Monday, December 22, 2008

တယောက်မကောင်း အများ...

`ကဲ...၊ မကျေနပ်ရင် တစ်ကစ တဲ့။ တပ်စု (၁) ကကောင်တွေ ထိပ်ဆုံးကနေ ထွက်စမ်း´

တပ်စု(၁) တပ်သားသစ် တပ်စုမှူး၏ `တပ်စု၊ သတိ၊ ဘယ်လှည့်´ ဟူသော အမိန့်သံများ ထွက်လာသလို တပ်သားသစ်အားလုံး၏ စစ်ဖိနပ်သံများ တဖြောင်းဖြောင်း ထွက်လာသည်။ အားလုံးသော တပ်သားသစ်သင်တန်းသားများ၏ မျက်နှာတွေကတော့ ကြောက်ရွံ့ခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ ရောယှက်နေလေ၏။

ယင်းနောက်တွင်တော့ တပ်စု(၁)မှ တပ်သားသစ်များ အတန်းလိုက်ဖြင့် အိမ်သာ ရှိရာဘက်သို့ တယောက်ခြင်း... ... ...။

`တယောက်ကို နည်းနည်းစီပဲနော်၊ နောက်လူတွေအတွက် ချန်ထား´ ဟူသော သင်တန်းအရာခံဗိုလ် ရဲ့ ခပ်မာမာအသံက သူတို့နောက်ကျောမှ ကပ်လိုက်လာသေးသည်။

***

တေဇ တပ်သားသစ် တပ်ခွဲမှာ တပ်စုက လေးစု၊ တပ်သားသစ်ပေါင်း ၂၅၀ စာအတွက် အိမ်သာက စုစုပေါင်းမှ ၈ လုံးသာ ရှိ၏။ နေဇာတို့ ရောက်ခါစမှာတုန်းက အဲဒီအိမ်သာတွေ အားလုံး တလုံးမှ သန့်သန့်ရှင်းရှင်း မရှိ...။ နောက်ပိုင်း ဖက်ထိပ်တာဝန်တွေ ခွဲကြပြီး အိမ်သာသန့်ရှင်းရေးတွေ လုပ်လိုက်တော့မှ သေသေသပ်သပ် သပ်သပ်ရပ်ရပ် ဖြစ်ရသည်။

ဒါပေမယ့် လူ အယောက် ၂၅၀ စာအတွက် အိမ်သာ ၈ လုံးဆိုတာက လောက်ငသော အရေအတွက် မဟုတ်။ ရောက်ခါစမှာတုန်းက ဒါကို သတိမထားမိတော့ နေဇာ အတော်ဒုက္ခရောက်ရသည်။ မနက်မိုးလင်းချိန်ဆိုရင် အိမ်သာရှေ့မှာ သွားရပ်စောင့်ရတဲ့ ဒုက္ခက မသေးလှ။ တန်းစီချိန်ကလဲ နီး၊ ဝေဒနာကလဲ မလွယ်နိုင် ဖြစ်တဲ့အခါမျိုးဆို အတော်ဆိုးလှသည်။ နောက်တော့ ညအိပ်ခါနီး အလေးသွားထားသည့် အကျင့်ကို မွေးယူရ၏။ ဒါတောင် မနက်စောစောမှာ အပေါ့အလွန်သွားချင်တဲ့အခါမျိုးဆို ဒုက္ခရောက်ရသေးသည်။

မနေ့ကတော့ သင်တန်း တပ်ခွဲ အရာခံဗိုလ် ဆရာကြီး သောင်းအေးက သင်တန်းသား အားလုံးကို စကားပြောရင်း အိမ်သာ ကိစ္စကို ထည့်ပြော၏။

`မင်းတို့ ကောင်တွေနော်၊ အိမ်သာတွေသုံးတာ စည်းနဲ့ကမ်းနဲ့သုံး၊ အီးပါသေးပေါက်ကို အိမ်သာမှာပဲ လုပ်ကြ၊ အိမ်သာဘေးမှာ အပေါ့အလေး သွားတဲ့ကောင်တော့ နာမယ်သာမှတ်၊ အေး...၊ တယောက်ယောက် အပေါ့အလေး သွားထားတာကို တွေ့လို့ ဘယ်သူမှန်း မသိရင်တော့ တပ်ခွဲတခွဲလုံး အဲဒီ အီးပုံကို လက်ညှိုးနဲ့ ကလော်ရမယ်´

***

တိုက်ဆိုင်တာပဲလား၊ ဒါမှမဟုတ် တပ်သားသစ်တွေထဲက တယောက်ယောက်ကများ တကယ်ပဲ စည်းကမ်းမဲ့တာလား၊ ဒါမှမဟုတ်... ... ....။ ဘာကြောင့်မှန်း မသိပေမယ့် ဒီနေ့မနက် စောစောမှာတော့ နေဇာတို့ တပ်သားသစ် သင်တန်းသားအားလုံးအတွက် သတင်းဆိုးက စောင့်နေလေပြီ။

