Thursday, November 01, 2007

သရဲမကြောက်တတ်သူ…


ဒီနေ့ညနေမှာ…၊ မမေဘလော့ဂ်ကို ဖတ်မိတော့ သရဲ ချောက်လွှတ်တာ ခံလိုက်ရတာနဲ့ သူ့ဆီက သရဲကို ဒီဘလော့ဂ်ကို ခေါ်လာခဲ့ပါတယ်။

ဒီမှာကတော့ သိတဲ့အတိုင်း ဟော်လိုဝင်း ရာသီပေါ့…။ ကြောက်စရာကောင်းတဲ့ သရဲရုပ်ကို ချစ်စဖွယ်ဖြစ်အောင် ဖန်တီးထားတဲ့ ပုံစံအမျိုးမျိုး အရုပ်လေးတွေ တကိုင်ကိုင်၊ တချို့လည်း သရဲခေါင်းစွပ်လေးတွေ စွပ်လို့ ကလေးလေးတွေက ချမ်းစေးစေး ဆောင်းဦးပေါက်နဲ့အတူ အိမ်တွေမှာ သကြားလုံး လိုက်တောင်းကြတာက ကိုယ့်ရိုးရာ မဟုတ်ပေမယ့် သူတို့အစား ပျော်စရာပါ။

မမေရဲ့ ပို့စ်ကိုဖတ်မိတော့ သရဲကြောက်တတ်တဲ့ ကျနော့် ညီလေးနဲ့ ညီမလေးကို ချက်ချင်း သတိရသွားမိပါတယ်။ ဒါဆို ကျနော်ကရော…???။ သရဲ မကြောက်တတ်ဘူး လို့ ကြွေးကြော်ခဲ့တဲ့ ကျနော်တယောက် လူမသိ သူမသိ သရဲ ကြောက်ခဲ့ရဖူးတာကို တွေးမိတော့ ကိုယ့်ကိုယ်ကို ရယ်ချင်မိသွားရင်း အတိတ်ကို ပြန်သတိရမိပါရဲ့…။

***

ကျနော်ရဲ့ ပထမနှစ် ဆယ်တန်းကျောင်းသား ဘ၀တုန်းကပါ။ (ကျနော်က ဆယ်တန်းကို နှစ်နှစ်ကြီးများတောင် အားရပါးရ နေခဲ့ရတာကိုး)။

အစိုးရစစ် စာမေးပွဲလည်း ဖြစ်၊ ဆယ်တန်းဆိုတာက မြန်မာပြည်က လူငယ်တွေအတွက် ဘ၀ရဲ့ အချိုးအကွေ့ တခုသဖွယ်လည်း ဖြစ်တော့ မေမေက ကျနော့်ကို အထူးဂရုစိုက်ပါတယ်။ အဓိကအချက်ကတော့ စိတ်မလေလွင့်စေဖို့ပါ။ သူကိုယ်တိုင်က ကျောင်းဆရာမဆိုတော့ သူ့သားကို ဆယ်တန်း နှစ်ချင်းပေါက်အောင်ဖို့အတွက် ကျောင်းစာကို အမြဲ အာရုံစိုက်နေဖို့ တောက်လျှောက်ကို ကြပ်မတ်ပါတယ်။

အဲဒီလောက် ကြပ်မတ်နေတဲ့ ကြားက အဲဒီနှစ်မှာ ကျနော် ရောဂါပိုး ထခဲ့တာ တခုရှိပါတယ်။ အဲဒါကတော့ `ဂီတပိုး´ပါ။ လမ်းဘေးအုတ်ခုံက သီချင်းဝိုင်းလေးတွေမှာ ပင်တိုင် အဆိုတော် လုပ်ရတာကို မွေ့လျော်စ ပြုလာတဲ့ ပိုး ပါ။ (အခုတော့လည်း ဘာမှ ဖြစ်လာတာမဟုတ်)။ မေမေ မသိအောင် ဂစ်တာတီး ခိုးသင်ပါတယ်။ ညညဆိုရင် စာကျက်ချင်ယောင်ဆောင်ပြီး မေမေ မသိအောင် သီချင်းခိုးရေးပါတယ်။

