Sunday, December 14, 2008

သင်တန်းကျောင်းနဲ့ Second Round

`အားလုံး သေချာနားထောင်´

တပ်ကြပ်ကြီး ၀င်းနိုင်က လေသံခပ်ပြတ်ပြတ်ဖြင့် ပြောပြီး သူ့ရှေ့မှ တပ်စု(၃) သင်တန်းသားများကို ဝေ့ခနဲ တချက်ကြည့်လိုက်သည်။ ရှေ့တလက်မ နောက်ပြောင် ဆံပင်ပုံစံများဖြင့် နေဇာအပါအ၀င် တပ်သားသစ်များ အားလုံး ဆရာကြီးဝင်းနိုင်ရဲ့ စကားကို နားစွင့်နေကြ၏။

စစ်ရေးပြကွင်း၏ နေရောင် ကျဲကျဲ မနက်ခင်းတွင် နေဇာတို့ တပ်စု(၃)နှင့်အတူ အခြားသော တပ်စုမှ တပ်သားသစ် သင်တန်းသား အားလုံးသည်လည်း `တိတ်နှိပ်သုံး.... တိတ်နှိပ်သုံး၊ တိတ်´ ဟူသော စစ်ရေးပြအသံများ ဆူညံစွာဖြင့် စစ်ရေးပြသင်ခန်းစာများကို သင်ယူနေကြလေသည်။ စစ်ဝတ်စုံ အိုဂျီယူနီဖောင်းတွေ ကိုယ်စီဖြင့် တပ်သားသစ် သင်တန်းသားများအားလုံး နည်းပြ တပ်စုတပ်ကြပ်ကြီးများ၏ စစ်မိန့်သံများ အောက်တွင် ချွေးအရွှဲသား... ... ...။ တချက်တချက် မိုးမွှန်အောင် ပေါ်လာတတ်သော သင်တန်းနည်းပြ ဆရာတွေရဲ့ ဆဲသံဆိုသံများကလဲ စစ်ရေးပြနံနက်ခင်းတွင် မထူးဆန်းတော့လှစွာဖြင့်ပင် ဆူညံနေပါသေးသည်။

***

နေဇာတယောက် တပ်သားသစ် လေ့ကျင့်ရေး သင်တန်းကျောင်းကို ရောက်ခဲ့သည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့် ရှိခဲ့ပါပြီ။

အမှတ်(...) တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းမှာ နေဇာတို့ သင်တန်းတက်ရသည့် တပ်သားသစ် သင်တန်း တပ်ခွဲအမည်က `တေဇ တပ်ခွဲ´။

နှစ်ပတ်ဆိုသော အချိန်တို အတွင်းမှာပင် နေဇာ့ ရုပ်ပိုင်းဆိုင်ရာကတော့ အတော်ကြီးကို ပြောင်းလဲသွားခဲ့လေပြီ။ သေသေသပ်သပ် ဆံပင်ပုံစံ အစား ရှေ့တလက်မ နောက်ပြောင် ဘဲမြီးဆံပင်ပုံစံ၊ ခပ်လတ်လတ် အသားရောင်အစား နေလောင်တဲ့ အသားရောင် ညိုညစ်ညစ်၊ စိုစိုပြည်ပြည် ရုပ်သွင်နေရာမှာ အမြဲလိုလို ဆာလောင်နေတဲ့ ရုပ်သွင်ဟန်တွေက အစားထိုးပစ်လိုက်လေပြီ။ ဟိုအရင်က ကြည်လင်နေခဲ့တဲ့ မျက်လုံးအစုံတွေကတော့ ကြောက်ရွံ့မှုတွေ ဖုံးလွှမ်းနေတဲ့ မျက်လုံးသေတွေ ဖြစ်လို့နေလေပြီ။

