Monday, November 19, 2007

ဆောင်းအ၀င်…

ဆောင်းတပတ် လည်ခဲ့ပြန်ပါပြီ။

တွေ့ရာနေရာတိုင်းမှာ ရွက်ကြွေတွေ တဖျောဖျောနဲ့ လေတိုက်တိုင်း တသောသောမျောနေလိုက်ကြတာ တချို့အရွက်တွေက မြက်ခင်းပေါ်မှာ အစိမ်းရောင် ကတ္တီပါပေါ် ကျဲချထားဟန်နဲ့ ဒီနှစ်အတွက် သူတို့ရဲ့ နောက်ဆုံး အချိန်ကို အတတ်နိုင်ဆုံး အလှဆင်နေကြသေးတယ်။ တချို့အရွက်ခမျာမှာတော့ လေရဲ့ သယ်ယူရာကြောင့် ကားလမ်းမထက် လွင့်ကြွေရှာရင်း ဝေါခနဲ ဖြတ်သွားတတ်တဲ့ ကားဘီးတွေအောက်မှာ ကြေမွသွားကြလေရဲ့…။

တဖြည်းဖြည်း အေးစက်လာတဲ့ ရာသီဥတုက တစုံတယောက်ရဲ့ `ငါတို့လာပြီဟေ့´ လို့ တပ်လှန့်သံလိုလိုပါပဲ။ ဟုတ်ပါတယ်။ သူတို့ လာပါတော့မယ်။ ဖြူလွှလွှအဆင်းနဲ့ အင်မတန် အမြင်တင့်ပေမယ့် စိမ့်နေအောင် အေးတဲ့ အရသာကို ပေးစွမ်းမယ့် နှင်းပွင့်တွေ လာတော့မှာပါ။ စိမ်းစိုစို မြင်ကွင်းတွေနဲ့အတူ နေသာထိုင်သာ ရှိလှတဲ့ နွေရဲ့ သရုပ်သကန်ကတော့ လအတန်ကြာအောင် ပုန်းလျှိုးကွယ်လျှိုးနဲ့ အနားယူနေပါတော့မယ်။


ဘာအရွက်မှ မရှိတော့တဲ့ အဲဒီအပင်ကြီးကတော့ အေးခဲတဲ့ နှင်းပွင့်တွေကို ကြိုဆိုဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သူ့ဆီကနေ ကြွေချမြေခတဲ့တဲ့ အရွက်အတော်များများကတော့ ဘယ်ဆီဝယ်မသိ လွင့်ပျောက်ခဲ့ပါပြီ။ နွေရာသီတုန်းက အပင်အုပ်အုပ်တွေရဲ့ အားကိုးနဲ့ လူမမြင်အောင် ပုန်းခိုနေတဲ့ ခပ်လှမ်းလှမ်းက စက်ရုံကတော့ တဟီးဟီးတဟဲဟဲ အသံပေးလို့ ရိုးတံပြိုင်းပြိုင်း အပင်တွေနဲ့ အပြိုင် အကျည်းတန်နေရှာတယ်။

မွေးရပ်မြေ ရွှေပြည်ကြီးမှာတော့ ဒီအချိန်ကာလဟာ အခု မြင်နေရတဲ့ မြင်ကွင်းတွေလို ဘယ်ဟုတ်ပါ့မလဲ။ ဆောင်း ဆိုတာကလည်း အင်မတန်မှ နေသာထိုင်သာရှိလှတဲ့ဆောင်း…။ မနက်စောစောမှာ မြူခိုးတွေ ဝေနေမယ့် တောင်တန်းပြာတွေ၊ စိမ်းစိုနေဆဲ တောအုပ်ငယ်တွေ၊ ရွှေဝါရောင် စပါးခင်းတွေနဲ့ အင်မတန်မှ လှလိုက်မယ့်ဆောင်း။ ဒီနိုင်ငံက ဆောင်းလို သေလုအောင် မအေးတဲ့ ဆောင်း…။ စာဖွဲ့ချင်စရာ ဆောင်းညချမ်းနဲ့ ပနံရလှတဲ့ ဆောင်းရယ်ပါ…။



