Thursday, November 29, 2007

အတွေးစများ (၄) …

ကိစ္စတခု၊ အကြောင်းအရာ တရပ်ကို ချဉ်းကပ်ဆွေးနွေးတာဟာ ဘာအတွက်ပါလဲ …။ အပြုသဘော ဆိုရင်တော့ ဒါဟာ ပိုမိုကောင်းမွန်တဲ့ အခြေအနေ တရပ်ဆီကို ဦးတည်သွားစေဖို့ ရည်ရွယ်မှာပါ။ အဖျက်သဘော ဆိုရင်တော့ ဒါဟာ ပုဂ္ဂိုလ်ရေးအရ ဖြစ်စေ၊ အစုအဖွဲ့ အရ ဖြစ်စေ တိုက်ခိုက်ခြင်းလို့ သတ်မှတ်နိုင်ပါတယ်။

လူတယောက်က စာတပုဒ်ကို ရေးတယ်။ (အဲဒီလူက ကျနော်ကိုယ်တိုင်လည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်)။ သူရေးတဲ့ စာထဲက အကြောင်းအရာ တခုကို သိမ်မွေ့စွာ ချဉ်းကပ်ဆွေးနွေးတာဟာ စာရေးသူကို သွားတိုက်ခိုက်တယ်လို့ သတ်မှတ်ခံရတာဟာ အတော် ၀မ်းနည်းစရာ ကောင်းပါတယ်။ အဲဒီ စာရေးသူကို ခင်မင်သိကျွမ်းသူက `ငါ့ဘော်ဒါကို လာတီးနေပါလား´ ဆိုတဲ့ အမြင်မျိုးနဲ့ မှားမှားမှန်မှန် ပြီးပြီးရော ပုံစံမျိုးနဲ့ မှတ်ချက်တခုကို အလွယ်တကူ ပေးပစ်လိုက်တာဟာ ဆိုးရွားလွန်းလှပါတယ်။

ဥပမာ…

`ကိုယ့်အလုပ် ကိုယ်လုပ်ကြတာပေါ့၊ မြန်မာတွေက ဘေးထိုင်ဘုပြောတာ များတယ်၊ ဂရုစိုက်မနေပါနဲ့´

`လူတွေက ဒီလိုပါပဲ၊ အပင်မြင့်တော့ လေတိုက်ချင်တာပါ´

သူငယ်ချင်း အချင်းချင်း ဆိုတာ တခုတည်းကို ကွက်ပြီးကြည့်ရင်တော့ အထက်ပါ အားပေးစကားတွေက အားပေးခံရသူအတွက် ကျေနပ်နှစ်သိမ့်စရာပါပဲ။ ဒါပေမယ့် တဖက်မှာတော့ အကြောင်းအရာတခုကို လေးလေးနက်နက်နဲ့ အပြုသဘော လာဆွေးနွေးသူကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထိပါးပစ်ပြီးသား ဖြစ်သွားပါပြီ။ `အလကားပါကွာ၊ ဒီကောင် မနာလိုလို့ လာပြောနေတာ အရေးစိုက်မနေနဲ့´ လို့ ပေါ်တင် မပြောရုံတမယ်ပဲ ကျန်ပါတယ်။

နောက်ဆုံးမှာတော့ အမှတ်အတေးမရှိတဲ့ ကိုယ့်ကိုယ်ကိုပဲ ပြန်အပြစ်ဖို့တာက အကောင်းဆုံး အဖြေတခုလေလားတော့ မသိတော့ပါဘူး။

***

မြန်မာအမျိုးသမီးတချို့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဆူးလေဘုရား အနီးမှာ ဆန္ဒပြကြပါသတဲ့။ ဒါနဲ့ ပတ်သက်ပြီးတော့ စိတ်ဓာတ် ပြင်းထန်ဟန် အမျိုးသမီးတယောက်က `ယောက်ျားတွေက ဘာလုပ်နေသလဲ´ လို့ ရေးလိုက်တာကို ဖတ်လိုက်ရပါတယ်။

