Thursday, November 15, 2007

လူမခိုးသော်လည်း…

တရက်မှာတော့ ကျနော့်အလုပ်ထဲက လုပ်ဖော်ကိုင်ဖက် မြန်မာတယောက်နဲ့ အတူတူ အလုပ်တွဲလုပ်ရင်းနဲ့ အလ္လာပသလ္လာပတွေ ဟိုဟိုဒီဒီ ပြောဖြစ်ကြပါတယ်။ အဲဒီလို ပြောဖြစ်ကြရင်းနဲ့ တကြိမ်မှာတော့ သူက ကျနော့်ကို မေးခွန်းတခု မေးပါတယ်။

`ဒါနဲ့ ခင်ဗျားက မြန်မာပြည်မှာတုန်းက ဘယ်အတန်းထိ ပညာသင်ခဲ့လဲဗျ´

အဲဒါနဲ့ ကျနော်က…

`ဟုတ်ကဲ့၊ ကျနော် မြန်မာစာ အဓိကနဲ့ ကျောင်းပြီးခဲ့ပါတယ်´

အဲဒီအခါမှာ အဲဒီမိတ်ဆွေက ရင်မောဟန် ပုံစံနဲ့ သက်ပြင်းချလိုက်ပါတယ်။ ပြီးတော့ ခပ်လေးလေး လေသံနဲ့ ပြောလိုက်သေးတာက…

`အင်း၊ မြန်မာပြည်က ဘွဲ့ကလည်း ဘာမှ လုပ်မရပါဘူးဗျာ´

ဟုတ်ကဲ့၊ အဲဒီမှတ်ချက်ကို ပေးတဲ့ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက် မြန်မာက မြန်မာပြည်မှာတုန်းက ရှစ်တန်းတောင် မအောင်ခဲ့ပါဘူး။

***

ကျနော်တို့ မိသားစုက ငွေကြေးချမ်းသာတဲ့ မိသားစု မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သိပ်အချို့တဲ့ကြီးလည်း မဟုတ်ခဲ့လေတော့ ကျနော့် မိဘတွေက ကျနော်တို့ ညီအကိုတွေကို ရည်မှန်းချက် ကြီးကြီးထားပြီးတော့ ကျနော်တို့ရဲ့ ပညာရေးအတွက် စနစ်တကျ ကြပ်မတ် ထိန်းကျောင်းခဲ့ပါတယ်။ ကျောင်းဆရာမ ဖြစ်သူ ကျနော့်မေမေက `ငါတို့က မချမ်းသာတော့ ငါ့သားတွေကို ဥစ္စာအမွေတော့ မပေးနိုင်ဘူး၊ ဒီတော့ ငါ့သားတွေအတွက် ပညာအမွေကိုတော့ ရအောင် ပေးချင်တယ်၊ ငါ့သားတို့ ကြိုးစားကြ´ လို့ အမြဲ ပြောလေ့ ရှိပါတယ်။

ကလေးဘ၀ ငယ်စဉ်ကတော့ `ပညာ´ ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပာယ်က တနှစ်တတန်း မှန်မှန်အောင်နေတာ တခုတည်းနဲ့တင် ပြည့်စုံနေခဲ့ပါတယ်။ တခါတလေမှာ အတန်းထဲမှာ အဆင့် တစ်၊နှစ်၊သုံး တခုခု ၀င်လာပြီဆိုရင်တော့ မိဘတွေက ဆုတွေပေး၊ အိမ်နီးနားချင်းတွေကိုလည်း ဂုဏ်ယူစွာနဲ့ ကြွားလုံးထုတ်နဲ့ပေါ့…။ နေ့စဉ်ထိတွေ့ နေခဲ့ရတာကလည်း ကျောင်းနဲ့အိမ်၊ အိမ်နဲ့ကျောင်း ပါပဲ။

အတန်းတွေ တဖြည်းဖြည်းတိုးလာသလို အသက်အရွယ်လဲ တဖြည်းဖြည်း ကြီးရင့်လာတဲ့ အခါမှာ ငယ်စဉ်ကလေးဘ၀ကလို ကျောင်းနဲ့အိမ်သာမက ဘေးပတ်ဝန်းကျင် လူမှု ဘ၀တွေနဲ့ပါ ထိတွေ့ဆက်ဆံရမှုတွေက ပိုများလာပါတယ်။ ကလေးဘ၀ငယ်ငယ်က ကျောင်းသင်ခန်းစာပြီးရင် ကစားကွင်းကိုသာ သွားတတ်ခဲ့ပေမယ့် နည်းနည်းပါးပါး အသက်အရွယ်ရလာတော့ လက်ဖက်ရည်ဆိုင်ကို ခြေဦးလှည့်တတ်လာပါပြီ။ ဟိုဟိုဒီဒီ သွားလာတတ်လာပါပြီ။

