ကျနော်တို့ မိသားစုမှာ ဖေဖေက သီချင်းနားထောင်တာ ၀ါသနာပါပြီးတော့ မေမေကတော့ စာဖတ်တာကို ၀ါသနာ ပါပါတယ်။
သီချင်းနားထောင်တာကို ၀ါသနာပါတဲ့ ဖေဖေက သူကြိုက်တတ်တဲ့ ဟင်္သာတအောင်တင်ဝင်း ခွေကို ဖွင့်ပြီး နားထောင်နေတဲ့ အချိန်မှာ မေမေက ခပ်လှမ်းလှမ်းက ကုလားထိုင်မှာ စာအုပ်တအုပ်အုပ်ကို စူးစူးစိုက်စိုက် ဖတ်နေလေ့ ရှိပါတယ်။ ကျနော်ကျတော့ ဖေဖေ့ဆီကရော မေမေ့ဆီကပါ ၀ါသနာ နှစ်မျိုးလုံးကို မျှယူလိုက်မိတယ် ထင်ပါရဲ့…။ သီချင်းဆိုရင်လည်း နားထောင်လိုက်ချင်…၊ စာအုပ် ဆိုရင်လည်း ဖတ်လိုက်ချင်ပါပဲ။
မေမေက ကျနော်တို့ကို စာသိပ်ဖတ်စေချင်ပါတယ်။ အဲဒါကြောင့်ပဲ အိမ်မှာ ကျနော်တို့ ကလေးတွေ အကြိုက် ရွှေသွေးဂျာနယ်ကို အပတ်စဉ် ၀ယ်ယူသလို လစဉ်ထုတ်ဝေတဲ့ တို့ကျောင်းသား စာစောင်ကိုလည်း ကျနော်တို့ ညီအကိုကို ဖတ်စေခဲ့ပါတယ်။
ကျနော် မေမေ့ခြေရာ အနင်းလွန်လို့ သုံးတန်းတုန်းက ပထမအစမ်း စာမေးပွဲ ကျခဲ့ဖူးတာကို ပြောပြချင်ပါသေးတယ်။
ကျနော်တို့ မူလတန်းတုန်းက စာမေးပွဲသွားဖြေရင် အောက်ကနေ ခံရေးဖို့ သတင်းစာ၊ ဒါမှမဟုတ် တခြား စာအုပ်တခုခုကို ဆရာ/ဆရာမတွေက အတန်းထဲ ယူခွင့် ပေးလေ့ရှိပါတယ်။ ကလေးတွေဆိုတော့ ကူးချရကောင်းမှန်းလဲ မသိကြဘူးကိုး…။ အဲဒီတော့ အဲဒီနေ့က (မှတ်မှတ်ရရ သင်္ချာဖြေမယ့်နေ့မှာ) ကျနော့်ကို မေမေက ရွှေသွေးဂျာနယ် တစောင်ကို ကွန်ပါဘူးမှာ သားရေပင်လေးနဲ့ ပတ်ပြီး ကျောင်းကိုလွှတ်လိုက်ပါတယ်။
စာမေးပွဲခန်းထဲရောက်တော့ ဆရာမက မေးခွန်း လာမပေးမီ ပါလာတဲ့ ရွှေသွေးဂျာနယ်ကို ဟိုဟိုဒီဒီ လျှောက်ဖတ်မိပါလေရော…။ ဂျာနယ်ထဲမှာ မြို့တခုကို လာသိမ်းတဲ့ စစ်သည်တွေက ဘယ်လိုမှ သိမ်းလို့မရဖြစ်နေတုန်းမှာ မြင်းရုပ်အကြီးကြီးတခုကို မြို့ပြင်မှာ လာထားခဲ့တော့ အဲဒီမြို့ထဲက လူတွေက မြင်းရုပ်ကြီးကို မြို့ထဲယူသွင်းမိတာ ညဘက်ရောက်တော့ မြင်းရုပ်ထဲမှာ ပုန်းအောင်းနေတဲ့ စစ်သားတွေက မြို့ကို တိုက်ခိုက် သိမ်းယူလိုက်တဲ့ ပုံပြင်အကြောင်း ရေးထားပါတယ်။
ဆရာမက မေးခွန်းစာရွက် လာပေးတာတောင် ဘာမှမဖြေအားသေးဘဲနဲ့ အဲဒီပုံပြင်ကိုပဲ ထပ်ခါထပ်ခါ ဖတ်နေမိပါတယ်။ ဆရာမက နောက်တော့ သတိထားမိပြီး `သား၊ စာမေးပွဲဖြေလေ´ လို့ ပြောတဲ့ အချိန်ကျတော့ အချိန်က နာရီဝက်တောင် မကျန်တော့ပါဘူး။ အဲဒီလိုနဲ့ ကျနော် စာမေးပွဲ ကျခဲ့ဖူးပါတယ်။
