Tuesday, November 27, 2007

အတွင်းနှင့် အပြင်…

ဆောင်းတွင်း ရောက်လာလို့လားတော့ မသိ…။ လူက အလုပ်နဲ့ အိမ်၊ အိမ်နဲ့ အလုပ်လောက်သာ သွားချင်လာချင်စိတ် ရှိတော့သည်။ အပြင်ကို ခဏတဖြုတ်လောက် ထွက်လိုက်ရင်ပဲ အေးစက်စက် လေက လူကို အညှိုးတကြီးနဲ့ တိုးခွေ့တာကြောင့် အနွေးဓာတ်ရတဲ့ အဆောက်အဦထဲကို အမြန် ပြန်ပြေးဝင်ရသည်မှာ ရှေးခေတ် ဂူအောင်း လူသားတွေနဲ့တောင် ခပ်ဆင်ဆင် တူလေမလား မှတ်ရ၏။

ဒီနေ့…၊ အလုပ်ကနေ အိမ်ကို အပြန် … … …။

အိမ်တံခါးကို ဖွင့်လိုက်သည်နှင့် အမျိုးအမည် မသိသော အနံ့တမျိုးမျိုးက အဆင်မပြေလှစွာနှင့် ကြိုဆိုနေ၏။ ဘာနံ့ရယ်တော့ မသိ။ ကြော်လှော် ချက်ပြုတ်ထားသော အနံ့၊ ခြေအိတ်များက ထွက်သော အနံ့၊ ရှူးဖိနပ် အနံ့ စသဖြင့် အနံ့များက လုံနေသော အိမ်ထဲတွင် တ၀ဲလည်လည်နှင့် ပေါင်းစည်းမိကာ တစည်းတလုံး ရှိလှစွာနှင့်ပင် အခုလို အဆင်မပြေသည့် အမည်မသိ အနံ့ အစည်းအရုံးကို ဖွဲ့စည်းထားဟန် တူသည်။

ဒါပေမယ့် မတတ်နိုင်…။ ဒီအနံ့တွေ ရှိတဲ့နေရာကိုက ကျနော့်အိမ်ကိုး။ ပါလာတဲ့ ကျောပိုးအိတ်ကို အခန်းထောင့်ဆီသို့ ပစ်ထုတ်လိုက်ရင်း အနံ့သက်သာလို သက်သာငြား Scanned Candle ကို မီးထွန်းညှိလိုက်တော့ မွှေးသယောင်ယောင် ရှိသော အီလည်လည် အနံ့တမျိုးက လှုပ်ခတ်နေသော မီးတောက်အားကိုးဖြင့် စောစောက အမည်မသိ အနံ့ကို တော်လှန်သည်။

ဧည့်ခန်းကြမ်းပြင်ပေါ် ပက်လက်လှန် အိပ်ပြီး လေကို အားရပါးရ ရှူသွင်းလိုက်သည်။ ရှူသာရှူလိုက်ရပေမယ့် လေကောင်းလေသန့်က ခန္ဓာကိုယ်ထဲကို ရောက်မလာ…။ စောစောက ဘာမှန်းမသိတဲ့ အနံ့တွေကသာ အလုံးအရင်းနဲ့ ၀င်လာသည်။ သက်ပြင်းတချက်ကို ၀ှူးခနဲ မှုတ်ထုတ်လိုက်တော့ ခန္ဓာကိုယ်ထဲက ကာဗွန်ဒိုင်အောက်ဆိုက်တွေက အပြင်မှာ ရှိနှင့်နေတဲ့ မသန့်မပြန့် လေထုထဲကို အားရ၀မ်းသာဖြင့် ခုန်ပေါက်ထွက်လာကြ၏။

အတန်ငယ်ကြာတော့ အခန်း၏ လှောင်ပိတ်မှု ဒဏ်က အတော် မွန်းကျပ်လာသည်။ ဒါပေမယ့် ပြတင်းတံခါးကို ဖွင့်လိုက်ဖို့ကလည်း အပြင်မှာ စိမ့်နေအောင် အေးသော အအေးဓာတ်ရဲ့ စိန်ခေါ်မှုက ရှိသေးသည်။ ဒီအခန်းလေးမှာ ကျနော့်အတွက် ရှူရှိုက်စရာ လေထုတွေ ရှိနေသေးသည်ဟုလည်း စိတ်က ယုံကြည်နေချင်သေးတာလည်း ပါသည်။

