Wednesday, November 14, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၂၈)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

နိုင်ငံရေး အကျဉ်းသားများ
(ပဉ္စမပိုင်း)
သရက်ထောင် မိလ္လာပြဿနာ

၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလကုန်မှာ နိုင်ငံရေး အကျဉ်းသား တရာကို အင်းစိန်ထောင်ကနေ သရက်ထောင်ကို အကြောင်းမဲ့ ပြောင်းရွှေ့ပစ်ခဲ့ကြပါတယ်။ ထောင်ပြောင်းပြီ ဆိုရင် ဒုက္ဒအကြီးအကျယ် ရောက်တာမို့ ဘယ်သူမှ မပြောင်းချင်ကြပါဘူး။ ထောင်ပြောင်းပြီ ဆိုရင် သက်ဆိုင်ရာ မိသားစုနဲ့ မိဘတွေက ဝေးလံတဲ့ နေရာကို လိုက်ပြီး ထောင်ဝင်စာတွေ့ရတာ ပင်လည်း ပင်ပန်း၊ ငွေကြေးကုန်ကျလည်း များလွန်းလို့ပါ။ အစိုးရရဲ့ သဘောကလည်း အဲဒီလို နိုင်ငံရေး အကျဉ်းသားနဲ့ မိသားစုတွေ ဒုက္ခရောက်အောင် ရည်ရွယ်ပြီး ပြောင်းရွှေ့တာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသား တရာ သရက်ထောင် ရောက်ပြီးနောက် အမှတ်(၁) အဆောင်မှာ အားလုံးကို အတူ စုထားပါတယ်။ သရက်ထောင် ရောက်ပြီး နှစ်ပတ်လောက် အကြာမှာ မိလ္လာသိမ်းတဲ့ ကိစ္စကို အကြောင်းပြုပြီး သရက်ထောင် အာဏာပိုင်တွေနဲ့ နိုင်ငံရေး အကျဉ်းသား တရာ ပြဿနာ စဖြစ်ပါတယ်။

ဒီနေရာမှာ ထောင်တွင်း မိလ္လာသိမ်းတဲ့ အကြောင်း ကြားဖြတ် ပြောချင်ပါတယ်။ ညစ်တီးညစ်ပတ် မိလ္လာသိမ်းတဲ့ အလုပ်ကို ထောင်ထဲမှာ ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ မိလ္လာသိမ်းတဲ့ အလုပ်ကို လုပ်ရသူတွေဟာ ထောင်ဥပဒေ တခုခုကို ချိုးဖောက်လို့ ထောင်က ပြစ်ဒဏ်ပေးတဲ့ အနေနဲ့ လုပ်ခိုင်းသူတွေနဲ့ အထူးလျှော့ရက် လိုချင်သူတွေသာ ဖြစ်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် မိလ္လာသိမ်းသူတွေဟာ ထောင်ထဲမှာ လျှော့ရက် အများဆုံး ရသူတွေ ဖြစ်ပါတယ်။ အဲဒါ ထောင်ဥပဒေပါ။

သရက်ထောင်ကို ရောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား တရာရဲ့ မိလ္လာကိစ္စကို ထောင်ထုံးစံအတိုင်း သရက်ထောင် ရာဇ၀တ် အကျဉ်းသားတွေက တာဝန်ယူ လုပ်ကိုင်ပါတယ်။ နှစ်ပတ် အကြာမှာတော့ သူ့ဟာသူ အဆင်ပြေနေတဲ့ မိလ္လာသိမ်းအလုပ်ကို အရင်လုပ်ပေးနေသူတွေကို မလုပ်ခိုင်းတော့ဘဲ နိုင်ငံရေး အကျဉ်းသားတွေ ကိုယ်တိုင် မိလ္လာသိမ်းရမယ်လို့ သရက်ထောင် အာဏာပိုင်တွေက အမိန့် ထုတ်ပါတော့တယ်။

ထောင်မှာ ထုံးစံ မဟုတ်တဲ့အတွက် အားလုံး အံ့အားသင့်သွားကြပါတယ်။ ဒါနဲ့ အကျိုးအကြောင်း မေးကြည့်တော့ နိုင်ငံရေး အကျဉ်းသားတွေဟာ မိလ္လာချတဲ့ ရာဇ၀တ် အကျဉ်းသားတွေနဲ့ စကားပြောလို့ အပြစ်ပေးတဲ့ အနေနဲ့ အခုလို မိလ္လာ သိမ်းခိုင်းတာ လို့ ထောင်အာဏာပိုင်တွေက ပြောပါတယ်။

