ကျနော် ကိုးတန်း ကျောင်းသား ဘ၀တုန်းကပါ။
ကျောင်းကို မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန (လ၀က) က ၀န်ထမ်းတချို့ ရောက်လာပြီး ကျောင်းသားတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကိုယူ၊ ဖောင်တွေ ဖြည့်တန်တာဖြည့်၊ ဓာတ်ပုံရိုက် အစရှိတာတွေ ဆောင်ရွက်လို့ လအနည်းငယ်ကြာတော့ အတန်းပိုင်ဆရာမက ကျောင်းသားတယောက်ခြင်းစီကို ပန်းရောင်ကဒ်ကလေးတွေ ထုတ်ပေးပါတယ်။
ကဒ်ကို ကြည့်လိုက်တော့ `အသက် တဆယ်နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကဒ်´ တဲ့…။
ဒါဟာ နိုင်ငံသား ဖြစ်မှုကို အသိအမှတ်ပြုတဲ့ `မှတ်ပုံတင်´ ခေါ် `နိုင်ငံသား စိစစ်ရေး ကဒ်ပြား´ နဲ့ ကျနော် ပထမဆုံး သိကျွမ်းခွင့် ရခဲ့တာပါပဲ။
ကျနော်တို့ ဖေဖေ၊ မေမေ တို့ ခေတ်တုန်းကတော့ ဒီကဒ်ကလေးကို `အမျိုးသား မှတ်ပုံတင်´ လို့ ခေါ်ကြတာပေါ့။ ဒီလိုနဲ့ပဲ လူတွေရဲ့ နှုတ်ဖျားမှာ `မှတ်ပုံတင်´ ဆိုတဲ့ အခေါ်အဝေါ် စွဲမြဲခဲ့ဟန် တူပါတယ်။
ရိုးစင်းတဲ့ ပုံသဏ္ဍာန် အဲဒီကဒ်ကလေးက မြန်မာပြည်မှာတော့ အလွန်အရေးပါအရာရောက်သော၊ ရေပန်းစားလှသော သက်မဲ့ပစ္စည်းလေး တခုလို့ ပြောမယ်ဆိုရင် လွန်မယ်လို့ မထင်ပါဘူး။ ဇိမ်ခံပစ္စည်း မဟုတ်သော်ငြား၊ အဖိုးအနဂ္ဃ မထိုက်တန်ငြားလည်း မြန်မာပြည်သားတွေအတွက်ကတော့ မှတ်ပုံတင်ဆိုတဲ့ ကဒ်ပြားလေးက အတော် အရေးပါပါတယ်။
***
ကျနော် အသက် ၁၈ နှစ်ပြည့်တော့ လ၀က ရုံးမှာ အသက် တဆယ်နှစ်ပြည့် ကဒ်ကို `နိုင်ငံသား စိစစ်ရေးကဒ်´ အဖြစ် ပြောင်းလဲရပါတယ်။ လိုအပ်သည်များကို ဆိုင်ရာပိုင်ရာ အလိုက် ပေးကမ်းစွန့်ကျဲပြီးသကာလ ပေးနိုင်တဲ့ အတိုင်းအတာပေါ် မူတည်ပြီးတော့ အချိန်ကာလ အတန်ကြာ စောင့်ဆိုင်းပြီးရင်တော့ အဲဒီကဒ်ကလေး ရပြီပေါ့…။
သာမန်အချိန်တွေမှာ ဆိုရင်တော့ ဒီကဒ်ကလေးဟာ သခင်ရဲ့ အိတ်ကပ်ထဲမှာ သူရှိနေတာကို ဂရုထားနိုင်လောက်တဲ့ အထိ အရေးမပါသေးလှပေမယ့် တခါတရံကျရင်တော့ သူ့ကို တပါတည်း ယူမသွားမိလို့၊ သူ့ကို ပျောက်ဆုံးမိလို့ နောက်ဆုံး သူ မရှိလို့ စသဖြင့် အကြောင်းအရာတွေနဲ့ ဒုက္ခရောက်ရသူတွေ မနည်းပါဘူး။
