Saturday, December 01, 2007

ယဉ်ကျေးခြင်း Vs ရိုင်းပျခြင်း…

ဘလော့ဂ် ဆိုတာကို ကျနော် စသိခဲ့ရတာကတော့ လွန်ခဲ့တဲ့ တနှစ်ကျော်ကပါ။

အားလပ်ချိန်တွေမှာ ကမ္ဘာအရပ်ရပ်က သူငယ်ချင်းတွေရှိရာ Chat room ကို ၀င်ရောက်ဖြစ်ခဲ့ရာက စာပေ ၀ါသနာပါသူ သူငယ်ချင်းတချို့ ရေးတဲ့ စာတွေကို လိုက်လံ ဖတ်ရှုဖြစ်ရင်းနဲ့ သူတို့ရဲ့ ကိုယ်ပိုင် ဘလော့ဂ်လေးတွေနဲ့ ရင်းနှီးဖြစ်ခဲ့တယ် ဆိုပါတော့…။ နောက်တော့ ကိုယ်တိုင်လည်း ဘလော့ဂ် ရေးချင်စိတ် ပေါက်လာတော့ အစပျိုးမိရင်းနဲ့ပဲ အခုတော့ ဘလော့ဂ်ရေးခြင်းကို စိတ်ပါလက်ပါနဲ့ကို တစိုက်မတ်မတ် ရေးဖြစ်ခဲ့ပါတော့တယ်။

ကျနော် ဘလော့ဂ် စရေးတဲ့ အချိန်မှာ မြန်မာဘလော့ဂ် တချို့ အရှိန်ရနှင့်ပြီး ဖြစ်နေကြပေမယ့် သိပ်အကျယ်ပြန့်ကြီး မဟုတ်သေးသလို မြန်မာဘလော့ဂါ အရေအတွက်လည်း များများစားစား မဟုတ်လှသေးပါဘူး။ ဒီကြားထဲကမှ Update ဖြစ်အောင် ပုံမှန် တင်ဆက်နေတဲ့ ဘလော့ဂ် အရေအတွက်က ပိုလို့တောင် နည်းပါသေးတယ်။

အဲဒီတုန်းက ရေးနေကြတဲ့ မြန်မာဘလော့ဂ်တွေဟာ ရေးသူတွေရဲ့ ကိုယ်ပိုင် စိတ်ကူး၊ ခံစားချက်၊ ထင်မြင်ချက်၊ အတွေ့အကြုံ အစရှိတာတွေကို အခြေခံပြီးတော့ ရေးသား တင်ဆက်ကြ၊ ဆွေးနွေးကြတာ များပါတယ်။ ဘလော့ဂ်ရဲ့ အဓိက အကျဆုံး ဆွဲဆောင်ချက် ဖြစ်တဲ့ မိမိအမြင်၊ မိမိအတွေးကို ဘယ်သူ တည်းဖြတ်တာမှ မခံရဘဲနဲ့ လွတ်လွတ်လပ်လပ် တင်ပြနိုင်တဲ့ အချက်ကြောင့် တစတစနဲ့ ဘလော့ဂ် ဆိုတာကို လူသိများလာခဲ့ပါတယ်။ မိမိ ရေးသား တင်ပြလိုက်တာကို စာဖတ်သူတွေထံကနေ ချက်ချင်းဆိုသလို response ပြန်ရတဲ့ ခံစားချက်ကလည်း ဘလော့ဂ် ရဲ့ ဆွဲဆောင်ချက် တခုပါပဲ။

အခုအချိန်မှာတော့ မြန်မာဘလော့ဂ် လောကကြီးက အရှိန်အဟုန် ကောင်းကောင်းနဲ့ စီးဆင်းနေတဲ့ မြစ်ကြီး တသွယ်အလားပါပဲ။ မြန်မာဘလော့ဂ် ဘယ်လောက်ရှိနေပြီ ဆိုတာကို စာရင်း အတိအကျ ပြုစုဖို့ မလွယ်ကူလှတော့ပါဘူး။

***

ဘလော့ဂ် ဘာကြောင့် ရေးပါသလဲ…။

ဒီမေးခွန်းကို ဘလော့ဂါ အတော်များများက Tag game ကစားရင်း၊ ဖိုရမ်မှာ ဆွေးနွေးရင်းနဲ့ ဆွေးနွေးခဲ့ကြဖူးပါတယ်။ မတူကွဲပြားတဲ့ အချက်အလက်တွေ အနည်းငယ် ရှိနေကြပေမယ့် သေချာပေါက် တူညီတဲ့ အချက်ကတော့ မိမိခံစားချက်၊ ယုံကြည်ချက်ကို လွတ်လပ် ပွင့်လင်းစွာ တင်ပြလိုတဲ့ အချက်ပါပဲ။

