Sunday, September 25, 2016

အောင်မြင်သတဲ့လား...

ဒေါ်အောင်ဆန်းစုကြည် ပြည်တော် ပြန်သွားပါပြီ...တဲ့။
တချို့က သူ့ရဲ့ အမေရိကား ခရီးစဉ်ကို အောင်မြင်တဲ့ ခရီးစဉ်လို့ သတ်မှတ်ကြတယ်။ ဟုတ်မှာပေါ့၊ နိုင်ငံရေးရာ ကိစ္စရပ်တွေ အရ လုပ်ငန်းဆောင်တာတွေမှာ အောင်မြင်မှာပေါ့။ ဒါပေမယ့် သူ တကယ်ပဲ အောင်မြင်ခဲ့ရဲ့လား ဆိုတာကို ၀မ်းနည်းစွာ သံသယ ဖြစ်မိတာ တခုကတော့ ...။
သူဟာ သူ့ရဲ့ သားကြီး ကိုမြင့်ဆန်းအောင်နဲ့ တွေ့ခွင့်၊ စကားပြောခွင့် ရသွားပါလေစ ဆိုတာပါပဲ။

တချို့တွေ မှန်းဆကြသလို ကိုမြင့်ဆန်းအောင်က အနေသိုသိပ်သူ ဖြစ်လို့ သားအမိတွေ တွေ့ဆုံကြတာကို သတင်းတွေပေါ် မတင်တာဘဲ ဖြစ်ပါစေလို့ ဆုတောင်းမိတယ်။
ဒီလိုမှ မဟုတ်ရင် ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဟာ နိုင်ငံအရေးအရာ အရ အောင်မြင်တဲ့ ခရီးစဉ်ကို သားကြီးအတွက် နာကျင်ရတဲ့ နှလုံးသားနဲ့အတူ အရှုံးကို ပိုက်ပြီး နောက်တခေါက် ပြန်သွားရတာနဲ့ အတူတူပါပဲ။

အမေရိကားကို လာတော့လဲ တာဝန်တွေ တပုံတပင် ထမ်းပိုးပြီး လာခဲ့ရ၊ ပြန်သွားတော့လဲ နောက်ထပ် တာဝန်တွေ တပွေ့တပိုက်နဲ့ အတူ လူမသိမသိ နာကျင်ရမှုတွေကိုပါ ကျွန်တော်တို့ ခေါင်းဆောင် ပြန်သယ်သွားရမလား ...။
စက်တင်ဘာ ၂၃ ရက်နေ့မှာ ကျင်းပတဲ့ "မြန်မာ့မိတ်ဖက် နိုင်ငံများ အစည်းအဝေး" ကိုဆိုရင် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်ခဲ့ပါဘူး။ ဘန်ကီမွန်းကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည် အမြန် နေပြန်ကောင်းပါစေ ဆိုပြီး အခမ်းအနားမှာ ဆုတောင်းခဲ့ရတယ်။

အသက် ၇၀ ကျော် အမေအိုကြီးအပေါ် မြန်မာနိုင်ငံက လိုအပ်နေမှုဟာ သူတို့ သားအမိတွေ အပေါ် မမျှတလွန်းရာ ကျနေမလားလို့ တွေးလိုက်တိုင်း ၀မ်းနည်းစရာ ကောင်းလွန်းပါတယ်။

***

ကလိုစေးထူး

Monday, June 06, 2016

အဆင်သင့် ဖြစ်ခဲ့ပြီလား ...

ကျွန်တော့် သမီးကြီး လေးနှစ် ပြည့်တော့ ကျောင်းထားဖို့ အတွက် စီစဉ်ခဲ့ရတုန်းကပေါ့ ...။
ကျွန်တော်တို့ နေတဲ့မြို့မှာက ကလေးတယောက်ကို ကျောင်းစထားတော့မယ် ဆိုရင် တမြို့လုံးက စာသင်ကျောင်း ဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်ပေးတဲ့ ရုံးတရုံး ရှိတယ်။ အဲဒီ ရုံးမှာ ကိုယ့်ကလေးကို စာရင်းသွားပေးပြီးရင် သူတို့က ကိုယ်နေတဲ့ လိပ်စာ အနီးအနားမှာ ရှိတဲ့ ကလေးကျောင်းတက်ဖို့ အဆင်ပြေလောက်မယ့် ကျောင်းစာရင်းတွေကို ပြတယ်။ အဲဒီထဲကမှ ကိုယ့်စိတ်ကြိုက် သုံးခုလောက်ကို ပထမဦးစားပေး၊ ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး ဆိုပြီး ရွေးချယ်ပေးရတာပေါ့။

***

ဒီတော့ ကျွန်တော်က သမီး ကျောင်းတက်ဖို့ အတွက် လာကြိုပေးမယ့် ကျောင်းကားကိစ္စ၊ ကျောင်းကနေ ကျွေးမွေးတဲ့ မနက်စာ နေ့လည်စာ ကိစ္စတွေ၊ ကျောင်းချိန်တွေကို စူးစမ်း မေးမြန်းရင်းနဲ့ စိတ်ထဲမှာ ခံစားနေရတဲ့ အတိုင်းပဲ သူတို့ကို မေးခွန်း တခု မေးဖြစ်မိခဲ့တယ်။

အဲဒါကတော့...

"ကျွန်တော်က ဗုဒ္ဓဘာသာဝင် တယောက်ဖြစ်တယ်။ ဒီတော့ ကျွန်တော့် သမီးကိုလဲ ဗုဒ္ဓဘာသာဝင် ဖြစ်အောင်ကိုပဲ သွန်သင်ဖို့ ရည်ရွယ်ထားသလို သူ့ကိုလဲ ဗုဒ္ဓဘာသာပဲ ဖြစ်စေချင်တယ်။ ဒီနိုင်ငံမှာ ခရစ်ယာန်တွေ များတာမို့ ကျောင်းတွေမှာ ကလေးတွေကို ခရစ်ယာန် ၀တ်ပြု အစီအစဉ်တွေ၊ ခရစ်တော် ယေရှု အကြောင်းတွေကို သင်တာတွေ လုပ်လေ့ ရှိလား။ အဲဒီလို ကျောင်းမျိုးမှာ ကျွန်တော့် သမီးကို မထားချင်ပါဘူး"

***

ဟိုအရင်ကတော့ ရွှေပြည်ကြီးမှာ နေခဲ့ရတဲ့အခါ ကိုယ်က လူများစုထဲ ပါဝင်ခဲ့တာကိုး။
ငယ်ငယ်တုန်းကဆိုရင် တချို့ရက်တွေမှာ ကျောင်းက စီစဉ်ပေးလို့ ဘုရားရှိခိုးရတယ်။ လက်အုပ်ကလေး ချီလို့ သြကာသ ရွတ်ကြတဲ့အခါ တချို့ အတန်းဖော် သူငယ်ချင်းလေး တချို့က လက်ကပေးပိုက်ပြီး ဟိုဒီ ငေးလို့...။ အဲဒီ သူငယ်ချင်းတွေထဲ ဖြူဖြူလေးလဲပါ၊ ညိုညိမည်းမည်းလေးလဲ ပါတာပေါ့။
တခါတော့ ကျွန်တော်က ဘေးက အဲဒီလို လက်ကလေးပိုက်ပြီး ငေးနေတဲ့ သူငယ်ချင်းကို "ဟိတ်ရောင်၊ ဘုရား ရှိခိုးလေကွာ" လို့ ဆရာသွားလုပ်တာပေါ့။ အဲဒီ ကလေးက ကျွန်တော့်ကို ပြန်ဖြေတာ "ငါ့ဘုရားမှ မဟုတ်တာကွ" ..တဲ့။

***

အခု သူတပါး တိုင်းပြည် အမေရိကားကို ရောက်တဲ့အခါ မွေးထားတဲ့ ကိုယ့်ကလေးကို သူတို့ တိုင်းပြည်မှာ ကြီးစိုးနေတဲ့ ဘာသာထဲ ရောက်သွားမှာ အလွန် စိုးရိမ်မိတယ်။ ဒါက တပါးသူ ကိုးကွယ် ယုံကြည်တဲ့ အဲဒီ ဘာသာကို စော်ကား အထင်သေးလိုစိတ် လုံးဝ မရှိသော ကိုယ့်ဘာသာကိုသာ ကိုယ့်ကလေးက ကိုးကွယ်စေချင်တဲ့ မိဘရဲ့ အတ္တတမျိုးနဲ့ပါ။

လူအများစု ဖြစ်နေကြတဲ့ သူတို့တွေရဲ့ "ဘုရားသခင် ကောင်းချီးပေးပါစေ" ဆိုတာနောက်ကို သမီးကလေး ကောက်ကောက်များ ပါသွားလေမလား ဆိုတာကို ဗုဒ္ဓဘာသာ မိဘတယောက် အနေနဲ့ ပူပန်ရတာပါပဲ။ ပြီးတော့ ကိုယ်က နေရထိုင်ရတော့လဲ လူနည်းစု အနေနဲ့ နေရတာ။ ပြောကြတော့လဲ အင်္ဂလိပ်စကားတွေကသာ ခပ်များများ၊ မြန်မာစကားကို ကိုယ့်ရင်သွေးတွေ ပြောနေနိုင်ဖို့ကိုတောင် မနည်းအားယူ ကျားကန်နေရတဲ့ အခြေအနေ...။

တခါတလေ အိမ်ကို တံခါး လာခေါက်သော ဘာသာရေး စည်းရုံးတတ်သူများက ကျမ်းစာအုပ်လေး တကိုင်ကိုင်နဲ့ အဲဒီ စာအုပ်ထဲက ဘယ်အပိုဒ်ကို ရှင်းပြချင်လို့ပါ ဆိုရင် "ကျုပ်တို့က ဗုဒ္ဓဘာသာဗျ" လို့ မျက်နှာထား တည်တည်နဲ့ ပြောလွှတ်ရတယ်။

ဒီကြားထဲ ဘယ်သူ ဘယ်ဝါကတော့ဖြင့် ဗုဒ္ဓဘာသာကနေ သူတို့ အစည်းအရုံးကောင်းလို့ ဘယ်ဘာသာကို ပါသွားပြီဟေ့ ဆိုတဲ့ သတင်းကြားရင် "င့ါကလေးများ ဘာသာခြားသွားရင်" ဆိုတာမျိုး ပူမိပြန်တာပဲ...။

***

အဲဒီလို ပူပန်မိပြန်တော့ ငယ်ငယ်က ကျွန်တော်တို့ နေခဲ့ရတဲ့ ကျောင်းတွေမှာ ကျွန်တော်တို့က ဘုရားရှိခိုးနေကြချိန် မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ လက်ကလေး ပိုက်ပြီး အဝေးကို ငေးနေကြရှာတဲ့ ငယ်ငယ်တုန်းက အတန်းဖော်တွေကို မျက်စိထဲ ပြေးမြင်မိတယ်။
သူတို့ရော ဘယ်လို ခံစားနေကြရှာခဲ့မလဲ။

***

လူနည်းစု ခံစားချက်ကို ဦးစားပေးတဲ့ အနေနဲ့ စာသင်ကျောင်းတွေမှာ ဗုဒ္ဓဘာသာ အတိုင်း ဘုရားရှိခိုးစေတာ ရပ်ပေးရမလားလို့ မေးရင် ကျွန်တော် မဖြေနိုင်ပါဘူး။ ရပ်ပေးပါလို့ ပြောဖို့လဲ လုံးဝ မ၀ံ့တာ အမှန်ပါပဲ။ ဗုဒ္ဓဘာသာ မိဘ တယောက်အနေနဲ့ဆို ကိုယ့်ကလေးက ကျောင်းသွားတာ စာလဲတတ်၊ ဘာသာရေးလဲ ကိုင်းရှိုင်းဆိုတာမျိုးကို သိပ်လိုချင်တာပေါ့။

ဒါဆိုရင် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် ကလေးတွေက သြကာသ ဆိုနေကြချိန်မှာ လူနည်းစု ကလေးတွေအတွက်ရော သူတို့ ဘာသာအလိုက် သီးခြား အခန်းတခုခုမှာ ဖြစ်ဖြစ် ၀တ်ပြု ဆုတောင်းစေတဲ့ အစီအစဉ်လေး လုပ်ပေးရင်ရော ကောင်းမလား။ ခပ်တိမ်တိမ်ဉာဏ်နဲ့ မီသလောက် တွေးမိတယ်။
တချို့ကျောင်းတွေမှာ အဲဒီလို အစီအစဉ်လေးတွေ ရှိနေနှင့်ပြီးသားဆို အကောင်းဆုံး ဖြစ်မှာပဲ၊ မရှိသေးရင်လဲ ရှိနေရင် ကောင်းမှာပဲလို့ လူနည်းစု ခံစားချက်နဲ့ အတွေးကျောက ရှည်မိပြန်ရော...။

ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံတော် သီချင်း အစကိုက "တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ ~~" လို့ အစချီထားတာ မဟုတ်လား။ တရားမျှတရမယ်၊ လွတ်လပ်ခြင်း ဆိုတဲ့ သူတပါးကို မထိပါးသည့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ကို မျှမျှတတ ရှိခြင်းကနေ မသွေဖယ်ရဘူးလို့ ဆိုလိုတာ မဟုတ်လား...။

***

စိုးရိမ်တကြီးနဲ့ မေးခဲ့တဲ့ ကျွန်တော့် မေးခွန်းကို သူတို့ ကျောင်းရဲ့ တာဝန်ခံက ခပ်ပြုံးပြုံးပဲ ဖြေခဲ့တယ်။
"အခု ခင်ဗျားသမီးကို ထားမယ့် ကျောင်းမှာ အဲဒီလို ဘာသာရေးတွေနဲ့ ဆိုင်တာ လုံးဝ မသင်ပါဘူး ခင်ဗျာ။ ဘာသာရေးကျောင်း တချို့က သီးသန့်ရှိပါတယ်။ ဒါပေမယ့် ခင်ဗျားတို့လို လူနည်းစုတွေကိုပါ ထည့်သွင်းစဉ်းစားတဲ့ အတွက် အခု ခင်ဗျားသမီးရဲ့ ကျောင်းမှာ ဘာသာရေးနဲ့ ပတ်သက်တာ လုံးဝ မသင်ပါဘူး၊ စိတ်မပူပါနဲ့"

***

ကျွန်တော်တို့ နိုင်ငံက ကျောင်းတခုခုမှာ...။
ကျောင်းလာအပ်တဲ့ မိဘတယောက်ယောက်က ကျွန်တော် မေးတဲ့ မေးခွန်းလိုမျိုး ဗုဒ္ဓဘာသာ ဆိုတဲ့ နေရာမှာ တခြား ဘာသာ တခုခု အမည်နဲ့ ကျောင်းကို မေးခဲ့ရင်...။
ပြန်ဖြေဖို့ အဆင်သင့် ဖြစ်ပြီလား။

***

ကလိုစေးထူး

Sunday, June 05, 2016

နေနည်း တူမတူ ...

