Saturday, November 03, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၂၆)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

နိုင်ငံရေး အကျဉ်းသားများ (တတိယပိုင်း)
နိုင်ငံရေး အကျဉ်းသားနဲ့ ရာဇ၀တ် အကျဉ်းသား ဆက်ဆံရေး

ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ရာဇ၀တ်အကျဉ်းသားတွေကို အတူတူ ရောထားတဲ့ ကိစ္စမှာ ပြဿနာတွေ ရှိပါတယ်။ ဒါကလည်း အဲဒီ အကျဉ်းသား နှစ်မျိုးမှာ ကြီးမားတဲ့ ကွဲပြားခြားနားချက်တွေ အများကြီး ရှိလို့ပါ။

ကျူးလွန်တဲ့ ရာဇ၀တ်ပြစ်မှုနဲ့ သဘောသဘာဝအရ အမျိုးအစားခွဲရင် ထောင်ထဲမှာ ရာဇ၀တ် အကျဉ်းသား အဓိကအားဖြင့် နှစ်မျိုး ရှိပါတယ်။

တမျိုးကတော့ ရည်ရွယ်ချက်နဲ့ ဖြစ်စေ၊ ရည်ချက်မဲ့ ဖြစ်စေ တကြိမ်တခါ ဥပဒေ ချိုးဖောက်မိလို့ ထောင်ကျသူတွေ၊ စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့လို့ ထောင်ကျသူတွေ ဖြစ်ပါတယ်။ နောက်တမျိုးကတော့ မကောင်းမှု၊ ဒုစရိုက်နဲ့ အသက်မွေး ၀မ်းကျောင်းနေသူ လူဆိုးတွေပါပဲ။ ထောင်ကို အိမ်လို သဘောထားပြီး ၀င်လိုက် ထွက်လိုက် လုပ်နေကြသူတွေ၊ ဒါ့အပြင် သူတို့ထဲက တော်တော်များများဟာ ထောင်စကားအရ ပြောရမယ်ဆိုရင် ထောင်ကို `ရင်း´ ပြီး စီးပွားရှာနေကြသူတွေ ဖြစ်ပါတယ်။ ထောင်ကနေ အပြင်က မိသားစုကို ပိုက်ဆံ ထောက်ပံ့နေတဲ့ လူဆိုးတွေ အများကြီးပါပဲ။

တခု ထူးဆန်းတာက အဲဒီ ဒုတိယ အမျိုးအစား လူဆိုးတွေက သူတို့ကို `လူဆိုးတွေ´ လို့ ခေါ်လို့ စိတ်မဆိုးဘဲ (စိတ်မဆိုးတဲ့ အပြင် ဂုဏ်တောင် ယူပါသေးတယ်) သူတို့ကို `လူမိုက်တွေ´ လို့ ခေါ်မှသာ စိတ်ဆိုးကြတာပါ။ လူမိုက် လို့ ခေါ်တာက သူတို့ကို နှိမ်ချ ခေါ်တာ၊ စော်ကားတာ ဖြစ်နေပါတယ်။

သူတို့ သတ်မှတ်ချက်အရ ဆိုရင် ဆိုးခြင်းအားဖြင့် ၀င်ငွေရအောင် ရှာနိုင်သူတွေဟာ လူဆိုးဖြစ်ပြီး (ဂုဏ်သိက္ခာလည်း ရှိပြီး) ၀င်ငွေမရဘဲ ဆိုးတဲ့ လူတွေဟာ လူဆိုး မဟုတ်ဘဲ လူမိုက်တွေ ဖြစ်ပါတယ်။ ထောင်ထဲမှာ အဲဒီလို လူဆိုးတွေကို `ဗိုလ်´ လို့ ခေါ်ကြပါတယ်။

လူဆိုးမှာတောင် နှစ်မျိုး ထပ်ကွဲပါသေးတယ်။ အထက်ဂိုဏ်လူဆိုးနဲ့ အောက်ဂိုဏ်း လူဆိုး ဆိုပြီး အဆင့်ခွဲထားတာပါ။