အမှန်က မိလ္လာချသူတွေနဲ့ စကားပြောတာ မဆန်းပါဘူး။ ပြောနေကျပါပဲ။ သရက်ထောင် ရောက်တဲ့ နှစ်ပတ်အတွင်း ထောင်အာဏာပိုင်တွေ ရှေ့မှာပဲ မိလ္လာသိမ်း ရာဇ၀တ်အကျဉ်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ စကားပြောတာ အကြိမ်ကြိမ်ပါပဲ။ ထောင်အာဏာပိုင်တွေ ကိုယ်တိုင်လည်း ပြုံးပြုံးရွှင်ရွှင်နဲ့ ၀င်ပြောနေတာပါပဲ။ အဲဒီတုန်းကတော့ တားမြစ်ပိတ်ပင်တဲ့ စကားတခွန်းမှ မပြောဘဲ ထားပြီး အခုကျမှ ဘာလို့ အဲဒါကို ပြဿနာ ရှာရတာလဲ။

နိုင်ငံရေး အကျဉ်းသားတွေအနေနဲ့ ထောင်ထဲ ရောက်ချိန်မှာ မလွှဲသာ မရှောင်သာ မိလ္လာချတဲ့ အလုပ်လုပ်ရလည်း အကြောင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုလို ထောင်ဥပဒေ မရှိဘဲ ပြဿနာမရှိ၊ ပြဿနာရှာ အပြစ်ဒဏ်သဘောနဲ့ မိလ္လာချခိုင်းတာကိုတော့ သဘောလည်း မပေါက်၊ လက်လည်း မခံနိုင်ပါဘူး။ ဒါနဲ့ အဲဒီကိစ္စ ထောင်ပိုင်နဲ့ တွေ့ဆုံဆွေးနွေးလိုပါတယ် လို့ တင်ပြကြပါတယ်။

ထောင်အာဏာပိုင်တွေရဲ့ အဖြေကို စောင့်နေတုန်း ညနေ(၆)နာရီလောက်မှာတော့ တခန်းထဲ အတူထားတဲ့ နိုင်ငံရေး အကျဉ်းသား တရာကို အုပ်စုလိုက် ခွဲပြီး အခန်းပြင် ခေါ်ထုတ်သွားပါတယ်။ အဲဒီမှာတင် ထောင်အာဏာပိုင်တွေ ပြဿနာ စရှာပြီ ဆိုတာ မှန်းဆမိကြပါတယ်။ ခေါ်ထုတ်သွားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လူခွဲပြီး အဆောင်(၃)ဆောင်က အခန်း(၉)ခန်းမှာ ရာဇ၀တ် အကျဉ်းသားတွေနဲ့ အတူရော ထားလိုက်ပါတယ်။ ရာဇ၀တ် အကျဉ်းသားတွေနဲ့ စကားပြောမိလို့ ပြစ်ဒဏ်ပေးတဲ့ အနေနဲ့ မိလ္လာချခိုင်းတယ် ဆိုရင်လည်း အခုကတော့ ရာဇ၀တ် အကျဉ်းသားတွေနဲ့ ဘာလို့ အတူတူ ထားရပါသလဲ။

ည (၇)နာရီလောက်မှာတော့ သရက်ထောင် တထောင်လုံး တံခါးတွေ ပိတ်လိုက်ပါတယ်။ ည (၈) နာရီလောက်မှာတော့ ထောင်ဝါဒါတွေ အများကြီး ရောက်လာပြီး နိုင်ငံရေး အကျဉ်းသားတွေထဲက ကိုးယောက်ကို ရွေးထုတ်၊ အခန်းတွေထဲကနေ အပြင်ကို ခေါ်ထုတ်သွားပါတယ်။ နောက် ဘာမပြော ညာမပြောနဲ့ သူတို့ ကိုးယောက်ကို ညကြီးမင်းကြီး ဒေါက်ခြေကျင်းခတ်၊ တိုက်ပိတ် ပြစ်ဒဏ် ပေးလိုက်ပါတော့တယ်။

ဒီနေရာမှာ တိုက်ပိတ် ပြစ်ဒဏ်အကြောင်း အကျဉ်းချုံ့ပြီး အနည်းငယ် ပြောပြလိုပါတယ်။

တိုက်ပိတ် ပြစ်ဒဏ်ဆိုတာက အကျဉ်းသားကို အရင်ဆုံး ခြေထောက်ကို ဒေါက်ခြေကျင်းခတ်၊ ပက်ပက်စက်စက် ရိုက်၊ အဲဒီနောက် အခန်းကျဉ်းကျဉ်းလေးထဲ သော့ခတ် အလုံပိတ် ထားလိုက်တာပါ။ ဒေါက်ခြေကျင်း ခတ်တယ်ဆိုတာက လက်ထိပ်ခတ်သလို ခြေကျင်းဝတ် နှစ်ဘက်ကို သံကွင်းထူထူကြီးတွေ ခတ်၊ ခြေထောက် နှစ်ဘက်ကြား အလယ်မှာ နှစ်ပေလောက် ရှည်တဲ့ သံချောင်းကြီးကို ကန့်လန့်ခံထားတာပါ။ ဒါ့အပြင် ခြေကျင်းဝတ်မှာ ခတ်ထားတဲ့ သံကွင်းကို တခြားသံကွင်းတွေနဲ့ ကွင်းဆက် ဆက်ထားတာမို့ သံကွင်းတွေ တပုံတပင်ကြီး တထွေးကြီး၊ တလေးကြီး ဖြစ်ပါတယ်။