ဘလော့ဂ်ရေးကြတဲ့ အခါမှာလည်း တချို့ကတော့ ကိုယ်ပိုင်ခံစားချက် အတွေးစိတ်ကူး၊ တချို့ကတော့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အစရှိတာတွေကို အသားပေး၊ တချို့က ဘာသာပြန် အသားပေး၊ အဲဒီအပြင် ဓာတ်ပုံတွေ တင်တဲ့ ဘလော့ဂ်၊ သီချင်းတွေကို ဦးစားပေးတင်တတ်တဲ့ ဘလော့ဂ် အပြင် ဟင်းချက်နည်း သက်သက်ကိုသာ တင်တဲ့ ဘလော့ဂ် အစရှိသဖြင့် ပုံသဏ္ဍာန်ကွဲ အမျိုးမျိုးနဲ့ မိမိဘလော့ဂ်ကို တင်ဆက်ကြပါတယ်။

ကျနော် တဦးတည်း အမြင်အရ ပြောရရင် ဘလော့ဂ်ဆိုတာဟာ အဲဒီဘလော့ဂ်ကို ရေးသူ ပုဂ္ဂိုလ်၊ ဒါမှမဟုတ် အဖွဲ့အစည်းရဲ့ မှတ်တိုင် တခုပါပဲ။ မည်သူမဆို ဘလော့ဂ်ရေးသက် ကြာမြင့်သူပဲ ဖြစ်ဖြစ်၊ မကြာသေးသူပဲ ဖြစ်ဖြစ်၊ ပို့စ်တွေ ပုံမှန် တင်ဆက်သူပဲ ဖြစ်ဖြစ်၊ တခါတရံမှ ပို့စ်အသစ် တင်နိုင်သူပဲဖြစ်ဖြစ် ယုတ်စွအဆုံး ပို့စ် တခုနှစ်ခုပဲ တင်ပြီးတော့ ဘလော့ဂ်ကို ရပ်ထားရတဲ့ လူပဲ ဖြစ်ဖြစ် ကိုယ့်ဘလော့ဂ်ကို ကိုယ် တန်ဖိုးထား မြတ်နိုးကြပါတယ်။ ကိုယ့်ရဲ့ `မှတ်တိုင်´ တခုလို သဘောထားကြတယ်လို့ ပြောရင် လွန်မယ် မထင်ပါဘူး။

အဲဒီတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘလော့ဂ်ပေါ်မှာ ညစ်နွမ်းနေတာမျိုးကို ဘယ်သူကမှ မမြင်ချင်ကြပါဘူး။ ဒါကြောင့်လဲ ယုတ်မာ ရိုင်းစိုင်းတဲ့ ဖရုဿဝါစာ ပို့စ်တွေကို ဘယ်သူကမှ မတင်ချင်ပါဘူး။ (ချွင်းချက်ထားရမယ့် ပုဂ္ဂိုလ်တချို့ကိုတော့ စာရင်းထဲက ဖယ်ထုတ်ထားကြပါစို့)။

ဘလော့ဂါ တယောက် ရေးသားလိုက်တဲ့ ပို့စ်တခုအပေါ် အမြင်မတူတာတို့၊ သူရေးတာကို မကျေလည်တာတို့ ရှိတဲ့အခါမှာ စာဖတ်သူက ကွန်မန့်တွေနဲ့ ပြန်လည် တုံ့ပြန်ရေးသားတာဟာ ဘလော့ဂါ လောကရဲ့ မထူးဆန်းတဲ့ အစဉ်အလာ တခုပါ။ အမြင်တူတဲ့ ပို့စ်မျိုးကို ဖတ်မိရင် ချီးကျူးမယ်၊ မတူတာတွေ့တော့ ငြင်းကြခုန်ကြမယ်၊ ဒါဟာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ သဘာဝ တခုပါပဲ။ ပြီးတော့ ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ မြန်မာဘလော့ဂါလောက တခုတည်းမှာပဲ ဒါက ဖြစ်နေတာ မဟုတ်ဘူး လို့ ကျနော် ထင်ပါတယ်။ လူမျိုးတိုင်းမှာ ဒီပုံစံမျိုးက ရှိနေမှာပါပဲ။