သင်တန်းအရာခံဗိုလ်ရဲ့ မျက်နှာ ခပ်ထန်ထန်က တပ်ခွဲ တခုလုံးကို ဖြန့်ကျက်စီးမိုးလို့... ... ...။

`ငါညက ပြောတယ်၊ အခု အိမ်သာ နှစ်လုံးကြားမှာ စည်းမရှိကမ်းမရှိ အီးပါထားတယ်၊ ကဲ...၊ မင်းတို့က ငါ့ကို စမ်းတာဆိုတော့လဲ ကိုယ့်အပြစ်နဲ့ကိုယ်ပေါ့ကွာ၊ ညက ပြောထားတဲ့အတိုင်းပေါ့´

***

`ဝေါ့၊ အေ့´

လက်ညှိုးတွေကို မြေကြီးပေါ်မှာ ပွတ်သပ်ပစ်ရင်း မျက်နှာရှုံ့မဲ့စွာ ထွက်လာသူက ထွက်လာ၊ ပျို့အန်သော အသံတွေထွက်သူက ထွက်နဲ့...။ နောက်မှာ တန်းစီစောင့်နေသော သူတွေကလဲ မျက်နှာတွေက မသာမယာ။ စိုးရွံ့ဟန်တွေကလဲ သူတို့မျက်နှာတွေပေါ်မှာ အထင်းသား...။

`နည်းနည်းပဲ ကလော်နော်၊ အနောက်က ယောက်ဖအတွက် ချန်ထား´ ဆိုတဲ့ သင်တန်းဆရာတွေရဲ့ အသံကလဲ အဆက်မပြတ်။

တပ်စု(၁) မှ လူကုန်လို့ တပ်စု(၂) အလှည့်ကို ရောက်နေလေပြီ။

ဆယ်ယောက် သာသာလောက် အရောက်မှာတော့... ... ...။

`ဟာ...၊ ဟေ့ကောင်၊ ဘာလုပ်တာလဲ၊ ဟေ့ကောင်´ ဆိုသော အသံနှင့် အတူ အိမ်သာနားမှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်သွားသည်။ `မင်းက သူရဲကောင်းလားကွ´ ဆိုတဲ့ အသံနှင့်အတူ ထိုးကြိတ်သံတချို့၊ `အားးး၊ အီးး´ ဟူသော ညည်းညူသံတွေပါ ထွက်ပေါ်လာ၏။

`သတိဆွဲစမ်း၊ ဟေ့ကောင်´

သင်တန်းအရာခံဗိုလ်ရဲ့ စကားသံအဆုံးမှာ စောစောက အထိုးအကြိတ်ခံခဲ့ရဟန် တူတဲ့ တပ်သားသစ်က သတိအနေအထားကို တုန်ချိချိဖြင့် ကြိုးစားပြီး ဆွဲနေစဉ်မှာပင်...

`မင်းက လက်ခုပ်အပြည့်နဲ့ အားလုံးကြုံးပစ်ရအောင်၊ လူစွမ်းကောင်းလားကွ´
`ဖြောင်း´
`ဒါစစ်တပ်ကွ၊ တယောက်မကောင်း အများဆိုတာ မင်းနားလည်လား´
`ဖြောင်း´

ဘာပဲဖြစ်လာဖြစ်လာ၊ ခံတော့မည်ဟု ဆုံးဖြတ်ထားဟန် ထို တပ်သားသစ်က ပထမတော့ ပေတေပြီး ခံနေသေးသော်လည်း နောက်တော့ မြေပေါ်ကို ပုံခနဲ လဲကျသွားသည်။ ဒါတောင် သင်တန်း အရာခံဗိုလ်က ဒေါသမပြေသေးဟန်ဖြင့် နှစ်ချက်လောက် ဆင့်ကန်လိုက်သေးသည်။ ပြီးမှ...

`အဲဒီကောင် ဒီနေ့ နေ့လည်စာ မစားစေနဲ့´

***

သင်တန်းနားချိန် ညဘက်ရောက်တော့ တပ်သားသစ်တွေ အချင်းချင်း တီးတိုးပြောဖြစ်ခဲ့ကြသည်က တပ်စု(၂)က တပ်သားသစ် ရဲနိုင် အကြောင်းပင် ဖြစ်၏။

သူ့နောက်က လူတွေ မစင်ပုံကို လက်ညှိုးနဲ့ ထပ်ပြီး နည်းနည်းခြင်းစီ မကလော်ရလေအောင် သူ့လက်ခုပ်နဲ့ အတင်းကြုံးပြီး အထုခံအရိုက်ခံကာ အနားက သဲမှုန့်တွေကိုပါ အတင်းဖြန်းပစ်ခဲ့တဲ့ ရဲနိုင်ရဲ့ လုပ်ရပ်ဟာ မှန်သလား မှားသလား ဆိုတာတော့ နေဇာ မဝေခွဲနိုင်ပေမယ့် ဒီအပြစ်ပေးနည်းဟာလဲ မှန်သလား မှားသလားဆိုတာ မဆုံးဖြတ်တတ်ခဲ့ပါ။

