Sunday, December 09, 2007

ပြဿနာကို ခွဲခြားလက်ခံရာတွင်…

ဒီတပတ်ပိတ်ရက်မှာ ကျနော်တယောက် ဘယ်မှလဲ ဟုတ်တိပတ်တိ မသွားဖြစ်သလို စာလဲ ကောင်းကောင်း မရေးဖြစ်လိုက်ပါဘူး။ အိမ်ထဲမှာပဲ ငြိမ်ကုပ်ပြီး ဘလော့ဂ်တွေ လိုက်ဖတ်လိုက် Chatting လုပ်လိုက်နဲ့ပဲ ကုန်လွန်သွားပါတယ်။

တမြန်မနေ့ကတော့ ကျနော့်ဘလော့ဂ်ကို တစုံတယောက်က မေတ္တာစေတနာတရား ကြီးမားလှစွာနဲ့ပဲ ကျနော့်နာမည်နဲ့ ပေါက်ကရတွေ ရေးပြီး အားပေးချီးမြှင့်သွားပါတယ်။ မောင်မင်းကြီးသား ကျန်းမာချမ်းသာပါစေ။ :D ကျနော် အားရပါးရကြီး အိပ်ပျော်နေခိုက် သောင်းကျန်းသွားတဲ့ လူမြင်မတော်တဲ့ အဲဒီ ဆဲစာတွေကို ဖျက်ထားပေးတဲ့ မမေဓာဝီကို သိပ်ကျေးဇူးတင်တယ်။

ဒီနေ့ လိုက်ဖတ်ဖြစ်သမျှ ဘလော့ဂ်တွေအနက် ရွှေဂျမ်းရဲ့ ခြားနားမှုကို လက်ခံခြင်း ဆိုတဲ့ ပို့စ်ကို တော်တော်လေး နှစ်သက်မိပါတယ်။ အဲဒီပို့စ်ကို ဖတ်ပြီးတော့ အတွေးတွေလည်း တထွေးကြီး ရခဲ့တယ် ဆိုပါတော့။

`ခြားနားမှုကို လက်ခံခြင်း´ တဲ့…။ စကားလုံးလေးက ရိုးရှင်းလှပေမယ့် တကယ့်တကယ်တမ်းမှာတော့ ခက်ခဲလွန်းလှတာကတော့ လက်ခံနားလည်ခြင်း ဆိုတဲ့ အရာပါပဲ။ မိမိနဲ့ အမြင်မတူသူ တဖက်သားကို အမြင်မတူရကောင်းလား ဆိုပြီး အပြစ်တင်မယ့် အစား သူ ဘာပြောချင်တာလဲ၊ ဒီစကားကို သူက ဘာရည်ရွယ်ချက်နဲ့ ပြောသလဲ၊ သူ့ ရပ်တည်ချက်က ဘာလဲ ဆိုတာကို တလေးတစားနဲ့ လက်ခံပေးဖို့ ဆိုတဲ့ အချက်သာ ရှိခဲ့ရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲ…။

ကျနော် ဘလော့ဂ် စရေးခဲ့တဲ့ ကာလတလျှောက်လုံးမှာ တကယ်တော့ ကျနော့် အရေးအသား၊ ကျနော့် အယူအဆတွေကို လူတွေအားလုံးက ကြိုက်နှစ်သက်ခဲ့တာ မဟုတ်ခဲ့ပါဘူး။ လူ့ သဘောသဘာဝ အရ ကွဲလွဲမှု ဆိုတာဟာ ရှိကို ရှိနေတတ်စမြဲမို့ ကျနော့်စာတွေကို မကြိုက်တဲ့ လူတွေလဲ ရှိခဲ့တာဟာ ထူးဆန်းလှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

ဒါပေမယ့် တချို့သော ပုဂ္ဂိုလ်များရဲ့ မိမိနဲ့ အမြင်မတူသူ တဖက်သား အပေါ် တုံ့ပြန်တဲ့ သဘောထား၊ မှတ်ချက်ချတဲ့ အယူအဆတွေကတော့ တော်တော် စိတ်ပျက်စရာ ကောင်းပါတယ်။ ကိုယ်နဲ့ မတူတော့တာနဲ့ပဲ ငြိုးသူ ရန်ဖက်တွေအလား သဘောထားပြီးတော့ `ငါနိုင်ပြီး တဖက်သား နစ်နာသွားရင် အေးရော´ ဆိုတဲ့ ထူးဆန်းတဲ့ စိတ်ထားတွေကို တော်တော် အံ့သြမိပါတယ်။

