Sunday, November 18, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၂၉)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

န၀တညှဉ်းပန်းရေး စခန်းများ
(ပထမပိုင်း)

ကွန်မြူနစ် မြေအောက်ယူဂျီအဖွဲ့ကို ၁၉၈၉ ခုနှစ်မှာ ဖမ်းမိတော့ သူတို့ထဲက လေးဦးကို မြေကျင်း တကျင်းစီမှာ တကိုယ်လုံး ထည့်မြုပ်၊ မြေကြီးပေါ်မှာတော့ ခေါင်းတွေတင် ဖော်ပေးထားပါတယ်။ အဲဒီလို မြေမြုပ်ထားချိန်မှာ သူတို့ မျှော်လင့်ထားတာကတော့ မြေကြီးပေါ် ပေါ်နေတဲ့ ခေါင်းတွေပေါ် ပျားရည် လာလောင်းမယ်။ ပြီးရင် ကရင်နီတွေ၊ ပုရွက်ဆိတ်တွေ လွှတ်မယ်လို့ပါ။

ဒါပေမယ့် ပျားရည်လည်း လာမလောင်း၊ ကရင်နီတွေလည်း မလွှတ်ဘဲ ထောက်လှမ်းရေးတွေသာ ရောက်လာပါတယ်။ ရောက်လာတယ် ဆိုရင်ပဲ ဘာမပြော ညာမပြောနဲ့ မြေကြီးပေါ် ပေါ်ရုံပေါ်နေတဲ့ သူတို့ ခေါင်းတွေကို စစ်ဖိနပ်နဲ့ ကျုံးကျုံး ကန်တော့သတဲ့။ `အဲဒါမျိုး စာအုပ်တွေထဲ ဖတ်လဲ မဖတ်ဖူးဘူး။ ကြားလည်း မကြားဖူးဘူး။ တော်တော်မိုက်ရိုင်း စုတ်ပဲ့တဲ့ ကောင်တွေကွာ´ လို့ အဲဒီ လေးဦးထဲက တဦးက ပြန်ပြောပါတယ်။

နိုင်ငံတိုင်း အစိုးရတိုင်းမှာ ထောက်လှမ်းရေးနဲ့ အကျဉ်းထောင်ဆိုတာ ရှိကြစမြဲပါ။ ပြည်သူတွေရဲ့ ဘ၀ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ လေးစားလိုက်နာရေး၊ ပြည်သူတွေ အထိတ်ထိတ် အလန့်လန့် ကြောက်ရွံ့ မနေစေရတို့အတွက် လိုအပ်တာမို့ ထောက်လှမ်းရေး အကျဉ်းထောင်ဆိုတာ ရှိကြရတာပါ။ ဒါပေမယ့် အဲဒီလို အဖွဲ့အစည်းတွေဟာ ဖော်ပြခဲ့တဲ့ ရည်ရွယ်ချက်တွေကနေ သွေဖည်ပြီး သူတို့ကိုယ်တိုင်က ပြည်သူတွေကို ဖိနှိပ် ညှဉ်းပန်း နှိပ်စက်ပြီး အကြောက်ကြောက် အလန့်လန့် ဖြစ်အောင်၊ လုံခြုံမှု ကင်းမဲ့အောင် လုပ်နေတယ် ဆိုရင်တော့ ထောက်လှမ်းရေးနဲ့ အကျဉ်းထောင်တွေကို ပြည်သူတွေက ရွံရှာ မုန်းတီးလာကြတော့မှာပဲ မဟုတ်လား။

စစ်ပွဲပေါင်းများစွာနဲ့ ကမ္ဘာစစ်ကြီး (၂)ကြိမ် ကြုံတွေ့ခဲ့ရပြီးနောက် စစ်ပွဲအတွင်း ၀မ်းနည်းကြေကွဲဖွယ် ကြုံတွေ့ခဲ့ရတဲ့၊ ဘယ်လိုမှ မထိန်းနိုင် မသိမ်းနိုင်ခဲ့တဲ့ ခြောက်ခြောက်ခြားခြား အနိဋ္ဌာရုံတွေ၊ ဆိုးဆိုးဝါးဝါး လူမဆန်မှုတွေကို နောင်မှာ ရှောင်ရှားနိုင်ဖို့၊ ထိန်းသိမ်းနိုင်ဖို့အတွက် နည်းလမ်းတွေကို ကမ္ဘာ့ခေါင်းဆောင်တွေ ပညာရှင်တွေ စဉ်းစားတွေးခေါ်ခဲ့ကြ၊ အဖြေရှာခဲ့ကြပါတယ်။