ဒေါက်ခြေကျင်း အခတ်ခံရရင် လမ်းလျှောက်တဲ့အခါ ဘဲလို ကားပြီး လျှောက်ရသလို အိပ်တဲ့အခါလည်း ကားပြီး အိပ်ရလို့ နေရထိုင်ရ အိပ်ရ ဆိုးလှပါတယ်။ ဒေါက်ခြေကျင်း ခတ်ခံရတဲ့ ဒဏ်တွေကြောင့် ခြေထောက်တွေ သိမ်သွားတာ၊ ချိနဲ့ပြီး မသန်စွမ်းတော့တာတွေ ဖြစ်တတ်ပါတယ်။

ဒေါက် တချောင်းခတ် နှစ်ချောင်းခတ် ဆိုတာလည်း ရှိပါတယ်။ နှစ်ချောင်းခတ် ဆိုတာ ခြေထောက် နှစ်ဘက်ကြားမှာ သံချောင်းကြီး နှစ်ချောင်းကို ကန့်လန့်ခံထားတာပါ။ ဒေါက်နှစ်ချောင်း ခတ်ဆိုရင် လူက လှုပ်မရတော့လောက်အောင်ပါပဲ။

တိုက်ပိတ် ပြစ်ဒဏ်ပေးရင် အကျဉ်းသားမှာ ရှိသမျှ အ၀တ်အစား၊ စောင်၊ စားစရာကအစ သိမ်းပြီး အခန်းကျဉ်းကျဉ်းလေးထဲက သံမံတလင်း ကြမ်းပြင်ပေါ်မှာ ဘယ်လောက်အေးအေး အ၀တ်တထည် ကိုယ်တခုနဲ့သာ ထားပါတယ်။ ဒီကြားထဲ အထဲက အကျဉ်းသားကို မကြာခဏ ပိုးစိုးပက်စက် ထုတ်ရိုက်ပါသေးတယ်။ အဲဒီလို ထုတ်ရိုက်တဲ့ အချိန်ကလွဲလို့ အခန်းကို ဘယ်တော့မှ ဖွင့်မပေးဘဲ (၂)ပတ်ကနေ (၃)လအထိ သော့ခတ် ပိတ်လှောင်ထားတာပါ။ ညဘက် တထောင်လုံး ပိတ်ချိန်မို့ အခန်းတံခါးဖွင့်၊ အကျဉ်းသားကို အပြင်ထုတ်ပြီး ရိုက်လို့ မရတာတောင်မှ အိပ်ပျော်နေတဲ့ အကျဉ်းသားကို နှိုး၊ သံတံခါးနား ကပ်ခိုင်း၊ အပြင်ကနေ သံတိုင်ကြားထဲ ထုတ်ထိုးထည့်ပြီး ထောင်ဝါဒါတွေက ရိုက်ချင်ရိုက်သေးတာပါ။ နေ့စဉ် မိလ္လာသွားတဲ ကိစ္စ၊ အပေါ့သွားတဲ့ ကိစ္စတွေကို အခန်းကျဉ်းလေးထဲမှာပဲ စွန့်ပစ်ရပါတယ်။ ထုံးစံအတိုင်း တနေ့တခါ မိလ္လာနဲ့ ဆီးအိုး သန့်ရှင်းခွင့်၊ အခန်းပြင်ထုတ် စွန့်ပစ်ခွင့် မပေးတော့ပါဘူး။ ဒါကြောင့် ချေးအိုး ဆီးအိုးတွေ လျှံကျပြီး တခန်းလုံး ပေကျံ ရွှဲနစ်နေပါတော့တယ်။ ပထမ (၁)ရက် (၂)ရက်က သိပ် မသိသာပါဘူး။ ဒါပေမယ့် တပတ်လောက် ကြာရင်ပဲ အခန်းထဲ အနံ့တွေ ပုပ်ဟောင်လာလိုက်တာ ဘယ်လိုမှ မခံနိုင်တော့ပါဘူး။ နောက်ဆုံး အခန်းတံခါးပေါက် သံတိုင်တွေကြားထဲ မျက်နှာဖိကပ်၊ နှာခေါင်းထုတ်ပြီး ရနိုင်သလောက် အပြင်လေကို ကုတ်ကပ် ရှူရပါတယ်။

