Thursday, December 25, 2008

Hallelujah



အိမ်ထဲကနေ လှမ်းထွက်လိုက်သည်နှင့် ခြေသလုံးနားထိ မရောက်တရောက် နှင်းတွေက အေးစက်စက်အရသာနှင့် အတူ နှုတ်ဆက်လိုက်ကြသည်။ တလောက သင်ခဲ့ရတဲ့ အင်္ဂလိပ်စာလုံး 'Hobble' ဆိုတာ ဒီလို လမ်းလျှောက်နည်း ထင်ပါရဲ့လို့ တွေးလိုက်မိသေးသည်။




ဒီလို အဖြူရောင် အဆုပ်လိုက် အဆုပ်လိုက်နဲ့ လှနေတဲ့အပင်ဖြစ်ဖို့ အရေး နှစ်ရက်နီးနီးကျလိုက်သော နှင်းမုန်တိုင်းက လူတွေကို အတော်လေးတော့ ဒုက္ခရောက်နေစေခဲ့တာ အမှန်...။ လမ်းဘေးမှာ ထိုးရပ်နေတဲ့ကားတချို့၊ နှင်းတောထဲမှာ တ၀ူးဝူးနဲ့ ငိုသံပါအောင် ရုန်းနေရတဲ့ ကားငယ်လေးတွေ၊ လမ်းပေါ်ကနှင်းတွေကို အညှာအတာမရှိ တ၀ုန်းဝုန်းတဂျုံးဂျုံးဖြင့် ဒေါသတကြီး တွန်းဖယ်ပစ်တတ်သော နှင်းခြစ်ကားကြီးတွေက တမြေခြားရဲ့ ဆောင်းသရုပ်ကို မမောနိုင်မပန်းနိုင် ပုံဖော်လို့ နေစေ၏။

အလုပ်ထဲရောက်တော့ `ဘယ်လိုလဲကွ၊ နှင်းတွေနဲ့ ပျော်ရဲ့လား´ လို့ အလုပ်ရှင်က အရွှမ်းဖောက်ပြီး လှမ်းနှုတ်ဆက်သည်။ `သိပ်တော့ မလွယ်ဘူး´ လို့ ပြန်ပြောလိုက်တော့ တဟားဟားနဲ့ အော်ရယ်ပြီး `ငါကတော့ နှင်းတွေကို ချစ်တယ်ကွ´ ဟုပြောပြီး သူသင်ပေးထားတဲ့ မြန်မာစကား မပီတပီဖြင့် `မင်ဂလားဘာ´ ဟု နှုတ်ဆက်ပြီး ဟိုဘက်က စက်တွေဘက် လှည့်ထွက်သွားသည်။ ခဏနေတော့ ပြန်လှည့်လာပြီး `မမေ့နဲ့နော်၊ ဒီနေ့ နေ့လည်စာကို အလုပ်ထဲမှာ ကျွေးမှာကွ´ တဲ့။

ရွှေပြည်ကြီးမှာတုန်းကတော့ ခရစ်စမတ်ဆိုတာ ကိုယ်က ခရစ်ယာန်မဟုတ်ပေမယ့်လဲ ခရစ်ယာန်သူငယ်ချင်းတွေနဲ့အတူ သီချင်းတွေလိုက်ဆို၊ သူတို့ဖိတ်တဲ့ ခရစ်စမတ်ပွဲလေးတွေတက်၊ ယေရှုခရစ်တော် မွေးပွားပုံ ပြဇာတ်တိုလေးတွေကို ငေးမောကြည့်ရင်းနဲ့ ပျော်ခဲ့ရတာ...။ ရှိုးထုတ်လို့ကောင်းရုံ ဂျင်းဂျက်ကက်ကောင်းကောင်းလေး တထည်ပဲဖြစ်ဖြစ်၊ ဈေးခပ်ပေါပေါ ပျောက်ကျား အနွေးထည်လေး တထည်နဲ့ပဲဖြစ်ဖြစ် ရွှေပြည်ကြီးရဲ့ ဒီဇင်ဘာဆောင်းမှာ စတိုင်လ်ထွားနိုင်သေးသည်။

`ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာ ရောက်စေသော်ဝ်´ တဲ့...။ ဘယ်လောက်များ နှစ်လိုစရာကောင်းပြီး မေတ္တာတရားတွေ ထုံမွှမ်းနေတဲ့ စကားပါလဲ။ ကောင်းမှုမင်္ဂလာမှန်သမျှ လူမရွေး၊ ဘာသာမရွေး ရောက်စေဖို့ ဆုတောင်းတဲ့ ဒီသီချင်းသံလေးကို ဘယ်နိုင်ငံရောက်ရောက် သူ မေ့မှာမဟုတ်။