အဲဒီလိုနဲ့ စစ်ပွဲအတွင်း လိုက်နာရမယ့် ဥပဒေတွေ၊ ဖမ်းမိတဲ့ ရန်သူ့သုံ့ပန်းတွေအပေါ် ဆက်ဆံ ကျင့်သုံးရမယ့် ဥပဒေတွေ စသဖြင့် ဥပဒေများစွာ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီ ဥပဒေတွေရဲ့ ရည်ရွယ်ချက်က လူမဆန်မှုတွေ၊ လက်နက်အားကိုးနဲ့ ကြီးနိုင်ငယ်ညှဉ်း အနိုင်ကျင့်မှုတွေ၊ အာဏာကို အလွန်အကျွံ သုံးစွဲပြီး တရားလက်လွတ် ဥပဒေမဲ့ ထင်ရာစိုင်းမှုတွေကို တားဆီး ဟန့်တားနိုင်ဖို့ ဖြစ်ပါတယ်။

အဲဒီလိုနဲ့ အကျဉ်းထောင်တွေမှာလည်း အကျဉ်းသားတွေကို ကျေးကျွန်တွေလို၊ တိရိစ္ဆာန်တွေလို ဖိနှိပ် မဆက်ဆံဖို့ တားမြစ် ဟန့်တားချက်တွေ ရှိလာသလို ထောက်လှမ်းရေး ဌာနတွေမှာလည်း သတင်းအချက်အလက်တွေ ရရှိဖို့ ဖမ်းဆီးထားသူတွေကို ညှဉ်းပန်း နှိပ်စက်ခြင်း မပြုရ၊ ညှဉ်းပန်း နှိပ်စက် ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ဖြောင့်ချက် မယူရ အစရှိသဖြင့် တားမြစ်ချက်တွေ ဥပဒေတွေ ရှိလာပါတယ်။ ဒါ့အပြင် အဲဒီ ဥပဒေနဲ့ တားမြစ်ကန့်သတ်ချက်တွေကို ဖောက်ဖျက် ကျူးလွန်ကြောင်း နစ်နာသူ ကာယကံရှင်က ဖြစ်စေ၊ ကာယကံရှင်ကိုယ်စား ဖြစ်စေ တိုင်တန်းရင် ကျူးလွန်သူ အာဏာပိုင်နဲ့ အစိုးရကို တရားစွဲဆိုပိုင်ခွင့် ရှိပါတယ်။

သဘောကတော့ လူသားတွေရဲ့ ယဉ်ကျေးမှု မြင့်တက်လာတာပါ။ ယဉ်ကျေးတဲ့ ဒီကနေ့ ခေတ်မှာ လူရိုင်းခေတ်တုန်းကလိုဘဲ ရိုင်းစိုင်းတဲ့၊ ရက်စက်တဲ့၊ တရားမဲ့တဲ့ လုပ်ရပ်တွေ အစိုးရတွေ ရှိနေသေးတာဟာဖြင့် ၀မ်းနည်းစရာ၊ ရှက်စရာပါပဲ။

အဲဒီ ဥပဒေတွေကို တကမ္ဘာလုံးက လူယဉ်ကျေး အစိုးရ ထောက်လှမ်းရေးတွေက လေးစားလိုက်နာကြပေမယ့် န၀တ စစ်အစိုးရ ထောက်လှမ်းရေးတွေကတော့ ခေါင်းထဲတောင် မထည့်ပါဘူး။ န၀တ ထောက်လှမ်းရေးတွေရဲ့ ထုံးစံလို ဖြစ်နေတဲ့ လုပ်နည်းလုပ်ဟန် တချို့ကို ဖော်ပြလိုပါတယ်။

***

န၀တ ထောက်လှမ်းရေးက လူတယောက်ကို ဖမ်းသွားပြီဆိုရင် နည်းမျိုးစုံနဲ့ ရိုက်နှက်တာ၊ မခံမရပ်နိုင်လောက်အောင် ညှဉ်းပန်းနှိပ်စက်တာတွေအပြင် ရေ မတိုက် ထမင်းမကျွေးဘဲ ရက်ပေါင်းများစွာ ထားပါတယ်။ ဒါ့အပြင် (၃)ရက်လောက်ကနေ (၁၀)ရက်လောက်အထိ အိပ်ခွင့် မပေးပါဘူး။ နေ့တွေ ညတွေကလည်း မကွဲ၊ အိပ်လည်း မအိပ်ရ၊ ဒီကြားထဲ ဒလစပ် ရိုက်နှက်ညှဉ်းပန်း၊ မေးခွန်းကလည်း ရပ်တယ် မရှိဘဲ ဒလစပ် မေး ဆိုတော့ (၃) (၄) ရက်ကြာလာရင်ပဲ သိပ်ပြီး သတိကောင်းသူတွေ၊ သတိထားသူတွေက လွဲရင် အဖမ်းခံထားရသူတွေဟာ များသောအားဖြင့် ကယောင်ခြောက်ခြား ဖြစ်စ ပြုလာပါတယ်။ ညှဉ်းပန်းရာမှာလည်း တုတ်တွေ၊ စစ်ဖိနပ်တွေနဲ့ ၀ိုင်းကန် ၀ိုင်းရိုက်တာမျိုး ခန္ဓာကိုယ် မခံမရပ်နိုင်အောင် နာကျင် ပင်ပန်းအောင် နည်းမျိုးစုံ သုံးပြီး လုပ်တာမျိုးတွေက ထုံးစံပါပဲ။ ဒါ့အပြင် လျှပ်စစ်ဓာတ်လွှတ်ပြီး ရှော့ခ်ရိုက်တာမျိုးတွေ ရှိသလို မြေတွင်းထဲ ပစ်ချတာမျိုးတွေလည်း ရှိပါတယ်။ ဆယ်တန်းကျောင်းသား ရဲမော်ထူးဆိုရင် မြွေနဲ့ လွှတ်ပေးလို့ အခန်းထဲမှာ သတိလစ် မေ့မျောသွားဖူးပါတယ်။