***
ကျနော့်ဘ၀မှာ ကျောင်းစာပြင်ပက စာကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ခဲ့ဖူးတာကလည်း ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် တအုပ်ပါပဲ။ မျက်စိ မလည်သွားကြပါနဲ့။ ကျနော် လေးတန်းလောက်မှာ ကျနော့် ဦးငယ် အဆင့်မြင့်တန်း ကျောင်းသားရဲ့ (အခုခေတ် အထက်တန်းကျောင်းကို ဟိုတုန်းကတော့ အဆင့်မြင့်တန်း ကျောင်းလို့ ခေါ်ပါတယ်) မြန်မာစာ ပြဋ္ဌာန်း စာအုပ်ကို ယူဖတ်မိရာက အဲဒီအထဲက စကားပြေတွေ၊ ၀တ္ထုတိုတွေကို အကြိုက်ကြီး ကြိုက်ခဲ့ပါတယ်။ `ကိုဇော်ဝိတ်နဲ့ တိုင်းလုံးကျော် လက်ဝှေ့ပွဲ´ `မောင်ဘစီ´ `မင်းတုန်းမင်းနှင့် ငါးခြောက်ပြား´ `လှည်းဆရာနဲ့ လင်္ကာဆရာ´ `စလောင်းဖုံးတချပ်´ အစရှိတဲ့ စကားပြေတွေ၊ ၀တ္ထုတိုတွေကို တော်တော်လေးကို နှစ်သက်ခဲ့ရဖူးပါတယ်။
ကျနော့်ရဲ့ ထူးခြားတဲ့ အကျင့်ကတော့ ကျောင်းသားဘ၀ တလျှောက်လုံးမှာ နှစ်စဉ် ကျောင်းသုံး မြန်မာစာ ပြဋ္ဌာန်းစာအုပ်တွေကို စွဲစွဲမက်မက် ဖတ်လေ့ ရှိတာပါပဲ။ တခြားဘာသာတွေထက်စာရင် ပုံပြင်တွေ၊ ၀တ္ထုတွေ၊ ဇာတ်တော်တွေ ပါဝင်တတ်တဲ့ မြန်မာစကားပြေ ကို ပိုနှစ်သက်ခဲ့ပါတယ်။ ကဗျာထက်စာရင် စကားပြေကို နှစ်သက်တာက ပိုပါတယ်။
ကျောင်းသုံးစာအုပ် မဟုတ်တဲ့ ပြင်ပ၀တ္ထုထဲမှာ ကျနော် ပထမဦးဆုံး ဖတ်ဖြစ်ခဲ့တာကတော့ တက္ကသိုလ် ဘုန်းနိုင်ရဲ့ `သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်´ ၀တ္ထုပါ။ ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် အဲဒီတုန်းကတော့ ၀တ္ထုရဲ့ ဇာတ်လမ်း ဇာတ်အိမ်ကို နှစ်သက်တာထက် ၀တ္ထုထဲက ဇာတ်ကောင် `မောင်´ စားရတယ်ဆိုတဲ့ ပုဇွန်တုပ်ကြီးတွေကို သွားရည်ယိုပြီး ခဏခဏဖတ်ရင်းကနေ စာအုပ်အဆုံးအထိ ဖတ်ဖြစ်သွားတာပါ။ အဲဒီတုန်းက အသက်ဆယ်နှစ်သား ကျနော့်အတွက် အဲဒီလို ၀တ္ထုကို ကောင်းလား ဆိုးလား ဘာမှန်း သိသေးတာ မဟုတ်ပါဘူး။ နောက်ပိုင်း စာကို အရသာခံ ဖတ်တတ်လာတဲ့အချိန်ကျတော့မှ အဲဒီဝတ္ထုရဲ့ အရသာကို ကောင်းကောင်းခံစားတတ်တာပါ။