အလွန့်အလွန် နည်းပါးတဲ့ တချို့သော ရင့်ကျက်သူတွေကတော့ ကျနော်တို့နဲ့ မတူညီတဲ့ သူတို့ရဲ့ အမြင်တွေကို ရိုးသားသိမ်မွေ့စွာ တင်ပြပြီးတော့ အမြင်ချင်း ဖလှယ်ဖို့ ကြိုးစားတဲ့နည်းနဲ့ ချဉ်းကပ်လို့ လေးစားစရာပါပဲ။ တကယ်တော့ တဖက်လူရဲ့ အမြင်ကို နားလည်လက်ခံပေးလိုက်တာဟာ မိမိအယူအဆကို စွန့်လွှတ်လိုက်ရတဲ့ သဘောသဘာဝကို လုံးဝ မသက်ရောက်ပါဘူး။

တခါတလေကျတော့ ကျနော့် အတွေးထဲမှာ `ဒီနေရာလေးတော့ ဒီလိုလေးဆိုရင် ပိုကောင်းမလားဘဲ´ လို့ အတွေးနဲ့ ထောက်ပြ ဝေဖန်မိခဲ့ဖူးတာတွေလဲ ရှိခဲ့ပါတယ်။ နားလည်လက်ခံသူတွေနဲ့ တွေ့တဲ့အခါ သူ့ဆီက ပညာလည်းရ၊ ကျနော့်အမြင်လည်း တင်ပြရင်းနဲ့ နှစ်ဦးနှစ်ဖက် အသိတွေ ဖလှယ်လို့ အကျိုးရှိခဲ့လို့ ကျေနပ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။

ဝမ်းနည်းစရာကောင်းတာ နောက်တခုကတော့ တယောက်နဲ့ တယောက်အကြား မတူညီတဲ့ အချက်အလက်တွေ တွေ့လာတဲ့အခါ စနစ်ကျကျ အချက်နဲ့ အလက်နဲ့ ဆွေးနွေးရမယ့် အစား `အလကားကောင်တွေပါကွာ´ `အရေးမပါပါဘူး´ `မနာလိုလို့ တိုက်ခိုက်နေတာပါ´ အစရှိတဲ့ မဆီမဆိုင်တဲ့ စကားတွေ၊ အဲဒီကမှ တဆင့် ရင့်သီးတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေနဲ့ ထွေးလုံးသတ်ပုတ်ကြတဲ့ အခါမှာ `ခြားနားမှုကို လက်ခံခြင်း´ ဆိုတာကြီးက စုပ်စမြုပ်စ ပြုသွားရတာပါပဲ။

နောက်တခု ဆွေးနွေးကြည့်ချင်တာကတော့…။

`လွတ်လပ်ခွင့်ကို အလွဲသုံးစား လုပ်နေကြတဲ့ လူတချို့´ ကိစ္စပါ။ လူတိုင်းဟာ လွတ်လွတ်လပ်လပ် နေရတာကို ကြိုက်ပါတယ်။ ငြင်းစရာ မလိုအောင် ရှင်းပါတယ်။ ဒါပေမယ့် အဲဒီ မိမိရဲ့ လွတ်လပ်ခွင့်ဟာ တပါးသူကို ထိပါးဖို့ လက်နက်တော့ မဖြစ်စေရပါဘူး။ ကပ်သီးကပ်ဖဲ့ ပြောကြစတမ်းဆိုရင် `ဆဲဆိုခြင်း´ ဟာလည်း လွတ်လပ်ခွင့် တမျိုးပါပဲ။ ဒါပေမယ့် ဆဲသင့် မဆဲသင့် ဆိုတာကတော့ စဉ်းစားဆင်ခြင်ရမယ့် အသိဉာဏ်နဲ့ ဆိုင်သွားပါပြီ။

လွတ်လပ်စွာ ပြောဆိုဆွေးနွေးတာပါ ဆိုပြီးတော့ တဖက်သား မခံချင်အောင် မထိတထိ စော်ကားခြင်း၊ ဒေါသထွက်လာအောင် ဆွပေးခြင်း နည်းလမ်းတွေကို သုံးတာဟာလည်း လွတ်လပ်ခွင့် ကို အလွဲသုံးစား လုပ်နည်းတမျိုးပါပဲ။

ကျနော့် ဘလော့ဂ်ရဲ့ စီဘောက်စ်မှာ ရှားတောင့်ရှားပါး banned လုပ်လိုက်ရတဲ့ ပုဂ္ဂိုလ်တယောက်ပဲ ရှိဖူးပါတယ်။ သူက ကျနော့် ဘလော့ဂ်ကို လာတာဟာ ကျနော့်ဘလော့ဂ်မှာ ရေးထားချက်တွေကို ဆွေးနွေးဖို့၊ ဝေဖန်ထောက်ပြဖို့၊ ကျနော့်ကို မိတ်ဆွေတယောက်လို သဘောထား နှုတ်ဆက်ဖို့ စိတ် အလျဉ်း မရှိပါဘူး။ သူရေးသားထားတဲ့ ပို့စ်ထဲက Quote တချို့ကို ရေးပြပြီးတော့ သူ့ဘလော့ဂ်ကို လာဖတ်ဖို့၊ တနည်းအားဖြင့် ကျနော့် ဘလော့ဂ်ကို အမှီပြုပြီးတော့ သူ့ဘလော့ဂ်ကို လူတွေပိုလာစေဖို့လောက်သာ သဘောထားပြီးတော့ ကျနော့် စီဘောက်စ်ကို အသုံးပြုပါတယ်။ ဒီအထိလဲ လက်ခံပေးထားခဲ့ပါသေးတယ်။

ဒါပေမယ့် တရက်မှာတော့ ကျနော့် စီဘောက်စ်ထဲက သူနဲ့ နာမည်တူ နော်ဝေ နိုင်ငံက စာဖတ်သူ တယောက်ကို သူ့ကို တုပပါတယ်ဆိုပြီး အသားလွတ်ကြီး ရန်သွားစတဲ့ အခါမှာတော့ ကျနော် သူ့ကို banned လုပ်လိုက်တဲ့ အပြင် သူ့မက်ဆေ့တွေကိုပါ ဖျက်ပစ်လိုက်ပါတယ်။ အဲဒီလိုလုပ်တော့ သူက `ဒီမိုကရေစီ သမားတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို သူတို့ ဘလော့ဂ်မှာကျတော့ မပေးဘူး´ လို့ အသံကောင်းဟစ်ပါတော့တယ်။ အဲဒီနည်းလမ်းကို ဘလော့ဂ် အတော်များများမှာ အသုံးပြုပြီးတော့ သူ့ကို banned လုပ်သူ မှန်သမျှကို အဲဒီစကားနဲ့ တွင်တွင်ကြီး သုံးပြီး ပုတ်ခတ်ပါတော့တယ်။ တကယ်တော့ သူဟာ `လွတ်လပ်ခွင့်´ ဆိုတဲ့ စကားရပ်ကို မလိမ့်တပတ်လုပ်ပြီးတော့ အလွဲသုံးစား ပြုနေတာသာ ဖြစ်ပါတယ်။

ယနေ့ ဘလော့ဂ်လောကကတော့ ထိခတ်မှုတွေ များလှတယ်လို့ မြင်မိပါတယ်။ အထူးသဖြင့် `အချင်းချင်း ထိခတ်မှု´ လို့ သတ်မှတ်နိုင်တာမျိုးတွေကို တွေ့မိတော့ စိတ်မသက်မသာ ဖြစ်ရပါတယ်။ တကယ့်တကယ်တမ်း အရေးတကြီး ပြောဆိုရမယ့် ဦးတည်ချက်တွေကို ဖယ်သွေသွားပြီးတော့ မလိုလားအပ်တဲ့ ကိစ္စတွေမှာ ငြင်းခုံနေကြရတာဟာ တကယ်တော့ ဆုတ်ယုတ်မှု တခုပါပဲ။ (စိတ်ဓာတ်ပြင်းထန်သူ တချို့ကတော့ `ရန်သူ ၀မ်းသာတော့မှာပဲ´ လို့ မှတ်ချက်ပေးပါတယ်)။