အစဉ်အလာလည်း ရှိ၊ အများလေးစားခြင်းလည်း ခံရတဲ့ နာမည်ကြီး နိုင်ငံရေးသမားဟောင်းကြီး တဦးဆိုရင် သူ့ကို ခြေဖျားထောက် မတ်တပ် ရပ်ခိုင်းထားပြီး ခြေဖနောင့်အောက်မှာ ပင်အပ်တွေ ထောင်ထားပါတယ်။ ပင်အပ်စူးမှာ စိုးလို့ ခြေဖျားထောက်ထားရာကနေ ခြေထောက်ကို အောက်မချရဲဘူးလို့ ဆိုပါတယ်။

`ဒါပေမယ့် ခြေဖျားထောက်ထားရတာ ကြာလာတော့ လူက မခံနိုင်တော့ဘူး။ တဆတ်ဆတ် တုန်လာတယ်။ နောက်ဆုံး ဘယ်လိုမှ မခံနိုင်တော့တာနဲ့ စူးလည်း စူးပစေတော့ ဆိုပြီး ပင်အပ်တွေကို နင်းချလိုက်ရတယ်´ လို့ အဲဒီ နိုင်ငံရေးသမားဟောင်းကြီးက ပြန်ပြောပါတယ်။ (တကယ်တော့ အဲဒီလို အစဉ်အလာရှိသူ ပုဂ္ဂိုလ်ကြီးတွေကို ဘယ်လို အကြောင်းနဲ့မှ အဲဒီလိုမျိုး မဆက်ဆံသင့်ဘူး မဟုတ်လား)။

တရားဥပဒေမှာ `အပြစ် ထင်ရှားကြောင်း တရားရုံးက မဆုံးဖြတ်ရသေးသရွေ့ တရားခံတဦးကို အပြစ်မရှိသူ အဖြစ် ယူဆ သတ်မှတ်ထားရမယ်´ လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ အဲဒီ တရားဥပဒေ ဖွင့်ဆိုချက်အရ ကြည့်ရင် အခုလို ညှဉ်းပန်း နှိပ်စက်တာဟာ အပြစ်မရှိသူတွေကို ညှဉ်းပန်း နှိပ်စက်နေတာမို့ အဲဒီ ထောက်လှမ်းရေး သမားတွေဟာ ရာဇ၀တ်မှု ကျူးလွန်နေသူတွေပဲ မဟုတ်ပါလား။

သန်လျင် ရေနံချက်စက်ရုံကို ဗုံးခွဲဖို့ဆိုပြီး ဗုံးထောင်တဲ့ ကိစ္စကို ထောက်လှမ်းရေးက တရားခံ ရှာပုံကတော့ သန်လျင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်အဖွဲ့ဝင်တွေကို ဘာမဆိုင်ညာမဆိုင် ဖမ်းဆီးလိုက်တာပါ။ အဲဒီနောက် ညှဉ်းပန်းနှိပ်စက်ပြီး ဗုံးတောင် မမြင်ဖူးတဲ့ သူတို့ကို `အဲဒီဗုံး သူတို့ ခွဲပါတယ်´ လို့ ဖြောင့်ချက် အတင်းပေးခိုင်းပါတယ်။ နောက်ဆုံး နှိပ်စက် ညှဉ်းပန်းတာ မခံနိုင်တော့လို့ လူငယ်အဖွဲ့ဝင်တွေက ဖြစ်ချင်ရာ ဖြစ်တော့ ဆိုပြီး ထောက်လှမ်းရေးတွေက သူတို့ဘာသာသူတို့ အရန်သင့် ရေးထားတဲ့ ဖြောင့်ချက် အတုကြီးကို လက်မှတ်ထိုး ပေးလိုက်ရပါတယ်။ အဲဒီနောက် စစ်ခုံရုံးက သူတို့ကို သေဒဏ် ချလိုက်ပါတယ်။ နောက်နေ့ကျတော့ အဲဒီ ဖြောင့်ချက် အတုကြီးကို သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး တရားခံ အစစ်ကို ဖမ်းမိတဲ့ အကြောင်း သတင်းစာ၊ ရေဒီယို၊ တီဗွီတွေကနေ ဗိုလ်ချုပ်ခင်ညွှန့်က ပြည်သူတရပ်လုံးကို တခမ်းတနား လိမ်ပါတော့တယ်။

