Wednesday, November 07, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၂၇)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

နိုင်ငံရေး အကျဉ်းသားများ
(စတုတ္ထပိုင်း)
နာမည်ကျော် ထောင်တွင်း ဆန္ဒပြပွဲ
၁၉၉၀ ခုနှစ်၊ အင်းစိန်ထောင်

၁၉၉၀ ခုနှစ်၊ ထောင်တွင်း ဆန္ဒပြပွဲဟာ ဖော်ပြခဲ့တဲ့ ထောင်တွင်း အခြေအနေတွေကို မတရားဘူးလို့ ယူဆကြပြီး ကန့်ကွက်ကြတဲ့ ဆန္ဒပြပွဲ၊ ပြောမယ်ဆိုရင် အဲဒီ ထောင်တွင်း အခြေအနေတွေကြောင့် ဖြစ်လာရတဲ့ ဆန္ဒပြပွဲ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အကျဉ်းသားတွေကို ပထမဆုံး အကြိမ် အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် အရေးယူခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။

အင်းစိန်ထောင်မှာ တိုက်(၆)တိုက်၊ အထူးတိုက်၊ စစ်ခွေးတိုက် ဆိုပြီး ရှိပါတယ်။ ဆန္ဒပြပွဲ စဖြစ်တာက စစ်ခွေးတိုက်မှာပါ။

၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာလထဲမှာ စစ်ခွေးတိုက်က ကျောင်းသား လေးဆယ်ကျော်က ထောင်တွင်း နိုင်ငံရေး အကျဉ်းသားတွေရဲ့ နစ်နာချက်တွေကို တင်ပြတောင်းဆိုပါတယ်။ ဒါ့အပြင် အဲဒီ နစ်နာချက်တွေနဲ့ ပတ်သက်လို့ ထောင်အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း တင်ပြပါတယ်။ ဒါပေမယ့် ထောင်အာဏာပိုင်တွေက အရေးတောင် မစိုက်ပါဘူး။ ဒါနဲ့ ကျောင်းသားတွေက `အစာငတ်ခံ ဆန္ဒပြမယ်´ လို့ ထောင်အာဏာပိုင်တွေကို အကြောင်းကြားလိုက်ပါတယ်။ အဲဒီနေ့က ၁၉၉၀ ခုနှစ်၊ စက်တင်ဘာ (၁၈) ရက်နေ့ပါ။

အဲဒီနောက် ထောင်အာဏာပိုင်တွေနဲ့ ဆရာဝန် ရောက်လာပြီး ကျောင်းသားတွေကို ဆန္ဒမပြဖို့ ဟန့်တားပါတယ်။ ဒါပေမယ့် ကျောင်းသားတွေ တင်ပြတဲ့ ထောင်တွင်း နစ်နာချက်တွေနဲ့ ပတ်သက်လို့တော့ လက်ခံစကားတောင် မပြောပါဘူး။ ဒါနဲ့ နောက်ဆုံးတော့ ကျောင်းသားတွေက `အစာငတ်ခံ ဆန္ဒပြမယ်´ ဆိုတော့ ထောင်အာဏာပိုင်တွေက `မင်းတို့ သဘောပဲ။ ပြရင်လဲပြ´ လို့ ပြောပါတယ်။

အဲဒီနောက် ထောင်ဆရာဝန်က အခန်းတွေထဲ ၀င်၊ စားစရာ မှန်သမျှ ၀င်သိမ်းပါတော့တယ်။ အစာငတ်ခံ ဆန္ဒပြမှာ ဆိုတော့ စားစရာတွေ သိမ်းတာ အကြောင်းမဟုတ်ပါဘူး။ ဒါပေမယ့် ရှိသမျှ ပစ္စည်းတွေပါ သိမ်းတာပါ။ နောက်ဆုံး သောက်ရေအိုးတွေပါ သိမ်းယူသွားပြီး တချို့ သောက်ရေအိုးတွေကို ရိုက်ခွဲပစ်လိုက်ပါတယ်။

ကျောင်းသားတွေက `အစာငတ်ခံ ဆန္ဒပြတာပဲ။ ရေနဲ့ ဘာဆိုင်လို့လဲ´ ဆိုပြီး သောက်ရေအိုးတွေ မသိမ်းဖို့၊ ရေအိုးတွေ ရိုက်မခွဲဖို့ ပြောပေမယ့် မရပါဘူး။ ဆရာဝန်က အစာတင်မက `ရေပါဖြတ်မယ်´ လို့ ပြောပါတယ်။