အဲဒီမှာတင် သူလိုကိုယ်လို ပညာသင်သားတွေအပြင် ဘ၀၀မ်းစာအတွက် ပုံစံမျိုးစုံနဲ့ ရုန်းကန်နေရတဲ့ လူပေါင်းစုံကို စတင်ထိတွေ့ရပါတော့တယ်။ ကျောင်းမနေနိုင်ကြတဲ့ ကိုယ်နဲ့ သက်တူရွယ်တူတွေ၊ ပညာဆုံးခန်းတိုင်အောင် မသင်ခဲ့ရတဲ့ ကာယလုပ်အားပိုင်ရှင်တွေ၊ နောက်ပြီးတော့…၊ တမင်ကို ပညာ ဆက်မသင်ကြတော့တဲ့ လူတချို့…၊ အဲဒီလို မျိုးစုံ၊ လူစုံတဲ့ ပတ်ဝန်းကျင်နဲ့ စတင် မိတ်ဆက်ခွင့် ရခဲ့ပါတော့တယ်။

ကျနော် ဆယ်တန်းအောင်တော့ ၁၉၉၃ ခုနှစ်…။ ကျနော်တို့ မိဘတွေ ခေတ်တုန်းကနဲ့ မတူတာကတော့ တက္ကသိုလ် ဆက်တက်ဖို့ နှစ်နှစ် ထပ်မံစောင့်ဆိုင်းရပါမယ်။ ဒီတော့ ၁၉၉၅ ခုနှစ်ကျမှ တက္ကသိုလ်ကို ဆက်တက်ရမှာပါ။

***

`မင်းအမေ လစာ ဘယ်လောက်ရလဲကွ´

ကိုးတန်းနဲ့ ကျောင်းထွက်ပြီး သူ့မိဘရဲ့ ကုန်စုံဆိုင်မှာ ကူညီရင်းနဲ့ တဖြည်းဖြည်းနဲ့ အရောင်းအ၀ယ်သမား ဖြစ်လာတဲ့ သူငယ်ချင်းက ကျနော့်ကို တရက်မှာ အဲဒီလို မေးပါတယ်။ ကျနော်က `၁၂၀၀ ကျော်တယ် ထင်တယ်´ လို့ ဖြေတော့ အဲဒီ သူငယ်ချင်းက ရယ်ဟဟ နဲ့…

`ငါ့ ဆိုင်မှာ တပတ်ရောင်းရင် အဲဒီငွေထက် နှစ်ဆပိုတဲ့ အမြတ်ရတယ်ကွ´ လို့ ပြောပါလေရော…။

တက္ကသိုလ်ဆက်တက်ဖို့ စောင့်ဆိုင်းရမယ့် ကြားကာလ နှစ်နှစ်အတွင်း အိမ်မှာ ဒီအတိုင်း အလကား မနေချင်တာနဲ့ မေမေ့ သူငယ်ချင်း တယောက်ရဲ့ သစ်စက်မှာ အလုပ်ဝင်လုပ်ပါတယ်။ သစ်စက်ဆိုတော့ ကျောင်းပညာနဲ့ သိပ်ပြီးတော့ ပတ်သက်မှု မရှိလှပါဘူး။ ကျောင်းပညာနဲ့ အတန်ငယ် ဆက်စပ်တာဆိုလို့ သစ်ကို လုံးပတ် ဘယ်လောက်၊ အရှည်ပေ ဘယ်လောက် ရှိလဲ တိုင်းတာပြီးရင် တန်ပေ ဘယ်လောက်ရှိလဲ တွက်ချက်ရတာ တခုပါပဲ။ အဲဒါကလဲ တန်ပေတွက်တဲ့ စာအုပ်က အဆင်သင့် ရှိနေပြီးသားဆိုတော့ ခပ်တိုတိုပြောရရင် အဲဒီအလုပ်က ကျနော် သင်ခဲ့တဲ့ ဆယ်တန်းအောင် ဆိုတဲ့ ပညာနဲ့ ဘာမှကို မဆက်စပ်ပါဘူး။