ဘယ်လိုပဲဖြစ်ဖြစ် တနှစ်မှာ အရောင်လေးမျိုးလောက် ပြောင်းလေ့ရှိတဲ့ ဟောဒီ မေပယ်လ်ပင်ကြီးတွေရဲ့ အလှကြွယ်မှုကိုတော့ အသိအမှတ် မပြုလို့ မရပါဘူး။ အခုပဲ ကြည့်လေ…၊ ဟိုးခပ်ဝေးဝေး လမ်းတဖက်ခြမ်းက အပင်တွေက မီးလောင်ပြင်မြင်ကွင်းလို့ သွေ့ခြောက်နေပေမယ့် သူကတော့ စိမ်းတချို့ ၀ါတသွယ် လက်ကျန် အရွက်တွေနဲ့ လှဂုဏ်မောက်နေဆဲ…။ လေနတ်သားရဲ့ ပံ့ပိုးမှုနဲ့အတူ ယိမ်းနွဲ့နေတဲ့ သူ့ဟန်ပန်က အခုအချိန်ထိတော့ လှနေဆဲပါပဲ။




ဒီကွင်းလေးမှာ ကျနော်တို့ရဲ့ အလုပ်ရုံ ဒါဘီပွဲအဖြစ် မြန်မာ-မက္ကဆီကို ဘောလုံးပွဲကို နွေရာသီ တရာသီပတ်လုံး ကစားခဲ့ကြတယ်။ ပုံမှန်အားဖြင့် တလတခါ ရိတ်ဖြတ်ပေးဖို့ လိုအပ်တဲ့ မြက်ခင်းခမျာလဲ ကမ္ဘာကျော် ဘောလုံးသမားကြီးများ ကျနော်တို့ရဲ့ဒဏ်ကြောင့် တချိန်လုံး ငြိမ်ကုပ်နေရရှာတယ်။ ဆောင်းတွင်းကျတော့လဲ အေးခဲလှတဲ့ နှင်းဖတ်တွေကို တနှစ်ပတ်လုံးလိုလို ထမ်းပိုးကြရအုံးမယ်။ အခုအချိန်မှာတော့ အပင်တွေပေါ်က ခုန်ဆင်းလာတဲ့ အရွက်တွေကို တပျော်တပါးကြီး လက်ခံလို့ သူကလည်း အလှတမျိုး ဆင်နေလေရဲ့…။

ဒီကွင်းပြင်လေးမှာပဲ တခါတလေမှာ ကျနော်တို့ ချစ်ချစ်ကြည်ကြည်နဲ့ ဘောလုံး ကစားပွဲကို ပုံဖော်ခဲ့သလို တခါတလေမှာတော့ တွန်းတိုက်ကန်ကျောက်ရင်း ငြင်းခုန်ကြရတယ်။ တခါတလေမှာ ကျနော်တို့ အနိုင်ရသလို တခါတလေမှာ ခေါင်းမဖော်နိုင်လောက်တဲ့ အရှုံးဂိုးတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးတယ်။ တခါတလေမှာ ကျနော်တို့ ကန်သွင်းဖို့ ကြိုးစားတဲ့ ဂိုးက တည့်မတ်သလို တခါတလေမှာတော့ ဘောလုံးက ဟိုးခပ်ဝေးဝေး ကားလမ်းဆီ ရောက်သွားလေ့ရှိတတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ဘောလုံးကစားခဲ့တာလည်း သေချာခဲ့ပါတယ်။




`ဟေး၊ ဘာလုပ်နေတာတုန်းကွ´

အသံ တခုကြားလို့ လှည့်ကြည့်လိုက်တော့ အားရပါးရပြုံးနေတဲ့ မျက်နှာတခု အလုပ်ရုံ ပြတင်းဝမှာ ပေါ်လာပါတယ်။

သူပြုံးတာကို ကြည့်ရတာ ပေါ့ပါးလွန်းလှတာနဲ့ `ခဏလေး၊ ခဏလေး´ ဆိုပြီး အဲဒီ အပြုံးကို အမိအရ ဖမ်းယူ ပုံရိုက်ကူးလိုက်တယ်။