ကျနော်တို့ မြို့ကလေးကနေ ရန်ကုန် ရွှေမြို့တော်ကို အသွား ရေလမ်း ခရီးတခုမှာတော့ မှတ်ပုံတင်ရဲ့ အရေးပါမှုကို စတင် သဘောပေါက်ခဲ့ပါတယ်။ ပျင်းရိစရာကောင်းလှတဲ့ ရေလမ်း ခရီးကြောင့် လူက မှေးခနဲ အိပ်ပျော်သွားခိုက်မှာ တယောက်ယောက်က ကျနော့်ခြေထောက်ကို ခပ်ဆတ်ဆတ် တို့ထိကန်နှိုးလိုက်လို့ အိပ်မှုံစုံမွှားနဲ့ မော့ကြည့်မိတော့ ကာကီရောင် ၀တ်စုံဝတ်ထားတဲ့ လူတယောက်က ရှုတည်တည်နဲ့ ကြည့်နေပြီး `မှတ်ပုံတင် တဆိတ်လောက် ပြပါ´ လို့ ပြောပါတယ်။
တခါ…၊ ရထားနဲ့ သွားရတဲ့ ခရီးတခုမှာလည်း ရထားမထွက်သေးခင် အောက်ကို ဆင်းပြီး ဟိုဟိုဒီဒီ ငေးနေတုန်း အရပ်ဝတ်နဲ့ လူတယောက်က အနားကို ကပ်လာပြီး `မှတ်ပုံတင် တဆိတ်လောက် ပြစမ်းပါ´ လို့ ပြောပြန်ပါတယ်။
ကားနဲ့ ခရီးသွားရပြီဆိုရင်တော့ မြို့အ၀င် အထွက် ဂိတ်တွေမှာ ခုံတန်းတွေချ၊ တချို့လည်း အလှူခံ မဏ္ဍပ်လိုလို မဏ္ဍပ်တွေတောင် ထိုးလို့ ယူနီဖောင်း အရောင်အသွေးစုံနဲ့ ပုဂ္ဂိုလ်တွေက မှတ်ပုံတင် စစ်လေ့ ရှိပါတယ်။
***
ကျနော် လက်ရှိ ရောက်နေတဲ့ နိုင်ငံမှာလည်း Identity Card စစ်ဆေးတဲ့ အခါတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် အထက်က ကျနော်တင်ပြခဲ့တဲ့ နေရာတွေမှာတော့ မဟုတ်ပါဘူး။ ဆေးလိပ်/ အရက် သွားဝယ်တဲ့အခါ အသက်ပြည့် မပြည့် စစ်တာမျိုး၊ ဘဏ်မှာ ငွေသွားထုတ်ယူတဲ့ အခါ စစ်ဆေးကြည့်တာမျိုး၊ စာတိုက်မှာ ပါဆယ်ထုပ် သွားယူရတဲ့အခါ စစ်တာမျိုးတွေပါ။ ခြိမ်းခြောက်မှု ကင်းပါတယ်။
ကျနော်တို့ နိုင်ငံမှာကရော…၊ မှတ်ပုံတင် အစစ်ခံရတဲ့ အချိန်မှာ မပြနိုင်ရင် ဘာဖြစ်လာနိုင်ပါသလဲ…။
ပထမအဆင့်အနေနဲ့ကတော့ မေးခွန်းတွေနဲ့ ရင်ဆိုင်ရပါမယ်။ ဘယ်မှာနေတာလဲ၊ အခု ဘယ်ကို သွားမှာလဲ၊ ဘာလို့ မှတ်ပုံတင် မပါရတာလဲ၊ ဒီအရွယ်ရောက်နေပြီ မှတ်ပုံတင် မရှိဘူးလား၊ စတဲ့ မေးခွန်းတွေကို အစပြုလို့ နောက်ဆက်တွဲမှာတော့ လူအခြေအနေကို ကြည့်ပြီးတော့ ငွေညှစ်ခံရပါမယ်။
