Tuesday, December 18, 2007

သူပုန်…

ငယ်ငယ်တုန်းကဆိုရင် ကျနော်တို့ ညီအကို နှစ်ယောက်က တော်တော် အကစားသန်ပါတယ်။ မေမေက သမီးမိန်းကလေး လိုချင်လှပေမယ့် သုံးနှစ်စီခြားပြီးတော့ ကျနော်တို့ ညီအကို နှစ်ယောက်ကို မွေးမိလိုက်တော့ အငယ်ကောင်က တောက်တောက် တောက်တောက်နဲ့ ပြေးလွှားကစားတဲ့ အရွယ်ရောက်လဲ ရောက်ရော အိမ်ပေါ်မှာ မျောက်လောင်း နှစ်ကောင် မွေးထားမိတဲ့ အတိုင်းပါပဲ။ တအိမ်လုံး တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ ပွက်လောရိုက်နေအောင် ပြေးလွှား ဆော့ကစားတော့တာပါပဲ။

တခါကများဆိုရင် မေမေက ဘာစိတ်ကူး ပေါက်တယ်မသိ…၊ ဈေးကနေ အိုးပုတ်လေးတွေ ၀ယ်လာပါတယ်။ ကျနော်တို့ ညီအကိုကလည်း အစပိုင်းတော့ ဟုတ်တုတ်တုတ်၊ ဟိုးနားက အရွက်လေးခူး၊ ဒီနားက အရွက်လေးခူးနဲ့ အိုးပုတ်တွေထဲ ထည့်ဆော့သေးတယ်။ ခဏနေတော့ သိပ်မကြာပါဘူး။ အိုးပုပ်ရုပ်တွေကို ခပ်လှမ်းလှမ်းမှာ စီထားပြီး ခဲနဲ့ ပစ်တမ်း ကစားတော့တာပါပဲ။

ငယ်ငယ်က ကျနော်တို့ ညီအကိုနှစ်ယောက် အနှစ်ခြိုက်ဆုံး ကစားနည်းကတော့ `စစ်တိုက်တမ်း´ ပါပဲ။ ဒီကစားနည်းက နှစ်ယောက်ထဲ ရှိလဲ ကစားလို့ ဖြစ်တာကိုး…။ တခါတလေ ဘေးပန်းအိမ်နားက ကလေးဖော်တွေရှိရင်တော့လည်း တစုတဝေးကြီးပေါ့။ တစ် နေရာယူ၊ နှစ် အဆင်သင့် ပြင်၊ သုံး မောင်းတင်၊ လေး ကျည်ထိုး၊ ငါး ပစ်နိုင်ပြီ (တခါတလေမှာတော့ အချိန်ဆွဲချင်ရင် ပါးစပ်ထဲ တွေ့ကရာ အမိန့်တွေ အော်ပြီးတော့ အမှတ်စဉ်တွေ အများကြီးအော်ပါတယ်) ဆိုပြီးရင်တော့ ပါးစပ်သေနတ်နဲ့ တဒိုင်းဒိုင်း ပစ်တော့တာပါပဲ။

စစ်တိုက်တမ်း ကစားကြပြီဆိုရင် အရင်ဆုံး အုပ်စုခွဲရတာကတော့ `စစ်သား´ နဲ့ `သူပုန်´ ပါပဲ။ ခေါင်သူကြီး လုပ်သူနှစ်ယောက်မှာ တယောက်က စစ်ဗိုလ်လုပ်၊ တယောက်က သူပုန်ဗိုလ်လုပ်…၊ ကျန်တဲ့လူတွေကတော့ စစ်သားနဲ့ သူပုန်တွေပေါ့။ ကလေးတို့ သဘာဝ ကစားကြတယ် ဆိုပေမယ့်လည်း စစ်ဗိုလ် ဘယ်သူလုပ်မလဲ၊ သူပုန်ဗိုလ် ဘယ်သူလုပ်မလဲ ဆိုတာ ဆုံးဖြတ်ကြရတဲ့ အခါမှာတော့ အမြဲလိုလို ငြင်းကြရလွန်းလို့ ဗိုလ်ကျားဆွဲရပါသေးတယ်။ အဲဒီတုန်းက ပေါ်ပြူလာ အဖြစ်ဆုံး နေရာကတော့ `စစ်ဗိုလ်´ နေရာပါပဲ။

ကစားတာ ဖြစ်ပေမယ့်လည်း ဗိုလ်ခြင်း အတူတူ စစ်ဗိုလ်လုပ်ရတာကို ကလေးဘ၀က တော်တော် နှစ်သက်ခဲ့ဖူးပါတယ်။ ရုပ်ရှင်တွေထဲမှာ ဆိုရင်လည်း စစ်ဗိုလ်ဆိုတာက ကျော့ကျော့မော့မော့ကိုး…၊ နောက်ဆုံး ဇာတ်သိမ်းကျတော့လည်း စစ်ဗိုလ်ကပဲ တိုက်ပွဲတွေမှာ နိုင်သေးတယ်ဆိုတော့ ကလေးတွေရဲ့ စိတ်မှာ `စစ်ဗိုလ်´ ဆိုတဲ့ သရုပ်က စိုးမိုးနေခဲ့တယ်နဲ့ တူပါရဲ့။ ရုပ်ရှင်ထဲကလို မုတ်ဆိတ်မွှေး ပရပျစ်၊ ညှင်းသိုးသိုးရုပ်နဲ့ အ၀တ်အစားတွေကလည်း စုတ်တီးစုတ်ပြတ်၊ နောက်ဆုံး ဇာတ်သိမ်းခန်းကျရင် သေပေးကြရတဲ့ သူပုန်ဗိုလ် နေရာမှာ ဘယ်သူမှ မနေချင်ကြပါဘူး။

***

ကျနော် စဉ်းစားကြည့်မိတယ်။ ကျနော်တို့ စစ်တိုက်တမ်း ကစားကြပြီ ဆိုပါတော့…။ မဟုတ်ဘူး မဟုတ်ဘူး…။ တကယ့်လက်တွေ့ စစ်တိုက်နေကြပြီ ဆိုပါစို့…။ စစ်တိုက်တယ် ဆိုတဲ့ နေရာမှာလဲ ပုံစံ အမျိုးမျိုးပေါ့။ လက်ရုံးရည်၊ နှလုံးရည်၊ …။ ကျနော်တို့ ဘာလုပ်မလဲ။ စစ်သားနေရာက နေတာက ကောင်းမလား၊ သူပုန်လုပ်တာက ကောင်းမလား။

ကလေးဘ၀တုန်းက ကစားတဲ့ စစ်သားရဲ့အလုပ်ကတော့ ရှင်းတယ်။ စစ်တိုက်တဲ့ အလုပ်တခုပဲ ရှိတယ်။ သူပုန်နဲ့ တိုက်မယ်။ ကလေးတွေ အဓိပ္ပာယ်ဖော်တဲ့ `စစ်သား´ ဆိုတာရဲ့ သရုပ်က စစ်တိုက်ဖို့ပဲ။ သူတိုက်တာကလည်း သူပုန်…၊ တနည်းပြောရရင် သူ့ရန်သူသည် သူပုန်။

ဒါပေမယ့် အခုလက်တွေ့မှာကတော့ စစ်သားတွေက သူ့ရန်သူလို့ သတ်မှတ်ထားတဲ့ စာရင်းထဲမှာ တောထဲက ညှင်းသိုးသိုးပုံစံ လက်နက်ကိုင် ပုဂ္ဂိုလ်တွေချည်း သက်သက် မဟုတ်တော့ပါဘူး။ အဖြူအစိမ်း ၀တ်စုံဝတ်ပြီး ကျောင်းတက်နေတဲ့ ကျောင်းသားလေးသည်လည်း စစ်တပ်ကို ဆန့်ကျင်ရင် ရန်သူ၊ ဈေးတောင်း ခေါင်းရွက်လို့ ၀မ်းစာရေး ရုန်းကန်နေရတဲ့ သာမန်ပြည်သူသည်လည်း စစ်တပ်ကို ဆန့်ကျင်ရင် ရန်သူ၊ နောက်ဆုံး ကုန်ကုန်ပြောရရင် ရတနာသုံးပါးထဲက တပါးအပါအ၀င် သံဃာတော်တွေသည်လည်း စစ်တပ်အကြိုက်ကို မလိုက်ရင် ရန်သူ…။

ကလေးဘ၀တုန်းက ကစားတုန်းကတော့ စစ်သားပဲ ဖြစ်ဖြစ် သူပုန်ပဲ ဖြစ်ဖြစ် တဖက်ဖက်က အရှုံးပေးရင် ကစားပွဲက ငြိမ်းချမ်းစွာ ပြီးဆုံးတယ်။ လက်တွေ့ဘ၀ စစ်သားကျတော့ တဖက်က အလျှော့ပေးလဲ ဒေါသတကြီးနဲ့ ကြမ်းချင်ကြမ်းတယ်။ ဘာမှပြန်မလုပ်နိုင်တဲ့လူကိုလည်း ခေါင်းကို ခြေထောက်နဲ့ ကန်ချင်ကန်မယ်၊ ကျောတပြင်လုံးကို ရှိသမျှ တကိုယ်လုံးအားသုံးပြီး ၀ါးရင်းတုတ်နဲ့ ရိုက်ချင်လဲ ရိုက်မယ်။ သံဃာသော ဘာသော မသိ ဆောင့်တွန်းချင်တွန်းမယ်။ ရိုက်ချင် ရိုက်မယ်။ ဒါက လက်တွေ့ဘ၀က စစ်သား။

ကလေးဘ၀မှာတော့ သိခဲ့ရတာက သူပုန်ဆိုတာက လူဆိုးသာသာပဲ။ လက်ရှိ အုပ်ချုပ်သူတွေကလည်း သူတို့ကို ဆန့်ကျင်တိုက်ခိုက်နေသူတွေကို ခပ်နှိမ်နှိမ်နဲ့ တွင်တွင်ကြီး ပြောနေတာကလည်း သူခိုးကြီးတော့ ဓားပြ၊ ဓားပြကြီးတော့ သူပုန်…တဲ့။

ဒါပေမယ့် စာအုပ် တအုပ်ထဲမှာ `သူပုန်´ ဆိုတာရဲ့ အဓိပ္ပာယ်ကို သေချာ လေ့လာကြည့်ဖူးတာကတော့ `မတရားသော မင်းဆိုး မင်းညစ်ကို တော်လှန်ပုန်ကန်သူ´ ကိုလည်း `သူပုန်´ လို့ ခေါ်ကြောင်း သိရပြန်တယ်။ ဒီတော့ မကောင်းတဲ့ စနစ်ဆိုးတခု ပြုတ်ကျ ပျောက်ပျက်သွားအောင် တော်လှန်ပုန်ကန်နေသူတွေဟာလည်း သူပုန်ပဲပေါ့။ မတရားတဲ့ အမိန့်အာဏာတွေကို ဖီဆန်တိုက်ပွဲဝင်နေကြသူတွေဟာလည်း သူပုန်ပဲပေါ့။ ဒါပေမယ့် သေချာတာကတော့ သူတို့ `လူဆိုးတွေ´ မဟုတ်ဘူး။

သမိုင်းသင်ရတဲ့ အခါကျတော့လည်း ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်က သတ်မှတ်တာက ဆရာစံသည်လည်း သူပုန်၊ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာကလည်း သူပုန်၊ အဲဒီသူပုန်တွေကျတော့ လူဆိုးတွေ မဟုတ်ဘဲ ပြည်သူတွေရဲ့ သူရဲကောင်းတွေ ဖြစ်နေပြန်တယ်။

ဒါဖြင့် `သူပုန်´ လို့ သတ်မှတ်ခံရပေမယ့်လည်း မတရားတာကို ဆန့်ကျင်တာ၊ အမှန်တရားအတွက် တိုက်ပွဲဝင် တော်လှန်နေတာဆိုရင် လူဆိုး မဟုတ်ဘူးပေါ့။

***

`ဒိုင်းညှောင့် ဒိုင်းညှောင့် ဒိုင်းဒိုင်းဒိုင်း…၊ ကိုကြီးရှုံးပြီကွ၊ သူပုန်ရှုံးပြီကွ´

ငယ်ငယ်က ကစားတုန်းက စစ်ဗိုလ်နေရာက ကျနော့်ညီက ကျနော် ဘယ်လိုမှ ရှောင်လို့ မရတော့ အားရပါးရ ပါးစပ်သေနတ်ပစ်ရင်းနဲ့ ပျော်နေတဲ့ ပုံစံကို မြင်ယောင်မိတယ်။

အခု…။

စစ်သားတွေ ပစ်နေတုန်းပါပဲ။ တဒိုင်းဒိုင်းနဲ့…၊ ဒါပေမယ့် ပါးစပ်သေနတ် မဟုတ်ဘူး။ တကယ့် သေနတ်။ လဲတဲ့လူ လဲ၊ ပြိုတဲ့လူ ပြို။ ဒါပေမယ့် `သူပုန်တွေ´ မရှုံးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ လူဆိုးတွေ မဟုတ်လို့ပါပဲ။


ကလိုစေးထူး

Sunday, December 16, 2007

ဆေးခါး…

ဆွံ့အသွားတဲ့ ရင်တွင်းစကား…။
အေးစက်သွားတဲ့ နွေးထွေးမှု…။
စကားလုံးတွေ ထပ်သွားတဲ့ ပို့စ်တခု…။
ကိုယ့်သဘောနဲ့ကိုယ် ဖာသိဖာသာ နေနေကြတဲ့
မိတ်ဟောင်းဆွေဟောင်းတွေ…။
အားစိုက် ကစားပေမယ့် ရှုံးနိမ့်သွားတဲ့
ဘောလုံးပွဲတပွဲ…။
သိပ်လိုလားဟန် မရှိလှတဲ့
တာဝန်ကျေ နှုတ်ခွန်းဆက်စကားတွေ…။
အချင်းချင်းချဖို့အတွက် အကွက်စေ့လွန်း တဖက်ကမ်းခတ်လွန်းလှတဲ့
ဉာဏ်ရည်ဉာဏ်သွေးတွေ…။
အခြောက်တိုက် ဘ၀င်မြင့်လွန်းတဲ့
သမိုင်းပေတံတွေ…။
ဖြူဆွတ်အေးခဲလွန်းလှပြီး ကျနိုင်လွန်းတဲ့
နှင်းအတိနဲ့ ဒီဇင်ဘာ…။
ချိုအီပြီး အရသာသိပ်မကောင်းလှတဲ့
တရုတ်ဆိုင်က ဟင်းတခွက်…။
အဆင်မပြေတာတွေ များလွန်းလာတော့
စိတ်ပျက်လာပုံရတဲ့ နားလည်ခြင်းတွေ…။
သံစဉ်တပိုင်းတစ စာသားဟိုတချို့ဒီတ၀က်နဲ့
ရေးလက်စ သီချင်းတချို့…။

ဒီလိုနဲ့ပဲ
ပြုံးတဲ့အပြုံးတွေမှာ ဘာတွေပါနေသေးလဲလို့
လိပ်ပြာမသန့်ဖြစ်တတ်လာတော့
လိုက်လျောညီထွေ ဆိုတာကြီးက
ခါးသီးလွန်းလှတယ်။


ကလိုစေးထူး

Friday, December 14, 2007

ဘလော့ဂ်လောက၀ယ်...