မီးဖိုထဲမှာ အနံ့စုပ်စက် ရှိတာကို သတိရမိပြီး သွားဖွင့်လိုက်တော့ စက်က ၀ူးဝူးဝေါဝေါ အသံဖြင့် အလန့်တကြား ထအော်သည်။ သွားစမ်းကွာ…၊ အနံ့ဆိုးတွေ၊ မကောင်းတဲ့ လေတွေကို စုပ်ထုတ်ပစ်စမ်းကွာ…။

စိတ်ကသာ ရေရွတ်မိသော်လည်း လက်တွေ့မှာတော့ လေကောင်းလေသန့်က ရမလာ…။ `မထူးပါဘူးကွာ´ ဟု တွေးပြီး ဒီအတိုင်း နေမိတော့ လူက အခန်းထဲက အနံ့တွေနဲ့ ယဉ်ပါးသလိုလို ဖြစ်သွားသည်။ ဒီလိုနှင့် ကွန်ပြူတာရှေ့မှာထိုင် စာလိုက်ဖတ်… … … … … … ။ အနံ့ဆိုးဖယ်သည့် ဖယောင်းတိုင်မီးက လူးလူးလွန့်လွန့်…။


`တွီ တွီ တွီ´

ကွန်ပြူတာနားက ဖုန်းက တတွီတွီနှင့် ထအော်တော့ မကိုင်ချင့်ကိုင်ချင်နှင့် ကိုင်ရပြန်သည်။

`ဟဲလို´

`Blah Blah Blah Blah … … … … … … ´

ဟူး…၊ အပြင်သွားရပေအုံးမည်။ အေးလွန်းလို့ မထွက်ချင်ပါဘူးဆိုမှ …။ ရေကို ကမန်းကတန်းချိုး၊ အ၀တ်အစားကို ကသုတ်သရက်လဲ လို့ အိမ်အပြင်ကို ထွက်လိုက်တော့…။

အေးစက်နေသော ရာသီဥတုက ထုံးစံအတိုင်း မညှာမတာ ဆီးကြိုနေဆဲ…။ သို့သော် ရှူရှိုက်ရသည့် အနံ့ကတော့ ကျနော့်အိမ်ထဲက အနံ့နှင့် ဘာမှမဆိုင်တော့ပါ။ အေးစက်နေသည့်တိုင် သန့်ရှင်း လတ်ဆတ်နေသည်။ ခေါင်းကိုမော့ပြီး လေကောင်းလေသန့်ကို အားပါးတရ ရှူရှိုက်လိုက်တော့ လူက လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ စောစောက ပိတ်လှောင်နေသော ကျနော့်အိမ်ခန်းထဲက လေနှင့် ဘာမှ မဆိုင်ပါလား…။

ကျနော့်အိမ်ခန်းထဲမှာ မကောင်းသော အနံ့အသက်တွေနှင့် ပိတ်လှောင်နေသည့် အချိန်တွင် အပြင်လောကမှာက ကြည်လင် သန့်ပြန့်သော လေထုကြီးက လူသားများအတွက် မကုန်နိုင် မခန်းနိုင် ရှိနေသည်။ ကျနော်က ကျနော့်အခန်းတံခါးကို ပိတ်လို့ အထဲက လေထုနဲ့ မရမက ယဉ်ပါးနေချိန်မှာ အပြင်လောကက လူတွေကတော့ လေကောင်းလေသန့်ရဲ့ အရသာကို ကောင်းကောင်းကြီး ရှူရှိုက် ခံစားနေကြသည်။ အပြင်က လေကောင်းလေသန့်တွေ ကျနော့်အခန်းထဲကို ဘယ်လိုရောက်အောင် လုပ်ရပါ့မလဲ၊ အထဲက မကောင်းတဲ့ အနံ့အသက်တွေ ကို ကူညီသန့်စင်ပေးဖို့အတွက် လေကောင်းလေသန့်တွေ ရဖို့ ကျနော် ဘာလုပ်သင့်ပါသလဲ…။

***

အိမ်ကိုပြန်ရောက်တော့…။

ခေါင်းမာမာနှင့် ပိတ်ထားသော ပြတင်းတံခါးကို ခပ်ကျယ်ကျယ်လေး လှစ်ဟပစ်လိုက်သည်။ အပြင်လောကမှ လေထုကြီးက အခန်းထဲကို အားရ၀မ်းသာဖြင့် ၀င်ရောက်လာပြီး အခန်းထဲမှ အနံ့ဆိုးများက လေကောင်းလေသန့်များ၏ ၀ါးမြိုမှုကို လက်မြှောက် အရှုံးပေးလိုက်ရတော့သည်။

