Tuesday, November 20, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၃၀)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

န၀တ ညှဉ်းပန်းရေး စခန်းများ
(တတိယပိုင်း)

စစ်အစိုးရနဲ့ ထောင်အာဏာပိုင်တွေက နိုင်ငံရေး အကျဉ်းသားတွေကို ညှဉ်းပန်း နှိပ်စက်မှုတွေ အပြင် ထောင်တွင်း လျှို့ဝှက် လုပ်ကြံမှု၊ အကောက်ကြံမှုနဲ့ မိသားစုတွေကို စိတ်ပိုင်းဆိုင်ရာ ညှဉ်းဆဲမှုတွေကလည်း ရှိပါသေးတယ်။

တခါတုန်းက အင်းစိန်ထောင် အမှတ်(၄)ဆောင်မှာ နိုင်ငံရေး အကျဉ်းသား၊ စက်မှု တက္ကသိုလ်ကျောင်းသား ၀င်းနိုင် (သရက်ထောင် ဘောလ်ပင် ကိစ္စနဲ့ အရိုက်ခံရသူ၊ အခုကိစ္စက သရက်ထောင် မပြောင်းခင် အဖြစ်အပျက်ပါ) ကို သတ်ဖို့ ထောင်အာဏာပိုင်တွေက လူဆိုးတွေနဲ့ တိုင်ပင် ကြံစည်ခဲ့ဖူးပါတယ်။

အပြစ်ကတော့ အမှတ်(၄) အဆောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ စုစုစည်းစည်း ညီညီညွှတ်ညွှတ် ရှိနေတာရယ်၊ အသက် ဆယ့်လေးငါးနှစ် အရွယ်လောက်သာ ရှိသေးတဲ့ ခလေး ရာဇ၀တ် အကျဉ်းသားတချို့ကို သက်သာတဲ့ ထောင်ရုံးအလုပ်တချို့မှာ အလုပ်ရအောင် နိုင်ငံရေး အကျဉ်းသားတွေက ငွေကြေး ကူညီကြတာရယ်ကို ထောင်အာဏာပိုင်တွေက `ဒါ ၀င်းနိုင် လက်ချက်၊ ဒီကောင် ကေဘီဂျီလုပ်တယ်။ ထောင်ကို ထောက်လှမ်းရေး လုပ်တယ်´ ဆိုတဲ့ တဖက်သတ် စွပ်စွဲချက်နဲ့ပါ။

ဒါနဲ့ နောက်ဆုံးမှာ ထောင်လူဆိုးတွေကို သုံးပြီး ၀င်းနိုင်ကို အကောက်ကြံဖို့ စီစဉ်ပါတော့တယ်။ စီစဉ်ပုံက နာမည်ကြီး လူဆိုးတဦးကို ၀င်းနိုင်ကို သံချွန်နဲ့ ထိုးသတ်ဖို့ ထောင်မှူးစိုးဝင်းက ပြောပါတယ်။ ၀င်းနိုင်ကို ထောင်အာဏာပိုင်တွေက တခုခု လုပ်ဖို့ ကြံစည်နေတာကို တချို့ ရာဇ၀တ် အကျဉ်းသားတွေက တဆင့် နိုင်ငံရေး အကျဉ်းသားတွေ သိရတော့ `၀င်းနိုင် တခုခု ဖြစ်ရင် ထောင်အာဏာပိုင်တွေ လက်ချက်လို့ ယူဆမယ်´ ဆိုပြီး ထောင်အာဏာပိုင်တွေ ကြားအောင် သတင်းလွှင့်လိုက်ပါတော့တယ်။

အဲဒီမှာ ထောင်အာဏာပိုင်တွေ အကျပ်ရိုက်သွားပြီး အခုန လူဆိုးကိုခေါ်၊ `၀င်းနိုင်ကို မသတ်နဲ့တော့၊ ရန်စပြီး လူကြားထဲ အရှက်ကွဲရုံ ပါးရိုက်၊ ပြီးရင် ရန်ဖြစ်တယ် ဆိုပြီး မင်းရော ၀င်းနိုင်ပါ တိုက်ပိတ်ပြစ်ဒဏ်ပေးမယ်၊ မင်းကို ကောင်းကောင်းထားမယ်။ ၀င်းနိုင်ကိုတော့ ငါတို့ ကြိုက်သလို လုပ်မယ်´ လို့ ညှိပါတယ်။

