Thursday, December 20, 2007

ခရစ်စမတ် ရောက်လုချိန်…

Jingle bells ♫♪♫ Jingle bells ♫♪♫

Jingle all the ways ♫♪♫♫♪♫

Oh, what fun it is to ride ♫♪♫ in one-horse open sleigh ♫♪♫

မနက်မိုးလင်းလို့ အလုပ်ထဲရောက်ပြီ ဆိုတာနဲ့ ဖွင့်ထားတဲ့ ရေဒီယိုမှာ အထက်ပါ သီချင်းသံကို ဆိုဟန်အမျိုးမျိုးနဲ့ ထပ်ခါတလဲလဲ လွှင့်နေတာကို ကြားနေရပါပြီ။ သဘောကတော့ ခရစ်စမတ် နီးလာပြီပေါ့။ တနေ့တနေ့ ဒါတွေပဲ ခဏခဏ နားထောင်ရတော့ အဲဒီသီချင်းကိုတောင် အလွတ်ရနေပါပြီ။

တကယ်တော့ ခရစ်စမတ်ဆိုတာ ဘာသာရေးအရ ကြည့်မယ်ဆိုရင် ကျနော်နဲ့ သိပ်တော့ သက်ဆိုင်လှတဲ့ ပွဲတော် မဟုတ်ပါဘူး။ ကျနော်က ဗုဒ္ဓဘာသာကိုး…။ ဒါပေမယ့် ရွှေပြည်ကြီးမှာ နေခဲ့စဉ်တုန်းကတော့ ဒီလို အချိန်အခါ ရောက်ပြီလားဆိုရင်ဖြင့် ခရစ်ယာန် သူငယ်ချင်းတွေနဲ့ အတူတူ ဆောင်းညချမ်းတွေမှာ ခရစ်ယာန် ဆုတောင်းသီချင်းတွေ အတူတူ လိုက်ဆိုဖူးပါတယ်။ ဂစ်တာတီးရလွန်းလို့ လက်တွေလဲ ထုံ၊ အသံတွေလဲဝင်နေပေမယ့်လဲ ပျော်တာပါပဲ။

ခရစ်စမတ် လက်ဆောင်တွေ အပြန်အလှန် ပေးကြတဲ့ အခါမှာလည်း ပျော်ပျော်ပါးပါး လက်ဆောင် ဖလှယ်လိုက်ပြန်တာပါပဲ။ ခရစ်စမတ် လက်ဆောင်နဲ့ ပတ်သက်လို့ ကျောင်းတုန်းက သူငယ်ချင်းတွေ ကျနော့်ကို စနောက်ပြီး ပေးခဲ့တဲ့ လက်ဆောင်ကို သတိရမိပါသေးတယ်။ အဲဒီတုန်းက ဆံပင် ခဏခဏ ညှပ်ခိုင်းလွန်းတဲ့ မေမေ့ကို ကျနော့်က ရွဲ့တဲ့သဘောနဲ့ ကတုံးသွားရိတ်လာတော့ တောင်ကတုံးနဲ့ မောင်ဖုန်း ဖြစ်နေတဲ့အချိန်ပါ။ ကျောင်းသွားတဲ့ အခါ ကတုံးလေးကို သနပ်ခါးတွေ လိမ်းလို့ ပြောင်စပ်စပ်မျက်နှာနဲ့ သွားတဲ့ ကျနော့်ကို သူငယ်ချင်းတွေက မျက်စိစပါးမွှေးစူးတယ်နဲ့ တူပါရဲ့။ ခရစ်စမတ်ပိတ်ရက်မတိုင်မီ ပြုလုပ်တဲ့ ကျောင်းတွင်း ခရစ်စမတ်ပွဲမှာ ကျနော့်နာမည်နဲ့ ခရစ်စမတ်လက်ဆောင်ဘူး တဘူးကို ခရစ်စမတ်သစ်ပင်မှာ ချိတ်ထားကြပါတယ်။ လက်ဆောင်ရလို့ ပျော်ပြီး အားရ၀မ်းသာနဲ့ ဖွင့်ကြည့်လိုက်တော့ စက္ကူအထပ်ထပ် ပတ်ထားပြီး အပေါ်ကနေ သေသေသပ်သပ် အုပ်ထားတဲ့ အဲဒီဗူးထဲမှာက `ဘီး´ တချောင်းပါ။ လက်ဆောင်ထုပ် ပေးတဲ့ ဆရာမကိုယ်တိုင် ကျနော့် ကတုံးကို လက်ညှိုးညွှန်ပြီး တဟားဟားနဲ့ ရယ်နေတာကို မှတ်မိပါသေးတယ်။