စိတ်ပိုင်းဆိုင်ရာကရော... ... ...။

အိမ်ပြန်ချင်သော စိတ် နေရာမှာ ပေါက်တဲ့နဖူး မထူးတော့ပြီ ဆိုတဲ့ စိတ်ကို အစားထိုးလို့ လက်ရှိအခြေအနေကို နေဇာတယောက် လက်မခံချင်ဘဲ လက်ခံလိုက်ရပါပြီ။ လက်မခံချင်လို့လဲ မဖြစ်...၊ `ထွက်ပြေးရဲတဲ့ကောင် ပြေးစမ်း၊ မင်းတို့ကိုတင် မကဘူး၊ မင်းတို့ကို လက်ခံထားတဲ့ မင်းတို့ မိဘတွေ၊ ဆွေမျိုးတွေကိုပါ ထောင်နှစ်နှစ် အချိန်မရွေး ချလို့ရတယ်၊ စစ်ပြေးမှုကို ဘာမှတ်နေလဲ´ ဆိုတဲ့ စကားတွေကို စုဆောင်းရေးမှာရော၊ သင်တန်းကျောင်းမှာပါ နားရည်လျှံကျအောင် ကြားနေရလေတော့ ငါထွက်ပြေးရင်လဲ ငါ့မိဘတွေပါ ဒုက္ခရောက်ရတော့မယ် ဆိုတဲ့ အတွေးက စိတ်ထဲကနေ မထွက်...။

`မင်းတို့အောက်မှာ ရှိတာ၊ မင်းတို့ထက်နိမ့်တာ ဆိုလို့ မြေကြီးပဲ ရှိတော့တယ်၊ ဒီတော့ မင်းတို့အားလုံး လက်ရှိ ကိုယ်ရောက်နေတဲ့ ကိုယ့်အခြေအနေကိုယ် နားလည်ပြီး ဒီသင်တန်းကို ပြီးဆုံးအောင်မြင်တဲ့အထိ တက်ကြပါ၊ စည်းကမ်းဖောက်ရင် ဖောက်သလို စစ်စည်းကမ်းတွေနဲ့ အညီ အရေးယူရလိမ့်မယ်´ ဆိုသော တိုင်းဗဟို သင်တန်းကျောင်း တပ်မှူးရဲ့ သင်တန်းအဖွင့် မိန့်ခွန်း အမှာစကားကလဲ တပ်သားသစ် တယောက်ဖြစ်တဲ့ နေဇာ့အတွက်တော့ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်တွေသာ မွေးဖွားပေးလိုက်၏။ တပ်မှူးပြောသွားသည့် စကားတွေက စစ်သားလောင်း တယောက်အတွက်တော့ စိတ်အားတက်ကြွဖွယ် ဖြစ်ရမည့် အစား ခြိမ်းခြောက်မှုတွေကသာ ပိုပြီးများနေသည်ဟု နေဇာ့စိတ်ထဲ ထင်မိသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် နေဇာကတော့ တပ်သားသစ် သင်တန်းသားတယောက် ဖြစ်ခဲ့ပါပြီ။

`တေဇ´ တပ်ခွဲမှာ တက်ရောက်ရမည့် တပ်သားသစ် အားလုံးပေါင်း ၂၅၀ ကို တပ်စုလေးစု ခွဲပြီး နေရာချထားသည်။ ၆၂ ယောက်စီ ရှိသော တပ်စုက နှစ်စု၊ ၆၃ ယောက်စီ ရှိသော တပ်စုက နှစ်စုဖြင့် တပ်စု (၁)(၂)(၃)(၄)တွင် နေဇာတက်ရမည့် တပ်စုက တပ်စု(၃)...။ နေဇာက သင်တန်းသား အမှတ် ၁၈၅။

ရက်သတ္တပတ် ၁၆ ပတ် တက်ရမည့် သင်တန်းကာလမှာ ပထမလေးပတ်က စစ်ရေးပြသင်ခန်းစာ ဖြစ်တာကြောင့် အခုလို မနက်စောစောပိုင်းတွေကတော့ နေဇာတို့ သင်တန်းသားတွေအတွက် စစ်ရေးပြလေ့ကျင့်ရေးကွင်းထဲမှာ ချွေးဒီးဒီးကျအောင် သင်တန်းတက်ကြရသည်။ ညနေစောင်းရင်တော့ ဖက်ထိပ်*ပေါ့။