နောက်ပိုင်း `သန်လျင် ရေနံချက်စက်ရုံဗုံးကို သူပဲ ထောင်ခဲ့တာပါ´ လို့ မြို့တော်ခန်းမဗုံးကို ထောင်ခဲ့သူ ကိုကိုနိုင်က ၀န်ခံလိုက်တော့ န၀တ ထောက်လှမ်းရေး အရှက်ကွဲသွားပါတယ်။ ဒါပေမယ့် အဲဒီကိစ္စ တိုင်းပြည်ကို မကြေညာရဲပါဘူး။ အဲဒီလို ကာယကံရှင် အစစ်အမှန်က ၀န်ခံထားတာတောင် သန်လျင် အဖွဲ့ချုပ်လူငယ်တွေကို ထောင်က ပြန်လွှတ်မပေးသလို သေဒဏ်အပြစ်ကနေလည်း န၀တက ရုပ်သိမ်း မပေးပါဘူး။

တရားဥပဒေမှာ `အပြစ်ရှိသူ ဆယ်ယောက်လွတ်ရင် လွတ်သွားပလေ့စေ။ အပြစ် မရှိသူ တယောက်ကို မှားပြီး အပြစ်ဒဏ် မပေးမိစေရ´ ဆိုတဲ့ ဆောင်ပုဒ် ရှိပါတယ်။ လူတွေကို တန်ဖိုးထား လေးစားစိတ်၊ စာနာစိတ်ကြောင့် အဲဒီ ဆောင်ပုဒ် ဖြစ်လာတာပါ။

န၀တ စစ်အစိုးရရဲ့ ဆောင်ပုဒ်ကတော့ `အပြစ်မရှိသူ အယောက်တရာကို ဖမ်းပြီး အပြစ်ပေးမိရင် ပေးမိပလေ့စေ၊ အပြစ်ရှိသူ တယောက် လွတ်မသွားစေနဲ့´ ဆိုတဲ့ ဆောင်ပုဒ် ပြောင်းပြန် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဘာအပြစ်တခုမှ မရှိဘဲနဲ့ ထောက်လှမ်းရေးနဲ့ အကျဉ်းထောင်တွေထဲမှာ အနှိပ်စက် အညှဉ်းပန်းခံနေရသူတွေ န၀တခေတ်မှာ မနည်းတာပါ။

၁၉၈၈ ခုနှစ်အတွင်း သင်္ကန်းကျွန်း၊ ဘီအိုစီ ခေါင်းဖြတ်သတ်မှုမှာ `ကိုကိုနိုင် ဆိုတဲ့လူ ပါတယ်´ လို့ သတင်းထွက်တော့ `ကိုကိုနိုင်´ နာမည်နဲ့ လူတွေကို လိုက်ဖမ်းပါတော့တယ်။ နောက်ဆုံး ခေါင်းဖြတ်သတ်မှုမှာ ပါဝင်တဲ့ တကယ့်ကိုကိုနိုင် အစစ်ကို ဖမ်းမိချိန်မှာတော့ ကိုကိုနိုင်နာမည်နဲ့ တခြားလူနှစ်ယောက်ကို ထောင်ဒဏ် ဆယ့်ငါးနှစ်နဲ့ ဆယ့်ရှစ်နှစ်စီ အပြစ် ပေးပြီးသွားပါပြီ။ ထောက်လှမ်းရေးမှာလည်း နည်းမျိုးစုံ သုံးပြီး ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက်ပြီးပါပြီ။ အမှန်တကယ် ကျူးလွန်တဲ့ ကိုကိုနိုင်ကို ဖမ်းမိပြီး ထောင် အနှစ်နှစ်ဆယ် ချလိုက်ပေမယ့် အရင် ဖမ်းထားတဲ့ ကိုကိုနိုင် နှစ်ယောက်ကို လွှတ်မပေးဘဲ အင်းစိန်ထောင်မှာ ဆက်ပြီး ထောင်ချထားပါတယ်။

တခါတုန်းက အဲဒီအပြစ်မဲ့ ကိုကိုနိုင် နှစ်ယောက်ထဲက တယောက်နဲ့ ကျနော် ထောင်ဝင်စာ အတူ ထွက်ရပါတယ်။ သူ့ကို သူ့မိန်းမနဲ့ သုံးလေးနှစ် အရွယ်သမီးလေးက လာတွေ့ပါတယ်။ ခလေး စကားပြောတတ်စမှာ သူ့ကို ထောက်လှမ်းရေးက ဖမ်းလိုက်တာပါ။ ကြားမှာ သံဇကာ နှစ်ထပ်ခြားပြီး ဟိုဘက်ဒီဘက် တယောက်နဲ့ တယောက် တွေ့ကြချိန်မှာ ကိုကိုနိုင်ရော သူ့မိန်းမပါ စကားမပြောနိုင်ဘဲ တယောက်ကို တယောက် ကြည့်ရင်း ငိုကြွေးကြတာ တွေ့ရပါတယ်။ သမီးလေးကလည်း သံဇကာကို ကိုင်၊ မျက်လုံးထဲ မျက်ရည်အပြည့်၊ မျက်တောင် ပုတ်ခတ် ပုတ်ခတ်နဲ့ သူ့အဖေကို ကြည့်နေတာ သနားစရာပါ။