မတူညီတာတွေ ရှိကြတဲ့အခါ ငြင်းခုန်ကြ၊ ပြောဆို ချေပကြတော့ တချို့က သိမ်မွေ့စွာ၊ ပြေပြစ်စွာနဲ့ တဖက်သား နားခံသာအောင် ဆွေးနွေး ပြောတတ်ကြသလို တချို့ကျတော့လည်း တဖက်သားကို အနိုင်ရရင် ပြီးရော သဘောမျိုးနဲ့ တဖက်က မိမိနဲ့ အမြင်မတူသူကို အပေါ်စီးကနေ ဆက်ဆံတာတမျိုး၊ ရိုင်းပျစွာ ပြောဆိုတာ တသွယ်၊ မောက်မာစွာ ဆဲဆိုတာက တနည်း အစရှိတာတွေကို ပြုလုပ်တတ်ကြပါတယ်။

အမြင်မတူတာတွေ ရှိကြလို့ ငြင်းခုန်ကြ၊ ဆဲဆိုကြတာတွေက ထားပါတော့…။ ဘာအကြောင်း ကိစ္စမှ မရှိပါဘဲနဲ့ လူတယောက်ကို အသားလွတ် အရှက်ခွဲ ဆဲဆိုတာကိုတော့ ကျနော်တို့ ဘယ်လို နားလည်ပေးရမှာပါလဲ…။

နိုင်ငံရေး အရေးအသားတွေ ရေးတဲ့ ဘလော့ဂါ တယောက် အဆဲခံရတယ်ဟေ့ ဆိုရင် ဒါဟာ သိပ်မထူးဆန်းသလိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အာဏာပိုင်တွေကို ဆန့်ကျင်သူပဲ ဖြစ်ဖြစ် အာဏာပိုင်ကို ထောက်ခံသူ အလိုတော်ရိပဲ ဖြစ်ဖြစ် အဲဒီ ခေါင်းစဉ်အောက်ကို သွားမိပြီဆိုကတည်းကို အဲဒါတွေနဲ့ ကြုံဆုံရမှာမို့ပါပဲ။ အပေါ့ပါးဆုံးသော ထိပါးခံရမှုက စကားလုံးတွေနဲ့ ပုတ်ခတ်ခံရတာ ဖြစ်နိုင်သလို ပုံစံအမျိုးမျိုးနဲ့ ဆဲကြဆိုကြတာတွေလဲ ရရှိနိုင်ပါတယ်။ ဒီတော့ အဲဒီအပိုင်းကတော့ ထားလိုက်ပါစို့…။

ဒါပေမယ့် လူတိုင်းနဲ့ အဆင်ပြေ၊ လူတွေကို ကူညီတတ်ပြီး ပေါ့ပေါ့ပါးပါး ပျော်ရွှင်ဖွယ် စာ၊ကဗျာလေးတွေကိုသာ ရေးလေ့ရှိတဲ့ ဘလော့ဂါ တယောက်ကို အသားလွတ် ဆဲဆို အရှက်ခွဲတာဆိုရင်တော့ အဲဒီ ဆဲဆိုတဲ့ လူရဲ့ စိတ်အခြေအနေကို တော်တော် နားလည်ရခက်သွားပါပြီ။

အပြင်လောက လူ့ပတ်ဝန်းကျင်မှာ တယောက်နဲ့ တယောက် ဖေးဖေးမမနဲ့ ညီအကိုစိတ်၊ ညီအမစိတ်၊ မောင်နှမစိတ်ထားလို့ အပြန်အလှန် နားလည်မှုတွေနဲ့ အတူ မိမိပတ်ဝန်းကျင်ကို ယဉ်ကျေးပြီး လိုက်လျောညီထွေ ဖြစ်တဲ့ လူ့အသိုင်းအ၀န်းလေး တခု ဖြစ်အောင် ပုံဖော်တတ်ကြပါတယ်။ အဲဒီလိုပဲ ကျနော်တို့ ဘလော့ဂ် လောက ဘလော့ဂ် ရေးသူတွေဟာလည်း (မိမိနဲ့ အမြင် မတူသည့်တိုင်) ဖေးမနားလည်မှုတွေ အပြန်အလှန် ထားရှိသင့်လှပါတယ်။

