Thursday, December 06, 2007

ထို ညခင်း…

ညနေမှုံမှိုင်း၊ ရီပြာဆိုင်းဝယ်
ရွှင်သိုင်း ပျော်ငြိမ်း၊ အလုပ်သိမ်းကာ
တေးစဆိုညည်း၊ စပ်ဖြီးဖြီးနှင့်
သွက်လက် စိတ်မှန်း၊ အိမ်သို့ မြန်း၏။

အိမ်ကိုရောက်လျှင်၊ နွမ်းနယ်စိတ်သွင်
ခန္ဒာပြင်ကြောင့်၊ နားမည်ကြံလျက်
လှဲအိပ်ခဏ၊ ပန်းလျလျနှင့်
လောကကိုမေ့၊ မှေးပျော်တိတ်၏။

ထိုစဉ်ခါဝယ်၊ တွီတွီမြည်ထိုး
ဖုန်း ငှက်ဆိုးကြောင့်၊ လန့်ဖြန့်နိုးသော်
လိုက်ကန်းမသိ၊ ထိုငတိကား
မြန်လာပါ ခေါ်၊ စေ့လောဆော်၏။

ဖြစ်ချေပါဘူး၊ စိတ်မှာကူးလျက်
မူးတူးအိပ်ချင်၊ ထိုစိတ်သွင်ကို
မေ့ဖျောက်လန်းသွင်၊ ပုံဟန်ဆင်လျက်
အများကျိုးဆောင်၊ ကိုယ့်ကျိုးပြောင်၏။

အိမ်ကိုပြန်ရောက်၊ အမှောင်ပျောက်လျှင်
ပိုးမျိုးရှစ်ဆယ်၊ ၀မ်းငယ်ငယ်ကား
ဂွီဂွမ်မြည်ဟည်း၊ ဆာလောင်ညည်းလျှင်
လျင်စွာချက်ပြုတ်၊ အလုပ်ရှုပ်၏။

ဗျာများစိတ်အိုက်၊ ထိုအခိုက်ဝယ်
ဒေါက်ဒေါက်မြည်ပြန်၊ တံခါးသံကြောင့်
လျင်စွာပြေးဖွင့်၊ ရင်မှာ ထင့်လျှင်
`အမိုး´ သည်ကား၊ စောင့်နေငြား၏။

ဖိုးခွား ဟုဆို၊ အမိုးအိုသည်
မုန့်တီဖြူညစ်၊ ဟင်းရည်ပျစ်ကို
မြန်ပြည် လွမ်းဖြေ၊ ပန်းပြေစေဖို့
စားပါများများ၊ လောကွတ်ပွား၏။


ရှုးရှဲစပ်ပို၊ မုန့်တီချိုကို
အားရကုန်းလွေး၊ မြန်မနှေးပင်
စားခိုက်စဉ်တွင်၊ အမိုး မျက်နှာ
ကြည်စွာရွှင်လန်း၊ ပီတိဖြန်း၏။

ပြီးစီးစားသောက်၊ ထိုတထောက်တွင်
စာရေးမည့်ဟန်၊ စိတ်မှာကြံစဉ်
ဈေးဆိုင်သွားချင်၊ အမိုးသွင်ကြောင့်
သက်ပြင်းခိုးသက်၊ အိမ်ကထွက်၏။

ဆိုင်ကိုရောက်လျှင်၊ ဟိုထွက်ဒီဝင်
အမိုးသွင်ကား၊ ရွေးထုတ်လှယ်သွယ်
ဈေးဝယ်မှုဝယ်၊ ကြာလှရယ်ကြောင့်
အချိန်တွေပြုန်း၊ မိုးစုံးချုပ်၏။

ဟူး…။
မောပန်းစိတ်နွမ်း၊ အိမ်ကိုမြန်းလျှင်
မစောင့်အချိန်၊ ထိုက၀ိန်ကား
ဆယ်နာရီခွဲ၊ ထိုးပြန်မြဲလျှင်
အိပ်ချိန်ရောက်လင့်၊ နားရန်သင့်ပေါ့
ပို့စ်အသစ်လဲ မတင်ဖြစ်ပြီ။


ကလိုစေးထူး

11 comments:

Anonymous said...

aww... U Gyi pyaw pyaw nay tae a mo ko a ku mart pae see bu taw tae!!!!
U gyi sate so ya bu nor!!!

thamudayanwe said...

nice poem!
u stay with ur mum! it's nice sound!