ပြီးခဲ့တဲ့ တပတ်လောက်ကတော့ အလုပ်ရဲ့ ခရစ်စမတ် အကြိုပါတီပွဲကို ရောက်ခဲ့သေးသည်။ သူ့အလုပ်သမားတွေထဲမှာ အာရှသားတွေ များစပြုနေတာကို သတိထားမိပုံရတဲ့ အလုပ်ရှင်က ဒီနှစ်မှာတော့ တရုတ်ဆိုင် တခုမှာ ပါတီပွဲလုပ်ပေးလို့ စားရသောက်ရတာ အရသာက မဆိုးလှပေမယ့် သံပတ်ပေးထားရတဲ့ အပြုံးတွေနဲ့ကတော့ အဆင်မချောလှပါ။ ဘီယာဘားက ဘီယာ တလုံးရဲ့ ဈေးကို မေးလိုက်တော့ အပြင်ထက် လေးဆလောက် ပိုနေတဲ့ ဈေးကြောင့် စိတ်အလိုကို မလိုက်ဖြစ်မိတော့ပေ။ သူတို့ရဲ့ ပုံစံထဲမှာ မပျော်ဝင်မိသေးတာကိုက ခပ်ကောင်းကောင်းထင်ပါရဲ့။ ရွှေပြည်ကြီးက ခပ်ညံ့ညံ့ အရက်တလုံးကို ခင်ရာမင်ရာ သူငယ်ချင်းတွေနဲ့ စုသောက်ပြီး ကာရာအိုကေတွေ အော်ဆိုရတာလောက် အခုပါတီပွဲက သူ့ကို ဆွဲဆောင်မှု မရှိခဲ့တာတော့ အသေအချာပင်။

***

သူနဲ့ အတူတူ အလုပ်တွဲလုပ်နေတဲ့ Brondon က ဒီတပတ်လုံး အလုပ်မလာတော့ လူနှစ်ယောက်စာကို တယောက်ထဲ လုပ်နေရသလို ဖြစ်ပေမယ့် အလုပ်ရှင်က ရယ်ရယ်မောမော စစနောက်နောက်နဲ့ လာကူပေးနေလို့ တော်သေးသည်။

နေ့လည်ကျတော့ အလုပ်ရှင်မှာထားတဲ့ စားစရာတွေကို ဆိုင်ကနေ အချိန်မှီလာပို့သည်။ သိပ်တော့လဲ ထူးထူးထွေထွေ မဟုတ်လှပါ။ အသားညှပ်ပေါင်မုန့်တချို့၊ ခရမ်းချဉ်သီးနဲ့ ရောချက်ထားတဲ့ အီတာလျံစတိုင်လ် အသားလုံးတချို့၊ သူအမည် မခေါ်တတ်တဲ့ ခေါက်ဆွဲလိုလို အလုံးတွေ၊အကောက်တွေ ထောပတ်အတုံးတွေ ရောမွှေထားတာတွေရယ်၊ အာလူးကြော်ရယ်၊ မုန့်အချိုနည်းနည်းပါးပါးရယ်။

`ငါ ဘီယာဝယ်ထားတယ်ကွ၊ ချမလား´

ဒါမျိုးကတော့ ကြာသလားလို့...။ 'Sure' ဆိုတဲ့ စကားက ခပ်သွက်သွက် ထွက်သွားနှင့်ပြီးသား။ နောက်တော့ အလုပ်ရှင်နဲ့ အလုပ်သမားတွေ အားလုံး ရယ်မောလိုက်ကြ၊ အော်ဟစ်နောက်ပြောင်လိုက်ကြ၊ အလုပ်ထဲက တလွဲတချို့ကို ပြောရင်းဆိုရင်း နဲ့ အသံတွေစီစီညံလိုက်သေးပါသည်။

`မယ်ရီ ခရစ်စမတ်ပါ၊ ကားကို ဘေးကင်းအောင် မောင်းကြပါ၊ ပျော်ရွှင်ကြပါစေ´ လို့ အချင်းချင်း နှုတ်ဆက်ကြရင်း အလုပ်ကနေ ပြန်ကြတော့ အချိန်က နေ့လည် ၁ နာရီသာသာ။ နေ့တ၀က်နဲ့ နားခွင့်လဲပေး၊ နေ့လည်စာလဲကျွေး၊ လုပ်ခလဲ ပေးတော့လဲ ပျော်စရာ.. ... ...။



ချမ်းအေးလှတဲ့ ခရစ်စမတ်ပြီးရင် မကြာခင်မှာ နှစ်သစ်ကို ကူးပေလိမ့်ဦးမည်။ သိပ်ကံမကောင်းလှတဲ့ ၂၀၀၈ ကြီး မြန်မြန် လွန်မြောက်ပါစေတော့ လို့သာ ဆုတောင်းရင်း ဒီနှစ် X factor 2008 ရဲ့ ဆုရှင် Alexandra Burke ရဲ့ Hallaelujah သီချင်းကို နားထောင်ရင်း ... ... ...။

မင်္ဂလာခရစ်စမတ်မှာ အားလုံး အေးချမ်းပျော်ရွှင်မှုတွေနဲ့ ပြည့်စုံနိုင်ကြပါစေ။

***

ကလိုစေးထူး

12 comments:

Anonymous said...