ဖားခုန် လို့ခေါ်တဲ့ ဆောင့်ကြောင့်ထိုင်၊ လက်နှစ်ဖက်ကို နောက်စေ့မှာ အသာယှက်ပြီး ခုန်ဆွခုန်ဆွ သွားရတဲ့ ဒဏ်ပေးနည်းကိုလဲ အသားကျခဲ့ပြီ။ ချစ်လှစွာသော အမေနဲ့ နှမများကိုလဲ သင်တန်းကျောင်းဆရာတွေရဲ့ ပါးစပ်ဖျားက မယားအဖြစ် လေးလတာအတွက် မူပိုင်ဆဲဆိုခွင့်အဖြစ်သတ်မှတ်လို့ အဆဲအဆိုတွေကို နားရည်ဝစလဲ ပြုခဲ့ပြီ။ မေမေက တမြတ်တနိုးဖြင့် မွှေးမွှေးကြူခဲ့ဖူးရတဲ့ ပါးနှစ်ဖက်မှာလဲ အပြစ်ရှိသော မရှိသော နားမလည် ဘယ်ပြန်ညာပြန် အရိုက်ခံရဖူးခဲ့ပြီ။ ထွက်ပြေးမှာ စိုးလို့ဆိုပြီး ညဘက်တွေမှာ အပေါ့အပါးသွားလိုလျှင် သင်တန်းဆောင်ကနေ အိမ်သာတွေ ရှိရာကို အ၀တ်ဗလာ ကိုယ်လုံးတီးဖြင့် သွားရတာကိုလဲ အထူးအဆန်းမဟုတ်တော့သလို သဘောထားတတ်လာခဲ့ပြီ။

`ကျနော်တို့ ထမင်းမ၀ပါဘူး´ လို့ တပ်သားသစ်တယောက်က သတင်းထပို့မိလို့ နောက်တနေ့မှာ ရနေကြ ထမင်းစကေးထက် ပိုနည်းသွားတဲ့အခါမှာ `ဘာသတင်းပို့စရာ ရှိလဲ´ ဆိုတဲ့ သင်တန်းဆရာတွေရဲ့ အမေးစကားကို သင်တန်းသားအားလုံးက `မရှိပါဘူး´ လို့ ပြန်ပြောတာက ရန်ပိုအေးမယ်မှန်း နားလည်တတ်ကြခဲ့ပြီ။

သင်တန်းဆရာတယောက်ရဲ့ ခပ်ပြတ်ပြတ် စကားတခုကိုတော့ နေဇာ သဘောကျမိသေးသည်။ ဘာတဲ့...။

`အေး...၊ မင်းတို့ တပ်သားသစ် သင်တန်းသားတွေအတွက် သင်တန်းမှာရော မင်းတို့တွေ စစ်ထဲမှာ နေသွားသမျှ ကာလပတ်လုံးမှာ အကောင်းဆုံး နေသင့်တဲ့နည်းကို ငါပြောလိုက်မယ်...၊ ခေါ်ရင်လာ၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့၊ အဲဒါပဲ´

***

တပ်စုတပ်ကြပ်ကြီး ၀င်းနိုင်က တပ်စု(၃) သင်တန်းသားတွေကို စူးစိုက်ကြည့်ပြီး မေးခွန်းတခုကို မေးလိုက်၏။

`မင်းတို့ထဲမှာ Second Round တွေပါသလား´

Second Round တဲ့...။ ဘာများပါလိမ့်လို့ နေဇာ စဉ်းစားနေဆဲမှာပင် ဆရာကြီး ၀င်းနိုင်က...

`Second Round ဆိုတာ စစ်တပ်ထဲကနေ ထွက်ပြေးပြီး နောက်တခေါက် ပြန်ဝင်လာကြတဲ့ကောင်တွေကို ပြောတာ၊ အေး...၊ ကိုယ့်ကိုယ်ကို ကိုယ်သိရင် အခု ငါမေးနေတဲ့ အချိန်မှာ ဖြေထားနော်´

တပ်သားသစ် သင်တန်းသားထဲမှ တယောက်စ နှစ်ယောက်စများ ဂဏာမငြိမ်ဖြစ်သွားလေမလားဟု ဆရာကြီးဝင်းနိုင်က စူးစမ်းအကြည့်ဖြင့် လိုက်ကြည့်နေသေးသည်။ ပြီးမှ...