ဒီတပတ် ပိတ်ရက်မှာပေါ့...။

စာဖတ်နည်း သုံးနည်းထဲက တနည်းဖြစ်တဲ့ စာပေဟောပြောပွဲ နားထောင်ခြင်းကို လုပ်ဖြစ်တယ်။ ဆရာ ဦးဘုန်း (ဓာတု)၊ ဆရာ ညီမင်းညိုနဲ့ ဆရာ ဦးကိုနီတို့ မလေးရှားမှာ ဒီနှစ် နှစ်ဦးပိုင်းတုန်းက ဟောပြောခဲ့ကြတာတွေကို နားထောင်ဖြစ်ပါတယ်။ တယောက်ကို တနာရီခွဲလောက် ပြောကြတာ ဆိုတော့ သုံးယောက်စာ နားထောင်ပစ်လိုက်တာ အားပါးတရပဲပေါ့။
အဲဒီဆရာတွေ ဟောပြောနေသမျှ၊ ဟောပြောခဲ့သမျှတွေကို နားထောင်လိုက်ရင် စာပေရေးရာ မှတ်သားစရာများအပြင် အထင်အရှား ကြားနိုင်၊ မြင်နိုင်တာကတော့ လက်ရှိ မြန်မာ့ နိုင်ငံရေး အနေအထားပဲ။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဟောပြောချက်ကို နားထောင်မိရင် အဲဒီတုန်းက အခြေအနေပေါ့။ အခုခေတ်ကာလ ဆိုရင်လဲ အခုခေတ်ကာလ အခြေအနေတွေကို သူတို့ ဟောပြောချက်တွေထဲမှာ နားထောင်နိုင်လိမ့်မယ်။

***

ဦးဘုန်းရဲ့ ပြောစကား တခုကို နားထောင်မိတဲ့အခိုက်မှာ ခဏရပ်ပြီး စဉ်းစားကြည့်မိတယ်။ သူပြောတာက ဘာလဲ ဆိုတော့...

"ကြုံကြိုက်လို့ ပြောပါရစေ၊ ကျွန်တော်ဟာ စာရေးဆရာ တယောက်ပါ။ နိုင်ငံရေးသမား မဟုတ်ပါဘူး။ ညီမင်းညိုဟာ နိုင်ငံရေးသမား လုံးဝ မဟုတ်ပါဘူး။ စာရေးဆရာဟာ ကိုယ်ဖြတ်သန်းတဲ့ ခေတ်ကို မှတ်တမ်း တင်ခြင်းပါပဲ"

***

စာရေးဆရာ ရင့်မ သူတို့က စာရေးခြင်းကို အဲဒီလို ခံယူတယ်။ ကျွန်တော်လို ဟိုရေးဒီခြစ်သမားကလဲ စာရေးခြင်း ဆိုတာကို အဲဒီအတိုင်းပဲ ယုံကြည် လက်ခံထားပါတယ်။

လေပြည်ညှင်းလေးတွေ တိုက်ခတ်လို့ သာသာယာယာ ရှိလှတဲ့ ပတ်ဝန်းကျင် တခွင်ကို စာဖွဲ့သီကျူးချင်တာပေါ့။
ချစ်ခြင်း မေတ္တာတွေရဲ့ အတိမ်အနက်ကိုလဲ ဖော်ကျူးကြည့်ချင်ပြန်တာပဲ။
လွမ်းဆွေးခြင်းဟာ ရသ တပုဒ်လဲ ဖြစ်သွားနိုင်တာပဲ မဟုတ်လား။

အဲဒီလိုပဲ...
ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည် ရွှေပြည်ကြီးက တော်တည့်ခြင်း၊ မတော်မနန်း ဖြစ်ခြင်းတွေအပေါ် ကိုယ့်အမြင်ကို ချခင်းပြရတာလဲ စာရေးသူ တယောက်ရဲ့ အလုပ်ပဲ။

စာရေးသူ တယောက်ယောက်ရဲ့ စာတွေဟာ သူ ဖြတ်သန်းနေတဲ့ ခေတ်ကို ဖော်ပြနေရမယ် ဆိုတာက စာဖတ်သူ ကျွန်တော်ရဲ့ ကိုယ့်ဘာသာ ခံယူထားတဲ့ နားလည်မှုပါပဲ။
လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက အချစ်ရေ၊ မောင်ရေ ရေးပြီး နောက် အနှစ်နှစ်ဆယ်လဲ မောင်ရေ၊ အချစ်ရေပဲ ရေးနေမြဲ စာရေးသူတွေလဲ ရှိနိုင်တယ်။ သူ့လိုင်းနဲ့သူမို့ ထူးပြီး မှတ်ချက် မပေးလိုပေမယ့် ခေတ်ရဲ့ ပုံရိပ် ပိုမိုထင်ဟပ်စေတဲ့ စာရေးဆရာများဟာ ကျွန်တော့်ကို ပိုပြီး ဆွဲဆောင်နိုင်သလို ကျွန်တော်ကလဲ သူတို့ကို အတုယူပါတယ်။

***

"လူတွေ ဘာနဲ့ နေကြသလဲ"

ရုရှ စာရေးဆရာ လီယိုတော်စတွိုင်းက ၁၈၈၁ ခုနှစ်မှာ ရေးခဲ့တဲ့ အဲဒီ စာအုပ်ကို မောင်ထင်က ဘာသာပြန်ပါတယ်။ အဲဒီ စာအုပ်ပါ အချက်အလက်တွေကို အခြေခံပြီး ဦးဘုန်းက ဟောပြောတယ်။
လူတွေ ဘာနဲ့နေလဲ။

အဖေအမေနဲ့ အတူနေတဲ့လူရှိမယ်။ ချစ်သူနဲ့ အတူနေသူရှိမယ်။ အိမ်နဲ့ နေမယ်။ ငွေနဲ့နေမယ်။ အဖိုးတန် ကားကြီးတွေနဲ့ နေမယ်။ မိသားစုနဲ့ နေမယ်။ အာဏာနဲ့ နေမယ်။ မာန်မာနနဲ့ နေမယ်။ အဆောင်အယောင်တွေနဲ့ နေမယ်။ မနာလိုခြင်းတွေနဲ့ နေမယ်။ လေ့လာ ဆည်းပူးခြင်းနဲ့ နေမယ်။ ပျင်းရိခြင်းနဲ့ နေမယ်။ မေတ္တာတရားနဲ့ နေမယ်။ ကိုယ်ချင်းစာတရားနဲ့ နေမယ်။

စာလာဖတ်သူကလဲ ဒီစာကို ရေးထားတဲ့ ကျွန်တော်နဲ့ မတူတဲ့ နေနည်း ရှိသလို တူတာတွေလဲ ရှိကြမှာပါပဲပေါ့။

ဒီအကောင်တော့ ဒါတွေ ရေးနေပြန်ပြီ၊ ဟိုကိစ္စတော့ ရေးပြန်ပဟ ဆိုပြီး စိတ်ထဲ မတွေ့ ဖြစ်နေရင်တော့ ရိုးရိုးပဲ ပြန်ပြောစရာ ရှိတယ်။ ဒါက ကျွန်တော့် နေနည်းပါပဲ။ ကျွန်တော့် နေနည်းကိုက ပုံကျ ဟုတ်လှချည့်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးသလို ခင်ဗျားနေနည်း အတိုင်း ကျွန်တော်က ပုံစံတူ လိုက်နေဖြစ်ချင်မှ နေဖြစ်မှာကိုတော့ နားလည်စေချင်တယ်။

***

စာတွေ ရေးပါဦးမယ်။ ဘယ်အချိန်ထိလဲ ဆိုတော့ ရေးချင်စိတ်တွေ မကုန်မခန်းသွားသရွေ့ပေါ့။ ဖတ်မှတ်၊ ရေးသား ရတာကိုက ကျွန်တော့် နေနည်း တမျိုးကိုး။

***

ကလိုစေးထူး

Wednesday, May 25, 2016

မျက်နှာ...



ဒီမနက်မှာ တခု တွေးမိတယ်။

ကျွန်တော့်မှာ မျက်နှာ ဘယ်နှစ်ခု ရှိပါလိမ့်။ ဒီကိစ္စကို တွေးမိလိုက်တော့ ရယ်စရာလဲ ကောင်းသလို တရားကျချင်ချင် ဖြစ်စရာလဲ ကောင်းတယ်။

***

ခင်ဗျားကတော့ မျက်စိလည်သွားမလား မပြောတတ်ဘူး။ မလည်နဲ့ဗျ၊ ဟုတ်တယ်၊ အဲဒါ တကယ်။ လူတိုင်း ကိုယ်စီမှာ မျက်နှာတွေ အများကြီး ရှိတယ်။
ပြောပြမယ်။ ကျွန်တော် ပိုင်ဆိုင်ထားတဲ့ ကျွန်တော့် မျက်နှာတွေ အကြောင်း...။

***

ဟိုတလောကပေါ့ဗျာ။

အိမ်ထဲမှာ ကျွန်တော်က ကိစ္စတခုကြောင့် ဒေါသတွေ ထွက်နေတယ်။ မှန်ရှေ့ကနေ အမှတ်မထင် ဖြတ်သွားမိလို့ မြင်လိုက်ရတဲ့ ကျွန်တော့်မျက်နှာဟာ တော်တော့ကို ခက်ထန်တာ ကိုယ့်ဘာသာတောင် လန့်တယ်။

အဲဒီ အချိန်မှာ တံခါးခေါက်သံ တခု ကြားတယ်။ ဖွင့်ပေးလိုက်တော့ ကျွန်တော်နဲ့ အင်မတန် ရင်းနှီးတဲ့ မိတ်ဆွေ တယောက်က ကိစ္စတခုနဲ့ ကျွန်တော့်ဆီ လာတာ...။ ဒီတော့ စောစောက ခက်ထန်နေတဲ့ မျက်နှာကို အမြန်လွှင့်ပစ်ရတယ်။ နောက်ထပ် မျက်နှာတခုကို ခပ်မြန်မြန်ပဲ ပိုင်ဆိုင် ပစ်လိုက်ရတယ်။

***

အလုပ်ထဲ ရောက်ပြန်တော့လဲ လူတွေ တယောက်ချင်းစီနဲ့ ဆက်ဆံ စကားပြောဖို့ အတွက် ကျွန်တော့်မှာ မျက်နှာပေါင်း များစွာ ဆောင်ထားရတယ်။ လိုအပ်ချက်နဲ့ အညီ ပြုံးဖို့၊ ရယ်ဖို့၊ တည်ဖို့ ... ... ...။
ဘယ်ပတ်ဝန်းကျင်ကိုပဲ သွားသွား လိုသလို လဲလှယ်ပစ်လိုက်ရတဲ့ မျက်နှာတွေ ဆိုတာ...။ တခါတလေကျတော့ ကျွန်တော့်ရဲ့ မူရင်းမျက်နှာ အစစ်က ဘယ်ဟာမှန်းတောင် မသိဘူး။

***

အမြဲပြုံးနေတဲ့ မျက်နှာလား။ သိပ်ပိုင်ချင်တာပေါ့ဗျာ။ လူမြင်ကောင်းတယ်လေဗျာ။ အပြုံးလောက် နှစ်လိုဖွယ်ရာ ကောင်းတဲ့ မျက်နှာ ဘယ်မှာ ရှိနိုင်သေးလို့လဲဗျ။ ဒါပေမယ့် တခါတလေကျရင်တော့ ကိုယ်မပိုင်ဆိုင်ချင်ပေမယ့်လဲ ကိုယ့်ဘာသာ တပ်ဆင်မိလျက်သား ဖြစ်နေတဲ့ မျက်နှာတွေက ရှိသေးတယ် မဟုတ်လား။

စိတ်ရှည်တတ်တဲ့ လူတယောက်ရဲ့ မျက်နှာကို ကျွန်တော်ပိုင်တယ်။
ခံပြင်း ဒေါသထွက်နေတဲ့ လူတယောက်ရဲ့ မျက်နှာကို ကျွန်တော်ပိုင်တယ်။
ဝမ်းနည်းနာကျင်တဲ့ မျက်နှာကိုလဲ ကျွန်တော်ပိုင်တယ်။
ပျော်ရွှင်နေတဲ့ မျက်နှာ...
တက်ကြွ လန်းဆန်းနေတဲ့ မျက်နှာ..
စိုးရိမ်ပူပန်နေတဲ့ မျက်နှာ..
ကြည်လင်နေတဲ့ မျက်နှာ..
အလောတကြီး ဆန်လွန်းတဲ့ မျက်နှာ...၊ အဲဒါတွေကိုလဲ ကျွန်တော် ပိုင်တာပဲ။


အပြစ်ကင်းတဲ့ မျက်နှာ...၊ အင်း ဒီမျက်နှာ ကျွန်တော့်မှာ ရှိသေးလား မရှိတော့ဘူးလား ဆိုတာ တကယ် မသဲကွဲဘူး။

ကောက်ကျစ်တဲ့ မျက်နှာ..၊ မရှိဘူးလို့ ကိုယ့်ဘက်ကိုယ့်ယက် တွေးမိရင်း ဘယ်တော့မှ မရှိမိအောင်လဲ ကြိုးစားနေရမှာ။

***

သြော်...၊ ဒါနဲ့။

ခင်များမှာရော မျက်နှာတွေ ဘယ်နှစ်ခုလောက် ရှိလဲဗျ။

***

ကလိုစေးထူး

Wednesday, May 18, 2016

လမ်းပေါ်က အလင်္ကာ...