Merry christmas ကိုစေးထူး

:P said...

Merry christmas ပါ။

Anonymous said...

Merry christmas ပါ အစ်ကိုစေးထူးရေ့ ဒီနှင်ဘာနှင်းတွေနဲ့ အတူရွှေပြည်ကြီးကိုလွမ်းငွေ့တွေ ဝေနေပါလား =) ဓာတ်ပုံမှာနှင်းတောထဲက ခြေတောက်ပုံတွေ့တော့မနေ့က မအိမ့်ဆီမှာလည်း အဲ့လိုတင်ထားတာ တွေ့လိုက်တယ် အကြံချင်းတူနေတယ်။ အပြုံးတု ညီတို့ဆီမှာတော့ အဲ့ဒီစကားကသိပ်ပြီးမတွင်ကျယ်သေးဘူးဗျ အပီပြင်ကိုပြုံးနေကြသေးတယ် တစ်ခါခါ ရုံးသား ၅ ယောက်လောက်ပဲရှိတဲ့အခန်းမှာ ပေါ့ပေါ့ပါးပါး ရယ်မောသံတွေတောင်ရှိတယ် ကြွားတား)
ပျော်ပါစေ အစ်ကို ။

RePublic said...

ကိုစေထူးကြီး မယ်ရီးခရစမတ်ပါ ၊၊ နှင်းတွေ ကျနေတာ ပျော်စရာ ကြီးဗျာ ၊၊

MANORHARY said...

Merry Christmas and Happy New Year!!

Anonymous said...

Merry X'mas ပါ ကိုစေထူး...

Moe Cho Thinn said...

နှင်းတွေ ကို မမြင်ဖူးခဲ့တဲ့အရပ်ကလာသူမို့ နှင်းတွေ့ရင် အရမ်းပျော်တာ ထိန်းမရတတ်ဘူး။
နှင်းက လှတော့လှတယ်၊ ဒါပေမဲ့ အေးလိုက်တာ ခဲတော့မယ်။ :)
ကိုစေးထူးရဲ့ ခရစ်စမတ်က ရိုးရိုးလေးနဲ့ ပျော်စရာ။

အမတို့နှစ်ယောက်ကတော့ ခရစ်စမတ်မှာ မနက်စာ ကောင်းကောင်းစားပြီး ရုပ်ရှင်ရုံမှာ ၃ကား ဆက်တိုက် ကြည့်ပစ်လိုက်တယ်။
Valkyrie လေ။ ဟစ်တလာကို လုပ်ကြံပြီး အာဏာသိမ်းဖို့ ကြိုးစားတဲ့ကား။ true story ပေါ့။ အချိန်ရရင် ကြည့်ပါလား။ ကြည့်ပြီး တလမ်းလုံး တွေးလာမိတာ။

Anonymous said...

Hallelujah သီချင်းကို ဆိုထားတဲ့ အဆိုတော်တွေရဲ့ သီချင်းတွေကို ယှဉ်ပြထားတယ် လာလည်ပါလား။
http://saundoo.blogspot.com/2008/12/christmas-top-chart-hallelujah.html

mg kyi poae said...

မင်္ဂလာပါကိုစေးထူး
ပျော်ရွှင်ဖွယ်နေ့ရက်များဖြစ်ပါစေခင်ဗျာ။ စာတွေလည်းများများရေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။ နှင်းပုံတွေကတော့ ဘယ်လောက်အေးမလဲမသိဘူးး-)

ksanchaung said...

ရွှေပြည်ကြီးက ခပ်ညံ့ညံ့အရက်တစ်လုံးနဲ့ အပေါင်းအသင်းတွေကို လွမ်းတဲ့ထဲ ကျွန်တော်တို့အားလုံးပါမယ် ထင်တယ်။

လောလောဆယ်တော့ သီချင်းတွေကို သဘောကျလို့ Download လုပ်သွားတယ်။

မီယာ said...

လာလည်တာကျေးဇူးပါ။ ဒီကိုတော့ အမြဲရောက်ပါတယ်။ Happy holiday!

tututha said...

ဟာလေလုယာ သီချင်းလေး နားထောင်သွားပါတယ် .. ခရစ္စမတ်စ်က လွန်သွားပြီဆိုတော့ Happy New Year ကြိုနှုတ်ဆက်ခဲ့ပါတယ် ကိုစေးထူးရေ ..