ကျနော်တို့ မြို့ကလေးမှာက သီတင်းကျွတ်၊ တန်ဆောင်တိုင်ဆိုရင် လူငယ်တွေရဲ့ စတေ့ရှိုးပွဲလေးကို နှစ်စဉ်လိုလို စီစဉ်ကြလေ့ရှိပါတယ်။ အဲဒီပွဲမှာ တီးနေကြ သူငယ်ချင်း ဂစ်တာသမားကို ကျနော်ရေးထားတဲ့ သီချင်းလေးတွေ ပြတော့ သူက `မင်း သီချင်းတက်ဆိုကွာ´ လို့ ကျပ်ပေးပါတယ်။ ကျနော်ကလည်း ဖိုးကျိုင်းတုတ်ပေါ့။ တချက်ကလေးမှတောင် ဟန်မဆောင်နိုင်ပဲ `အေး၊ ဆိုမယ်ကွာ´ ပေါ့…။

ဟိုကကြား ဒီကကြားနဲ့ မေမေက ကျနော် စင်ပေါ်တက် သီချင်းဆိုမှာကို သိသွားပါတယ်။ ဆယ်တန်း ကျောင်းသားဘ၀မှာ အဲဒါမျိုးတွေဟာ စာထဲကို စိတ်ဝင်စားမှု နည်းပါးသွားစေနိုင်တာမို့ `သားကြီး၊ သီချင်းတက်မဆိုနဲ့နော်´ လို့ တားရှာပါတယ်။ ကျနော်ကလည်း မေမေကျေနပ်အောင် `ဟုတ်ကဲ့´ ပေါ့။ ဒါပေမယ့် ညဘက် မေမေ အိပ်ပျော်ပြီဆိုတာနဲ့ အိမ်ကနေ တိတ်တိတ်လေး ခိုးထွက်ပြီး သီချင်းတိုက်တဲ့ နေရာကို သွားခဲ့တာပါပဲ။

သီတင်းကျွတ် လပြည့်နေ့ကို ရောက်ဖို့လဲ နီးလာရော ကျနော်က မေမေ့ကို `မေမေ၊ သား ကြီးမေတို့ရွာကို သွားလည်မယ်၊ လပြည့်ကျော်မှ ပြန်လာမယ်´ လို့ ပြောပါတယ်။ မေမေက အားရ၀မ်းသာနဲ့ပဲ `အေး၊ အေး သွားလည်လေ´ လို့ ခွင့်ပြုရှာပါတယ်။ မေမေ့စိတ်ထဲမှာတော့ ကျနော် စင်ပေါ် သီချင်းတက်မဆိုလောက်တော့ဘူး ပေါ့။ အဲဒီရွာကလေးက ကျနော်တို့ မြို့ကနေ သုံးမိုင်သာသာလောက် ဝေးတယ်လေ။

လပြည့်နေ့ရောက်တော့ အဲဒီရွာကလေးကနေ ကျနော်တို့ မြို့ကို ညနေစောင်းကတည်းက မေမေမသိအောင် ပြန်လာပါတယ်။ စတေ့ရှိုးလုပ်မယ့် အချိန်မရောက်ခင် အထိ သူငယ်ချင်းအိမ်မှာ ခဏနေနေတာပေါ့။ စတေ့ရှိုးလုပ်လို့ ကျနော့် အလှည့်ရောက်တော့ သီချင်းတက်ဆိုပေါ့။ မေမေ စင်အောက်မှာ ရောက်နေလား မရောက်နေလား ကျနော်မသိပါဘူး။ အဲဒီတုန်းက ကျနော်က ဆိုချင်တာပဲ သိတယ်လေ…။ ထားပါတော့…။

စတေ့ရှိုးပွဲ ပြီးတော့ ကျနော် အိမ်ပြန်မအိပ်ရဲပါဘူး။ မေမေဆူမှာ ကြောက်တာကိုး…။ ဒီလိုနဲ့ လကလည်း သာနေတော့ ရွာကလေး ရှိရာကိုပဲ ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တောလမ်းလေးအတိုင်းပေါ့…။ ကောင်းကင်ပေါ်မှာတော့ လမင်းက ထိန်ထိန်သာလို့…။

***

မြို့ကနေ စထွက်လာတော့ လရောင်အောက်မှာ လမ်းကလေးက ကွေ့ကောက်ကောက်၊ သီချင်းလေး တကြော်ကြော်နဲ့ စောစောက စင်ပေါ်တက် သီချင်းဆိုခဲ့ရတဲ့ အရသာကို တွေးပြီး တယောက်ထဲ အကျေနပ်ကြီး ကျေနပ်လို့ပေါ့…။