တိုက်ပိတ် ပြစ်ဒဏ် ကျခံနေတဲ့ ကာလတလျှောက်လုံး ရေလုံးဝ မချိုးရပါဘူး။ ဒါကြောင့် တိုက်ပိတ်ခံရပြီးလို တိုက်က ပြန်ထွက်လာတဲ့ အကျဉ်းသားဟာ ဆံပင် မုတ်ဆိတ်က ရှည်ရှည်၊ အရိုးပေါ်အရေတင် ပိန်ချူံးနေရုံမက ပုပ်ဟောင်နေတဲ့ အနံ့မျိုးစုံကြားထဲ ရေမချိုး ဘာမချိုး၊ လနဲ့ချီ နေခဲ့ရတာဆိုတော့ လူရုပ် မပေါက်တော့ပါဘူး။ ရွံစရာ တိရိစ္ဆာန်တကောင်နဲ့ တူနေပါတော့တယ်။ ဒီကြားထဲ အမှောင်တိုက် ဆိုတာကလည်း ရှိသေးပြီး ထမင်းမကျွေးဘဲ ကော်ကျွေးတာမျိုးလည်း ရှိပါသေးတယ်။

ဒါကြောင့် တိုက်ပိတ်ပြစ်ဒဏ် ဆိုတာ ထောင်ထဲမှာ ဘယ်အကျဉ်းသားမဆို ရာဇ၀င်လူဆိုးတွေတောင် ကြားရုံနဲ့ အသည်းတုန် အူတုန်သွားတဲ့ အဆိုးဆုံး၊ အပြင်းဆုံး၊ အရက်စက်ဆုံး ထောင်တွင်း ပြစ်ဒဏ်ပါ။ အဲဒီလို တိုက်ပိတ် ပြစ်ဒဏ်ပေးခံရသူတွေဟာ များသောအားဖြင့် ကျန်းမာရေး ချွတ်ယွင်းပြီး ချိနဲ့သွားကြပါတယ်။

***

စောစောက ဖော်ပြခဲ့တဲ့ သရက်ထောင်က နိုင်ငံရေး အကျဉ်းသား ကိုးဦးကို အဲဒီလို ဘာမပြော ညာမပြောနဲ့ (၂)ရက်လောက် တိုက်ပိတ်ထားပြီးတော့မှ ထောင်ပိုင်က ခေါ်တွေ့ပါတယ်။ နောက် ထောင်ဥပဒေ ချိုးဖောက်တဲ့ အတွက် အခုချိန်က စပြီး တိုက်ပိတ်ပြစ်ဒဏ် ပေးလိုက်ကြောင်း စီရင်ချက် ဖတ်ပြပါတယ်။

နိုင်ငံရေး အကျဉ်းသား ကိုးဦးက `သူတို့ အနေနဲ့ ထောင်အာဏာပိုင်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့သာ တောင်းဆိုတာ၊ ဘယ်လိုလုပ်ပြီး ထောင်ဥပေဒ ချိုးဖောက်မှု ကျူးလွန်ရာ ကျသလဲ´ လို့ မေးတော့ ထောင်ပိုင်က `အခုလို မေးတာကိုက ထောင်ဥပဒေ ချိုးဖောက်တာပဲ´ လို့ ပြောပြီး အော်ဟစ် ကြိမ်းမောင်းပါတယ်။ နောက် သူတို့ကို ထောင်ဝါဒါတွေက ထောင်ပိုင် ရုံးခန်းထဲကနေ ဆွဲထုတ်၊ စစ်ဆေးပြီး ပြစ်မှုထင်ရှားမှ စီရင်ချက် ချရမယ်မဟုတ်ပါလား။ အခုတော့ မစစ်မဆေး၊ အရင် အပြစ်ပေး၊ အရေးယူပြီး နှစ်ရက်ကြာတော့မှ စီရင်ချက် ချတာဆိုတော့ တကယ့် ဥပဒေ ချိုးဖောက်သူ အစစ်က အဲဒီ ထောင်ပိုင်ပဲ မဟုတ်ပါလား။

အဲဒီလိုနဲ့ ဘာ တခုမှ ဖြေရှင်းခွင့် မရှိဘဲ ကျောင်းသား ကိုးဦးဟာ တိုက်ပိတ်ပြစ်ဒဏ် ပေးတာကို လနဲ့ချီပြီး ခံခဲ့ရပါတယ်။


နိုင်ငံရေး အကျဉ်းသားများ
(ဆဋ္ဌမပိုင်း)
သရက်ထောင် ဘောလ်ပင် ပြဿနာ

အဲဒီလို ကျောင်းသား ကိုးဦးကို တိုက်ပိတ် ပြစ်ဒဏ် ပေးထားတာကိုပဲ ထောင်အာဏာပိုင်တွေက အားရပုံ မပေါ်သေးပါဘူး။ ဒါကြောင့် ကျောင်းသား ကိုးဦးနေတဲ့ တိုက်အမှတ်(၃)မှာပဲ နောက် (၃)(၄)လ အကြာမှာ ပြဿနာ ထပ် ဖြစ်ပါသေးတယ်။ အဲဒီအကြောင်းကို အကျဉ်းချူံးပြီး ဖော်ပြလိုပါတယ်။