ဒီနေရာမှာ ဘလော့ဂ် ရေးသူတွေအပြင် ဘလော့ဂ်ဖတ်သူတွေကိုပါ ထည့်သွင်း စဉ်းစားရပါတော့မယ်။ မတူတဲ့ အမြင်တွေကို ဆွေးနွေးငြင်းခုန်တာကို ဘာမှ အထူးတလည် ပြောစရာ မရှိပေမယ့် မိမိနဲ့ ပုဂ္ဂိုလ်ရေးအရ အဆင်မပြေတာကြောင့် ဖြစ်ဖြစ်၊ တခြားသော ကိစ္စရပ်တွေကြောင့်ပဲ ဖြစ်ဖြစ် အသားလွတ် မိုက်ရိုင်း စော်ကားတာမျိုးကိုတော့ လုံးဝ မလုပ်သင့်သလို အဲဒီလို လုပ်ရပ်ကိုလည်း ပြင်းထန်စွာ ရှုံ့ချပါတယ်။ ဘလော့ဂ်ရေးသူတွေရဲ့ ဘလော့ဂ်ဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးကို အရှက်ခွဲဖို့၊ စော်ကားဖို့ နေရာ မဟုတ်ပါဘူး။ ဘလော့ဂ် စာမျက်နှာတွေကို လူတယောက်အပေါ် ပုဂ္ဂိုလ်ရေးအရ ထိခိုက်ပုတ်ခတ်စော်ကားဖို့အတွက် အကောင်းဆုံး နေရာအဖြစ် သတ်မှတ်ထားတယ် ဆိုရင်တော့ အဲဒီလို စိတ်ဓာတ်ပိုင်ရှင်လောက် သိမ်မွှားနိမ့်ပါးတဲ့ လူ ရှိတော့မယ်မထင်ပါဘူး။

မိမိ လုပ်တော့မယ့် လုပ်ရပ်တခုအတွက် လူတယောက် ဘယ်လောက်အထိ ထိခိုက်နစ်နာသွားလေမလဲ၊ တဖက်သားက မိန်းကလေးဆိုရင် မိမိအမေ၊ နှမကို တပါးသူက အဲဒီလို လာစော်ကားရင် ဘယ်လိုခံစားရမလဲ ဆိုတာတွေဟာ ဒီခေတ်ကြီးထဲမှာ ရှင်သန်ကြီးပြင်းလာတဲ့ ခေတ်လူငယ်တွေကို အထူးတလည် ပြောနေစရာ မလိုလှတဲ့ စကားတွေပါ။ ဒါပေမယ့် လောလောဆယ်မှာ မျက်စိရှေ့မှာ တွေ့ရမြင်ရတာတွေကတော့ အင်မတန်မှ စိတ်ဆင်းရဲစရာ ကောင်းလွန်းလှပါတယ်။ မောင်နဲ့နှမ၊ သားနဲ့အမိ မြင်လို့မှ မတော် လိင်ပိုင်းဆိုင်ရာ မတော်တရော် စကားလုံးတွေကို လူမြင်ကွင်းမှာ လာပြောရဲတဲ့ အောက်တန်းကျလှတဲ့ စိတ်ဓာတ်ကို ဘယ်လိုစကားလုံးမျိုးနဲ့ ရွေးချယ် ရှုံ့ချသင့်သလဲတောင် မတွေးတတ်တတ်အောင်ပါပဲ။

ရေးခဲ့တာ အတန်ငယ် ရှည်လျားပါပြီ။ နောက်ထပ် စကားလုံးတွေလည်း ရှာမရတော့ပါဘူး။ နိဂုံးအားဖြင့် မေတ္တာရပ်ခံချင်တာကတော့ လူတဖက်သားကို နည်းနည်းလောက်တော့ ကိုယ်ချင်းစာတရားလေး ထားကြပါအုံးဆိုတာပါပဲ။


ကလိုစေးထူး

(ညီမငယ် ဘာညာအတွက် စိတ်မကောင်းဖြစ်မိစွာဖြင့် ဤစာစုကို ရေးပါသည်။)

5 comments:

Mr.Pooh @ မောင်ပွတ် said...

ကိုစေးထူးရေ - ရေးထားလေးက ပညာရှိဆန်ပြီး ထိရောက်ပါတယ်ဗျာ။ မဘာညာကို ဦးတည်တိုက်ခိုက်နေတဲ့ လူရဲ့ စိတ်ဓါတ်နဲ့ လုပ်ရပ်က ဘယ်လိုမှ လက်မခံနိုင်စရာပါပဲဗျာ။ ကျွန်တော်လည်း ပြင်းထန်စွာ ရှုံ့ချပါတယ်။ သတင်းကောင်းလေးတစ်ခုကတော့ မဘာညာ Blog ပြန်ရေးဖို့ ကြိုးပမ်းနေပြီဆိုတာပါပဲဗျာ။

Anonymous said...