`အေး...၊ ငါအခု မေးတယ်ဆိုတာက အခုနေ၀န်ခံထားရင် မင်းတို့ကို အရေးယူမလို့မဟုတ်ဘူး၊ Second Round ဆိုတာက စစ်သင်တန်း တက်ဖူးပြီးသားလူတွေ ဆိုတော့ အဲဒီလူတွေကို သင်တန်းသား တပ်စုမှူး၊ အဆောင်မှူးနေရာမှာ ထားမလို့၊ တပ်စုမှူးနဲ့ အဆောင်မှူးဆိုတာ သင်တန်းသားတွေကို အုပ်ချုပ်ရမယ်၊ ဖက်ထိပ်မလုပ်ရဘူး၊ ဒီတော့ ငါမေးနေတုန်း ၀န်ခံရင် မင်းတို့အတွက် ပိုကောင်းမယ်၊ နောက်မှ ငါတို့ဘာသာ စုံစမ်းလို့ သိရရင်တော့ မင်းတို့ မသက်သာဘူးနော်´

ပြောလက်စ စကားကို ရပ်ပြီး တပ်စုတခုလုံးကို ဝေ့ကြည့်လိုက်ပြန်သည်။

`ကဲ...၊ ပြောကြလေ၊ မင်းတို့ထဲမှာ ဘယ်သူ Second Round ပါသလဲ´

တပ်သားသစ်များထဲမှာ နှစ်ယောက်က လက်ထောင်လိုက်ကြ၏။ ဆရာကြီးဝင်းနိုင်က အောင်နိုင်သူ တယောက်ရဲ့ အပြုံးမျိုးနဲ့...

`သြော...၊ မင်းမင်းဦးနဲ့ အောင်ဝင်း၊ ငါထင်တော့ ထင်သားပဲ၊ ပြောစမ်း ဘယ်တပ်ကနေ ပြေးလာတာလဲ´

နေဇာကတော့ အအံ့သြကြီး အံ့သြနေတော့သည်။ ဘယ့်နှယ်...၊ ဒီလို နေရာကိုများ ထွက်ချည်ဝင်ချည် လုပ်နေတဲ့ အဲဒီလို လူတွေ ရှိနေသေးတယ် ဆိုပါလား။ ဟိုနှစ်ယောက်ကတော့ သူတို့ရဲ့ ကိုယ်ပိုင်နံပါတ် အဟောင်းတွေနဲ့ သူတို့ပြေးလာခဲ့ကြတဲ့ တပ်ရင်းအမည်တွေကို ဆရာကြီး ၀င်းနိုင်ကို ပြောပြနေကြ၏။ မင်းမင်းဦးကတော့ ဒုတပ်ကြပ်အဆင့်ရောက်မှ ထွက်ပြေးလာတာတဲ့...၊ စစ်တပ်ကနေ ထွက်ပြေးပြီ စစ်တပ်ထဲကိုပင် နောက်တခေါက် ပြန်ဝင်ဖို့ စိတ်ကူးကို ဒီလူတွေ ဘယ်လိုများ ရပါလိမ့်လို့ တွေးမိပြီး နေဇာ အံ့သြလို့ မဆုံး...။

ဒီထက်မက အံ့သြရတာက အဲဒီလို စစ်စည်းကမ်း ဖောက်ဖျက်နှင့်ပြီးသား လူတွေက သင်တန်းသား တပ်စုမှူး၊ အဆောင်မှူးနေရာလို ခေါင်းဆောင်မှု နေရာတွေမှာ နေရာရဦးမယ် ဆိုတာကိုပင်...။ သင်တန်းသား အသစ်တွေထဲက ပညာအရည်အချင်း ရှိသူတွေကို နေရာပေးရမည့်အစား ဒီလိုလူတွေကို နေရာပေးသည့် သင်တန်းဆရာတွေရဲ့ စိတ်ကူးကို နားမလည်နိုင်ပေ။