အဲဒီလို စီစဉ်နေတုန်း ထောင်ပြောင်း အမိန့်ထွက်လာလို့ ၀င်းနိုင်တို့ နိုင်ငံရေး အကျဉ်းသား တရာ သရက်ထောင် ပြောင်းလာရတာနဲ့ ထောင်အာဏာပိုင်တွေရဲ့ အစီအစဉ် ပျက်သွားပါတယ်။ ထောင်အာဏာပိုင်တွေရဲ့ အဲဒီ အစီအစဉ်အသေးစိတ်ကို အဲဒီ လူဆိုးက ပြန်ပြောပြလို့ သိရတာပါ။

ဝင်းနိုင်လိုမျိုးပဲ မကသဖ အဖွဲ့က စက်မှု တက္ကသိုလ်ကျောင်းသား ဇော်မျိုးအောင်လည်း ကြုံခဲ့ရပါသေးတယ်။

တည ဇော်မျိုးအောင်က သူနဲ့ အိပ်ယာ ဘေးချင်းကပ်၊ ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒ ဌာနက ဆရာဦးမောင်မောင်ကို ဒဿနိကဗေဒ ပညာရပ်အကြောင်း လေသံ တိုးတိုးနဲ့ မေးမြန်းနေပါတယ်။ အဲဒီအချိန်မှာ ဇော်မျိုးအောင်ကို မလိုလားတဲ့ အကျဉ်းသားတဦးက `ည ကိုးနာရီကျော်ပြီ၊ စကားမပြောနဲ့၊ ထောင်အာဏာပိုင်တွေကို တိုင်ပြောမယ်´ လို့ ပြောပါတယ်။

ထောင်ထဲမှာ ဥပဒေအရ ည ကိုးနာရီကျော်ရင် စကားမပြောရဘူးလို့ စည်းကမ်း သတ်မှတ်ချက် ရှိပါတယ်။ ဒါပေမယ့် စည်းကမ်းချက်အနေနဲ့သာ ရှိတယ်၊ လူတိုင်း တိုးတိုးတိတ်တိတ် ပြောနေကြတာပါ။ ထောင်ဝါဒါတွေ၊ ထောင်အရာရှိတွေ ကိုယ်တိုင်လည်း သူတို့ခင်တဲ့ အကျဉ်းသားတွေနဲ့ လာလာ စကားပြောနေကြတာပါပဲ။ အဆန်း မဟုတ်ပါဘူး။ စကားပြောတဲ့ ကိစ္စ ထောင်အာဏာပိုင်နဲ့ တိုင်မယ်လို့ ပြောတဲ့ အကျဉ်းသားကို ဇော်မျိုးအောင်က `ထောင်ဥပဒေ အတိုင်း လုပ်မယ်ဆိုရင် ထောင်အာဏာပိုင်လည်း ကြောက်စရာ မလိုဘူး´ လို့ ပြောလိုက်ပါတယ်။ အဲဒီနောက် ကိစ္စက အေးအေးဆေးဆေးပဲ ပြီးသွားပါတယ်။ ဒါပေမယ့် ကိစ္စမပြီးနိုင်တာက ထောင်အာဏာပိုင်တွေပါ။

ဖော်ပြခဲ့တဲ့ ၀င်းနိုင်လိုပဲ ဇော်မျိုးအောင်ကို ထောင်အာဏာပိုင်တွေက တဖက်သတ် ညှိုးထား၊ တေးထားတာတွေ ရှိတော့ အချက်ပေါ်ပြီ ဆိုပြီး နောက်နေ့မှာ ဇော်မျိုးအောင်နဲ့ စကားများတဲ့ အကျဉ်းသားကို ထောင်အာဏာပိုင်တွေက ခေါ်ယူလိုက်ပါတယ်။

ပြီးတော့ အဲဒီ အကျဉ်းသားကို `သူနဲ့ ဇော်မျိုးအောင် ညက ရန်ဖြစ်တယ်။ ဇော်မျိုးအောင်က သူ့ကို ထိုးကြိတ်ဖို့ ကြိုးစားတယ်။ ထောင်အာဏာပိုင်တွေကို စော်ကားမော်ကား ပြောတယ်။ ဆရာမောင်မောင်နဲ့ နိုင်ငံရေး စကားတွေ ပြောတယ်´ စသဖြင့် အချက်အလက်တွေ လုပ်ကြံပြီး အထက်အာဏာပိုင်တွေကို တိုင်တန်းဖို့ သင်ပေးပါတယ်။

အဲဒီ အကျဉ်းသားက `အဲဒီလို ဟုတ်မှမဟုတ်တာ၊ မတိုင်ချင်ဘူး´ လို့ ပြောတော့ အဲဒီအကျဉ်းသားကို အမျိုးမျိုး ခြိမ်းခြောက်ပြီး `တိုင်ရမယ်´ လို့ ပြောတာနဲ့ နောက်ဆုံး အဲဒီ အကျဉ်းသား တိုင်ရပါတော့တယ်။ အဲဒီလိုနဲ့ နောက်ဆုံး ဘယ်လိုမှ ရှင်းခွင့် မရှိတော့ဘဲ ဇော်မျိုးအောင်နဲ့ ဆရာမောင်မောင်တို့ကို ဒေါက်ခြေကျင်းခတ်၊ တိုက်ပိတ်ပြစ်ဒဏ် (၃)လ ပေးလိုက်ပါတော့တယ်။