ဒီနည်းလမ်းနဲ့ အပြစ်ပေးတဲ့လူက မှန်သလား၊ ရဲဘော်ရဲဘက်စိတ်ဖြင့် ကိုယ့်သူငယ်ချင်းတွေ အစား အသားအနာခံသွားသည့် ရဲနိုင်က မှန်သလားဆိုတာ တွေးရင်း တည ကုန်လွန်ခဲ့ပြန်လေပြီ။

***

ကလိုစေးထူး

15 comments:

Anonymous said...

;( ရွံတာဗျာ အဲ့တပ်သား သနားပါတယ် နေ့လည်စားတောင်မကျွေးဘူးဆိုတော့ တော်တော်ကောင်းတဲ့ အုပ်ချုပ်သူပဲ ကောင်းလိုက်တဲ့စနစ် အိမ်သာတောင် မလောက်ငတဲ့ နိုင်ငံ့ကာကွယ်သူများပေါ့ ရာဇ၀င်မှာ စာတင်လောက်ပါပေ့ အိုဘယ့် မောင်စစ်သား :P

တောင်ပေါ်သား said...

အကိုစေးထူးရေ အများအတွက် တယောက်ထဲ ၀င်ခံရဲတဲ့ သတ္တိပေါ့အကို လေးစားပါတယ်ဗျာ

Anonymous said...

ဟဟ၊ အတင်းစေးထူး ပြောပြော၊ အခြောက်ကြီးလို ဆက်ပြော၊ မင်းပြောတာ မင်းတို့လို သူများနိုင်ငံမှာ ကပ်စားနေတဲ့ ကောင်တွေပဲ ယုံလိမ့်မယ်။

mgngal said...

:) :)) :P

Anonymous said...

အတင်းစေးထူးရေ...
ဒါကိုတော့ လက်ခံပါတယ်. .. ဒီကိစ္စမျိုးဟာ အပြင်မှာ တကယ်ရှိပါတယ် ။ ကျနော့် အကိုဝမ်းကွဲတယောက် ots တက်တာ ပြီးခါနီး ၆ လလောက်နေမှ အလားတူကိစ္စမျိုး ဖြစ်လာလို့ ဆက်မတက်ပဲ ပြန်လာခဲ့ဖူးပါတယ် ။ ဘယ်လိုပြန်လာလဲမမေးနဲ့လေ။ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးက ကျနော်တို့ အမျိုးကိုးဗျ။ ။ ဒါပေမယ့် စစ်တပ်ဆိုတာ ခင်ဗျားကျင်လည်ခဲ့ဖူးတဲ့ ပေါက်ပန်းသေးနေရာ မျိုးမဟုတ်ဘူး ။ စည်းစနစ်ဆိုတာ ကို တသွေးတသံတမိန့် ဆိုတာနဲ့ ထိမ်းတယ် ။ အုပ်ချုပ်တယ် ။ ဒါလောက်တော့ ခင်ဗျားကြားဖူးမှာပါ ။ ဒီကိံစ္စဟာ သင်တန်းဆရာကိုကော ၊ အပြစ်ပေးမှုကိုပါ အပြစ်တင်လို့ မရပါဘူး ။ ဒါစစ်တပ် ၊ သာလာယံ ဇရပ်မဟုတ်ဘူး ဆိုတာ သဘောပေါက်သင့်တယ် ။ အေး.. ဦးတင်ဦးနဲ့ အမျိုးမလို့ ဘာလို့ညာလို့ ဆိုပြီး လက်ညိုးမထိုးနဲ့ လေ။ ဘယ်နိုင်ငံမှာ မဆို ဒီလိုဆိုင်ရာပိုင်ရာတွေနဲ့ ကိုင်တဲ့ ဖြစ်စဉ်လေးတွေ ရှိကြတာချည်းပဲ ။ မရှိဘူးဖင်ပိတ်မငြင်းနဲ့ နော်ကိုအတင်းစေးထူး ။ တခုအကြံပေးချင်တာက ယူအက်စ်မှာ နိုင်ငံရေးခိုလှုံပြီး အေးအေးနေပါလား ။ ကြားဖူးနားဝတွေ နဲ့ စစ်တပ်အကြောင်းရေရေရာရာမသိပဲ မသိတဲ့ သူတွေကို ဖြီးမနေပါနဲ့လား ။ တောင်းဆိုချင်တာတခုက ကိုအတင်းစေးထူးကြီး ဘယ်သို့ဘယ်ပုံ နိုင်ငံရေးဒုက္ခသည် အတုလုပ်ပြီး ယူအက်စ်ရောက်သွားတဲ့ အကြောင်းလေးဘာလေး မရေးတော့ဘူးလားဗျ ။ ထိုင်းမှာ ခင်ဗျားလို အင်ဒုက္ခသည်တွေ ၊ အင်ထုချင်တဲ့ သူတွေ နမူနာယူရအောင် ပေါ့ဗျာ ။ ဟားဟား ။ ကျုပ်ဘော်ဒါတယောက်တောင် အခုထိုင်းမှာ အင်ထုပြီး စောင့်နေတယ် ။ ပိုက်ပိုက်မပေးသေးလို့ ကြာနေတာတဲ့ ။ ခင်ဗျားတုန်းကကော ဘယ်လောက်ပေးလိုက်ရတုန်းဗျ ။ အတွေ့အကြုံလေးတွေ မမျှဝေတော့ဘူးလား ။ ဟားဟားဟား