အောက်ဂိုဏ်း လူဆိုးမှာ သူခိုး၊ ခါးပိုက်နှိုက်၊ ဓားပြတွေ ပါဝင်ပြီး အထက်ဂိုဏ်း လူဆိုးဆိုတာကတော့ စားသောက်ဆိုင်တွေ၊ ဘိန်းခန်း၊ ကစော်ခန်းတွေ၊ အောက်ဂိုဏ်း လူဆိုးတွေအပေါ် ဆက်ကြေး ကောက်စားတဲ့ ထိပ်တန်း လူဆိုးတွေ ဖြစ်ပါတယ်။

ဒါ့အပြင် လူဆိုးတွေက ရန်ကုန်မြို့မှာ သူ့မြို့နယ်နဲ့သူ မြို့စား၊ရွာစားတွေလို အပိုင်စား ထားကြပါတယ်။ ဥပမာ၊ လှိုင်စား၊ အလုံစား၊ ဥက္ကလာစားတွေ ဖြစ်ပါတယ်။ တယောက်နယ်ကို တခြားတယောက်က အသိအမှတ် ပြုရပြီး ၀င်ရောက် မစွက်ဖက်ရပါဘူး။ အဲဒီလို နယ်ပယ်တခုကို အပိုင်စားနိုင်ဖို့က လူဆိုးတွေအချင်းချင်း ရက်ရက်စက်စက် `ဗိုလ်လုပွဲတွေ´ လုပ်ကြရပါတယ်။ ထောင်ထဲမှာလဲ အဲဒီလို ဗိုလ်လုပွဲတွေ ရှိပါတယ်။

တကယ်တော့ အဲဒီလူဆိုးတွေဟာ သူတို့ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကြောင့် ထောင်ထဲ ရောက်နေကြရပြီး ထောင်ထဲရောက်တော့လည်း ထောင်ထဲမှာ ရာဇ၀တ်မှုတွေ ထပ်မံ ကျူးလွန်နေကြတဲ့အပြင် ထောင်အပြင်မှာပါ သူတို့ အဆက်အသွယ်တွေက တဆင့် ရာဇ၀တ်မှု ကျူးလွန်နေသူတွေ ဖြစ်ကြပါတယ်။

ထောင်တွင်း မူးယစ်ဆေးဝါး ကိစ္စအကြောင်းမှာ ဖော်ပြခဲ့ဖူးတဲ့ ပဲခူးက ဓားပြကြီး ဦးစန်းလွင်ဆိုရင် သူ ထောင်ကျနေတဲ့ အချိန်မှာ အပြင်က သူ့တပည့် ဓားပြတွေကို ဓားပြတိုက်ခိုင်းပြီး ထောင်ထဲကို ပိုက်ဆံ အပို့ခိုင်းနေသူပါ။

တတ်နိုင်ရင် နိုင်ငံရေး အကျဉ်းသားတွေက အဲဒီလို ရာဇ၀တ်သားတွေနဲ့ အတူတူ မနေလိုကြပါဘူး။ အထူးသဖြင့် ဆိုးခြင်းအားဖြင့် အသက်မွေးနေတဲ့ လူဆိုးတွေနဲ့ပါ။ အဲဒီလို မနေလိုရာမှာ ခိုင်လုံတဲ့ အကြောင်းအချက်တွေ ရှိပါတယ်။

ပထမအချက်က သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို မနှစ်မြို့လို့၊ သူတို့ကို ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသူတွေအဖြစ် သတ်မှတ်ထားလို့ ဖြစ်ပါတယ်။

ဒုတိယ အချက်ကတော့ စိတ်ဓာတ်နဲ့ စရိုက်သဘာဝချင်း မတူကြလို့ပါ။

တတိယအချက်က အဲဒီလို မတူတဲ့ အတွက် ထောင်ထဲမှာ ပြဿနာ တခုခု ဖြစ်လာတဲ့ အခါ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ရာဇ၀တ် အကျဉ်းသားတို့အကြား ပြဿနာကို မြင်ပုံမြင်နည်းနဲ့ ပြဿနာ ဖြေရှင်းပုံ ဖြေရှင်းနည်း မတူကြတော့တာပါ။ ပြဿနာတွေကလည်း ထောင်ထဲမှာ အမြဲပေါ်နေတာ မဟုတ်လား။ ဒါကြောင့်ပဲ တခါတုန်းက အင်းစိန်ထောင် အမှတ်(၃) အဆောင်မှာ ဒိတ်ဒိတ်ကြဲ လူဆိုးတွေ ပေါင်းပြီး နိုင်ငံရေး အကျဉ်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ဖို့ အထိ ဖြစ်ခဲ့ဖူးပါတယ်။ ကံကောင်းလွန်းလို့ အဲဒီ အဖြစ်ဆိုးကို လက်မတင်လေး ရှောင်နိုင်ခဲ့တာပါ။