ကားစက်နှိုးပြီးလို့ လမ်းမပေါ် အသာလေး မောင်းထွက်လိုက်ပြီဟေ့ ဆိုတာနဲ့ သခင့်အလိုကျ သွားလိုရာသွားစေတော့ ဆိုနေတဲ့အလား ကားဖြူလေးက သိမ့်ခနဲ ငြိမ့်ခနဲ...။
***
ဒီနှစ် နွေဦးက ဆောင်းတွင်းနဲ့ မခြားနားသလို အေးလွန်းတယ်။ နွေးတဲ့ရက် တရက်တလေ ရှိပေမယ့် အအေးဓာတ်ကသာ ပိုပြီး မင်းမူနေလိုက်တာ နွေဦးကာလ ရောက်တိုင်း လန်းဆန်းတက်ကြွနေတတ်တဲ့ မြက်ပန်း ၀ါဝါကလေးတွေတောင်မှ ခေါင်းငိုက်စိုက်ကလေးတွေ ကျလို့...။ ကားထဲက အနွေးပေးစက်ကို အပူရှိန်လေး နည်းနည်း မြှင့်ထားတော့ နေရထိုင်ရ သက်သာသွားတယ်။
လမ်းဆုံမှာ မီးနီမိလို့ ကားရပ်စောင့်နေရင်းကနေ ခဏကြာတော့ မီးက စိမ်းသွားတယ်။ ဒါပေမယ့် မီးစိမ်းတယ် ဆိုတိုင်း ဆက်ထွက်လို့ မရဘူး။ လမ်းဖြတ်ကူးသူတွေ ရှင်းသွားပြီလား၊ တခြားသော လမ်းကကားတွေ တကယ်ပဲ လမ်းဆုံမှာ ရှင်းလင်းသွားပြီလားဆိုတာ သေချာအောင် ကြည့်ပြီးမှ ကားကို ဆက်ထွက်ရမယ်။ မီးစိမ်းတယ် ဆိုတာဟာ ကားကို ချက်ချင်းဆက်ထွက်ဖို့ အဓိပ္ပာယ် မဟုတ်ဘူး။ လူရှင်း၊ ကားရှင်းရင် စထွက်နိုင်ပါပြီ ဆိုတဲ့ အဓိပ္ပာယ်...။
ဟ..ဟ..။ သြော်...၊ ဒီလူ့နှယ်။ ကားလာနေတာကို မြင်ရဲ့သားနဲ့ လမ်းကူးတာ အေးအေးဆေးဆေး နိုင်လွန်းလိုက်တာ...။ ဒါပေမယ့် ရပ်စောင့်ပေးရမှာပဲ။ ဒီနိုင်ငံမှာ လူကူးမျဉ်းကျားကနေ လမ်းကူးနေသူများဟာ ထာဝရ မှန်ကန်တယ် ဆိုတဲ ယာဉ်စည်းကမ်း ရှိတယ်။ သူ့ဘာသာသူ ကားလာနေတာ မြင်ရဲ့သားနဲ့ပဲ ကူးကူး၊ မမြင်လို့ဘဲ ကူးကူး သူလမ်းကူးနေတာကို မြင်ရင် ရပ်စောင့်ပေးရမှာသည် ကားမောင်းနေတဲ့လူရဲ့ တာဝန်...။ ဟွန်းသွားမတီးနဲ့။ ခင်ဗျားဟာ သိပ်ရိုင်းတဲ့လူ ဖြစ်သွားလိမ့်မယ်။
***
ဟော...၊ အဝေးပြေး လမ်းမကြီးပေါ် ရောက်လာပြီ။ နေပါဦး၊ အဝေးပြေးလမ်းမတွေကို အင်္ဂလိပ်လို High way လို့ ခေါ်တာလို့ပဲ သိထားတာ အခုကျ Free way ဆိုပါလား။ သြော်..၊ ဒီလို။ High way ဆိုတာက မြို့တွေ၊ ရွာတွေ အချင်းချင်း ချိတ်ဆက်သွားနိုင်တဲ့ အဝေးပြေးလမ်းမငယ်များ ဖြစ်မလား။ Free way ကျတော့ ပြည်နယ်အချင်းချင်း အထိကိုပါ ချိတ်ဆက်နိုင်တာလား၊ ဒီသဘောလား။ ဟုတ်ပြီ၊ ဒီလို မှတ်ထားလိုက်။ High way လို့ ခေါ်တဲ့ အဝေးပြေးလမ်းသည် လမ်းဆုံ၊လမ်းခွ မီးပွိုင့်တွေ ရှိနိုင်တယ်။ Free way ဆိုတာ မီးပွိုင့်မရှိသလို၊ လူကူးမျဉ်းကျားလဲ မရှိသော အမြန်လမ်း။ မြန်မာနိုင်ငံက အမြန်လမ်းမကြီးသည် မြန်မာ့ တခုတည်းသော Free way ဖြစ်မလားဘဲ။
အင်း...၊ မိုင်နှုန်းသတ်မှတ်ချက်က ၅၅ မိုင် ဆိုပါလား။ ဟိုရှေ့နားတော့ ၇၀ ပေးတာပဲ။ ဒီနားမှာက ကားအသွားအလာ ပိုများလို့ မိုင်နှုန်းကို လျှော့ပေးတာ ဖြစ်ရမယ်။ မြို့ပြင်လို နေရာမျိုးကတော့ မိုင်နှုန်းပေးတာ ပိုမြင့်တာပေါ့။ တပြည်နယ်နဲ့ တပြည်နယ် သတ်မှတ်ထားတဲ့ အမြင့်ဆုံး မိုင်နှုန်းတွေလဲ မတူပြန်ဘူး။ ဥပမာ၊ အိုဟိုင်းအိုး ပြည်နယ်က အမြင့်ဆုံး မိုင်နှုန်းက ၆၅ မိုင် ဖြစ်နေပေမယ့် နီဗားဒါးလို ပြည်နယ်ကျတော့ ၈၀ အထိ ပေးတာမျိုး။
မှန်းစမ်း..၊ ငါ့ကား မိုင်နှုန်းက သိပ်များနေသေးသလား။ သြော်၊ ၅ မိုင်လောက်တော့ ပိုမောင်းမိနေတယ်။ ဒီလောက်ကတော့ ကိစ္စ မရှိပါဘူး။ ဟိုတလောကတော့ ၁၇ မိုင်လောက် ပိုမောင်းမိတာ လမ်းဘေးကနေ အသာလေး ရပ်စောင့်နေတဲ့ ရဲက နောက်ကနေ လိုက်လာပြီး တား၊ ဒဏ်ရိုက်လွှတ်လိုက်တာ ဒေါ်လာ ၂၀၀ ဒဏ်ဆောင်လိုက်ရပါလေရောလား။ ဟာဗျာ၊ ကျုပ် အဲဒီလောက် ပိုမမောင်းပါဘူး သွားမငြင်းနဲ့ဦး။ သူ့မှာ လေဆာသေနတ်နဲ့ ကိုယ့်ကား အမြန်နှုန်းကို ဖမ်းပြီး မှတ်တမ်းတင်ထားတယ်။ ငြင်းလို့မရ...။
အာ...၊ ရှေ့က မောင်းနေတဲ့ကား။ ဘယ်ဘက် အစွန်ဆုံးလမ်းကနေ မောင်းပြီး မိုင်နှုန်းသတ်မှတ်ချက်ထက် တအားလျှော့မောင်းနေပါလား။ ညာဘက်လိုင်းကို ကူးလေကွာ။ အဝေးပြေးလမ်းမှာ ဘယ်ဘက် အစွန်လမ်းဟာ ကျော်တက်ဖို့အတွက်သာ သုံးရမယ့် တရားဝင်လမ်း။ ဖြည်းဖြည်းမှန်မှန် မောင်းချင်ရင် ညာဘက်လမ်းကနေ မောင်းလေ။ ဟွန်းတီးပြီး လမ်းတောင်းဖို့လား...။ မဖြစ်ပါဘူးကွာ။ အဲဒါဆဲတာနဲ့ အတူတူပဲတဲ့။ ဟာ...ဟ ဟ ဟ။ ဟိုဘက်က ကားတစီး Bling Spot ကို မကြည့်ဘဲ အတင်းကြီး လိုင်းကူးလာပါလား။ တီးပြီကွာ.. ဒီဟွန်းးး။ လိုအပ်လို့ တီးတယ်။ ကဲ... ပွမ်))))))))))))))
***
သြော်...၊ Blind spot လား။ ခင်ဗျားကားရဲ့ နောက်ကြည့်မှန်နဲ့ ဘေးမှန်တွေကနေ ကြည့်ရုံနဲ့တင် မမြင်ရတဲ့ နေရာကကားပေါ့ဗျာ။ အထူးသဖြင့် ခင်ဗျားကားရဲ့ နောက်တံခါးနဲ့ တည့်တည့်လောက်မှာ ကားခေါင်း ရောက်နေတဲ့ ဟိုဘက်လိုင်းက ကားဗျ။ သူ့ကို မမြင်ဘဲ ကားလိုင်းကူးရင်တော့ တိုက်ပြီပေါ့ဗျာ။ ဒီတော့ မြင်အောင် တချက်ကလေး ခေါင်းကို ဖြတ်ခနဲ လှည့်ကြည့်ရတယ်။ ဘယ်ဖြစ်စေ၊ ညာဖြစ်စေပေါ့...။
အလို..၊ ဟိုရှေ့မှာ သမင်...ပါလား။ လျှော့..လျှော့။ အရှိန်ကို လျှော့ထား။ ဒီနိုင်ငံမှာ သမင်တွေကို ဘေးမဲ့ပေးထားတဲ့ သစ်တောက များပြီး အမဲလိုက်ခွင့် ပေးတဲ့ နေရာက ပိုနည်းတော့ သမင်တွေက ကားလမ်းပေါ် မျက်စိလည်ပြီး ရောက်လာတတ်တယ်။ သွားမတိုက်မိစေနဲ့..။ ကားလဲ နာတယ်။ တိရိစ္ဆာန်လေးတွေလဲ သနားဖို့ သိပ်ကောင်းတယ်။ အိုဗျာ...၊ ကားလမ်းပေါ်ကနေ ဘဲငန်းလေးတွေ ဖြတ်ကူးနေတာ တွေ့ရင်တောင် အရှိန်လျှော့..၊ ရပ်စောင့်ပေး။ ဒါက ယာဉ်စည်းကမ်း ဆိုတာထက် ပိုတဲ့ လူသားဆန်မှု...။
***
အဝေးပြေးလမ်းကနေ ဆင်းပြီး မြို့ထဲကို ၀င်လာပြီ။ ရှေ့မှာ Stop sign ။ ရပ်..၊ ဘီးကို လေးဘီးစလုံး ရပ်နေအောင်ရပ်။ ရပ်သလိုလို မရပ်သလိုလို ရပ်ချင်ဟန်ဆောင်ပြီး မရပ်နဲ့။ ဒီလိုနေရာမှာ ရဲက စောင့်ချောင်း ဖမ်းတတ်တယ်။ မရပ်ရင် လာထား။ ဒဏ်ငွေ။ သြော်...၊ Yield sign လား။ ရပ်စရာ မလိုပါဘူးဗျာ။ ဒါပေမယ့် ဟိုဘက်က လာနေတဲ့ ကားကိုတော့ ဦးစားပေးရမယ်။
ကဲ...၊ ရောက်ပြီဗျ၊ အလုပ်ကို။ ဒီည သောကြာညဆိုတော့...အလုပ်က အပြန်မှာ ဘားကို ၀င်ပြီး တခွက်တဖလားလောက် မော့ရရင် ကောင်းလေမလား။
မဖြစ်ပါဘူးဗျာ။ မူးပြီး ကားမောင်းနေတာကို ရဲက သိသွားလို့ကတော့ တသက်လုံး ဖျောက်မရတဲ့ မှတ်တမ်း ၀င်သွားလိမ့်မှာပေါ့။ ကံမကောင်းရင် ထောင်ပါ ချမှာဗျ။
***
လမ်းမပေါ်မှာတော့ ကားတွေ တဖျောဖျော တသောသောပါပဲဗျာ။
***

ကလိုစေးထူး

Saturday, May 14, 2016

အတုယူပါ... အတုမယူပါနဲ့

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ စကားလေး တခွန်းကို အင်မတန် သဘောကျမိတယ်။
"ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဟာ အသိတရားနဲ့ အုပ်ချုပ်တဲ့ စနစ်တခုကို ထူထောင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်"

***
အရပ်သား အစိုးရ စစ်စစ်က အုပ်ချုပ်တဲ့ ဒီမိုကရေစီ နိုင်ငံအဖြစ် ကူးပြောင်းကြပြီဟေ့ ဆိုတာနဲ့ ကျွန်တော်တို့က ဘာဖြစ်လဲ ဆိုတော့ အဲဒီ စနစ်နဲ့ အောင်မြင်နေတဲ့ နိုင်ငံကြီးတွေဆီ လှမ်းမျှော် ငေးမိတတ်ကြတယ်။ သူတို့ကျ ဘယ်လို စီမံတယ်ပေါ့...၊ ဘယ်လို အောင်မြင်တယ်ပေါ့။
ဒါပေမယ့် ဒီမိုကရေစီ နိုင်ငံကြီးတွေ ဖြစ်လင့်ကစား သူတို့ဆီကနေ ကျွန်တော်တို့က အတုယူစရာ ရှိနေသလို အတု မယူသင့်တာတွေလဲ ရှိတာပေါ့..။
ဒါတွေကို ရေးကြည့်ချင်တယ်။

***
သူတို့ နိုင်ငံတွေဆီမှာ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်၊ ပြောဆို ရေးသားခွင့်တွေ ရှိတယ်။ ဒါ..၊ လူတိုင်း သိနေတာပဲ။ ဆန္ဒပြပွဲ တခုခု ဖြစ်နေရင် ရဲက (လိုအပ်ရင်) အဲဒီနေရာကို လာမယ်။ အများပြည်သူ သွားလာနေတာ၊ အပန်းဖြေနေတာ မထိခိုက်စေရမယ့် နေရာလေး သတ်မှတ်ပေးမယ်။ ပြီးရင် ပြစမ်း၊ ဆန္ဒ။ အော်စမ်း တို့အရေး...။

အိုဘားမားကို ကန့်ကွက်ရုံမကလို့ ကလော်ပဲ တုတ်တုတ်၊ ပြဿနာ မရှိ။ ဒါပေမယ့် ညအချိန်မတော် မူးမူးနဲ့ ဘေးအိမ် အိပ်မရအောင် အော်ဟစ် ဆူညံနေဖို့တော့ မစဉ်းစားနဲ့။ ဘေးအိမ်က တိုင်ရင် ရဲ ရောက်လာလိမ့်မယ်။ အသံတွေ တိတ်ရင်တိတ်၊ မတိတ်ရင် သွား..၊ အချုပ်ခန်းထဲ။
ငါ့မိန်းမ ငါရိုက်တယ်ကွာ၊ ဘာဖြစ်လဲ လာမလုပ်နဲ့။ သွား...၊ အချုပ်ထဲ။ အချုပ်က လွတ်လာရင်လဲ လာပါလိမ့်မယ်၊ အမျိုးသမီး စောင့်ရှောက်ရေး အသင်းလိုဟာမျိုးက နှစ်ပတ်တခါလောက် အိမ်ကို လာလာပြီး ဇနီးသည်ကို မေးမယ်။ ကျွန်မယောက်ျား ကျွန်မကို ဆော်ပလော်တီးနေတုန်းပါပဲရှင့် ဆိုလို့ကတော့ သွားပေဦး၊ နောက်တခါ အချုပ်ထဲ...။

အရက်ကလေး ထွေထွေနဲ့ ကားများ မမောင်းလိုက်လေနဲ့။ ငါ ဘယ်သူ့ကိုမှမှ မတိုက်သေးဘူးလေကွာ လို့လဲ လာမပြောနဲ့...။ မူးပြီးမောင်းသလား။ လိုက်ခဲ့ အချုပ်ထဲ။ ကားမောင်းတဲ့ ပြစ်ဒဏ် မှတ်တမ်းမှာ တခြား အပြစ်တွေသာ အချိန်ကာလ တခုကို လွန်ရင် မှတ်တမ်း ပျောက်ပျက်မယ်။