လွန်ခဲ့တဲ့ သုံးလကျော်ခန့်က ဖြစ်ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့၊ ရန်ကုန်မှာ ပြုလုပ်မယ့် မြန်မာ ဘလော့ဂါ ဆီမီနာမှာ ပြောဖို့အတွက် ဘလော့ဂ်နှင့် ကောင်းကျိုး ဆိုးပြစ်များဆိုတဲ့ ခေါင်းစဉ်နဲ့ စာမူကြမ်းကို ညီမမယ်လိုဒီက လာပြတော့ ဟိုဟိုဒီဒီ ဖတ်ပြီး နှမ်းဖြူးလိုက်ပါတယ်။ သူကတော့ ကျေးဇူးတွေ တင်လို့ပေါ့…။

တကယ်တမ်း ဆီမီနာကျင်းပတဲ့ နေ့မှာ ညီမ မယ်လိုဒီ အပါအ၀င် ဆွေးနွေးသွားကြတဲ့ အကြောင်းအရာတွေကို ဖတ်ရပြီး နောက်ပိုင်းမှာတော့ မြန်မာ ဘလော့ဂ် လောကနဲ့ ပတ်သက်ပြီး ကျနော် စိတ်ကူးအယဉ်ကြီး ယဉ်ခဲ့ဖူးပါတယ်။ အဲဒါတွေကတော့…

မြန်မာဘလော့ဂ် လောကမှာ တကယ်လို့များ အနုပညာရှင်တွေကလည်း သူတို့ ကိုယ်ပိုင်တွေ ဘလော့ဂ် လုပ်လာကြမယ်ဆိုရင် သူတို့ရဲ့ ပရိသတ်တွေနဲ့ အဲဒီ အနုပညာရှင်တွေ တိုက်ရိုက်ထိတွေ့စေတဲ့ ပေါင်းကူးတံတားလဲ ဖြစ်လာလိမ့်မယ်။ နည်းပညာ အခက်အခဲရှိသူ တချို့သော အနုပညာရှင်တွေနဲ့ အချိန်သိပ်မပေးနိုင်သူ အနုပညာရှင်တွေရဲ့ ဘလော့ဂ်တွေကို Up to Date မှန်မှန်လုပ်ပေးဖို့အတွက် ၀န်ဆောင်မှုပုံစံ တာဝန်ယူ လုပ်ဆောင်ပေးရတဲ့ ဘလော့ဂ် လုပ်ငန်းလည်း တွင်ကျယ်လာနိုင်တယ်။ ဒီလိုနဲ့ ဘလော့ဂ်ကနေ တဆင့် ၀င်ငွေရလမ်း တချို့ရှိလာနိုင်မယ်။ ဒါက စဉ်းစားမိတာ တချက်ပါ။

နောက်တချက်ကတော့ ပြည်တွင်းပြည်ပ နိုင်ငံရေးနယ်ပယ်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရော၊ မထင်မရှား ပုဂ္ဂိုလ်တွေရော ဘလော့ဂ်လောကကို ၀င်လာကြတဲ့ အခါမှာ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ အမြင်၊ သူတို့ရဲ့ ရပ်တည်ချက်ကို တိုက်ရိုက်သဘော လေ့လာလို့ရလာမယ်။ တိုက်ရိုက်သဘော အမြင်ချင်း ဖလှယ်ခွင့်တွေ ရလာမယ်။ အဲဒီကနေ ဆက်စပ် စဉ်းစားလိုက်တာ ကျနော့် စိတ်ကူးထဲမှာ စာရေးဆရာ၊ ကဗျာဆရာ များသာမက နောက်ဆုံး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေပါ မကျန် ဘလော့ဂ် ကိုယ်စီနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီးပေါ့။ အဲဒီလို စိတ်ကူး ယဉ်ခဲ့တာပါ။

***

ဒါပေမယ့် တကယ့်လက်တွေ့ အခြေအနေမှာတော့ ကျနော်တို့နိုင်ငံရဲ့ အုပ်ချုပ်သူ အာဏာပိုင်တွေဟာ အဲဒီလောက်အထိ သဘောထား မကြီးခဲ့ပါဘူး။ သူတို့ဟာ အစပထမပိုင်းမှာတော့ မြန်မာဘလော့ဂ်တွေရဲ့ ထိရောက် ပျံ့နှံ့မှုကို သတိမထားမိစကောင်း ရှိခဲ့ပေမယ့် စက်တင်ဘာလ သံဃာ့ကံဆောင်သပိတ်ကာလမှာတော့ ဘလော့ဂ်တွေနဲ့ ပြည်သူများရဲ့ တသားတည်း ရှိမှုကို ထိတ်လန့်စွာနဲ့ပဲ Blogger.com ကို အဆောတလျင်နဲ့ ပိတ်ပင်ခဲ့ပါတော့တယ်။

ဒါပေမယ့် အခုလက်ရှိ အချိန်အထိမှာတော့ မြန်မာဘလော့ဂ်တွေနဲ့ ပတ်သက်ပြီးတော့ အာဏာပိုင်တွေရဲ့ တရားဝင် ထုတ်ဖော် ပြောဆိုမှု တစုံတရာ မရှိသေးပါဘူး။ သူတို့ကို ဆန့်ကျင်နေသူတွေ မှန်ရင် အမြဲတစေလိုလို နှိမ်နှိမ်ချိုးချိုး ဆက်ဆံတတ်တဲ့ အကျင့်အတိုင်း မြန်မာဘလော့ဂ်တွေရဲ့ ထိရောက်မှုကို `အရာမရောက်ပါဘူး´ ဆိုတဲ့ သဘော ပြလိုဟန်လားတော့ မပြောတတ်ပါ။

ဘယ်လိုပဲ ပိတ်ပင်ထားခဲ့ပါစေ၊ လက်ရှိ မြန်မာဘလော့ဂ် လောကကတော့ တကယ့်ကို ပန်းခင်းကြီးသဖွယ် စည်စည်ကားကား ဖြစ်နေတယ် ဆိုတာကတော့ အငြင်းပွားဖွယ်ရာ မရှိတဲ့ အချက်ပါပဲ။ ဖူးငုံစ ပန်းကလေးတွေ၊ အပွင့်သန်သန်နဲ့ အလှမာန်တင့်နေတဲ့ ပန်းကလေးတွေ၊ မထင်မရှားဟန်နဲ့ ပန်းကလေးတွေ၊ အဲ…၊ ဒါတွေနဲ့ အပြိုင် နောက်ထပ် ရှိနေသေးတာကတော့ ပန်းခင်းရဲ့ အလှကို ၀ါးမြို ဖျက်ဆီးဖို့ ကြံစည်နေတဲ့ ခြံထောင့်က မြက်ရိုင်းတွေပေါ့…။

ဘလော့ဂ် လောကမှာ ရိုးသားစွာနဲ့ ကျနော့်တဦးတည်း အမြင်အရ အင်မတန်မှ ကျေနပ်စရာ ကောင်းတာတခုကို ပြောရရင်တော့ စာရေးဆရာမ မမေငြိမ်း၊ ဆရာ အောင်သူငြိမ်း (ယောဟန်အောင်)၊ ကဗျာဆရာ နှင်းခါးမိုး အစရှိတဲ့ စာပေထူးချွန်သူတွေ၊ ကိုဇာဂနာ လို အနုပညာရှင်တွေ ဘလော့ဂ် လောကထဲ ၀င်လာတာပါပဲ။ အခုဆိုရင် ကျနော်တို့ အရင်က မဖတ်လိုက်ရသေးတဲ့ အဲဒီစာရေးဆရာ၊ ကဗျာဆရာတွေရဲ့ လက်ရာဟောင်းလေးတွေကို ဖတ်ခွင့်ရနေပြီဖြစ်သလို ကိုဇာဂနာရဲ့ အငြိမ့်ခန်းလေးတွေကိုလဲ ဖတ်ခွင့်ရနေပါပြီ။ ဒါ့အပြင် တခြားသော စာအရေအသား ထက်မြက်သူ လူငယ်ဘလော့ဂါပေါင်း များစွာရဲ့ လက်ရာတွေဟာလည်း အရသာရှိလှတဲ့ ဆီဦးထောပတ်ကို စားရသလို၊ အေးမြတဲ့ စမ်းရေကို သောက်သုံးရတဲ့ အလားပါပဲ။ ဒါဟာ ဘလော့ဂ် လောကရဲ့ `တိုးတက်မှု´ မဟုတ်ပါလား။

သို့သော်…။ ဆုတ်ယုတ်မှု လို့ သတ်မှတ်နိုင်တာတခုကတော့ တချို့ပုဂ္ဂိုလ်များရဲ့ ဘလော့ဂ်ကို အလွဲသုံးစား ပြုနေမှုပါပဲ။ မိမိရဲ့ ထင်မြင်ချက်၊ ယုံကြည်ချက်ကို ဘယ်ရှုထောင့်ကပဲ တင်ပြတင်ပြ အာဏာပိုင်တွေကို ထောက်ခံတာပဲ ဖြစ်ဖြစ်၊ ဆန့်ကျင် ကန့်ကွက်တာပဲ ဖြစ်ဖြစ် ဒါဟာ ပြဿနာကြီးကြီးမားမား မဟုတ်လှပါဘူး။ လူတိုင်းမှာ လွတ်လပ်စွာ တွေးတော ထင်မြင်ခွင့် ရှိပြီးတော့ မိမိရဲ့ ယုံကြည်ချက်ကို ဘယ်လောက်အထိ မှတ်ကျောက် အတင်ခံနိုင်သလဲ ဆိုတာကသာလျှင် အဖြေတခုပါ။ ကျနော် ဆိုလိုချင်တဲ့ ဘလော့ဂ်ကို `အလွဲသုံးစားပြုနေမှု´ ဆိုတာကတော့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လိုတဲ့အခါ ဘလော့ဂ်တွေကို အသုံးချမှု၊ အဲဒီအပြင် အခုနောက်ပိုင်း ပိုဆိုးလာတာက တခုကတော့ အပြာရောင် ၀က်ဘ်ဆိုက်ဆန်ဆန် ဘလော့ဂ် ဖန်တီးလာမှုတွေပါပဲ။ `ပစ်ပယ် ရှုံ့ချခြင်း´ ဆိုတဲ့ လက်နက်ကို သုံးပြီး အဲဒီ အလွဲသုံးစားမှုတွေကို တားဆီးတဲ့လူက တားဆီးနေကြပေမယ့်လဲ တကယ့်တကယ်တမ်းမှာတော့ မထိရောက်လှသေးပါဘူး။

ဘလော့ဂ် ရေးသားရခြင်းရဲ့ အဓိက ဆွဲဆောင်မှုက ဘာလဲလို့ တစုံတယောက်က ကျနော့်ကို မေးလာခဲ့ရင်တော့ `မိမိဖန်တီးမှုကို မည်သူတဦးတယောက်ရဲ့ တည်းဖြတ်မှုကိုမှ မခံရဘဲ လွတ်လပ်စွာ တင်ပြရတာကို ကြိုက်လို့´ လို့ ဖြေမိမှာပါပဲ။ ကျနော့်အထင် အဲဒီခံစားချက်က ဘလော့ဂါတိုင်းလိုလိုမှာ ရှိမယ်လို့ ထင်ပါတယ်။ ကိုယ့်ခံစားချက်တွေကို စိတ်ထဲမှာ ရှိတဲ့အတိုင်း ချရေးလိုက်မယ်။ ခံစားချက်တူသူ တယောက်ယောက်က အားပေးမယ်။ ဒီလိုနဲ့ပဲ ကျနော်တို့တွေ ဘလော့ဂ်လောကမှာ ကျေကျေနပ်နပ်ကြီး ပျော်ဝင်နေမိတော့တာပါ။

နောက်ထပ် ကျေနပ်စရာကောင်းတာ တခုကတော့ ဘလော့ဂ်လောက ထွန်းကားလာတဲ့အတွက် လက်ရှိ အာဏာပိုင်တွေ ဖြီးဖြန်းသမျှကို မယုံတော့တဲ့ လူငယ်တွေ ပိုများလာတာပါပဲ။ အရင့်အရင်က မယုံတာထက်စာရင် အာဏာပိုင်တွေ ရက်စက်ကြမ်းကြုတ် ယုတ်မာတာတွေကို ဓာတ်ပုံ အထောက်အထား၊ ဗွီဒီယို မှတ်တမ်းတွေ တိတိကျကျနဲ့ တင်ပြတဲ့ ဘလော့ဂ်တွေ တွင်ကျယ်လာတဲ့ နောက်ပိုင်းမှာ မယုံတာက ပိုမိုကျယ်ပြန့်လာပါတယ်။ မြန်မာပြည်ရဲ့ တကယ့် ပကတိ အခြေအနေမှန်ကို ဘလော့ဂ်ကနေ တဆင့် ပုံစံအမျိုးမျိုးနဲ့ တင်ဆက်ခွင့်ရနေတာနဲ့ ပိတ်ပင်ထားတဲ့ကြားက မရရအောင် ၀င်ဖတ်၊ ၀င်ရေးနေကြတဲ့ မြန်မာပြည်တွင်းက လူငယ်တွေရဲ့ လုံ့လဟာ အာဏာပိုင်တွေကို ထိုးနှက်ချက် ဖြစ်နေစေတာကတော့ အမှန်ပါပဲ။

အာဏာပိုင်တွေကတော့ အဲဒီအခြေအနေကို သိပ်မနှစ်မြို့လှဟန် ရှိတာကြောင့် နေပြည်တော်လို့ သူတို့ သဘောနဲ့ သူတို့ခေါ်နေတဲ့ ပျဉ်းမနားအရပ်မှာ ကြံ့ဖွံ့ အဖွဲ့ဝင်တွေကို ဘလော့ဂ်သင်တန်းတွေ ပေးပြီး တစုံတခုကို ကြိုးစားပါတယ်။ ဒါပေမယ့် တဖက်မှာကလဲ ပိတ်ထားတဲ့ Blogger.com ကို ပြန်ဖွင့်ပေးဖို့အတွက် လုံလောက်တဲ့ လိပ်ပြာသန့်မှုက သူတို့မှာ မရှိလေတော့ အဲဒီ သင်တန်းကနေ မွေးထုတ်ပေးလိုက်တဲ့ ဘလော့ဂါတွေခမျာမှာ အချင်းချင်း လှည့်ပတ် ချီးကျူးရင်းနဲ့ ဘလော့ဂ်ဆိုတာ ဘာပါလိမ့်လို့ အနည်းငယ်မျှသော မြည်းစမ်းမှုနဲ့သာ နှစ်သိမ့်နေရဟန် ရှိပါတယ်။ ကြားထဲက ဓားစာခံအဖြစ် လူမုန်းခံလိုက်ရတာကတော့ အာဏာပိုင်တွေက ဆင့်ခေါ်ခံရလို့ သင်တန်းသွားပေးမိတဲ့ ထင်ရှားတဲ့ ဘလော့ဂါတချို့ပါပဲ။

သတိထားမိတဲ့ အချက်တခုကတော့ မိမိအမြင်နဲ့ ယုံကြည်ချက်၊ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ရေးချင်ပေမယ့် လက်ရှိနေနေရတဲ့ အခြေအနေကြောင့် ထိန်းထိန်းသိမ်းသိမ်းရေးရင်းနဲ့ ယုံကြည်မှုနဲ့ လိုလားမှုကို မသိမသာ ဖော်ထုတ်နေရတဲ့ မြန်မာပြည်တွင်း ဘလော့ဂါ တချို့ရဲ့ ခံစားချက်ကိုပါပဲ။ ပွင့်လင်းစွာ ရေးသားနိုင်တဲ့ အခြေအနေတခုသာ ရှိနေခဲ့ရင် လွတ်လပ်ပေါ့ပါးတဲ့ သူတို့ရဲ့ အတွေးစိတ်ကူးတွေက ထွက်ကျလာမယ့် ခံစားချက် အနုပညာတွေဟာ ဘယ်လိုများ ရှိနေလေးမလဲလို့ တွေးကြည့်မိပါတယ်။

ဘလော့ဂ် ရေးတာကနေ ဘာတွေရနိုင်ပါသလဲ လို့ ကျနော့်ဘာသာမေး ကျနော့်ဘာသာ ဖြေကြည့်မိဖူးပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အကျိုးအမြတ်နဲ့ ဆုတ်ယုတ်မှု ဘာမှ မရပေမယ့် မိမိနဲ့ ခံစားချက်တူတဲ့ တခြားသောသူတွေ မြောက်မြားစွာ ရှိနေတယ်ဆိုတဲ့ အသိနဲ့၊ အဲဒီ ခံစားချက်တူသူ မိတ်ဆွေများရဲ့ အားပေးစကား မှတ်ချက်တွေ၊ အကြံပြုချက်တွေကတော့ ဘာနဲ့မှ အဖိုးမဖြတ်နိုင်တဲ့ ဘလော့ဂ်က ရတဲ့ အကျိုးအမြတ်ပါပဲ။ အဲဒီ အကျိုးအမြတ် တခုတည်းအတွက်နဲ့ပဲ အချိန်၊ ငွေ၊ အတွေး၊ အားစိုက်မှု တွေကို ရက်ရက်ရောရောကြီး အသုံးချပြီး ဘလော့ဂ် ရေးနေမိတော့တာပါပဲ။

ဘလော့ဂ်ရေးတာကို ကျနော်က ပန်းတိုင်တခုကို လျှောက်နေတာလို့ ကိုယ့်စိတ်ကူးနဲ့ကိုယ် ခံစားပါတယ်။ ထပ်တူထပ်မျှ ခံစားမိသူ တချို့ အားပေးကြပါတယ်။ ဒီလိုနဲ့ပဲ ပို့စ်တွေ တခုပြီး တခုရေးရင်း…၊ ကျနော်သည်လည်း ပျော်ပျော်ကြီး ဘလော့ဂ်ရင်း… ခြေလှမ်းတွေ တလှမ်းပြီး တလှမ်း၊ တလှမ်းပြီး တလှမ်း…၊ လှမ်းရင်းနဲ့ပေါ့…။

မြန်မာဘလော့ဂ် လောကကြီး ယခုထက်ပိုမို လွတ်လပ်ပွင့်လင်းစွာ စည်ပင်နိုင်ပါစေ…။


ကလိုစေးထူး

(ကိုမျှားပြာ Tag ထားခြင်းအား ခံစားရေးဖွဲ့ပါသည်။)

Thursday, December 13, 2007

စပ်မိစပ်ရာ…(၁၆)

မြန်မာ အမျိုးသားဘောလုံး အသင်းဟာ ၁၉၉၅ ခုနှစ် အရှေ့တောင် အာရှ ဆီမီးဖိုင်နယ်တုန်းက ဗီယက်နမ်ကို ရှုံးခဲ့တဲ့ အကြွေးကို ဒီနှစ်မှာ ဆပ်နိုင်ခဲ့ပါပြီ။ ပြိုင်ပွဲရဲ့ အစပိုင်း ရလဒ်တွေက အားရစရာ မကောင်းခဲ့ပေမယ့် ဗီယက်နမ်ကို နိုင်လိုက်တဲ့ ဒီအနိုင်ကိုတော့ တော်တော်လေး အားရမိပါတယ်။ မချင့်မရဲ ဖြစ်ရတာက အဲဒီပြိုင်ပွဲရဲ့ High light ကို လိုက်ရှာတာ ဘယ်မှာမှ ရှာမရတာပါပဲ။ မြန်မာက ထိုင်းကို သုံးဂိုး နှစ်ဂိုးနဲ့ ရှုံးနိမ့်တဲ့ High Light တော့ ယူကျုမှာ တွေ့လိုက်ပါတယ်။

