Tuesday, November 06, 2007

စပ်မိစပ်ရာ (၁၃)...

ဒီတပတ် စပ်မိစပ်ရာအတွက် အရင်ဆုံး တင်ပြချင်တာကတော့ ကျနော်တို့ လေးစားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး မကောင်းတဲ့ သတင်းပါ။ ကောလဟဠ ထွက်သည်ဖြစ်စေ၊ သတင်းအတည် ဖြစ်စေ ဒီသတင်းကတော့ ကောင်းမွန်တဲ့ သတင်းမဟုတ်ပါဘူး။ ဘာမှလဲ မတတ်နိုင်တဲ့ အခြေအနေမှာ အမေ ဒေါ်အောင်ဆန်းစုကြည်တယောက် ကျန်းမာရေး ကောင်းမွန်ပြီး တိုင်းပြည်ကောင်းကျိုးကို အမြန်ထမ်းဆောင်နိုင်ပါစေ လို့ အဝေးကနေပဲ ဆုတောင်းပေးနိုင်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီဟာ မြန်မာနိုင်ငံကို စတုတ္တအကြိမ်အဖြစ် နိုဝင်ဘာလ ၃ ရက်နေ့မှာ ရောက်ရှိခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၈ ရက်နေ့အထိတိုင်အောင် ခြောက်ရက်ကြာ နေထိုင်သွားမှာ ဖြစ်ပြီးတော့ ဘိုချုပ်မှူးကြီး သန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ အလွှာစုံကို ကိုယ်စားပြုသူများနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံသွားမယ်လို့ သတင်းထုတ်ပြန်ထားတာကို Weekly Eleven ဂျာနယ်မှာ ဖတ်ရှုလိုက်ရပါတယ်။

စိတ်ဝင်စားစရာကောင်းတာ တခုကတော့ ဒေါက်တာခင်မောင်ညို၊ လွင်မိုး၊ ဂုဏ်ထူးဦးသိန်းနိုင် အစရှိတဲ့ လူသိများတဲ့ ပုဂ္ဂိုလ်တွေအပါအ၀င် အလွှာစုံက လူတချို့ရဲ့ မစ္စတာဂမ်ဘာရီ ခရီးစဉ်အပေါ် ထင်မြင်ချက်တွေကိုပါ ဖော်ပြထားတာပါ။ သရုပ်ဆောင် လွင်မိုးကတော့…

`ကျွန်တော်ကတော့ ဂမ်ဘာရီပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ဘယ်လိုကောင်းအောင် လုပ်မလဲ ဆိုတာပဲ စိတ်ဝင်စားတယ်။ ဂမ်ဘာရီ လာတဲ့အခါ ကောင်းအောင် ဘယ်လိုလုပ်နိုင်မလဲ၊ လက်ရှိ ပြည်တွင်းမှာ ရှိနေတဲ့ သူတွေကရော ဘယ်လို ကောင်းအောင် လုပ်နိုင်မလဲ ဆိုတာပဲ စိတ်ဝင်စားတယ်။ ကောင်းမယ့်ဘက်ကို ဦးတည်တဲ့ အရာအားလုံးကို ကျွန်တော် စိတ်ဝင်စားပါတယ်။ ဂမ္ဘာရီမွ မဟုတ္ပါဘူး။ ဘယ္သူပဲ လုပ္လုပ္ပါ´

လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ ကျနော် စဉ်းစားမိတာက ကျနော်တို့ရဲ့ ဟာသသရုပ်ဆောင် ဒါရိုက်တာ ကိုဇာဂနာ သာ ဆိုရင် ဘယ်လို အရွှမ်းဖောက်ပြီး မှတ်ချက်တွေ ပေးလိမ့်မလဲ ဆိုတာပါ။

`နိုင်ငံတော်ပိုင် အဆောက်အအုံများ ရောင်းချရေး ကော်မတီ´ က လုံးချင်းတိုက်များ ရောင်းချဖို့ တင်ဒါခေါ်ယူတယ် ဆိုတဲ့ သတင်းကို ဖတ်လိုက်ရပြန်ပါတယ်။ စကားလုံး မလိမ့်မတပတ် သုံးထားတဲ့ `နိုင်ငံတော်ပိုင်´ ဆိုတဲ့ အသုံးအနှုန်းအောက်က နိုင်ငံပိုင် အဆောက်အုံတွေကို ရောင်းချတဲ့ ကော်မတီမှာ ဘယ်လိုပုဂ္ဂိုလ်တွေက ပါဝင်နေပြီးတော့ ရောင်းလို့ရတဲ့ ငွေတွေကို ဘယ်နေရာတွေမှာ ပြန်အသုံးချမှာလဲ၊ အဲဒီ နိုင်ငံပိုင် အဆောက်အုံတွေကို ဘယ်လိုလူမျိုးတွေက ၀ယ်ယူသွားလေမလဲ၊ နိုင်ငံခြားသားလား၊ ဒါမှမဟုတ် ကျနော်တို့ နိုင်ငံသားပဲလား စသဖြင့် လဲပေါင်း၊ လားပေါင်းများစွာသော အတွေးမေးခွန်းတွေနဲ့ စိုးထိတ်မိပါတယ်။