အဲဒီလို ရာဇ၀တ် အကျဉ်းသားတွေနဲ့ အတူထားတဲ့ အတွက် ပြဿနာကြီးတွေမှာတင်မ ဘာမဟုတ်တဲ့ ပြဿနာလေးတွေက အစ နိုင်ငံရေး အကျဉ်းသားတွေအတွက် အသက်အန္တရာယ် ရှိနေပါတယ်။ ထောင်ထဲမှာကလည်း ရန်ငြိုး အာဃာတတွေကြောင့်ရော ထောင်တွင်း လူဆိုးအချင်းချင်း ဗိုလ်လုပွဲတွေကြောင့်ပါ လူသတ်မှုတွေက ဖြစ်ပြီးရင်း ဖြစ်နေတာပါ။ အဲဒီလို ထောင်တွင်း သတ်ဖြတ်မှုတွေ ဖြစ်ပွားရာမှာ ထောင်အာဏာပိုင်တွေရဲ့ ပယောဂ မကင်းတာတွေလည်း ရှိပါတယ်။

ဥပမာ သရက်ထောင်မှာ ရာဇ၀တ် အကျဉ်းသား သောင်းမြင့်က ဘဲဥကို သတ်တော့မယ့် ကိစ္စကို အတော်များများ သိကြပါတယ်။ ဒါကို သိတဲ့ ထောင်အရာရှိ တဦးက အဲဒီလို လူသတ်မှု ဖြစ်ရင် သူနဲ့ မတည့်တဲ့ အထက်အရာရှိ ထိခိုက်သွားမှာ ဖြစ်တဲ့အတွက်၊ တခါ အဲဒီလိုမျိုး ထိခိုက်သွားမှာကို လိုလားတဲ့အတွက်၊ လိုအပ်တဲ့ ကာကွယ် တားဆီးမှုတွေ မလုပ်ဘဲ ထားခဲ့ပါတယ်။ ဒါကြောင့် တနေလဲ ကျရော ဘဲဥက မိုးဗြဲဒယ်အိုးကြီးထဲက တာရပေါ ဟင်းရည်အိုးကို ယောက်မနဲ့ မွှေနေတုန်း နောက်ကနေ သောင်းမြင့်က ဇက်ကို ဓားနဲ့ ခုတ်ပိုင်းချလိုက်တာ တာရပေါ ဟင်းရည်အိုးထဲ ဘဲဥခေါင်းကြီး `ပြတ်´ ကျသွားပါတော့တယ်။

အဲဒီလို ထောင်အာဏာပိုင်တွေ သွယ်ဝိုက်ပြီးတော့ တမျိုး တိုက်ရိုက်တမျိုး ပါဝင်ပတ်သက်နေတဲ့ ထောင်တွင်း လုပ်ကြံမှုတွေ အများကြီးပါ။ ဖော်ပြခဲ့တဲ့ အခြေအနေတွေကြောင့်ပဲ နိုင်ငံရေး အကျဉ်းသားတွေက ရာဇ၀တ်အကျဉ်းသားတွေ၊ အဓိကအားဖြင့် ထောင်လူဆိုးတွေနဲ့ ရောပြီး မနေချင်ကြတာပါ။