၁၉၉၂ခုနှစ်၊ ဧပြီလတုန်းက သရက်ထောင် အမှတ်(၃)တိုက်မှာ နောက်ထပ် တိုက်ပိတ် ပြစ်ဒဏ် ခံနေရသူတွေပါ ပေါင်းလိုက်ရင် စုစုပေါင်း နိုင်ငံရေး အကျဉ်းသား ဆယ့်နှစ်ယောက် ရှိပါတယ်။

လေပြင်းတိုက်တဲ့ ညတည၊ လေဒဏ်ကြောင့် ရဲမော်ထူးနဲ့ ၀င်းနိုင်တို့ နေကြတဲ့ အခန်း အမှတ်(၆)ရှေ့၊ ၀ရန်တာမှာ အပေါ်ကနေ တစုံတခု ပြုတ်ကျလာတဲ့ အသံကြားရပါတယ်။ ဒါနဲ့ ၀င်းနိုင်က ထကြည့်တော့ အခန်းရှေ့ ကြမ်းပြင်ပေါ်မှာ လုံးထွေးထားတဲ့ လုံချည်တထည်ကို ပိတ်ထားတဲ့ သံတိုင်တံခါးကြားကနေ လှမ်းတွေ့ရပါတယ်။ `ဘယ်သူ့ဟာလဲ´ လို့ အော်မေးလိုက်တော့ နှစ်ခန်းကျော်မှာ ရှိတဲ့ စိုးမြတ်က `သူ့အထုပ်၊ လှမ်းဆွဲပြီး သူ့အခန်းဘက် ပစ်ပေးလိုက်´ လို့ အော်ပါတယ်။ ဒါနဲ့ ၀င်းနိုင်က လုံချည်ထုပ်ကို လှမ်းဆွဲပြီး စိုးမြတ် အခန်းဘက် လှမ်းပစ်လိုက်ပါတယ်။ ဒါပေမယ့် အထုပ်က စိုးမြတ်အခန်း မရောက်ဘဲ လမ်းတ၀က်မှာတင် ကျသွားပါတယ်။

အဲဒီအချိန်မှာပဲ ထောင်ဝါဒါတယောက် ရောက်လာပြီး လုံချည်ထုပ်ကို ကောက်ယူ ဖွင့်ကြည့်တော့ အထဲက ဘောလ်ပင် တချောင်း ထွက်လာပါတယ်။ ထောင်ဝါဒါက ဘာမှ မပြောဘဲ ဘောလ်ပင်ရော အထုပ်ပါ ယူသွားပါတယ်။

ဝင်းနိုင်က `ဘယ်လိုလုပ်မလဲ´ လို့ စိုးမြတ်ကို မေးတော့ စိုးမြတ်က ရယ်မောရင်း `နက်ဖြန် အဲဒီကိစ္စမေးရင် အမှန်အတိုင်း ပြောလိုက်။ အရေးယူလည်း အလွန်ဆုံး ကိုယ့်ထောင်ဝင်စာ တွေ့ခွင့် ပိတ်ရုံပေါ့´ လို့ ပြောပါတယ်။

စိုးမြတ်က နာမည်ကျော် ရာဇ၀တ်အကျဉ်းသား လူဆိုးဖြစ်ပြီး အင်းစိန်ထောင်ကို အုပ်ချုပ်ခဲ့သူပါ။ ၁၉၉၀ တ၀ိုက်တုန်းက အင်းစိန်ထောင် လူဆိုးလောကမှာ စိုးမြတ်က `ဘုရင်´ ဖြစ်ပါတယ်။ စိုးမြတ်အကြောင်း ပုံပြင်ျွှေ အင်းစိန်ထောင်ထဲမှာ ပြောမဆုံးပါဘူး။ ထောင်ဥပဒေကို နှံ့နှံ့စပ်စပ် ကျွမ်းကျင်သူလည်း ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ သူပြောသလိုပါပဲ။ ထောင်ဥပဒေအရ ဘောလ်ပင်တွေ့ရင် ထောင်ဝင်စာ ပိတ်ရုံလောက်ပဲ အပြစ်ပေးတာပါ။ တခါတခါ ဘောလ်ပင်သာ သိမ်းသွားတယ်။ ဘာအပြစ်မှ မပေးပါဘူး။ ဒါကြောင့် အခုကိစ္စနဲ့ ပတ်သက်လို့ အဲဒီညက ဘယ်သူမှ သိပ် ပူပူပင်ပင် မရှိကြပါဘူး။

ဒါပေမယ့် အားလုံး မှားပါတယ်။ နောက်နေ့ မနက် အစောကြီး (၆)နာရီလောက်မှာတော့ အမှတ်(၃)တိုက်၊ တိုက် ၀င်းထရံတွေ၊ သံတိုင်တွေကို တုတ်တွေနဲ့ ရိုက်၊ အော်ဟစ်ဆဲဆိုပြီး တိုက်ဝင်းထဲ ထောင်ဝါဒါတွေ အများကြီး ၀င်လာကြတာ ဆူညံသွားလို့ တတိုက်လုံး လန့်နိုးကုန်ပါတော့တယ်။

