယောက်ယက်ခပ်ကုန်သည်။ မကျေမနပ်တွေ ဖြစ်ကုန်သည်။ မမြင်မကန်းတွေ ဖြစ်ကုန်သည်။ အမှောင်ထဲတွင် သွားနေကြသူချင်းလည်း တိုက်မိ၊ ခတ်မိကုန်သည်။ မြင်မှ မမြင်ပဲကိုး..။ နောက်တော့ အလင်းရဖို့အတွက် ကြိုးစားကြသည်။ အမှောင်ထဲတွင် မည်သူမှ မနေတတ်ကြ၊ မပျော်မွေ့ကြ၊ အဆင်မပြေကြ။

အလင်းရလာပြန်တော့လည်း မှောင်အတိ မကျခင်က အခြေအနေမျိုး ပြန်ရမရ စစ်ဆေးကြရပြန်သည်။ ဘယ်နေရာတွေမှာ ဆုံးရှုံးသွားလဲ၊ အမှောင်ထဲမှာတုန်းက တိုက်ခတ်မိတဲ့ ဒဏ်ရာက အတော်များလား၊ အမှောင်က ဘာလို့ ကျသွားတာလဲ အဖြေရှာရပြန်သည်။

ခဏတာသော အမှောင်ကြောင့် ဆုံးရှုံးမှုတွေကလည်း မနည်းလှ၊ စက်တွေ အလုပ်မလုပ်နိုင်တော့သောကြောင့် လူတွေလည်း အလုပ်နားရ၏။ တနာရီစာမျှသော အချိန်တွင် ပြီးမြောက်ရမည့် အလုပ်တွေက နောက်တနေ့ကို အကုန်ကူးတော့မည်။ အချိန်မီပို့ရမည့် အော်ဒါတွေ နောက်တနေ့မှ ပို့နိုင်တော့မည်။

တကယ်တော့ ခဏလေးပဲဖြစ်ဖြစ်၊ အကြာကြီးပဲ ဖြစ်ဖြစ် `အမှောင်´ ဆိုကတည်းကိုက မကောင်းတော့တာတော့ အသေအချာပင် မဟုတ်ပါလား။

***

ခဏလေးသာ မှောင်သွားသည်ကိုပင် အခြေအနေတွေက ယောက်ယက်ခပ်သေးလျှင် အကြာကြီး မှောင်နေရသူတွေ၊ အမှောင်ထဲမှာ အကြာကြီး နေရသူတွေအတွက်ကရော ????။


ကလိုစေးထူး

1 comment:

M.Y. said...

လက်တွေ့ ထဲက ယူ ပြီး တော်တော်တွေးတတ်တယ်ဗျာ..