ထောင်က အဲဒီလို ရောထားတာဟာလည်း နိုင်ငံရေး အကျဉ်းသားတွေကို လူစု ခွဲထားချင်တာရယ်၊ လူဆိုးတွေကတဆင့် နိုင်ငံရေး အကျဉ်းသားတွေရဲ့ လုပ်ဆောင်ချက်တွေကို ထောက်လှမ်းနိုင်တာရယ်၊ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ထဲမှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်စေချင်လို့ရယ်၊ လိုအပ်ရင် နိုင်ငံရေး အကျဉ်းသားတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်လို့နဲ့ သတ်ပစ်နိုင်လို့ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေဟာ သူတို့ကို နိုင်ငံရေး အကျဉ်းသားတွေ အဖြစ် အစိုးရနဲ့ ထောင်အာဏာပိုင်တွေက မသတ်မှတ်တာကိုလည်း မခံချင်ကြပါဘူး။ အဲဒီလို မသတ်မှတ်တာဟာ အစိုးရရဲ့ `လိမ်လည် ညစ်ပတ်မှု´ နဲ့ `သူတို့ကို နှိမ့်ချမှု´ အဖြစ် ရှုမြင်ကြပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေလို့ မသတ်မှတ်ဘဲ ရာဇ၀တ် အကျဉ်းသားလို့ သတ်မှတ်ပေမယ့်လည်း ရာဇ၀တ် အကျဉ်းသားရတဲ့ အခွင့်အရေးမျိုး၊ လွတ်လပ်မှုမျိုးကျတော့ မရကြပြန်ပါဘူး။ ဥပမာ ထောင်ဝင်စာတွေ့တဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ ရာဇ၀တ် အကျဉ်းသားတွေဟာ ထောင်ဝင်စာကို လွတ်လွတ်လပ်လပ် တွေ့ရပြီး ထောင်ဝင်စာတွေ့ဖို့ သွားရာမှာလည်း လွတ်လွတ်လပ်လပ် တယောက်ထဲ သွားရပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ ထောင်ဝင်စာ သွားတွေ့ရာမှာတော့ ထောင်ဝါဒါ အစောင့်အကြပ်တွေက ဘေးက ကပ်လိုက်နေတာပါ။ ထောင်ဝင်စာ တွေ့ရာမှာလည်း ရာဇ၀တ် အကျဉ်းသားတွေဟာ အချိန်ကြာကြာ တွေ့ရပြီး နိုင်ငံရေး အကျဉ်းသားတွေကတော့ ဆယ့်ငါးမိနစ်လောက်သာ တွေ့ရပါတယ်။ တွေ့ရတာကလည်း တပေလောက်ကွာတဲ့ သံဇကာ နှစ်ထပ်ခြားပြီး တွေ့ရတာပါ။ ဒါ့အပြင် ထောင်ဝင်စာခန်းထဲ ကိုယ့်အိမ်နဲ့ စကားပြောရာမှာလည်း ထောင်ဝါဒါတွေက အနားမှာ ကပ် စောင့်နားထောင်ပြီး ပြောစကားတွေကို လိုက်မှတ်နေပါတယ်။

သရက်ထောင်မှာ ခြားထားတဲ့ သံဇကာ နှစ်ခုက အင်းစိန်ထောင်မှာထက် ကျယ်တာမို့ မိသားစုနဲ့ အကျဉ်းသား ထောင်ဝင်စာ ၀င်တွေ့ပြီး စကားပြောနေချိန်မှာ သံဇကာ နှစ်ထပ်ကြားထဲ ထောင်အရာရှိက ခုံတလုံးနဲ့ ထိုင်ရင်ထိုင်၊ မထိုင်ရင်လည်း လမ်းလျှောက်ပြီး ပြောစကားတွေ နားထောင်နေပါတယ်။ ကိုယ့်မိသားစု၊ ကိုယ့်သားမယားနဲ့ ကိုယ့်အိမ် ကိုယ့်အတွင်းရေး စကားတွေ ပြောရတာပဲ မလွတ်လပ်ပါဘူး။

နောက်တချက်က ရာဇ၀တ် အကျဉ်းသားတွေက သက်ဆိုင်ရာ မိသားစု ထောင်ရှေ့ ရောက်လာတယ် ဆိုတာနဲ့ ချက်ချင်း တွေ့ကြရပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေကိုတော့ ထောင်အာဏာပိုင်တွေက ထောင်အပြင်မှာ တနေကုန် တနေခန်း စောင့်ခိုင်းထားပြီးတော့မှ သက်ဆိုင်ရာ အကျဉ်းသားနဲ့ တွေ့ခွင့်ပေးပါတယ်။ မိသားစုတွေ ဒုက္ခရောက်အောင် တမင်သက်သက် ညှဉ်းထားတာပါ။