အမှန်က ဘယ်နိုင်ငံ၊ ဘယ်အစိုးရ၊ ဘယ်တရား ဥပဒေမှာမဆို အစာငတ်ခံ ဆန္ဒပြရာမှာ ရေ မပါဘူး ဆိုရင် ရေ မသိမ်းရပါဘူး။ အခုလို ရေပါဖြတ်တာဟာ တရားဥပဒေမဲ့ သက်သက် အနိုင်ကျင့်တဲ့ လုပ်ရပ်၊ လူမဆန်တဲ့ လုပ်ရပ်ပါ။

အင်္ဂလိပ် ကျွန်ဘ၀မှာတုန်းက နောက်မှာ ၀န်ကြီးချုပ်ဖြစ်လာမယ့် ဦးနုတို့ ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြကြတော့ အင်္ဂလိပ် အစိုးရ ထောင်အာဏာပိုင်တွေက မဆလ၊ န၀တလို ရေအိုးကို သိမ်း၊ ရိုက်ခွဲပြီး ရေဖြတ်ဖို့ ဝေးလို့၊ ညဘက်မှာ သောက်ရေအိုးတွေထဲ ဆန္ဒပြသူတွေ မသိအောင် ခိုးပြီး ဂလူးကို့စ် ထည့်ပေးပါတယ်။ ဒါကို ဆန္ဒပြသူတွေ သိသွားလို့ အဲဒီ သောက်ရေအိုးထဲ ဂလူးကို့စ် ခိုး ထည့်ပေးရကောင်းလား ဆိုပြီး ဦးနုတို့က ရေ မသောက်တော့ပဲ ရေပါ အငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ နောက်ပိုင်း အင်္ဂလိပ်ထောင် အာဏာပိုင်တွေလည်း ရေအိုးထဲ ဂလူးကို့စ် ထည့်မပေးရဲတော့ဘူး လို့ ဆိုပါတယ်။

အဲဒီလို စစ်ခွေးတိုက်က ကျောင်းသားတွေ အစာငတ်ခံ ဆန္ဒပြကြတာကို တိုက်(၆)တိုက်မှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသား ငါးရာလောက်က သဲ့သဲ့ ကြားကြပေမယ့် တိတိကျကျတော့ မသိကြပါဘူး။ တိုက်တွေကို တတိုက်နဲ့ တတိုက် အုတ်ရိုး အမြင့်ကြီးတွေ ခြားထားရုံမက အဆက်အသွယ်တွေကိုလည်း ဖြတ်တောက်ခံထားရတာကြောင့် အခုလို သတင်း အတိအကျ မသိကြရတာပါ။

ဒါပေမယ့် တပတ်လောက်လည်း ကြာရော စစ်ခွေးတိုက်က ကျောင်းသားတွေ အစာငတ်ခံ ဆန္ဒပြကြတာ `တချို့လည်း အကြောတွေ ဆွဲကုန်ပြီ´ `သတိ လစ်ကုန်ပြီ´ `တချို့လည်း ဆေးရုံရောက်ကုန်ပြီ´ `တချို့လည်း အရိုက်ခံရတယ်´ စတဲ့ သတင်းတွေ ထွက်လာပါတော့တယ်။ အဲဒီ အချိန်မှာ တိုက်(၆)တိုက်က နိုင်ငံရေး အကျဉ်းသားတွေ စိတ်ထိခိုက်ပြီး ၁၉၉၀ ခုနှစ်၊ စက်တင်ဘာ (၂၅)ရက်နေ့၊ မနက် (၇)နာရီလောက်မှာ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ဆန္ဒပြကြပါတော့တယ်။

အဲဒီ ဆန္ဒပြပွဲမှာ ထူးခြားချက် တခုက အမျိုးသမီး အကျဉ်းသားတွေ တက်တက်ကြွကြွ ပါဝင်ခဲ့တာပါ။ (တကယ်တော့ ကြိုးတိုက်ခေါ် သေဒဏ်ပေးခံထားရတဲ့ အကျဉ်းသားတွေ ထားတဲ့ အမှတ်(၂)တိုက်၊ အကျဉ်းသားတွေက ညဘက်ကစပြီး ကြွေးကြော်သံတွေ စတင် အော်ဟစ်ခဲ့တာ ဖြစ်ပါတယ်။ မူလက တိုက်အကျဉ်းသားတွေဟာ စစ်ခွေးတိုက်က ကျောင်းသားတွေလို အစာငတ်ခံ ဆန္ဒပြဖို့ ပြင်ဆင်ထားကြတာပါ။ ညဘက် ကြိုးတိုက် အကျဉ်းသားတွေ ကြွေးကြော် ဆန္ဒပြကြတာကို အကြောင်းပြုပြီး နောက်နေ့မှာ ဆန္ဒပြပုံစံ ပြောင်းသွားတာပါ။)