ဒါပေမယ့် အဲဒီ သစ်စက်မှာ ၀င်လုပ်လို့ ရခဲ့တဲ့ ၀င်ငွေကတော့ ကျနော့်မေမေရဲ့ ကျောင်းဆရာမ လစာထက် သာလွန်ခဲ့ပါတယ်။ သစ်စက်မှာ နှစ်ပတ်တကြိမ် လုပ်ခရှင်းတိုင်း ကျနော်ရတဲ့ လုပ်ခကို မေမေ့ကို အပ်တဲ့အခါ သူ့လစာထက် ပိုနေတဲ့ ကျနော့်ရဲ့ ကာယလုပ်အားကို ကြည့်ပြီး မေမေ့မျက်နှာက တခုခုကို ခံစားရတဲ့ သွင်ပြင်နဲ့ မရွှင်လန်းခဲ့ပါဘူး။

နောက်ထပ် တခုက ကျနော်တို့ မြို့ကလေးမှာ နယ်စပ်ကနေ တဆင့် ထိုင်းနိုင်ငံကို သွားရောက် အလုပ်လုပ်ကြသူတွေ အင်မတန် များပါတယ်။ ဟိုမှာ ဘယ်ပုံဘယ်နည်း ငွေရှာရတယ်ဆိုတာကို မြို့မှာ ကျန်ရစ်ခဲ့သူတွေက မသိနိုင် မမြင်နိုင်ပေမယ့် ပြန်ရောက်လာကြတဲ့လူ အတော်များများမှာ ငွေစလေး တရွှင်ရွှင် ဖြစ်လာတာကို တွေ့ကြတဲ့ အခါ တစတစနဲ့ အဲဒီ ငွေရနည်းနောက်ကို လိုက်ကြပြန်ပါတယ်။ ဒီလိုနဲ့ပဲ ပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားကြတော့တဲ့ လူငယ်တွေ ပိုများလာပြန်ပါတယ်။

***

အထက်ပါ တင်ပြခဲ့တဲ့ ဖြစ်စဉ်တွေကို လေ့လာကြည့်ရင် ကျနော်တို့ နိုင်ငံမှာ ပညာတတ်တွေရဲ့ တန်ဖိုးက တဖြည်းဖြည်းနဲ့ လျော့မှန်း မသိ လျော့လာသလို နောက်ဆုံးတော့ `ဆယ်တန်းအောင်တော့ရော ဘာဖြစ်မှာမို့လဲ´ `ဘွဲ့ရတော့ရော ဘာလုပ်လို့ ရလို့လဲ´ ဆိုတဲ့ အနေအထားမျိုးအထိကိုပါ ပညာတတ်တွေကို စိန်ခေါ်ခံရတဲ့ အဆင့်ကို ရောက်နေတာကို တွေ့ရပါတယ်။

ယခင်က ရှစ်တန်းလောက် အောင်ရင်ပဲ ဌာနတခုခုမှာ စာရေးစာချီ၊ ဒါမှမဟုတ် မူလတန်းကျောင်း တခုခုမှာ ကျောင်းဆရာ လုပ်ဖို့ အခွင့်အလမ်း ရှိခဲ့သေးပေမယ့် ယနေ့ခေတ်မှာတော့ ဘွဲ့ရထားတဲ့ လူငယ်တယောက်က ဆိုက်ကားထွက်နင်းရတာမျိုးတွေ ရှိနေပါပြီ။ ဘာဆို ဘာအလုပ်မှ မရတော့တဲ့ အဆုံး ဘွဲ့လက်မှတ်ကို အသာခေါက်လို့ ရရာအလုပ်ဝင်လုပ်ရသူတွေ တိုင်းတပါးကို ထွက်ပြီး သူတို့နိုင်ငံသားတွေ မလုပ်ချင်တဲ့ အောက်ခြေသိမ်း အလုပ်တွေကို လုပ်ရသူတွေ ဒုနဲ့ဒေး ဖြစ်လာပါပြီ။