ယောက်ျားတွေ ဘာလုပ်နေလဲ ဆိုတာကတော့ မြင်အောင်ကြည့်ရင် တွေ့မှာပါပဲ။ မစုစုနွေးတို့ အဖမ်းခံရပြီး မဖြူဖြူသင်းတို့ တိမ်းရှောင်နေရသလို ကိုမင်းကိုနိုင်တို့ အဖမ်းခံရပြီး ကဗျာဆရာအောင်ဝေးတို့ တိမ်းရှောင်နေရတာပါပဲ။

ဦးတည်ချက် တခုကို သွားနေတဲ့ အချိန်မှာ သိပ်အရေး မပါလှတဲ့ ခွဲခြားပြောဆိုနေတာတွေက အင်အားကို ယုတ်လျော့စေတယ်၊ စိတ်ဓာတ်ကို ယိမ်းယိုင်စေတယ်ဆိုတာကတော့ သတိချပ်သင့်လှပါတယ်။ မိန်းမတွေပဲ ဖြစ်ဖြစ်၊ ယောက်ျားပဲ ဖြစ်ဖြစ် မတရားမှုကို ဆန့်ကျင်နေသူ မှန်ရင် အားပေးရမယ်၊ မတရားမှုကို တော်လှန်သူ အချင်းချင်း ယောက်ျားမိန်းမ မဟူ တွဲလက်တွေ မြဲရမယ်။ အင်အားတွေ စုစည်းရမယ်။ ဒီလိုပဲ ဖြစ်ရမှာပါ။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ `ကြည့်စမ်း၊ ငါတို့ မိန်းမတွေကတော့ ဒီလို တက်ကြွနေပြီ၊ နင်တို့ ယောက်ျားတွေက ဘာတွေလဲ´ လို့ နှိုင်းယှဉ် တွက်ချက်နေရင်တော့ ….။

***

`ငါတို့က နိုင်ငံရေး စိတ်မ၀င်စားဘူး၊ ကိုယ့်ဘာသာတောင် မနည်းရုန်းကန်နေရတာ´

အဲဒီ စကားမျိုးပြောတဲ့လူတွေ မြောက်မြားစွာ ကြုံခဲ့ရဖူးပါတယ်။ ကိစ္စမရှိပါဘူး။ သူတို့ စိတ်မ၀င်စားတာကိုလည်း ဘာမှ ပြောစရာ မရှိပါဘူး။ လူဆိုတာ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်စီ ရှိကြတာကိုး…။

ဒါပေမယ့် သိပ်ရင်နာစရာကောင်းတာကတော့ အဲဒီ `နိုင်ငံရေးကို စိတ်ဝင်စားဘူး´ ဆိုတဲ့ လူတွေက လက်ရှိ အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေကိုသာ တစိုးတစိမှ မဝေဖန်၊ မထောက်ပြ၊ မပြောဆိုရင်သာ ရှိမယ်။ ဒီမိုကရေစီ လိုလားသူတွေကိုတော့ အပြစ်တင်စကားပြောဖို့ အဆင်သင့် ဖြစ်နေတတ်တာပါပဲ။

`အလကားပါ၊ ဟိုလူကတော့ဖြင့် ဘယ်လို ဘယ်ပုံ နိုင်ငံရေး ခိုလှုံခွင့်တောင်းတာ၊ ဒီလူကတော့ဖြင့် ဘယ်လိုဘယ်ပုံ ညာတာပါ´ စသဖြင့် ပုတ်ခတ်ဖို့ကို ၀န်မလေးတဲ့ အဲဒီလူတွေက အာဏာပိုင်တွေ မတရားတာလုပ်တာကို ဆန့်ကျင်ဖို့အတွက်ဆိုရင်တော့ `ကျနော် ကျမ နိုင်ငံရေး မလုပ်ပါဘူး´ လို့ ဖြစ်သွားပြန်ပါတယ်။ တကယ်တော့ ဒါဟာ လက်ရှိ အာဏာပိုင် အုပ်ချုပ်သူတွေကို သွယ်ဝိုက်သော အားဖြင့် ထောက်ခံမှု ပေးနေတာပါပဲ။ ဒါပေမယ့် အဲဒီလူတွေကို အဲလို သွားပြောရင်တော့ ဆတ်ဆတ်ခါအောင် နာပြန်ပါတယ်။ ထူးဆန်းပါပေ့။