ညီအကိုများ said...

nice poem!!..bro...
it's great.

konay(YNP)

TTT said...

the food looks so good!!

မေဓာဝီ said...

ညနေမှုန်မှိုင်း၊ ရီပြာဆိုင်းဝယ်

သိုင်းကွက်ကိုနင်း၊ တေးသီချင်းဆို

ကလိုစေးထူး၊ ဘီယာမူးပြီ

ဝေရီမှုန်ပြ ... သောကြာည။


အိမ်ကိုရောက်လျှင်၊ ထပ်သောက်ချင်သည်

ဘယ်ဆီဘယ်မှာ၊ ဘီယာရှာလည်း

ရှာသာရှာမော၊ မတွေ့သောခါ

ဒေါသအမျက်၊ ချောင်းချောင်းထွက်သည်

ဘယ်ငမိုက်သား လက်ချက်နည်း ... ။


ထိုစဉ်ခါလျှင်၊ ရင်ပူလုံးကြွ

လေအန်ထသည်၊ မရတော့ပေ

သွားဝယ်ချေမှ၊ ဒုံးဒုံးချကာ

မျက်နှာကိုမော့၊ ရင်ကိုကော့လျက်

ကားသော့ဆွဲ၍ ထွက်ခဲ့သည်။


လစ်ကာဆိုင်ဝယ်၊ ဘီယာတဖာ

မြည်းစရာနှင့်၊ ညည်းကာဟစ်ကြွေး

အလွမ်းတေးကို၊ သီဆိုကျူးရင့်

မူးနှင့်တော့မည်၊ ဒီတညတော့

ဘလော့လည်းနား၊ တံခါးလည်းပိတ်

မူးအိပ်တာပဲ ကောင်းပါသည်။


(ဟဲဟဲ စိတ်မဆိုးနဲ့နော် ... ကိုစေးထူးကဗျာဖတ်ပြီး ပြန်ရေးချင်စိတ် ပေါက်သွားလို့ ... ဒါတောင် အချိန်မရလို့ ဒီလောက်ပဲ ရေးလိုက်တာ ... ကံကောင်းသွားတယ်မှတ် .. )

Mintasay said...

အကိုကကဗျာရေးတဲ့နေရာမှာလည်း champion ပဲနော်

Anonymous said...
This comment has been removed by a blog administrator.
nu-san said...

ပို့စ်မတင်ဖြစ်တာတောင် ကဗျာရေးပြီးပြောနိုင်သေးတယ်.. ကိုစေးထူးရေ.. ကဗျာဖတ်ပြီး မုန့်ဟင်းခါးတောင် စားချင်လာပြီ.. :)

မမေဓာဝီရေးတဲ့ကဗျာက ပိုပြီး ဖတ်လို့ကောင်းတယ်.. :)

MELODYMAUNG said...

နာ့ကိုကြီးက ပို့စ်အသစ်မတင်ဖြစ်တာတောင် ကဗျာအသွင်ပြောင်းပြီး ဆင်ခြေပေးတတ်သဗျို တော်တီးတီးတော် :P ဘိုင်ဒဝေးးးး ဘာတွေချက်ပြုတ် အလုပ်ရှုပ်သတုန်းဗျ

မျှားပြာ said...

ကောင်းလှချည်လား ကိုစေးထူးရေ ... ကဗျာလေးက

မေပျို said...

မမေရဲ့ ကဗျာလေးက ပိုမိုက်တယ် သိလား။ ဟဲဟဲ