မူးပြီး မောင်းထားတဲ့ ပြစ်ဒဏ်သည် ဘယ်တော့မှ မပျောက်။ ပထမတကြိမ် တော်ရုံမူးရင် ပညာပေးမယ်။ ဒဏ်ငွေလောက်နဲ့ ပြီးချင်ပြီးမယ်။ နောက်ထပ် ထပ်မိရင် သွား...၊ ထောင်ထဲ။
ထောင်က လွတ်လာလို့ ငါတော့ လွတ်ပဟ ဆိုပြီး အရင်လို သောင်းကျန်းမယ် မကြံနဲ့ဦး။ မူးပြီး ကားမောင်းလို့ ထောင်၊အချုပ်ကျပြီး လွတ်လာတဲ့လူမျိုးကို ရိုးရိုး မလွှတ်ဘူး။ ကာလ ဘယ်လောက်အထိ၊ အရက်ဆိုင်၊ ဘား၊ ကလပ် မသွားရဆိုပြီး ခြေချုပ်နဲ့ လွှတ်ပေးလိုက်တာမျိုး။ အဲဒီလို ကန့်သတ်တဲ့ ကြားထဲက ခိုးသွားရင် သိနိုင်အောင် သူ့ခြေကျင်းဝတ်မှာ သူ ဘယ်ရောက်နေတယ် ဆိုတာ သိနိုင်တဲ့ GPS စနစ် တပ်ထားတဲ့ ကိရိယာလေးကို တပ်ပြီးမှ လွှတ်ပေးလိုက်တာ။ ဘား၊ အရက်ဆိုင် ရောက်ပြီ ဆိုတာနဲ့ အဲဒါလေးက ရဲကို လှမ်းအချက်ပြလိမ့်မယ်။ ဒါဆိုရင် သွားပေဦး၊ ထောင်ထဲ။

ရာဇ၀တ်ပြစ်မှုတွေနဲ့ လွတ်လာတဲ့ လူတွေကို ခြေချုပ်ပေးရင်လဲ ဒီအတိုင်းပဲ။ ဒီပြည်နယ်ကနေ ဘယ်ကိုမှ မထွက်နဲ့ဆို မထွက်နဲ့ပဲ။ ထွက်လိုက်တာနဲ့ အဲဒီ ခြေကျင်းဝတ်က ဟာလေးက ရဲကို အကြောင်းကြားမယ်။
ဆိုတော့...၊ အဲဒါတွေသည် အတုယူသင့်တဲ့ ကိစ္စတွေ။ တချို့အရာတွေကိုက နည်းပညာ လိုက်မမီနိုင်သေးတာသည် ထားတော့၊ နည်းနာတွေကတော့ အတုယူကို ယူရမယ့် ကိစ္စမျိုးတွေ။

***

အတု မယူသင့်တာ ဘာတွေလဲ...။
အမေရိကားက ပြည်နယ်တိုင်းမှာ အဖော်အချွတ် ကလပ်တွေရှိတယ်။ ကာစီနို လောင်းကစားရုံတွေ တရားဝင် ရှိတယ်။ Adult stores တွေ ရှိတယ်။
ဒါတွေကို သွားအတုယူလို့ မရဘူး။ သူတို့ကတော့ သူတို့ အသိတရားနဲ့ သူတို့ ဥပဒေ ဟန်ချက်ညီ ထိန်းနိုင်သယောင် ရှိတယ် ဆိုသည့်တိုင် အဲဒီ အရာတွေကနေ ထွက်လာတဲ့ ဆိုးကျိုးတွေကို သူတို့လဲ ခံရတာပဲ။
ကျွန်တော်တို့လို နိုင်ငံတွေက ဒီအချိန်မှာ လိုက်လုပ်ရင် ဘယ်မှာ လာကောင်းနိုင်မလဲ။

***

ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်ကူးပြောင်းရေးမှာ အသိတရားသည် အရင် အဓိက အကျဆုံးပဲ။ ဖမ်းတာဆီးတာတွေ မလိုအပ်ဘဲနဲ့ ကောင်းတဲ့ ကိစ္စတွေ အကောင်အထည် ပေါ်သွားဖို့က အသိတရားဟာ အဓိက ပိုကျမှာပေါ့။
အသိတရားနဲ့ အကောင်အထည်ဖော်ရုံလောက်နဲ့ မလုံလောက်တော့ရင်တော့ တားမြစ်ချက်တွေ၊ ဥပဒေတွေက မရှိမဖြစ်လိုအပ်တာပဲ။ အဲဒီလို အချိန်ကျမှာ နိုင်ငံတကာမှာကတော့ ဘယ်လိုကွ ဘယ်ဝါကွလို့ လိုရာဆွဲ ပြောလို့မရဘူး။ ဒီမိုကရေစီနဲ့ စည်းကမ်းသည် သူ့တန်ဘိုးနဲ့သူပဲ။
ကောင်းတာကို အတုယူမယ်။ မကောင်းတာဆို ယောင်လို့တောင် သွားမတုတာ ပိုအဆင်ပြေလိမ့်မယ်။

***

ကလိုစေးထူး

Friday, May 13, 2016

အဲဒီနေ့က မိုးရွာတယ်...


အဲဒီနေ့က မိုးရွာတယ်။ ရွာတာမှ ညဦးပိုင်း ကတည်းကနေ နောက်တနေ့ ညနေစောင်း အထိ စိမ့်တလှည့် သဲတလှည့်နဲ့ ရွာတာ ...။
***
မနက် မိုးလင်းတော့ ကျောင်းသွားရမယ့် ကလေး တယောက်က "ဟေးး မိုးတွေ ရွာတယ်ဟေ့" ဆိုပြီး မြူးထူးနေတယ်။ ကျောင်းမသွား ရတဲ့ ကလေးတချို့ ကလဲ ဟိုး ခပ်လှမ်းလှမ်းက မိုးရေထဲမှာ
ပျော်ပါးနေကြတယ်။
ရွာနိုင်လွန်းတဲ့ မိုးကို ကဗျာဆရာ တယောက်က မိုးဘွဲ့ ကဗျာတပုဒ် ရေးလိုက်တယ်။
လမ်းပြင် အလုပ်သမား တယောက်က မိုးကြောင့် အလုပ်ပျက်ပြီး မရတော့မယ့် နေ့တွက်ခ အတွက် ညည်းညူတယ်။
သောက်သုံးရေ အတွက် ခန်းနေတဲ့ ရေတွင်းတွေ ရေပြန်ပြည့်လာတော့မှာကို တွေးပျော်သူက ပျော်တယ်။
မိုးရေကြောင့် စိုအိအိ ဖြစ်နေတဲ့ တမျှော်တခေါ် လယ်ကွင်းကို ဦးကြီးတယောက်က သူ့လယ်တဲ အထဲကနေ ထိုင်ငေးနေတယ်။
စာရေးဆရာမ တယောက်ကတော့ မိုးရွာတဲ့ မနက်ခင်း တခုကို ဇာတ်အိမ်တည်ပြီး လုံးချင်း ဝတ္ထု တပုဒ်ကို သဲကြီးမဲကြီး ရေးနေတယ်။
မီဒီယာသမား တယောက်ကတော့ မိုးရေ တင်လို့ ရေဝပ်နေတဲ့ လမ်းကို ဓာတ်ပုံတွေ ရိုက်ပြီး သတင်း တပုဒ်ကို ခပ်သွက်သွက် ရေးတယ်။
နိုင်ငံရေးသမား တယောက်ကတော့ မိုးရွာလို့ ရေကြီးတာက အစိုးရက ရေစီးရေလာ စနစ်ကို စီစဉ်မှု ညံ့ဖျင်းတာက အစ၊ သစ်တောတွေ စည်းမရှိကမ်းမရှိနဲ့  ခုတ်ခွင့်ပေးတာ အလယ်၊ အမှိုက်တွေ စည်းကမ်းမဲ့ ပစ်တာ အဆုံး စီကာပတ်ကုံးနဲ့ နိုင်ငံရေး သုံးသပ်ချက်တွေ ပြုစုတယ်။
စာသင်ကျောင်း က ကျောင်းဆရာမက မိုးဥတု အကြောင်းကို အပြင်ကရွာနေတဲ့ မိုးဆီ စာသင်ခန်း ထဲကနေ လက်ညိုးကလေး တညွန်ညွှန်နဲ့ ကျောင်းသားတွေကို စာသင်နေတယ်။
ဒီညမှာ တကိုယ်တော် စင်တင်ဖျော်ဖြေပွဲ ရှိတဲ့ အဆိုတော် တယောက်ကတော့ သူ့ပွဲပျက်မှာ စိုးရိမ်စိတ် နဲ့ ရွာနိုင်လွန်းတဲ့ မိုးကို ကျိန်ဆဲတယ်။
အဘိုးနဲ့ အဘွားက သူတို့ ငယ်စဉ်က မိုးရေထဲက အချစ် ဇာတ်လမ်းလေးကို အတူတူ သတိရနေကြတယ်။
စစ်ပြန်တယောက်ကတော့ မိုးရေထဲမှာပဲ ချိုင်းထောက် တလက်ကို အားပြု လျှောက်ပြီး ဝမ်းစာ ရှာနေတယ်။ သူရောင်းနေတဲ့ စံပယ်ပန်းကုံးတွေ ကလဲ ရွှဲရွှဲစို လို့ ...။
မိုးသည်းသည်း အောက်မှာပဲ လူနှစ်ယောက် လမ်းခွဲမှု ကို စတင်လိုက်ကြတယ်။
မိုးသည်းသည်း အောက်မှာပဲ တချို့လူတွေ ပေါင်းစည်း မိသွားကြတယ်။
***
အဲဒီနေ့က မိုးရွာတယ်။ ရွာတာမှ ညဦးပိုင်း ကတည်းကနေ နောက်တနေ့ ညနေစောင်း အထိ စိမ့်တလှည့် သဲတလှည့်နဲ့ ရွာတာ ...။
***

ကလိုစေးထူး

Sunday, March 08, 2015

တရားဥပဒေ စိုးမိုးရေး..

တရားဥပဒေ စိုးမိုးရေး..တဲ့။
ကျောက်နီမော်က မိန်းကလေးတယောက်ရဲ့ အဓမ္မပြုကျင့်ခံရမှုကို ထိထိရောက်ရောက် အရေးမယူနိုင်လို့ သေလိုက်ကြရတဲ့ ကြားထဲက အသက်တွေ။ ရခိုင်တပြည်နယ်လုံး မီးဟုန်းဟုန်းကို တောက်လို့...။ တွန်သံမြည်နေတဲ့ အရိုးတွေက အခုထိ ရန်စ မငြိမ်းနိုင်သေးဘူး။

တရားဥပဒေ စိုးမိုးရေး..တဲ့။
ရွေဆံကုတ် အရောင်းအ၀ယ် မတည့်ရာက ဖြစ်တဲ့ မိတ္ထိလာက သာမန်ခိုက်ရန် ဖြစ်ပွားမှုလေးကိုတောင် မထိန်းချုပ်နိုင်ခဲ့တော့ တချို့လူသားတွေ အရှင်လတ်လတ် မီးရှို့သတ်ခံရတဲ့အထိ ဆိုးလိုက်တဲ့ ပဋိပက္ခ...။ ဖျက်ဆီးခံလိုက်ရတဲ့ ဘ၀တွေရဲ့ သောကတွေ အခုထိ မအေးချမ်းနိုင်သေးဘူး...။

တရားဥပဒေ စိုးမိုးရေး..တဲ့။
သပိတ်အဖုံးကလေး ကျကွဲမိတဲ့ ဥက္ကံက မီးလောင်တိုက် အသွင်းခံရတဲ့ အိမ်ခြေတွေက ဘ၀တွေ...။

တရားဥပဒေ စိုးမိုးရေး...တဲ့။
မောင်းချင်သလို မောင်းပြီး တိုက်ချင်သလိုတိုက်တဲ့ ကားဒရိုင်ဘာတွေ လွတ်ချင်သလို လွတ်အောင် ပြေးလို့ရနေတုန်းပဲ။ သတ်ချင်သလို သတ်ပြီး လူရုပ်မပေါ်အောင် မီးရှို့ လမ်းဘေးပစ်ထားတဲ့ ခန္ဓာကိုယ်ဟာ မိန်းမတယောက်ပါ ဆိုတာကလွဲရင် ဘယ်သူမှန်း သိအောင်တောင် အဖြစ်ရှိရှိ မဖော်ထုတ်နိုင်သေးဘူး။ ငါးလောင်းပြိုင် လူသတ်မှုဆိုတာ ဖော်နိုင်ဖို့ ဝေလာဝေး ဆိုတဲ့ လူတွေက.. "အဲဒီကောင်တွေ ဖမ်းတင်လိုက်တော့ မြို့နယ်မှူးရေ..: လို့ တခွန်းပြောရုံနဲ့တင် လူတွေကို တိရိစ္တာန်တွေလို ကားပေါ် ပစ်တင်ဖို့ ၀န်မလေးဘူး...။

တရားဥပဒေ စိုးမိုးမှု အောက်ကနေပါပဲ....။ မတရားအသတ်ခံရတဲ့ သတင်းထောက် တယောက် ရှိခဲ့ဖူးတယ်။ နဖူးတည့်တည့်ကို ကျည်မှန်သွားတဲ့ လယ်သူမကြီး တယောက် ရှိခဲ့ဖူးတယ်။ မီးလောင်ရာ ဗရပွနဲ့ သံဃာတွေ ရှိခဲ့ဖူးတယ်။ အဟား...၊ စကားနားမထောင်လို့ ဆိုတဲ့ သာသနာရေးဝန်ကြီးလဲ ရှိခဲ့ဖူးတယ်။

ထက်ထက်မိုးဦးရေ...၊ ငွေတထောင်ပေးပြီး ပါးရိုက်ခွင့် ရတဲ့ နည်းကို ကျုပ်ကိုပေးလှည့်ပါဗျာ။ တာဝန်တွေိကု တရားဥပဒေနဲ့အညီ ပါးရိုက်ချင်လွန်းလို့...။ 

***

ကလိုစေးထူး

Saturday, March 07, 2015

စကားလုံးမဲ့တဲ့ ည ..