လူငယ်တွေကလည်း လက်ရှိ သင်ကြားနေရတဲ့ ပညာရေးဟာ သူတို့ ဘ၀ကို လုံလောက်တဲ့ အာမခံချက် ပေးနိုင်ပါ့မလားဆိုတာကို သံသယ ၀င်လာကြပါတယ်။ ဒီတော့ တော်ရုံတန်ရုံ လက်လုပ်လက်စား ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ လူငယ်တွေဟာ ပညာဆုံးခန်း မတိုင်မီမှာပဲ ကျောင်းထွက်၊ အလုပ်လုပ်…။ တချို့ဆိုရင်တော့ သူတို့ မိဘတွေက ငယ်ငယ်ကတည်းက ကျောင်းကို လုံးဝကို မထားတော့ပါဘူး။ အကြောင်းပြချက်ကတော့ ထုံးစံအတိုင်း `ဆယ်တန်းအောင်တော့လဲ ဘာလုပ်လို့ ရတာမှတ်လို့´ ဆိုတာပါပဲ။

တနှစ်တတန်း ပုံမှန်အောင်တဲ့ အတန်းမြင့်လာမှု တန်ဖိုးနဲ့ ထပ်တူကျတဲ့ တတ်မြောက်မှုမျိုး မပေးနိုင်တဲ့ မြန်မာပြည် လက်ရှိ ပညာရေး စနစ်ရဲ့ နိမ့်ကျမှုဟာလည်း ပညာသင်သားတွေကို ထိပါးစိန်ခေါ်ခံရတဲ့ အချက်တချက်ပါ။ ငွေကြေးတတ်နိုင်ပြီး မြို့ကြီးပြကြီးတွေမှာ နေထိုင်သူ မိသားစုတွေကတော့ သူတို့သားသမီးတွေကို အပြင်ကျူရှင်၊ သင်တန်း စတာတွေမှာ တက်ရောက်စေပြီး အဲဒီ ကွက်လပ်ကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးနိုင်ပေမယ့် ငွေကြေးချို့ငဲ့သူတွေရဲ့ သားသမီးတွေကတော့ သူတို့ကို သင်ပေးတဲ့ ဆရာ/ဆရာမရဲ့ စေတနာကိုသာ အကောင်းဆုံး မျှော်လင့်နိုင်ပါတော့တယ်။ မိမိရဲ့ တပည့်သားသမီးတွေကို ရင်ဝယ်သားသကဲ့သို့ သဘောပိုက်ပြီး စေတနာ အရင်းခံနဲ့ နာသုံးနာထားတဲ့ ဆရာ/ဆရာမ တွေရဲ့ မေတ္တာတရားသည်သာလျှင် ချို့ငဲ့သူတွေအတွက် အကောင်းဆုံး ပညာရည်နို့ ဖြစ်စေတော့တာပါပဲ။

***

`ပညာ´ ကို မီးရှူးတန်ဆောင် လို့လဲ တင်စားကြပါတယ်။ အသိဉာဏ်တွေ အမှောင်ကျနေရင် ထိုးထွင်းနိုင်အောင်၊ ဆင်ခြင်တုံတရားတွေ အမှောင်ကျနေရင် လင်းချင်းနိုင်အောင် စွမ်းဆောင်နိုင်တာမို့ မီးရှူးတန်ဆောင်ကြီး တခုနှယ် ပညာကို တင်စားကြပါတယ်။ ဒါပေမယ့် အဲဒီ မီးရှူးတန်ဆောင်ကြီး ကျနော်တို့ နိုင်ငံမှာ လင်းခွင့် မသာခဲ့တာတော့ အတော်ကြာလာခဲ့ပါပြီ။

သူတပါးနိုင်ငံကို ရောက်တဲ့အခါ တိုးတက်နေတဲ့ သူ့နိုင်ငံက ပညာရေးကို ကြည့်ပြီးတော့ `မြန်မာပြည် ပညာရေးကတော့ သုံးမရပါဘူး´ လို့ လက်လွတ်စပယ် မပြောလိုပေမယ့် `တို့နိုင်ငံကျတော့ ဘာလို့များ ဒီလောက်တောင် ပညာရေးက နောက်ကျနေရတာလဲ၊ ပညာတတ်တွေက တို့နိုင်ငံမှာ ဘာလို့ တန်ဖိုးမရှိရတာလဲ´ ဆိုတဲ့ မချင့်မရဲစိတ်ကတော့ ဖြစ်မိတာ အမှန်ပါပဲ။

ဆယ်တန်းအောင်တဲ့လူတယောက်၊ ဘွဲ့ရတဲ့လူတယောက်အတွက် တိုးတက်တဲ့ နိုင်ငံကြီးတွေမှာလောက် ၀င်ငွေ မဖြောင့်ရင်တောင် ကိုယ့်နိုင်ငံထဲမှာ မတောင့်မတ မကြောင့်မကြနဲ့ သူသင်ခဲ့တဲ့ ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုခွင့် ရနေမယ် ဆိုရင် ဒါဟာ ကျနော်တို့ နိုင်ငံက ပညာတတ်တွေရဲ့ တန်ဖိုး မြင့်တက်လာမှု တခုပါပဲ။