သူ့ပုံကို ကြည့်ရတာ (ကျနော်တို့ မြန်မာမျက်စိအရ) ချောမောသူ တယောက်မဟုတ်…၊ ရိတ်သင်ခါစ မုတ်ဆိတ်၊ နှုတ်ခမ်းမွှေး ဟိုတစဒီတစနဲ့ အိပ်ရေးမ၀ဟန် မျက်လုံးဝါကျင်ကျင်တွေက ချောမောဟန် အသွင်ကို လုံးဝဆောင်မနေပါ။ ဒါပေမယ့် သူပြုံးနေတဲ့ အပြုံးကတော့ ကြည်စင်လွန်းလှပြီး လောဘ၊ဒေါသ၊ မောဟ ကင်းစင်လွန်းဟန် ရှိလှတယ်လို့ ထင်မိတယ်။ ကျနော်တို့ရော…၊ ပြုံးခဲ့လိုက်တိုင်း အဲဒီလို ကြည်လင်ခဲ့ပါသလား…။

`ကလင်…ကလင် (((((((((((´

အချိန်ကာလတခုကို သတိပေးချင်ဟန် ဘဲလ်သံက ကျနော့်ကို `ပြန်လာခဲ့တော့´ လို့ ဆင့်ခေါ်လိုက်တယ်။ နာရီကို ကြည့်မိတော့ နေ့လည် ၁၂ နာရီခွဲ။ အလုပ်ရုံထဲကို ပြန်ဝင်လိုက်တယ် ဆိုရင်ပဲ စောစောက မြင်ကွင်းတွေက တမဟုတ်ခြင်း ပျောက်ကွယ်သွားပြီး ဆူညံနေတဲ့ စက်သံတွေက အဆင်မပြေလှစွာနဲ့ ကျနော့်ကို ကြိုဆိုလိုက်ပါတော့တယ်။


ကလိုစေးထူး


6 comments:

Anonymous said...

ကျွန်မကြိုးစားပြုံးတုန်းပဲ
ကိုစေးထူးရယ်
တစ်ခါတစ်ခါ
အဲပြုံးတွေက အသက်မဲ့တယ်

စိုးထက် - Soe Htet ! said...

ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဘောလုံး ကစား ခဲ့တာလည်း သေချာခဲ့ပါတယ်။

nu-san said...

ကိုစေးထူးရဲ့ “ဆောင်းအ၀င်” ပို့စ်ကို ဖတ်ရင်းနဲ့ ဘာကို လွမ်းမှန်းမသိ..

ဓာတ်ပုံထဲက ပြုံးနေသူကလည်း အသက်ပါလိုက်တာ.. ကိုယ့်ကို ပြုံးပြနေသလား အောက်မေ့ရတယ်.. :)

thamudayanwe said...

အပြုံးတွေအကြိမ်၂ခြွေဘူးတယ်..
အဓိပ္ပါယ်မရှိတဲ့အပြုံးလှလှလေးတွေဖြစ်သလို.
အဓိပ္ပါယ်ရှိတဲ့အပြုံးတွေရောပေါ့..င်္ဟီး..
မဲ့ပြုံး..ထေ့ပြုံး..specialist ပါ

Anonymous said...

ကိုကလိုစေးထူးရေ...ဆောင်းရာသီ ဝင်တိုင်းမှာ အဲဒီရွက်ကြွေတွေရယ်၊ ရိုးတံပြိုင်း သစ်ပင်တွေရယ်၊ ခပ် အုပ်အုပ် မိုးသားတွေရယ်က ကျနော့်ကိုလည်း ခံစားမှု တခုမဟုတ် တခုပေးလေ့ရှိပါတယ်၊ ဒီပို့စ်လေးကနေ သိင်္ဂါရရသ၊ ကရုဏာရသ နဲ့ သန္တရသကို တပြိုင်တည်း ခံစားရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ....။

Anonymous said...

ဆောင်းအ၀င်ပိုစ့်ထဲက သူလို အကိုစေးထူးလည်း ဘယ်လောက်ပဲပင်ပန်းနေပါစေ ပြုံးနိင်တဲ့ အချိန်တွေနဲ့ ပြည့်နေပါစေ… ။ နောက်တခါ ဘောလုံးပွဲဆို လာအားပေးမယ်… ဟဲဟဲ

လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)