နိုင်ငံရေး အကျဉ်းသားပဲ ဖြစ်ဖြစ်၊ ရာဇ၀တ်အကျဉ်းသားပဲ ဖြစ်ဖြစ် မတတ်နိုင်တဲ့ အဆုံး `ကိုယ်လုပ်လို့ ကိုယ်ခံရတာပဲ´ ဆိုပြီး ဒုက္ခကို ဖြေနိုင်ကြပေမယ့် ကိုကိုနိုင်တို့လို လူမျိုးတွေကျတော့ ဘယ်လို ဖြေကြမလဲ။

န၀တ ညှဉ်းပန်းရေး စခန်း
(ဒုတိယပိုင်း)

န၀တ ထောက်လှမ်းရေး စခန်းတွေမှာ နိုင်ငံတကာ ကျင့်ဝတ်၊ လူ့ကျင့်ဝတ်နဲ့ ဘာသာတရား အဆုံးအမတွေကို ဘေးဖယ်ပြီး စည်းလွတ်ဝါးလွတ် ပရမ်းပတာ ညှဉ်းပန်း နှိပ်စက်တာ ခံရပြီးလို့ ထောင်ထဲ ရောက်ပြန်တော့လည်း နိုင်ငံရေး အကျဉ်းသားတွေဟာ အဲဒီလိုညှဉ်းပန်း နှိပ်စက်ခံရမှုတွေကနေ လွတ်မြောက် မသွားကြရပါဘူး။ ၁၉၉၀ ခုနှစ်၊ အင်းစိန်ထောင် နိုင်ငံရေး အကျဉ်းသားများ ဆန္ဒပြပွဲနဲ့ သရက်ထောင်တွင်း နိုင်ငံရေး အကျဉ်းသားများ ညှဉ်းပန်း နှိပ်စက်မှု အကြောင်းတွေမှာတုန်းက ကျနော် ဖော်ပြခဲ့တဲ့ ညှဉ်းပန်း နှိပ်စက်မှုတွေအပြင် တခြားညှဉ်းပန်း နှိပ်စက်မှုတွေလည်း ထောင်ထဲမှာ အများကြီးပါ။

တခါတုန်းက အင်းစိန်ထောင် အမှတ်(၄) အဆောင်မှာ ကျောင်းသားလေးဆယ်လောက်က တောင်ယာ အလုပ်လုပ်ရတော့ ပင်ပန်းလွန်းလို့ `မလုပ်နိုင်တော့ဘူး´ လို့ ထောင်ကို တင်ပြကြပါတယ်။ ထောင်အာဏာပိုင်တွေက `အလုပ် မလုပ်ရင် ထောင်မှာ မနေရဘူး။ တိုက်မှာ သွားနေမှ ရမယ်´ လို့ ပြောပါတယ်။

အဲဒီ အချိန်တုန်းက အင်းစိန်ထောင် တိုက်(၆)တိုက်မှာ နိုင်ငံရေးအကျဉ်းသား ငါးရာလောက် ရှိပါတယ်။ အဲဒီ တိုက်တွေမှာ သွားနေရမယ် လို့ နားလည်ပြီး ကျောင်းသားတွေက `ဒါဆိုရင် တိုက်မှာ သွားနေမယ်´ လို့ ပြောတော့ သူတို့ အားလုံးကို တိုက် ပို့လိုက်ပါတယ်။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ ထားတဲ့ တိုက်တွေကို မဟုတ်ပါဘူး။ ပြစ်ဒဏ်တိုက်ခေါ် စစ်ခွေးတိုက်ကိုပါ။

မကြာပါဘူး။ ထောင်ဝါဒါတွေ ရောက်လာပြီး ကျောင်းသားအားလုံးကို ဘာမပြော ညာမပြောနဲ့ တခန်းချင်း ထုတ်၊ ခြေထောက်တွေကို ဒေါက်ခြေကျင်းခတ်၊ ပြီးတော့ ရက်ရက်စက်စက် ရိုက်နှက်ပြီး တိုက်ပိတ် ပြစ်ဒဏ် ပေးလိုက်ပါတော့တယ်။

အမှန်က တိုက်ပိတ် ပြစ်ဒဏ်ဆိုတာက ကြီးလေးတဲ့ ထောင်စည်းကမ်းမျိုး ချိုးဖောက်မှ ပေးရတာမျိုးပါ။ အခုဟာက `အဆောင်မှာ မနေချင်ရင် တိုက်ထဲ သွားနေရမယ်´ လို့ မလိမ့်တပတ်လုပ် ခေါ်ထုတ်ပြီး စစ်ခွေးတိုက် ရောက်တော့မှ ရိုက်နှက်ပြီးတော့ ထောင်ဥပဒေ ချိုးဖောက်လို့ ဆိုပြီး တိုက်ပိတ် ပြစ်ဒဏ် ပေးတာပါ။