***

အထက်မှာ ရေးခဲ့တာ အတန်ငယ် များခဲ့ပါပြီ။ စာတပုဒ်မှာ ခံစားချက်တခုခု၊ ယုံကြည်ချက်တခုခု၊ ဖြစ်စေချင်ချက် တခုခုကို ချရေးလိုက်တယ် ဆိုပါစို့…။ အဲဒီ ချရေးလိုက်တဲ့ ခံစားချက်၊ ယုံကြည်ချက်၊ ဖြစ်စေချင်ချက် တွေနဲ့ သဘောခြင်း ထပ်တူကျတဲ့ လူတွေက အားပေးမယ်၊ သူတို့ ခံစားနေရတာကိုလဲ ဖွင့်ဟမယ်၊ အကြံပြုမယ်…။ ဒီလိုနဲ့ပဲ ကောင်းသော အဖြေတခုကို ၀ိုင်းဝန်း ရှာဖွေကြပါတယ်။ အလွယ်ဆုံးနဲ့ အရိုးဆုံး စဉ်းစားမိတာပါ။

ဒါပေမယ့် အဲဒီစာထဲက အချက်အလက်တွေကို လက်မခံသူ၊ တနည်းအားဖြင့် ဆန့်ကျင်သူတွေအဖို့ကတော့ စာတလုံးခြင်း တကြောင်းခြင်းစီဟာ သူ့အတွက် သံရည်ပူသကဲ့သို့ ဖြစ်နေစေမှာပါပဲ။ အဲဒီလိုနဲ့ `အဆင့်မရှိဘူး´ `အတင်းတုတ်နေတာပါ´ `လေထဲကနေ အော်မနေနဲ့´ ဆိုတဲ့ စကားလုံးမျိုးတွေကနေ ရုန့်ရင်းကြမ်းတမ်းတဲ့ ဖရုဿဝါစာတွေပါ ပါလာတဲ့အထိ ပြန်လည် တုံ့ပြန်ပါတော့တယ်။ ဒါဟာလည်း ပြန်စဉ်းစားကြည့်လိုက်ရင် လူ့သဘာဝ တမျိုးပါပဲ။ ကိုယ်မှ မကြိုက်ဘဲကိုး…။

သို့သော်…။

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည် ဖြစ်စေ မိမိထင်မြင်တဲ့ ရှုထောင့်၊ သုံးသပ်ချက်တွေကနေ တဆင့် အပြုသဘောဆန်တဲ့ အကောင်းလက္ခဏာတွေကို ထုတ်နှုတ်နိုင်မယ်ဆိုရင် ကျနော် ဒီစာတပုဒ်ကို ရေးရကျိုး (နည်းနည်းလေး ဖြစ်ဖြစ်) နပ်မှာ အသေအချာပါပဲ။

***

ပညာနဲ့ပတ်သက်လို့ စကားပုံလေး တခု ရှိပါသေးတယ်။ `ပညာရွှေအိုး၊ လူမခိုး´ တဲ့…။

ဟုတ်ပါတယ်။ ပညာဆိုတဲ့ ရွှေအိုးကို ဘယ်လိုလူကမှ မခိုးနိုင်လောက်ပါဘူး။ ဒါပေမယ့် အတ္တတွေ၊ မာန်မာနတွေက ပိတ်ဖုံးလွန်းလာတဲ့ အခါကျရင်တော့ ပညာဆိုတဲ့ လူမခိုးနိုင်တဲ့ ရွှေအိုးကြီး တဖြည်းဖြည်းနဲ့ နစ်မြုပ် ပျောက်ဆုံးသွားမှာကို စိုးရိမ်မိလှပါတယ်။

ဒါကြောင့် ဒီစာစုကို ရေးမိပါတယ်။


ကလိုစေးထူး

8 comments:

lwinmoe said...

"ပညာရွှေအိုး၊ လူမခိုး"

Well, your degree may seem useless in terms of 'dollars'.
However, you are writing nice essays. And I am sure you learned this over the course of your life, including your university education :)

Keep writing.
Best,
Lwin Moe

Ko Paw said...