အရှေ့တောင် အာရှ အားကစားပွဲမှာ မြန်မာအသင်း ဆုတံဆိပ်ရရှိမှု အခြေအနေကို (ဘယ်ပြိုင်ပွဲမှာ ဘာဆုတွေ ရတယ်ဆိုတာ) လိုက်ရှာတော့လည်း ကျနော်ကပဲ အရှာညံ့တာလားတော့ မသိ၊ တိပစွာ စာရင်းပြုစုပေးထားတဲ့ ၀က်ဘ်ဆိုက် ရှာမတွေ့ခဲ့ပါဘူး။ ဒီတကြိမ်မှာတော့ မြန်မာဂိုးလ် လို့ နာမည်ပေးထားပြီးတော့ မြန်မာဘောလုံးအသင်းရဲ့ သတင်းအတိုအထွာလေးတောင် တစိုးတစိမှ မပါဝင်တဲ့ www.myanmargoal.com ကိုလည်း အူပွမိပါတယ်။ ခေတ်ပြိုင်လို နိုင်ငံရေးရာ သတင်းဦးစားပေး တင်တဲ့ သတင်း ၀က်ဘ်ဆိုက်မှာတောင် မြန်မာက ဗီယက်နမ်ကို နိုင်တဲ့သတင်းကို ဦးဦးဖျားဖျား တင်ပေးပါသေးတယ်။

မြန်မာအသင်းက ဘယ်လောက်ပဲ အားနည်းချက်တွေ ရှိနေပါစေ ဗိုလ်လုပွဲမှာ ထိုင်းနဲ့ ကန်တဲ့အခါ နိုင်စေချင်မိပါတယ်။ နိုင်သည် ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ကိုယ့်နိုင်ငံ အသင်းဆိုတော့လည်း အားပေးရမှာပါပဲ။ ဒီပို့စ်တင်ပြီး နောက်နေ့မှာ အဲဒီသတင်းသိသူများ ရှယ်ယာ လုပ်ကြပါအုံး။ :)

မြန်မာနိုင်ငံမှာ ရွှေဈေးတွေ အဆမတန် တက်လာတာကို ပါးနပ်စွာနဲ့ တင်ပြတဲ့ ပြည်တွင်းဂျာနယ် တစောင်ရဲ့ သတင်းရေးဟန်ကို ဖတ်လိုက်ရပါတယ်။ အဲဒီ သတင်းရေးပုံကို ဖတ်မိတော့ လွန်ခဲ့တဲ့ တနှစ်နီးပါးလောက်က ကျနော်တို့တွေ မြန်မာဘလော့ဂါ စာအုပ်ထွက်ဖို့ ၀ိုင်းဝန်း စဉ်းစားကြတုန်းက ဘလော့ဂါ မိတ်ဆွေကြီးတယောက်က ပြောခဲ့ဖူးတာလေးကို သတိရမိပါတယ်။ သူက…

`သတင်းရေးရာမှာ အကိုရာ၊ ဥပမာ ကြက်သွန်တွေ ဈေးတက်နေပြီ လို့ ရေးရင် သေချာတယ်၊ ဆင်ဆာထိမှာပဲ အဲဒီတော့ ကြက်သွန်တွေ ဈေးမြောက်တယ်ပေါ့´

အခုဖတ်မိတဲ့ သတင်းမှာကတော့ `၂၀၀၇ ခုနှစ် တနှစ်ကာလအတွင်း ရွှေဈေးနှုန်းများ သိသာစွာ ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့´ လို့ တင်ပြထားပြီးတော့ ပြောင်းလဲသွားတဲ့ လစဉ် အလိုက် ရွှေဈေးနှုန်း ဇယားကိုပါ ဖတ်လိုက်ရပါတယ်။ ဇန်န၀ါရီလတုန်းက တကျပ်သားကို ၄၁၇၀၀၀ ကျပ် ရှိရာက ဒီဇင်ဘာလ ရောက်တော့ ၅၁၅၀၀၀ ကျပ်အထိ ပြောင်းသွားတဲ့ ဈေးနှုန်းက ကြောက်ခမန်းလိလိပါပဲ။ ဧရာဝတီ သတင်းဌာနက သတင်းတပုဒ်မှာတော့ အာဏာပိုင်တွေက အဲဒီ ရွှေဈေးနှုန်းတွေကို ချပေးဖို့ ရွှေလုပ်ငန်းရှင်များကို အစည်းအဝေး ဆင့်ခေါ် ဖိအားပေးတယ်လို့ ဖတ်လိုက်ရပါတယ်။

၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်ရဲ့ ပထမခြောက်လပတ် အတွင်းမှာတင် တရုတ်-မြန်မာ ကုန်သွယ်မှု တန်ဘိုး အမေရိကန် ဒေါ်လာ သန်း ၉၂၀ ရှိပါပြီတဲ့။ ဒါကြောင့်လဲ တရုတ်ကြီးက မြန်မာစစ်ဘိုချုပ်ကြီးများ ဘာလုပ်လုပ် အပြစ်တော် မမြင်တော်မူအားဘဲ မြန်မာ့သယံဇာတတွေကို တဖက်လှည့်နဲ့ ကောင်းကောင်းကြီး ဈေးနှိမ်နေသလားလို့ တွေးမိပါတယ်။ မြန်မာပြည်ထွက် သဘာဝဓာတ်ငွေ့ အများအပြားကိုလည်း တရုတ်ကြီးက ၀ယ်ယူခွင့်ရနေလေတော့ …။

လူအများက မေတ္တာဝိုင်းထားကြလို့ `စိတ်ရောဂါ ဖြစ်နေပြီ´ လို့ ကောလဟလ သတင်းတွေ ပျံ့နေတဲ့ ဘိုချုပ်မှူးကြီး သန်းရွှေရဲ့ ပုံတွေ နေ့စဉ်ဆိုသလိုပဲ သတင်းစာတွေမှာ ဖော်ပြပါရှိနေတာကတော့ `အေးဆေးပါပဲကွ´ လို့ သွယ်ဝိုက် ပြောနေသလားပါပဲ။ မတရားတာ လုပ်တဲ့လူများ တယ်လဲ အသက်ရှည်တာကိုး လို့ စိတ်အချဉ်ပေါက်စွာ တွေးမိပါတယ်။

ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်က ကုလသမဂ္ဂကို မြန်မာ့အရေး ၀င်မစွက်ဖို့ ပြောဆိုပြီး မြန်မာပြည် စစ်အာဏာပိုင်တွေကို ချီးကျူးလိုက်ပါတယ်။ ဒါဟာ မြန်မာဝန်ကြီးချုပ် ဘိုချုပ်ကြီး သိန်းစိန်ရဲ့ ချစ်ကြည်ရေး ခရီးနောက်ပိုင်း မြန်မာ စစ်အာဏာပိုင်တွေကို ပထမဆုံး အကြိမ် လူသိရှင်ကြား ထုတ်ဖော် ချီးကျူးလိုက်တာ ဖြစ်ပါတယ်။

ထိုင်းမြန်မာ နယ်စပ်က ဒုက္ခသည် စခန်းတခုကို မကြာသေးမီကာလက စပြီးတော့ ရိက္ခာတွေ လျှော့ချခဲ့ပါတယ်။ ဒါနဲ့ အဲဒီ စခန်းကတဆင့် အမေရိကန်ကို ရောက်လာကြတဲ့ လူတချို့က နီးစပ်ရာအလိုက် ငွေစကလေးတွေ စုပြီး ဟိုမှာ ကျန်ခဲ့တဲ့ သူတို့ လက်လှမ်းမှီရာ မိသားစုတွေကို ကူပံ့ပေးဖို့ စီစဉ်ပါတယ်။ အဲဒီအလှူမှာ ကျနော်လည်း တတ်အားသရွေ့ ထည့်ဝင်ပြီးတော့ ထိုင်းကို ငွေပို့တဲ့ ကိစ္စကိုပါ စီစဉ်ဆောင်ရွက်ဖြစ်ခဲ့ပါတယ်။

ငွေပို့ရာမှာ Western Union စနစ်ကို သုံးပြီး ပို့ပါတယ်။ ထိုင်းနိုင်ငံမှာ ငွေထုတ်မယ့်လူက တရားဝင် အိုင်ဒီ တခုခု ရှိရမှာမို့ အဲဒီက ထိုင်းနိုင်ငံသား တယောက်ကို အငှားသဘောမျိုး သုံးရတယ်လို့ သိရပါတယ်။ ဒီလိုနဲ့ ပို့ဖြစ်လိုက်ရော ဆိုပါတော့…၊ စုစုပေါင်း ၁၁၂၀ ဒေါ်လာ။ ဒီဘက်က ငွေပို့ခကတင် ၈၅ ဒေါ်လာ ပေးလိုက်ရပါတယ်။ ဟိုဘက်က ရမယ့် ငွေပမာဏကို ကြည့်လိုက်တော့ ထိုင်းဘတ်ငွေ ၃၄၀၀၀ ကျော်။ မဆိုးဘူးပေါ့…။

ပို့ပြီး နှစ်ရက်ကြာတော့ သူတို့အချင်းချင်း ဖုန်းချင်းချိတ်ကြပါတယ်။ ငွေရောက်ပြီလား…ပေါ့။ ဟိုကလည်း ရောက်ပြီပေါ့။ ဒါပေမယ့် ကြားထဲက အိုင်ဒီ အငှားသုံးခွင့်ပေးတဲ့ ထိုင်းလူမျိုး ငနဲက ၀န်ဆောင်စရိတ် တဆယ်ရာခိုင်နှုန်းတောင် ဖြတ်ယူလိုက်ပါသတဲ့။ စုစုပေါင်း ဘတ် ၃၄၀၀ ကို ငွေလွှဲခအဖြစ် သူက ယူလိုက်တယ်လို့ သိရတော့ စိတ်ထဲမှာ ထောင်းခနဲ ဖြစ်သွားပါတယ်။ ဒါပေမယ့် ခံရပါများနေလို့လားတော့ မသိ၊ အဲဒီ စခန်းထဲက ထွက်လာတဲ့ လူတွေကတော့ ဒါကို မထူးဆန်းတော့သလို ခပ်ပြုံးပြုံးပါပဲ။ တခွန်းပဲ ပြောပါတယ်။ `ကျနော်တို့က ထိုင်းနိုင်ငံသား မဟုတ်ဘူးလေ´ တဲ့…။

သြော်…၊ ခေတ်သစ် ချစ်တီးပါလား လို့သာ မသက်မသာ တွေးရင်း ဒီတပတ် စပ်မိစပ်ရာကတော့ ဒီမျှပါပဲ။ နောက်တပတ်မှာ ပြန်ဆုံကြပါစို့။

ကလိုစေးထူး

Tuesday, December 11, 2007

နိုင်ငံခြား သွားမယ်ဆိုရင်…

မနေ့က ဖြစ်ပါတယ်။

ကျနော့် အီးမေးလ်တွေ စစ်လိုက်တော့ မြန်မာပြည်ထဲက ပို့လိုက်တဲ့ စာတစောင် ရောက်နေပါတယ်။ ဒါနဲ့ ဖွင့်ဖတ်ကြည့်လိုက်တော့ ကျနော့်ရဲ့ ဘလော့ဂ်ကို မကြာခဏ လာဖတ်လေ့ရှိတဲ့ စာဖတ်သူ တယောက်က ပို့လိုက်တဲ့ စာဖြစ်နေပါတယ်။ သူ ရေးပို့ပေးတဲ့ စာထဲမှာ ပါတဲ့ အချက်အလက်တွေက ကျနော် တဦးတည်းသာတင်မက အားလုံးကပါ ၀ိုင်းဝန်း ဖြေကြားပေးကြရင် ပိုကောင်းမယ်လို့ ယူဆလို့ အဲဒီ မိတ်ဆွေရဲ့ ခွင့်ပြုချက်ကို တောင်းခံပြီးတော့ ကျနော့် ဘလော့ဂ်မှာ တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခြေအနေအရ အဲဒီ မိတ်ဆွေရဲ့ နာမည်နဲ့ အချက်အလက်တချို့ကိုတော့ ထိန်ချန်ခွင့်ပြုပါ။

ကျနော့်အနေနဲ့ အခု ပို့စ်ကို လာဖတ်မိသူ အားလုံးကို မေတ္တာရပ်ခံချင်တာကတော့ မိမိရောက်နေတဲ့ နိုင်ငံအလိုက်၊ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေနဲ့ အခက်အခဲတွေ၊ အကြံပြုချင်တာတွေကို ဝေမျှပေးစေချင်ပါတယ်။ မိမိအတွေ့အကြုံနဲ့ ထင်မြင်ချက်ကို လွတ်လပ်စွာနဲ့ ကြိုက်သလို ရေးနိုင်ပါတယ်။ မြန်မာပြည်ကနေ နိုင်ငံရပ်ခြားကို သွားရောက်ဖို့ စဉ်းစားနေသူတွေအတွက် အခု ကျနော်တို့ ရေးလိုက်တဲ့ အတွေ့အကြုံတွေ၊ အကြံဉာဏ်တွေကနေ တဆင့် အကောင်းဆုံး ရွေးချယ်စရာ လမ်းတခုခု ရသွားတယ် ဆိုရင်တောင် ကျေနပ်စရာကောင်းမှာပါပဲ။

ကျနော့်ဆီကို ရောက်တာတဲ့ စာ မူရင်းကတော့ အောက်ပါအတိုင်းပါပဲ…

ကို ကလိုဆေးရေ...

အစ်ကိုက ကျနော်ကိုမသိပေမယ့် ကျတော်ကတော့ မကြာမကြာ အစ်ကို့ရဲ Blog ကိုရောက်ဖြစ်ပါတယ်။
ကျတော်နာမည်က … … … … … … … … … … … … … …
… … … … … … … … … … … … … …… … … …
… … … … … … … … … …… … … … … … … …
… … … … … …… … … … … … … … … … … …

ကျနော့်အနေနဲ့ ပြောစရာတွေရှိပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့တွေဟာ လုပ်ရင်းနဲ့သင်ယူနေရတာကြောင့်
ဝေဖန်မှုတွေကတစ်ဆင့် သင်ကြားနေရတယ် ဆိုတာကတော့ အမှန်ပါပဲ။ နောင်ကိုလည်း ဘယ်အရာကိုဆို ဝေဖန်နိုင်ပါတယ်လို့လည်း ပြောချင်ပါတယ်။ မေးလ်လိပ်စာ လှမ်းတောင်းလိုက်ရတဲ့ အကြောင်းကတော့ အစ်ကို့ကို မေးစရာလေးရှိလို့ပါ။


အင်တာဗျူးပေါ့ဗျာ။ ပြည်ပမှာရောက်နေတဲ့ လူတွေဖြေပေးနိုင်ရင် ကောင်းမယ့် အကြောင်းလေးတွေပါ။
ကျနော်တို့ဆီမှာ ခုလူငယ်တွေရော၊ လူကြီးတွေပါ စဉ်းစားနေကြတာက နိုင်ငံခြားသွားမယ် ဆိုတဲ့အကြောင်းပါ။
ပိုက်ဆံရှိတဲ့လူတွေပါသလို၊ ပိုက်ဆံမရှိတဲ့လူတွေလည်း ပါပါတယ်။ အများစုကတော့ ရောက်သွားဖို့သက်သက်ကို အရင် စဉ်းစားပါတယ်။ နောက်မှမီးစင်ကြည့် ကမယ်ဆိုတာတွေလည်းပါပါတယ်။
အဆင်ပြေသွားတဲ့ လူတွေရှိသလို အဆင်မပြေဘဲ ပြန်လာရတဲ့လူတွေလည်း ရှိနေရတယ်လို့
ကြားနေရပါတယ်။ အေးဂျင့်တွေ မသမာမှုလုပ်တယ် ဆိုတာတွေလည်း နောက်ပိုင်းတော်များများ တွေ့လာရပါတယ်။ အများစုကလည်း ကိုယ့်အားကိုယ်ကိုးချင်တဲ့ ပုံစံတွေတွေ့နေရပါတယ်။
လတ်တလော ဒီမှာယေဘုယျအားဖြင့်…

နိုင်ငံခြားမှာ သွားရောက်ဖို့ စဉ်းစားကြတယ်ဆိုတဲ့ နေရာမှာ ပုံစံအမျိုးမျိုး ရှိတဲ့အထဲက
အပြော များနေတာကတော့ ကျောင်းသွားတက်ရင်းနဲ့ ပညာရှာ အချိန်တန်ရင် အလုပ်ပါရနိုင်တယ် ဆိုတဲ့လမ်းကြောင်း။

နောက်တစ်ခုက တရားဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ၊ အရင်ဆုံး ရရာအလုပ်လုပ်ပြီး နောက်မှ အခြေအနေကြည့် ဆက်လုပ်မယ် ဆိုပြီး စဉ်းစားတဲ့လမ်းကြောင်း။

တစ်ချို့ကတော့
မိဘကလည်း ပိုက်ဆံရှိတယ်၊ နိုင်ငံခြားသွားလို့ ပိုအဆင်ပြေဖို့ပဲ ရှိတယ်ဆိုတဲ့ လမ်းကြောင်း၊

ဒီတစ်မျိုးကတော့ ရှားပါသေးတယ်။
ဒီမှာတတ်တဲ့ပညာနဲ့ နိုင်ငံခြားမှာ အဆင်မြင့် အလုပ်အကိုင်တစ်ခုကို လုပ်ကိုင်ဖို့သက်သက်နဲ့ ထွက်ဖို့ ရည်ရွယ်တဲ့သူတွေပါ။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးမှာ သွားမယ်ဆိုတဲ့အတွေးတွေရှိနေပါတယ်။


အားလုံးကလည်းသွားဖို့နဲ့ အတူ အဆင်ပြေမှာပါဆိုတဲ့ အိပ်မက်တွေလည်းပါနေကြပါတယ်။ သွားပြီးမှ အဆင်မပြေ ဖြစ်တာကိုတော့ဘယ်သူမှမလိုချင်ကြပါဘူး။ အများစုက အခြေကျနေထိုင်ဖို့အထိ
စဉ်းစားလာကြတော့ နိုင်ငံခြားမှာလက်တွေ့နေထိုင်နေတဲ့ လူတွေအနေနဲ့ နိုင်ငံခြားသွားဖို့ပြင်နေကြတဲ့လူတွေကို
ဘယ်လိုအကြံတွေများ ပေးနိုင်ကြမလဲ။