အဲဒီ ဆန္ဒပြမှာ ကြွေးကြော်သံတွေကတော့ စစ်ခွေးတိုက်က အစာငတ်ခံ ဆန္ဒပြတဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ထင်ဟပ် ကြွေးကြော်ထားတာပါပဲ။ နိုင်ငံရေး အကျဉ်းသားတွေ သီးသန့်ထားရေး၊ နိုင်ငံရေး အကျဉ်းသားတွေ အဖြစ် အသိအမှတ်ပြုရေး၊ ထောင်ထဲမှာ စာဖတ်ခွင့် ပြုရေး၊ လူထုရွေးကောက်တင်မြောက်ထားတဲ့ အစိုးရကို အာဏာ လွှဲပြောင်းပေးရေးတို့ ဖြစ်ပါတယ်။ `ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ´ `စောမောင် ခင်ညွှန့် အလိုမရှိ´ `န၀တ စစ်အစိုးရ ကျဆုံးပါစေ´ `ဒီမိုကရေစီရေး တို့အရေး´ `အရေးတော်ပုံ အောင်ရမည်´ ဆိုတဲ့ ကြွေးကြော်သံတွေလည်း ပါပါတယ်။

အဲဒီနေ့က နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ချီပြီး ညီညီညာညာ အော်ဟစ်လိုက်ကြတဲ့ အသံတွေနဲ့ အင်းစိန်ထောင် တထောင်လုံး ပဲ့တင်ဟည်းနေပါတော့တယ်။ တိုက်အလိုက် တိုက်အလိုက် တယောက်ပြီး တယောက် ဒီမိုကရေစီရေး၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တရားတွေ ဟောကြ၊ ကဗျာတွေ ရွတ်ကြ၊ လက်ခုပ်သံ တဖြောင်းဖြောင်း အားပေးကြနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်၊ ရှစ်လေးလုံး ဆန္ဒပြပွဲမျိုး ပြန် ရောက်ရသလိုပါပဲ။ အဲဒီတုန်းကတော့ လေဟာပြင် လူသွားလမ်းမတွေပေါ်မှာ၊ အခုကတော့ အုတ်နံရံတွေ၊ သံတိုင်တွေ၊ သော့ခလောက်တွေနဲ့ အထပ်ထပ် အလုံပိတ်ထားတဲ့ အကျဉ်းကျ အခန်းတွေထဲမှာပါ။

ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို ဆန္ဒပြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လာပြီးတော့တောင် မမေး မစမ်းကြပါဘူး။ တနာရီလောက် အကြာမှာတော့ ထောင်တထောင်လုံး လော်စပီကာတွေနဲ့ သီချင်းတွေ အသံကုန် ဖွင့်တာ ကြားရပါတယ်။ ထောင်အာဏာပိုင်တွေက ဖွင့်တာပါ။ ရည်ရွယ်ချက်ကတော့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကြွေးကြော်သံတွေကို ထောင်အပြင်က မကြားရအောင်ပါ။