ဒီလိုနဲ့ ခြောက်တန်း၊ ခုနှစ်တန်းလောက် ရောက်တော့ မေမေဖတ်တဲ့ စာအုပ်တွေကို လျှောက်ဖတ်ပါတယ်။ ကလေးသာသာဆိုတော့ မေမေ့ စာအုပ်အထူကြီးတွေက ပျင်းစရာကောင်းလှတာနဲ့ စာအုပ် အငှားဆိုင်ကို ချီတက်ပါတယ်။ ကာတွန်းမျိုးစုံ ငှားဖတ်တဲ့ အထိ မေမေက ဘာမှ မပြောသေးပေမယ့် အဲဒီတုန်းက ခေတ်ပေါ် ၀တ္တုတွေကို လက်လှမ်းလာတဲ့ အခါကျတော့ မေမေက တားမြစ်ပါတော့တယ်။ အပွေ့အဖက်၊ အနမ်းအရှုံ့တွေကို အသေးစိတ် ရေးထားလေ့ရှိတဲ့ ၀တ္ထုမျိုးတွေကို ဖတ်မိရင်တော့ ခေါင်းခေါက်ခံထိတော့တာပါပဲ။ နောက်တော့ ဆယ်တန်း မအောင်မခြင်း ပြင်ပ၀တ္ထုတွေ၊ စာတွေ ဖတ်တာကို မေမေက သိသိသာသာကြီး ကန့်သတ်ပါတော့တယ်။ နိုင်ငံရေးနဲ့ ဆိုင်တဲ့ စာတွေကိုလည်း သိပ် အဖတ်မခိုင်းပါဘူး။ ကျောင်းစာကို အာရုံလျော့သွားမှာ စိုးလို့ပါ။ ဒါတောင် ဆယ်တန်းရောက်တော့ စာကြည့်တိုက်ကနေ မေမေမသိအောင် `သခင်သန်းထွန်းရဲ့ နောက်ဆုံး နေ့ရက်များ´ စာအုပ်ကို ငှားပြီးတော့ ခိုးဖတ်ခဲ့ပါသေးတယ်။
ဆယ်တန်းအောင်ပြီးတော့ ကျနော့်ရဲ့ စာဖတ်ခွင့်ကို မေမေက လုံးဝဥဿုံ လွတ်လပ်ရေး ပေးလိုက်ပါတော့တယ်။ အဲဒီမှာတင် စာအုပ်ပေါင်းစုံကို ကျနော် ဖတ်ဖြစ်ခဲ့ပါတော့တယ်။ ဖတ်မိသမျှ အကြိုက်ခဲ့ဆုံး ၀တ္တုရေးဆရာတွေကတော့…
(၁) ကြူမွှေး (ရယ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျနော် သူ့ရဲ့ ဟာသ ၀တ္ထုတွေကို အတော်ကြိုက်ဖူးပါတယ်)
(၂) မောင်သာပြည့် (အတည်အခန့် ဇာတ်အိမ်မျိုး ရေးလေ့ရှိလို့ပါ)
(၃) ကလျာ (၀ိဇ္ဇာ-သိပ္ပံ)
(၄) ဂျူး (ကြာတော့သည်လည်း မောင့်စကား၊ ကျွန်မ၏သစ်ပင်၊ ပင်လယ်နှင့်တူသော မိန်းမများ ၀တ္ထုတွေကို အကြိုက်ဆုံးပါပဲ)
(၅) မောင်သာရ (ထမိန်ကျွတ်၍ လွှတ်လိုက်သည် ကို တော်တော်ကြိုက်ခဲ့ဖူးပါတယ်)
(၆) နွမ်ဂျာသိုင်း (မိုးမခပင်တွေ ဆိုတဲ့ ၀တ္ထုကို အခုထိသတိရနေပါသေးတယ်)
(၇) မောင်စိန်ဝင်း (ပုတီးကုန်း)
(၈) မင်းသိင်္ခ (အခုတော့ မကြိုက်တော့ပါဘူး။ ဒါပေမယ့် သူရေးခဲ့တဲ့ `ဖြစ်ချင်ရာဖြစ် မောင်ဘချစ်´ ၀တ္ထုကို ကျနော် ကြိမ်ဖန်များစွာ ဖတ်လောက်အောင် ကြိုက်နှစ်သက်ခဲ့ဖူးပါတယ်)
(၉) လွန်းထားထား (သူ့ကိုလဲ ဒီလိုပါပဲ၊ အခုတော့ လုံးဝကို မကြိုက်တော့ပါဘူး။ ဒါပေမယ့် ဆယ်ကျော်သက်ဘ၀ကတော့ သူ့ရဲ့ ထူးခြားတဲ့ ဇာတ်ကောင်နာမည်တွေ၊ စရိုက်တွေ၊ ဇာတ်အိမ်တွေကို တော်တော်ကြိုက်ခဲ့ဖူးပါတယ်။)
ရှေးက စာရေးဆရာကြီးတွေရဲ့ စာအုပ်တွေထဲမှာတော့ မင်းဆွေရဲ့ `ဓား´၊ မောင်ထင် ရဲ့ `ငဘ´၊ ဦးဖိုးကျားရဲ့ `ကိုယ်တွေ့ ၀တ္ထတိုများ´ စာအုပ်တွေကို အနှစ်သက်ဆုံးပါပဲ။