ဘယ်လိုပဲဖြစ်ဖြစ် ... ... ...။

Second Round တွေဖြစ်တဲ့ မင်းမင်းဦးက သင်တန်းသား တပ်စုမှူး၊ အောင်ဝင်းက အဆောင်မှူးအဖြစ် ဆရာကြီးဝင်းနိုင်က သတ်မှတ်ပေးလိုက်ပါပြီ။

ရှေ့ကို ဘာတွေ ဆက်ဖြစ်ဦးမည်တော့ မသိ...။

***


ကလိုစေးထူး

(ဖက်ထိပ် ဆိုသည်မှာ မြန်မာစစ်တပ်များထဲတွင် ဘမ်းစကားတခုနှယ် အလွန်အသုံးတွင်ကျယ်သော စကားလုံးဖြစ်သည်။ ပြင်သစ်ဘာသာစကားမှ ဆင်းသက်လာပြီး Fatigue ပင်ပန်းဆင်းရဲစွာလုပ်ရသော အလုပ်ဟု အဓိပ္ပာယ်ရသည်ဟု သိရှိရပါသည်။)

12 comments:

Anonymous said...

နေဇာက တကယ်ကြီးကို ပြောင်းလဲသွားတာပဲး) မသိရင်မှတ်ဆိုတဲ့စကားကို အသေချာကြီးကို မှတ်သွားတယ် ..ဘာတဲ့ “ခေါ်ရင်လာ၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့၊ ” မှတ်သားလောက်ပါတယ်ခင်ဗျ :Pစစ်စည်းကမ်း ဖောက်ဖျက်နှင့်ပြီးသား လူတွေက ခေါင်းဆောင်မှု နေရာတွေမှာ နေရာရဦးမယ် ..... ဒါဆို ခေါင်းဆောင်တွေက စည်းကမ်းဖောက်ဖျက်တာနဲ့ ကျင့်သားရနေတာကိုးး ဂလိုကိုးးးပေါက်ပြီးး.. နေဇာ့ ဇတ်ကြောင်း ကို သိချင်စိတ်တွေ များလာတယ် အစ်ကိုရေ့ ။

Moe Cho Thinn said...

ကိုစေးထူးရေ
စာအရေးအသား အကြောင်းအရာ ပြောစရာမရှိ။ အရမ်းကောင်း။
(တပ်အကြောင်းဖတ်လို့ တပ်လေသံနဲ့ ခပ်ပြတ်ပြတ် ပြောသွားတယ် :) )

ZMT said...

အကိုရေ အကို့ ပို့စ်တွေက ဗဟုသုတ အများကြီးရတယ်ဗျ. ကျွန်တော် လည်းနေဇာ ဘာတွေဆက်ဖြစ်မလဲ စိတ်ဝင်စားနေတယ်အကို

တောင်ပေါ်သား said...

အကိုစေးထူးရေ နေဇာ အကြောင်းလေး ကို စိတ်ဝင်တစား စောင့်ဖတ်နေပါတယ် ဘာတွေဖြစ်ဦးမလဲ လေးစားလျက်

Andy said...

“ခေါ်ရင်လာ ခိုင်းရင်လုပ် ခံမပြောနဲ့” ... တပြည်လုံးကို အဲဒီဇာတ်သွင်းနေတာထင်ရဲ့... ကျွန်တော်တို့ တက္ကသိုလ်တက်တုန်းကလဲ အဲဒီလိုပဲ... ခေါ်ရင်လာ ခိုင်းရင်လုပ် ခံမပြောနဲ့...

လင်း said...

အကုန်သိတယ်လို့ ပြောတော့လဲ မကြိုက်ဘူး။ ရေးထားတာများစုံစိလို့ တကယ်ကို တပ်သားသစ်များ ၀င်လုပ်ခဲ့ဘူးသလား အောက်မေ့ရတယ်။

တက်လူငယ် said...