မနက် (၁၁)နာရီလောက်မှာတော့ ထောက်လှမ်းရေးတွေ၊ စစ်သားတွေ၊ ထောင်ဝါဒါတွေ စုစုပေါင်း အယောက် နှစ်ရာလောက် ရောက်လာကြပါတော့တယ်။ သူတို့ အားလုံး တုတ်တွေ ကိုယ်စီ ကိုင်ထားကြပါတယ်။ တုတ်တွေကလည်း နံပါတ်တုတ်က နည်းနည်း၊ ကြုံရာဆွဲလာတဲ့ တုတ်တွေက များပါတယ်။ အဲဒီထဲမှာ ၀ါးရင်းတုတ်တွေ၊ နှစ်တလက်မ သစ်သားချောင်းတွေ၊ ပလတ်စတစ် ရေပိုက်တွေအပြင် သံတုတ်တွေတောင် ပါပါသေးတယ်။ ဆန္ဒပြနေချိန် အတွင်း အပြင်မှာ သူတို့ ဘယ်လိုပြင်ဆင်နေတယ်ဆိုတာ ဘယ်သူမှ မသိရပါဘူး။ တိုက်တိုင်း တိုက်တိုင်းကို အုတ်ရိုး အမြင့်ကြီးတွေနဲ့ အလုံ ပိတ်ကာထားတာ မဟုတ်လား။ မကြာပါဘူး။ သူတို့အားလုံး ဘာမပြော ညာမပြောနဲ့ အုပ်စုလိုက် ညာသံတွေ ပေးပြီး ပိတ်ထားတဲ့ အခန်းတွေကို ဖွင့်၊ အထဲက နိုင်ငံရေး အကျဉ်းသားတွေကို အခန်းပြန် ဆွဲထုတ်ကြပါတော့တယ်။ အဲဒီအချိန် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး သော့ခတ် အလုံပိတ်ထားတဲ့ အခန်းတွေထဲမှာပဲ ရှိနေကြတာပါ။ အခန်း တခန်းတခန်းမှာက အကျဉ်းသား နှစ်ယောက် သုံးယောက်ပဲ ရှိတာပါ။ အခန်းပြင်ကလည်း စောင့်၊ အခန်းထဲကိုလည်း လက်နက်တွေနဲ့ အုပ်စုလိုက် ၀င်လာတဲ့ သူတို့ကို ဘယ်သူကမှလည်း မခုခံ မတိုက်ခိုက်နိုင်ပါဘူး။ ခုခံ တိုက်ခိုက်ဖို့ ရည်ရွယ်ချက်လည်း နိုင်ငံရေး အကျဉ်းသားတွေမှာ လားလားမှ မရှိပါဘူး။

အကျဉ်းသားတွေကို အခန်းထဲက ထုတ်ပုံ ထုတ်နည်းကလည်း လက်ထိပ်နောက်ပြန် ခတ်၊ မျက်နှာကို အ၀တ်နဲ့အုပ်၊ ၀ိုင်းရိုက် ၀ိုင်းကန်ပြီး ဒလိမ့်ကောက်ကွေး ဆွဲထုတ်တာပါ။ ကန်ရင်း ရိုက်ရင်းနဲ့လည်း `ငါ´ တွေ `မအေ´ တွေ တပ်ပြီး မကြားဝံ့ မနာသာ ရိုင်းရိုင်းစိုင်းစိုင်း မျိုးစုံ ဆဲရေးပါသေးတယ်။ အဲဒီနောက် တိုက်ကနေ တိုက်ရုံးခန်း ရောက်တဲ့ အထိ ကိုက်(၂၀၀)လောက် ရှိတဲ့ လမ်းတလျှောက် ထောင်ဝါဒါတွေ၊ ထောက်လှမ်းရေးတွေက အ၀တ်အုပ်ထားတဲ့ မျက်နှာတွေကို ဖြတ်ရိုက်၊ တကိုယ်လုံးကို တုတ်တွေနဲ့ ၀ိုင်းရိုက်ပြီး ဒရွတ်တိုက် ဆွဲခေါ်သွားကြပါတယ်။ တိုက်ရုံးခန်းဘေး မြေကွက်လပ် ရောက်တော့လည်း အဲဒီမှာ စောင့်နေတဲ့ ထောင်ဝါဒါတွေ၊ စစ်ထောက်လှမ်းရေးတွေက မျိုးစုံ ဆဲရေး၊ အော်ဟစ် ညာသံတွေ ပေးပြီး ၀ရုန်းသုန်းကား ၀ိုင်းရိုက်ကြတာပါ။ ရိုက်သံ၊ အလန့်တကြား အော်ဟစ်သံ၊ နာနာကျင်ကျင် ညည်းညူသံတွေနဲ့ ကြားရသူတိုင်း လိပ်ပြာလွင့်စရာ၊ ခြောက်ခြားစရာကြီးပါ။