သူတို့ကိုယ်စား မေးခွန်းတစ်ချို့မေးလိုပါတယ်။ သီးခြားလွတ်လပ်သောအမြင်တွေပေးနိုင်ရင်
ပိုကောင်းပါတယ်။ ကျနော်မေးလိုတဲ့မေးခွန်းတချို့ကတော့ … …


၁။ နိုင်ငံခြားသွားတဲ့လူတိုင်း အဆင်ပြေဖို့ဆိုတာ မျှော်လင့်ချက်အားဖြင့် ဘယ်နှစ်ရာခိုင်နှုန်းလောက်ရှိနိုင်ပါသလဲ။ (ဒီမေးခွန်းအတွက်ဖြေဆိုပေးတဲ့နေရာမှာ အစမှာပြောခဲ့တဲ့ စဉ်းစားပုံ လမ်းကြောင်းပေါ်ကို အခြေခံစေလိုပါတယ်။
ယေဘုယျအားဖြင့်လည်းဆွေနွေးနိုင်ပါတယ်။)

၂။ ပထမဆုံးကျောင်းသွားတက်မယ်...။ ကျောင်းတက်ရင်းအလုပ်လုပ်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ကျောင်းပြီးမှ အလုပ်ရှာလုပ်မယ် ဆိုတာလည်းရှိမယ်။ အလုပ်အတွက် သီးသန့်သွားတာ မဟုတ်ဘဲ ကျောင်းသွားတက်ရင်း အလုပ်ရှာ၊ နောက်… အခြေကျနေထိုင်ဖို့ စဉ်းစားတဲ့လူတွေ အတွက် ဘယ်လိုအခက်အခဲမျိုးတွေ ရှိနိုင်မလဲ။

၃။ တချို့ကလည်းရှိပါတယ်။ သားသမီးတွေ နိုင်ငံခြားသွားနိုင်ဖို့ ရှိသမျှအရင်းအနှီး၊ အိမ်ရာ အစရှိသဖြင့်ထုခွဲပြီး စွန့်စားလိုက်ကာမှ အဆုံးမှာ အခက်တွေ့နေရတဲ့ လူတွေပါ။ ဒီလိုစွန့်စားတာမျိုးကောလုပ်သင့်ပါသလား။

၎။ နိုင်ငံခြားထွက်တယ်ဆိုတာ အရည်အချင်းရှိသူတွေရဲ့ ထွက်ပေါက် ဖြစ်တယ်။ နိုင်ငံခြားမှာကြုံရမယ့် စိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိမယ့် အရည်အချင်းမျိုး မရှိရင် မလွယ်လှဘူး ဆိုတာတွေ ပြောနေကြတာရှိပါတယ်။ ဒါကကော ဘယ်လောက်အထိမှန်နိုင်မလဲ။ နောက် နိုင်ငံခြားမှာ
င်္ကြုရနိုင်တဲ့ စိန်ခေါ်မှုတွေကရောဘာတွေများဖြစ်နိုင်မလဲ။

၅။ ကျနော်တို့မြန်မာတွေအတွက်ရော နိုင်ငံခြားကအလုပ်အကိုင်အခွင့်အလမ်းဆိုတာ ဘယ်လောက်ရှိနိုင်ပါသလဲ။

၆။ နောက်ပြောကြတာတွေလည်းရှိပါတယ်။ နိုင်ငံခြာသွားတယ်ဆိုတာ ထီထိုးတာမဟုတ်ဘူး။ ဖြစ်နေတာက
စွန့်စားပြီး သွားရတာတွေ ဖြစ်နေတယ်။ သက်သက်သာသာမဟုတ်ပဲ ပြန်မရတဲ့လူတွေက များနေတယ်။
အလုပ်ကြမ်းသမားမဟုတ်တော့ အခက်င်္ကြုတဲ့အခါ ဖြေရှင်းဖို့ခက်ပြီး မအပ်စပ်တာတွေ၊ မမျှော်လင့်တာတွေ
ဖြစ်လာရတယ်။ မိန်ခလေးတွေ ဆိုရင် ယဉ်ကျေးမှုအရ မတူညီတာတွေ အများကြီးရှိနေတော့ လိုက်လျောညီထွေ
ဖြစ်ဖို့၊ အခက်အခဲရှိလာတဲ့အခါ အလွယ်တကူဖြေရှင်းနိုင်ဖို့ ဆိုတာတွေမှာ လက်တွေ့အနေအထားအရ ရုန်းကန်
နေရတဲ့ အခြေအနေတွရှိနိုင်တယ်ဆိုတာတွေလည်းကြားနေရပါတယ်။ ဒါတွေကရော ဘယ်လောက်အထိ မှန်ကန်မှုတွေ ရှိနိုင်ပါသလဲ။

၇။ နိုင်ငံခြားမှာနေထိုင်ဖို့ ကုန်ကျစရိတ်အသေးအဖွဲက စလို့ ကုန်ကျစရိတ်တွေ ဘယ်လောက်ရှိနိုင်ပါသလဲ နဲ့
အစ်ကိုတို့ဆီမှာရော သာမန်လူတစ်ယောက်ရတဲ့ ၀င်ငွေနဲ့ ထွက်ငွေ ကွာဟမှုက ဘယ်လောက်ရှိနိုင်ပါသလဲ။

၈။ နောက်ဆုံးအနေနဲ့ နိုင်ငံခြားသွားမယ့်လူတစ်ယောက်ဟာ သေချာပြင်ဆင်ပြီမှ သွားသင့်ဆိုတာကို လက်ခံပါသလား ဆိုတာနဲ့ ရင်းနှီးမြှုပ်နှံမှု အသွင်ဆောင်လာတဲ့ နိုင်ငံခြားသို့သွားရောက်မှုတွေ အတွက် ထွက်ခွာသူတွေဟာ ဘယ်လိုပြင်ဆင်မှုတွေ လုပ်သင့်သလဲဆိုတာ သီးခြားအင်္ကြပေးစေလိုပါတယ်။

မှတ်ချက်။ ။ ပြည်ပသွားရောက်မည့်သူများ အခက်မတွေ့စေရန်
ရည်ရွယ်ချက်သက်သက်ဖြင့်သာ မေးမြန်းခြင်းဖြစ်ပါသည်။

Monday, December 10, 2007

ကျနော့် တနေ့တာ...

` ♪♫♪♫♫ … ♪♫♪♫♫ … ♪♫♪♫♫ ´

တီးလုံးသံ ချိုရွှင်ရွှင်က နားထဲကို တွန်းတွန်းတိုက်တိုက် ၀င်လာတာကြောင့် လူက ဖြတ်ခနဲ နိုးသွားသည်။ ပြတင်းမှ တဆင့် အပြင်လောကကို လှမ်းငဲ့ကြည့်တော့ မှောင်လို့ ကောင်းတုန်း…။ လေတိုးသံ တ၀ှီးဝှီးက မညီမညာ စည်းချက်တခုနှယ် မှန်တံခါးကို ရိုက်ခတ်နေသေးသည်။ မီးဖွင့်ပြီး နာရီကို ကြည့်လိုက်တော့ …။

`မနက် ခြောက်နာရီ ထိုးပြီပဲ၊ … ၀ါး … (((((´

ပျင်းကြောတချက်ကို အားရပါးရ ဆွဲဆန့်လိုက်ရင်း ရေချိုးခန်းထဲဝင် ကိုယ်လက်သုတ်သင်၊ မျက်နှာသစ်ပြီး မှန်ကို မော့ကြည့်တော့ အိပ်ချင်နေသေးဟန် မျက်နှာတခုက မှုန်ကုပ်ကုပ်နှင့် ပြန်ကြည့်နေ၏။ `ဟဲလို…၊ ဂွတ်ဒ်မောနင်းးး´ လို့ လှမ်းနှုတ်ဆက်တော့ သူကလည်း စိတ်တူကိုယ်တူနှင့် အားရပါးရ ပြန်နှုတ်ဆက်သည်။

ကွန်ပြူတာရှေ့မှာ ခဏထိုင်ရင်း ဘလော့ဂ်ကို ဖွင့်လိုက်တော့ ကမ္ဘာတ၀ှမ်းက မောင်နှမတွေက ကျနော့်ကို နွေးထွေးစွာ လှမ်းနှုတ်ဆက်နေလေဟန်…။ စောစောက အိပ်ချင်နေသေးသော စိတ်က ပျောက်သွားပြီး လူက လန်းဆန်း တက်ကြွလာသလိုလို ခံစားလိုက်ရသည်။ ဒီလိုနဲ့ တခြားသော ဘလော့ဂ်တွေကိုလည်း ဟိုဟိုဒီဒီ လိုက်ဖတ်၊ အင်း…၊ မနက်စာ တခုခု စားအုံးမှ။

လက်ဖက်ရည်မှုန့်ထုပ် တထုပ်ဖောက်၊ ရေနွေးထည့်၊ မုန့်ခြောက်တထုပ်ကို ဆွဲယူ စုစုပေါင်း အချိန် သုံးမိနစ်အတွင်းမှာ စားရန် အဆင်သင့်ဖြစ်သွားသည်။ မုန့်ခြောက်ကို ဂျွမ်းခနဲ ၀ါးလိုက်၊ လက်ဖက်ရည်ကို တဖူးဖူး မှုတ်သောက်လိုက်နှင့် ၀မ်းထဲက ပိုးမျိုး ရှစ်ဆယ်ရဲ့ ဆန္ဒပြမှုကို သုံးနာရီစာအတွက်တော့ စေ့စပ်ညှိနှိုင်းဖို့ အဆင်ပြေသွားသည်။ ဒီလိုနဲ့ အင်တာနက်တောမှာ အတန်ငယ် မျောသွားပြန်သည်။ … … … … … … … ။

`ဟာ၊ ခြောက်နာရီ ၅၀ ရှိနေပြီပဲ´

မစောင့်ချင်သော အချိန်ကို ဆွဲခေါ်နေလို့လည်း မထူးတော့မယ့် အတူတူ အလုပ်ကို အချိန်မီရောက်ဖို့ စက်ကို ကမန်းကတန်းပိတ်၊ အလုပ်သွားဖို့ ပြင်ရသည်။ အိမ်အပြင်ကို ထွက်လိုက်တော့ ဆောင်းရဲ့ သရုပ် လေကြမ်းအေးစက်စက်က လူကို မညှာမတာနဲ့ ၀ှီးခနဲ ဖြတ်ရိုက်လိုက်တော့ အကြောထဲ စိမ့်နေအောင် မေးခိုက်သွား၏။ စီးတော်ယာဉ် ဖွတ်ချက်က `မြန်မြန်လာကွ´ ဟု စိတ်မရှည်စွာ ခေါ်နေဟန် …။ အလုပ်ထဲရောက်တော့ အချိန်မှတ် ကဒ်ပြားကို အလောသုံးဆယ်ဖြင့် နှိပ်ပြီး အလုပ်ရောက်ချိန်ကို ပြန်ကြည့်တော့ ၆ နာရီ ၅၉ မိနစ်…။ `တယ်ဟုတ်တဲ့ ငါပါလား´ လို့တောင် မြောက်ချင်ချင်။ (အမှန်က အလုပ်ထဲက နာရီက ငါးမိနစ်စာလောက် နောက်ကျနေလို့)

အလုပ်ထဲရောက်တော့ ထိုင်နေကျ ခုံနှင့် အလုပ်စားပွဲက ငြီးငွေ့စရာကောင်းလှသော စက်သံကို အဖော်ပြုရင်း ကျနော့်ကို ပျင်းတွဲတွဲဖြင့် ကြိုဆို၏။ ထိုင်ရပြန်ပေါ့ တနေ့တာ…။

တနေ့တနေ့ ကျနော့်ရဲ့ ထိုင်ချိန်က အနည်းဆုံး ၁၃ နာရီကနေ ၁၅ နာရီခန့်အထိပင် ရှိမလား မသိ။ အလုပ်လုပ်ချိန်က ရှစ်နာရီ၊ အလုပ်က ပြန်လာတော့လည်း blogging နဲ့ chatting က တနေ့ကို အနည်းဆုံး ငါးနာရီကနေ တခါတလေဆို ၇ နာရီခန့်အထိ ဆိုတော့ လူက ကျောအောင့်တာလည်း သိပ်တော့ မဆန်း။ ထားပါတော့…။

အလုပ်လုပ်ရင်းနဲ့ ရနိုင်တဲ့ ကျနော် အကြိုက်ဆုံး အရသာ တခုကတော့ `တွေးတောခြင်း´ ဖြစ်သည်။ တနေ့တနေ့ ဘလော့ဂ်မှာ ဘာရေးရရင် ကောင်းပါ့မလဲ ဆိုတာကို ကျနော် အလုပ်လုပ်ရင်းဖြင့် တွေးသည်။ မနေ့ညက ဘာဖတ်မိတယ်၊ ဟိုတယောက်ရေးတာကတော့ တော်တော် နမူနာယူစရာကောင်းတာပဲ၊ ဒီတယောက်ကျတော့ တမျိုးပဲ၊ သတင်းတွေကတော့ ဒီလို စသဖြင့် စသဖြင့် ကျနော် အတွေးတွေကို ကောင်းကောင်း အလုပ်ပေး၏။ အဓိကကတော့ `ဒီနေ့ ကျနော် ဘာရေးရမလဲ၊ လာဖတ်တဲ့လူတွေကို ဘာမက်ဆေ့ ပေးရင်ကောင်းမလဲ´ ဆိုသည့် အတွေးပင်။ ရေးဖို့အတွက် အကြောင်းအရာ တခုခုကို စိတ်ထဲမှာ ဆုံးဖြတ်ပြီးသွားရင်တော့ နီးရာစာရွက်တခုမှာ အတိုကောက် ရေးခြစ်ထားလိုက်၏။

တခါတလေတော့လည်း ကဗျာစာသား တပိုင်းတစက ခေါင်းထဲကို ရောက်လာတတ်၏။ တချို့လည်း တပုဒ်လုံးအဖြစ် ကဗျာလားမြောက်သွားသလို တချို့တော့လည်း အေးချမ်းမေ သီချင်းလိုပင် တစစီကျိုးပဲ့သွားသော အပိုင်းအစများနှယ် ဟိုတစ ဒီတစ…။ မှတ်မှတ်ရရ `ငါပြိုင်ပွဲ´ ကဗျာမှာ အလုပ်ထဲတွင် တွေးရင်းနှင့် ရလာသော ကဗျာဖြစ်သည်။

အခုလည်း တွေး…၊ တွေး…၊ တွေး … … …။

`ကလင် ကလင် ကလင် (((((((((((((((´

တနေ့တာအချိန်ထဲမှာ အဲဒီ ခေါင်းလောင်းသံက မနက်ကျရင် ငှက်ဆိုးထိုးသံနှင့် တူသလောက် ညနေရောက်ရင်တော့ နားဝင်ချိုလှသည်။ နာရီကို ကြည့်လိုက်တော့ ညနေ သုံးနာရီခွဲ…။ ခေါင်းလောင်းသံ နားထောင်ရသည်မှာ ကြိုးကြာ သီချင်းသံအလား မှတ်ရသည်။

***

အိမ်ကို ပြန်ရောက်တော့ ညနေ လေးနာရီထိုးလုပြီ။ တစစ်စစ် အောင့်နေသော ကျောကြောင့် ဘာမှ မလုပ်နိုင်သေးအားဘဲ တီဗွီရှေ့ ကြမ်းပြင်မှာ ဆန့်ဆန့်ကြီး လှဲအိပ်ပစ်လိုက်သည်။ တခါတလေလည်း မှေးခနဲ အိပ်ပျော်လို့… … …။



တီဗွီကို ဖွင့်ကြည့်လိုက်တော့ Paula DeAnda ရဲ့ Walk away သီချင်းလာနေသည်။ အသံလေးက ကောင်းသား…။ နောက်တော့ ဘောလုံးပွဲ High light တွေကို လိုက်ကြည့်ဖြစ်သည်။

အဲဒီနောက် ရေချိုး၊ ချက်ပြုတ်၊ ဘလော့ဂ်၊ စားသောက်၊ ဘလော့ဂ်၊ ခဏနား၊ ဘလော့ဂ်…။ ပြီးတော့ ဘလော့ဂ်…၊ ဘလော့ဂ်… ဘလော့ဂ် … ဘလော့ဂ်…။

ဆောင်းပါးတပုဒ်၊ စာစု တခုခု ရေးပြီးသွားချိန်တွင် ပြန်ဖတ်ရသည့် အရသာက ဘာနဲ့မှ မတူသလိုပင်။ တခါတလေတော့လည်း အားမလို အားမရ၊ တခါတလေတော့လည်း ပြီးမြောက် အောင်မြင်မှုအတွက် ကျေနပ်မှု ဖြစ်ရသည်။ ဘလော့ဂ်ပေါ်မှာ သို့မဟုတ် တခြားသော အင်တာနက် ၀က်ဘ်ဆိုက် စာမျက်နှာပေါ်မှာ တင်ပြီးတဲ့အခါ ဖတ်ရှုမိသူတွေအနက် ခံစားချက်ခြင်းတူသူများရဲ့ အားပေးစကားကို ရခဲ့ပြီးတဲ့ အခါမှာရတဲ့ ကြည်နူးမှုက နောက်တပုဒ် ထပ်ရေးဖို့ အားအင်တွေ အလားပင်…။

ပိတ်ရက်တချို့ကျရင်တော့ ကျနော့်ရဲ့ စာရေးခြင်း အချိန်တွေက ကားမရှိသေးတဲ့ နီးစပ်ရာ မိတ်ဆွေတွေ သွားလိုရာ ဈေးဆိုင်၊ ဆေးခန်း၊ အပွိုင့်မန့်၊ ဘုရားကျောင်းတွေကို လိုက်ပို့ရတာကြောင့် ပါးလျားနေတတ်သည်။ တခါတလေတော့လည်း ဟိုဘက်ဒီဘက်မြို့က သူငယ်ချင်းတွေရဲ့ မြူဆွယ်ရာနောက် ကောက်ကောက်ပါရင်း သူတို့အိမ်မှာပင် ညအိပ်လို့ ဘုရားမကြိုက်တဲ့ အရည်တမျိုးကို သောက်လို့…။ `ဘီယာဟာ အရက်တော့ မဟုတ်ပါ၊ တငွေ့ငွေ့လေးနဲ့ အတော်လာတာ´ ဆိုတဲ့စကားများ တယ်မှန်သကိုး…။ :D

ဒီလိုနဲ့ ကျနော့်တနေ့တာ အချိန်က တခါတလေတော့လည်း ပျင်းရိစရာ ကောင်းလှစွာ၊ တခါတလေတော့လည်း ပျော်ရွှင်စရာ ကောင်းလှစွာ၊ တခါတလေမှာတော့ … … … … … … …။

နေ့တွေက ရွေ့နေဆဲပင်။ ကျနော်ကရော…။

… … … ... … … … ... … … … ...
… … … ... … … … ... … … … ...
… … … ... … … … ... … … … ...