ဒီလိုနဲ့ ရွာနားကို တစတစနဲ့ နီးလာတော့…။

လေက ၀ူးခနဲ တချက် တိုက်လာတော့ ဘာရယ်ကြောင့်မသိ၊ ကြက်သီးတွေ တဖြန်းဖြန်း ထလာပါတယ်။ ကျောထဲမှာလည်း စိမ့်ခနဲ ခံစားရသလိုလို၊ ဘေးဘီကို အကဲခတ်မိတော့….။

`ဟင်…၊ ငါ သင်္ချိုင်းနားကနေ ဖြတ်သွားနေတာပါလား´

စောစောက သီချင်းတကြော်ကြော် အော်ဆိုနေတုန်းက အကောင်းသား…၊ ဘာကိုမှလည်း ကြောက်ရမှန်း မသိ။ အခုတော့ သင်္ချိုင်း ဆိုတဲ့ အသိ ၀င်လာတော့ စိတ်ထဲမှာ မသိုးမသန့် ဖြစ်တာက တားမရဘူး။ ဖတ်ဖူးတဲ့ ပုံပြင်တပုဒ်ကို သတိရမိတယ်။ မြို့ပြင်မှာ ကျန်ခဲ့တဲ့ ကလေးလေးကို ဘီလူးတွေက စားမယ်လုပ်တော့ ကလေးလေးက `ဗုဒ္ဓံ ပူဇေမိ´ ရွတ်လိုက်တာ ဘီလူးတွေ စားမရဘူးတဲ့။ ဒါနဲ့ပဲ သီချင်းအော်ဆိုနေတာကို ရပ်လို့၊ ပါးစပ်ကလည်း ဆီမန်းမန်းသလို `ဗုဒ္ဓံ ပူဇေမိ´ ကို အထပ်ထပ် ရွတ်မိပြန်ရော…။

အရေးထဲ ကြက်သီးတွေကလည်း ထလိုက်တာ။ တချို့ကပြောတယ်။ လူတွေကသာ သရဲတစ္ဆေတွေကို မတွေ့တာ တခါတလေကျရင် လမ်းသွားရင်းနဲ့ သူတို့ကို တိုက်မိတတ်သတဲ့၊ အဲဒီလို တိုက်မိလို့ ကြက်သီးထတာ ဆိုပဲ။ ဘုရား၊ ဘုရား၊ `ဗုဒ္ဓံ ပူဇေမိ´`ဗုဒ္ဓံ ပူဇေမိ´ `ဗုဒ္ဓံ ပူဇေမိ´။

ဘုန်းကံမြင့်သူတွေကို သရဲ မခြောက်နိုင်ဘူးလို့လဲ ကြားဖူးတယ်။ ကံမြင့်တဲ့လူတွေက သရဲကို လုံးဝ မကြောက်ဘူး…တဲ့။ ငါမကြောက်ဘူးကွ။ ငါက ကံမြင့်တယ်။ `ဗုဒ္ဓံ ပူဇေမိ´`ဗုဒ္ဓံ ပူဇေမိ´ `ဗုဒ္ဓံ ပူဇေမိ´။

ဒီလိုနဲ့ သွားနေရင်းနဲ့ တနေရာအရောက်…။

`ဗြုံး´ ဆို လူက ခြေထောက်တွေကို တယောက်ယောက်က ဆွဲချလိုက်သလို အောက်မှာ လေဟာနယ်ကြီး ဖြစ်သွားပြီး ခြေပစ်လက်ပစ် ပြုတ်ကျသွားတယ်။ အလန့်တကြားနဲ့ ကုန်းရုန်းထတော့ နောက်ကနေ ပုဆိုးစကို တယောက်ယောက်က ဆွဲထားသလိုပဲ တင်းနေပြန်တယ်။ အဲဒီနေရာမှာကလည်း ဖြစ်ချင်တော့ သစ်ပင်တွေက အုပ်ဆိုင်းဆိုင်းနဲ့ ဆိုတော့ မှောင်ဝါးဝါးဖြစ်နေတယ်၊ ဓာတ်မီးကလည်း ပါမလာ။ ပြီးတော့ တယောက်တည်း…။ ဒါနဲ့…။

`ဟေ့ရောင်၊ သရဲလားကွ၊ ငါမကြောက်ဘူးနော်၊ ဗုဒ္ဓံ ပူဇေမိ ဗုဒ္ဓံ ပူဇေမိ ဗုဒ္ဓံ ပူဇေမိ´

