တိုးတက်နေတဲ့ နိုင်ငံတခုမှာ ကျောင်းသား ကျောင်းသူများနဲ့တကွ ပြည်သူတွေ အားလုံး အတွက် ပညာရှာရာမှာ အထောက်အကူ တခု ဖြစ်စေဖို့အတွက် `စာကြည့်တိုက်´ ကို ဘယ်လိုဘယ်ပုံ စီစဉ်ထားရှိတယ်ဆိုတာကို ကျနော်တို့ လေ့လာကြည့်ကြပါစို့…။
အဲဒါကတော့ စာကြည့်တိုက်ရဲ့ အ၀င်ဝပါ။
စာကြည့်တိုက်ကို ရုံးဖွင့်ရက်နေ့တိုင်းမှာ မနက် ၁၀ နာရီကနေ ည ကိုးနာရီအထိ ဖွင့်လှစ်ပြီးတော့ စနေနေ့တွေမှာ မနက် ၁၀ နာရီကနေ နေ့လည် ၁ နာရီအထိ ဖွင့်လှစ်ပါတယ်။
စာကြည့်တိုက်မှာ မိမိလိုအပ်တဲ့ စာအုပ်၊ စီဒီရွမ်၊ ဗွီဒီယိုခွေ၊ ဒီဗွီဒီခွေ၊ သီချင်းစီဒီ အစရှိတွေကို အခမဲ့ ငှားရမ်းနိုင်ပါတယ်။ အဲဒီလို ငှားရမ်းဖို့အတွက်တော့ စာကြည့်တိုက် အဖွဲ့ဝင် ကဒ်ပြားလုပ်ရပါတယ်။ မြို့နယ်နမိတ်အတွင်းမှာ လက်ရှိနေထိုင်နေတာ အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်သူ မှန်သမျှကို မိနစ်ပိုင်းအတွင်းမှာပဲ အဖွဲ့ဝင်ကဒ်ပြား ထုတ်ပေးပါတယ်။ အဲဒီ ကဒ်ပြားကိုလည်း အခမဲ့ ထုတ်ပေးတာပါပဲ။
စာကြည့်တိုက်ထဲကို ရောက်သွားတော့ ဓာတ်ပုံရိုက်ခွင့်အတွက် ကောင်တာမှာ မေးမြန်းခွင့်တောင်းကြည့်တော့ လုံခြုံရေး တာဝန်ကျသူက `စာဖတ်သူတွေကို အနှောက်အယှက် မဖြစ်စေဘူးဆိုရင် ရိုက်နိုင်ပါတယ်´ လို့ အသာတကြည် ခွင့်ပြုလိုက်ပါတယ်။ ကျနော်က `ကျနော် လူတွေကို မရိုက်ပါဘူး၊ စာအုပ်တွေကိုပဲ ရိုက်မှာ အသေအချာပါခင်ဗျ´ လို့ အရွှန်းဖောက်လိုက်တော့ သူက ရယ်နေပါတယ်။
စာကြည့်တိုက်ရဲ့ အ၀င်ဝကနေ အထဲကို အတန်ငယ် လျှောက်လိုက်ပြီ ဆိုရင်ပဲ သီချင်း၊ ရုပ်ရှင်နဲ့ သက်ဆိုင်တာတွေကို ထားတဲ့ ဒီနေရာလေးကို ရောက်ပါတယ်။ များသောအားဖြင့် ရနိုင်တာကတော့ သီချင်းဟောင်း၊ ရုပ်ရှင်ဟောင်းများနဲ့ အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် အထောက်အကူပြု အခွေတွေ၊ ခရီးသွားလမ်းညွှန် ခွေတွေက ပိုများပါတယ်။