ကျနော်လည်း ရွေ့နေပါတယ်၊ ဟိုးရှေ့က ပန်းတိုင်ဆီကိုပေါ့ …။

ကလိုစေးထူး

(မှတ်ချက်…။ ညီမချစ်လေပြည် Tag ထားသည်ကို ခံစားရေးဖွဲ့ပါသည်)

Sunday, December 09, 2007

ပြဿနာကို ခွဲခြားလက်ခံရာတွင်…

ဒီတပတ်ပိတ်ရက်မှာ ကျနော်တယောက် ဘယ်မှလဲ ဟုတ်တိပတ်တိ မသွားဖြစ်သလို စာလဲ ကောင်းကောင်း မရေးဖြစ်လိုက်ပါဘူး။ အိမ်ထဲမှာပဲ ငြိမ်ကုပ်ပြီး ဘလော့ဂ်တွေ လိုက်ဖတ်လိုက် Chatting လုပ်လိုက်နဲ့ပဲ ကုန်လွန်သွားပါတယ်။

တမြန်မနေ့ကတော့ ကျနော့်ဘလော့ဂ်ကို တစုံတယောက်က မေတ္တာစေတနာတရား ကြီးမားလှစွာနဲ့ပဲ ကျနော့်နာမည်နဲ့ ပေါက်ကရတွေ ရေးပြီး အားပေးချီးမြှင့်သွားပါတယ်။ မောင်မင်းကြီးသား ကျန်းမာချမ်းသာပါစေ။ :D ကျနော် အားရပါးရကြီး အိပ်ပျော်နေခိုက် သောင်းကျန်းသွားတဲ့ လူမြင်မတော်တဲ့ အဲဒီ ဆဲစာတွေကို ဖျက်ထားပေးတဲ့ မမေဓာဝီကို သိပ်ကျေးဇူးတင်တယ်။

ဒီနေ့ လိုက်ဖတ်ဖြစ်သမျှ ဘလော့ဂ်တွေအနက် ရွှေဂျမ်းရဲ့ ခြားနားမှုကို လက်ခံခြင်း ဆိုတဲ့ ပို့စ်ကို တော်တော်လေး နှစ်သက်မိပါတယ်။ အဲဒီပို့စ်ကို ဖတ်ပြီးတော့ အတွေးတွေလည်း တထွေးကြီး ရခဲ့တယ် ဆိုပါတော့။

`ခြားနားမှုကို လက်ခံခြင်း´ တဲ့…။ စကားလုံးလေးက ရိုးရှင်းလှပေမယ့် တကယ့်တကယ်တမ်းမှာတော့ ခက်ခဲလွန်းလှတာကတော့ လက်ခံနားလည်ခြင်း ဆိုတဲ့ အရာပါပဲ။ မိမိနဲ့ အမြင်မတူသူ တဖက်သားကို အမြင်မတူရကောင်းလား ဆိုပြီး အပြစ်တင်မယ့် အစား သူ ဘာပြောချင်တာလဲ၊ ဒီစကားကို သူက ဘာရည်ရွယ်ချက်နဲ့ ပြောသလဲ၊ သူ့ ရပ်တည်ချက်က ဘာလဲ ဆိုတာကို တလေးတစားနဲ့ လက်ခံပေးဖို့ ဆိုတဲ့ အချက်သာ ရှိခဲ့ရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲ…။

ကျနော် ဘလော့ဂ် စရေးခဲ့တဲ့ ကာလတလျှောက်လုံးမှာ တကယ်တော့ ကျနော့် အရေးအသား၊ ကျနော့် အယူအဆတွေကို လူတွေအားလုံးက ကြိုက်နှစ်သက်ခဲ့တာ မဟုတ်ခဲ့ပါဘူး။ လူ့ သဘောသဘာဝ အရ ကွဲလွဲမှု ဆိုတာဟာ ရှိကို ရှိနေတတ်စမြဲမို့ ကျနော့်စာတွေကို မကြိုက်တဲ့ လူတွေလဲ ရှိခဲ့တာဟာ ထူးဆန်းလှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

ဒါပေမယ့် တချို့သော ပုဂ္ဂိုလ်များရဲ့ မိမိနဲ့ အမြင်မတူသူ တဖက်သား အပေါ် တုံ့ပြန်တဲ့ သဘောထား၊ မှတ်ချက်ချတဲ့ အယူအဆတွေကတော့ တော်တော် စိတ်ပျက်စရာ ကောင်းပါတယ်။ ကိုယ်နဲ့ မတူတော့တာနဲ့ပဲ ငြိုးသူ ရန်ဖက်တွေအလား သဘောထားပြီးတော့ `ငါနိုင်ပြီး တဖက်သား နစ်နာသွားရင် အေးရော´ ဆိုတဲ့ ထူးဆန်းတဲ့ စိတ်ထားတွေကို တော်တော် အံ့သြမိပါတယ်။

အလွန့်အလွန် နည်းပါးတဲ့ တချို့သော ရင့်ကျက်သူတွေကတော့ ကျနော်တို့နဲ့ မတူညီတဲ့ သူတို့ရဲ့ အမြင်တွေကို ရိုးသားသိမ်မွေ့စွာ တင်ပြပြီးတော့ အမြင်ချင်း ဖလှယ်ဖို့ ကြိုးစားတဲ့နည်းနဲ့ ချဉ်းကပ်လို့ လေးစားစရာပါပဲ။ တကယ်တော့ တဖက်လူရဲ့ အမြင်ကို နားလည်လက်ခံပေးလိုက်တာဟာ မိမိအယူအဆကို စွန့်လွှတ်လိုက်ရတဲ့ သဘောသဘာဝကို လုံးဝ မသက်ရောက်ပါဘူး။

တခါတလေကျတော့ ကျနော့် အတွေးထဲမှာ `ဒီနေရာလေးတော့ ဒီလိုလေးဆိုရင် ပိုကောင်းမလားဘဲ´ လို့ အတွေးနဲ့ ထောက်ပြ ဝေဖန်မိခဲ့ဖူးတာတွေလဲ ရှိခဲ့ပါတယ်။ နားလည်လက်ခံသူတွေနဲ့ တွေ့တဲ့အခါ သူ့ဆီက ပညာလည်းရ၊ ကျနော့်အမြင်လည်း တင်ပြရင်းနဲ့ နှစ်ဦးနှစ်ဖက် အသိတွေ ဖလှယ်လို့ အကျိုးရှိခဲ့လို့ ကျေနပ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။

ဝမ်းနည်းစရာကောင်းတာ နောက်တခုကတော့ တယောက်နဲ့ တယောက်အကြား မတူညီတဲ့ အချက်အလက်တွေ တွေ့လာတဲ့အခါ စနစ်ကျကျ အချက်နဲ့ အလက်နဲ့ ဆွေးနွေးရမယ့် အစား `အလကားကောင်တွေပါကွာ´ `အရေးမပါပါဘူး´ `မနာလိုလို့ တိုက်ခိုက်နေတာပါ´ အစရှိတဲ့ မဆီမဆိုင်တဲ့ စကားတွေ၊ အဲဒီကမှ တဆင့် ရင့်သီးတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေနဲ့ ထွေးလုံးသတ်ပုတ်ကြတဲ့ အခါမှာ `ခြားနားမှုကို လက်ခံခြင်း´ ဆိုတာကြီးက စုပ်စမြုပ်စ ပြုသွားရတာပါပဲ။

နောက်တခု ဆွေးနွေးကြည့်ချင်တာကတော့…။

`လွတ်လပ်ခွင့်ကို အလွဲသုံးစား လုပ်နေကြတဲ့ လူတချို့´ ကိစ္စပါ။ လူတိုင်းဟာ လွတ်လွတ်လပ်လပ် နေရတာကို ကြိုက်ပါတယ်။ ငြင်းစရာ မလိုအောင် ရှင်းပါတယ်။ ဒါပေမယ့် အဲဒီ မိမိရဲ့ လွတ်လပ်ခွင့်ဟာ တပါးသူကို ထိပါးဖို့ လက်နက်တော့ မဖြစ်စေရပါဘူး။ ကပ်သီးကပ်ဖဲ့ ပြောကြစတမ်းဆိုရင် `ဆဲဆိုခြင်း´ ဟာလည်း လွတ်လပ်ခွင့် တမျိုးပါပဲ။ ဒါပေမယ့် ဆဲသင့် မဆဲသင့် ဆိုတာကတော့ စဉ်းစားဆင်ခြင်ရမယ့် အသိဉာဏ်နဲ့ ဆိုင်သွားပါပြီ။

လွတ်လပ်စွာ ပြောဆိုဆွေးနွေးတာပါ ဆိုပြီးတော့ တဖက်သား မခံချင်အောင် မထိတထိ စော်ကားခြင်း၊ ဒေါသထွက်လာအောင် ဆွပေးခြင်း နည်းလမ်းတွေကို သုံးတာဟာလည်း လွတ်လပ်ခွင့် ကို အလွဲသုံးစား လုပ်နည်းတမျိုးပါပဲ။

ကျနော့် ဘလော့ဂ်ရဲ့ စီဘောက်စ်မှာ ရှားတောင့်ရှားပါး banned လုပ်လိုက်ရတဲ့ ပုဂ္ဂိုလ်တယောက်ပဲ ရှိဖူးပါတယ်။ သူက ကျနော့် ဘလော့ဂ်ကို လာတာဟာ ကျနော့်ဘလော့ဂ်မှာ ရေးထားချက်တွေကို ဆွေးနွေးဖို့၊ ဝေဖန်ထောက်ပြဖို့၊ ကျနော့်ကို မိတ်ဆွေတယောက်လို သဘောထား နှုတ်ဆက်ဖို့ စိတ် အလျဉ်း မရှိပါဘူး။ သူရေးသားထားတဲ့ ပို့စ်ထဲက Quote တချို့ကို ရေးပြပြီးတော့ သူ့ဘလော့ဂ်ကို လာဖတ်ဖို့၊ တနည်းအားဖြင့် ကျနော့် ဘလော့ဂ်ကို အမှီပြုပြီးတော့ သူ့ဘလော့ဂ်ကို လူတွေပိုလာစေဖို့လောက်သာ သဘောထားပြီးတော့ ကျနော့် စီဘောက်စ်ကို အသုံးပြုပါတယ်။ ဒီအထိလဲ လက်ခံပေးထားခဲ့ပါသေးတယ်။

ဒါပေမယ့် တရက်မှာတော့ ကျနော့် စီဘောက်စ်ထဲက သူနဲ့ နာမည်တူ နော်ဝေ နိုင်ငံက စာဖတ်သူ တယောက်ကို သူ့ကို တုပပါတယ်ဆိုပြီး အသားလွတ်ကြီး ရန်သွားစတဲ့ အခါမှာတော့ ကျနော် သူ့ကို banned လုပ်လိုက်တဲ့ အပြင် သူ့မက်ဆေ့တွေကိုပါ ဖျက်ပစ်လိုက်ပါတယ်။ အဲဒီလိုလုပ်တော့ သူက `ဒီမိုကရေစီ သမားတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို သူတို့ ဘလော့ဂ်မှာကျတော့ မပေးဘူး´ လို့ အသံကောင်းဟစ်ပါတော့တယ်။ အဲဒီနည်းလမ်းကို ဘလော့ဂ် အတော်များများမှာ အသုံးပြုပြီးတော့ သူ့ကို banned လုပ်သူ မှန်သမျှကို အဲဒီစကားနဲ့ တွင်တွင်ကြီး သုံးပြီး ပုတ်ခတ်ပါတော့တယ်။ တကယ်တော့ သူဟာ `လွတ်လပ်ခွင့်´ ဆိုတဲ့ စကားရပ်ကို မလိမ့်တပတ်လုပ်ပြီးတော့ အလွဲသုံးစား ပြုနေတာသာ ဖြစ်ပါတယ်။

ယနေ့ ဘလော့ဂ်လောကကတော့ ထိခတ်မှုတွေ များလှတယ်လို့ မြင်မိပါတယ်။ အထူးသဖြင့် `အချင်းချင်း ထိခတ်မှု´ လို့ သတ်မှတ်နိုင်တာမျိုးတွေကို တွေ့မိတော့ စိတ်မသက်မသာ ဖြစ်ရပါတယ်။ တကယ့်တကယ်တမ်း အရေးတကြီး ပြောဆိုရမယ့် ဦးတည်ချက်တွေကို ဖယ်သွေသွားပြီးတော့ မလိုလားအပ်တဲ့ ကိစ္စတွေမှာ ငြင်းခုံနေကြရတာဟာ တကယ်တော့ ဆုတ်ယုတ်မှု တခုပါပဲ။ (စိတ်ဓာတ်ပြင်းထန်သူ တချို့ကတော့ `ရန်သူ ၀မ်းသာတော့မှာပဲ´ လို့ မှတ်ချက်ပေးပါတယ်)။

ပြန်စဉ်းစားကြည့်ရင် ဒါမျိုးတွေ ဖြစ်အောင်ကို ဘယ်သူမှန်း မသိတဲ့ တစုံတယောက်က တမင်လိုက်ဖန်တီးနေသလားလို့ ထင်မိတယ်။ လောလောဆယ်မှာ လူတွေ အဓိက အာရုံထားနေတဲ့ အကြောင်းအရာကနေ သွေဖယ်နိုင်သမျှ သွေဖယ်သွားအောင် တခြားသော ပြဿနာတွေကို နည်းမျိုးစုံနဲ့ ဖန်တီးနေရော့သလားလို့တောင် သံသယ ၀င်မိပါတယ်။ ဒါပေမယ့် ပြဿနာတွေကတော့ ဖြစ်လို့ ကောင်းနေတုန်းပါပဲ။


ကလိုစေးထူး

Saturday, December 08, 2007

အတွေးစများ…(၅)

ဒီညနေခင်းမှာ သတင်းတွေ လိုက်ဖတ်တော့ မချစ်သော်လည်း အောင့်ကာနမ်းနေကြ ကြေးမုံ သတင်းစာထဲက သတင်းလေး တပုဒ်ကြောင့် စိတ်ထဲမှာ တော်တော်လေး အားရပျော်မြူးမိပါတယ်။ အဲဒီသတင်းကတော့ တခြားတော့ မဟုတ်ပါဘူး…။

မြန်မာ့လက်ရွေးစင် (အမျိုးသား) ဘောလုံး အသင်းက ကမ္ဘောဒီးယားကို ခြောက်ဂိုး နှစ်ဂိုးနဲ့ နိုင်သွားတဲ့ သတင်းပါ။ တဖက်မှာ ထိုင်းအသင်းက အင်ဒိုနီးရှားကို နှစ်ဂိုး တဂိုးနဲ့ နိုင်လိုက်တော့ မြန်မာနဲ့ အင်ဒိုက အမှတ်တူနေပေမယ့် မြန်မာက ဂိုးကွာခြားချက် အသာနဲ့ အုပ်စုဒုတိယ ရပြီးတော့ အကြိုဗိုလ်လုပွဲကို တက်ရောက်သွားတဲ့ သတင်းတိုလေးပါ။

***

တကယ်တော့ အခု ကျင်းပနေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ကျနော်တို့ မြန်မာ့လက်ရွေးစင် အသင်းဆိုဟာ ကောင်းကောင်း ခြေစွမ်းပြနိုင်တဲ့ အသင်းမျိုး မဟုတ်ခဲ့ပါဘူး။ အခုလို အကြိုဗိုလ်လုပွဲကို တက်ရောက်ခွင့် ရသွားတယ်ဆိုတာကလည်း ပွင့်ပွင့်လင်းလင်း ပြောရရင် ထိုင်းအသင်းရဲ့ ကောင်းကျိုးက တ၀က် ပါနေလို့ပါ။ ထိုင်းသာ အင်ဒိုကို သရေလောက် ကန်ရင်ပဲ မြန်မာက ထွက်ရမှာပါ။ ဒါပေမယ့် ကျနော်က အခုလောက် ရလဒ်လေးကိုပဲ (မြန်မာနိုင်တယ် ဆိုတာနဲ့တင်) စိတ်ထဲမှာ အားရပျော်မြူးနေမိတယ်။