နောက်တချက်က ရာဇ၀တ် အကျဉ်းသားတွေဟာ ထောင်ထဲမှာ တနေရာနဲ့ တနေရာ၊ တဆောင်နဲ့ တဆောင် လွတ်လွတ်လပ်လပ် ကူးပြီး သွားရောက် လည်ပတ်ခွင့် ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကတော့ ဘယ်လောက်ပဲ အကြောင်းကြီးငယ် ကိစ္စပေါ်ပေါ် သူတို့လို သွားရောက်ခွင့် လုံးဝ မရှိပါဘူး။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး နောက်ပိုင်း ထောင်ကျလာသူ အများစုဟာ ကျောင်းသားတွေ ဖြစ်ပါတယ်။ ကျောင်းသားတွေ ဖြစ်လို့ ထောင်ထဲမှာ အလကားနေမယ့် အစား စာဖတ်ချင်၊ စာသင်ချင်ကြပါတယ်။ ဒါပေမယ့် စာဖတ်ခွင့် မရကြပါဘူး။

မဆလ၊ န၀တ စစ်အစိုးရရဲ့ သဘောကတော့ ထောင်ကျလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အသိဉာဏ်တုံးသွားအောင် စာ ပေးမဖတ်တာပါ။ အင်္ဂလိပ် လက်အောက် ကျွန်ဘ၀ တုန်းကရော၊ လွတ်လပ်ရေး ရပြီးနောက် ပါလီမန် ဒီမိုကရေစီ ခေတ်တုန်းမှာပါ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ စာဖတ်ခွင့် စာရေးခွင့်၊ ပညာရှာခွင့် ရကြပါတယ်။ အမှန်ကလည်း ထောင်ဥပဒေအရ အကျဉ်းသားတွေမှာ စာဖတ်ခွင့် ရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဖြစ်ရပ်တခုကို အမှတ်ရမိပါတယ်။ လွတ်လပ်ရေး ကြိုးပမ်း လှုပ်ရှားမှုမှာ ရှေ့တန်းက ပါဝင်ခဲ့သူ ဗိုလ်ရဲထူး ထောင်ထဲမှာ ကြုံခဲ့တဲ့ ဖြစ်ရပ်ပါ။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ခေတ်အဆက်ဆက် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တုန်းက ဗိုလ်ရဲထူး တယောက် ထောင်မကျဘဲ၊ သူတို့ ကြိုးပမ်းမှုနဲ့ လွတ်လပ်ရေး ရပြီး ဆယ်နှစ်ကျော် အကြာ ၁၉၆၂ခုနှစ်၊ စစ်တပ် အာဏာသိမ်းတော့မှပဲ အင်းစိန်ထောင်ထဲ ဆယ်နှစ်လောက် ထည့်ထားတာ ခံရပါတယ်။ စစ်တပ် အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ တက်ခါစတုန်းက အကျဉ်းထောင်တွေမှာ ပါလီမန် ဒီမိုကရေစီခေတ်က ထုံးတမ်း စဉ်လာတွေ မပျက်သေးပါဘူး။ ထောင်ထဲရောက်လို့ သူနေရမယ့် တိုက်ခန်းလေးထဲ ၀င်လဲဝင်ရရော အခန်းထဲက မီးလုံးမှိန်မှိန်ကို ကြည့်ပြီး ဗိုလ်ရဲထူးက အသံခပ်ပြတ်ပြတ်နဲ့ `ဒီမီးလုံးနဲ့ စာဖတ်လို့ကတော့ မျက်လုံး ထိခိုက်သွားမှာပေါ့။ မီးလုံး အားကောင်းကောင်း လဲပေး´ လို့ ပြောလို့ ထောင်အရာရှိတွေက မီးလုံးအသစ် ချက်ချင်း လဲပေးခဲ့ရပါတယ်။