ကဗျာဖတ်တဲ့ အားကတော့ အလွန်နည်းတယ်လို့ ဆိုရပါမယ်။ ဒါကြောင့် ကျနော်ဟာ ကဗျာဉာဏ်လဲ အလွန်နည်းပါတယ်။ ဖတ်မိသမျှထဲမှာလည်း မော်ဒန်ကဗျာထက် ဂန္တ၀င်ကဗျာတွေကို ပိုပြီး နှစ်သက်ခံစားရပါတယ်။ ကဗျာဉာဏ်နည်းပါးတဲ့ ဒဏ်က တခါတလေဆိုရင် တချို့ သူငယ်ချင်း ဘလော့ဂါတွေ ရေးတဲ့ မော်ဒန်ကဗျာတွေကို လုံးဝကို နားမလည်တဲ့ အထိပါပဲ။ :D
ဘာသာပြန် စာအုပ်တွေထဲမှာ ဖတ်မိသမျှ အကြိုက်ဆုံးစာအုပ်ကတော့ မောင်ထွန်းသူရဲ့ `ဇစ်မြစ် (The root)´ ဆိုတဲ့ စာအုပ်ပါပဲ။
ဝတ္ထုတို ရေးသူတွေမှာတော့ နေ၀င်းမြင့်၊ ဦးသုခ (မမြင်ရတဲ့မီး ၀တ္ထုတိုကို အနှစ်သက်ဆုံးပါ)၊ မင်းလူ၊ နန္ဒစိုး(ဆင်ဖြူကျွန်း)၊ ခင်ခင်ထူး တို့အပြင် အကျွမ်းတ၀င် မရှိလှတဲ့ စာရေးဆရာတချို့ရဲ့ ၀တ္တုတိုလေးတွေကိုလည်း နှစ်သက်လေ့ရှိပါတယ်။
***
ကျနော် နှစ်သက်တဲ့ စာအုပ်နဲ့ စာရေးဆရာများရဲ့ စာရင်းမှာ ချန်လှပ်ထားလို့ မရတာကတော့ မြန်မာပြည် ပြင်ပကို ရောက်ခဲ့ပြီးမှ ဖတ်ဖြစ်ခဲ့ရတဲ့ စာအုပ်တွေ အကြောင်းပါ။ မြန်မာပြည် ပြင်ပကို ရောက်တော့ ပြည်တွင်းမှာ မဖတ်ဖူးခဲ့ရတဲ့ စာအုပ်မျိုးစုံကို ဖတ်ခဲ့ရပါတယ်။ အဲဒီအထဲကမှ ကျနော် အနှစ်သက်ဆုံး ဖြစ်ခဲ့ရတဲ့ စာအုပ်တွေကတော့…
(၁) လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း (၀င်းနိုင်ဦး)
အခုလောလောဆယ် ကျနော့်ဘလော့ဂ်မှာ အခန်းဆက် တင်နေတဲ့ စာအုပ်ပါပဲ။ မြန်မာပြည် ထောက်လှမ်းရေး စခန်းနဲ့၊ အကျဉ်းထောင်တွင်းက လူမဆန်မှု၊ ရက်စက် ညှဉ်းပန်းမှုတွေကို ရိုးရှင်းပြေပြစ်တဲ့ ရေးဟန်နဲ့ တင်ပြထားတဲ့ ကိုဝင်းနိုင်ဦးရဲ့ အဲဒီစာအုပ်ကို ကျနော် အနှစ်သက်ဆုံးပါပဲ။ တကယ်တော့ အနှစ်သက်ဆုံးလို့ ပြောရတာက အားနာဖို့တောင် ကောင်းနေပါသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီစာအုပ်ဟာ လူငယ်ပေါင်းများစွာနဲ့ ကြယ်ပွင့်ပေါင်းများစွာရဲ့ သွေးကို ကိုယ်စားပြုထားတဲ့ စာအုပ် ဖြစ်နေလို့ လို့ တင်စားချင်ပါတယ်။
(၂) တာတေစနေသား (ဦးနု)
ရိုးသား ပွင့်လင်းတဲ့ ရေးဟန်၊ ဟိတ်ဟန် အလွန်နည်းပါးလှတဲ့ စရိုက်လက္ခဏာတွေ ထင်ဟပ်နေတဲ့ ဦးနုရဲ့ အဲဒီစာအုပ်ကိုလည်း ကျနော် အလွန်နှစ်သက်ပါတယ်။
(၃) မုန်တိုင်းကို ဆန်၍ ပင်လယ်ကို ဖြတ်သောအခါ (ရဲဘော်ရှောင်း)
ကေအင်န်ယူမှာ အခုအချိန်ထိ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်တဲ့ ရဲဘော်ရှောင်းရဲ့ အဲဒီ စာအုပ်မှာ တချိန်က ကိုကိုးကျွန်းအပို့ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အကြောင်းနဲ့ ပင်လယ်ကိုဖြတ်ပြီး လှေတစီးနဲ့ ကိုကိုးကျွန်းကနေ ထွက်ပြေးလာကြပုံကို သဲထိတ်ရင်ဖိုဆန်ဆန် ရေးသားထားပါတယ်။