ဒါက စာဖတ်ဖို့ စီစဉ်ပေးထားတဲ့ နေရာ တခုပါ။ သပ်သပ်ရပ်ရပ် စီထားတဲ့ စာအုပ်စင်တွေနဲ့ အတူ အဲဒီလို စာဖတ်ဖို့ နေရာလေးတွေကို လေးငါးနေရာထက် မနည်း စီစဉ်ထားပေးပါတယ်။ စားပွဲပေါ်မှာ စီစီရီရီ ထောင်ထားတဲ့ စာအုပ်တွေကတော့ လတ်တလောမှာ လူဖတ်များနေတဲ့ စာအုပ်တချို့ပါ။
တယောက်ထဲ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး စာဖတ်ချင်သူတွေအတွက်လည်း ဒီလို စာကြည့်စားပွဲလေးတွေကို ထားရှိပေးထားပါတယ်။
စာကြည့်တိုက်ထဲမှာ အထူး သတိထားလေ့ရှိတာကတော့ `ဆိတ်ငြိမ်ခြင်း´ ကိုပါပဲ။ ကိုယ့်ကြောင့် တခြားသော စာဖတ်သူတွေ အနှောက်အယှက် မဖြစ်ရအောင် လူတိုင်းလိုလိုက အတတ်နိုင်ဆုံး ဆိတ်ငြိမ်စွာ လှုပ်ရှားသွားလာကြပါတယ်။ ဆူညံစွာ အော်ဟစ် စကားပြောခြင်း၊ ခြေသံပြင်းပြင်းလမ်းလျှောက်ခြင်း၊ ခုံတွေကို အသံမြည်အောင် တွန်းရွှေ့ခြင်း တွေကို မလုပ်မိအောင် ကိုယ်စီကိုယ်စီ ထိန်းသိမ်းကြတာဟာ လေးစားစရာ ယဉ်ကျေးမှု တခုပါပဲ။
စာကြည့်တိုက်ထဲမှာ ဆဲလ်ဖုန်း ပြောခွင့် မပြုပါဘူး။ ဆဲလ်ဖုန်းပြောဖို့အတွက် စာဖတ်သူတွေနဲ့ အတန်ငယ် အလှမ်းဝေးတဲ့ နေရာမှာ ခန်းမကျယ်တခု စီစဉ်ထားပေးပါတယ်။ ဆဲလ်ဖုန်း မြည်သံ တခုခုကြားတာနဲ့ စာကြည့်တိုက် တာဝန်ကျ တယောက်ယောက်က အနားကို ရောက်လာပြီး အဲဒီ ခန်းမကျယ်မှာ သွားပြောဖို့ မေတ္တာရပ်ခံပါတယ်။
Teen Zone လို့ အမည်ပေးထားတဲ့ အဲဒီ စာဖတ်ခန်းလေးထဲမှာတော့ အသက် ဆယ့်လေးငါးနှစ် ၀န်းကျင် အရွယ် လူငယ်လေး တချို့ ရှိနေပါတယ်။ သူတို့ အရွယ်လေးတွေ ဖတ်ဖို့ ပိုမို သင့်တော်တဲ့ စာအုပ်အမျိုးအစားတွေကို သီးသန့် ခွဲထားပေးတဲ့ အပြင် စာဖတ်ခန်းကိုပါ သီးခြား စီစဉ်ထားပေးပါတယ်။
စာအုပ်တွေကို မိမိဖတ်နိုင်တဲ့ Level အလိုက် ရွေးချယ်ဖတ်ရှုနိုင်အောင် အခုလို ခွဲခြားထားပေးပါသေးတယ်။