မျိုးချစ်စိတ်ကြောင့်လို့ ပြောရမှာပါပဲ။ အရှေ့တောင် အာရှက တခြားအသင်းအချင်းချင်း ကန်တဲ့ပွဲကို တခါမှ ကျနော် ပြီးအောင် မကြည့်ဖူးပေမယ့် မြန်မာအသင်း ကန်တဲ့ပွဲကိုတော့ အခြေအနေ ပေးတဲ့အခါတိုင်း ကြည့်ဖြစ်အောင် ကြည့်ပြီးတော့ အားရပါးရကြီးကို အားပေးတတ်ပါတယ်။

မြန်မာဘောလုံးသမားတွေ မရင့်ကျက်လို့ ရှုံးတာပဲ ပြောပြော၊ ဒိုင်ညစ်တယ်ပဲ ဆိုဆို ကျနော် တော်တော်လေး စိတ်ထိခိုက်ခဲ့ရတဲ့ မြန်မာအသင်းရဲ့ ရှုံးပွဲ တခုကတော့ ဒီမှာပါ…။




ဘယ်လိုပဲဖြစ်ဖြစ်၊ မြန်မာအသင်း ရှုံးရင်လဲ အားပေးနေရအုံးမှာပါပဲ။ အကြိုဗိုလ်လုပွဲရောက် မြန်မာအသင်း ရှေ့ဆက် ကံကောင်းနိုင်ပါစေ။ :D

***



ကျယ်ပြောလှတဲ့ လောကကြီးမှာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လူသားတွေ ဘယ်လိုမှ ရှောင်လွှဲလို့ မရတဲ့ အရာတခု ရှိပါတယ်။ အဲဒါကတော့ `ပဋိပက္ခ´ ပါပဲ။ အကျိုးအကြောင်း အရင်းအမြစ်ပေါင်း များစွာကို အခြေတည်ပြီးတော့ ဖြစ်လာတဲ့ အဲဒီ ပဋိပက္ခများစွာမှာ လူတွေဟာ တချို့ကလည်း မိမိယုံကြည်ရာ အလိုက်၊ တချို့ကတော့ မိမိ ရှင်သန်ကြီးပြင်းလာရာ ပတ်ဝန်းကျင်အလိုက် တဖက်စီမှာ ရပ်တည်ကြပါတယ်။ အဲဒီ ပဋိပက္ခတွေ အပေါ်ကို မှီတည်ပြီးတော့ပဲ တရား မမျှတမှုတွေ၊ အသာစီးရလိုမှုတွေကမှတဆင့် အမုန်း အာဃာတတွေ၊ နာကျည်းမှုတွေ ဖြစ်လာပါတော့တယ်။

***

ဘလော့ဂ်ရေးရတာလည်း အရင်နဲ့ မတူတော့ပါဘူး။ အရင်ကဆိုရင် ဘလော့ဂ်ရေးတယ်ဆိုတာက ကိုယ့်စိတ်ထဲမှာ တဖက်နဲ့ တဖက် အမြင်မတူရင်သာ ရှိမယ်၊ တော်တော်လေး အနှောင်အဖွဲ့ ကင်းပါတယ်။ ကိုယ်နဲ့ အမြင်တူသူတွေက လာဖတ်မယ်၊ ဆွေးနွေးမယ်၊ အမြင်မတူတော့လည်း ငြင်းကြခုန်ကြပေါ့…။ အခုအချိန်မှာတော့ ဘလော့ဂ်ရေးရတာက တယောက်ယောက်က စောင့်ကြည့်နေတာကို ခံနေရသလိုကြီး မသိုးမသန့် ခံစားရသလို စိတ်မထင်ရင် မထင်သလို ဆဲသွားလိုက်၊ မိုက်ရိုင်းသွားလိုက်နဲ့…။ ဒါပေမယ့် …။ ကျနော် ဘလော့ဂ် ရေးနေအုံးမှာပါပဲ။

လမ်းတခုကို လျှောက်ရင် ပန်းတိုင်တူသူခြင်း ဖေးမကြရမှာ ဓမ္မတာပါပဲ။ ပန်းတိုင်တခုကို အတူတူလျှောက်တာခြင်း တူရိုးမှန်နေရင် နှေးနေရင် လက်တွဲကူမယ်၊ ယိုင်မယ် ထင်တဲ့ ခြေလှမ်းတွေကို တည့်မတ်ကူမယ်၊ စိတ်ဓာတ် ခိုင်ခိုင်တွဲလို့ လျှောက်စရာရှိတဲ့ လမ်းကိုတော့ လျှောက်နေရအုံးမှာပါပဲ။ ကျနော်တို့ သွားနေတဲ့ ပန်းတိုင်ကို မရောက်စေချင်လို့ ပုံစံအမျိုးမျိုးနဲ့ တားနေ၊ ဆီးနေကြတဲ့ လူတွေ အကြိုက်ဖြစ်စေမယ့် အချင်းချင်း ထိခတ်မှုတွေကိုတော့ သတိနဲ့ယှဉ်ထိုးပြီးတော့ ရှောင်ရှားစေချင်မိပါတယ်။

တကယ်ဆိုရင် ကျနော်တို့တွေက ရထားတွဲကြီး တတွဲနဲ့ အလားသဏ္ဍာန်တူနေပါတယ်။ တွဲတွေအများကြီးအနက်က တတွဲတွဲက လမ်းချော်လိုက်တာနဲ့ ရှေ့ကသွားနေတဲ့ တွဲတွေမှာလည်း တန့်၊ နောက်က အတွဲတွေလည်း အပြိုပြိုအလဲလဲ ဖြစ်ကြတော့မှာပါ။ ရထားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေအဖို့ကရော ????



ကလိုစေးထူး

Thursday, December 06, 2007

ထို ညခင်း…

ညနေမှုံမှိုင်း၊ ရီပြာဆိုင်းဝယ်
ရွှင်သိုင်း ပျော်ငြိမ်း၊ အလုပ်သိမ်းကာ
တေးစဆိုညည်း၊ စပ်ဖြီးဖြီးနှင့်
သွက်လက် စိတ်မှန်း၊ အိမ်သို့ မြန်း၏။

အိမ်ကိုရောက်လျှင်၊ နွမ်းနယ်စိတ်သွင်
ခန္ဒာပြင်ကြောင့်၊ နားမည်ကြံလျက်
လှဲအိပ်ခဏ၊ ပန်းလျလျနှင့်
လောကကိုမေ့၊ မှေးပျော်တိတ်၏။

ထိုစဉ်ခါဝယ်၊ တွီတွီမြည်ထိုး
ဖုန်း ငှက်ဆိုးကြောင့်၊ လန့်ဖြန့်နိုးသော်
လိုက်ကန်းမသိ၊ ထိုငတိကား
မြန်လာပါ ခေါ်၊ စေ့လောဆော်၏။

ဖြစ်ချေပါဘူး၊ စိတ်မှာကူးလျက်
မူးတူးအိပ်ချင်၊ ထိုစိတ်သွင်ကို
မေ့ဖျောက်လန်းသွင်၊ ပုံဟန်ဆင်လျက်
အများကျိုးဆောင်၊ ကိုယ့်ကျိုးပြောင်၏။

အိမ်ကိုပြန်ရောက်၊ အမှောင်ပျောက်လျှင်
ပိုးမျိုးရှစ်ဆယ်၊ ၀မ်းငယ်ငယ်ကား
ဂွီဂွမ်မြည်ဟည်း၊ ဆာလောင်ညည်းလျှင်
လျင်စွာချက်ပြုတ်၊ အလုပ်ရှုပ်၏။

ဗျာများစိတ်အိုက်၊ ထိုအခိုက်ဝယ်
ဒေါက်ဒေါက်မြည်ပြန်၊ တံခါးသံကြောင့်
လျင်စွာပြေးဖွင့်၊ ရင်မှာ ထင့်လျှင်
`အမိုး´ သည်ကား၊ စောင့်နေငြား၏။

ဖိုးခွား ဟုဆို၊ အမိုးအိုသည်
မုန့်တီဖြူညစ်၊ ဟင်းရည်ပျစ်ကို
မြန်ပြည် လွမ်းဖြေ၊ ပန်းပြေစေဖို့
စားပါများများ၊ လောကွတ်ပွား၏။


ရှုးရှဲစပ်ပို၊ မုန့်တီချိုကို
အားရကုန်းလွေး၊ မြန်မနှေးပင်
စားခိုက်စဉ်တွင်၊ အမိုး မျက်နှာ
ကြည်စွာရွှင်လန်း၊ ပီတိဖြန်း၏။

ပြီးစီးစားသောက်၊ ထိုတထောက်တွင်
စာရေးမည့်ဟန်၊ စိတ်မှာကြံစဉ်
ဈေးဆိုင်သွားချင်၊ အမိုးသွင်ကြောင့်
သက်ပြင်းခိုးသက်၊ အိမ်ကထွက်၏။

ဆိုင်ကိုရောက်လျှင်၊ ဟိုထွက်ဒီဝင်
အမိုးသွင်ကား၊ ရွေးထုတ်လှယ်သွယ်
ဈေးဝယ်မှုဝယ်၊ ကြာလှရယ်ကြောင့်
အချိန်တွေပြုန်း၊ မိုးစုံးချုပ်၏။

ဟူး…။
မောပန်းစိတ်နွမ်း၊ အိမ်ကိုမြန်းလျှင်
မစောင့်အချိန်၊ ထိုက၀ိန်ကား
ဆယ်နာရီခွဲ၊ ထိုးပြန်မြဲလျှင်
အိပ်ချိန်ရောက်လင့်၊ နားရန်သင့်ပေါ့
ပို့စ်အသစ်လဲ မတင်ဖြစ်ပြီ။


ကလိုစေးထူး

Wednesday, December 05, 2007

စပ်မိစပ်ရာ… (၁၅)

မြန်မာပြည်မှာ အားကစားဆိုင်ရာ ဂျာနယ်တွေသာ အသစ်အသစ် ထွက်ရှိလာကြမှုများပြီးတော့ သတင်းဦးစားပေး ဂျာနယ် ထွက်ရှိမှုကတော့ နည်းပါးနေကြောင်း သတင်းတပုဒ် ဖတ်လိုက်ရပါတယ်။ သတင်းဂျာနယ်တွေ နည်းပါးနေတာဟာ ထုတ်ဝေသူရဲ့ ရင်းနှီးမြှုပ်နှံမှု၊ သတင်းထောက်တွေရဲ့ စွမ်းဆောင်မှု အစရှိတာတွေအပေါ် မူတည်နေတယ်လို့ ဂျာနယ်ဈေးကွက်နဲ့ နီးစပ်သူ တဦးက အကြောင်းပြပေမယ့် သတင်းဂျာနယ်တွေ တကယ့်တကယ်တမ်း ဘာကြောင့်များ ပြည်သူတွေအကြားမှာ တိုးမပေါက် ဖြစ်နေရသလဲ ဆိုတဲ့ အဖြေမှန်တွေကတော့ အများကြီး ရှိနေပါသေးတယ်။

အင်တာနက် ရှိရင်၊ ဘာသာပြန်ကောင်း ရှိရင် အလုပ်ဖြစ်ပြီဆိုတဲ့ အားကစားဂျာနယ်တွေကိုပဲ လူတွေက ဘာကြောင့် စိတ်ဝင်စားပါသလဲ…။ ရယ်စရာတော့ ကောင်းပါတယ်။ အားကစားသတင်းက လုပ်ကြံဖော်ပြစရာ အကြောင်း မရှိလို့ပါပဲ။ မန်ယူက ဘော်လ်တန်ကို တဂိုး ဂိုးမရှိနဲ့ ရှုံးတာကို နိုင်တယ်လို့ လုပ်ကြံဖော်ပြစရာလဲ မလို၊ ချဲလ်ဆီးက မန်စီးတီးကို ခြောက်ဂိုးပြတ် နိုင်တာကိုလည်း ရှုံးတယ်လို့ ဖော်ပြဖို့မလို…။ :D အဲဒီလို သတင်းအမှန်ကို ဖော်ပြတဲ့အတွက်လည်း စာပေစိစစ်ရေးက ဖြတ်တောက်စရာ အကြောင်းမရှိ၊ ရေးသူနဲ့ ဖတ်သူ အန္တရာယ်ကင်းကင်းနဲ့ နှစ်ဦးနှစ်ဖက် အဆင်ပြေမှတော့ အားကစား ဂျာနယ်တွေကိုသာ လူကြိုက်များတာ သိပ်တော့ မထူးဆန်းလှပါဘူး။

ဒီဇင်ဘာလ ၃ ရက်နေ့မှာ အာဏာပိုင်တွေက သတင်းစာ ရှင်းလင်းပွဲ တခု ပြုလုပ်သွားခဲ့ပါတယ်။ ပျင်းရိစရာကောင်းပြီး ရှုပ်ထွေးလီဆည်လွန်းလှတဲ့ ဘိုချုပ်ခင်ရီရဲ့ ရှင်းလင်းချက်၊ ပြန်ကြားရေး ၀န်ကြီး ဘိုမှူးချုပ် ကျော်ဆန်းရဲ့ ရှင်းလင်းချက် စတာတွေနဲ့ ပြည့်နှမ်းနေတဲ့ ဒီသတင်းစာ ရှင်းလင်းပွဲက ဘယ်လောက်ရာခိုင်နှုန်းအထိ အမှန်ကို ပြောနိုင်သလဲ ဆိုတာကတော့ ပြောနေတဲ့လူ ကိုယ်တိုင်ရော တကယ်ခံစားခဲ့ရတဲ့ ပြည်သူတွေကိုယ်တိုင်ပါ အသိဆုံးပါပဲ။ ရယ်ချင်စရာကောင်းတဲ့ Quote တခုကို ထပ်တွေ့လိုက်ရတာကတော့…




ကျနော်တို့ နိုင်ငံခမျာလဲ ချောက်ထဲ ကျလုနီးတို့၊ ကျရောက်လုဆဲ ဘေးအန္တရာယ်ကြီးတို့ တယ်လဲ ပေါများလှပါလား…။ ကယ်တင်နိုင်လွန်းသူ မောင်မင်းကြီးသားများ ကျန်းမာချမ်းသာကြပါစေ…။

သတင်းစာ ရှင်းလင်းပွဲမှာ စိတ်ဝင်စားစရာကောင်းတာကတော့ အမေး/အဖြေ ကဏ္ဍပါ။ ကျနော် အထူးစိတ်ဝင်စားမိတဲ့ မေးခွန်းတွေနဲ့ တာဝန်ရှိသူတွေရဲ့ ဖြေကြားချက်တွေကို ထပ်ဆင့် ဖော်ပြပါရစေ။

ရန်ကုန်တိုင်းမ် သတင်းထောက် ဦးကျော်စွာမင်း မေး။ ခုနတုန်းက ၀န်ကြီးပြောသွားတဲ့ အခု အခြေခံဥပဒေ မူကြမ်းပေါ့နော်။ ဒီနေ့ ရေးဆွဲပြီဆိုတော့ ဘယ်နေ့လောက်များ ပြီးနိုင်မလဲဆိုတာ အဲဒါလေး တချက်မေးချင်ပါတယ်။

ဘိုမှူးချုပ် ကျော်ဆန်း ဖြေ။ အခြေခံဥပဒေ မူကြမ်းရေးဆွဲတာ ဘယ်တော့ ပြီးမလဲ ဆိုတာနဲ့ ပတ်သက်လို့ ကိုကျော်စွာမင်း အနေနဲ့လည်း ဘယ်လော့လောက် ပြီးမယ်များ ထင်ပါသလဲလို့ ကျနော် ပြန်မေးချင်ပါတယ်။ အဲဒီလို ဆောင်ရွက်ကြတဲ့ အခါမှာ အနှောင့်အယှက်တွေ အဟန့်အတားတွေ အခက်အခဲတွေ ရှိလာရင်တော့ ကြန့်ကြာကောင်း ကြန့်ကြာသွားနိုင်ပါတယ်။ အဲဒီလို အနှောင့်အယှက်၊ အဟန့်အတား၊ အခက်အခဲ မရှိဘဲ ဒီမိုကရေစီ ဖော်ဆောင်မှုကို ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြမယ် ဆိုရင်တော့ ကျနော်တို့ရဲ့ အခြေခံဥပဒေ မူကြမ်း ရေးဆွဲတာဟာ သင့်တင့်တဲ့ အချိန်မှာ ပြီးသွားပါလိမ့်မယ် လို့ ပြောလိုပါတယ်။

လျှပ်တပြက် သတင်းဂျာနယ် ဦးမြတ်ခိုင်မေး။ ကျနော် ရဲချုပ်ကြီးကိုပဲ မေးလိုပါတယ်။ (သူမေးခွန်း မဖတ်မီ ကျနော် စဉ်းစားကြည့်မိတယ်။ မြန်မာပြည်မှာ `ရဲချုပ်ကြီး´ ဆိုတဲ့ ရာထူး မရှိဘဲနဲ့ ဦးမြတ်ခိုင်က ဘာလို့ ရဲချုပ်ကို ရဲချုပ်ကြီးလို့ ခေါ်ရတာပါလိမ့်…။ ထားလိုက်ပါတော့…။ ဆက်ဖတ်မှ) ရဲချုပ်ကြီး အမိန့်ရှိသွားတဲ့ အထဲမှာ ကျော်သူ၊ ဇာဂနာ၊ အောင်ဝေး၊ သန်းမြင့်အောင်တို့ နာမည်ကို ထုတ်ဖော် ပြောကြားသွားတာ တွေ့ပါတယ်။ သူတို့ကို အရေးယူထားလား။ အရေးမယူတော့ဘူးလား။ သိလိုပါတယ်။ သူတို့နောက်ကွယ်မှာရော FDB ရှိပါသလား။ ဒါသိလိုတဲ့ မေးခွန်း နံပါတ်(၁)ပါ။ နောက် ကျနော်တို့ ပြည်ပ အသံလွှင့်ဌာနအနေနဲ့ အမြဲ ကြေညာတဲ့အထဲမှာ DVB ဘာကြောင့် မပါတာလဲ။ အဲဒါ သိလိုပါတယ်။