ခရစ်စမတ်မှာ ဈေးလျှော့ရောင်းမယ့် ဆိုင်တွေကလည်း ရေဒီယိုကနေ အလုအယက် ကြော်ငြာနေကြတာပါပဲ။ တချို့သော ပစ္စည်းတွေကတော့ အမှန်တကယ် ဈေးချိုပေမယ့် များသောအားဖြင့်ကတော့ တနှစ်တာအတွင်းမှာ ရောင်းမထွက်တဲ့ အ၀တ်အထည်တွေ၊ ကုန်ပစ္စည်းတွေကို ဈေးလျှော့တယ်ဆိုပြီးတော့ အစွံထုတ်တာက များပါတယ်။ တချို့ ပစ္စည်းတွေကိုဆိုရင် ဥပမာ သာမန်အချိန်မှာ ဒေါ်လာ တရာရောင်းနေတဲ့ ပစ္စည်းကို အခုလို ပွဲတော်ရက်မှာ မသိမသာနဲ့ တရာ့ငါးဆယ်လို့ ဈေးနှုန်းပြောင်းရေးပြီးတော့ ၅၀% ဈေးလျှော့ရောင်းတယ် လုပ်ချင်လုပ်တာမျိုးပါ။

ခရစ်စမတ် အကြို ၀မ်းနည်းစရာ အဖြစ်တခု အနေနဲ့တော့ ကျနော့်မိတ်ဆွေ အမေရိကန်လူမျိုးရဲ့ ဇနီး မနေ့က ကားအက်ဆီးဒင့်ဖြစ်လို့ ဆေးရုံပို့လိုက်ရာက ဒီနေ့တော့ ဆုံးသွားပါတယ်။ မောင်းလာတဲ့ အရှိန်က တနာရီ ၄၅ မိုင်နှုန်းသာ ဖြစ်ပေမယ့် လမ်းမှာ အေးခဲပြီး ကပ်နေတဲ့ ရေခဲပြင်ကြောင့် ကားကချော်ပြီးတော့ မှောက်ရာက အခုလို အဖြစ်ဆိုးနဲ့ ကြုံရတာပါ။ တိုက်ဆိုင်လွန်းတာကတော့ အဲဒီ အမျိုးသမီးကြီးက သူကွယ်လွန်ရင် မြုပ်နှံဖို့ မြေနေရာကို သင်းချိုင်းမှာ သွားဝယ်ပြီးတာမှ ရက်သတ္တပတ် သုံးပတ်သာ ရှိပါသေးတယ်တဲ့။ သင်းချိုင်းမှာ မြေနေရာရလို့ သုံးပတ်မြောက်မှာပဲ အခုလို ဆုံးပါးသွားရှာတာပါ။




မနှစ်တုန်းက ခရစ်စမတ်ချိန်တုန်းကတော့ အဲဒီသီချင်းလေးတပုဒ် ရေးဖြစ်ခဲ့ပါတယ်။ ဆောင်းတွင်း ညအေးအေးချမ်းချမ်းမှာ သူငယ်ချင်းတွေနဲ့ အတူတူ အော်ဆိုရရင် သိပ်ကောင်းမှာပဲ လို့ စိတ်ကူးယဉ်ပြီး ရေးခဲ့တာပါ။ တယောက်ထဲ အော်ဆိုရတော့ သိပ်အားမရလှပါဘူး။ ဘလော့ဂါတွေနဲ့ အတူတူ အော်ဆိုရရင် ပိုကောင်းမလားပါပဲ။ :D အဲဒီသီချင်းကို ရေးပြီးတော့ ပုလဲနက် ဖိုရမ်မှာ သွားတင်မိတော့ အဲဒီက မန်ဘာတယောက်က အားပေးလိုက်ပါတယ်။ `သီတင်းကျွတ်ပွဲတော်ကျရင်လဲ ရေးနိုင်ပါစေ´တဲ့။ ဟုတ်ကဲ့…၊ ကျနော် မရေးဖြစ်ခဲ့ပါဘူး။ :D

ကဲ…၊ မိတ်ဆွေ ဘလော့ဂါ မောင်နှမများကရော…၊ ခရစ်စမတ်ချိန်ခါမှာ အိမ်ကို လွမ်းနေသူတွေ ရှိမလား၊ ဒါမှမဟုတ် ရောက်တဲ့ နေရာမှာပဲ ပျော်အောင် ကြိုးစားနေရင်းနဲ့ ခရစ်စမတ်ပွဲ နွှဲဖို့ ပြင်နေကြမလား။

အားလုံး ပျော်ရွှင် အဆင်ပြေကြပါစေ။



ကလိုစေးထူး

(အမှန်က ရေးဖို့ရည်ရွယ်ထားတုန်းကတော့ တခြားအကြောင်းပါပဲ။ ခရစ်စမတ် သီချင်းတွေ နားထောင်ပါများရင်းနဲ့ပဲ ဒီပို့စ်ကို ရေးဖြစ်မိတယ်) :)

7 comments:

nu-san said...