ကိုစေးထူးရေ…

“လူမခိုးသော်လည်း” က စဉ်းစားစရာတွေ အများကြီးပေးပါတယ်ဗျာ။

ပညာဆိုတာနဲ့ ပတ်သက်လာရင် တချို့ကပြောကြတယ်။ အတန်းပညာတတ်မှ ပညာလို့ခေါ်တာမဟုတ်ဘူး။ အပြင်လောကကြီးမှာ ကိုယ့်ဘာသာကိုယ် လေ့လာဆည်းပူးလို့ ပညာရှိဖြစ်သွားတဲ့လူတွေလည်းရှိသတဲ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆောင်းပါးတပုဒ်မှာ ဖတ်ဖူးခဲ့တာပါ။

သို့သော်လည်း ကျနော်စဉ်းစားမိတာက အဲသည်လို ပညာရှိတွေ ရှိကောင်းရှိနိုင်ပေမယ့် အနည်းစုပေါ့နော်။ များသောအားဖြင့်ကတော့ ရှေးအတီတေကစလို့ ပညာရှိတွေ၊ ပညာရှင်တွေရဲ့ အားထုတ်မှုအသီးအပွင့်တွေကို တစုတစည်းထဲ စနစ်တကျ သင်ကြားပေးနိုင်တာကတော့ စာသင်ကျောင်းတွေပါဘဲ။

ဥပမာဗျာ။ ပထ၀ီဝင် ဆိုပါတော့။ အဲဒီဘာသာရပ်ကို ကျောင်းမှာ သင်ကြားလိုက်ရတဲ့အတွက် မြန်မာနိုင်ငံက မြစ်ကြီးများရဲ့ တည်နေရာနဲ့ စီးဆင်းပုံ၊ ပြည်နယ်နဲ့တိုင်းအလိုက် လူဦးရေနဲ့ လူမျိုးများ။ အဲဒီ ဒေသတခုချင်းစီက တွင်းထွက်တွေ၊ ထွက်ကုန်တွေ၊ ရာသီဥတုတွေ အကြောင်းကို တထိုင်တည်းနဲ့ သိလိုက်ရတာမျိုးပေါ့။ အဲသည် ပထ၀ီဝင်ကို မသင်ကြားဘူးတဲ့ သူတွေကျတော့ စစ်တောင်းမြစ်က ဘယ်နားမှာရှိလဲ။ မြစ်ဝကျွန်းပေါ်ဒေသမှာ အဓိက စီးပွားရေးက ဘာလဲ ဆိုတာတွေကို သိချင်ရင် ပထမဦးဆုံး လိုက်လံမေးမြန်းရမယ်။ နောက်သူသိတဲ့ အချက်အလက်တွေကလည်း တိကျ မှန်ကန်ချင်မှ မှန်ကန်မယ်။ ဆိုလိုတာက အချိန်ကုန်ပြီး စနစ်တကျ မသိနိုင်ဘူးပေါ့ဗျာ။ စာကြည့်တိုက်မှာ သွားရှာရင် ရတယ်ဆိုတောင်မှ စနစ်တကျ သွားရှာတတ်အောင်လည်း အရင်လေ့လာရဦးမှာပေါ့ဗျာ။

ဒါက ဥပမာ တခုဘဲရှိသေးတာပါ။ တကယ်တော့ တက္ကသိုလ်ကျောင်းတွေမှာ သင်ကြားပေးနိုင်တဲ့ ဘာသာရပ်တွေ၊ ပညာတွေက တကယ်တော့ ရေတွက်လို့ မဆုံးအောင် များပြားလှပါတယ်။

သို့သော် သည်တတ်မြောက်လာတဲ့ ပညာတွေကို အပြင်လောကမှာ ပြည့်ပြည့်၀၀ အသုံးချခွင့်၊ အဲသည်အတွက် ထိုက်တန်တဲ့ လုပ်အားခတွေကို ခံစားခွင့်၊ ဒီလို အခွင့်အလမ်းတွေကို ဖန်တီးပေးမယ့် အခြေအနေတရပ်ဟာ လောလောဆယ် ကျနော်တို့ တိုင်းပြည်မှာ ကွယ်ပျောက်နေတယ်။ အဲဒါကြောင့်ဘဲ ပညာတတ်တွေ၊ ပညာရှင်တွေ၊ ပညာရှိတွေအနေနဲ့ လောလောဆယ် ဘေးရောက်နေတဲ့သဘောပါ။