ရှေ့နေကြီး ဦးဇော်မျိုးဝင်းနဲ့ ဦးသိန်းဟန်တို့ ဆိုရင် `၀ိုင်းရိုက်တာကွာ။ ဘယ်လို ရိုက်မှန်းကို မသိဘူး။ လူက မြေကြီးပေါ်မှာတောင် မရှိတော့ဘူး။ လေထဲမှာ ၀ဲနေတာပဲ။ သတိလစ်သွားမှပဲ သက်သာတော့တယ်´ လို့ သူတို့ အတွေ့အကြုံကို နောက်ပိုင်းမှာ တဖွဖွ ပြန်ပြောပြပါတယ်။ (အဲဒီလို ရက်ရက်စက်စက် အရိုက်နှက် ခံရသူတွေထဲမှာ ကျန်းမာရေး မကောင်းတဲ့ စာရေးဆရာ ဦးသော်က၊ ဦးကိုယု စတဲ့ လူကြီးတွေတောင် ပါပါတယ်။ ဦးသော်က ကတော့ ထောင်ထဲမှာပဲ ကွယ်လွန်သွားခဲ့ရှာပါပြီ။)

အဲဒီလိုနဲ့ တိုက်ရုံးခန်းဘေး မြေကွက်လပ်ကြီးထဲမှာ ရိုက်နှက်စုပုံထားလို့ မလှုပ်နိုင်၊ မယှက်နိုင် လဲနေကြတဲ့ အကျဉ်းသားတွေနဲ့ ပြည့်နှက်နေပါတော့တယ်။ တချို့လည်း သတိလစ်နေကြပါတယ်။

အဲဒီလို လဲနေတာ၊ သတိလစ်နေတာကိုပဲ ထောက်လှမ်းရေးနဲ့ ထောင်ဝါဒါတွေက အားမရသေးဘဲ မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုပြီး ထပ်ရိုက်နေပါသေးတယ်။ အဲဒီလို ရိုက်နှက်ပြီး မလှုပ်နိုင် မယှက်နိုင် ဖြစ်နေသူတွေကို လူသေကောင်တွေလို ဒရွတ်တိုက်ဆွဲပြီး သေဒဏ်ကျခံသူတွေ ထားတဲ့ ကြိုးတိုက် အခန်းတွေထဲ ပစ်ထည့်လိုက်ပါတယ်။

အဲဒီတောက် အစာအငတ်ခံ ဆန္ဒပြနေကြတဲ့ စစ်ခွေးတိုက်က ကျောင်းသားတွေကို ထောင်ဝါဒါတွေက ကြိုးတိုက်ကို ခေါ်လာပါတယ်။

သူတို့ အားလုံး အစာမစားရတဲ့အပြင် ရေပါ မသောက်ရတာ တပတ်ကြာပြီဆိုတော့ လမ်းတောင် မလျှောက်နိုင်ကြတော့ ရှာပါဘူး။ ဒယီးဒယိုင် ဖြစ်နေကြတဲ့ အဲဒီကျောင်းသားတွေကို ထောင်ဝါဒါတွေက တဖက်တချက်က ညှပ်ပြီး ကြိုးတိုက်ကို ဆွဲခေါ်လာကြပါတယ်။ ကြိုးတိုက်လည်း ရောက်ရော ကြိုးတိုက်ထဲက အရိုက်ခံထားရလို့ အမေ့အမေ့ အမျောမျော၊ သွေးအလိမ်းလိမ်းနဲ့ ဖူးယောင်နေတဲ့ အကျဉ်းသားတွေကို ပြပြီး ထောင်ဝါဒါတွေက `မင်းတို့ကြောင့် သူတို့ အခုလို အရိုက်ခံရတာ၊ မင်းတို့ အစာအငတ်ခံ ဆန္ဒပြလို့ အခုလို အရိုက်ခံရတာ´ လို့ ထောင်ဝါဒါတွေက ပြောပါတယ်။ အစာငတ်ခံ ဆန္ဒပြကျောင်းသားတွေလည်း ရဲဘော်ရဲဘက်တွေ ဖြစ်ပျက်နေတာ ကြည့်ပြီး ၀မ်းပန်းတနည်း မျက်ရည် ကျကြပါတယ်။

နောက်တော့ ထောင်ဝါဒါတွေက သူတို့ကို `မင်းတို့ အစာငတ်ခံတာ ရပ်ရမယ်။ ထမင်း ပြန်စားရမယ်´ လို့ အမိန့်ပေးပါတယ်။ မစားဘူးလို့ ကျောင်းသားတွေက ငြင်းတော့ အားပြတ်ပြီး လမ်းတောင် မလျှောက်နိုင်၊ ဒယီးဒယိုင် ဖြစ်နေတဲ့ အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အုပ်စုလိုက် ၀ိုင်းပြီး ရက်ရက်စက်စက် ရိုက်ကြပါတယ်။