ကလိုစေးထူး said...

စစ်တပ်က ပေါက်ပန်းလေးဆယ် အဖွဲ့ ဟုတ်လား မဟုတ်လား ဆိုတာ အသိဉာဏ်ရှိသူတိုင်း သိကြတာမို့ ဒါကတော့ ကျနော် အထူးအထွေ ထပ်မပြောတော့ဘူး။ ဒါပေမယ့် အခုလောလောဆယ် လာပြောနေတဲ့ စစ်တပ်က (လို့ ယူဆရတဲ့) လူတွေကတော့ ပြောတာဆိုတာ တော်တော် ပေါက်ပန်းလေးဆယ် နိုင်တယ်လို့ ကျနော်မြင်တယ်။

(၁) ကိုယ်နဲ့ အမြင်မတူတဲ့ တဘက်သားကို ထိခိုက်ပုတ်ခတ်တဲ့ ပေါက်ပန်းလေးဆယ်နည်းကို သုံးတယ်။
(၂) အချက်အလက်ပိုင်းအရ ဒါတွေဟာ အမှားတွေပါလို့ ခင်ဗျားတို့ တယောက်မှ တိတိပပ ချေပနိုင်ခြင်း မရှိဘူး။
(၃) ကျနော်က စစ်တပ်အကြောင်း တိတိကျကျ ရေးနေတာကို မြင်ရဖတ်ရတဲ့အခါ ကျနော့်ကို ပုတ်ခတ်ဖို့ကိုသာ ဦးတည်ပြီး ပေါက်ပန်းလေးဆယ် ထင်ရာမြင်ရာတွေ ဆွဲယူရေးတယ်။

ကျနော်သည် ဝေဖန်မှု အားလုံးကို ကြိုဆိုပြီးသားပါ။ ကျနော့်စာတွေကို လူတိုင်း ကြိုက်နေမယ်လို့ မမျှော်လင့်ထားဘူး။ အထူးသဖြင့် ခင်ဗျားတို့လို ပုဂ္ဂိုလ်တွေပေါ့။ ဒါပေမယ့် Identity ရှိရှိလေးနဲ့ဆိုရင် ပိုပြီး ပြောလို့ ဆိုလို့ ကောင်းပါလိမ့်မယ်။ အခုလာပြောနေတာကတော့ ခင်ဗျားတို့သာ စစ်သားတွေ အမှန်တကယ်ဆိုရင်တော့ တည်ကြည်တဲ့ ဒီ့ပြင်စစ်သားတွေ သိက္ခာကျပါတယ်။

သတိ said...

အားလုံးသတိ

အင်း.. ကိုစေထူးရေ..
မောင်သတိကတော့ စစ်တပ်အကြောင်း သိပ်တော့ မသိလှပါဘူးခင်ဗျာ.. အီး.. တော်တော်ပြင်းတာပဲ.. ကျွန်တော်တို့လို ပျော့စိစိတွေဆိုရင်တော့လား.. ဒါကြောင့်လည်း တပ်မတော်သားတစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်တယ်မထင်နဲ့ကွလို့ ကြွေးကြော်ခဲ့ကြပေသကိုးဗျာ.. စောင့်ဖတ်မယ်ဗျို့..

ဒါပေမဲ့ ဇါတ်လမ်းတစ်ခုမှာ ၀ါသနာအရ မကောင်းတဲ့အခန်းကြီး ရွေးကြည့်သွားတဲ့ အရေးအသားမျိုးမဟုတ်ပဲ တပ်မတော်ရဲ့ ရဲဖော်ရဲဖက်စိတ်တွေ.. နိုင်ငံအကျိုး အပင်ပန်း အနစ်နာခံ ထမ်းရွက်မှုတွေ.. ပင်ပန်းဆင်းရဲမှုတွေ.. အသက်စွန့်အနစ်နာခံမှုတွေ.. စည်းစနစ်ကျနမှုတွေကိုလည်း ဗဟုသုတရအောင် ရေးလာမယ်လို့တော့ ထင်ပါတယ်ဗျာ..(ခုလို တတ်နိုင်သမျှ ဆွဲပီးရေးပြတာတောင် ရဲဖော်ရဲဖက်စိတ်ကို ဘယ်လိုမှ ဖုန်းထားလို့ မရဘူးလေဗျာ.. ဟုတ်တယ်ဟုတ်..)