ထောင်ဝါဒါတွေက ၀င်းနိုင်နဲ့ ရဲမော်ထူးနေတဲ့ အခန်း အမှတ်(၆)ကို ဖွင့်၊ သူတို့ နှစ်ယောက်ကို အခန်းထဲကနေ အပြင်ဆွဲထုတ်၊ ပြီးတော့ ဘာမပြော ညာမပြောနဲ့ ရိုက်ပါတော့တယ်။ ရိုက်တာကလည်း ၀ါဒါတွေ အများကြီး တုတ်တွေနဲ့ ကျွဲရိုက်နွားရိုက် ၀ိုင်းရိုက်ကြတာပါ။ သူတို့ နှစ်ယောက်စလုံး မြေကြီးပေါ် ပုံလဲကျသွားပါတယ်။

အဲဒီလို ရိုက်တော့မှ ပုံလဲကျနေတဲ့ သူတို့ နှစ်ယောက်ကို ဆွဲထူ၊ ထိုင်ခိုင်းပြီး `ဘောလ်ပင် ဘယ်ကရလဲ´ လို့ စစ်ပါတယ်။ အမှန်က အရင်စစ်ပြီး အပြစ်ရှိကြောင်း ထင်ရှားတော့မှ အရေးယူ အပြစ်ပေးရမှာ မဟုတ်ပါလား။

ဝင်းနိုင်က `မသိဘူး´ ဆိုပြီး ညက အဖြစ်အပျက်ကို ရှင်းပြပါတယ်။ အဲဒီလို ရှင်းပြလည်း ပြီးရော `လိမ်တယ်´ ဆိုပြီး ပထမအကြိမ်တုန်းကလို ၀ိုင်း ရိုက်ကြပြန်ပါတယ်။ ရိုက်တာကလည်း တဖက်တချက်မှာ ထောင်ဝါဒါ တယောက်စီ ရပ်ပြီး တယောက်တချက် မရပ်မနား တဝေါဝေါနဲ့ ဆက်တိုက် ရိုက်တာပါ။

နောက်ဆုံး သူတို့ နှစ်ယောက်စလုံး မထနိုင်တော့ဘဲ မြေကြီးပေါ် ပုံလဲကျနေတာကို မကျေနပ်နိုင်သေးဘဲ ၀ါဒါ တချို့က ဆွဲထူ၊ ခေါင်းကို ဒူးနှစ်ဘက်နဲ့ ညှပ်ထားပေးပြီး ကျန် ၀ါဒါတွေက ၀ိုင်း ရိုက်ကြပြန်ပါတယ်။ နှစ်ယောက်စလုံး စကားမေး မရ၊ အသံ မထွက်တော့ပါဘူး။

အဲဒီလို ရိုက်သံ နှက်သံ အော်ဟစ်သံတွေနဲ့ တတိုက်လုံး အုတ်အော်သောင်းနင်း ဖြစ်နေချိန်မှာ စိုးမြတ်က သူ့အခန်းထဲကနေ `ခင်ဗျားတို့ ရက်စက်လှချည်လား´ ဆိုပြီး အသံကုန် လှမ်းအော်ပါတယ်။ အဲဒီနောက် `၀င်းနိုင် ပြောတာ အမှန်ပဲ။ သူ ဘာမှ မသိဘူး။ ဘောလ်ပင်က ကျုပ်ဘောလ်ပင်´ လို့ အော်ပြောပါတယ်။ ထောင်ဝါဒါတွေ စိုးမြတ်အခန်း ပြေးသွားကြပြီး စိုးမြတ်ကို ထုတ်ရိုက်ပါတော့တယ်။ စိုးမြတ်လည်း ပုံလဲ ကျသွားပါတယ်။ စိုးမြတ်က ထွားကျိုင်းသန်မာသူ ဖြစ်ပါတယ်။ (`ကျုပ်က အရိုက်ခံရလွန်းလို့ လူကောင် ဒီလောက် ကြီးလာတာ´ လို့ စိုးမြတ်က ဂုဏ်ယူပြောတတ်သူပါ)။

အဲဒီ ရိုက်ပွဲမှာ ထောင်ပိုင် ထောင်မှူးအပါအ၀င် သရက်ထောင် တထောင်လုံးက ၀ါဒါတွေ အကုန်လုံးလောက် နီးနီး ပါပါတယ်။ နောက်ပိုင်း သိရတာကတော့ နွားတောင် ပစ်လဲသွားအောင် ရိုက်နိုင်တယ် ဆိုပြီး နာမည်ကြီးတဲ့ ထောင်ဝါဒါတွေကို လက်ရွေးစင် ရွေးလာတယ်လို့ ဆိုပါတယ်။ သူတို့ကို အရင် ရိုက်ခိုင်းပြီးမှ နောက်မှ ဒီ့ပြင် ထောင်မှူး၊ ၀ါဒါတွေ ၀င်ရိုက်ကြတာပါ။