သူတို့အောက်မှာ ဟန်းကောနဲ့ ရေဗူးလဲရှိသေးတယ်ဗျ။ ပြီးမှ မြေကြီးလာမယ်ထင်တယ်။ စိတ်မထင်ရင် အဲဒါကို အရင်ကန်တတ်ကြတယ်လို့ ပြောသံကြားဖူးတယ်။

နောင်ဘာဆက်ဖြစ်မလဲဆိုတော့ လက်ရှိမြင်နေရတဲ့အတိုင်းထင်တာပဲ။

Anonymous said...

ဟေ့... အာဆီယံဒိုက်တို့ အာဆီယံရိုလာတို့ကော မင်းမသိဘူးလား ... အာပလာ အတင်းစေးထူး .. မသိတဲ့ လူတွေ ကို ဖြီးမနေပါနဲ့ကွာ...ကြားဖူးနားဝတွေနဲ့ ...မင်းက တပ်ထဲမှာ ဘယ်လောက်ကြာကြာနေခဲ့ဖူးလို့တုန်း ....

Anonymous said...

:P

Anonymous said...

ဟားဟားဟား
ကိုစေးထူး
အမှန်တွေချည်းပဲဗျာ....
ဆက်ရေးပါအုံးဗျာ
အားပေးနေပါ့မယ်။
တပ်သားသစ်လေးတွေ မတ်ပဲပြုတ်အရည်ကြဲလေးတွေနဲ့ ထမင်းစားနေတာကို အခုထိမြင်ယောင်တုန်းပဲဗျာ.....

Anonymous said...

Hi Ko Sayhtoo, Please continue to write. It's interesting. I'm looking forward to your new posts.

ကလိုစေးထူး said...

မောင်မျိုးကတော့ ပို့စ်အသစ်တင်လိုက်တိုင်း အရင်ဆုံးရောက်လာတတ်တဲ့ အမာခံ စာဖတ်သူပါပဲလား။ :) နောက်ထပ် လာဦးမှာတွေ အများကြီး ရှိပါသေးတယ် မောင်မျိုးရေ...၊ စောင့်သာဖတ်ပေတော့။

မချိုသင်း...၊ ဟုတ် (တပ်လေသံ ခပ်ပြတ်ပြတ်ပဲ) :D

ဗမာပြည်သား၊တောင်ပေါ်သား ဟုတ်ကဲ့ ကျနော် ဆက်ရေးမှာတွေ ရှိပါသေးတယ်။

Andy...၊ အကိုတွေးသလို ကျနော် မတွေးလိုက်မိဘူးဗျာ။ :)

လင်းပျာ (မချိုသင်း ခေါ်သလို လိုက်ခေါ်တာ :P) အကုန်တော့ မသိရတာ အမှန်ပါဗျာ။ :D တပ်ထဲလဲ မ၀င်ဖူးပါဘူး။

ကိုတက်လူငယ်...၊ ဟုတ်ပဗျာ။ :)

anonymous ပြောချင်ရင် ရေးသူ ကျနော့်တယောက်ထဲကိုသာ အားရှိပါးရှိ ပုတ်ခတ်ပါဗျာ။ ရေးသူထက် ပိုတော်တဲ့ စာဖတ်သူတွေကိုတော့ ဘာမှမသိတဲ့လူတွေလို့ ရောချပြီး မပုတ်ခတ်ပါနဲ့။ ကျနော်ရေးထားတာတွေ မဟုတ်ဘူးဆိုရင် မဟုတ်တဲ့ အချက်ကို ပြန်ချေပနိုင်ပါတယ်။ ဝေဖန်မှုတွေကို ကြိုဆိုထားပြီးသားပါ။ :) အတင်းစေးထူး လို့ ခေါ်တော့ မိတ်ဆွေကြီး ဇော်မျိုးကိုတောင် သတိရမိသေး။ :)))

နေဇာ ဇာတ်လမ်းတွဲတွေ နောက်ထပ် ရေးဖို့ အများကြီး ရှိပါသေးတယ်။ အားပေး ဖတ်ရှုကြတာကို ကျေးဇူးတင်ပါတယ်။