စစ်တပ်ကို ပေါက်ပန်းလေးဆယ်အဖွဲ့ ဟုတ်မဟုတ်ဆိုတာ အသိညာဏ်ရှိတဲ့လူတိုင်း သိပါတယ်ဆိုပီး ပြောခဲ့တဲ့ အကို့စကားဟာတော့ ဟားဟား.. အင်း.. ဟုတ်သားပဲ.. တကယ်လို့သာ တဖက်သက်အမြင်တွေကို ဖယ်ကြည့်နိုင်တဲ့ အသိညာဏ်သာ ရှိရင် မြင်နိုင်မှာပါဗျာ..

သက်သာဗျို့..
မောင်သတိ

Anonymous said...

သူများနိုင်ငံမှာ ကပ်စားနေတဲ့ ကောင်တွေပဲ ယုံလိမ့်မယ်တဲ့ သေပီဆရား) ။ ဆက်၍ဖတ်မည် ဆက်၍ ယုံမည် အိမ်ရှင်ကမကျွေးနိုင်တော့ သူများစီမှာ ကပ်စားရတာ တန်ပါတယ် အပင်းဆိမ့်မဖြစ်ဘူးပေါ့ ။

ကလိုစေးထူး said...

ကိုသတိ...အမည်ခံရေ။
ဆွဲယူရေးတယ်လို့ သုံးသွားတော့ သဘောကျမိတယ်။ :) ဒီလိုပဲပေါ့ဗျာ။ သောင်းဝေဦးရေးထားတာကို ဖတ်ရင် စစ်တပ်ကောင်းကြောင်းတွေပဲ ဖတ်နိုင်မယ်လေ။ ဆရာသောင်းဝေဦးဟာ သူ တပ်ထဲမှာ တာဝန်ထမ်းခဲ့သမျှ ကာလပတ်လုံးမှာ စစ်တပ်ဟာ သူရေးထားသလိုချည်း အမြဲတမ်း သတ္တိတွေပြည့်နေ၊ ကောင်းနေတာတော့ မဟုတ်ဘူးခင်ဗျ။ ဒါပေမယ့် သူမြင်တဲ့ ရှုထောင့်ကနေ သူရေးသွားတာကို လက်ခံသူ၊ နှစ်သက်သူတွေ မနည်းခဲ့ပါဘူး။ အဲဒီလူတွေ အားလုံးကလဲ လက်ရှိ အုပ်ချုပ်နေတဲ့ စစ်တပ်ကို ထောက်ခံနေသူတွေ မဟုတ်ခဲ့ပါဘူး။ ဆရာသောင်းဝေဦးရဲ့ အရေးအဖွဲ့ပုံဖော်မှုကို နှစ်သက်တဲ့ အထဲမှာ ကျနော်လဲ ပါဝင်ခဲ့တာပါပဲ။ လူတဦးချင်းစီရဲ့ ဖြတ်သန်းမှု မတူတဲ့အပေါ်မှာ အဖွဲ့အစည်း တခုအပေါ် မြင်တဲ့ အမြင်တွေ မတူနိုင်တာကိုလဲ ခင်ဗျားတို့ နားလည်ပေးဖို့ လိုမယ်လို့ ကျနော်ထင်ပါတယ်။ ခင်ဗျားတို့ စစ်သားတွေခြင်း အတူတူတောင်မှ... အရာရှိတယောက်က တပ်အပေါ် ထားတဲ့ သဘောထားနဲ့၊ အောက်ခြေတပ်သားတွေ ထားတဲ့ သဘောထား မတူနိုင်တာကို ခင်ဗျားက ပိုသိမှာပါ။ ဒါကို ငြင်းမယ်ဆို အရှည်ကြီး ဖြစ်ပါလိမ့်မယ်။ ဒီတော့ ဆွဲယူရေးတယ်လို့ စွပ်စွဲရင်လဲ ကျနော် အနေနဲ့ ကျေနပ်စွာ ခံရုံရှိပါတယ်။