သူ့သားဖြစ်သူ အခြေခံပညာ အထက်တန်း ကျောင်းသား သမဂ္ဂက ရဲမော်ထူး၊ ဒီကနေ့ခေတ် ထောင်ကျတော့ တခါမှာ သူ့ကို တိုက်ပိတ်ထားတဲ့ အခန်းရှေ့၊ ၀ရန်တာမှာ ဘောလ်ပင် တချောင်းတွေ့လို့ ဆိုပြီး ထောင်အာဏာပိုင်တွေက သူ့ကို အခန်းထဲက ထုတ်ပါတယ်။ ရဲမော်ထူးက `သူ့ဘောလ်ပင် မဟုတ်ရပါဘူး´ လို့ ရှင်းပြတာကို ထောင်ဝါဒါတွေက လက်မခံဘဲ အုပ်စုလိုက် ၀ိုင်းရိုက်တာ ရဲမော်ထူးတယောက် မချိမဆန့် ခံလိုက်ရပါတယ်။ (တကယ်လည်း ရဲမော်ထူး ဘောလ်ပင် မဟုတ်ပါဘူး။ ဒီအကြောင်းကို နောက်ပိုင်းမှာ ဖော်ပြပါမယ်)။

အကျဉ်းထောင်ဆိုင်ရာ နိုင်ငံတကာ ဂျီနီဖာ သဘောတူညီချက် အပိုဒ်(၃၉) မှာ `အကျဉ်းသားတွေကို သတင်းစာ၊ စာစောင်၊ မဂ္ဂဇင်းတွေကို ပုံမှန် ပေးဖတ်ရမယ်။ ရေဒီယို နားထောင်ခွင့် ပြုရမယ်။ လိုအပ်ရင် ပြင်ပက ပညာရှင် ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီး ဟောပြောပွဲတွေ လုပ်ပေးရမယ်။ အပိုဒ်(၄၀)မှာ ထောင်ထဲမှာ စိတ် လန်းဆန်းစေဖို့၊ ဗဟုသုတ ပညာတိုးပွားစေဖို့အတွက် စာကြည့်တိုက် ထားပေးရမယ်´ လို့တောင် အတိအကျ ပြဋ္ဌာန်းပေးထားတာပါ။

ဒါပေမယ့် န၀တလို အစိုးရမျိုးကတော့ အဲဒီ ဥပဒေတွေကို လိုက်နာဖို့ ဝေးလို့ စာရွက်တရွက်၊ ဘောလ်ပင်တချောင်း တွေ့တာနဲ့တင် ထောင်ဥပဒေ ချိုးဖောက်တယ်ဆိုပြီး မချိမဆန့် ရိုက်နှက်၊ တိုက်ပိတ် အရေးယူတတ်တာမျိုးပါ။

ထောင်ကျနေတဲ့ ရဟန်းသံဃာများ အကြောင်းတုန်းက ဖော်ပြခဲ့သလို ကျောင်းသားတွေကို အင်္ဂလိပ်စာနဲ့ ဘာသာရေး သင်ခန်းစာတွေ သင်ပေးမှုနဲ့ မဂ္ဂင်ဆရာတော်ကြီး ဆိုရင် တိုက်ပိတ်ပြစ်ဒဏ် အပေးခံရတာ ခဏခဏပါပဲ။ ထောင်ထဲမှာစာရွက်စာတမ်း၊ လက်ဝယ်တွေ့ရှိမှု၊ စာရေးသားမှုတွေနဲ့ စွဲချက်တင်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အတွင်းရေးမှူး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား (၂၂)ဦး ဆိုရင် ၁၉၉၆ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့က ထောင် (၇)နှစ်ကနေ (၁၀)နှစ်အထိ ထပ်ချလိုက်တာ ခံလိုက်ကြရပါတယ်။

ကမ္ဘာပေါ်မှာ မရှိတဲ့ တရားဥပဒေမျိုးနဲ့ ဆုံးဖြတ်၊ ကမ္ဘာပေါ်မှာ မရှိတဲ့ ပြစ်ဒဏ်မျိုးပေးပြီး သူတို့တတွေကို ထောင်ထဲမှာ ထောင် ထပ်ချလိုက်တာပါ။

ကျနော် ဒီအကြောင်းတွေ ဖော်ပြနေတာကတော့ ၁၉၉၀ တုန်းက အင်းစိန်ထောင်မှာ ဖြစ်ပွားခဲ့တဲ့ နာမည်ကျော် ထောင်တွင်း ဆန္ဒပြပွဲ အကြောင်း ပြောချင်လို့ပါ။ အဲဒီ ထောင်တွင်း ဆန္ဒပြပွဲဟာ ဖော်ပြခဲ့တဲ့ အခြေအနေတွေကို အကြောင်းပြုပြီး ဖြစ်လာရလို့ပါ။

ဆက်ရန်…

5 comments:

thamudayanwe said...