အဲဒီလို ထောင်ထဲမှာ ဖြစ်ပြီး နောက်တရက်ဟာ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာ တွေ့ခွင့် ပြုထားတဲ့ ရက်ပါ။ ဒါနဲ့ အိမ်တွေက ထောင်ဝင်စာ လာတွေ့ကြပါတယ်။ ဒါပေမယ့် ထောင်အာဏာပိုင်တွေက တွေ့ခွင့် မပေးပါဘူး။ ဘာလို့ တွေ့ခွင့် မပေးတာကိုလည်း ရှင်းမပြပါဘူး။ ဒါပေမယ့် ထောင်ဝင်စာ လာတွေ့သူ မိသားစုတွေက ထောင်ဗူးဝမှာ သတင်းမျိုးစုံ ကြားကြရပါတယ်။

သူတို့ ကြားရတဲ့ သတင်းတွေကတော့ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေကို ရက်ရက်စက်စက် ရိုက်တယ်။ လူဘယ်နှစ်ယောက် သေတယ်။ ထောင်ထဲကနေ ကားနဲ့ ဘယ်နှစ်စီးတိုက် ထုတ်သွားတယ်။ သွေးကွက်တွေကို ထောင်ဝန်ထမ်းတွေ ဆေးနေတာ တွေ့ရတယ်။ စတဲ့ သတင်းတွေ ဖြစ်ပါတယ်။ အဲဒီလိုလည်း ကြားရရော နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမေတွေ၊ သားသမီးတွေ၊ မိန်းမတွေ ထောင်ရှေ့မှာ ငိုကြ ယိုကြပါတော့တယ်။ ထောင်အာဏာပိုင်တွေကိုလည်း သက်ဆိုင်ရာ အကျဉ်းသားတွေနဲ့ တွေ့ခွင့် မရရင်တောင် မသေမပျောက်ဘဲ ရှိမရှိ သိပါရစေ လို့ မေတ္တာရပ်ခံကြပါတယ်။ ဒါပေမယ့် ထောင်အာဏာပိုင်တွေက အရေးတောင် မလုပ်ပါဘူး။ နောက်ဆုံးတော့ မိသားစုတွေ ငိုယိုပြီး အိမ်ပြန်ကြရပါတယ်။

အဲဒီတုန်းက အရိုက်ခံရသူတွေထဲကမှ လူလေးဆယ် ရွေးထုတ်ပြီး သာယာဝတီထောင်ကို နှစ်ဆယ်၊ သရက်ထောင်ကို နှစ်ဆယ် မနက်လင်းအားကြီး အချိန်မှာ ပြောင်းရွှေ့ ပို့ပစ်လိုက်ပါတယ်။ မပို့ခင် သူတို့ကို တညလုံး ထပ်မံ ရိုက်နှက်တဲ့ အပြင် သာယာဝတီထောင်နဲ့ သရက်ထောင် အာဏာပိုင်တွေကိုလဲ `အခုရောက်လာသူ နိုင်ငံရေး အကျဉ်းသားတွေကို လုံးဝ ဆေးကုမပေးရ´ လို့ အမိန့် ပေးလိုက်ပါသေးတယ်။

တကယ်တော့ အဲဒီ နိုင်ငံရေး အကျဉ်းသားတွေဟာ သွေးအလိမ်းလိမ်း၊ အကွဲကွဲ အပြဲပြဲနဲ့ အရေးပေါ် ဆေးကုသပေးဖို့ လိုအပ်နေသူတွေပါ။

ဆက်ရန်…

2 comments:

Anonymous said...

To Ko Kalosay Htoo

We should make to know all the people about this unlawful treatments in the prison.
If they treat like this to the prisoners,it is not a prison.

We should have to sue those staffs and authorities who abuse the law.
Need to be make a list of those staffs members,place and date.
In this situation,it is likely to be impossible but we have to fight for this.

How many years and how many innocent people have been suffered in the prioson?
We should have to stop and fight for true justice.

Anonymous said...

wut I can tell u is most of these people are from Militray intelligence. MI is the department who deals with the political prisoner. So I never believe that Ex-prime minister Khin Nyunt is more flexible than Than Shwe. He is the most wicked man who is going to stab on your back rather than beating you from front.