(၄) ဂလိုဘယ်လိုက်ဇေးရှင်း (အောင်သူငြိမ်း)
ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတာဘာလဲ၊ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ သဘောသဘာဝ၊ ကောင်းခြင်း ဆိုးခြင်းတွေကို ဘက်စုံ ထောင့်စုံကနေ ပြုစု တင်ပြထားတဲ့ အဲဒီစာအုပ်ကို အလွန်နှစ်သက်ပါတယ်။
***
နှစ်သက်မိသမျှ စာအုပ်နဲ့ စာရေးဆရာ စာရင်းတွေကို ရေးပြီးတော့ စိတ်ထဲ တခုစဉ်းစားမိတာက `မြင်းထိန်း ငတာ´ ချီးကျူးနေသလိုများ ဖြစ်နေပြီလားလို့ပါ။ အဲဒါနဲ့ပဲ ဒီလောက်ပဲ ဘရိတ်အုပ်ပါရစေတော့…။
Tag ထားတဲ့ ကိုညိမ်းညိုရေ…။ ကျေနပ်နိုင်မယ် ထင်ပါရဲ့ဗျာ။
ကလိုစေးထူး
9 comments:
အကိုစေးထူးရေ ကျေနပ်ပါတယ်ဗျာ။ ရေးပေးတာ ကျေးဇူးတင်ပါတယ်ဗျ။ ဖတ်လို့ကောင်းတယ်ဗျာ။အင်း..စာချောတဲ့သူတွေများ
ဘယ်အကြောင်းအရာပဲရေးရေး ဖတ်လို့ကိုကောင်းနေတော့တာပဲနော်။ ပျော်ရွှုင်ပါစေဗျာ :)
hote kaung par tae...
Oi, achei seu blog pelo google está bem interessante gostei desse post. Gostaria de falar sobre o CresceNet. O CresceNet é um provedor de internet discada que remunera seus usuários pelo tempo conectado. Exatamente isso que você leu, estão pagando para você conectar. O provedor paga 20 centavos por hora de conexão discada com ligação local para mais de 2100 cidades do Brasil. O CresceNet tem um acelerador de conexão, que deixa sua conexão até 10 vezes mais rápida. Quem utiliza banda larga pode lucrar também, basta se cadastrar no CresceNet e quando for dormir conectar por discada, é possível pagar a ADSL só com o dinheiro da discada. Nos horários de minuto único o gasto com telefone é mínimo e a remuneração do CresceNet generosa. Se você quiser linkar o Cresce.Net(www.provedorcrescenet.com) no seu blog eu ficaria agradecido, até mais e sucesso. If is possible add the CresceNet(www.provedorcrescenet.com) in your blogroll, I thank. Good bye friend.
"ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် အဲဒီတုန်းကတော့ ၀တ္ထုရဲ့ ဇာတ်လမ်း ဇာတ်အိမ်ကို နှစ်သက်တာထက် ၀တ္ထုထဲက ဇာတ်ကောင် `မောင်´ စားရတယ်ဆိုတဲ့ ပုဇွန်တုပ်ကြီးတွေကို သွားရည်ယိုပြီး ခဏခဏဖတ်ရင်းကနေ စာအုပ်အဆုံးအထိ ဖတ်ဖြစ်သွားတာပါ။"
ကိုစေးထူးရေ ဒီစာကြောင်းကို ဖတ်ပြီး ရယ်မိပါတယ်။ ပုံရိပ်လည်း အဲဒီ ခံစားချက်နဲ့ ဖတ်ဖူးလို့ပါ...ဟီး။
ကိုစေးထူးရင်ထဲက စာအုပ်တွေအကြောင်း လာဖတ်သွားတယ် ကိုစေးထူးရေ.။
ဒါနဲ့ ဘလော့ဂါ ပန်ဒိုရာရဲ့ စာတွေရော ဖတ်ဖူးလား။ တော်တော်ကောင်းတယ်ဆိုပဲ။ ဟီးး..
အကြိုက်ဆုံးက ဆရာတက္ကသိုလ် ဘုန်းနိုင် နှင့် ဂျူး။
ဝတ္တုတိုလေးတွေထဲက တိုက်ဆိုင်တိုင်း သတိရတာက ချောင်းဟန့်သံ။
ကိုညိမ်းညိုရေ…။ ကျေနပ်မှု ရှိတယ်ဆိုတော့ ရေးရကျိုး နပ်တာပေါ့ဗျာ။ :) bubbles ကောင်းရင် နောက်လဲ လာဖတ်။ :D
ပုံရိပ်…။ ဒါလဲ စာပေရဲ့ ဆွဲဆောင်မှု တမျိုးပဲ နေမှာ။ :D
ဒိုရာ…။ ဘလော့ဂါ ပန်ဒိုရာရဲ့ စာတွေတော့ မဖတ်ဖူးဘူး။ ခပ်ညစ်ကျယ်ကျယ်နိုင်တဲ့ မမလေး တယောက်ရဲ့ စာတွေတော့ ဖတ်ဖူးတယ်။ :P
သက်လည်ကို…။ ချောင်းဟန့်သံ ကို ကျနော်တော့ မဖတ်ဖူးဘူး။ :)
ိုကိုစေးထူး ကြိုက်တဲ့ စာရေးဆရာနဲ့ လေပြေ ကြိုက်တဲ့ စာရေးဆရာ တော်တော် များများတူတယ်၊ ကြူမွှေးကို ၀တ္ထု စာအုပ် စ ဖတ်တုံးက ဆို အသဲစွဲပဲ၊ မင်းသင်္ခ ကိုလဲ မကြိုက်ဘူး၊ ကျန်တာ အားလုံးကြိုက်တယ်၊ လမင်းမိုမိုတို့ ၊ နေနွယ်ဇင်မြင့်တို့ ဘာတို့လဲ ကြိုက်တယ်၊ မောင်သာရတော့ မဖတ်ဖူးဘူး၊ ထမိန် ကျွတ်၍ လွတ်လိုက်သည်၊ ဆိုတာ ခေါင်းစဉ်လေးက အစ စိတ်ဝင်စားဖို့ကောင်းတယ်၊ ဖတ်ချင်လိုက်တာ၊ ကိုစေးထူးမှာ ရှိရင် မျှပါလား၊ ကျေးဇူးပါ၊
Hi Ko say htoo:
Would you give me a name of the book with baba U Thuka short stories you mentioned ဦးသုခ (မမြင်ရတဲ့မီး )
Thank you.
m
Post a Comment