ရဲချုပ် ဘိုမှူးချုပ် ခင်ရီ ဖြေ။ ကျနော်တို့ စက်တင်ဘာလ အရေးအခင်းမှာ ကျနော် စောစောက တင်ပြခဲ့သလို သံဃာတော်များရဲ့ ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စ ကော်မတီမှာ ဥက္ကဋ္ဌက ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၊ အတွင်းရေးမှူးက ကဗျာဆရာ အောင်ဝေး စသည်ဖြင့် ကျနော် ပြောခဲ့တာ ရှိပါတယ်။ ဒီထဲမှာ ကဗျာဆရာ အောင်ဝေးက လွဲလို့ ကျော်သူရယ်၊ ဇာဂနာရယ် ဒေါ်သန်းမြင့်အောင်ရယ် ဒါတွေ အားလုံးက ပြန်လည် စေလွှတ်ပြီး ဖြစ်ပါတယ်။ ကဗျာဆရာ အောင်ဝေးကတော့ နယ်စပ်ကို ထွက်ပြေးသွားပြီ ဖြစ်ပါတယ်။ FDB နဲ့ ပါဝင်ပတ်သက်မှု ရှိမရှိကတော့ FDB နဲ့ ပတ်သက်တဲ့ အဆက်အနွယ်တွေ အားလုံးကို ကျနော်တို့က လောလောဆယ် စစ်ဆေးဆဲဖြစ်လို့ ဒါနဲ့ပတ်သက်လို့ On Going Case ဖြစ်ပါတယ်။ ဒါ လောလောဆယ်မှာ ဖြေကြားဖို့ အကြောင်းမရှိပါဘူး။

နောက် ဒုတိယ အချက်က ပြည်ပ အသံလွှင့်ဌာနတွေထဲမှာ DVB အကြောင်း ထည့်ပြီး မပြောတာ ကျနော် ပြောတာ ကျန်ခဲ့လို့ ဖြစ်ပါလိမ့်မယ်။ DVB က အဆိုးဆုံးပါပဲ။ ဘာကြောင့်လဲ ဆိုတော့ DVB နဲ့ပတ်သက်ပြီးတော့ DVB က နန္ဒတို့နဲ့ ကျနော်တို့ ဒီဘက်က အဖွဲ့တွေနဲ့ မြန်မာပြည်မှာ ရှိတဲ့ သတင်းမှားတွေ ပေးပို့ဖို့ ကိစ္စနဲ့ ဓာတ်ပုံ မှတ်တမ်းတွေ ပေးပို့ဖို့ ကိစ္စ တရားဝင် စာချုပ်ချုပ်ဆို ဆက်သွယ်ပြီး ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ကျနော်တို့ဆီက သတင်းမှားများ ထုတ်လွှင့်တဲ့ အခါမှာ အလွန်အကြူး ထုတ်လွှင့်ဆုံး အသံလွှင့်ဌာန တခုလို့ ပြောရင် ပြောလို့ရမယ်လို့ ကျနော်ထင်ပါတယ်။ (ဒီအဖြေကို ဖတ်မိတော့ အဲဒီလို လေသံနဲ့ တထပ်တည်းကျတဲ့ ဘလော့ဂ်တွေကို မျက်စိထဲ ပြေးမြင်ပါတယ်။)

အေပီသတင်းဌာနမှ ဒေါ်အေးအေးဝင်း မေး။ ပြောသွားတဲ့ အထဲမှာ သေဆုံးသူ ၁၀ ဦး၊ ဒဏ်ရာရသူ ၁၄ ဦးလို့ ပြောပါတယ်။ မစ္စတာ ပင်နဲရိုးကို ထိန်ပင်သုဿာန်မှာတုန်းက အလောင်း ၁၄ လောင်း မီးရှို့တယ် ပြောပါတယ်။ အဲဒီတော့ တကယ့် ကိန်းဂဏန်းလေး သိချင်ပါတယ်။

ရဲချုပ် ဘိုမှူးချုပ် ခင်ရီ ဖြေ။ အရေးအခင်းမှာ ၁၀ ဦး သေဆုံးပြီးတော့ ၁၄ ဦး ဒဏ်ရာရာခဲ့တာ ဖြစ်ပါတယ်။ စောစောက ဒေါ်အေးအေးဝင်း ပြောတဲ့ ကိန်းဂဏန်းများနဲ့ ပတ်သက်ပြီးတော့ မစ္စတာပင်နဲရိုး သွားကြည့်စဉ် ကာလက သေဆုံးသူဦးရေ ဆိုတာဟာ စုစုပေါင်း သေဆုံးမှုပါ။ ကျနော်ဆိုလိုတဲ့ သဘောက ဒီဥစ္စာက စက်တင်ဘာလအတွင်းမှာ ဖြစ်တဲ့ အရေးအခင်းကာလနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ သေဆုံးမှု ဖြစ်ပါတယ်။ တချို့ သေဆုံးမှုတွေဟာ GTC မှာ ကျနော်တို့ ခေါ်ပြီးတော့ စစ်ဆေးစဉ်မှာ သူ့နဂိုပါလာတဲ့ ရောဂါနဲ့ အဲဒီမှာပဲ ဖျားတယ်။ နာတယ်။ ကျနော်တို့ ဆေးရုံပို့တယ်။ အဲဒီမှာ ဆုံးတယ်။ အဲဒီ ပုဂ္ဂိုလ်တွေပါ ထည့်သွင်းပြီးတော့ ထိန်ပင်မှာ သဂြိင်္ုလ်တဲ့ကိစ္စတွေ ရှိပါတယ်။ ကျနော်ပြောတဲ့ ၁၀ ဦး သေဆုံးခြင်း၊ ၁၄ ဦး ဒဏ်ရာရခြင်း ဆိုတာဟာ အရေးအခင်းနဲ့ တိုက်ရိုက် သက်ဆိုင်သော၊ ဖျားနာသေဆုံးခြင်း မပါသော ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ စောစောက ဒေါ်အေးအေးဝင်း ပြောတဲ့ဥစ္စာကတော့ ခုနကဟာတွေ အားလုံးပေါင်းပြီးတော့ ပြောတာ ဖြစ်တဲ့အတွက်ကြောင့် အရေအတွက် နှစ်ခု ကွာခြား နေရခြင်း ဖြစ်ပါတယ်။

***

ဆီးဂိမ်းပြိုင်ပွဲဝင် ကျနော်တို့ရဲ့ မြန်မာ အမျိုးသား ဘောလုံးအသင်းကတော့ ပွဲဦးထွက် ထိုင်းနဲ့ပွဲမှာ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးပြီးတော့ အင်ဒိုနီးရှားနဲ့ပွဲမှာ ဂိုးမရှိ သရေ ကျခဲ့ပါတယ်။ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၇ ရက်နေ့မှာ ကမ္ဘောဒီးယားနဲ့ ကစားရပါမယ်။ အင်ဒိုက ကမ္ဘောဒီးယားကို သုံးဂိုး တဂိုးနဲ့ နိုင်ထားတဲ့အတွက် အုပ်စု နောက်ဆုံးပွဲမှာ တကယ်လို့ မြန်မာက ကမ္ဘောဒီးယားကို သုံးဂိုးပြတ်နဲ့ နိုင်ပြီး အင်ဒိုက ထိုင်းကို ရှုံးခဲ့ရင် မြန်မာအသင်း အုပ်စု တက်ဖို့ အခွင့်အရေး ရှိပါမယ်။ ထိုင်းနဲ့ အင်ဒို သရေကျခဲ့ရင်တော့ မြန်မာအသင်း အိမ်ပြန်ရပါမယ်။ အမျိုးသားအသင်းက အဲဒီလို ရင်တမမ ဖြစ်နေချိန်မှာ မြန်မာအမျိုးသမီး အသင်းကတော့ အုပ်စုတွင်း ပြိုင်ဘက်တွေကို ဂိုးတွေ တဂျိမ်းဂျိမ်းသွင်းပြီးတော့ အောင်ပွဲခံနေပါတယ်။ အုပ်စုနောက်ဆုံးပွဲ အဖြစ် ထိုင်းနဲ့ အုပ်စုဗိုလ်ဖြစ်ရမတဲ့။ မြန်မာကွ((((((((((((((( (မှတ်ချက် အမျိုးသမီးအသင်း :D)

မြန်မာပြည်တွင်းမှ အင်တာနက် အသုံးပြုသူတွေအကြား ရေပန်းအစားဆုံး ဖြစ်တဲ့ ဇော်ဂျီမြန်မာဖောင့်ကို Apple ထုတ် မက်ကင်တော့ရှ် ကွန်ပြူတာတွေမှာလဲ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ဇော်ဂျီတောင့်ကို Apple ကွန်ပြူတာတွေမှာ အသုံးပြုနိုင်ဖို့အတွက် Zawgyi Keyboard For MacOSX ကို စင်ကာပူနိုင်ငံမှ ကွန်ပျူတာ ပညာရှင် ဦးဝေဖြိုးက ဖန်တီးပေးခဲ့တာ ဖြစ်ပြီး စိတ်ပါဝင်စားသူများ အနေနဲ့ http://edwardwitten.blogspot.com မှာ သွားရောက် လေ့လာနိုင်ပါတယ်။

ဒီတပတ် စပ်မိစပ်ရာကတော့ ဒီလောက်ပါပဲ။ နောက်အပတ်မှ ဆုံကြစို့ရဲ့…။


ကလိုစေးထူး

Tuesday, December 04, 2007

ဆောင်း& နှင်း & ဘလော့ဂါ…


နှင်းကျပြန်ပါပြီ။

ဒီကို စရောက်ရောက်ခြင်း နှစ်တုန်းကတော့ နှင်းကျတာကို မြင်ဖူးချင်လွန်းတော့ ဘယ်တော့များမှ နှင်းကျပါ့မလဲလို့ မျှော်မိဖူးပါရဲ့။ နှင်းတွေကျလာတော့ နှင်းတောထဲထွက်လို့ ဖြူဖြူဖွေးဖွေး နှင်းတွေကို အဆုပ်လိုက် အပွင့်လိုက် ပစ်ပေါက် ဆော့ကစားခဲ့လိုက်သေးသည်မှာ ပီဘိ ကလေးတယောက်အလား…။ အခုများတော့ နှင်းကျတာကို ပြောင်းလဲသွားတဲ့ မြင်ကွင်း တခုပါလား ဆိုတာကလွဲပြီး သိပ်ထူးထူးခြားခြား ရင်မခုန်လှတော့ပါ။




လမ်းကလေးကတော့ အခုလောက်ဆိုရင် နှင်းဖြူဖြူတွေ ခြံရံလို့ အလှအားပိုနေသည့်တိုင် ရက်စက်လွန်းတဲ့ ဆောင်းရဲ့ အအေးဒဏ်ကြောင့် ခိုက်ခိုက်တုန်နေမည်မှာ အမှန်…။ သူ့အပေါ်မှာ ပိမိုးနေတဲ့ နှင်းဖတ်တွေကို ဖယ်ရှားပေးဖို့ ရောက်လာလေ့ရှိတဲ့ နှင်းခြစ်ကားရဲ့ ခပ်ကြမ်းကြမ်း ပွတ်သပ်တဲ့ ဒဏ်ကို ခံနေရလေမလား…။ သေချာတာကတော့ လမ်းကလေးခမျာ နှင်းဖြူတွေရဲ့ စနက်ကြောင့် အထီးကျန်ဆန်နေရှာရော့မည်။





မနှစ်က ဆောင်းတွင်း တရက်မှာတုန်းက ဖြစ်သည်။ ရေခဲတွေ စီရရီတွဲကျနေတဲ့ အိမ်ခေါင်မိုးနဲ့ အတူ နေရောင်တောက်နေတဲ့ နှင်းနံနက်ခင်းကို ကြည့်ပြီး အိမ်ကို သတိရ လွမ်းဆွတ်စိတ်ဖြင့် ဘာရယ်မဟုတ် သီချင်းတပုဒ် တီးခတ်ညည်းမိတော့ အက်ကွဲသော အသံက မညီမညာဂစ်တာသံနှင့်အတူ လွမ်းလွမ်းဆွေးဆွေး ထွက်လာ၏။ ကိုယ့်အသံ ကိုယ်ပြန်နားထောင်ပြီးတော့ ငိုချင်စိတ် ပိုပေါက်သွားသည်။ :D (နားထောင်မယ်ဆိုရင် သတိထားနော်)။

နောက်ဆုံးတော့…။

ဆောင်းချိန်မို့ သူ့အရပ်နှင့် သူ့ဇာတ် နှင်းကျတာကို ကျလိုက်တိုင်း လွမ်းဆွေးဆွေး၊ ငေးရီရီ ဖြစ်နေလို့တော့ မဖြစ်ချေသေးဘူး ဟု တွေးမိသည်။ အင်း…၊ မနေ့ကလည်း ပို့စ်အသစ် မတင်ဖြစ်ဘူး။ ဘလော့ဂ်ဘက်ကို မျက်စိဦးလှည့်အုံးမှ…။ အတွေးတွေက ဆောင်းဥတုနဲ့ လိုက်ဖက်စွာ အေးစက်စက် လေးကန်ကန်…။





ဘလော့ဂ်ရေးလို့ ဘာတွေ အကျိုးအမြတ်ရနိုင်ပါသလဲ…??? ကြည့်မရတဲ့ တချို့ကတော့ `၀မ်းရေးအတွက် ရေးနေကြတာ´ လို့ ပုတ်ခပ်သည်။ `အလကားပါကွာ´ လို့ ရယ်သွမ်းသွေးခံခဲ့ရတာတွေကတော့ သိပ်မရိုးတော့လို့ ထူပေဒဏ်ပေတောင် ခံနိုင်ခဲ့ပေါ့…။

အပြင်မှာ နှင်းတွေကျလို့ အေးခဲနေသည်။ အိမ်ခန်းထဲက ကရင်သွေးတမတ် ပါတဲ့ ဘလော့ဂါတယောက်ကတော့ အားပေးစကားတွေက ပေးတဲ့ အားအင်၊ ကဲ့ရဲ့စကားတွေက ပေးတဲ့ ခံနိုင်ရည်၊ ချီးကျူးစကားတွေက ပေးတဲ့ ပီတိ၊ ခြိမ်းခြောက်မှုတွေက ပေးတဲ့ သတ္တိတွေနဲ့ သူ့ဘလော့ဂ်ကို အသက်ဆက်ရင်း နွေးထွေးနေတော့သည်…။


ကလိုစေးထူး

Sunday, December 02, 2007

တန်းတူရည်တူ > တိုးတက်မှု…

ကျနော်တို့ မြန်မာစကားပုံမှာ အတန်ငယ် ရင့်သီးသယောင်ရှိပေမယ့် ထိထိမိမိနဲ့ ဆုံးမ သင်ခန်းစာ ပေးထားတဲ့ စကားပုံ တခု ရှိပါတယ်။ အဲဒါကတော့ `တလွဲဆံပင် မကောင်းနဲ့´ ဆိုတဲ့ စကားပုံပါ။ အဲဒီစကားပုံနဲ့ အဓိပ္ပာယ်တူ နောက်ထပ် စကားပုံတခုလည်း ရှိပါသေးတယ်။ `မယောင်ရာ ဆီလူး´ …တဲ့။ စကားပုံတွေရဲ့ အနှစ်ချုပ်ကတော့ အမှန်တကယ် လုပ်သင့်၊ ဖြစ်သင့်တာကို ဦးစားပေး လုပ်ဆောင်ခြင်း မရှိဘဲနဲ့ မဟုတ်တဲ့နေရာတွေမှာ၊ အရေးမပါတဲ့ နေရာတွေမှာ ဦးစားပေးနေတတ်တာကို ထိန်းကျောင်း တည့်မတ်လိုရင်းနဲ့ အဲဒီ စကားပုံတွေ ပေါ်လာတယ် ထင်ပါရဲ့…။

***

ယနေ့ သြကာသ လောကကြီးကို ကြည့်လိုက်ရင် အပြောင်းအလဲတွေက မြန်ဆန်လွန်းလှခဲ့ပါပြီ။ တိုးတက်လာတာလို့ပဲ သတ်မှတ်သတ်မှတ်၊ ဒါမှမဟုတ် ဆုတ်ယုတ်လာတယ်လို့ပဲ ပြောပြော၊ မနေ့ကနဲ့ ဒီနေ့ မတူတော့သလို မနှစ်ကနဲ့ ဒီနှစ် မတူတော့ပါဘူး။ ပြောင်းလဲလာခြင်းတွေကို လေ့လာကြည့်လိုက်မယ်ဆိုရင်လည်း ရုပ်ဝတ္ထုဆိုင်ရာ ပြောင်းလဲခြင်းတွေအပြင် အဲဒီ ရုပ်ဝတ္ထုပြောင်းလဲခြင်းတွေရဲ့ ပဲ့ကိုင်ရှင် လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းကိုလည်း သတိထားမိလာရပါတယ်။