တခါတုန်းကလည်း သရက်ထောင်မှာ ထောင်ဝင်စာကိစ္စနဲ့ ပတ်သက်လို့ ပြဿနာ တခု ဖြစ်ခဲ့ပါသေးတယ်။ သက်ဆိုင်ရာ မိသားစုနဲ့ ထောင်ဝင်စာ တွေ့ပြီးချိန်မှာ `ပုံစံ´ လို့ ထောင်အာဏာပိုင်တွေက အချက်ပေး အော်လိုက်တာနဲ့ တပြိုင်နက် အဲဒီ အကျဉ်းသားဟာ မိသားစုနဲ့ စကားပြောနေတာကို ချက်ချင်းရပ်၊ ထောင်အာဏာပိုင်တွေ ရှေ့မှာ ဒူးတုပ်၊ ခေါင်းငုံ့၊ ဇက်ချိုးပြီး ထိုင်ပေးရမယ်လို့ အမိန့်ထုတ်ပါတယ်။

နိုင်ငံရေး အကျဉ်းသား အားလုံး အံ့အားသင့်သွားကြပါတယ်။ ထောင်ထဲမှာ ကိုယ်နေနေရတဲ့ ဆင်းရဲ ပင်ပန်းပြီး အောက်တန်းနောက်တန်းကျ နေနေရတဲ့ ဘ၀ကို အပြင်က ကိုယ့်မိသားစု မြင်သွား၊ သိသွားပြီး စိတ်ဆင်ရဲကြမှာကို ဘယ်အကျဉ်းသားမှ မလိုလားကြပါဘူး။ ကိုယ့်ဒုက္ခနဲ့ ကိုယ် ကြိတ်မှိတ်သာ ခံချင်ကြပါတယ်။ မိသားစုတွေ အနေနဲ့ သူတို့ ရှေ့မှောက်မှာ ထောင်အာဏာပိုင်တွေရှေ့ ဒူးတုပ် ခေါင်းငုံ့ပေးနေရတာကို မြင်သွားရင် ဘယ်လိုလုပ် စိတ်ချမ်းသာ နိုင်ပါ့မလဲ။

အဲဒီလိုနဲ့ ထောင်ဝင်စာ တွေ့ချိန်ကျတော့ ရပ်ဝေးကနေ မိသားစုတွေ ရောက်လာကြပါတော့တယ်။ အဲဒီမှာ သက်ဆိုင်ရာ နိုင်ငံရေး အကျဉ်းသားတွေက `ဘယ်သူမှ ထောင်ဝင်စာ ထွက်မတွေ့ကြဘူး´ ဆိုပြီး မိမိတို့ရဲ့ ထောင်ဝင်စာ အခွင့်အရေးကို အဆုံးရှုံးခံလိုက်ကြပါတယ်။ တကယ်တော့ `မိသားစုနဲ့ ထောင်ဝင်စာတွေ့တယ်´ ဆိုတာက ထောင်ထဲမှာ ဒုက္ခတွေခံနိုင်ဖို့ အသက်ဆက်ပေးတဲ့ အရာလို့ ခံစားရတာမို့ ထောင်ဝင်စာတွေ့ခွင့်ကို ဘယ်အကျဉ်းသားမှ လက်လွတ် အဆုံးရှုံးမခံချင်ကြပါဘူး။ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို လူ့သိက္ခာ ချိုးနှိမ်ရုံမက ဘာမှမဆိုင်တဲ့ အပြင်က မိသားစုကိုပါ စိတ်ဆင်းရဲအောင် လုပ်တာမို့ အခုလို ထောင်ဝင်စာတွေ့ခွင့် အဆုံးရှုံးခံကြတာပါ။