ခြစားတဲ့ အတ္တတွေ ဘီလူးဝင်စီးတော့
အကြမ်းမဖက်တဲ့ ဆန္ဒတွေက အကြမ်းဖက်ခံလိုက်ရတယ်။

ဒီမယ် ဦးအောင်စိန်...၊
ကျွန်တော့် သမီးက စာကျက်နေတာ တဲ့လား..။ 
ခင်ဗျားစကားကြောင့် အသိတခု ရတယ်
ဦးဖာဆိုတဲ့ လူကြီးသာ ခင်ဗျားလို တွေးလိုက်မိရင်
အောင်ဆန်းဆိုတဲ့လူ မြန်မာပြည်မှာ ဖြစ်လာမှာ မဟုတ်ဘူး
ဒါပေမယ့် မပူပါနဲ့ဗျာ
ခင်ဗျားလိုလူတွေကို ဂုဏ်ပြုမယ့် ကြက်ဆူလက်ခုပ်သံတွေ ရှိတယ်။ 

ဥပဒေ...၊
လူကိုဖမ်းချင်တဲ့ ဥပဒေ
လူကို ရိုက်ချင်တဲ့ ဥပဒေ၊
ပါးစပ်တွေကို ပိတ်ချင်တဲ့ ဥပဒေ
ခံစားချက်တွေကို လှောင်ချထားချင်တဲ့ ဥပဒေ
ဥပဒေ ဥပဒေနဲ့ ဘုတ်အုတ်ကြီး တကိုင်ကိုင်လုပ်
နတ်စကားထွက်နေတဲ့ အစိမ်းရောင်လူထွက်စကား
နားခါးလှတယ်။
ဇော်ဌေးရေ...။
သူ့ဆန်စားလို့ရဲမယ်ဆိုရင် မင်းစားနေတာ ငါတို့ဆန်
ပြည်သူ့ဆန်...ကွ။ 


ထမင်းတလုပ်အတွက် အကြမ်းဖက်
ဝါးရင်းတုတ်တချက် လှမ်းနှက်တိုင်းမှာ
တာဝန် တွေ သရမ်းချက်.. သရမ်းချက်
ခြစားတဲ့ အတ္တတွေ ဘီလူးဝင်စီးတော့
အကြမ်းမဖက်တဲ့ ဆန္ဒတွေက အကြမ်းဖက်ခံလိုက်ရတယ်။


***

ကလိုစေးထူး

Wednesday, March 04, 2015

သီချင်းများနဲ့ ...

~~ ကိုယ်သိပ်ချစ်ရတယ်~~ အချစ်ဆုံး မိန်းကလေးရယ်~~ မျှော်လင့်လျက်ရှိတယ် မေ့အပြုံး~~ အကြင်နာလေး ပေးသနားလှည့်ပါကွယ်~~အို~~ ရွှေရင်တံခါးဖွင့်လို့ထားနော်ကွယ်~~

Round cord တီးရတဲ့ သျှိုင်းအောင်ရဲ့ သီချင်းကို ညတညရဲ့ လသာသာမှာ ဂစ်တာရူး၊ သီချင်းရူး သူငယ်ချင်းတွေနဲ့ အော်ဟစ်သီဆိုခဲ့ရတဲ့ ညတွေကို ပြန်သတိရမိတယ်။ သူငယ်ချင်း တယောက်က "နေဦးကွ၊ အဲဒီ C,Am,Dm,G ပတ်လည်ကွက်က ဖိုးချိုရဲ့ ပိုင်စိုးမှုဧကရီ သီချင်းလဲ တီးလို့ရတယ်ကွ" လို့ပြောတော့ တီးလိုက် ဆိုလိုက်ရပြန်တာ အမော...၊ ဒါနဲ့ နောက်တယောက်က "ဒါတင် ဘယ်ကမလဲကွ၊ ကိုင်ဇာရဲ့ တခုသော မိုးဥတု၏ တနေ့သ၌ သီချင်းလဲရသေးတယ်" ဆိုတော့လဲ တီးလိုက် ဆိုလိုက်ရတာက "ကျောင်းဆင်းမနက်မှာ ~~~မိုးသည်းထဲမှာ ~~ လွယ်အိတ်ကလေးနဲ့ ကောင်မလေး~~"

***

ကိုယ်က ငယ်ငယ်ကတည်းက သီချင်းကို သိပ်ရူးတယ်။ တချိန်ချိန်မှာ ဂစ်တာတီးတတ်လာရင် ဆိုးရတီးရအောင် ဆိုပြီး စာအုပ်ထူထူတအုပ်ဝယ်၊ သီချင်းတွေရော လက်ကွက်တွေပါ ကူးရေးနေတာကို မေမေကတော့ သူ့သားစာကျက်နေတယ် ထင်ရှာတာ...။ ညဘက် ဖယောင်းတိုင်လေး ထွန်းပြီး တကုပ်ကုပ်ရေးချွတ်နေတော့ စာဖတ်စာရေးနေတယ် ထင်ရှာတာပေါ့။ သိသွားတော့ ကရုဏာဒေါသောနဲ့ ရိုက်လိုက်တာ အသည်းပေါက်မတတ်ပါဘဲ။ ကျောင်းဆရာမ ဆိုတော့ ပိုဆိုးတာပေါ့။ ဆရာရိုက်၊ မိဘရိုက် နှစ်မျိုးစလုံးနဲ့ ရိုက်တာပဲ။

ကိုယ်တို့ ဂစ်တာရူး၊ သီချင်းရူး စရူးခါစက ဟစ်အော်ခဲ့ဖူးတဲ့ ရဲသွင်ရဲ့ မင်းမသိဘူးလားတို့၊ စွန့်စားမယ့် အချစ်တို့၊ တခါ.. ကိုညီထွဋ်ရဲ့ အရည်တွေ ပျော်ကုန်ပြီတို့၊ ရွက်လွှင့်ခြင်းတို့ကို အခုထိကို အလွတ်ရနေပါသေးတယ်။ မှတ်မိသေးတယ်...၊ လေးဖြူပေါ်ခါစကဆို.. "ဇော်ဝင်းထွဋ်ကို လိုက်ယှဉ်ချင်တဲ့ကောင်" လို့ သမုတ်တဲ့ လူငယ်က တဘက်၊ ကြိုက်ကြသူတွေက တဘက် ကွဲကြသေးတယ်။ နောက်ဆုံးတော့လဲ လေးဖြူရဲ့ "အလင်းရောင်" ဆိုတဲ့ သီချင်းသံရဲ့ ဆွဲဆောင်ရာနောက်ကို အဲဒီခေတ်က လူငယ်တွေ စီးမျောသွားကြတာပါပဲ...။

~~~ကျွန်တော့်ရဲ့ မိုက်မဲမှုပဲ~~~ သူမကို ချစ်မိတာ~~~ အဲဒီလောက်ထိ စွဲလမ်းသွားမှန်း မသိခဲ့~~ မသိခဲ့ဘူးး~~~

"မိုက်လှချည်လား၊ ဘယ်သူဆိုတာတုန်းကွ"
"တာရာ..တဲ့၊ နားထောင်ကြည့်"
"အေးကွ...နော၊ ထူးအိမ်သင် အသံလိုလို ဘာလိုလိုနဲ့"

"ပုလဲသီ တကွဲစီ" သီချင်းတွေကို ဟစ်ခဲ့တဲ့ ညချမ်းတွေက လွမ်းချင်စရာ...။ စကားမစပ် အဟစ်ကောင်းနေတုန်း ပေါ်တာလိုက်ဖမ်းတဲ့ တပ်စုနဲ့တိုးလို့ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်လို သဘောထား ပြေးခဲ့ရသေး...။ အင်းလေ.. နေခဲ့ရတာကိုက နယ်မြို့၊ကလေးကိုး...။

***

"ကံကောင်းခြင်း လက်ဆောင်" ခွေနဲ့ ဗြုန်းခနဲ နာမည်ကြီးလာတဲ့ ရင်ဂိုကို အဲဒီတုန်းက မဂ္ဂဇင်းတအုပ်ထဲကနေ ဝေဖန်ရေး ဆရာတယောက်က "ဆီးစပ်ကလာတဲ့ အသံနဲ့ ဆိုတဲ့ အဆိုတော်" လို့ ဘလိုင်းကြီး ဆော်ပလော်တီးတယ်။ ဒီတော့လဲ ကိုယ်တို့က "အချစ်ဟာ မီးးလားးး" လို့ ယမကာလေး ထွေလာတိုင်း ဟစ်ပစ်လိုက်ရတာပဲ။

သီချင်းတပုဒ်ဟာ လူ့စိတ်ကို ကြည်နူးအေးမြသွားစေသလို၊ စိတ်အားတက်ကြွသွားစေတာတွေ၊ စိတ်ညစ်နေတာကို အားတက်သွားစေ၊ ပြေပျောက်သွားစေတာလဲ ရှိတယ်။ ဒီတော့ ကိုယ့်အတွက်တော့ သီချင်းတွေဟာ ဟိုးငယ်ငယ်လေးကတည်းကနေ အခုအချိန်ထိ အဓိပ္ပာယ်တွေ ရှိနေတယ်။ တကယ်ဆို "ကိုသိန်းတန်.. ကိုသိန်းတန်.. စိုးသင်္ဘောပေါ် တက်ခဲ့မယ်" ဆိုတဲ့ ဇာတ်ဝင်စာသားလေးနဲ့ ကိုယ်ရယ် တိုးရယ် စိုးစိုးရယ် သီချင်းစုတွေကိုက ကိုယ်တို့အတွက် ရသမြောက်တဲ့ အနုပညာတွေ ဖြစ်ခဲ့တာပါပဲ။

***

သီချင်းတိုင်းဟာ ချစ်စရာ မကောင်းတဲ့ ကာလ တခုတော့ (ကိုယ့်အတွက်) ရှိခဲ့ဖူးတယ်။ တံတားတွေ၊ ဆည်တွေနား ပြွတ်သိပ်ညှပ်သပ်နေတဲ့ အမွှမ်းတင် စာသားတွေနဲ့ လှုပ်ရွကခုန်နေကြတဲ့ သီချင်းတွေကို အင်မတန် အောက်ကလိအာခဲ့ဖူးတယ်။ ကိုယ်အရမ်းချစ်တဲ့ အဆိုတော်ကြီးနှစ်ယောက်ဖြစ်တဲ့ ရင်ဂိုနဲ့ ခင်မောင်တိုးတို့ နှစ်ယောက် မျက်နှာသေကြီးတွေနဲ့ မိုက်ခွက်နားကပ် ဆိုခဲ့တဲ့ သီချင်းကို အမုန်းတီးဆုံးဖြစ်ရဖူးတယ်။ ဘာသီချင်းလဲ ဆိုတာတော့... ထားလိုက်ပါတော့လေ...။ ကိုယ်ကတော့ အနုပညာကို အနုပညာရှင်ကို ကိုယ်ကျိုးအတွက် သုံးခဲ့တဲ့ မည်သူ့ကိုမဆို မုန်းတယ်။ တခုတော့ ရှိတယ်။ အဲဒီလို သီချင်းမျိုးကိုမှ ကျေကျေနပ်နပ်ကြီး သီဆိုခဲ့ကြတဲ့ သီချင်းရှင်တွေကိုတော့ ခံစားချက်တွေ မဲ့လိုက်ကြတာပေါ့...။

~~ ဟေ့ရောင်~~ ဟေ့ရောင် မလုပ်နဲ့~~~အခု ရန်ရန်ချမ်းဆိုတာ ငါတို့လူပဲ~~ အရိုးသားဆုံးက သူပဲ~~ လမ်းဘေးစရိုက်ကို သူမကြိုက်~~

"စတင်ခြင်း" ဆိုတဲ့ အခွေထွက်လာတော့ ကိုယ်သဘောအကျခဲ့ဆုံးက အနဂ္ဂ...။ စက်သေနတ်ပစ်သလို အင်မတန်ရွတ်နိုင်တဲ့ အကောင် ဆိုပြီး သဘောကျတာ...။ တဖြည်းဖြည်းနားထောင်ရင်းနဲ့ အင်မတန်ကြိုက်နှစ်သက်ပြီး အခုထိကို အလွတ်ရနေသေးတဲ့ သီချင်းက အက်ဆစ်ရဲ့ "ဘ၀" ...။ ~~ ပိုက်ဆံမက်တဲ့ မိန်းမကို ~~ ချစ်နေတော့ ငါ့မှာ မိန်းမမက်တဲ့ ပိုက်ဆံကို မုန်းလို့မရ~~~။ သေချာလေ့လာကြည့်တော့ အဲဒီ သီချင်းကို အဲဒီတုန်းက မထင်မရှားဆိုခဲ့သူ အားလုံး နောက်ပိုင်းတော့ မြန်မာ့ဂီတလောကမှာ တနေရာစီတော့ ရသွားခဲ့သူချည်းပါပဲ။

***

~~~ ရှိတ်..ရှိတ်.. ရှိတ်ကြစို့ဟေ့..~~~ မင်းကြည့်တိုင်း ကတဲ့ပုံက ~~~ တခါလာလဲ ဒါ~~ နှစ်ခါလာလဲ ဒါ~~

ဟ.. ဘာကောင်တုန်းကွ၊ စာသားက ကြမ်းလှပါလားဆိုတဲ့ ဂျောက်ဂျက် သီချင်းတွေက ဟစ်ဟော့ ဆိုတာ ဒါပဲကွ ဆိုတဲ့ ပွင့်လင်းမှုကို ချပြတဲ့ အနုပညာစကားလို့ နားလည်သွားချိန်မှာ ကိုယ်လဲ သူ့သီချင်းတွေကို ကြိုက်တတ်သွားလိုက်တာ အခုအချိန်မှာ ဂျောက်ဂျက် သီချင်းကို ဘယ်သီချင်း အကြိုက်ဆုံးလဲ မေးရင် "ငါ၏စာသား" ဆိုတဲ့ သီချင်းပါပဲ ဆို လွန်မလား။ ။ သီချင်းစာသားကိုက ကြည့်ဦး..။ ~~~ မင်း~~ ဘရွတ်ကလင်းမှာလဲ နေတာမဟုတ်~~ မင်း နယူးယောက်မှာလဲ နေတာမဟုတ်~~ေ-ာက်ခွက်က ကလေးကလားရုပ်နဲ့ ~~ မကျေနပ်ရင်ရော့~~ ခြေမစုပ်~~~ 

ဟစ်ဟော့ အဆိုတော်တွေထဲ ကိုယ်သဘောကျ လေးစားသူတွေထဲမှာ အက်ဆစ်၊ သီအိုရီ၊ ဂျေမီ၊ ဂျောက်ဂျက်တို့က ထိပ်ဆုံးကပါပဲ။

***

ကိုယ့်အတွက်တော့ အနုပညာ အားစိုက်တဲ့ သီချင်းတိုင်းဟာ ခံစားလို့ရတယ်။ တကယ်ဆို သီချင်းတွေဟာ ခေတ်ကို ဖော်ပြခဲ့ကြတယ်၊ ဖော်ပြနေကြတယ်။ ဖော်ပြနေကြဦးမယ်။ ဒီအရွယ်ရောက်လို့ ဒီသီချင်းပဲ နားထောင်သင့်တယ်လို့ ပေတံတိုင်းသူတွေနဲ့ ကိုယ်နဲ့တော့ အကန့်တခု ခြားနေမှာ သေချာတယ်။

တွံတေးသိန်းတန်ရဲ့ နှမလက်လျှော့နေလေတော့ကွယ်ကို နှစ်သက်တတ်တဲ့ လူတယောက်၊ လေးဖြူရဲ့ အသုံးမကျတဲ့ နှင်းဆီကိုလဲ ဟစ်တတ်သေးတဲ့ လူတယောက်ဟာ အခုအချိန်မှာတော့ Snare ရဲ့ ~~~ ဂျုံးဂျုံးကျနေပြီ~~~ ဂျုံးဂျုံးကျနေပြီ ဆိုတဲ့ စာသားကိုလဲ အားရပါးရ ဟစ်အော်ညည်းတွားတတ်သေးတယ်ဆိုရင် လွန်မလားမသိ....။

***

ကလိုစေးထူး












Friday, February 20, 2015

ကိုရင်ရေ..