အဲဒီလိုနဲ့ စစ်ခွေးတိုက်မှာ (၁)လ နေရချိန်အတွင်း ကျောင်းသားတွေကို ဒေါက်ခြေကျင်း တောက်လျှောက် ခတ်ထားပြီး နေ့တိုင်း ထုတ်ရိုက်လို့ တချို့ဆိုရင် အရိုက်ခံနေရင်း သတိလစ် မေ့မျောသွားတာတောင် အရိုက် မရပ်ပါဘူး။ ရိုက်တာကလည်း ပရမ်းပတာ ၀ိုင်းရိုက်တာဖြစ်ပြီး အပြစ်ကို မပြောဘဲ `ဘာနိုင်ငံရေးသမားလဲကွ၊ နိုင်ငံရေး လုပ်ချင်ဦးကွ´ အစရှိသဖြင့် ထောင်ဥပဒေနဲ့ ဘာမှ မဆိုင်တဲ့ စော်ကားမော်ကား စကားတွေ ပြောပြီး ဆဲဆို ရိုက်တာမျိုးပါ။

သာယာဝတီထောင်မှာလည်း ၁၉၉၂ခုနှစ်တုန်းက `ထောင်ပိုင်ကို လုပ်ကြံဖို့ ကြံစည်တယ်´ ဆိုတဲ့ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံရေး အကျဉ်းသား တရာလောက်ကို ပက်ပက်စက်စက် ရိုက်နှက်ပြီး တိုက်ပိတ် ပြစ်ဒဏ် ပေးလိုက်ပါသေးတယ်။

တခါတုန်းက အင်းစိန်ထောင်၊ ကြိုးတိုက်က သေဒဏ်ကျ အကျဉ်းသားတွေကို ကြိုးတိုက်မှာ လူကျပ်လို့ တိုက် အမှတ်(၆)ကို ခွဲပို့ပါတယ်။ ကြိုးသမားတွေ အထုပ်အပိုးတွေနဲ့ တန်းစီ ပြောင်းရွှေ့နေတာကို လမ်းတဖက်တချက်မှာ ထောင်ဝါဒါတွေက တန်းစီရပ်၊ ဟိုဘက်ဒီဘက် နှစ်ဖက်ညှပ် ပိတ်ရပ်ပြီး အကျဉ်းသားတွေရဲ့ ပါးတွေ၊ မျက်နှာတွေကို ဖြတ်ရိုက်ပါတယ်။ `ဘာလို့ အပြစ်မရှိဘဲနဲ့ အခုလို ရိုက်ရတာလဲ´ လို့ မေးကြည့်တော့ `ဒါ ထောင်ထုံးစံ´ လို့ ထောင်ဝါဒါတွေက ဖြေကြပါတယ်။

သရက်ထောင်မှာလည်း ဇော်ဝင်းထွဋ်ဆိုတဲ့ ကျောင်းသားလေးတယောက် သောက်ရေခွက် လက်ထဲက လွတ်ကျသွားတာကိုပဲ `ထောင်အာဏာပိုင် ဆန့်ကျင်ပါတယ်´ ဆိုပြီး ပုံကြီးချဲ့ လုပ်ကြံ၊ စွပ်စွဲ၊ ရိုက်နှက် တိုက်ပိတ်ခဲ့ပါတယ်။ ရိုက်ပုံ ရိုက်နည်းကလည်း အဲဒီ ကျောင်းသားလေးကို ဒေါက်ခြေကျင်း ခတ်၊ အဲဒီ ဒေါက်ခြေကျင်းနဲ့ မိန်းဂျေးလ်လို့ ခေါ်တဲ့ ဗဟိုရုံးကနေ ပေ(၃၀၀)လောက် ဝေးတဲ့ တိုက်နံပါတ် အမှတ်(၃)အထိ ၀မ်းလျားထိုး မိချောင်းသွား သွားခိုင်းပြီး လမ်းတလျှောက် ထောင်ဝါဒါတွေက အပေါ်ကနေ စီးပြီး ရိုက်နှက်သွားတာပါ။ အဲဒီလို ရိုက်ပြီးတဲ့အချိန်ကျတော့ ရိုက်တဲ့အထဲမှာ ပါတဲ့ ထောင်ဝါဒါ တဦးကဆိုရင် `ရိုက်လို့ အရသာ ရှိလိုက်တာကွာ။ ၀ါးရင်းတုတ် သုံးချောင်းကို ပြတ်ထွက်သွားတာပဲ´ လို့ အားရပါးရ ပြန် ပြောပါတယ်။ `ဒါမှ နိုင်ငံရေး သမားကောင်တွေ မှတ်မှာ´ လို့လည်း ဆိုလိုက်ပါသေးတယ်။ ၀ါးရင်းတုတ် သုံးချောင်း အပိုင်းပိုင်း ကျိုးပြတ်သွားတဲ့အထိ အရိုက်ခံရတဲ့ လူတယောက် ဘယ်လောက် နာကျင် ခံစားရလိမ့်မလဲဆိုတာ တွေးသာ ကြည့်ပါတော့။