ဒီနေရာမှာတော့ စာကြည့်တိုက် အဖွဲ့ဝင်တွေအတွက် ကွန်ပျူတာ အင်တာနက် သုံးနိုင်အောင် စီစဉ်ပေးထားပါတယ်။ အဖွဲ့ဝင် အမှတ်ကို ရိုက်ထည့်ပြီးတာနဲ့ တနေ့တာအတွက် တနာရီ အခမဲ့ အသုံးပြုခွင့် ရပါတယ်။ တနာရီပြည့်တာနဲ့ အင်တာနက် ကွန်နက်ရှင် အလိုအလျောက် ပြတ်တောက်သွားပါတယ်။
ပရင့်ထုတ်ဖို့ လိုအပ်တဲ့ စာမျက်နှာတချို့ရှိရင်လည်း ထုတ်ယူနိုင်ဖို့ ပရင်တာတွေ ထားရှိပေးပါသေးတယ်။ ဒါပေမယ့် ပရင့်ထုတ်ယူခကိုတော့ ပိုက်ဆံ ပေးရပါတယ်။ သိပ်တော့ ဈေးမကြီးလှပါဘူး။ တမျက်နှာကို ဆင့် ငါးဆယ် နှုန်းပါ။
မိတ္တူကူးယူချင်သူများအတွက်လည်း မိတ္တူကူးစက်တွေ ထားရှိပေးထားပါတယ်။
အဲဒါကတော့ စာကြည့်တိုက်ကနေ ငှားယူချင်တဲ့ စာအုပ်၊ စီဒီ၊ ရုပ်ရှင်ခွေ၊ ဒီဗွီဒီခွေ အစရှိတာတွေကို စာရင်း မှတ်တမ်း သွင်းတဲ့ စက်ပါ။ အဖွဲ့ဝင်ကဒ်ပြားနဲ့ ငှားယူစာရင်းကို အတည်ပြုပြီးရင် ပြန်ပို့ရမယ့် နေ့စွဲပါတဲ့ ဖြတ်ပိုင်းစာရွက်ကို စက်က အလိုအလျောက် ထုတ်ပေးပါတယ်။ အဲဒီနေ့ ကျော်လွန်ပြီးမှ ပြန်ပို့ရင်တော့ သတ်မှတ်နှုန်းထားအလိုက် ဒဏ်ငွေဆောင်ရမှာပါ။
အခုလို ဒီနိုင်ငံမှာ ရှိတဲ့ စာကြည့်တိုက် အကြောင်းကို ဒီနေ့ တင်ဖြစ်တာကတော့ တိုးတက်နေတဲ့ သူတို့ နိုင်ငံမှာ အစိုးရက ပညာရေးကို ဘယ်လောက်အထိ ဦးစားပေးပြီးတော့ စာကြည့်တိုက်ကို အထူးဂရုစိုက် စီစဉ်ထားပေးတယ်ဆိုတာကို ဗဟုသုတ အလို့ငှာနဲ့ နောင်တချိန်မှာ ကျနော်တို့ နိုင်ငံမှာလည်း ဒီလို စာကြည့်တိုက်မျိုးတွေ တည်ထောင်လာနိုင်ဖို့ ရည်သန်ပါတယ်။
တိုးတက်နေတဲ့ သူတို့ နိုင်ငံက သူတို့ တတ်နိုင်တဲ့ အတိုင်းအတာနဲ့ ဒီလို စာကြည့်တိုက်မျိုးတွေကို သေသေချာချာ ဂရုတစိုက်နဲ့ မြို့ရွာအနှံ့တည်ထောင်ထားတယ်ဆိုရင် မတိုးတက်သေးတဲ့ ကျနော်တို့ နိုင်ငံ အုပ်ချုပ်သူတွေအနေနဲ့လည်း ဒီလောက်အဆင့် စာကြည့်တိုက်မျိုး မတတ်နိုင်သည့် တိုင်အောင် နည်းနာယူတန်တာယူပြီး မိမိအထွာနဲ့ မိမိ တတ်နိုင်တဲ့ စာကြည့်တိုက်များကို အစိုးရရဲ့ စီစဉ်ကြပ်မတ်မှုနဲ့ မြို့ရွာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်သင့်ပါတယ်။ အဓိကကတော့ အုပ်ချုပ်သူတွေရဲ့ ပြည်သူတွေအပေါ် ထားတဲ့ `ပညာတတ်စေချင်တဲ့ စေတနာ´ ဘယ်လောက် ရှိမရှိဆိုတဲ့ အပေါ်မှာ မူတည်မှာပါ။