နားနားပြီးဖတ်ပါတယ်..ဆက်ရေးပါ

Anonymous said...

ဟေ့ကောင်
ထောင်ကွ၊ ဟိုတယ် မဟုတ်ဘူး၊ ထောင်သား ထောင်ထဲ မှာ ထောင်သား လို နေရမယ်၊ ဟိုတယ်မှာ နေရ သလို ပေးနေရမှာလားဟ၊စဉ်းစဉ်း စားစား ရေးပါကွာ၊ပင်ပင်ပန်းပန်း ၊ ကျပ်ကျပ် တည်းတည်း မနေချင်ရင် အပြင်မှာ ကောင်းကောင်းမွန်နေပေါ့ဟ၊မင်းပြောချင်တာက စစ်အစိုးရ ထောင်တွေက ဆိုးတယ်၊၊မင်းတို့ အားကိုးတဲ့အမေရိကန် ထောင်တွေမှာ တော့ ဟိုတယ် မှာ နေသလို နေရတယ်ပေါ့၊ ဟုတ်လားဟ၊၊ ဒါနဲ့ ပြောရအုံးမယ်။
မြန်မာ နိုင်ငံရဲ့ ထောင်ထဲမှာ ဓါးပြတိုက်၊ ခိုးဆိုး လုယက်တဲ့ ကောင်တွေ နဲ့ တိုင်းပြည်ကို ဆူပူအောင်၊ မငြိမ်းချမ်းအောင် လုပ်တဲ့ ကောင်တွေပဲရှိတာ၊ ဘယ်နိုင်ငံရေး အကျဉ်းသားမှ မရှိဘူး၊ နောက်ဆုံး မင်းတို့ ခေါင်းဆောင် ဒေါ်စုကြည်တောင် တိုင်းပြည် ကို မငြိမ်မသက် ဖြစ်အောင် လုပ်လို့ အပြစ်ပေးထားတာ၊ ဒါတောင် ဗိုလ်ချုပ် အောင်ဆန်း သမီးမို့ အကျယ်ချုပ်နဲ့ထားတာ၊ တခြားလူဆို အင်းစိန်ထောင်ထဲမှာ ထားမှာ၊ ၂၀၀၃ မှာ ဒေါ်စုကြည် လုပ်ခဲ့တာတွေ သိတယ် မဟုတ်လား၊ အညာဒေသ ရဲ့ ၁၀ ပေ လောက်ပဲ ကျယ်တဲ့ လမ်းတွေမှာ နေ့လည် ကြောင်တောင် ဆိုင်ကယ်တွေ မီးဖွင့်၊ လမ်းသရဲ တွေလို ဟေးလား ၀ါးလား ဆိုင်ကယ်တွေကို ရင်ဘောင်တန်း မောင်း ခဲ့တာတွေ မင်းတို့လဲ သိမှာ ပါကွာ၊၊ မသိချင်ဟန်ဆောင်နေတာ ဆိုရင်တော့ မင်းသဘောအတိုင်း ဆက်ရေးပေါ့ကွာ။

Unknown said...

ခွေးတိရိစ္ဆာန် anonymous

Unknown said...

ပုဆိုးကြားကလက်သီးထောင်သူ..anonymous သို့
..မြန်မာပြည်၏ထောင်တွင်တကယ်ပဲနိုင်ငံရေးသမားများမရှိပါသလော
သို့ဆိုလျင်..ငါတို့၏ ဆရာတော် ဦးတိလောကဘိဝံသသည်...
ခိုးဆိုးသတ်ဖြတ်သည့်လူမိုက်ဖြစ်ပါသလော...
မျက်ကမ်းတဆေ..အသင်ဖြေရှင်းပါလေ

ငါတို့သာသနာရောင်သါနေသို့လင်းပါစေ
မြန်မာပြည်ကြီးလျင်မြန်စွာငြိမ်းချမ်းပါစေ

Anonymous said...
This comment has been removed by a blog administrator.