ဒီအခန်းထဲက လေထုတွေကြောင့် အပြင်လောက လေထုက ညစ်ညမ်းသွားလေ မလား??? ၊ ကိစ္စမရှိပါ၊ အချိန်တန်ရင်တော့ လေကောင်းလေသန့်များက အနိုင်ရသွားမှာ အသေအချာပါပဲ။

အခန်းတံခါးကို ဖွင့်လိုက်ရလို့ အေးစက် ကြမ်းတမ်းတဲ့ ရာသီဥတုဒဏ်ကိုတော့ တော်တော်ခံလိုက်ရသည်။ သို့သော် …၊ ထိုက်တန်ပါသည်။ ကျနော်က ကျနော့်အခန်းလေးကို လေကောင်းလေသန့် ရစေချင်တယ်လေ။ ပိတ်လှောင်နေတဲ့ အခန်းကတော့ လေကောင်းလေသန့် မရနိုင်တာ အသေအချာပင် ဖြစ်ပါသည်။


ကလိုစေးထူး

5 comments:

ဂုလု said...

တံခါးတွေကို အသေပိတ်ပစ်ချင်နေကြသူတွေ နဲ့ကတော့ အီလည်လည်နဲ့ အမည်မသိ အနံ့ဆိုးကို ရှုနေရအုံးမှာပဲဗျ။ လေကောင်းလေသန့်တွေ ၀င်လာဖို့ တံခါးတွေကို ဖွင့်နိုးဖွင့်နိုး စောင့်လာတာလည်း အတော်ကြာနေတော့ တချို့ဆိုရင် ယဉ်ပါးနေပြီထင်တယ်။
တနေ့နေ့တော့ လေကောင်းလေသန့်တွေ ရှုခွင့်ရအုံးမှာပါ။ : ) ဘယ်နေ့လည်း ဆိုတာတော့…

မွန်းသက်ပန် (ဆေး-၁) said...

ကိုယ့်အိမ်ကလေးထဲမှာ နေနေကျမို့မသိသာပေမယ့် အပြင်လောကနဲ့ယှဉ်လိုက်မှ အိမ်ကလေးရဲ့ လိုအပ်ချက်တွေကို သိလာတတ်တာပေါ့…။ အခက်အခဲတွေရှိပေမယ့် တခါတခါကျတော့လည်း ပိုကောင်းမဲ့ အရာတခုအတွက် စွန့်စားသင့်တယ် မဟုတ်လား ..။ တခုခုကို ဆုံးရှုံးမှာ ကြောက်တယ် ဆိုရင်တောင် မကောင်းတဲ့ နည်းတွေချည်းပဲ ရင်ဆိုင်နေရမယ် ဆိုရင်တောင် ထိခိုက်မှု အနည်းဆုံးနည်းကိုသုံးပြီး ကောင်းအောင် လုပ်သင့်တယ် မဟုတ်လား …အကိုစေးထူးရေ… ။ ဒါက မွန်းကျပ်နေတဲ့ အခန်းအတွက် မွန်းသက်ပန်ရဲ့ ထင်မြင်ချက် သက်သက်ပါ။ :D

လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)

မေငြိမ်း said...

အင်းးး သေချာတာကတော့ အပြင်မှာ လေကောင်းလေသန့်တွေ ရှိတယ်ဆိုတာ သိဖို့။ လေကောင်းလေသန့်တွေ ၀င်လာအောင် တံခါးဖွင့်ရမယ်ဆိုတာ သိဖို့ နဲ့ အပြင်က အေးသက်တဲ့လေတွေကို မမှုဘဲ တံခါးဖွင့်လိုက်ဖို့ပါပဲ။

ညီလင်းသစ် said...

တံခါးကို ဖွင့်ခွင့်ရလာတဲ့တနေ့၊ အချမ်းခံပြီး ဖွင့်ရဲတဲ့ သတ္တိရှိလာတဲ့ တနေ့မှာတော့ ကျနော်တို့အားလုံး လေကောင်းလေသန့်တွေ တဝကြီး ရှုရှိုက်ကြရမှာပါ...။

Thyda said...

I also had a same problem before. I got some smell whenever I came back to my room. And I was afraid to open door when I was in room since outside was so cold. Finally, I open windows when I go outside. Then, there r no smell when I come back my room. And I close windows when I am in room. So far, there r no thieves:-)

So, I think,we have some ways to clean up air of our own room/place. We can do by ourself. We can surely do it with our own ways. Nobodyelse..