Nature Travel ဆိုတဲ့ စာအုပ်တအုပ်ကို ငှားယူခဲ့ပြီးတော့ စာကြည့်တိုက် အပြင်ကို ပြန်ထွက်လာတော့ မှောင်စပျိုးနေပါပြီ။
ခပ်သော့သော့ လေနုအေး တချက်က မပြုံးတုံ့ပြုံးတုံ့ဟန်နဲ့ ဝေ့ခနဲ တိုက်ခတ်တာကြောင့် စိမ့်ခနဲ ခံစားလိုက်ရပါတယ်။ စာကြည့်တိုက်နား တ၀ိုက်က အပင်အုံ့ဆိုင်းဆိုင်းတချို့လည်း လက်ကျန်အရွက် အနည်းငယ် တန်ဆာဆင်ထားတဲ့ အကိုင်းတွေက ဟိုယိမ်းဒီယိမ်း…။
စာကြည့်တိုက်ကို ပြန်ကြည့်မိတော့ နီယွန်မီးရောင် ထွန်းထားတဲ့ စာကြည့်တိုက် အ၀င်ဝက ပညာအလင်းပါ စွက်ထားလို့ ထင်ရဲ့…၊ လင်းချင်းပါဘိ။ ထည်ဝါပါဘိ။ ခန့်ညားပါဘိ။
ကလိုစေးထူး
8 comments:
ကိုကြီးစေးထူးရေ အဲဒီ Nature Travel စာအုပ်လေးဖတ်ချင်တယ်ဗျ ဖတ်ပြီးရင်ပြောပြပါလား upload တင်ပေးလို့ရော ရဘူးလားဟင် :)
ဟုတ်ပါ့အစ်ကိုရယ်။ စာကြည့်တိုက်ကြီးကခမ်းနားလိုက်တာ။ ပညာရှာဖို့အင်မတန်မှကောင်းတဲ့နေရာပါပဲ။ ဒီရောက်ခါစတုန်းကလည်း အရမ်းကိုအံ့သြမိတယ်။ စာကြည့်တိုက်ကိုပဲခဏခဏလာချင်မိအောင်ဆွဲဆောင်နိုင်တယ်
နော်။ သမီးတို့အခုနေတဲ့နေရာမှာရှိတဲ့စာကြည့်တိုက်နဲ့အထဲကပုံစံတွေကခပ်ဆင်ဆင်ပဲ။တစ်ပုံစံတည်းလို့တောင်ပြောလို့ရတယ်။ အပြင်ကတော့မတူဘူးပေါ့။ အဲဒါဘယ်နေရာမှာရှိတာလဲဟင်။
ကိုစေးထူး .. ဒီပို့စ်လေးက အတော်လေးဗဟုသုတ ဖြစ်စေပါတယ် ။ ပညာရေးဘလောဂ့်မှာ ပြန်တင်ခွင့် ပေးပါ ။
Let's me think!!
In burma,Do we have that kind of Libarary in Yangon?
If so,where is it?
Can everybody can use freely?
How about the facilities?
Oh!
What am I talking about?
ကိုကလိုစေးထူးရေ….