တကယ်တော့ နေဇာ ဆိုတာ ကျနော့်ညီ အရင်းရဲ့ နာမည်ပါ။ သူဟာ အရွယ်မတိုင်မီ စစ်ထဲကို ၀င်သွားဖူးတယ်။ သင်တန်းကျောင်းကို ရောက်သွားပြီးကာမှ ငွေအား၊လူအားတွေ သုံးပြီး မရအရ ပြန်ခေါ်ထုတ်ပြီး စာသင်ခန်းကို ပြန်ပို့ခဲ့ရတယ်။ ဒါပေမယ့် နေဇာလို ပြန်မခေါ်ထုတ်နိုင်လို့ တပ်ထဲကို မ၀င်ချင်ဘဲ ၀င်သွားရပြီး နဂိုကဖြူနေတဲ့ ဘ၀လေးတွေ ညစ်ထေးသွားရတဲ့ လူငယ်လေးတွေ အများကြီး ရှိနေတယ်။ စစ်ထဲကို မိမိသဘောဆန္ဒမပါဘဲနဲ့ ရောက်သွားရတာမျိုးတွေ နောက်ထပ် မဖြစ်စေချင်တော့ဘူး။ တကယ်တော့ စစ်ထဲကို ကိုယ်တိုင်က စစ်သားလုပ်ချင်စိတ် မရှိဘဲ ရောက်လာလို့ စစ်တပ်မှာလဲ အကျိုးမရှိပါဘူး။ ဒါကြောင့် စစ်သည်မဟုတ်တဲ့ စစ်ယူနီဖောင်းဝတ်လေးတွေရဲ့ ဘ၀ကို ကိုယ်စားပြုဖို့ ကျနော် ဒီဇာတ်လမ်းတွဲတွေကို ရေးပါတယ်။ စစ်သားကြိုက် ဇာတ်လမ်းတွဲတွေ ဖြစ်မလာရင်တော့လဲ ကျနော် ဘာမှ မတတ်နိုင်ကြောင်းပါလို့ ပြောပါရစေ။

Anonymous said...

အနာပေါ်ဒုတ်ကျသွားသလား ကိုအတင်းစေးထူး .... ဆောရီးဗျာ.. ပုဂ္ဂိုလ်ရေးထိခိုက်သွားတယ်ဆိုလည်း တောင်းပန်ပါတယ် ။ မှန်ကြောင်းဝန်ခံထားတာတောင်မှ ချေပနိုင်ခြင်းမရှိဘူး ဆိုပြီး လုပ်ချင်လိုက်သေးတယ် ။ ကျတော်ပြောနေတာက ဒိအဖြစ်အပျက်အပေါ်လိုရာဆွဲတွေးနေရေးနေတဲ့ ကိုအတင်းစေးထူးရဲ့ ဝါဒမှိုင်းလေး ကိုပါ .. ဩော်...ဒါနဲ့ ......မိမိဆန္ဒမပါပဲတပ်ထဲကိုရောက်သွားရတဲ့ အဖြစ်မျိုးတွေ မဖြစ်စေချင်တော့ လို့ ဘလော့ပေါ်ကနေ တားဆီးနေတာပေါ့လေ.. ဟုတ်လား အတင်းစေးထူး...ဂုဏ်ယူပါတယ်ဗျာ ။ တပ်သားသစ်၂၅၀ စာအတွက် အိမ်သာ ၈ လုံးရှိတာ များတောင် များနေသေးတယ်ဗျ ။ အထက်တန်းကျောင်းတွေ မှာ လူ ထောင်နဲ့ ချီရှီတာတောင် အိမ်သာ ၈ လုံးမရှိဘူး ။ ဒါပေမယ့် အိုကေ နေတာပဲ လေ ။ ပြီးတော့ တပ်ထဲမှာ နေချင်သလိုနေ စားချင်သလို စားလို့ မရဘူးဗျ ။ စည်းကမ်း ဆိုတာ ကို လိုက်နာနိုင်အောင် အားထုတ်ရမယ် ။အရာရာကို အချိန်နဲ့ စက်ပြီး လုပ်တတ်ကိုင်တတ်အောင် သင်ကြားပေးတာ စစ်တပ်တခုပဲရှီတယ်ဗျ ။ ပြီးတော့ ဒီလို အများအကျိုးအတွက် အနစ်နာခံတဲ့ စိတ်ဓါတ် ဆိုတာ များသောအားဖြင့် စစ်တပ်မှာပဲရှိတယ် ။ တခြားမှာ ရှားတယ် ။
မဂ်လာဒုံဗိုလ်ရွေးမှာဆို အဆောင်တဆောင် ကို အိမ်သာ ၂ လုံးလားပဲရှိတယ် ။ တဆောင် ကို လူ၅၀ ကျော် အောက်ထစ်ရှိတယ်ဗျ ။ ကဲ ဘယ်လိုလုပ်မလဲ ။ ကိုအတင်းစေးထူးဖြစ်စေချင်တာ က လူတယောက်အိမ်သာ တလုံးနှုန်းလား ။ မတထောင်သားတွေ နေတဲ့ ရှိတဲ့ နေရာမှာ ဒီလိုတသွေးတသံတမိန့် မသုံးရင် ဘယ်လို အုပ်ချုပ်မလဲ ..မင်းတို့ နောက်ကို ဒီလိုမလုပ်ကြနဲ့နော် ဆိုပြီး ညှောင်နာနာ နဲ့ ဆက်ဆံစေချင်တာလား ။ ကဲ ...ကိုအတင်းစေးထူးပဲ အစားထိုး ဥပဒေသလေး ရေးပြပါလားဗျာ ။

Anonymous said...