တခါကလည်း သာယာဝတီထောင်က ဂျော်လီထွန်းကို သရက်ထောင်ကို ထောင်ပြောင်းလိုက်ပါတယ်။ သရက်ထောင် ရောက်တော့ ထောင်ဗူးဝကတည်းက ဂျော်လီထွန်းကို တောက်လျှောက် ရိုက်လာလိုက်တာ တိုက်အမှတ်(၄) ရောက်တဲ့ အထိ အဝေးကြီးပါပဲ။ ဂျော်လီထွန်းက နာကျင်တာကို ခံကြိတ်ခံရင်း မျက်ရည်တွေ တွေတွေကျနေပါတယ်။ အမှတ်(၄) တိုက်ရှေ့ကို ရောက်တော့လည်း သူ့ကို ထိုင်ခိုင်းထားပြီး `မင်းလားကွ ဂျော်လီထွန်း´ ဆိုပြီး ထောင်ဝါဒါတွေ ၀ိုင်းရိုက်တာ ဂျော်လီထွန်း ပုံလဲကျသွားတဲ့ အထိပါပဲ။

`ခုမှ ရောက်လာတဲ့ သူ့ကို ဘာအပြစ်မှ မရှိဘဲ ဘာလို့ အခုလောက် ရိုက်ရတာလဲ´ လို့ မေးကြည့်တော့ `အပြစ်တော့ မရှိဘူး။ ဒါပေမယ့် ဒါ ထောင်ထုံးစံပဲ´ လို့ ထောင်ဝါဒါတွေက ဖြေကြပါတယ်။ အဲဒီနောက်တော့ ဂျော်လီထွန်းကို ဒေါက်ခြေကျင်း ခတ်ထားလိုက်တာ နေ့ရော ညပါ ဘယ်တော့မှ ဖြုတ်မပေးတော့ပါဘူး။ ဒေါက်ခြေကျင်းဒဏ်ကြောင့် ခြေထောက်တွေ ပွန်းစားပြီး ယောင်ကိုင်းလာလို့ နောက်ဆုံး လမ်းတောင် မလျှောက်နိုင်တော့လောက်အောင် ဖြစ်လာတဲ့အတွက် `ဒေါက်ခြေကျင်း ဖြုတ်ပေးပါ´ လို့ အသနားခံ တောင်းပန်တာတောင်မှ ထောင်အာဏာပိုင်တွေက ဖြုတ်မပေးပါဘူး။

သရက်ထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေဟာ တောင်ယာတွေကို ရေလောင်းဖို့ အတွက် ရေတွင်းထဲကနေ ရေ ဆွဲတင်ရပါတယ်။ လေးထောင့် သံပုံးနဲ့ လေးပုံစာလောက် အရွယ်ရှိတဲ့ ရေတိုင်ကီပြတ်ကြီးနဲ့ ရေတွင်း အနက်ကြီးထဲက ရေကို ဆွဲတင်ကြရတာပါ။ တရက် တရက်ကို အဲဒီ ရေတိုင်ကီပုံးနဲ့ ပုံး(၉၀၀)လောက် ရေဆွဲတင်ကြရပါတယ်။ နေလင်း ဆိုတဲ့ ဆယ်တန်းကျောင်းသားလေး ဆိုရင် ပင်ပန်းလွန်းလို့ ရေဆွဲရင်း သတိလစ် ပစ်လဲ သွားခဲ့ဖူးပါတယ်။

ထောင်မှာ ရေစုပ်စက် ရှိရဲ့သားနဲ့ ဘာလို့ စက်ကို မသုံးဘဲ နိုင်ငံရေး အကျဉ်းသားတွေကို ရေဆွဲခိုင်းတာလဲ လို့ မေးတော့ `တမင် ဆွဲခိုင်းတာ´ လို့ ထောင်အာဏာပိုင်တွေက ဖြေပါတယ်။

တခါတုန်းကလည်း အင်းစိန်ထောင် တိုက်အမှတ်(၅) မှာ တက္ကသိုလ်ကျောင်းသား ကိုအောင် (ယခု ဒုတိယအကြိမ် နှစ်ရှည် ထောင်ဒဏ် ထပ်မံကျခံနေရသူ) နဲ့ တခြားကျောင်းသား တယောက်တို့ ရက်ရက်စက်စက် အရိုက်နှက်ခံကြရပါတယ်။ ဖြစ်ပုံကတော့ အခန်းထဲမှာ ဆေးလိပ်သောက်တယ် ဆိုပြီး ကိုအောင်တို့ နှစ်ယောက်ကို အခန်းထဲကနေ အပြင် ခေါ်ထုတ်သွားပါတယ်။