“စာကြည့်တိုက်မှာ..” ကို ဖတ်လိုက်ရတော့ ကျနော်တို့ တက်ခဲ့တဲ့ကျောင်းတော်က အင်မတန်သေးငယ်လှတဲ့ စာကြည့်တိုက်ကို ပြေးသတိရမိပါတယ်။ ကျောင်းသားဘ၀က အဲဒီ စာကြည့်တိုက်ထဲကို အချိန်တော်တော်များများရောက်ခဲ့တယ်။ သို့သော် စာကြည့်တိုက်က စာအုပ်ငှားဖတ်တာထက် ကိုယ့်ဟာကိုယ် ကျောင်းစာ ၀င်လုပ်ခဲ့တဲ့အချိန်တွေက များတာပေါ့ဗျာ။
စင်ကာပူရောက်တော့လည်း စာကြည့်တိုက်ကြီးတွေ ဟီးနေတာကိုတွေ့နေရ။ သို့သော် ကျနော်တို့မှာ ရေငတ်တုန်းရေတွင်းထဲကျလို့ ပြောရမယ့်အစား “မျောက်အုန်းသီး”ရ လို့ပြောရရင်ပိုမှန်မယ်။ ဘယ်လို ထိထိရောက်ရောက်သုံးရမယ် မသိသေးဘူး။ ကျနော် လိုင်ဘရီက စာအုပ်တွေ ကြိုးစားပမ်းစား ငှားဖတ်ပါတယ်။ သို့သော် စာဖတ်တဲ့အလေ့က သိပ်မရင့်သန်ခဲ့တာက တကြောင်း၊ အင်္ဂလိပ်စာမကောင်းတာကတကြောင်း ထင်သလောက် ခရီးမပေါက်လှဘူး။
သို့သော်….စာဖတ်ခြင်းကြောင့် ဗဟုသုတနဲ့ အသိဥာဏ် ရင့်သန်နေတဲ့သူတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ လက်တွေ့မျက်မြင် တွေ့နေရတော့ စာကြည့်တိုက်ရဲ့ အကျိုးကျေးဇူးကြီးမားပုံကိုတော့ သိနားလည် ခံစားလို့ရပါတယ်။ တကယ်တော့ စာကြည့်တိုက်ဆိုတာ လူတွေရဲ့ အသိဥာဏ်ကို ဖွံ့ထွားအောင်ပြုလုပ်ပေးနိုင်တဲ့အရာ။ လူတွေ့ရဲ့ ဥာဏ်အလင်းကို ဖွင့်ပေးတဲ့ နေရာတခုဘဲ။
ကျနော်တို့ မြန်မာပြည်က ကျေးလက်တောရွာလေးတွေမှာ ကလေးဖတ်စာပေကစလို့ အမျိုးအစားစုံလင်တဲ့ စာအုပ်တွေ ထားရှိနိုင်တဲ့ စာကြည့်တိုက်ကလေးတွေ ပေါ်လာအောင် ကျနော်တို့ ကြိုးစားသင့်တယ်လို့ထင်ပါတယ်။ ကျနော်သိတဲ့ မိတ်ဆွေတချို့ဆိုရင် ရန်ကုန်နဲ့ မဝေးလှတဲ့ မြို့ငယ်တခုမှာ ကိုယ်ထူကိုယ်ထ စလုပ်နေကြတာ အတော်လေး ခရီးရောက်နေပြီ။
စာကြည့်တိုက်ကြောင့် ကျနော်တို့ ဥာဏ်အလင်းရောင်ဟာ မီးရှူးတိုင်တမျှ ထိန်ထိန်ညီး မလာရင်တောင်မှ ဆီမီးခွက်လောက်တော့ လင်းလက်လာနိုင်မှာပါ။ အဲသည် ဆီမီးခွက်ကလေးတွေ မြန်မာပြည်အနှံ့မှာ လင်းလက်လာတဲ့တနေ့ကြရင် အခုမြန်မာပြည်ပေါ်မှာ ကြီးစိုးနေတဲ့အမှောင်ထုကြီးဟာလည်း ပျက်ပြယ်ရတော့ပေမပေါ့ဗျာ။
ခင်မင်စွာဖြင့်
ကိုပေါ
ကိုစေးထူးရေ.. ခုမှပဲ စာကြည့်တိုက်ထဲကို သေသေချာချာ ၀င်ကြည့်ဖြစ်တယ်.. အဆင်ပြေအောင် ဘက်စုံက ဖြည့်ဆည်းပေးထားတာ အားကျ အတုယူစရာပဲ..