ကိုစေးထူးရေ ပြောမနေပါနဲ့တော့။ သူတို့က အမေ၊ နှမပြောလည်းနားလည်ကြတဲ့ လူတွေမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ငါသူများကိုအရှက်ခွဲလိုက်ရမှ၊ ပြောလိုက်ရမှဆိုတဲ့လူစားတွေလိုဖြစ်နေပြီ။ သူတို့ပြောလိုက်လို့သူများတစ်ခုခုနစ်နာသွားရင်၊ ဆုံးရှုံးသွားရင် ဟာ ငါတို့မြတ်တာပဲလို့ထင်နေကြတာ။
လိုဖြစ်နေပြီ။ လူကြီးတွေပြောသလိုပေါ့။ သူတို့အတွက်ကိုယ်ချင်းစာစိတ်ဆိုတာချိုနဲ့လားဆိုတာ
မေးရမလိုဖြစ်နေပြီ။တော်တော်ဆိုးတဲ့လူတွေ..
တစ်နေ့ကျရင်တော့သူတို့ပြန်ခံရမှာပါ။ ဒီလိုမဟုတ်ရင်တောင်တစ်နည်းနည်းနဲ့ပေါ့။ သူများကိုဒုက္ခပေးပြီးရင်သူတို့လည်းကောင်းကောင်းနေရမှာမဟုတ်ပါဘူး။

nu-san said...

ဘာညာ့ blog လေး ပိတ်ထားတော့ စိတ်မကောင်းတာ အမှန်ပဲ.. မမေ တုန်းက လည်းအဲလိုတစ်ခါ ဖြစ်ပြီးပြီ။ အခုလည်း အသားလွတ် ရန်လုပ်နေကြတယ်.. အဲလိုလူမျိုးတွေကို တကယ်စိတ်ပျက်တယ်.. ဆွမ်းဆန်ထဲ ကြွက်ချေးရောဆိုသလို အဲလို လူမျိုးတွေကြောင့် အမဲစက်စွန်းတယ်...

ဘာညာလေး blog ပြန်ရေးမယ်ဆိုလို့ ၀မ်းသာတယ်.. အမြန်ပြန်လာပါစေလို့လည်း ဆုတောင်ပေးနေပါတယ်..

ဘာညာ said...

ကိုကြီးစေးထူးရေ... ပိုစ့်အတွက်ကျေးဇူးပါ။ ပထမ အနော့်ဆီမှာ လာပြောလာ ရေးနေတာတွေကို လစ်လျှူရှူထားနိုင် ဖျက်လိုက်နိုင်ပေမဲ့။ အခုလိုသူများတွေ ရဲ့ ဆီဘောက်စ့်တွေပေါ်မှာလည်း လိုက်ပြီးတော့ ပြောလာတော့ ကိုယ့်ကြောင့်သူများတွေ စိတ်အနှောက်အယှက်ဖြစ်တယ် ထင်လို့ ဘလောက်ကို ခဏလောက်ပိတ်လိုက်တာပါ။ ဒါပေမဲ့ အခုလို ကျန်တဲ့ ဘလောက်မောင်နှမတွေက နားလည်ပေးတော့ အရမ်းကျေးဇူးတင်ပါတယ်။း) ။ ဘလောက်ကိုလည်း ပြန်လုပ်ပါ့မယ်။ ခုထိတော့ back up files တွေနဲ့ ရှု့ပ်နေရဘီ။ စိတ်မကောင်းဘူးဆိုရင်လာကူပေး.. ဟတ်ဟတ်။ :P


ဘာညာ

ကလိုစေးထူး said...

ကိုပွတ်ရေ..၊ အချိန်ယူပြီး လာဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။ ဟုတ်တယ်ဗျာ။ ဒီလူတွေ တော်တာ် တရားလွန်းနေပြီ။
Anonymous ရေ…၊ သေချာပါတယ်။ သူတို့စိတ်က သူတို့ကို ပြန်ဒုက္ခပေးမှာပါ။
မနုစံ…။ ကျနော်တို့ ဘလော့ဂါတွေက တခါတလေကျတော့ လူပုံအလည်မှာ လည်စင်းပေးထားရသလိုပါပဲဗျာ။
ဘာညာလေး…၊ ဘလော့ဂ်ပြန်ရေးမယ်ဆိုလည်း ခပ်မြန်မြန်ပြန်ရေး။ လာကူဖို့တော့ မအားဘူး။ :D