အဲဒါမျိုးအပြင် နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပြောင်းတာမျိုးတွေလည်း ရှိပါသေးတယ်။ အကျဉ်းသားတွေနဲ့ အပြင်က သက်ဆိုင်ရာ မိသားစုတွေ ဒုက္ခမရောက် ရောက်အောင် လုပ်တာပါ။ ရန်ကုန်က အကျဉ်းသားကို မြင်းခြံထောင်၊ မန္တလေးထောင်ကို ပြောင်း၊ မန္တလေးက အကျဉ်းသားကို ရန်ကုန်ထောင် ပြောင်း၊ အဲဒီလို ရှုပ်ရှက်ခပ်နေအောင် လုပ်တော့ အကျဉ်းသား ပြောင်းတဲ့နောက် သက်ဆိုင်ရာ မိသားစုတွေ လိုက်တွေ့ရတာ ပိုက်ဆံလည်းကုန်၊ လူလည်း ပင်ပန်း၊ စိတ်ဓာတ်လည်း ကျကြပါတယ်။ ဒါ့အပြင် ရန်ကုန်ဇာတိ ညီအကို ဒါမှမဟုတ် သားအဖတွေဆိုရင်လည်း တယောက်ကို သရက်ထောင်၊ နောက်တယောက်ကို မန္တလေးထောင် စသဖြင့် လူစုခွဲပြီး ပြောင်းရွှေ့ပစ်ပါတယ်။ ရန်ကုန်မှာ ရှိတဲ့ မိသားစုက သားကို သရက်ထောင်သွားတွေ့ပြီး ခင်ပွန်းဖြစ်သူကို တခါ မန္တလေးထောင်မှာ ပြေး တွေ့ရပြန်ပါတယ်။

စစ်အစိုးရခေတ် ထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေကို မတရား ရိုက်နှက် ညှဉ်းပန်း နှိပ်စက်တာတွေ၊ သူတို့ကိုရော၊ မိသားစုတွေကိုပါ ဒုက္ခ မရောက်ရောက်အောင် ကြံဖန် လုပ်ဆောင်တာမျိုးတွေဟာ ပြောမကုန်ပါဘူး။

တခါတခါလည်း အကျဉ်းသားကို နာမ်နှိမ်နေတဲ့ အနေနဲ့ တမင် ချိုးတဲ့ အနေနဲ့ ရိုက်နှက်နေချိန်မှာ ယောက်ျားရင့်မကြီး စင်စစ် ဖြစ်ရက်နဲ့ `ကြောက်ပါပြီရှင့်´ လို့ အော်ခိုင်းတာမျိုးတွေ၊ ကိုယ့်နာမည်ရှေ့မှာ မိန်းမလို `မ´ တတ်ခိုင်းပြီး ဥပမာ `ကိုဇော်ဝင်း´ ဆိုရင် `မဇော်ဝင်းပါရှင့်´ လို့ အော်ခိုင်းတာမျိုးတွေလည်း လုပ်တတ်ပါသေးတယ်။ အဲဒီလို မပြောသူ မအော်သူဆိုရင် မျော့နေအောင် အရိုက်ခံရတော့တာပါ။

တချို့ဆိုရင် ရိုက်လို့ နာတဲ့ဒဏ် မခံနိုင်လွန်းတော့လို့ ၀ိုင်း ရိုက်နေတဲ့ကြားထဲက အတင်းရုန်းထ၊ အနီးက အုတ်နံရံကို ခေါင်းနဲ့ ပြေးဆောင့်ပြီး ကိုယ့်ကိုယ်ကို သတိလစ်သွားအောင် လုပ်ယူတာမျိုးတွေတောင် ရှိပါတယ်။ ဒါတောင် သရက်ထောင်မှာ နိုင်ငံရေး အကျဉ်းသားတဦး အရိုက်ခံနေရတာ မခံနိုင်လွန်းတော့လို့ အဲဒီလိုမျိုး အုတ်နံရံနဲ့ ခေါင်း ပြေးဆောင့်လိုက်တာ သတိလစ်မသွားဘဲ ခေါင်းတင် ကွဲသွားတော့ သူ့ကို အုတ်နံရံနဲ့ ခေါင်း မတိုက်နိုင်အောင် အုတ်နံရံနဲ့ ဝေးလံတဲ့ ကွင်းပြင်ထဲ ဆွဲခေါ်သွားပြီး အဲဒီမှာ ထောင်ဝါဒါတွေက တက်နင်းပြီး ဆက်ရိုက်ကြပြန်ပါတယ်။ အဲဒါနဲ့တင် ကိစ္စ မပြီးသေးပါဘူး။ အုတ်နံရံနဲ့ ခေါင်း ပြေးတိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး `ရိုက်နေတာကို ငြိမ်မခံဘူး၊ အဲဒီအတွက် ငြိမ်မခံတဲ့ အပြစ် ကျူးလွန်တယ်။ ထောင်ဥပဒေ ချိုးဖောက်တယ်´ ဆိုပြီး သူ့ကို ဒေါက်ခြေကျင်းခတ် တိုက်ပိတ် ပြစ်ဒဏ် ပေးလိုက်ပါသေးတယ်။

ဆက်ရန်…

No comments: