Friday, December 14, 2007

ဘလော့ဂ်လောက၀ယ်...

လွန်ခဲ့တဲ့ သုံးလကျော်ခန့်က ဖြစ်ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့၊ ရန်ကုန်မှာ ပြုလုပ်မယ့် မြန်မာ ဘလော့ဂါ ဆီမီနာမှာ ပြောဖို့အတွက် ဘလော့ဂ်နှင့် ကောင်းကျိုး ဆိုးပြစ်များဆိုတဲ့ ခေါင်းစဉ်နဲ့ စာမူကြမ်းကို ညီမမယ်လိုဒီက လာပြတော့ ဟိုဟိုဒီဒီ ဖတ်ပြီး နှမ်းဖြူးလိုက်ပါတယ်။ သူကတော့ ကျေးဇူးတွေ တင်လို့ပေါ့…။

တကယ်တမ်း ဆီမီနာကျင်းပတဲ့ နေ့မှာ ညီမ မယ်လိုဒီ အပါအ၀င် ဆွေးနွေးသွားကြတဲ့ အကြောင်းအရာတွေကို ဖတ်ရပြီး နောက်ပိုင်းမှာတော့ မြန်မာ ဘလော့ဂ် လောကနဲ့ ပတ်သက်ပြီး ကျနော် စိတ်ကူးအယဉ်ကြီး ယဉ်ခဲ့ဖူးပါတယ်။ အဲဒါတွေကတော့…

မြန်မာဘလော့ဂ် လောကမှာ တကယ်လို့များ အနုပညာရှင်တွေကလည်း သူတို့ ကိုယ်ပိုင်တွေ ဘလော့ဂ် လုပ်လာကြမယ်ဆိုရင် သူတို့ရဲ့ ပရိသတ်တွေနဲ့ အဲဒီ အနုပညာရှင်တွေ တိုက်ရိုက်ထိတွေ့စေတဲ့ ပေါင်းကူးတံတားလဲ ဖြစ်လာလိမ့်မယ်။ နည်းပညာ အခက်အခဲရှိသူ တချို့သော အနုပညာရှင်တွေနဲ့ အချိန်သိပ်မပေးနိုင်သူ အနုပညာရှင်တွေရဲ့ ဘလော့ဂ်တွေကို Up to Date မှန်မှန်လုပ်ပေးဖို့အတွက် ၀န်ဆောင်မှုပုံစံ တာဝန်ယူ လုပ်ဆောင်ပေးရတဲ့ ဘလော့ဂ် လုပ်ငန်းလည်း တွင်ကျယ်လာနိုင်တယ်။ ဒီလိုနဲ့ ဘလော့ဂ်ကနေ တဆင့် ၀င်ငွေရလမ်း တချို့ရှိလာနိုင်မယ်။ ဒါက စဉ်းစားမိတာ တချက်ပါ။

နောက်တချက်ကတော့ ပြည်တွင်းပြည်ပ နိုင်ငံရေးနယ်ပယ်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရော၊ မထင်မရှား ပုဂ္ဂိုလ်တွေရော ဘလော့ဂ်လောကကို ၀င်လာကြတဲ့ အခါမှာ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ အမြင်၊ သူတို့ရဲ့ ရပ်တည်ချက်ကို တိုက်ရိုက်သဘော လေ့လာလို့ရလာမယ်။ တိုက်ရိုက်သဘော အမြင်ချင်း ဖလှယ်ခွင့်တွေ ရလာမယ်။ အဲဒီကနေ ဆက်စပ် စဉ်းစားလိုက်တာ ကျနော့် စိတ်ကူးထဲမှာ စာရေးဆရာ၊ ကဗျာဆရာ များသာမက နောက်ဆုံး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေပါ မကျန် ဘလော့ဂ် ကိုယ်စီနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီးပေါ့။ အဲဒီလို စိတ်ကူး ယဉ်ခဲ့တာပါ။

***

ဒါပေမယ့် တကယ့်လက်တွေ့ အခြေအနေမှာတော့ ကျနော်တို့နိုင်ငံရဲ့ အုပ်ချုပ်သူ အာဏာပိုင်တွေဟာ အဲဒီလောက်အထိ သဘောထား မကြီးခဲ့ပါဘူး။ သူတို့ဟာ အစပထမပိုင်းမှာတော့ မြန်မာဘလော့ဂ်တွေရဲ့ ထိရောက် ပျံ့နှံ့မှုကို သတိမထားမိစကောင်း ရှိခဲ့ပေမယ့် စက်တင်ဘာလ သံဃာ့ကံဆောင်သပိတ်ကာလမှာတော့ ဘလော့ဂ်တွေနဲ့ ပြည်သူများရဲ့ တသားတည်း ရှိမှုကို ထိတ်လန့်စွာနဲ့ပဲ Blogger.com ကို အဆောတလျင်နဲ့ ပိတ်ပင်ခဲ့ပါတော့တယ်။

ဒါပေမယ့် အခုလက်ရှိ အချိန်အထိမှာတော့ မြန်မာဘလော့ဂ်တွေနဲ့ ပတ်သက်ပြီးတော့ အာဏာပိုင်တွေရဲ့ တရားဝင် ထုတ်ဖော် ပြောဆိုမှု တစုံတရာ မရှိသေးပါဘူး။ သူတို့ကို ဆန့်ကျင်နေသူတွေ မှန်ရင် အမြဲတစေလိုလို နှိမ်နှိမ်ချိုးချိုး ဆက်ဆံတတ်တဲ့ အကျင့်အတိုင်း မြန်မာဘလော့ဂ်တွေရဲ့ ထိရောက်မှုကို `အရာမရောက်ပါဘူး´ ဆိုတဲ့ သဘော ပြလိုဟန်လားတော့ မပြောတတ်ပါ။

ဘယ်လိုပဲ ပိတ်ပင်ထားခဲ့ပါစေ၊ လက်ရှိ မြန်မာဘလော့ဂ် လောကကတော့ တကယ့်ကို ပန်းခင်းကြီးသဖွယ် စည်စည်ကားကား ဖြစ်နေတယ် ဆိုတာကတော့ အငြင်းပွားဖွယ်ရာ မရှိတဲ့ အချက်ပါပဲ။ ဖူးငုံစ ပန်းကလေးတွေ၊ အပွင့်သန်သန်နဲ့ အလှမာန်တင့်နေတဲ့ ပန်းကလေးတွေ၊ မထင်မရှားဟန်နဲ့ ပန်းကလေးတွေ၊ အဲ…၊ ဒါတွေနဲ့ အပြိုင် နောက်ထပ် ရှိနေသေးတာကတော့ ပန်းခင်းရဲ့ အလှကို ၀ါးမြို ဖျက်ဆီးဖို့ ကြံစည်နေတဲ့ ခြံထောင့်က မြက်ရိုင်းတွေပေါ့…။

ဘလော့ဂ် လောကမှာ ရိုးသားစွာနဲ့ ကျနော့်တဦးတည်း အမြင်အရ အင်မတန်မှ ကျေနပ်စရာ ကောင်းတာတခုကို ပြောရရင်တော့ စာရေးဆရာမ မမေငြိမ်း၊ ဆရာ အောင်သူငြိမ်း (ယောဟန်အောင်)၊ ကဗျာဆရာ နှင်းခါးမိုး အစရှိတဲ့ စာပေထူးချွန်သူတွေ၊ ကိုဇာဂနာ လို အနုပညာရှင်တွေ ဘလော့ဂ် လောကထဲ ၀င်လာတာပါပဲ။ အခုဆိုရင် ကျနော်တို့ အရင်က မဖတ်လိုက်ရသေးတဲ့ အဲဒီစာရေးဆရာ၊ ကဗျာဆရာတွေရဲ့ လက်ရာဟောင်းလေးတွေကို ဖတ်ခွင့်ရနေပြီဖြစ်သလို ကိုဇာဂနာရဲ့ အငြိမ့်ခန်းလေးတွေကိုလဲ ဖတ်ခွင့်ရနေပါပြီ။ ဒါ့အပြင် တခြားသော စာအရေအသား ထက်မြက်သူ လူငယ်ဘလော့ဂါပေါင်း များစွာရဲ့ လက်ရာတွေဟာလည်း အရသာရှိလှတဲ့ ဆီဦးထောပတ်ကို စားရသလို၊ အေးမြတဲ့ စမ်းရေကို သောက်သုံးရတဲ့ အလားပါပဲ။ ဒါဟာ ဘလော့ဂ် လောကရဲ့ `တိုးတက်မှု´ မဟုတ်ပါလား။

သို့သော်…။ ဆုတ်ယုတ်မှု လို့ သတ်မှတ်နိုင်တာတခုကတော့ တချို့ပုဂ္ဂိုလ်များရဲ့ ဘလော့ဂ်ကို အလွဲသုံးစား ပြုနေမှုပါပဲ။ မိမိရဲ့ ထင်မြင်ချက်၊ ယုံကြည်ချက်ကို ဘယ်ရှုထောင့်ကပဲ တင်ပြတင်ပြ အာဏာပိုင်တွေကို ထောက်ခံတာပဲ ဖြစ်ဖြစ်၊ ဆန့်ကျင် ကန့်ကွက်တာပဲ ဖြစ်ဖြစ် ဒါဟာ ပြဿနာကြီးကြီးမားမား မဟုတ်လှပါဘူး။ လူတိုင်းမှာ လွတ်လပ်စွာ တွေးတော ထင်မြင်ခွင့် ရှိပြီးတော့ မိမိရဲ့ ယုံကြည်ချက်ကို ဘယ်လောက်အထိ မှတ်ကျောက် အတင်ခံနိုင်သလဲ ဆိုတာကသာလျှင် အဖြေတခုပါ။ ကျနော် ဆိုလိုချင်တဲ့ ဘလော့ဂ်ကို `အလွဲသုံးစားပြုနေမှု´ ဆိုတာကတော့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လိုတဲ့အခါ ဘလော့ဂ်တွေကို အသုံးချမှု၊ အဲဒီအပြင် အခုနောက်ပိုင်း ပိုဆိုးလာတာက တခုကတော့ အပြာရောင် ၀က်ဘ်ဆိုက်ဆန်ဆန် ဘလော့ဂ် ဖန်တီးလာမှုတွေပါပဲ။ `ပစ်ပယ် ရှုံ့ချခြင်း´ ဆိုတဲ့ လက်နက်ကို သုံးပြီး အဲဒီ အလွဲသုံးစားမှုတွေကို တားဆီးတဲ့လူက တားဆီးနေကြပေမယ့်လဲ တကယ့်တကယ်တမ်းမှာတော့ မထိရောက်လှသေးပါဘူး။

ဘလော့ဂ် ရေးသားရခြင်းရဲ့ အဓိက ဆွဲဆောင်မှုက ဘာလဲလို့ တစုံတယောက်က ကျနော့်ကို မေးလာခဲ့ရင်တော့ `မိမိဖန်တီးမှုကို မည်သူတဦးတယောက်ရဲ့ တည်းဖြတ်မှုကိုမှ မခံရဘဲ လွတ်လပ်စွာ တင်ပြရတာကို ကြိုက်လို့´ လို့ ဖြေမိမှာပါပဲ။ ကျနော့်အထင် အဲဒီခံစားချက်က ဘလော့ဂါတိုင်းလိုလိုမှာ ရှိမယ်လို့ ထင်ပါတယ်။ ကိုယ့်ခံစားချက်တွေကို စိတ်ထဲမှာ ရှိတဲ့အတိုင်း ချရေးလိုက်မယ်။ ခံစားချက်တူသူ တယောက်ယောက်က အားပေးမယ်။ ဒီလိုနဲ့ပဲ ကျနော်တို့တွေ ဘလော့ဂ်လောကမှာ ကျေကျေနပ်နပ်ကြီး ပျော်ဝင်နေမိတော့တာပါ။

နောက်ထပ် ကျေနပ်စရာကောင်းတာ တခုကတော့ ဘလော့ဂ်လောက ထွန်းကားလာတဲ့အတွက် လက်ရှိ အာဏာပိုင်တွေ ဖြီးဖြန်းသမျှကို မယုံတော့တဲ့ လူငယ်တွေ ပိုများလာတာပါပဲ။ အရင့်အရင်က မယုံတာထက်စာရင် အာဏာပိုင်တွေ ရက်စက်ကြမ်းကြုတ် ယုတ်မာတာတွေကို ဓာတ်ပုံ အထောက်အထား၊ ဗွီဒီယို မှတ်တမ်းတွေ တိတိကျကျနဲ့ တင်ပြတဲ့ ဘလော့ဂ်တွေ တွင်ကျယ်လာတဲ့ နောက်ပိုင်းမှာ မယုံတာက ပိုမိုကျယ်ပြန့်လာပါတယ်။ မြန်မာပြည်ရဲ့ တကယ့် ပကတိ အခြေအနေမှန်ကို ဘလော့ဂ်ကနေ တဆင့် ပုံစံအမျိုးမျိုးနဲ့ တင်ဆက်ခွင့်ရနေတာနဲ့ ပိတ်ပင်ထားတဲ့ကြားက မရရအောင် ၀င်ဖတ်၊ ၀င်ရေးနေကြတဲ့ မြန်မာပြည်တွင်းက လူငယ်တွေရဲ့ လုံ့လဟာ အာဏာပိုင်တွေကို ထိုးနှက်ချက် ဖြစ်နေစေတာကတော့ အမှန်ပါပဲ။

အာဏာပိုင်တွေကတော့ အဲဒီအခြေအနေကို သိပ်မနှစ်မြို့လှဟန် ရှိတာကြောင့် နေပြည်တော်လို့ သူတို့ သဘောနဲ့ သူတို့ခေါ်နေတဲ့ ပျဉ်းမနားအရပ်မှာ ကြံ့ဖွံ့ အဖွဲ့ဝင်တွေကို ဘလော့ဂ်သင်တန်းတွေ ပေးပြီး တစုံတခုကို ကြိုးစားပါတယ်။ ဒါပေမယ့် တဖက်မှာကလဲ ပိတ်ထားတဲ့ Blogger.com ကို ပြန်ဖွင့်ပေးဖို့အတွက် လုံလောက်တဲ့ လိပ်ပြာသန့်မှုက သူတို့မှာ မရှိလေတော့ အဲဒီ သင်တန်းကနေ မွေးထုတ်ပေးလိုက်တဲ့ ဘလော့ဂါတွေခမျာမှာ အချင်းချင်း လှည့်ပတ် ချီးကျူးရင်းနဲ့ ဘလော့ဂ်ဆိုတာ ဘာပါလိမ့်လို့ အနည်းငယ်မျှသော မြည်းစမ်းမှုနဲ့သာ နှစ်သိမ့်နေရဟန် ရှိပါတယ်။ ကြားထဲက ဓားစာခံအဖြစ် လူမုန်းခံလိုက်ရတာကတော့ အာဏာပိုင်တွေက ဆင့်ခေါ်ခံရလို့ သင်တန်းသွားပေးမိတဲ့ ထင်ရှားတဲ့ ဘလော့ဂါတချို့ပါပဲ။

သတိထားမိတဲ့ အချက်တခုကတော့ မိမိအမြင်နဲ့ ယုံကြည်ချက်၊ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ရေးချင်ပေမယ့် လက်ရှိနေနေရတဲ့ အခြေအနေကြောင့် ထိန်းထိန်းသိမ်းသိမ်းရေးရင်းနဲ့ ယုံကြည်မှုနဲ့ လိုလားမှုကို မသိမသာ ဖော်ထုတ်နေရတဲ့ မြန်မာပြည်တွင်း ဘလော့ဂါ တချို့ရဲ့ ခံစားချက်ကိုပါပဲ။ ပွင့်လင်းစွာ ရေးသားနိုင်တဲ့ အခြေအနေတခုသာ ရှိနေခဲ့ရင် လွတ်လပ်ပေါ့ပါးတဲ့ သူတို့ရဲ့ အတွေးစိတ်ကူးတွေက ထွက်ကျလာမယ့် ခံစားချက် အနုပညာတွေဟာ ဘယ်လိုများ ရှိနေလေးမလဲလို့ တွေးကြည့်မိပါတယ်။

ဘလော့ဂ် ရေးတာကနေ ဘာတွေရနိုင်ပါသလဲ လို့ ကျနော့်ဘာသာမေး ကျနော့်ဘာသာ ဖြေကြည့်မိဖူးပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အကျိုးအမြတ်နဲ့ ဆုတ်ယုတ်မှု ဘာမှ မရပေမယ့် မိမိနဲ့ ခံစားချက်တူတဲ့ တခြားသောသူတွေ မြောက်မြားစွာ ရှိနေတယ်ဆိုတဲ့ အသိနဲ့၊ အဲဒီ ခံစားချက်တူသူ မိတ်ဆွေများရဲ့ အားပေးစကား မှတ်ချက်တွေ၊ အကြံပြုချက်တွေကတော့ ဘာနဲ့မှ အဖိုးမဖြတ်နိုင်တဲ့ ဘလော့ဂ်က ရတဲ့ အကျိုးအမြတ်ပါပဲ။ အဲဒီ အကျိုးအမြတ် တခုတည်းအတွက်နဲ့ပဲ အချိန်၊ ငွေ၊ အတွေး၊ အားစိုက်မှု တွေကို ရက်ရက်ရောရောကြီး အသုံးချပြီး ဘလော့ဂ် ရေးနေမိတော့တာပါပဲ။

ဘလော့ဂ်ရေးတာကို ကျနော်က ပန်းတိုင်တခုကို လျှောက်နေတာလို့ ကိုယ့်စိတ်ကူးနဲ့ကိုယ် ခံစားပါတယ်။ ထပ်တူထပ်မျှ ခံစားမိသူ တချို့ အားပေးကြပါတယ်။ ဒီလိုနဲ့ပဲ ပို့စ်တွေ တခုပြီး တခုရေးရင်း…၊ ကျနော်သည်လည်း ပျော်ပျော်ကြီး ဘလော့ဂ်ရင်း… ခြေလှမ်းတွေ တလှမ်းပြီး တလှမ်း၊ တလှမ်းပြီး တလှမ်း…၊ လှမ်းရင်းနဲ့ပေါ့…။

မြန်မာဘလော့ဂ် လောကကြီး ယခုထက်ပိုမို လွတ်လပ်ပွင့်လင်းစွာ စည်ပင်နိုင်ပါစေ…။


ကလိုစေးထူး

(ကိုမျှားပြာ Tag ထားခြင်းအား ခံစားရေးဖွဲ့ပါသည်။)

7 comments:

chaos said...

ဘလော့ဂ်ရေးတာကို ကျနော်က ပန်းတိုင်တခုကို လျှောက်နေတာလို့ ကိုယ့်စိတ်ကူးနဲ့ကိုယ် ခံစားပါတယ်။ ထပ်တူထပ်မျှ ခံစားမိသူ တချို့ အားပေးကြပါတယ်။

ကြိုက်တယ်
စာသားလေး
တကယ်ပါပဲ ကိုယ်ရေးချင်တာကို ကိုယ့်ကိုယ်တိုင် တည်းဖြတ် ရေးနိုင်ခွင့်လေးတစ်ခုနဲ့ တင် ဒီဘလော့ဂင်းကို ကြွေခဲ့တာ အစ်ကိုရ

မျှားပြာ said...

ကိုစေးထူးကြီးဆီက ဒီလိုလတ်ဆတ်ပြီး အတွေးအမြင်တွေ အျများကြီးပေးတဲ့ စာတွေဟာ တကယ်ကို အကျိုးရှိပါတယ် အစ်ကိုကြီးရေ။ ကျွန်တော်တို့ ယုံကြည်တဲ့ ပန်းတိုင်ကို ရောက်အောင်
တတ်နိုင်တဲ့ဘက်က စည်းစည်းလုံးလုံးလုပ်ဆောင်ကြတာပေါ့ အစ်ကိုကြီးရေ။ ကျေးဇူးတင်ပါတယ်ဗျာ.။ အဆင်ပြေပါစေ။

nu-san said...

ကိုစေးထူးရဲ့ မြန်မာဘလော့ခ်လောက ပေါ်ထားတဲ့ ရည်ရွယ်ချက်က လေးစားဖို့ကောင်းပါတယ်.. ကျမတို့တောင် အဲဒီလောက် လေးလေးနက်နက် မစဉ်းစားမိပါဘူး။ ဘာပဲဖြစ်ဖြစ် ယုံကြည်ထားတဲ့ပန်းတိုင် ရောက်အောင် ပို့စ်တွေ ရေးရင်း ဆက်လျှောက်နိုင်ပါစေ.. ကိုစေးထူးရေးသမျှကို အားပေးနေမှာပါ...

su wai said...

ဟုတ်ပါတယ် အကို… ဆုဝေတို့ ဘလော့ဂ်ရေးတယ်ဆိုတာ ကိုယ့်ရင်ထဲက ခံစားချက်ကို လွတ်လပ်စွာ ရေးပြနိုင်လို့ပါ။ ရင်ထဲမှာ ရှိတာလေးတွေက တခါတလေ ကဗျာဖြစ်သွားတယ်… တခါတလေကျတော့လဲ ဘယ်လိုခေါင်းစဉ်တပ်ရမှန်း မသိတဲ့ စာအတိုအစလေးတွေ ဖြစ်သွားတယ်…။ ဘာလေးပဲဖြစ်ဖြစ် ကိုယ်ရေးတာကို ကိုယ့်နဲ့ခံစားချက်တူတဲ့ သူတွေက အားပေးကြတယ်။ မတူတဲ့သူတွေက သူတို့အမြင်လေးတွေ ပြောကြတယ်။ စိတ်ဓါတ်ကျနေတဲ့သူဆိုရင်လဲ တတ်နိုင်သမျှ ၀ိုင်းအားပေးကြတယ်။ ဒါတွေက ဘလော့ဂ်ကနေ ရတဲ့ အဖိုးတန် ခံစားချက်လေးတွေပါပဲ…။ ဒီလိုအရသာလေးတွေကြောင့်လဲ အခုအချိန်မှာ ဘလော့ဂ်ရေးကြတဲ့သူတွေ ပိုများလာတာလို့ ထင်ပါတယ်။

MELODYMAUNG said...

နှမ်းဖြူးတာလို့ပဲပြောပြော ဂရုတစိုက်နဲ့ တည်းဖြတ်ပေးတာ အကြံဥာဏ်ပေးခဲ့တာကို အပေါ်ယံကျေးဇူးတင်တာမျိုးဟုတ်ပါဘူးဗျာ။ သတ္တိရှိရှိ ပြောရဲဖို့ အားတွေပေးခဲ့တာကို အမြဲအမှတ်ရနေမှာပါ။ ဆီမီနာမှာ ကိုယ်ပြောခဲ့တာတွေရဲ့ နောက်ဆက်တွဲက မြန်မာဘလော့ဂါရပ်ဝန်းလေးရဲ့ ကောင်းကျိုးတွေပဲ ဖြစ်ဖို့ မျှော်လင့်ခဲ့တာပေမဲ့ စက်တင်ဘာလ သံဃာ့ကံဆောင်သပိတ်ကာလမှာတော့ ဘလော့ဂ်တွေနဲ့ ပြည်သူများရဲ့ တသားတည်း ရှိမှုကို အာဏာပိုင်တွေရဲ့ ထိတ်လန့်စွာနဲ့ပဲ blogspot.com ကို အဆောတလျင်နဲ့ ပိတ်ပင်ခံခဲ့ရတာကတော့လဲ တတ်နိုင်ဘူးလေ။
ဘယ်လိုပဲ ပိတ်ပင်ထားခဲ့ပါစေ ညီမတို့က ဒီလိုနဲ့ပဲ ပို့စ်တွေ တခုပြီး တခုရေးရင်း…၊ အတူတူပဲ ပျော်ပျော်ကြီး ဘလော့ဂ်ရင်း… မြန်မာဘလော့ဂ် လောကကြီး ယခုထက်ပိုမို လွတ်လပ်ပွင့်လင်းစွာ စည်ပင်နိုင်ပါစေလို့ ဆုတောင်းရင်း ..ခြေလှမ်းတွေ တလှမ်းပြီး တလှမ်း၊ တလှမ်းပြီး တလှမ်း…၊ လှမ်းရင်းနဲ့ပေါ့…ရင်ဘတ်ထဲက ခံစားချက်တွေကို ဆက်လက် ဘလော့နေဦးမှာပါ။

gab said...

သတိထားမိတဲ့ အချက်တခုကတော့ မိမိအမြင်နဲ့ ယုံကြည်ချက်၊ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ရေးချင်ပေမယ့် လက်ရှိနေနေရတဲ့ အခြေအနေကြောင့် ထိန်းထိန်းသိမ်းသိမ်းရေးရင်းနဲ့ ယုံကြည်မှုနဲ့ လိုလားမှုကို မသိမသာ ဖော်ထုတ်နေရတဲ့ မြန်မာပြည်တွင်း ဘလော့ဂါ တချို့ရဲ့ ခံစားချက်ကိုပါပဲ။ ပွင့်လင်းစွာ ရေးသားနိုင်တဲ့ အခြေအနေတခုသာ ရှိနေခဲ့ရင် , i agreed with u, i like these words, pls write more & more

Yan said...

ကိုစေးထူးရေ.

ဒီပို့စ်လေး သိပ်ကောင်းပါတယ်. ကျွန်တော့်ကို ယူသုံးခွင့်ပြုပါခင်ဗျာ.

ခင်မင်လေးစားလျက်

ရန်အောင်