စိုးမြတ်ကို ရိုက်ပြီးချိန်မှာ တိုက်မှာ ညက ဘာတွေဖြစ်လို့ ဖြစ်ခဲ့မှန်းတောင် မသိကြသေးတဲ့ ကျန်တဲ့ အခန်း(၆)ခန်းက အကျဉ်းသားတွေကိုပါ အပြင်ဆွဲထုတ်ပြီး ဘာမဆိုင် ညာမဆိုက် ရိုက်ပါတော့တယ်။

အဲဒီအချိန်တုန်းက အမှတ်(၃) တိုက်မှာ အသက် (၇၀) ကျော်ပြီဖြစ်တဲ့ မဂ္ဂင်ဆရာတော်လည်း ရှိနေပါတယ်။ ထောင်ဝါဒါတွေက ဆရာတော်ကိုပါ ချန်မထားဘဲ ထုတ် ရိုက်ပါတယ်။ နှလုံးရောဂါ ရှိတဲ့ မောင်မောင်သန်းကို ရိုက်တော့ မောင်မောင်သန်းက `သူ ဘာအပြစ်ရှိလို့လဲ။ သူ့မှာ နှလုံးရောဂါလည်း ရှိနေပါတယ်´ လို့ ပြောတာကို `နှစ်လုံး ရှိရှိ၊ သုံးလုံးရှိရှိကွာ´ လို့ ပြောပြီး ၀ိုင်းရိုက်တာ မောင်မောင်သန်း သတိလစ်သွားပါတယ်။ လူကြီးတယောက်ဖြစ်တဲ့ ရှေ့နေကြီး ဦးဇော်မျိုးဝင်း ဆိုရင် ကိုယ်တိုင်လည်း အရိုက်ခံရ၊ အဲဒီနေ့ အဖြစ်အပျက်ကို အထိတ်တလန့်လည်း ကြုံလိုက်ရ ဆိုတော့ နောက်ပိုင်း တော်တော်ကြာတဲ့ အထိ စိတ်ကစဥ့်ကလျားတောင် ဖြစ်သွားပါတယ်။

၁၉၉၀ အင်းစိန်ထောင် တိုက် ဆန္ဒပြပွဲတုန်းက အရိုက်ခံရတဲ့အထဲမှာ ဦးဇော်မျိုးဝင်းလည်း ပါပါတယ်။ သရက်ထောင်မှာ အရိုက်ခံရတာနဲ့ နှိုင်းယှဉ်ပြီး `အင်းစိန်ထောင်က ရိုက်တာ အပုံကြီး တော်ပါသေးတယ်ကွာ´ လို့ ဦးဇော်မျိုးဝင်း ပြောပြတတ်ပါတယ်။

အဲဒီလို ရိုက်နှက်ခံရပြီး နောက်တနေ့မှာ ၀င်းနိုင်ကို ဆယ်ပိဿာလောက် လေးတဲ့ နှစ်ဒေါက်ခတ် ဒေါက်ခြေကျင်းကြီး ခတ်လိုက်ပါတယ်။ အမှန်က ထောင်ဥပဒေအရ အဆိုးဆုံး ရာဇ၀င်လူဆိုးကို ဒေါက်ခြေကျင်း ခတ်ရမှာတောင် အလေးချိန် နှစ်ပိဿာ ခြောက်ဆယ်ထက် မပိုရဘူးလို့ ဆိုပါတယ်။ အဲဒီ ဆယ်ပိဿာ လေးတဲ့ ဒေါက်ခြေကျင်းကြီး အခတ်ခံရတာ သရက်ထောင် သမိုင်းမှာ ၀င်းနိုင်က ဒုတိယမြောက်ဖြစ်ပြီး သူ့အရင်က အခတ်ခံရသူကတော့ ထိပ်သီး ရာဇ၀င်လူဆိုး တဦးလို့ ဆိုပါတယ်။ တတိယမြောက်ကတော့ စိုးမြတ် ဖြစ်ပါတယ်။ ၀င်းနိုင်ကို အဲဒီလို ဆယ်ပိဿာ ဒေါက်ခြေကျင်းကြီးခတ်၊ နေ့လည်ခင်း နေရှိန်ကြောင့် ခြစ်ခြစ်တောက် ပူနေတဲ့ သဲပြင်ပေါ်မှာ ဖိနပ်မပါဘဲ လျှောက်ခိုင်းပါတယ်။ အဲဒီနောက် ရေ ခမ်းခြောက်နေလို့ ပူခြစ်နေတဲ့ ကွန်ကရစ် ကန်ထဲမှာ ထည့်ပြီး နေခြောက်လှမ်းပါတယ်။ နောက် (၂)ရက် အကြာမှာတော့ ၀င်းနိုင်တကိုယ်လုံး ပြာနှမ်းပြီး သူ့အခန်းထဲမှာ သတိလစ်တချက် မလစ်တချက် ဖြစ်နေပါတယ်။ ဒါပေမယ့် ထောင်ပိုင်က ဆေးကုမပေးရလို့ အမိန့်ထုတ်ထားလို့ ဆိုပြီး ဆေး လာကုမပေးပါဘူး။