ဒီမယ် ကိုရင်..
ရော့..သောက်၊ ဆေးခါးလို့ အမွှမ်းမတင်ဘူး
ဒါပေမယ့် အဲဒီခွက်ထဲမှာ အဆိပ်မပါဘူးလို့ အာမခံတယ်။
ခင်ဗျားနဲ့ ကျုပ် ခြေနှစ်ဖက်ပါတာခြင်း အတူတူ
ခြေထောက် အရွယ်အစားမတူဘူး...။
ဟော..၊ ခင်ဗျား ငုံ့ကြည့်တဲ့ ခင်ဗျားခြေချောင်းကလေးတွေတောင်
အတိုအရှည် တူငဲ့လား...။
ရော့... သောက်လိုက်ပါ။
စကားလုံး သက်သက်မဟုတ်တဲ့ ဘ၀ရဲ့ ပျော်ရည်
ခင်ဗျားကိုယ်ထဲကို စိမ့်ဝင်စီးဆင်းသွားလို့ ဖြစ်လာမယ့် ခင်ဗျား မျက်နှာကို ထိုင်ကြည့်ချင်လွန်းလို့...။

ဒီမယ် ကိုရင်...
ခင်ဗျား ဟိုဘက်လမ်းက လျှောက်သွားလို့ လမ်းကောင်းခဲ့ချိန်
ဗွက်ပေါက်တဲ့ဒီဘက်လမ်းက လူတွေ အတုန်းအရုန်း
အိုဗျာ...၊ ၀ရုန်းသုန်းကား လဲနေလိုက်ကြတာ
ဟော...၊ အလျှောက်မတော်တဲ့ တချက် ခင်ဗျား ခလုတ်တိုက်တော့
ခင်ဗျား မေ့ထားတဲ့ ဟောဒီဝရုန်းသုန်းကား ရင်ဘတ်ကြီးတွေကလေ...
ကိုရင်...၊ နာသွားသေးလားလို့ ပြောဖို့ မမေ့ပါဘူးဗျ။
ခင်ဗျာ့ ဖိနပ် လာသုတ်မပေးနိုင်တာတော့ ဆောရီး ကိုယ့်လူ။

ဒီမယ် ကိုရင်...
ရှေ့တန်းတက် ဂိုးသွင်းမှ ဘောလုံးသမား မဟုတ်ဘူးဗျ
အောင်ပွဲခံနေတဲ့ နာမည်ကျော်တွေကို အဝေးကငေးနေတဲ့
ကစားသမားကောင်းတွေမှ အများကြီး....။
ကန်ပစ်လိုက်စမ်းပါဗျာ...။

ဒီမယ် ကိုရင်...
မျက်ရည်တွေနဲ့ ရင်းထားတဲ့ ထမင်းတပန်းကန်ထက်
တောက်ခနဲ ကျလာတဲ့ ခင်ဗျားချွေးစက်ကပေးတဲ့
တလုတ်ထဲသော ထမင်းကို မက်မောပစ်လိုက်စမ်းပါဗျ...။
ယူ...၊ ယူ.. အဲဒီမှာ အတ္တတွေကိုယူ
အတ္တကို ယူတတ်ရင် လူဆိုတဲ့ အသိပါ ထပ်ယူ...။

ကျောခြင်း ကပ်လို့ အမြင်မတူရင်တောင်
သေချာတာတော့ ကိုရင့်နားမှာ ကျုပ်ရှိနေတယ်။
တခါတလေ မျက်နှာချင်းဆိုင် ရန်တွေ့ရတာထက်
ကျောခြင်း ကပ်နေရတာက အရသာ ရှိလွန်လွန်းလို့....။

***

ကလိုစေးထူး


Friday, February 06, 2015

မတူတဲ့အား..











"ပုလိုက်တဲ့ အကောင်ကွာ၊ ခါးကလဲ တုတ်လိုက်သေး၊ အတော် ရုပ်ဆိုးတာပဲကွ"

"ဘာဗျ၊ ခင်ဗျား ဘယ်သူ့ကို ပြောတာလဲ"

"မင်းကိုပဲကွ၊ မင်းကိုပဲ၊ ငါပြောတာ မဟုတ်လို့လား"

"သြော်၊ ဟော်..ဟော်၊ ဒီမယ်ဗျ၊ ကျုပ်က ပုတယ်၊ ရုပ်ဆိုးတယ်ပဲ ထားလိုက်ပါဦး၊ ဒါပေမယ့် ကျုပ်ဆိုတဲ့ ဟောဒီ ပုတုတ်တုတ်ကလေ အောင်မြင်ခြင်း၊ ကောင်းမွန်ခြင်းကို ကိုယ်စားပြုတဲ့ ပြယုဂ်ဆိုတာ ခင်ဗျား မမေ့ပါနဲ့ဗျ"

"အောင်မယ်မယ်၊ နေစမ်းပါဦး ဟေ့ကောင်ရ၊ မင်းက အဲဟို ငတိကို ပုတယ် သွားပြောရအောင် မင်းကရော ငါ့လောက်များ မြင့်မားခန့်ညားနေလို့လားကွ၊ ငါ့ကိုကြည့်စမ်း၊ ဒီအုပ်စုထဲမှာ ငါကမှ အမြင့်မားဆုံး၊ အခန့်ထည်ဆုံး"

"အဟက်၊ ဟုတ်မှာပေါ့ဗျာ၊ ဒါကြောင့်နေမယ်၊ ခေတ်သစ်ရဲ့ လက်ဟန်ခြေဟန်နဲ့ ဆဲနည်းမှာ ခင်ဗျားက ထိုးထိုးထောင်ထောင်နဲ့ ပျစ်ပျစ်နှစ်နှစ်ကြီးလေ"

"ဟားဟား ဟားဟား"

"ဒီမှာ၊ ဒီမှာ၊ ခင်ဗျားတို့တွေဟာ တော်တော် စကားများသကိုးဗျာ၊ ပုတဲ့လူကလဲ ပုတဲ့အလျှောက်၊ ဟိုငတိကျတော့လဲ ရန်လိုနေလိုက်တာ၊ အလယ်ကဟာကြီးကရော ဘာထူးသလဲ၊ သူကမှ အဆိုးဆုံး၊ သဘာဝတရားကြောင့် ရှည်လျား မြင့်မားခွင့် ရနေတာကိုပဲ ကြံဖန်ကြွားနေလိုက်ရတာ၊ ဟေ့..ဒီမယ်၊ အဖိုးထိုက်တန်ပေ့ဆိုတဲ့ အရာတွေက ကျုပ်ဆီမှာ လာဆင်မြန်းမှ ပိုလှတာပါဗျ၊ ပိုလှတာပါ"

"တော်ရုံကြွားစမ်းပါကွာ"

"ကြွားကြွား မကြွားကြွား အမှန်တရားဗျ၊ လောရှည်ကြီးရ"

"ငကြွား"

"လောရှည်"

"ဟေ့..၊ တော်ကြတော့ကွာ"

"ဘာလဲ၊ ရန်လိုကောင်ရဲ့"

"ဂျပုနော် မင်းက ငါ့ကိုများ...၊ တယ်လေ..."

"ဟာဗျာ၊ အစ်ကိုကြီးတို့ သိပ်ဆိုးတာပဲဗျာ၊ ဒီအစုလေးမှာ ညီအစ်ကိုရယ်လို့ ဒါတွေပဲရှိတာ အချင်းချင်းလဲ မညီကြဘူး၊ ကျွန်တော်တော့ ကြားထဲက တော်တော် စိတ်ညစ်တယ်"

"ဟေ့ကောင်တွေ၊ တော်ကြတော့၊ ဟိုမှာ အငယ်ကောင် စိတ်ညစ်နေပြီ"

***

"ဟာ...၊ ဟာ...၊ ဟေ့ အရေးပေါ်ပြီဟေ့၊ လာစမ်း၊ အားလုံး ဒီကို လာစုကြစမ်း၊ ဟိုကောင် အငယ်လေး မင်းက ဒီဘက်ကိုကပ်ထား၊ ဖိုးဂျပု မင်းက တို့တွေအောက်မှာ မြဲအောင်လာခိုဝင်ထားစမ်း၊ အေး...၊ စုထား၊ စု...၊ ခပ်တင်းတင်းလေး စု"

"ခွပ်" "ဖုန်း" "အင့်"

***

"တော်သေးတာပေါ့ကွာ...၊ ငါတို့ အချိန်မီ စုစည်းလိုက်နိုင်တော့ ငါတို့သခင်အတွက် တို့အားလုံးရဲ့ စုစည်းအားက လက်သီးအဖြစ် ပြောင်းလဲ အသုံးချပေးလိုက်နိုင်တာကွ၊ သခင့်ကို လာစော်ကားတဲ့ ဟိုလူတော့ အတော်အီသွားပုံရတယ်"

"အေးကွ..နော်၊ အငယ်လေး .. မင်းကို ထိမိသွားသေးလား"

"မနာပါဘူး အစ်ကိုကြီးတို့ရ၊ ကျွန်တော်က အစ်ကိုကြီးတို့နား တိုးကပ်ထားတော့ ပိုတောင် အားကြီးသွားသေးတယ်လေ"

***

ငြင်းခုန်၊ ရန်လို၊ အကြွားသန်၊ စိတ်တို၊ အားငယ်သော လက်ချောင်းလေးများက အခုတော့လဲ လေထဲမှာ ဖြန့်ကားလို့..၊ အလှကိုယ်စီနဲ့၊ ပျော်လို့၊ မြူးလို့...။

***

ကလိုစေးထူး


Monday, January 05, 2015

မြူကင်းချိန်...

ဆွမ်းထမင်းနဲ့ ဆွမ်းဟင်းကို ခပ်ယူ ဘုန်းပေးနေသည့် ဆရာတော့်ကို ငေးမျှော်နေမိသည်...။ ဆွမ်းစားဆောင်ငယ်လေး တိတ်ဆိတ်နေသည်က ဆရာတော့် လက်ထဲက ဇွန်းနဲ့ ဆွမ်းပန်ကန် တခါတလေ ထိခတ်မိသံက လွဲလို့ ဆိတ်ငြိမ်လွန်းလှပါဘိ...။ လက်အုပ်ချီ ငေးမျှော်နေသည့်
သူ့စိတ်အတွေးထဲမှာတော့ ဝေခွဲမရသည့် စိတ်၊ စူးစမ်းလိုစိတ်၊ ကြောင့်ကြနေမိစိတ်၊ ပူပန်စိုးထင့်စိတ်များက ရောထွေးနေသလို နောက်ကျနေလေ၏။

***

ဒီနေ့က သူ့အတွက် တာဝန်ကျသည့် လစဉ်ဆွမ်းအလှည့်နေ့...။
နိုင်ငံရပ်ခြားမှာ အကြောင်းမျိုးစုံနှင့် ရောက်နေကြသည့် ရွှေမြန်မာများအတွက် ဘုန်းတော်ကြီးကျောင်းရယ်လို့ ခေါ်နိုင်ရုံမျှ မည်ကာမတ္တ ကျောင်းကလေးအတွက် ကျောင်းထိုင်ဆရာတော်က အရှင်ဇာဂရ ...တဲ့။
သဒ္ဓါမရှားသော်လည်း ငွေရှား၊အချိန်ရှားတဲ့ အဝေးရောက် မြန်မာတွေကြားမှာ ကျောင်းလာထိုင်ရသည့် ဆရာတော့်ခင်ဗျာလည်း မသက်သာ...။ စနေတနင်္ဂနွေကိုတောင် နပ်မမှန်နိုင်သည့် အားလပ်ရက်တွေထဲကမှ
ဒကာဒကာမတွေ ကျောင်းကို အရောက်အပေါက်နည်းလို့ ဆွမ်းကို ဘယ်နှစ်ကြိမ်ငတ်ပြီးပြီလဲဆိုတာ မသိနိုင်...။ ဒီလိုနဲ့ပဲ သတ်မှတ်သပ်ရပ်အောင်လို့ တယောက်တအိမ်၊ တလတကြိမ် ဆွမ်းကပ်လှူစေရန် တာဝန် ခွဲဝေရသည်။
***
ကသုတ်ကရက် နိုင်လွန်းစွာ ချက်ပြုတ်လာရသည့် သူ့ဆွမ်းကို ဆရာတော် ဘုန်းပေးရတာ အဆင်ပြေမပြေ မသိနိုင်ပေမယ့် ရောင့်ရဲတင်းတိမ်တတ်ဟန် ရဟန်းတော်မြတ် အသွင်ကို ဖူးမြင်နေရသည်ဟု စိတ်ထဲက ခံစားမိ၏။ သြော်..၊ ဆရာတော်။
တို့တတွေ နေတဲ့အရပ်မှာ သတင်းလာသုံးတာတောင် ဘာလိုလိုနဲ့ လေးနှစ်လောက်တောင် ရှိနေပြီ ထင်တယ်။ ဆွမ်းကွမ်း၊ ကျောင်းဆောင် ၀တ္ထု ပြည့်စုံကုံလုံလှတဲ့ အမေရိကားက တခြားသော ပြည်နယ်တွေမှာ ကိုးကွယ် ဆည်းကပ်လိုတဲ့
လူချမ်းသာ ဒကာတွေ ပေါများနေတာတောင်မှ ငါတို့ကို စေတနာတရား ကြီးမားစွာ ဒီပြည်နယ်မှာ ကျောင်းထိုင်ရရှာတယ်။ ဒါပေမယ့်...၊ ဆရာတော်များ... ငါထင်မိသလို။ အို... မဟုတ်ပါစေနဲ့၊ မဟုတ်ပါစေနဲ့။
ကြည်ညိုစိတ်နဲ့ ဝေခွဲမရစိတ်တို့ လွန်ဆွဲလွန်းစွာဖြင့် စိတ်တို့က အတန်ငယ် နောက်ကျိလာပြန်သည်။