ကျနော်တို့တတွေ လွတ်လပ်ချင်တယ်၊ ဒီမိုကရေစီလိုချင်တယ်ဆိုတာ တခြားကြောင့်မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းဟာ (ကိုယ်တတ်ထားတဲ့ ပညာနဲ့) ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်မှာ ကိုယ့်အလုပ်ကိုယ် အထူးခြားအပြောင်မြောက်ဆုံး လုပ်ပိုင်နိုင်ခွင့် အခြေအနေတရပ်ကို ရစေချင်လို့ပါ။ သည်လိုအခြေအနေကိုရပြီဆိုရင် သူ့အတွက်ထိုက်တန်တဲ့ လုပ်အားခလည်း အလိုအလျောက် ရရှိလာမှာ မလွဲပါဘူး။

လောလောဆယ် အခြေအနေကတော့ ဆရာအောင်သင်းပြောဘူးသလိုပေါ့။

အခုအခြေအနေဟာ မီးလောင်တုန်း ပစ္စည်းတွေကို ကဗျာကယာ သိမ်းပြေးရတာနဲ့ တူတယ်တဲ့။ ရရာသိမ်းကြုံးထဲ့ရတော့ ပစ္စည်းတွေက အရောရော အနှောနှောပေါ့ဗျာ။ ခုံဖိနပ်ကလည်း ဘုရားစင်ပေါ်ရောက်လိုရောက်။ ဘုရားဆင်းတုကလည်း ဖိနပ်စင်နဲ့အတူ ဟိုးအောက်ဆုံးရောက်လိုရောက်ပေါ့။

သို့သော် မီးဘေးကင်းဝေးသွားလို့၊ အခြေအနေတွေ အေးချမ်းသွားလို့ ပစ္စည်းတွေကို ပြန်နေရာချတဲ့အခါကျရင်တော့ ဘုရားဆင်းတုတော်က ဘုရားစင်ပေါ်သွား…..အဲ…ခုံဖိနပ်က ခုံဖိနပ်နေရာသွား…..သူ့နေရာနဲ့သူ ပြန်ဖြစ်သွားလိမ့်မယ်တဲ့။

သည်တော့ တိုင်းပြည်လွတ်လပ်လာတဲ့အချိန်ကျရင် ပညာရှင်တွေလည်း ပညာရှင်နေရာကို ရောက်လာပါလိမ့်မယ်။

အဲ….အဲသည်အခြေအနေရောက်လာအောင် ကျနော်တို့အားလုံးက ၀ိုင်းဝန်းကြိုးပမ်းကြရမှာပေါ့ဗျာ။

ခင်မင်စွာဖြင့်
ကိုပေါ။

thamudayanwe said...

စာမရေးတတ်တဲ့ကျနော်ကစာရေးတတ်သူကိုကလိုစေးထူးရဲ့
စာတွေကိုဖတ်ပြီးစာကောင်းတွေကိုရှာဖတ်ခွင့်ဆုံးရှုံးနေတဲ့
ပြင်ကမှာနေထိုင်ရတာတကယ့်ကိုအနှစ်သာရအပြည့်အ၀ရှိတဲ့စာတွေဖတ်ခွင့်ပေးလို့
ကျေးဇူးအများကြီးတင်ပါတယ်..
ဒီအကြောင်းကသူငယ်ချင်းတွေနဲ့ဆွေးနွေးပြီးအမြဲံပြောနေကြတဲ့စကားလုံးတွေပါ
တခါတခါ..ပညာတွေမိုးပျံအောင်တတ်နေပြီး..ကိုယ့်လောက်စာမတတ်သူတွေ
ချမ်းသာနေတာတွေ့တဲ့အခါတွေမှာ..ကိုယ်တတ်ထားတဲ့ပညာတွေကိုလွင့်ပစ်လိုက်ရမလိုလို
ခံစားဘူးသလို..ကိုယ့်သားသမီးလက်ထက်ကျရင်..
ဘာကို specified လုပ်ပြီးသင်ပေးရမှာလဲဆိုတဲ့ ဒွိဟတွေနဲ့ အဖြေမရှာနိုင်ခဲ့ပေမဲ့..ပညာရပ်နဲ့ပတ်သက်ရင်လဲ ..ရပ်မနေနိုင်တဲ့အခါတွေမှာ..
ကောင်းလားမကောင်းလားဆိုတာထက်..
ဖြစ်နေတဲ့အတိုင်းဖြစ်သင့်တာတွေကိုလုပ်ရင်း
စိတ်ညစ်စရာတွေမေ့ပစ်လိုက်ရတာပါ..
ပညာလို ငွေတွေကုန် ဆိုတဲ့စကား..မြန်မာပြည်မှာဖြစ်နေမှာခဲ့ပြီ..
ကျနော်တို့ကိုယ်တိုင်ငွေနဲ့ဆက်ထားတဲ့ပညာရပ်တွေ..
တကယ်တော့ပညာရှင်ဆိုတာ..ငွေရှိသူတွေရဲ့အခိုင်းခံတွေ
ဖြစ်နေရတာ..
ငွေနဲ့ပညာ..ဘယ်အရာကအရေးကြီးသလဲဆိုတာမရေမရာတွေးပေမဲ့
၂ခုလုံးကတော့သူနေရာနဲ့သူ အသုံးဝင်တယ်လို့ထင်ပါတယ်
လေးစားလျက်