ထူးထွေအံ့ဖွယ်ရာ ကွန်မန့်ပါပေတကား။ မိမိရှေ့ကပြောတဲ့စကားနဲ့ နောက်ကဆက်ပြောတဲ့စကား အချင်းချင်း contradict ဖြစ်ပြီး သူတစ်ပါးရေးထားတာ မှန်ကန်နေကြောင်း ထောက်ခံပေးသလိုဖြစ်သွားတာ ကိုယ့်လူသတိမှထားမိပါလေစ။ သို့မဟုတ် တမင်ပဲ သူ့လူကိုယ့်ဖက်သား လုပ်ပြီး သွယ်ဝိုက်ပြီး ကိုစေးထူးရေးတာကိုမှန်ကန်ကြောင်း သက်သေထူသွားလေသလားလို့တောင်ထင်ရတယ်။

၁) စစ်တပ်မှာအဲဒါမျိုးတွေရှိတာ လက်ခံပါတယ်။ တစ်ကယ်ရှိကြောင်း သူ့အမျိုးနဲ့ ဗိုလ်ချုပ်တင်ဦးကိုတောင် သက်သေထူပြောသွားတယ်။

၂) ဟော ..ပြောပြီးတော့မှ စစ်တပ်ဟာ ပေါက်ပန်းသေး နေရာမဟုတ်ဘူးပြောတယ်။ ဒါပေမယ့် စည်းကမ်းတွေ၊စနစ်တွေ၊ တသွေးတသံတမိန့်ဆိုတာတွေက ပိုင်ရာဆိုင်ရာနဲ့ကျ ဘာမှမဟုတ်တော့ပြန်ဘူးဆိုတာ သက်သေထူသွားပြန်တယ်။ ..ဟုတ်ကဲ့. ဖင်ပိတ်လဲမငြင်းပါဘူး ယုံပါတယ်။ ကိုယ်တိုင်လဲ ဒါမျိုးခနခန ကြုံဖူးပါတယ်။

၃) ဟောနောက်ဆုံး personal စတိုက်ခိုက်ပါပြီ။ .. ထားလိုက်ပါတော့ အဲဒါ ကတော့ သူတတ်တဲ့ နည်းနဲ့ သူတိုက်ခိုက်တာ။ ရီရတာက.( ကြားဖူးနားဝတွေ နဲ့ စစ်တပ်အကြောင်းရေရေရာရာမသိပဲ မသိတဲ့ သူတွေကို ဖြီးမနေပါနဲ့လား ) ဆိုတာပဲ။ သူကိုယ်တိုင်တောင် ဒီလိုအဖြစ်တွေရှိပါတယ် ဆိုပြီးဝန်ခံထားပြီးမှ၊ မဟုတ်ဘူး ဘွာတေးပြန်လုပ်ချင်ပုံရတယ်။

အင်းရေးလက်စနဲ့ အမောင်သတိကိုပါ သတိလေးပေးလိုက်ချင်သေးတယ်။
စစ်သားတွေ အနစ်နာခံပုံ၊ ပင်ပန်းဆင်းရဲပုံ၊ စည်စနစ်ကျမှု…စသည်စသည် မောင်ရင် ရေးစေချင်တဲ့ဟာတွေ…အထွေအထူးဖော်ပြနေစရာမလိုပါဘူး။ ဇာတ်လမ်းထဲမှာ ပေါ်လွင်နေပါတယ်။ ကိုစေးထူးက မောင်ရင်ပြောစေချင်နေတဲ့အရာတွေကို မပေါ်အောင်ဆွဲရေးသွားတာမှမဟုတ်ပဲ၊ ရဲဘော်ရဲဘက်စိတ် ကိုပေါ်အောင်ရေးသွားတယ်လေ မောင်ရင်ရဲ့။ ပို့စ်ထဲမှာပြောထားတာက ရဲဘော်ရဲဘက်စိတ်ရှိသူရယ်၊ တယောက်မကောင်း အများဆိုတဲ့ တလွဲ ဒါဏ်ပေးပုံစနစ်ရယ်။ အတင်းဆွဲပြီး မောင်ရင့်စစ်တပ်မကောင်းကျောင်းရေးတယ်ထင်လဲ၊ ခုနက ဒါမျိုးကိစ္စတွေတစ်ကယ်ရှိပါတယ် ၀န်ခံထားသူအပေါ်က ကိုစိုးကိုသာ အရင်မေးပေတော့ဗျို့

မင်းနန္ဒ

ကလိုစေးထူး said...