***

"သူတို့ကို ကျုပ်က ထောင်ထဲချည်း ထည့်ထားတာပဲ၊ ကျူပ်ထောင်ထဲ ထည့်ထားတာမှ အများကြီး" "အမျိုးသားရေး အမြင်နဲ့၊ အမျိုးသားရေး အမြင်ကို၊ အမျိုးသားရေး အမြင်က၊ အမျိုးသားရေး အမြင်...၊
အမျိုးသားရေး၊ အမျိုးသားရေး.. အမျိုးသားရေး"
ရှုပ်ထွေးနောက်ကျိလှစွာဖြင့်ပင် ပဲ့တင်ထပ်နေသော အသံတွေက နားထဲမှာ မြည်ဟည်းနေသလို ခံစားရလွန်းပါဘိ...။ အို...၊ ဟိုးငယ်စဉ် ကလေးဘ၀ကတည်းက တခါတပါးဖူးမှ
မသင်ကြား မနာယူရတဲ့ စကားလုံးတွေ၊ အမုန်းတရားစကားတွေ...၊ ဒီစကားတွေကြောင့် ရိုက်ခတ်ပဲ့ကြွေ ဆုံးရှုံးသွားတဲ့ အသက်တွေ...။ ရှိုက်ငင်ငိုကြွေးသံတွေ...။ နောက်ထပ်၊ နောက်ထပ် ရန်စောင်မှုတွေ....။
အို...၊ မဟုတ်ဘူး၊ မဟုတ်ဘူးးးး။ ငါ တသက်လုံး ကိုးကွယ်ယုံကြည်လာတဲ့ ဗုဒ္ဓတရားတော်မှာ ဒါတွေ မပါဘူး။ ငါတို့တွေဟာ ကြမ်းကြုတ်သူ၊ အမုန်းတရားတွေ ကြီးထွားစေသူ မဟုတ်စေရဘူးး။
ကိုယ့်ဘာသာ အော်ဟစ်ပြောနေမိသည့်အလား အတွေးစကားသံတွေက မြည်ဟည်းပဲ့တင်နေပြန်ပါပြီ။

***

"ဒကာတော်"
တိုးတိတ်နေသော်ငြား ကြောင့်ကြပူဝေနေသည့် စိတ်အစဉ်တို့ကို ဆရာတော့်အသံက အေးချမ်းစွာ ဖြိုခွင်းပစ်လိုက်သည်။
"တင်ပါ့ ဘုရား"
"ဆွမ်းအလှူကြောင့် ဘုန်းပေးရတာ အဆင်ပြေလှပါတယ် ဒကာ၊ ဒီဆွမ်းအလှူကြောင့် ဒကာ့မှာ စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ အေးချမ်းခြင်း ပြည့်စုံပါစေ၊ ငါးပါးသော ဆွမ်းလှူအကျိုးကိုလဲ
ရမှာ မလွဲပါဘူး ဒကာ"
"မှန်ပါ့ ဘုရား"
"ဦးဇင်းတို့ ဘာသာဟာ ဘယ်အရာကို အခြေခံပါသလဲ ဒကာ"
"မေတ္တာ၊ကရုဏာ၊ မုဒိတာတရားလို့ ထင်ကြောင်းပါ ဘုရား"
"အေး၊ မှန်တာပေါ့ ဒကာ၊ ငါတို့ ဘုရားရှင်ကိုယ်တော်ကြီးဟာ မည်သူ့ကိုတော့ မုန်းစေ၊ မည်သူ့ကိုတော့ ချစ်စေလို့ မမိန့်မှာတော်မူခဲ့ချေဘူး"
"တင်ပါ့ ဘုရား"
"ဒီကနေ့ ဒကာ လာလှူတဲ့ ဆွမ်းထမင်း၊ ဆွမ်းဟင်းတွေကို နဂိုမူလ စိုက်ပျိုးကြ၊ ထုတ်လုပ်ကြသူတွေဟာလဲ ဦးဇင်းတို့နဲ့ မတူသော ဘာသာ၊ မတူသော လူမျိုး မဖြစ်နိုင်ပေဘူးလား ဒကာ"
" ဖြစ်နိုင်ကြောင်းပါ အရှင်ဘုရား"
"ဒီလိုဆိုတော့ ဒီဆွမ်းကွမ်းတွေကို စိုက်ပျိုးထုတ်လုပ်သူတွေကိုရော မေတ္တာ မပို့သင့်ပေဘူးလား"
"ပို့သင့်ကြောင်းပါ ဘုရား"
"သူကတော့ မဲ၏၊ ငါကတော့ဖြူ၏၊ သူသည်ကား ငါ့လူမျိုးမဟုတ်၊ သူသည် ငါ့ဘာသာမဟုတ်ဆိုတဲ့ အမြင်တရားကို အခြေခံလို့ မုန်းတီးခြင်း စိတ်ထား တစိုးတစိမှ မထားမိစေနဲ့ ဒကာ"
"မှန်လှပါ အရှင်ဘုရား"
စောစောက လေးတွဲ့စွာ နောက်ကျိနေသည့် စိတ်အစဉ်တို့က ဆရာတော့် ဆုံးမစကားကို နာယူအပြီး မော့ကြည့်ဖူးမျှော်မိချိန်မှာတော့ ကြည်နူးမျက်ရည်တွေက ဝေ့၀ဲစွာ....။
"ခွင့်လွှတ်တော်မူပါ အရှင်ဘုရား၊ တပည့်တော် စိတ်ထဲမယ် အရှင်ဘုရားသည် တပည့်တော်တို့နဲ့ မတူခြားနား ဘာသာခြားကို ဟိုဒီသတင်းတွေကြောင့် မုန်းတီးနေမလား ကြောင့်ကြမိပါတယ် ဘုရား"
"အိုကွယ်..."
သည်းခံခွင့်လွှတ်သော အပြုံးတစုံဖြင့် ဆရာတော်က ဖွဖွရေရွတ်တော်မူသည်။

***

အလုပ်သွားရပါဦးမည်...။
စောစောကနဲ့မတူ ပေါ့ပါးကြည်လင်သွားသော စိတ်အစဉ်ထဲမှာတော့ မေတ္တာသံဝေ တေးဆိုသံလေး တစက ပျံ့လွင့်လို့ နေလေတော့သည်။
"လုံးစုံများစွာ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ၊
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ"


ကလိုစေးထူး

Wednesday, November 07, 2012

ရွေးကောက်ပွဲ ည... (၂)


ဒီစာကို ရေးနေတဲ့ အချိန်မှာ မစ်ရွမ်နေကတော့ စကားပြောပြီးသွားပါပြီ။ နောက်ထပ် လေးနှစ်သက်တမ်း ထပ်မံ တာဝန်ထမ်းဆောင်ခွင့် ရမယ့် အိုဘားမားအလာကို အားလုံးက စောင့်မျှော်နေကြဆဲ…။
***
ကျနော့်အနေနဲ့ကတော့ ကိုယ်ပေးလိုက်တဲ့ မဲတပြား အချည်းနှီးဖြစ်မသွားတာကိုပဲ ကျေနပ်နေမိတယ်။
လွန်ခဲ့တဲ့ လေးနှစ်တုန်းကတော့ ကျနော်က သူများတွေ မဲပေးတာကို စောင့်ကြည့်ရင်ခုန်ရသူ…။ အခုနှစ်ကတော့ ကိုယ်တိုင်မဲပေး ရင်ခုန်ရသူ။
ပြောရရင် ဘာကြောင့်မှန်းမသိ…၊ ကျနော့် အလုပ်ထဲမှာ ကျနော်နဲ့ မယ်ရီဆိုတဲ့ အဖြူအဘွားကြီး တယောက်ကလွဲရင် ကျန်တဲ့လူတွေ အားလုံး မစ်ရွမ်နေဘက်ကချည်းပါ။ အထူးသဖြင့် ကျနော့် Supervisor ဆိုရင် အိုဘားမားကို သည်းသည်းထန်ထန်ကို ဆန့်ကျင်ပါတယ်။ ကျနော် မဲပေးခွင့် ရနေတာကို သိတော့…၊ မဲ အပေးမမှားစေနဲ့နော.. ဆိုပြီး စသလိုလို နောက်သလိုလိုနဲ့ အိုဘားမားကို မပေးစေချင်တဲ့ သဘော ပြသပေမယ့် ကျနော်ကတော့ တုံဏှိဘာဝေသာ ခပ်ပြုံးပြုံးနေခဲ့တာပါပဲ။
***
မနက်က မဲပေးပြီးတော့ စာလေး ကမန်းကတန်းရေး…၊ ပြီးတာနဲ့ အလုပ်ကို ချက်ချင်းဆိုသလို အပြေးအလွှား သွားရတယ်။ အလုပ်ထဲကို လူက ရောက်နေပေမယ့် စိတ်က တယ်ပြီး မဖြောင့်လှတာတော့ အမှန်ပါ။ ည ၈ နာရီ ကျော်ပြီ ဆိုတာနဲ့ သူငယ်ချင်း တယောက်ဆီက ဖုန်းကို ခဏငှား (သူ့ဖုန်းက အင်တာနက် ရတာကိုး)…။ မဲရလဒ်တွေကို ရင်တမမနဲ့ စောင့်ကြည့်ရတော့တာပဲ…။
ကျနော်တို့ရဲ့ ဇာတ်လိုက်ကြီး အိုးဘားမားကလဲ တချိန်လုံး မဲရလဒ်က အောက်မှာချည်း နေရာကနေ နောက်ဆုံး အပြီးသတ် မဲရေတွက်တော့မှပဲ မစ်ရွမ်နေကို နှာတဖျားသာသာနဲ့ ကပ်နိုင်သွားတော့တယ်။
***
ကျနော့်ကို ဒီနိုင်ငံဖွား သူငယ်ချင်း တယောက်က မေးတယ်။ မင်း ဘာလို့ အိုဘားမားကို မဲပေးသလဲတဲ့…။
ကျနော် တခွန်းပဲ ဖြေလိုက်ပါတယ်။ သူ့ရဲ့ ရိုးသားတဲ့ ကတိတွေ၊ ရိုးသားတဲ့ အကောင်အထည်ဖော်မှု၊ ကြိုးစားမှုတွေကို ယုံကြည်လို့.. လို့။
***
အရင် လေးနှစ်မှာ သူ ထင်တိုင်း မပေါက်ခဲ့တာကြောင့်၊ ဒီနှစ်မှာ အရင်ကထက် မဲ အရနည်းသွားသလို ရှိပေမယ့် ကျနော် အပါအ၀င် လူအများစုက သူ့ကို နောက်ထပ်လေးနှစ် တာဝန်ထမ်းဆောင်စေလိုတဲ့ သဘော ထင်ရှားတာမို့.. အိုဘားမား အောင်ပွဲခံခဲ့ပြန်ပါပြီ။
***

  
ကလိုစေးထူး



Tuesday, November 06, 2012

မဲပေးတဲ့ မနက်...






ဆောင်းဦးပေါက်ရဲ့ မနက်ခင်းမှာ စောစောစီးစီး အိပ်ရာက နိုးတော့ အိပ်ချင်ဟန် မပြေသေးတဲ့ မျက်လုံးတွေက ကျိန်းစပ်လို့ နေပါလေရော…။
ဒါပေမယ့် အိပ်ရာထဲကနေ အလူးအလဲပဲ ထလိုက်ရင်း မဲရုံကို သွားဖို့ ပြင်ရဆင်ရတယ်၊ လိုအပ်မယ်ထင်တဲ့ အထောက်အထား စာရွက်စာတမ်းတွေ ယူရတယ်။
ဒီနေ့ မဲပေးရမယ်လေ… … …။ 

***

ရွှေပြည်ကြီးမှာ နေခဲ့စဉ်ကတော့ ကျနော် မဲပေးခွင့် တခါမှ မကြုံကြိုက်ခဲ့ရဘူး။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကတော့ ကျနော့် အသက်က ၁၃ နှစ်ပဲ ရှိသေးလို့…၊ ၂၀၁၀ နဲ့ နောက်ပိုင်း ကြားဖြတ် ရွေးကောက်ပွဲကျတော့ ပြည်ပကို ရောက်နေပြီ ဖြစ်လို့…။ ဒါနဲ့ပဲ အခါအားလျော်စွာ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မဲပေးခွင့်ကို ဒီနှစ်တော့ ဆိုက်ဆိုက်မြိုက်မြိုက် ကြုံရလေသတည်းပေါ့…။

***

မဲပေးခွင့် ရှိတဲ့ အချိန်ကတော့ နံနက် ၇ နာရီကနေ ည ၈ နာရီ အထိပါ။ မဲရုံတွေကို မိမိနေထိုင်ရာ နေရပ်လိပ်စာအလိုက် ဧရိယာခွဲခြားထားပါတယ်။ ကိုယ်က ဘယ်မဲရုံမှာ မဲပေးရမလဲ ဆိုတာကို အင်တာနက်မှာ အလွယ်တကူ ရှာလို့ ရနိုင်ပါတယ်။ အိမ်မှာ အင်တာနက် မရှိဘူးဆိုရင်လဲ နီးစပ်ရာ စာကြည့်တိုက်မှာ စုံစမ်းလို့ ရပါသေးတယ်။
မဲပေးစာရင်း သွင်းခွင့်ကိုတော့ စာတိုက် သို့မဟုတ် အွန်လိုင်းမှ တဆင့် ရွေးကောက်ပွဲရက်မတိုင်ခင် ရုံးဖွင့်ရက် အရက် ၂၀ ထက် နောက်မကျစေရဘဲ မဲပေးနိုင်ပါတယ်။ တကယ်လို့ နောက်ကျသွားရင်လဲ ကိစ္စမရှိပါဘူး။ ရွေးကောက်ပွဲ ရက်ကို ရောက်တဲ့အခါ မိမိ မဲပေးရမယ့် မဲရုံမှာ တခါတည်း မဲပေးသူ အမည်စာရင်းသွင်းပြီး မဲလက်မှတ်ထုတ်ယူယုံပါပဲ။ 

***

ကျနော် မဲရုံရောက်သွားတဲ့အချိန်မှာ မနက် ၈ နာရီ ထိုးပြီမို့ မဲပေးဖို့ ရောက်နှင့်နေသူတွေလဲ ရှိနေပါပြီ။ မဲပေးရတဲ့ နေရာကတော့ အလယ်တန်းကျောင်း တခုမှာပါ။ ရွေးကောက်ပွဲ ရက်ဖြစ်ပေမယ့် ကျောင်းမပိတ်တဲ့ အပြင် ကျောင်းကကလေးတွေကိုလဲ မဲပေးတဲ့လူတွေ အနှောက်အယှက်မဖြစ်အောင် အနားကို မလာစေရအောင် ဆရာ၊ ဆရာမတွေက ကြပ်မတ်ထားပုံရတာမို့ တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းပါပဲ။