မူလကတည်းက တိုက်ပိတ် ပြစ်ဒစ်ပေးခံထားရတဲ့ အဲဒီ နိုင်ငံရေး အကျဉ်းသား ကိုးဦးကို နောက်ထပ် တိုက်ပိတ် ပြစ်ဒဏ်ဆိုပြီး တိုက်ထဲမှာပဲ တိုက် ထပ်ပိတ်လိုက်ပါတယ်။ အဲဒီလို အမှတ် (၃)တိုက်မှာ ထောင်ပိုင်ကိုယ်တိုင် ဦးဆောင်ပြီး တရားလက်လွှတ် ရိုက်တဲ့ ကိစ္စ ကျော်ကျော်ကြားကြား ဖြစ်သွားရာကနေ (နိုင်ငံခြား အသံလွှင့်ဌာန တချို့ကလည်း အဲဒီကိစ္စ အသံလွှင့်ကြတယ် လို့ ဆိုပါတယ်) ဖုံးမရ ဖိမရ ဖြစ်လာလို့ အထက်အာဏာပိုင်တွေက စစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး သရက်ထောင်မှာ စုံစမ်း စစ်ဆေးပါတယ်။ အားလုံးကို စစ်ဆေးပြီးနောက် ကာယကံရှင်နဲ့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို ထိန်ချန်၊ `ဆယ်ပိဿာလေးတဲ့ ဒေါက်ခြေကျင်း သရက်ထောင်မှာ မရှိ။ အခုလို အမှတ်(၃)တိုက်မှာ ရိုက်နှက်ရတာ ထောင်အာဏာပိုင်တွေကို ခုခံလို့ ဖြစ်တယ်´ ဆိုပြီး စစ်ဆေးရေး အဖွဲ့က အထက်ကို အစီရင်ခံစာ လိမ် တင်လိုက်ကြောင်း သိရပါတယ်။

ထောင်ထဲမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားနဲ့ ထောင်အာဏာပိုင်တွေရဲ့ ပြဿနာတွေကို လေ့လာကြည့်မယ် ဆိုရင် သိနိုင်တာက ပြဿနာ ဖြစ်လာတဲ့အခါ ဘာကြောင့် ဖြစ်လာတယ်၊ ဘယ်လို ဖြစ်တတ်တယ် ဆိုတာတွေကို ထောင်အာဏာပိုင်တွေက သေသေချာချာ မစစ်ဆေး၊ မစုံစမ်းတာပါ။ နောက်ပြီး ဆွေးနွေး ညှိနှိုင်းမှု မရှိတာ၊ တရား မျှတမှု မရှိတာ အပြစ်ဒဏ်ပေးရာမှာ ပိုပေးတာတွေ ဖြစ်ပါတယ်။

အဲဒီလိုနဲ့ ဖြစ်လာတဲ့ ပြဿနာအပေါ်မှာ အကျိုးသင့် အကြောင်းသင့် မစဉ်းစားဘဲ အမုန်းအာဃာတ၊ တဖက်သတ် အမြင်တွေနဲ့ ပြဿနာကို ချဉ်းကပ်ဖြေရှင်းတဲ့အတွက် ကာယကံရှင်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေ အများကြီး နစ်နာသွားရတဲ့အပြင် ပြဿနာတွေဟာ ပြေလည်မသွားဘဲ ထပ်ခါထပ်ခါ ပြဿနာတွေ ဖြစ်လာနေရတာပါ။

ဆက်ရန်…

5 comments:

PeTi said...

ဒီဟာကို လာဖတ်တိုင်း စိတ်တော်တော် မကောင်းဖြစ်ဖြစ်သွားတယ်ဗျာ။ လူထုဦးလှရေးတဲ့ အင်္ဂလိပ်လက်ထက် အကျဉ်းထောင်တွေကမှ အများကြီး တော်သေးတယ်။

PeTi said...

အဲ.. ဒီလိုပြောတော့ အနောက်မျှော်လို့ ပြောခံရတော့မယ်။ :P

Anonymous said...

That is a sad true story.
How can we stop that kind of unlawful treatment in Burma Prison?
That was about ten years ago and by this time the Junta's treatment to the people who are being held in different prisons in Burma might be in very dangerous situation.
How we can take the reaction of that prison officers and their groups?
Need to take an action or something!!

Anonymous said...

ြူဲံ
ူမန်မာနိုင်ငံတော်၏ထောင်အေုကာင်းကိုအားလုံးသိအောင်
ေူပာပေုးကပါ။

Thet Thet Tun said...

Dear Kalosayhtoo,

I would like to translate this article and put in my website. I hope you will let me do. I am quite busy right now with my school. Hopefully, I can do during the Christmas time.