***

Open Mind တဲ့…။

ကိုယ့်ကိုယ်ကို စိတ်တံခါးတွေ ဖွင့်ထားပါတယ် လို့ ကြေညာထားပြီးတော့ အသင့် ပါလာတဲ့ စာအိတ်ထဲက ကြေညာချက်တွေကို တစောင်ပြီးတစောင် ထုတ်ဖတ်ပြနေရင်တော့ အလကားပါပဲ။ ငါတို့ လုပ်နေတာကမှ တကယ့် စေတနာအမှန်၊ ငါတို့ကမှ အမှန်၊ တိုင်းပြည်အတွက် တကယ်ချွေးထွက် အသက်ပေးတာက ငါတို့မှ ငါတို့ ဆိုတဲ့ ငါစွဲကြီးတွေကို မချွတ်သရွေ့ ဘယ်လိုလုပ်ပြီး Open Mind ဖြစ်နိုင်ပါတော့မလဲ။

***

လူတယောက်က ရပ်ကွက်ထဲမှာ နေရင်းထိုင်ရင်းနဲ့ အသားလွတ်ပြီး မူးပြီး အော်ဟစ်ဆဲဆို၊ ရပ်ကွက်လူကြီးကိုလည်း ဆဲ၊ အိမ်နီးနားချင်းတွေကိုလည်း ဆဲ၊ နောက်ဆုံး သူ့မိဘတွေကိုပါ ဆဲ…၊ ဒါဆိုရင်တော့ သေချာပါတယ်။ အဲဒီလူ မိုက်ရိုင်းပါတယ်။

လူတယောက်ကို အခြား အုပ်စုတခုက ၀ိုင်းအနိုင်ကျင့်တော့ `မလုပ်ကြပါနဲ့´ လို့လည်း ဘယ်လိုမှ တောင်းပန်လို့လည်း မရ၊ ဒါပေမယ့် ဒေါသကလည်း ထွက်နေပြီ။ ဒီတော့ အဲဒီ အနိုင်ကျင့်သူတွေလက်က အတင်းရုန်းပြီး ခပ်လှမ်းလှမ်းရောက်တော့မှ အဲဒီလူတွေကို `ခွေးမသားတွေ´ လို့ ဆဲပါတယ်။ အဲဒီလူကရော မိုက်ရိုင်းပါမလား။

တခါတလေကျတော့ `ယဉ်ကျေးခြင်း´ ဆိုတဲ့ သတ်မှတ်မှုအောက်မှာ မိုက်ရိုင်းတာနဲ့ ပေါက်ကွဲတာကို ရောထွေးသတ်မှတ် ခံရလေ့ ရှိပါတယ်။

***

ဒီတပတ် အတွေးစတွေကတော့ ငရုတ်သီးခပ်စပ်စပ် ရောချက်ထားတဲ့ ဟင်းတခွက်နဲ့ တူနေမယ် ထင်ပါရဲ့။


ကလိုစေးထူး

7 comments:

ကိုပေါ said...

သည်လို “ကျနော်။ ကျမတို့က နိုင်ငံရေး စိတ်မ၀င်စားဘူး” ဆိုသူတွေကို ကျနော့်မိတ်ဆွေတယောက်ကတော့ ဟောသလို “ဘုတော” လိုက်ဘူးပါတယ်။ “ဟေ့….ဘာနိုင်ငံရေး စိတ်မ၀င်စားဘူးလဲ။ သံအမတ်တို့ လူကြီးတွေတို့ ၀န်ကြီးတွေတို့ကို တွေ့ရင် ဖော်လံဖား တာလည်း နိုင်ငံရေးဘဲ။”

Anonymous said...

ဆက်ပြောနေကြဦးမှာလား--ဖွတ်ထွက်ပါတယ်ဆိုမှတောင်ပို့ကြီးတော့-လို့လုပ်နေကြတုန်းပဲလား---ဘယ်တော့မှဒီထက်ပိုအလုပ်လုပ်ကြမှာလဲ---ကျမတို့တော့ရှင်တို့ရဲ့ဦးဆောင်မှုကိုစောင့်နေကြတာကြာပီ --ဒီပုံနဲ့မိုးကြီးချုပ်ဖို့၇က်ကိုစောင့်နေကြ၇တယ်---အားလုံးပူးပေါင်းအဖြေရှာမယ့်၇က်ကိုစောင့်နေပါတယ်---ထိေ၇ာက်တဲ့လှုပ်ရှားမှုတွေမြင်တွေ့ချင်ပါတယ်----နေ့စဉ်စာမျက်နှာတွေပေါ်တက်--သက်ပြင်းချလှည့်ပြန်--ဖြစ်နေတာကြာပီ----ဘယ်သူခေါင်းဆောင်မှာလဲ---ပြတ်ပြတ်သားသားပြောကြပါ-----နောက်လိုက်ကောင်းတွေအများကြီးရှိပါတယ်--

မေငြိမ်း said...

အင်းးး ဒါတွေကြောင့်လည်း တို့တိုင်းပြည်အရေးက ကြာတောင့်ကြာရှည် ဖြစ်နေရတာပဲ။ ယောက်ျားမိန်းမဆိုတာ ပြိုင်ဖက်မဟုတ်ကြောင်း အမလည်း ပို့စ်တခု ရေးလိုက်သေးတယ်။

Anonymous said...

You are absolutely right.
Your thinking is not only like a spicy food, also sour, salty … etc.,
Anyway I like this taste.
Cheers!!!

TTT said...

good writing. I like not only the subject, but also the style and grammar and vocabulary usages as well.

ကလိုစေးထူး said...

ကိုပေါ…၊ ဟုတ်တယ်ဗျာ။ ကျနော် အဲဒါကို တော်တော်လေး မခံချင်ဖြစ်မိတာပါပဲ။ သူတို့ နိုင်ငံရေး စိတ်မ၀င်စားဘူးဆိုတာက တကယ်တော့ လက်ရှိ အာဏာပိုင်တွေကို တလုံးတပါဒမှ ထိပါးပြောဆိုရဲခြင်း မပြုတာပါ။ ဒါပေမယ့် ဒီမိုကရေစီရေး ကြိုးပမ်းနေသူတွေကို ပြစ်တင်ဖို့၊ ပုပ်ခတ်ဖို့ကျတော့ လွယ်လင့်တကူပါပဲ။
အမမေငြိမ်း…၊ ကျနော် အဲဒီ Issue ကို ဆောင်းပါး တပုဒ် သီးသန့်ရေးချင်သေးတယ်။
Lmn ကျေးဇူး။
Thet thet ကျေးဇူးတင်ပါတယ်။

ကိုပေါ said...

ကိုစေးထူးရေ…ပြောဘို့ ကျန်ခဲ့လို့ဗျ။
“နိုင်ငံရေးလား…တို့က ၀ါသနာမပါဘူး” လို့ ပြောတဲ့လူတွေလည်း မကြာခဏ ကြုံရပါသဗျ။ ခက်သေးတော့။ ကြက်တောင်ရိုက်တာလို၊ ရေကူးတာလို၊ သီချင်းဆိုတာလို ၀ါသနာအလျောက် လိုက်စားရတဲ့ အရာများမှတ်နေသလားမသိ။ ကျနော်တို့တတွေ နိုင်ငံရေးလုပ်နေတဲ့ အဖြစ်ကိုပါ အပေါစားဖြစ်သွားအောင် တတ်နိုင်တဲ့ စကားတခွန်းပါဘဲဗျာ။ “သြော်…သူက နိုင်ငံရေးလုပ်ရတာ ၀ါသနာပါတယ်။ သူဝါသနာပါတာလေး လုပ်ပါစေလေ” ဆိုတဲ့ သဘော သက်ရောက်မနေဘူးလားဗျာ။
တကယ်တော့ သမိုင်းပေးတာဝန်အရတကြောင်း၊ မတရားသဖြင့် ဖြစ်ပျက်နေတာတွေမှာ တရားသဖြင့် ဖြစ်စေလိုတဲ့ အသိစိတ်ဓါတ်ကြောင့်တကြောင်း၊ လူတိုင်းနဲ့ ဆိုင်တဲ့အရေးဖြစ်တာကတကြောင်း တို့ကြောင့် ဒီလောက် အချိန်တွေ၊ ခွန်အားတွေ၊ ဘ၀တွေ ရင်းနှီးပြီး နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်နေရတယ်ဆိုတာ သည်လူတွေ သဘောပေါက်စေချင်ပါတယ်။