ကျနော် ဘားအံကနေ မော်လမြိုင်ကို သွားတော့ ဂျိုင်း(ဇာသပြင်) တံတားအ၀င် ဂိတ်ကို အရောက်မှာ တပ်ထိန်းတယောက်က ကားတစီးလုံးကို ဆင်းခိုင်းပြီး မှတ်ပုံတင် စစ်ပါတယ်။ အဲဒီ လမ်းမှာက မြ၀တီနယ်စပ်ကတဆင့် ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ပြီး ပြန်လာကြသူတွေ ဖြတ်သွားလေ့ ရှိတာမို့ တချို့ လူတွေမှာ မှတ်ပုံတင် မပါကြပါဘူး။ အဲဒီလို မှတ်ပုံတင် မပါတဲ့ လူတွေကို ကားပေါ်ကို တော်တော်နဲ့ ပြန်မတက်ခိုင်းသေးဘဲ ဟိုဟိုဒီဒီ လှည့်ပတ်မေး၊ ခြိမ်းခြောက် `သူများနိုင်ငံကို တော်တော်အထင်ကြီးနေတာလား´ ဆိုတဲ့ မှတ်ပုံတင် စစ်တာနဲ့ ဘာမှမဆိုင်တဲ့ စကားတွေလျှောက်ပြော၊ နောက်ဆုံးတော့ ငွေတောင်းတာပါပဲ။ ငွေပေးလိုက်တော့မှပဲ အသာတကြည်နဲ့ ပြေလည်ပါတယ်။
မှတ်ပုံတင် ကို အကြောင်းပြပြီးတော့ လူမဆန်တဲ့ နောက်ထပ် လုပ်ရပ်တခုကတော့ စစ်တပ်ထဲကို အတင်း အဓမ္မ သွတ်သွင်းတာပါပဲ။ စစ်သားစုဆောင်းသူတွေဟာ မြန်မာပြည် မြို့ကြီးတွေရဲ့ လူစည်ကားရာ လမ်းဆုံလမ်းခွ၊ ရထားဂိတ်၊ ကားဂိတ် သင်္ဘောဆိပ်တွေမှာ အခြေအနေမဲ့ဟန် ရှိသူ၊ အိမ်ပြေး ဖြစ်ဟန်တူသူ၊ အရပ်တပါးကို သွားရောက် အလုပ်လုပ်မယ့်ဟန် ရှိသူ လူငယ်တွေကို သားကောင်ကို ရှာတဲ့ မျက်လုံးမျိုးနဲ့ စောင့်ကြည့်နေတတ်လေ့ ရှိပါတယ်။
သူတို့ ရှာနေတဲ့ သားကောင်မျိုးကို တွေ့ပြီဆိုတာနဲ့ အဲဒီသားကောင်နားကို ချဉ်းကပ်ပြီး `မှတ်ပုံတင် ပါရဲ့လား´ လို့ မေးတော့တာပါပဲ။ မှတ်ပုံတင် မပါသူများကိုတော့ အမျိုးမျိုး လှည့်ပတ်ခြိမ်းခြောက်ပြီးတော့ `စစ်ထဲဝင်မလား၊ ထောင်ထဲ ၀င်မလား´ လို့ မေး၊ ပြီးရင်တော့ စစ်တပ်ထဲ အတင်းကာရော သွတ်သွင်းတော့တာပါပဲ။ မှတ်ပုံတင်ကို အကြောင်းပြပြီး စစ်သားစုဆောင်းတဲ့ အဲဒီနည်းကြောင့် ၀ရမ်းပြေး၊ ရဲဘက်ပြေး ရာဇ၀င်လူဆိုးတချို့ စစ်တပ်ထဲကို ရောက်သွားခဲ့တာတွေ ရှိပါတယ်။
***
ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတော့ သတင်းတခုမှာ ရွေတိဂုံဘုရားကို လာဖူးတဲ့ ရဟန်း၊ သာမဏေ၊ သီလရှင် အများပြည်သူများ မှတ်ပုံတင်ပါ တပါတည်း ယူဆောင်လာဖို့ ဂေါပက အဖွဲ့က ထုတ်ပြန်တယ် ဆိုတာကို ဖတ်လိုက်ရပါတယ်။
တာဝန်ရှိသူ တဦးက `လုံခြုံရေး အရ လုပ်ဆောင်တာပါ´ လို့ ထုံးစံအတိုင်း အကြောင်းပြပေမယ့် အဲဒီလို မှတ်ပုံတင် စစ်ဆေးဖို့ တာဝန်ကျတာကို အခွင့်ကောင်းယူမယ့် လုံခြုံရေး တာဝန်ကျများကြောင့် ဘုရားလာဖူးသူများကတော့ အနည်းနဲ့ အများဆိုသလို စိတ်အနှောင့်အယှက် ဖြစ်ရအုံးမှာပါပဲ။
ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားလာဖူးတာတောင်မှ မှတ်ပုံတင်လေး ပါမှ ဖူးခွင့်ရမယ် ဆိုတာမျိုးအထိကတော့ မဖြစ်သင့်လှတာ အမှန်ပါ။ မှတ်ပုံတင် ပြနိုင်တာ တခုတည်းအတွက်နဲ့ရော ဒါဟာ လုံခြုံမှု အပြည့်အ၀ ရှိသွားပြီလို အာမခံနိုင်မလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။
တကယ်တော့ လာဘ်ယူမှု၊ ခြစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ မြန်မာပြည် အုပ်ချုပ်ရေး ယန္တရားအောက်မှာ အကျင့်ပျက် လ၀က ၀န်ထမ်းတွေကို ငွေပေးပြီးတော့ ဖြစ်စေ၊ တခြားသော နည်းလမ်းကို အသုံးပြုပြီးတော့ ဖြစ်စေ မှတ်ပုံတင်ကဒ် သုံးလေးမျိုးထက် မနည်း ကိုင်ဆောင်ထားကြသူတွေ မနည်းလှပါဘူး။
ဒီတော့ လုံခြုံမှု ရှိခြင်း မရှိခြင်းကို မှတ်ပုံတင် စစ်ဆေးပြီးတော့ အကဲဖြတ်တာ၊ ကန့်သတ်တာက ရယ်စရာ ကောင်းလှပါတယ်။
***
မှတ်ပုံတင် ဆိုတာဟာ နိုင်ငံသားတိုင်းအတွက် မရှိမဖြစ် ကိုင်ဆောင်ရမယ့် အရာတခုဆိုတာကတော့ ငြင်းချက် ထုတ်စရာ မရှိပေမယ့် ဒါကို အစွဲပြုပြီးတော့ တဦးတယောက်ကို ကြောက်နေရတာမျိုး၊ ရိုးသားပါလျက်နဲ့ မှတ်ပုံတင် မရှိတာနဲ့ပဲ ခြိမ်းခြောက်ခံနေရတာမျိုးကတော့ မဖြစ်သင့်လှတာ အမှန်ပါ။
ဒါပေမယ့်…။
ခြိမ်းခြောက်မှု ပရပွနဲ့ နေသားကျနေတဲ့ ကျနော်တို့ နိုင်ငံမှာ `မှတ်ပုံတင် တဆိတ်လောက်´ ဆိုတဲ့ စကားဟာ နောက်ထပ် ဘယ်လောက်ကြာကြာအထိ အလွဲသုံးစား အလုပ်ခံနေရအုံးမယ် ဆိုတာကတော့…။
ကလိုစေးထူး
4 comments:
ဟိုက် အကိုပြောမှ သတိရတယ် ။ ညီမမှာ ၁၈နှစ်ပြည့် မှတ်ပုံတင်မရှိဘူး ။ ကျောင်းသားဘ၀တုန်းက လုပ်ထားတဲ့ ကလေးမှတ်ပုံတင်ပဲရှိတယ် :D ။
ko gyi t_ _ ____ gyi!!! if i call you that name, you will know whom i am right? i was gonna write your name then i remember you might don't want people to know... anyways, just letting you know my site! talk to later....
woow!!! interesting!
Post a Comment