စင်ကာပူ နိုင်ငံမှာ ကျောင်းပြီး Internship ဆင်းခွင့်ကို အသက် ၁၈ နှစ်ပြည့်ပြီးသူတွေသာ ဆင်းခွင့် ရှိမယ်ဆိုတဲ့ သတင်းနဲ့အတူ စင်ကာပူ ပုဂ္ဂလိကကျောင်းများမှ Shelton တက္ကသိုလ်၊ at-sunrice ကျောင်းများကို internship၊ Job attachment များနဲ့ တက်ရောက်နေကြတဲ့ မြန်မာကျောင်းသား အများအပြား ရှိနေကြာင်း၊ အဲဒီကျောင်းတွေကို တက်ရောက်ဖို့အတွက် စိတ်ပါဝင်စားသူ မြန်မာ နိုင်ငံတွင်းမှ ကျောင်းသား လူငယ် အများအပြား ရှိနေကြောင်း ဖတ်ရှုလိုက်ရပါတယ်။

အဲဒီသတင်းကို ဖတ်ရတော့ စင်ကာပူမှာ ပိုလီမြန်မာကျောင်းသားများရဲ့ ၂၀၀၅ ခုနှစ်၊ မြန်မာသင်္ကြန်ပွဲလုပ်တော့ မြန်မာကျောင်းသားတွေ ပြက်လုံးထုတ်ခဲ့တာ တခုကို သတိရမိပါတယ်။ `မြန်မာပြည်ရဲ့ အဓိက ထုတ်ကုန်က ဘာလဲ´ လို့ မေးတော့ ဖြေတဲ့လူက တခြားဟာတွေ ဖြေနေတုန်း မေးခွန်းထုတ်တဲ့လူကပဲ ပွဲကြည့်ပရိသတ် မြန်မာကျောင်းသားတွေကို လက်ညှိုးညွှန်ပြီးတော့ `အဲဒီမှာလေကွာ၊ နည်းတာမဟုတ်ဘူး´ လို့ ပြောခဲ့ပါတယ်။ ဒါဟာ `ဦးနှောက်ယိုစီးတာ မဟုတ်ဘူး´ လို့ ဘယ်လိုပညာရှင်တွေက သုံးသပ်ချက်ပေးအုံးမလဲတော့ မသိနိုင်ပါဘူး။

ပျဉ်းမနားမြို့ မှာ မီးပွိင့်တွေ ထားရှိပါတော့မယ်တဲ့။ ခေတ်မီနိုင်ငံတော်သစ်ကြီး ဖြစ်လာဖို့ စေတနာ ရှေ့ထား ဆောင်ရွက်နေကြတဲ့ အုပ်ချုပ်သူ ဘိုမင်းများရဲ့ အားထုတ်မှုကြောင့် မြန်မာနိုင်ငံရဲ့ အတင်းအဓမ္မ မြို့တော်သစ်မှာ မီးပွိင့်ကဲ့သို့သော ထူးခြားဆန်းပြားလှတဲ့ ခေတ်မီ အချက်ပြ ကိရိယာကြီးတောင် ပေါ်ထွန်းလာတော့မှာပါကလား လို့ တွေးမိပြီး ငိုရမလို ရယ်ရမလို။ စေတနာတွေ…၊ စေတနာတွေ။

သီတင်းကျွတ်ည မှာ စတိတ်ရှိုးပွဲတွေ လူစည်တာ၊ ရန်ကုန်နဲ့ မန္တလေးက ရုပ်ရှင်ရုံတွေမှာ ပွဲချိန်ပြည့် ပြန်လည် ပြသတာ၊ ရခိုင်ပြည်နယ်ဘက်မှာ ၀ါးတွေကို ကားကြီးတွေနဲ့သာ မက တွန်းလှည်းနဲ့ပါ သယ်ယူ ရောင်းဝယ်တာ၊ ပျဉ်းမနားမှာ မြေယာအလှဆင်ခြင်း လုပ်ငန်းတွေအတွက် မြက်ခင်းတွေ စိုက်ပျိုးနေတာ၊ အစရှိတဲ့ ထူးဆန်းပြီး မြန်မာပြည်သူတွေ အလွန်အင်မတန် စိတ်ဝင်စားလောက်တဲ့ သတင်းတွေကိုလည်း ပြည်တွင်း မီဒီယာတွေမှာ ဖတ်လိုက်ရပါတယ်။


ရင့်နင့်စရာ အကောင်းဆုံး အဲဒီ သတင်းဆောင်းပါးကို သူငယ်ချင်းတယောက်ပေးတဲ့ လင့်ခ်ကနေ တဆင့် ဖတ်ရှုမိပါတယ်။ အရွယ်မရောက်သေးတဲ့ မြန်မာအမျိုးသမီး ကလေးငယ်တွေက တညတာ ပျော်ပါးကြေး ဒေါ်လာ တရာ နဲ့ အဲဒီထက်နိမ့်သေးတဲ့ ဈေးနှုန်းတွေနဲ့ တရုတ်နယ်စပ်မှာ ခန္ဓာကိုယ်ကို ရင်းပြီးတော့ စီးပွားရှာနေရပါသတဲ့။ အပြည့်အစုံ ဖတ်ချင်ရင်တော့ ဒီနေရာမှာ သွားဖတ်နိုင်ပါတယ်။

အဲဒီဆောင်းပါးကို ဖတ်ပြီးတော့ `ဆယ်ယောက်မှာ ကိုးယောက်က ယားလို့ သူငယ်ချင်း၊ အလွယ်လမ်း လိုက်တဲ့ မိန်းကလေးတွေ´ လို့ ပြောသွားတဲ့ စစ်ဘိုပေါက်စ တယောက်ရဲ့ စကားသံကို ချက်ချင်းကြားယောင်မိပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေအတခုကို စဉ်းစဉ်းစားစား မတွက်ဆ၊ မသုံးသပ်ဘဲ နှမချင်းမစာမနာ လက်လွှတ်စပယ် ပြောထွက်ရက်တဲ့ စစ်ယူနီဖောင်းဝတ် ဘိုပေါက်စတယောက် ဒီဆောင်းပါးကို ဖတ်မိပြီး သူ့အမေ၊ သူ့အမ၊ သူ့နှမတွေသာ အဲဒီလိုဖြစ်ရင် ဒီစကားပြောနိုင်အုံးမလားလို့ စိတ်ချဉ်ပေါက်ပေါက်နဲ့ တွေးမိပါတယ်။

ရေးရင်းရေးရင်းနဲ့ ကျနော့်ရဲ့ စပ်မိစပ်ရာလည်း ဒေါသသံတွေ စွက်ကုန်ပြီ ထင်တယ်။ ကဲ…၊ ဒီတပတ်အတွက် စပ်မိစပ်ရာကတော့ ဒီလောက်ပါပဲ…။ နောက်တပတ် စပ်မိစပ်ရာကျရင် ပြန်ဆုံကြပါဖို့ အခုကတည်းက ကီသွင်းလိုက်ပါရဲ့…။ ယိစ်)))))))))။ :D

ကလိုစေးထူး

2 comments:

P.Ti said...

အမေ ဒေါ်အောင်ဆန်းစုကြည် လို့သုံးသွားတာ အင်မတန် ကြည်နှုးဖို့ကောင်းပါတယ်။ မြန်မာ ဆန်တယ် လေးစားချစ်ခင် မြတ်နိုး မှုပါတယ်။ ကျွန်တော်တို့တွေ အန်တီစု လို့ခေါ်မယ့် အစား အမေစု လို့ခေါ်ရင်ကောင်းမယ်။ ကျွန်တော့်စိတ်ထဲမှာ အန်တီစု ဆိုတာ ခေါ်ရတာ ပေါ့နေပြီး တခုခုလိုနေသလိုပဲ။
လွင်မိုးကတော့ မယုတ်မလွန်ပြောသွားပေမယ့်၊ ကောင်းအောင်လုပ်မယ့်သူကို စိတ်ဝင်စားတယ်ဆိုတော့ အခုလုပ်နေတယ့်လူတွေဟာ မကောင်းလို့ပေါ့။
နိုင်ငံတော်ပိုင်တွေကို ရောင်းချတာ သမိုင်းဝင် အဆောက်အအုံတွေတော့ ချန်သင့်ပြီး ထိန်းသိမ်းသင့်ပါတယ်။
ဦးနှောက်ယိုစီးတာ အခုခြေအနေက တော်တော်ဆိုးနေပါပြီး။ ရန်ကုန်မှာ ပညာနဲ့စီးပွားရေးလုပ်နေတယ့် လူတွေ တောင် စီးပွားရေးမကောင်းလို့ လုပ်ငန်းဖျက်ပြီး နိုင်ငံခြားမှာ လူများ အလုပ်ကို ထွက်လုပ်နေကြပြီ။ ရန်ကုန်က ထွက်လာတဲ့ လေယာဉ်တိုင်းမှာ မြန်မာတွေ အပြည့်နဲ့ ပြည်ပကို ထွက်နေတာ နေ့တိုင်းပါပဲ။
ဘိုပေါက်စရေ… ယားနေတာတွေက အားနေတဲ့လူတွေပါ။ မြန်မာပြည်မှာ အားနေတာဆိုလို့ အာဏာရှိတွေနဲ့ သူတို့နဲ့ပေါင်းပြီး စီးပွားရှာနေသူပဲရှိတာပါ။

ဟင်း… နောက်တပတ် ဖတ်ဖို့ အားမွေးလိုက်ပါဦးမယ်။

ကျေးဇူးပါ ကလိုစေးထူး။

Chaos said...

အစ်ကို စေးထူးရေ
နောက်တစ်ပတ်အတွက်
အားမာန်တွေ အပြည့်ဖြစ်ပါစေလို့
chaos ဆုတောင်းပေးလိုက်တယ်နော်
ဟေးးးးးးးးးးးးးးးရားးးးးးးးးးးးးးးးးး
အားပေးတာလေ အဟီး