ပြန်စဉ်းစားကြည့်ရင် ဒါမျိုးတွေ ဖြစ်အောင်ကို ဘယ်သူမှန်း မသိတဲ့ တစုံတယောက်က တမင်လိုက်ဖန်တီးနေသလားလို့ ထင်မိတယ်။ လောလောဆယ်မှာ လူတွေ အဓိက အာရုံထားနေတဲ့ အကြောင်းအရာကနေ သွေဖယ်နိုင်သမျှ သွေဖယ်သွားအောင် တခြားသော ပြဿနာတွေကို နည်းမျိုးစုံနဲ့ ဖန်တီးနေရော့သလားလို့တောင် သံသယ ၀င်မိပါတယ်။ ဒါပေမယ့် ပြဿနာတွေကတော့ ဖြစ်လို့ ကောင်းနေတုန်းပါပဲ။


ကလိုစေးထူး

3 comments:

LIN LET KYAL SIN said...

အကိုရေ လမ်းကြောင်းမလွဲစေရပါဘူး ။ တော်တော်များများကိုလည်း ညီမ သတိပေးအကြံပြုထားပါတယ် ။ ဒါလေးက ခဏပါပဲ။ လွတ်လပ်မှုကို အလွဲသုံးစားလုပ်နေတဲ့ အဲဒီ အရူးကိုတော့ မပြောချင်တော့ပါဘူး ။ ညီမလဲ အဲဒီအမျိုးယုတ်က သိပ်လွန်လာလို့ ၊ အကျိုးမရှိတဲ့ စကားတွေနဲ့ စီဗောက်စ်ကို လိုက်နောင့်ယှက်လို့ ဘန်းထားလိုက်တယ်။ မကျေနပ်ရင် ဖင်နဲ့ခေါင်းဆောင့်သေပေါ့ ။

lwinmoe said...

Begging for fighting maybe their strategy to cause confusions and lack of unity among the people. This is not new. Before the word "blog" exists, this kind of thing happened in newsgroup back in the 90s.

I wrote the same kind of feelings in one of my postings.
http://lwinmoe.friendsofburma.org/index.cgi/burma/20071208.htm

Best,
Lwin Moe

ကောင်းကင်ကို said...

ရေးထားတာ ကြိုက်တယ်ဗျာ။ နောက်ဆုံးနှစ်ပိုဒ်ကလဲ စဉ်းစားစရာပါ။ သဘောတူပါတယ်။ ရှောင်စရာတွေလဲရှောင်ပါ့မယ်။
ပြီးတော့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုလုံးဝမပါတဲ့ ချစ်ချစ်ခင်ခင် သဘောထားကွဲလွဲတဲ့ ဓလေ့ ဖြစ်ထွန်းစေချင်တယ်ဗျာ။ ကျွန်တော်တို့ လူငယ်တွေ ဝေဖန်ခံရမှာ ကြောက်လို့  လက်ပိုက်ကြည့်နေတဲ့ ဓလေ့၊ မပြောရဲ မဆိုရဲတဲ့ ဓလေ့ မထွန်းကားစေချင်ပါဘူး။ လွတ်လပ်စွာသဘောထားကွဲလွဲရင် ကြိတ်မှိတ်အောင့်အည်းပြီး တသံတည်းထွက်တာထက် တောင် ရန်သူက ပိုကြောက်လိမ့်မယ်လို့ ထင်ပါတယ်။ အဲဒါဆို ဘာဘဲလုပ်လုပ် အားလုံးစုပြီး Brainstorming လုပ်လို့ ရပြီလေ။ ကျွန်တော်ဆိုလိုတာက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေမပါပဲ ဝေဖန်ဆွေးနွေးပြီး ရလာတဲ့ အဖြေကိုတော့ အားလုံးက ညီညီညွတ်ညွတ် ဝိုင်းပြီး အကောင်အထည်ဖော်နိုင်ရင် ပိုကောင်းမယ်ဆိုတာပါ။