ဘာသံမှမကြားဘူး…။

`ငါ ဘုန်းကံမြင့်တယ်ကွနော်၊ ဗုဒ္ဓံ ပူဇေမိ ဗုဒ္ဓံ ပူဇေမိ ဗုဒ္ဓံ ပူဇေမိ´

ပါးစပ်ကနေ `ဗုဒ္ဓံ ပူဇေမိ´ ကို အထပ်ထပ်ရွတ်ပြီးတော့ အတင်းကုန်းထတော့ ပုဆိုးက တင်းနေပြန်တယ်။ အဲဒီအခိုက်မှာပဲ အနောက်နားက တောအုပ်လေးထဲကနေ `ဖြောင်း´ ဆိုပြီး အသံတခု ထွက်လာတယ်။ သေချာပါပြီ……….။

`အောင်မလေး သရဲ (((((((((((((((((( သရဲခြောက်ပါတယ်ဗျို့(((((((((´

ကြောက်ကြောက်နဲ့ အတင်းကုန်းထပြီး ပြေးလိုက်တာ ဘယ်လိုက ဘယ်လို ရွာထဲကို ရောက်လာတယ် မသိဘူး။ ရွာထိပ်ရောက်တော့ လူပျိုလှည့်ပြန်လာကြတဲ့ အကိုဝမ်းကွဲတွေကို ဓာတ်မီးတ၀င်းဝင်းနဲ့ တွေ့တော့မှ ကြောက်စိတ်ပြေတော့တယ်။

***

နောက်တနေ့ မနက်မိုးလင်းလို့ အဲဒီနေရာကို အကိုတွေနဲ့ အတူတူ သွားပြန်ကြည့်တော့ လားလား၊ ကျနော်က မမြင်မကန်းနဲ့ လှည်းလမ်းချောက်ထဲကို ပြုတ်ကျတာကိုး…။ အောက်က သစ်ငုတ်နဲ့ ငြိနေတဲ့ ကျနော့်ပုဆိုးက ပုံလျက်သားလေး…။ အနောက်က တောစပ်နားမှာတော့ အကိုင်းကျိုးနေတဲ့ အင်ပင်တပင်…။ အကိုတွေက ကျနော့် တဟားဟားနဲ့ ရယ်လိုက်တာမှ…။

တယောက်ယောက်က `သရဲကြောက်တတ်လား´ လို့ ကျနော့်ကို မေးရင် `မကြောက်ပါဘူး´ လို့ ကျနော် အမြဲဖြေနေတုန်းပါပဲ။ ဒါပေမယ့် အဲဒီ သီတင်းကျွတ်လပြည့်ညကတော့ ကျနော် သရဲ တကယ်ကြောက်ခဲ့တယ်။

အခုတော့လည်း အမှတ်တရပေါ့…။


ကလိုစေးထူး

5 comments:

nu-san said...

ကိုစေးထူးရေ.. မမေပို့စ် ကို ဖတ်ရတုန်းက ကြောက်စရာ မကောင်းဘူးဗျ.. ရုံးမှာ အကို့ blog ကို ဖွင့်ထားပြီး တခြား screen ဘက်ကို ရောက်နေတာ.. ကိုစေးထူး blog ကို screen ပြန်ပြောင်းတော့ ဓာတ်ပုံကြီး မြင်ပြီး လန့်လိုက်တာဗျာ... အသစ်တင်ပြီလားလို့ ခိုးကြည့်လိုက်တာ သရဲခြောက်တာ ခံလိုက်ရသလိုပဲ.. ဓာတ်ပုံက ပြောင်မြောက်ပါပေ့ ကိုစေးထူးရေ.. စာတော့ မဖတ်ရသေးဘူး. ဓာတ်ပုံနဲ့တဲ့ တော်တော် ကြောက်နေရပါပြီ.. :)

Winkabar said...

အစ်မ နုစံလိုပဲ သမီးလည်း ကြည့်လိုက်တာ
လန့်သွားတာပဲ။ ရုတ်တရက်ဆိုတော့လေ။
စာက ပုံလောက်ကြောက်ဖို့မကောင်းဘူး။
ပုံကိုမြင်ရတာတကယ်လန့်တယ်။

nyee said...

haha, good , i think everybody once face like you whatever they say(lie) that they've never met with ghost

MELODYMAUNG said...

အဟိ ကိုဖိုးဆိုချင်ကြီးတစ်ယောက် စတိတ်ပေါ်မှာ အဆိုကောင်းလို့ သရဲမချောချောလေးက အော်တိုရေးခိုင်းမလို့ လှမ်းဆွဲတာဖြစ်မယ်။

pee said...

i strongly belive ghost.If u want to get experience contact me.Very eazy.(serious inquary only)