ညီမမယ်လိုဒီရေ…၊ အဲဒီစာအုပ်က စာမျက်နှာပေါင်း ၂၈၀ ကျော်တော့ ပြီးအောင် ဖတ်နိုင်ပ့ါမလားတောင် မသိဘူး။ :D စာအုပ်ကို Nature Company Guide အနေနဲ့ ထုတ်ပြီးတော့ David Rains Wallace, Dwight Holing, Susanne Methvin တို့က ပြုစုပါတယ်။ အဓိကအားဖြင့်ကတော့ အမေရိကန်က သဘာဝ တောတောင်၊ ရေမြေနဲ့ တိရစ္ဆာန်တချို့ အကြောင်း၊ Nature နဲ့ ဆိုင်တဲ့ ပန်းခြံတွေ အကြောင်း ပြုစုထားတာပါ။ သေချာတာကတော့ အဲဒီစာအုပ်ကို ဘယ်လိုမှ ပြီးအောင် ဖတ်နိုင်ဖို့ မလွယ်တာပါပဲ။ :D ဗဟုသုတ သဘော လေ့လာချင်တာနဲ့ ငှားလာတာပါ။
ဝင်္ကပါ…၊ စာကြည့်တိုက်က ခမ်းနားတယ်ဆိုတာထက် စာလာဖတ်ချင်အောင် ဆွဲဆောင်နိုင်တယ်လို့ ပြောရင် ပိုမှန်မယ်ထင်တာပါပဲ။ ဒါတောင် နယ်မြို့သေးသေးလေးက စာကြည့်တိုက်ပဲ ရှိသေးတယ်။ နေရာကတော့ ကျနော်နေတဲ့ မြို့မှာပါ။ :D
ဂျစ်တူး…၊ ပညာရေး ဘလော့ဂ်မှာ တင်မှာကို ကျေးဇူးတောင် ပြန်တင်ရအုံးမှာပါ။ :)
Anonymous ခင်ဗျာ၊ မြန်မာပြည်မှာ အဲဒီလို စာကြည့်တိုက်မျိုး လောလောဆယ်မှာ မရှိသေးပေမယ့် နောင်တချိန်မှာ ရှိလာခဲ့ရင်ပေါ့…။ :)
ကိုပေါ…၊ ကျနော်လည်းပဲ ဒီက စာကြည့်တိုက်ကို မြင်တော့ ကျနော်တို့ နယ်မြို့က စာကြည့်တိုက်လေးကို သတိရမိပြီး တင်ဖြစ်တာလဲ ပါပါတယ်။ သူတို့လောက် တခမ်းတနားကြီး မလုပ်ပေးနိုင်သည့် တိုင်အောင် ကိုယ့်နိုင်ငံသားတွေ ပညာရေး မြင့်မားစေဖို့အတွက် အာဏာပိုင်တွေအနေနဲ့ ဒါကို စေတနာ တကယ်ထားပြီး လုပ်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲလို့လဲ တွေးမိပါတယ်။ မှတ်ချက်ကို ဂရုတစိုက်နဲ့ ရေးပေးသွားတဲ့ အတွက် ကျေးဇူးပါဗျာ။
နုစံ…၊ ဟုတ်ပါတယ်…၊ အားကျစရာကောင်းလွန်းတာတော့ အမှန်ပါပဲ။
မှတ်ချက် ပေးကြသူအားလုံးကို ကျေးဇူးတင်ရှိပါတယ်။
လာဖတ်တာ နောက်ကျသွားတယ် ကိုကိုကြီးမောင်စေးထူးရေ
ဒီပို့စ်လေးအတွက် ကျေးဇူးပါပဲ။
အဲဒီအထဲက စာအုပ်တွေ ကုန်အောင်ဖတ်နော်။ :P
Post a Comment