မဲရုံထဲမှာ သက်ဆိုင်ရာ ပါတီက ကိုယ်စားလှယ်တွေ ရှိကောင်း ရှိနေနိုင်ပေမယ့် ဘယ်သူက ဒီမိုကရက်၊ ဘယ်သူက ရီဗတ်ပလီကင်ဆိုတာ ကောင်းစွာ မသိနိုင်ပါဘူး။ မဲရုံအတွက် တာဝန်ရှိသူတွေသာ မဲပေးစာရင်း မသွင်းရသေးသူနဲ့ သွင်းပြီးသားသူကို အဆင်ပြေပြေ မဲပေးနိုင်ဖို့အတွက် ကူညီရင်း အလုပ်များနေကြတာပါ။ 

***

ပထမတော့ ကျနော်က နိုင်ငံသားဖြစ်ကြောင်း အထောက်အထားတွေ ဘာတွေ ယူသွားရတယ်၊ မိမိနေထိုင်တဲ့ နေရပ်လိပ်စာ မှန်ကန်ကြောင်း သက်သေ အနေနဲ့ Utility Bill တခုခုလဲ ပြရမယ်လို့ ထင်ထားပြီး အဲဒါတွေ ယူသွားပါသေးတယ်။ တကယ်တော့ ဒရိုင်ဘာလိုင်စင် ပြလိုက်တာနဲ့ ကျနော့်အမည်နဲ့ လက်ရှိနေရပ်လိပ်စာက သူတို့ စာရင်းမှာ ရှိနှင့်နေပြီးသားပါပဲ။ နောက်ထပ် ထပ်ဖြည့်ပေးရတာဆိုလို့ ပထမအကြိမ်မဲပေးတာလား၊ ယခင်က မဲပေးဖူးသလား ဆိုတာနဲ့ လိပ်စာကို အတည်ပြုပေးရတာပါပဲ။
မဲပေးဖို့အတွက်ကို အတန်ငယ်ရှည်တဲ့ မဲစာရွက်ပေးပြီး မဲအမှတ်စဉ် စာရွက် ခပ်သေးသေး တခုပါ ရပါတယ်။ မဲစာရွက် ခပ်ရှည်ရှည်မှာတော့ ကိုယ်ပေးချင်တဲ့ ကိုယ်စားလှယ်တွေရဲ့ အမည်ဘေးမှာ မြှားပုံသဏ္ဍန်ကို ထိပ်နဲ့ နောက်မြီး အလယ်မှာ ဖြတ်ထားတဲ့ ပုံစံနဲ့ ညွှန်ထားပါတယ်။ တကယ်လို့ ကိုယ်က အဲဒီ ပုဂ္ဂိုလ်ကို မဲပေးချင်တယ်ဆိုရင် အလယ်ကနေ မြှားကလေးရဲ့ ထိပ်နဲ့ နောက်မြှီးကို ဆက်ပြီး ဆွဲပေးလိုက်တော့ ပြီးပြည့်စုံတဲ့ မြှားပုံသဏ္ဍာန်လေး ဖြစ်သွားပြီးတော့ ဒီလူ့ကို မဲပေးပါတယ်လို့ သဘော သက်ရောက်သွားပါတော့တယ်။
ကိုယ့်စိတ်ကြိုက်ဖြစ်ပြီ ဆိုရင်တော့ မဲရေတွက်တဲ့ စက်ထဲကို သွားထည့်တဲ့အခါ၊ စက်က လက်ခံယူပြီး အဲဒီနားမှာ ရပ်စောင့်နေတဲ့ ပုဂ္ဂိုလ်က အပေါ်မှာ ကျနော် တင်ပြထားတဲ့ I voted ဆိုတဲ့ စတစ်ကာကလေးကို ပေးပါတယ်။ ဒီနေရာမှာ သူတို့ရဲ့ နည်းပညာသုံးစွဲမှုကို ပြောပြချင်တာကတော့ တကယ်လို့များ မဲပေးတဲ့အခါ ကိုယ်စားလှယ် နှစ်ယောက်စလုံးကို ဖြစ်ဖြစ်၊ ဒါမှမဟုတ်လဲ တယောက်ကိုမှ မခြစ်မိတာပဲဖြစ်ဖြစ် ဆိုရင် အဲဒီ မဲရေတွက်စက်က လက်မခံပါဘူး။ မဲစာရွက်ကို ချက်ချင်းပြန်ထွက်လာစေပြီး ဘေးကနေ ဘောက်ချာလို ထုတ်တဲ့ စက်အသေးလေးကနေ ဘယ်နေရာမှာ ဘယ်လို လွဲနေကြောင်း ထောက်ပြတာမို့ နောက်တခါ မှန်သွားအောင် သေသေချာချာ မဲ ပြန်ပေးစေပါတယ်။ ပယ်မဲတွေ ဖြစ်မယ့်ရန်ကနေ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ 

***

ကျနော် မဲရုံရောက်တဲ့ အချိန်ကနေ မဲပေးပြီးအချိန်ထိ အားလုံး အချိန် ၄၅ မိနစ်လောက်ပဲ ကြာခဲ့ပါတယ်။ ကျနော်ပြန်ထွက်လာတော့ နောက်ထပ် မဲပေးမယ့်လူတွေက ပိုတောင် များလာသေးတယ်။

သူတို့တွေ ည ၈ နာရီ အထိ အလုပ်ရှုပ်ကြပါလိမ့်မယ်။ အမေရိကန် တနိုင်ငံလုံးရဲ့ ည ၈ နာရီတွေ ကျော်လွန်ပြီးရင်တော့ ဘယ်သူနိုင်လို့ ဘယ်သူရှုံးလဲဆိုတာ အဖြေပေါ်ပါတော့မယ်။
ကျနော်တို့ စောင့်ကြည့်ကြတာပေါ့…။ 

***
ကလိုစေးထူး

Monday, August 22, 2011

Domes ကို နောက်တခေါက်...

တနင်္ဂနွေနေ့က ကျနော် Domes တွေကို တခေါက် ထပ်ရောက်ခဲ့တယ်။ အဲဒီ နေရာကို တကယ်တော့ ၆ နှစ်အတွင်း လေးငါးကြိမ်လောက်မက ရောက်ဖြစ်နေတာပါ။ အထူးသဖြင့် Tropical Dome ထဲက ကိုယ့်နိုင်ငံရေမြေနဲ့ နီးစပ်တဲ့ အပင်လေးတွေကို သွားကြည့်ရ၊ အဲဒီနားမှာ သွားထိုင်နေရတာကို သဘောကျလို့ပါ။

ဒီနေ့ကတော့ လက်စွဲတော်ကင်မရာတလက်နဲ့ အပျော်တမ်း ဓာတ်ပုံဆရာလိုလို ဘာဂလိုတိုတိုပုံစံဖမ်း ဓာတ်ပုံအရိုက်ထွက်ချင်လို့ သွားဖြစ်တာပေါ့…။ ဓာတ်ပုံပို့စ်လဲ မတင်ဖြစ်တာ ကြာလှပြီကိုး…။

***
















ဒါက အိမ်က ထွက်ထွက်လာခြင်း လမ်းမပေါ်က ပုံပါ။ အခုလက်ရှိနေတဲ့ နေရာက ကျနော်အရင်နေခဲ့ဖူးတဲ့ နေရာလေးကလို လမ်းကလေးလဲ မရှိသလို၊ ချောင်းသေးသေးလေးနဲ့ တံတားလေးလဲ မရှိပါဘူး။ ဆိတ်ငြိမ်မှု ကင်းသလောက် အရေးပေါ် ရဲကား၊မီးသတ်ကား၊ လူနာတင်ကားတွေရဲ့ အသံကို တနေ့မှာ အနည်းဆုံး ဆယ်ကြိမ်ထက်မနည်း ကြားရတတ်တယ်။ ဒီနေရာကို ရောက်မှ ဆေးခြောက်လာရောင်းတာ ခံရဖူးသလို၊ ငွေတပြားစတကျပ်စ ရသလောက် လာလာတောင်းတာကိုလဲ ခဏခဏ ခံရဖူးတယ်။











အဲဒါ လမ်းဘေးက ပန်းတပွင့်ပါပဲ။ မကြာမီမှာ ညိုးသွားတော့မယောင် ပန်းကလေးက ပွင့်ဖတ်တွေက ဘေးကို တွဲရရွဲကျချင်နေပြီ ဖြစ်ပေမယ့် သူ့ရဲ့ အလှကိုတော့ အစွမ်းကုန် ထုတ်ထားနိုင်သေးတဲ့အလား ထင်မိတယ်။











ဒါလဲ အမျိုးအမည်မသိသော ပန်း…။ ကျနော့်စိတ်ထဲ မြန်မာပြည်က ငုဝါပန်းလိုလို ပုံစံလေးနဲ့ ဆင်လို့။









ငှက်ပျောဖူး…၊ ရွှေပြည်ကြီးမှာတော့ ဘာမှမဆန်းဘူးပေါ့။ ကျနော်ကတော့ အဲဒါကို မြင်ရဖို့ တခေါက်သွားတိုင်း ငါးဒေါ်လာ ၀င်ကြေးပေးရတယ်။ တခါလွမ်း ငါးကျပ်လို့တောင် ပြောရမယ် ထင်တယ်။ :D











ဒီပန်းရဲ့ အရွယ်က တကယ်တော့ ရေသန့်ဘူးခွံအရွယ်သာသာလေးပဲ ရှိတာပါ။ အဲဒါကို ကျနော်က အနီးကပ်ဆွဲယူပြီး စိတ်ရှည်လက်ရှည် ရိုက်လိုက်တော့ အခုလိုပုံလေး ထွက်လာတယ်။












ဒီပန်းခိုင်လေးကို တွေ့တာနဲ့ ထူးခြားမှု တခုကို ချက်ချင်းပဲ သတိထားမိတယ်။ ပန်းခိုင်ကထွက်နေတဲ့ အညှာတံလေးတွေမှာ အခုမှ စပြီးဖူးစ အငုံလေးတွေလဲ ပါတယ်။ ပွင့်လုလု အပျိုရိုင်းလေးလို အပွင့်လေးလဲ ပါသလို အစွမ်းကုန် ပွင့်လို့ လှချင်တိုင်း လှနေတဲ့ အပွင့်လဲ ရှိနေတယ်။ အဲဒီလိုပဲ ကြွေကျညှိုးရော်လို့ အပွင့်နေရာမှာ သွေ့ခြောက်လို့တောင် နေပြီဖြစ်တဲ့ အရာလေးတောင် ရှိလို့…။ ကျနော်တို့ လူ့ဘ၀တွေလဲ ဒီပန်းခိုင်လေးနဲ့ ဘာများခြားသေးလို့လဲ… … …။






































Domes ထဲမှာ အခု မြင်ရတဲ့ စာဘုန်းကြီးလို ငှက်ကလေးတွေကိုလဲ မွေးထားတယ်။ ဒီကောင်ကလေးတွေက အသံစိုးစိုးစီစီနဲ့ ဟိုပျံလိုက်၊ ဒီဝဲလိုက်လုပ်နေတာ…။ မြန်ကလဲမြန်လွန်းတော့ ပုံရိုက်ရတာ အရမ်းခက်ခဲလှတယ်။ ဒီလောက် လှတဲ့ငှက်ပုံကို ရအောင်ရိုက်မယ်ကွာ ဆိုပြီး အားမလျှော့ဘဲနဲ့ တနာရီလောက်အထိ အချိန်ပေးပြီး လိုက်ရိုက်နေရင်းက ဒီငှက်ကလေး လာနားတဲ့အချိန်မှာ နောက်က နေရောင်ကလဲ မီးဆလိုက်ထိုးပေးထားသလို ဖြစ်တဲ့အခိုက်နဲ့ ကျနော် လိုချင်တဲ့ အကွာအဝေးကလဲ ကွက်တိဖြစ်သွားတော့ အခုလို ပုံလေးတွေ ရလာတယ်။ ဒီတခေါက် Domes ကို သွားတဲ့အခါမှာ အခု ရလာတဲ့ ငှက်ပုံလေးတွေကိုတော့ ကျနော် အားရနှစ်သက်မှု အရှိဆုံးပါပဲ..။ သဘောအကျဆုံးက ငှက်ကလေး ထပျံသွားခိုက်ပုံလေးပါ။











Domes မှာ အပင်တွေ စိုက်ပြထားသလို၊ ပန်းချီနဲ့ ဓာတ်ပုံ အရောင်းပြခန်းလေးတွေလဲ ရှိတယ်။ အဲဒါ ပြခန်းတွေကို လိုက်ကြည့်ရင်းနဲ့ ကျနော် ဒီပုံကို သူတို့ အရောင်းစာရင်းမှာ တွေ့လာတယ်။ အမရပူရက ရိုက်လာတာတဲ့…။ ရောင်းဈေးကတော့ ဒေါ်လာ ၆၅၀…။ သူက နိုင်ငံအလိုက်ကိုယ်စားပြုတဲ့ သဘောမျိုးနဲ့ ဥပမာ…၊ တရုတ်ဆိုရင် ဘုံကျောင်းလေးတွေ နောက်ခံနဲ့ပုံလိုမျိုး၊ ထိုင်းဆိုရင် ရေပေါ်ဈေးမှာ ဈေးရောင်းနေတာကို အပေါ်စီးကနေ ရိုက်ထားတာမျိုးပါ။ ကျနော်တို့ မြန်မာကို ကိုယ်စားပြုအနေနဲ့ သာသနာ့အရိပ်အ၀ါ ထင်ဟပ်တဲ့ အခုလို ဘုန်းတော်ကြီးနှစ်ပါးရဲ့ ပုံကိုပြထားတာကို စိတ်ထဲ အတော်ကျေနပ်မိတယ်။











Domes က ပြန်ထွက်လာပြီး အဲဒီနား မနီးမဝေးက မြစ်ဘေးမှာ ဟိုဟိုဒီဒီ လိုက်ငေးဖြစ်သေးတယ်။ ဒါနဲ့ အဲဒီ ဘဲမောင်နှံ (နှစ်ကောင် အတူတွေ့လို့ ခပ်တည်တည်နဲ့ မောင်နှံလို့ ရမ်းတုတ်ရတာ၊ အထီးနှစ်ကောင်၊ အမနှစ်ကောင်လဲ ဖြစ်ချင်ဖြစ်နေမှာ) ကို မြင်တော့ ရိုက်ဖြစ်လိုက်သေးတယ်။

***

စာကောင်းကောင်း မရေးဖြစ်တော့ အခုလိုပဲ ဓာတ်ပုံပို့စ်နဲ့ နှိပ်စက်ပါရစေဦး…။ အားနာပါးနာ ကြည့်ပေးသွားရင်ပဲ ကျေးဇူးတင်ပါတယ်။

***

ကလိုစေးထူး