nyee said...

u r so right, i dont know how to say about our educational level, who did it, who created it,why like this, is our IQ level very low, so many many.........

Danaus said...

The main reason that our country in current situation is Education..not only academic education but also knowledge education, I believe. No country is powerful and rich with "getting rich ideology" alone in long run. You are my favorite blogger and I can see your love and passion for your country and people through your essays.Keep on writting.
Best wishes

zawmyo said...

ကိုစေးထူးရေ မှန်ပါတယ် ကျွန်တော်တို့ နိုင်ငံမှာ ဘွဲ့ရ အလုပ်လက်မဲ့တွေ များနေတယ် သူတို့အတွက် အလုပ်အကိုင်မဖန်တီးပေးနိုင်ဘူး ဒါတွေဟာ စစ်အစိုးရရဲ့ ညံ့ ဖျင်း တဲ့စီမံခန့်ခွဲ မှု ညံ့ ဖျင်းလို့ပါပဲ၊ တဖက်ကလည်း ကျွန်တော်တို့လူငယ်တွေက ကိုပိုင်အရည်ချင်း တွေရှိအော် ကြိုး စား ရနေရမှာပါပဲလို့ ထင်ပါတယ်။

ကလိုစေးထူး said...

ကိုလွင်မိုး…၊ မကြာခဏဆိုသလို လာလည်ပြီးတော့ ထင်မြင်ချက်လေးတွေ ရေးသွားတာကို ကျေးဇူးပါဗျာ။
ကိုပေါ…၊ ကိုပေါရေးလိုက်တဲ့ မှတ်ချက်တွေက ကျနော့်ပို့စ်ကို အချက်အလက်တွေ ဖြည့်ပေးနေတာနဲ့ တူပါတယ်။ အလေးထားဖတ်ပြီးတော့ မှတ်ချက်ကို ဂရုတစိုက်နဲ့ ရေးပေးတာကို လေးစားစွာ အသိအမှတ်ပြုပါတယ်ခင်ဗျာ။
သမုဒယ…၊ ကျနော့်စာတွေကို ပုံမှန်အမြဲ လာလာဖတ်ပြီး မှတ်ချက်တွေ၊ တွေးစရာတွေ ဖြည့်ပေးသွားလေ့ရှိတာကို ကျေးဇူးတင်ပါတယ်။
Nyee နဲ့ danaus နဲ့ ကိုဇော်မျိုး ကိုလည်း ထင်မြင်ချက်လေးတွေ ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Anonymous said...

I am a fan of your blogs and I enjoy your essays and articles. To be frank, you impressed me as a university graduate majoing in Burmese literature from the qualit of your writing.

I dont know where are you working for a living. While I agree that we have graduate unemployment problem in Burma. I think even though higher education in Burma needs a lot of improvement one needs to acknowledge that employers (foreign or local alike) dont hire you for a paper (degree), degrees open the doors but skills pay your bills. Therefore it is normal for a graduate with B.A (in English literature) or Economics to attend community college to earn a 2 year associate degree (which is vocational in nature) to equip oneself with skills. So it is not only Burmese problem but also global problem. While it is fair to blame government for failing to spend more in education, it is not fair to Burmese state for unemployment of our graduates. Everything is supply and demand, either we control supply (tighten the rules of university admissions, rigourous examination and academic workload to wipe out the weeds), or we increase demand (which needs foreign and local investments, which inturn demands clean governance, consistent and comprehensive polices, competent officials and no sanctions). If you ask for transparency and accountability from corrupted officials and bribe seeking ministers, you will be labeled as an anti government folk, but on the other hand if you say sanctions are bad then you will be seen as a sucker to government. That is our dilema.