ကိုစေးထူးရဲ့ စာကို ဖတ်ရင်း သီချင်းပါ နားထောင်သွားတယ် ဗျို့... အင်း... ခရစ်စမတ် လက်ဆောင်ဆိုတာ ပျော်စရာရော၊ ၀မ်းနည်းစရာပါ ပေးတတ်တယ်လို့ပဲ ဆိုရမလားပဲနော်..

မွန်းသက်ပန် (ဆေး-၁) said...

အကိုစေးထူး ခရစ်စမတ်မှာ ပျော်ရွှင်နိုင်ပါစေ …
လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)

Anonymous said...

Ko klosay Htoo,

Thanks so much for your song. May all your dearest dreams and wishes come true in the coming year 2008.

Merry Christmas!

LMK

သဇင်ဏီ said...

ကိုစေးထူးရဲ့ငယ်ငယ်တုန်းကရခဲ့တဲ့ ခရစ္စမတ်လက်ဆောင်နဲ့ ကိုစေးထူးပုံကို တွေးကြည့်ပြီးရယ်ရတယ်...
မိတ်ဆွေရဲ့ဇနီးသတင်းကတော့ စိတ်မကောင်းစရာပါပဲ...

ကိုကလိုစေးထူးအတွက်ပျော်စရာခရစ္စမတ်လေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်...

M.Y. said...

မနေ့ နေ့ လည်ကစပြီးရုံးပိတ်တယ်၊ နောက်နှစ်အထိပေါ့။ ဒါပေမယ့်တစ်နေကုန်လဲအိမ်မှာဧည့် သည်တွေနဲ့ အလုပ်တွေရှုပ်နေတယ်။ ည၁၂နာရီ ကျော်မှတစ်ယောက်ထဲအေးဆေးဘလော့ဂ်တွေလိုက်ဖတ်နေလိုက်တယ်။ Guinness ရယ် salami stick လေးတစ်ချောင်းရယ်နဲ့ ၊မမျှော်လင့်ပဲ ကိုယ်ပိုင်ဖန်တီးမှု ခရစ်စမတ် သီချင်းလေးဒီမှာလာတွေ့ တော့ ကျွန်တော် နှစ်ခါပြန်ခံစားနားဆင်ဖြစ်သွားတယ်။ ခရစ်ယာန်တော့ မဟုတ်ဘူး။ ဒါပေမယ့် ပွဲတော်ကိုကြို တဲ့ဟောဒိသံစဉ်ချိုလေး က ကျွန်တော့် အမောတွေကိုယူသွားတယ်။ဘာသာဝင်မဟုတ်လဲ ကျွန်တော်တို့ သီချင်းသံစဉ်တွေနဲ့  မယ်ရီခရစ်စမတ်လို့ နုတ်ဆက်ကြမယ်။ဘာဖြစ်မလဲ။ ကျွန်တော်တို့ စိတ်တွေအေးချမ်းမယ်…ဒါပဲမဟုတ်လား..ကျေူးဇူးတင်တယ်..ဒီသီချင်းအတွက်..

မောင်ရင်

ကလိုစေးထူး said...

မနုစံ..။ ပုံမှန် လာလာဖတ်ပေးနေတာ ကျေးဇူးပါဗျာ။ ဟုတ်တယ်ဗျာ။ ခရစ်စမတ်မှာ တခါတလေလဲ ၀မ်းနည်းစရာတွေ ပေးလာတတ်တယ်။
ညီမဒေါက်တာ…။ ကျေးဇူးကွ။ ဒီဘက်ကို တယ်လဲ အရောက်အပေါက်နည်းတာကိုး။ :)
LMK ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
သဇင်ဏီ ကျေးဇူးပါ။ အဲဒီတုန်းကတော့ တကယ်ကို ပျော်စရာနဲ့ ရယ်ရွှင်စရာလဲ ကောင်းခဲ့တယ်လေ။
ကိုမောင်ရင်ရေ…။ မတွေ့တာကြာပြီနော်။ လိုက်ဖတ်ဖြစ်တဲ့ ဘလော့ဂ်တွေထဲမှာ ကျနော့်ဘလော့ဂ် မမေ့မလျော့နဲ့ ပါတာကို ၀မ်းသာပါတယ်ဗျာ။ စိတ်ကူးခံစားချက်နဲ့ ရေးမိတဲ့ သီချင်းလေးကို အခုလို ခံစားကူပေးတာကိုလည်း ညီရင်းအကိုတယောက် တွေ့ရသလို ခံစားရပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။ :)

dilobear said...

meri x'mas naw