အဲဒီတုန်းက ဆောင်းတွင်း မနက်အစောကြီး ငါးနာရီလောက်ပါ။ သူတို့ကို တိုက် ရုံးခန်းနားက ဗန်ဒါပင် စခန်းလို့ ခေါ်တဲ့ နေရာထိ ရောက်အောင် ကျောက်ခဲကြမ်းတွေ ခင်းထားတဲ့ လမ်းပေါ်မှာ ၀မ်းလျားထိုးပြီး မိကျောင်းသွား သွားခိုင်းပါတယ်။ ဗန်ဒါပင် ခြေရင်းရောက်တာ့ သူတို့ နှစ်ယောက်ကို ကိုယ်တုံးလုံး ချွတ်ပြီး သုံးပင်လိမ် ကြိမ်လုံးနဲ့ ရိုက်ပါတော့တယ်။ ချမ်းချမ်းစီးစီး ဆောင်းတွင်း မနက် အစောကြီး ကြိမ်လုံးတွေနဲ့ တရွှမ်းရွှမ်း ရိုက်နှက်သံ၊ သူတို့ နှစ်ယောက်ရဲ့ အော်ဟစ် ညည်းညူသံတွေ ကြားရတဲ့ နိုင်ငံရေး အကျဉ်းသားတိုင်း မျက်ရည် လည်ကြရပါတယ်။

တကယ်တော့ ဆေးလိပ်သောက်တဲ့ ကိစ္စလောက်နဲ့ ရိုက်နှက်စရာ မလိုပါဘူး။ ပြီးတော့ ထောင်ထဲမှာ ဆေးလိပ်သောက်ခွင့် ပေးထားတာပဲ မဟုတ်လား။ အခုက တမင် ရိုက်ချင်လို့ ရိုက်တာပါ။

၁၉၉၂ ခုနှစ် မေလတုန်းက သရက်ထောင်မှာ ကိုပြည့်နဲ့ ကိုလှဌေးတို့ နှစ်ယောက်ကို `ပုံစံထိုင်တာ မမှန်လို့´ ဆိုပြီး မဖြစ်စလောက် အပြစ်ကလေးနဲ့ အဆောင်ကနေ ဓာတ်တိုင် သုံးတိုင်စာလောက် ဝေးတဲ့ တိုက် အမှတ်(၃) အထိ ၀မ်းလျားထိုး မိကျောင်းသွား သွားခိုင်းရင်း လမ်းတလျှောက် ထောင်ဝါဒါတွေက အပေါ်စီးကနေ စီးပြီး ပက်ပက်စက်စက် အော်ဟစ် ရိုက်နှက်ကြပါတယ်။ အမှန်ဆို အဲဒီလောက် ရိုက်နှက် အပြစ်ပေးရတဲ့ ပြစ်မှုမျိုးက ထောင်ဖောက်ဖို့ ကြံစည်မှ ပေးတဲ့ ပြစ်ဒဏ်မျိုးပါ။

အဲဒီလို မတရားသဖြင့် ရက်ရက်စက်စက် ညှဉ်းဆဲ ရိုက်နှက် အရေးယူတဲ့ ကိစ္စမျိုးတွေဟာ စစ်အစိုးရခေတ် ထောက်လှမ်းရေး စခန်းတွေမှာ ၊ ထောက်လှမ်းရေး စခန်းတွေမှာ၊ အကျဉ်းထောင်တွေထဲမှာ ဖြစ်ခဲ့တာ ဖြစ်နေတာတွေ အများကြီးပါပဲ။ အဲဒီလို နည်းမျိုးစုံ ညှဉ်းပန်း နှိပ်စက်ခံရတဲ့ သူတို့ရဲ့ တကယ့် အပြစ်ကတော့ ဥပဒေ ချိုးဖောက်လို့ မဟုတ်ပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ကြလို့ပါ။

ဆက်ရန်…

4 comments:

Yan said...

ဒီအဖြစ်အပျက်တွေကို မြင်ယောင်စိတ်ကူးကြည့်ရုံနဲ့တင် တော်တော်ကို မသက်မသာ ခံစားရပါတယ်.
ခံပြင်းတယ် ကိုစေးထူးရာ...

Danaus said...

Is there any English Traslation of this book? That will be great to show the world. If your know, pls let me know.

thanks

မြရွက်ဝေ said...

အမြဲ လာစောင့်ဖတ်တယ်။ ဖတ်ပြီးတိုင်းလည်းရင်ထဲ စိတ်မကောင်းကြီးစွာဖြစ်ပြီး ပြန်သွားရတယ်။ :(

Anonymous said...

I have been wondering about that Junta and his supporters and followers have read this articles.Haven't they?
For example: TharkhiNwe, Na Ah Pha, Opposite eye and the owner of Light of Myanmar blog.They always point out the best of Junta and contribute loads of commitments.
Why do they keep silence about this unlawful justice?
Can they see the truth?Can't they?
....
I wish every body knew this things.

The one who loves fairness and truth.