ကိုစိုးရေ...
ခင်ဗျားရေးပုံသားပုံ အရဆိုရင်တော့ ခင်ဗျားဟာ စစ်ဗိုလ်တယောက်ဖြစ်ဟန် တူပါတယ်။ ကျနော်တော့ ခင်ဗျားကို ပုဂ္ဂိုလ်ရေးအဓိကထားပြီး ပြန်တိုက်ခိုက်တဲ့ တုံ့ပြန်မှု မပေးတော့ဘူး။ အဲဒီလို အဖြစ်မျိုးကို ကျနော်သာ သင်တန်းဆရာဆိုရင် ဘယ်လိုကိုင်တွယ်မလဲ ဆိုတဲ့အဖြေကို ကျနော်ပြောပါမယ်။ တပ်သားသစ်သင်တန်းမှာပဲ ဖြစ်ဖြစ်၊ ဗိုလ်လောင်းသင်တန်းမှာပဲ ဖြစ်ဖြစ် အမှားလုပ်တဲ့အခါမျိုးမှာ တန်းစီကွင်းမှာ အပြေးတက်လေ့ကျင့်ခန်းကို ကွင်းငါးပတ်..ဆယ်ပတ် အစရှိသဖြင့် ပတ်ပြေးခိုင်းပြီး ဒဏ်ပေးတဲ့ စနစ်ရှိပါတယ်။ ခင်ဗျား စစ်ဗိုလ်ဆိုရင် ဒါကို ပိုသိလိမ့်မယ်။ `ဘာဖြစ်လို့လဲ´ လို့ သင်တန်းဆရာက တိုင်ပေးလိုက်ရင် အပြစ်ရှိတဲ့အတိုင်း ဥပမာ `တန်းစီနောက်ကျလို့´ `စည်းကမ်းမကောင်းလို့´ `စကားများလို့´ အစသဖြင့် အော်ပြီးပြေးရပါတယ်။ ကျနော်ကတော့ အဲဒီ ဒဏ်ပေးနည်းကိုပဲ သဘောကျပါတယ်။ စစ်သားတယောက်ဖြစ်လာမယ့် လူအတွက် အဲဒီလို ဒဏ်ပေးတာက ပိုသဘာဝကျပါလိမ့်မယ်။ အခုကတော့ စိတ်ဓာတ်တက်မလာစေမယ့်အပြင် လူတယောက်ရဲ့ အသိစိတ်နဲ့ အရှက်တရားကို သေးနုပ်သိမ်ငယ်သွားစေမယ့် ဒဏ်ပေးနည်းမျိုး ဖြစ်နေစေတာကြောင့် ဒါကို ထောက်ပြချင်လို့ ရေးပါတယ်။ :) အနာပေါ်ဒုတ်ကျနေတာက ကျနော်လား ဘယ်သူလဲဆိုတာကတော့ ဘေးလူက ပိုသိလိမ့်မယ်ထင်တယ်ဗျာ။ ဒေါမနဿလေးတွေ နည်းနည်းလျှော့ပါဦး။

mgngal said...

ဟေးဟေး ဖတ်လို့ တော့ ကောင်းသဗျာ ။ ပြောဖူးပါတယ် ကွန်မန့် မှာရေးတာတွေက ပိုဖတ်လို့ ကောင်းပါတယ်လို့  ။

Unknown said...

ပြောရတော့ခက်တယ်အစ်ကို...။ ကိုယ်တိုင်လဲ လက်နဲ့ မကြုံးခဲ့ရရုံတစ်မယ်ပဲ..။ သူတို့ကမှ တစ်ပုံထဲ ဟိ...။ ကျွန်တော်တို့က ဟိ ပြောတော့ဘူး..။ :P

P.S- ဒီစာကြွင်းက မတော်တဆ အောက်က ကွန်မန့်တွေတွေ့မိလို့ရေးတာပါ..။ ကျွန်တော် သူများ Comment ဖတ်လေ့ဖတ်ထမရှိပါဘူး..။ ကျွန်တော့် ဥာဏ်လေးတစ်ထွာတစ်မိုက်လောက်နဲ့ တစ်ခုလောက်တော့ပြောခဲ့ပါရစေ...။ အခုကျွန်တော့်ဆီမှာညပါ...။ ကျွန်တော့်ရဲ့ ကမ္ဘာတစ်ဘက်ခြမ်းမှာတော့ အခုဒီအချိန်ဟာ ညမဟုတ်လောက်ဘူး ထင်ပါရဲ့ဗျာ...။

Anonymous said...

ဟလို ကိုကလိုစေးထူး......
ပထမဆုံးအကြိမ်ပါ။ဒီအပုဒ်တော့ အခိုက်ဆုံးပါဗျာ.....ဘယ်တပ်လဲခင်ဗျ။နအဖလား-ကျောင်းသားတပ်လား။ကေအင်န်ယူမှာလား..ဘာရယ်မဟုတ်ပါဘူး။သိချင်တာပါ။စစ်တပ်ဆိုတော့ ဒီလိုတော့နေမှာပေါ့။နောက်လည်းလာလည်ပါ့မယ်ဗျာ.........