အဲဒီ ပြောင်းလဲလာခြင်းတွေထဲကမှ `တိုးတက်မှု´ လို့ သတ်မှတ်လို့ရတဲ့ ထင်ရှားတဲ့ သာဓကတွေကို ထုတ်နှုတ်ရရင်… ခါးသီးလှတဲ့ ကျွန်ပိုင်ရှင် စနစ် ပျောက်ကွယ်သွားမှု၊ လူဖြူ/လူမည်း ခွဲခြားမှုကို ချေဖျက်နိုင်မှု အပြင် နိုင်ငံအတော်များများမှာ သက်ဦးဆံပိုင် ဘုရင်စနစ် ချုပ်ငြိမ်းသွားမှုတွေဟာ လူသားတွေရဲ့ ဆင်ခြင်ဉာဏ်စွမ်းအား မြင့်မားလာမှုရဲ့ ပြယုဂ်တွေပါပဲ။ ထောက်ပြစရာ လက်ကျန် ချွင်းချက် တချို့ ရှိနေသေးသည့်တိုင်အောင် အဲဒီပြောင်းလဲခြင်းတွေဟာ ကမ္ဘာတ၀ှမ်းကို ကြီးမားတဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်စေခဲ့တာတော့ အမှန်ပါပဲ။

အဲဒီလို ပြောင်းလဲလာခြင်းတွေထဲမှာ `လူသား´ ဆိုတဲ့ မျိုးတူသတ္တ၀ါ အချင်းချင်းထဲမှာကိုပဲ တခုတည်းသော ကွဲပြားချက် ဖြစ်တဲ့ လိင်မတူခြင်းကို အခြေခံထားတဲ့ ခွဲခြားဆက်ဆံမှုတွေ တစတစနဲ့ လျော့ပါးလာတာကိုလည်း ကျနော်တို့ ထည့်တွက်စဉ်းစားရပါမယ်။ လူသားတွေရဲ့ ဆန့်ကျင်ဘက် လိင်တွေအပေါ် အပြန်အလှန် ထားကြတဲ့ သဘောထားတွေဟာ ယခင်နဲ့ ယခု အကွာကြီး ကွာခဲ့ပါပြီ။

ဥပမာအားဖြင့် ယခင်က `မိန်းကလေးပဲ၊ သေစာရှင်စာတတ်ရင် တော်ရောပေါ့၊ အဓိကက လင်ကောင်းသားကောင်း ရဖို့´ ဆိုတဲ့ အယူအဆကို ဒီခေတ်လူတွေက လုံးဝလက်မခံတော့ပါဘူး။ အဲဒီနေရာမှာ `မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်သာယာဖို့၊ တိုးတက်ဖို့ဆိုရင် အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနဲ့ တန်းတူရည်တူ ရှိသင့်တယ်၊ ရှိရမယ်၊ ရှိခွင့်ပေးရမယ်´ ဆိုတဲ့ အယူအဆကို အစားထိုးဖို့ ကြိုးစားလာကြပါပြီ။

ဒီနေရာမှာ `တန်းတူ ရည်တူ´ ဆိုတဲ့ စကားရပ်ကို ကျနော်တို့ ဘယ်လို ရှုမြင်သင့်သလဲ ဆိုတာ စဉ်းစားဖို့ လိုလာပါတယ်။

***

အင်မတန်မှ တက်ကြွဟန် ရှိတဲ့အမျိုးသမီးငယ်တယောက်က ဆီမီနာ တခုမှာ ဆွေးနွေးဖူးခဲ့တဲ့ အကြောင်းအရာ တခုကို တင်ပြချင်ပါတယ်။ အဲဒါကတော့…

`အမျိုးသားတွေ လမ်းဘေးမှာ အပေါ့သွားတာကိုတော့ လူတွေက ဘာမှ ထူးထူးထွေထွေလုပ်ပြီး အပြစ်မပြောတတ်ကြပေမယ့် အမျိုးသမီး ဆိုရင်တော့ ရစရာမရှိအောင် ကဲ့ရဲ့တတ်ကြကြောင်း၊ ဒါဟာ ခွဲခြားဆက်ဆံမှု တမျိုးဖြစ်တဲ့ အကြောင်း၊ အမျိုးသမီးတွေကို ဒီလို ဖိနှိပ်ကဲ့ရဲ့တာဟာ မကောင်းကြောင်း´

စသဖြင့် စသဖြင့် အကျယ်ချဲ့ ဆွေးနွေးသွားခဲ့ဖူးပါတယ်။

တကယ်တော့ သေသေချာချာ ပြန်စဉ်းစားကြည့်မယ်ဆိုရင် လမ်းဘေးမှာ အပေါ့သွားတာဟာ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် ဘယ်သူ့အတွက်မှ သင့်တော်တာ မဟုတ်သလို နိုင်ငံကြီးသား ပီသတဲ့ အပြုအမူလို့လည်း ဘယ်သူကမှ လက်ခံထားတာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အပေါ့သွားဖို့အတွက် အိမ်သာတွေ ရှိနေလို့ ဖြစ်ပါတယ်။ လူအများရဲ့ မြင်ကွင်းမှာ အပေါ့သွားရဲလောက်အောင် အရှက်ကင်းမဲ့နေရင်လည်း အဲဒီလူဟာ အမျိုးသားဆိုရင်လည်း ကဲ့ရဲ့ခံရမှာပါပဲ။ အမျိုးသမီးကိုမှ မဟုတ်ဘူး လို့ ကျနော်ထင်ပါတယ်။

တကယ်လို့ အိမ်သာလဲ အနီးအနားမှာ မရှိနိုင်ဘူး၊ လူမြင်ကွင်းလဲ မဟုတ်ဘူး ဆိုရင်တော့ အမျိုးသား/အမျိုးသမီး မဟူ အဆင်ပြေသလို ကိစ္စပြီးနိုင်ပါတယ်။ ဒါက ပြဿနာမဟုတ်ပါဘူး။ ဒါကို ပြဿနာလုပ်ပြီးတော့ အမျိုးသားတွေကျတော့ လမ်းဘေးမှာ အပေါ့သွားတယ်၊ ငါတို့လဲ လိုက်လုပ်တော့ ဘာဖြစ်သလဲ ဆိုပြီး အဲဒီလိုမျိုး လိုက်လုပ်မိတဲ့ အမျိုးသမီးတွေဟာ အထက်မှာ ကျနော်တင်ပြခဲ့တဲ့ နိုင်ငံကြီးသား မပီသသူ အမျိုးသားတွေ နည်းတူ ရောပြီး အပြစ်တင်ကဲ့ရဲ့တာကို ခံရမှာပါပဲ။ နဂိုကတည်းကမှ အမျိုးသမီးတွေအပေါ် ကျဉ်းမြောင်းတဲ့ အမြင်မျိုး ရှိတဲ့လူတွေ အတွက်ဆိုရင်တော့ ပို၍ပို၍ ကဲ့ရဲ့စရာ ဖြစ်ပါလိ့မ်မယ်။

နောက်တချက်…။

လူတွေမှာ လူမျိုးအလိုက် နိုင်ငံအလိုက် ကိုယ်စီ လက်ခံသတ်မှတ်ကြတဲ့ `ယဉ်ကျေးမှု´ ဆိုတာ ရှိပါတယ်။ တိုးတက်တဲ့ လမ်းကြောင်းတခုကို သွားဖို့အတွက် တခါတရံမှာ အဲဒီ ယဉ်ကျေးမှု ဆိုတာထဲက စံတချို့ကို ဖယ်ထုတ် စဉ်းစားရတာတွေ ရှိတာကို နားလည်လက်ခံပေမယ့် အဲဒီလို ဖယ်ထုတ် စဉ်းစားတာတွေဟာ `တလွဲဆံပင်ကောင်းမှု´ ကို အကာအကွယ်ပေးတာမျိုးတော့ မဖြစ်သင့်ပါဘူး။

ဥပမာအားဖြင့် မြန်မာမိန်းကလေးတယောက်က မြန်မာပြည်မှာ သူနေထိုင်စဉ်တုန်းကတော့ သွားလေရာမှာ ထဘီကိုသာ ၀တ်ဆင်လေ့ရှိပေမယ့် နိုင်ငံရပ်ခြား ရောက်လာရင် ဘောင်းဘီရှည်ကို ပြောင်းလဲ ၀တ်ဆင်တာမျိုးကိုတော့ ကျနော်တို့က `မြန်မာ့ ယဉ်ကျေးမှုနဲ့ မညီဘူး´ ဆိုပြီး လိုက်လံ စံထားနေစရာ အကြောင်းမရှိပါဘူး။ အမျိုးသားများသည်လည်း ပုဆိုးဝတ်ရာကနေ ဘောင်းဘီ ပြောင်းလဲ ၀တ်ဆင်ရတာပဲကိုး…။

ဒါပေမယ့် အဲဒီ ပြောင်းလဲ ၀တ်ဆင်ရတဲ့ အ၀တ်အစားက ခေတ်မီမှုနဲ့ လက်ရှိရောက်နေတဲ့ နေရာနဲ့ လိုက်လျောညီထွေ ဖြစ်မှုဆိုတာထက် ကျော်လွန်ပြီးတော့ လျှပ်ပေါ်လော်လီမှု လို့ သတ်မှတ်လို့ရတဲ့ အနေအထားမျိုးကို ရောက်လာရင်တော့ `မြန်မာ့ယဉ်ကျေးမှု´ ဆိုတဲ့ စံနဲ့ ပြန်လည် ထိန်းညှိသင့်ပါတယ်။ ယနေ့ခေတ်မှာ ထိုင်မသိမ်း ၀တ်စုံ၊ ဆံမြိတ်ကြီး တချချနဲ့ နေထိုင်ဝတ်ဆင်လို့ အလုပ်မဖြစ်တော့တာ မှန်ပါတယ်။ ဒါပေမယ့် မမြင်အပ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မလုံ့တလုံ ဖြစ်တဲ့ အထိဝတ်ဆင်ဖို့အထိတော့ မလိုအပ်ပါဘူး။ နိုင်ငံရပ်ခြားရောက်သွားလို့ စကပ်အတို မ၀တ်တဲ့ အမျိုးသမီးကို ဘယ်နိုင်ငံခြားသားကမှ မကဲ့ရဲ့ပါဘူး။ သင့်တင့်လိုက်ဖက်ပြီးတော့ လုံခြုံလှပတဲ့ အ၀တ်အစားကို ၀တ်ဆင်လေ့ရှိတဲ့ မြန်မာအမျိုးသမီးကို နိုင်ငံခြားသားက ပိုလို့တောင် လေးစားမယ်လို့ ကျနော်ထင်ပါတယ်။

နောက်ထပ် ဆွေးနွေးချင်သေးတာ တချက်ကတော့…။

နိုင်ငံခြားမှာ မတက်မဖြစ်တက်ရတဲ့ ပါတီပွဲတွေမှာ `အရက်၊ ဘီယာကို မသောက်မဖြစ် သောက်ရတယ်´ ဆိုတာ တကယ်တော့ မရှိပါဘူး။ ကျနော်တက်ခဲ့ဖူးသမျှ ပါတီပွဲတွေမှာ Something to drink? ဆိုတဲ့ မေးခွန်းကို ဦးစွာ အမေးခံရလေ့ ရှိပါတယ်။ Soda လို့ ဖြေလိုက်လို့ ဒီကောင် ‘So rude’ ပဲ လို့ ဘယ်လူကြီးလူကောင်းကမှ မသတ်မှတ်ပါဘူး။ ဘီယာသောက်မှ၊ အရက်သောက်မှာ ပါတီပွဲတွေမှာ လူဝင်ဆန့်တာ မဟုတ်ပါဘူး။ ဒီတော့ အမျိုးသမီးတချို့ ပါတီပွဲတက် ဘီယာသောက်၊ အရက်သောက် မူးတာဟာ သူ့နိုင်ငံ ယဉ်ကျေးမှုအရ လိုက်လျောညီထွေ ဖြစ်အောင် သောက်ရတာပါဆိုတာဟာ ပြည့်စုံ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ (ဒီနေရာမှာ အမျိုးသားတွေလည်း ထပ်တူပါပဲ)။

လူတိုင်းမှာ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် ကိုယ်ပိုင် အခွင့်အရေး ကိုယ်စီ ရှိကြတာကို ကျနော် လုံးဝဥဿုံ လက်ခံပါတယ်။ ဒါပေမယ့် အဲဒီ ကိုယ်ပိုင်အခွင့်အရေး ဆိုတဲ့ ခေါင်းစဉ်ကို တခြားသော ကောင်းမွန်တဲ့ အရာတွေမှာ အသုံးချရမယ့် အစား မဟုတ်တဲ့ နေရာမှာ တလွဲဆံပင်ကောင်းချင်တာမျိုးတော့ အားမပေးလိုတာ အမှန်ပါ။

တကယ်တော့ အရက်သောက်တာပဲ ဖြစ်ဖြစ်၊ အချိန်မတော် လျှောက်လည်တာပဲ ဖြစ်ဖြစ်။ အ၀တ်အစား မလုံ့တလုံ ၀တ်တာပဲဖြစ်ဖြစ် သေသေချာချာ ပြန်စဉ်းစားရင်တော့လည်း ကိုယ်ပိုင် အခွင့်အရေးပါပဲ။ ထပ်မံ ဖြည့်စွက်ပြောရရင် ဒါဟာ အမျိုးသားတွေနဲ့ အမျိုးသမီးအကြား တန်းညှိ ပြောနေစရာ မလိုတဲ့ ကိုယ်ပိုင် အခွင့်အရေးတွေပါပဲ။ တခုတော့ ရှိပါတယ် မိမိနဲ့ သက်ဆိုင်တဲ့ လူ့ပတ်ဝန်းကျင်ရဲ့ တန်ဖိုးဖြတ်မှုကိုတော့ မိမိနေထိုင်တဲ့ ပုံစံအပေါ်မှာ မူတည်ပြီး လက်ခံရရှိပါလိမ့်မယ်။

`ယနေ့ခေတ် အမျိုးသမီးတွေ အမျိုးသားတွေ နည်းတူ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ အလုပ်အကိုင်တွေမှာ တန်းတူရည်တူ ရှိလာပြီ´ ဆိုတဲ့ အရိပ်လက္ခဏာမျိုး လူ့ပတ်ဝန်းကျင်မှာ ပိုမိုထင်ဟပ်လာပြီဟေ့ ဆိုရင် ဒါဟာ အဲဒီ လူ့ပတ်ဝန်းကျင်ရဲ့ တိုးတက်မှု ပြယုဂ်ပါပဲ။ ဒီလိုမှ မဟုတ်ဘဲနဲ့ `အမျိုးသားတွေ အရက်သောက်သလို အမျိုးသမီးတွေလည်း ဘီယာလောက်တော့ သောက်တော့ ဘာဖြစ်မှာလဲ၊ အမျိုးသားတွေတောင် ညနက်သန်းခေါင် လိုက်လည်သေးတာပဲ၊ အမျိုးသမီးလည်တော့လဲ ဘာဖြစ်မှာလဲ´ ဆိုတဲ့ မဟုတ်တဲ့ဘက်ကို ကြံဖန်ကပ်သပ် စဉ်းစားလာရင်တော့ ဒါဟာ `ဆုတ်ယုတ်မှု´ လို့ပဲ ရိုးရိုးလေး သတ်မှတ်ရမှာပါပဲ။ မကောင်းတာ လုပ်တယ်ဆိုကတည်းကိုက အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ဘယ်သူလုပ်တာမှ မကောင်းပါဘူး။

ရေးခဲ့တာတွေ တော်တော်ကြီးကို ရှည်လျားပါပြီ။ အနှစ်ချုပ်လေး တခု ဆွေးနွေးကြည့်ပြီးတော့ အဆုံးသတ်ပါရစေ။

အမျိုးသမီးတယောက်ဟာ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ခွဲခြားဖိနှိပ် ဆက်ဆံခံရတာကို ဆန့်ကျင်ပြီးတော့ အမျိုးသားထက် သာအောင် ကြိုးစားနေတယ် ဆိုပါစို့။ အားရပါးရကြီး ထောက်ခံအားပေးပါ့မယ်။ အဲဒီအမျိုးသမီး စွမ်းဆောင်နိုင်စွမ်း ရှိသလောက် လူမှန်နေရာမှန် ဖြစ်အောင် အားလုံးကလည်း ပံ့ပိုးကူညီပါလိမ့်မယ်။

တလွဲဆံပင်ကောင်းတဲ့ ဘက်ကို ဦးတည်သွားဖို့ အလားအလာပိုများတာမျိုးကိုတော့ ကျနော်တို့ တတ်နိုင်သရွေ့ ကြိုးစား ကန့်သတ်ကြည့်သင့်ပါတယ်။ `တိုးတက်မှု ကို ဖော်ဆောင်သော တန်းတူရည်တူ ဖြစ်မှု´ အတွက်ပေါ့…။

***


ကလိုစေးထူး

Saturday, December 01, 2007

ယဉ်ကျေးခြင်း Vs ရိုင်းပျခြင်း…

ဘလော့ဂ် ဆိုတာကို ကျနော် စသိခဲ့ရတာကတော့ လွန်ခဲ့တဲ့ တနှစ်ကျော်ကပါ။

အားလပ်ချိန်တွေမှာ ကမ္ဘာအရပ်ရပ်က သူငယ်ချင်းတွေရှိရာ Chat room ကို ၀င်ရောက်ဖြစ်ခဲ့ရာက စာပေ ၀ါသနာပါသူ သူငယ်ချင်းတချို့ ရေးတဲ့ စာတွေကို လိုက်လံ ဖတ်ရှုဖြစ်ရင်းနဲ့ သူတို့ရဲ့ ကိုယ်ပိုင် ဘလော့ဂ်လေးတွေနဲ့ ရင်းနှီးဖြစ်ခဲ့တယ် ဆိုပါတော့…။ နောက်တော့ ကိုယ်တိုင်လည်း ဘလော့ဂ် ရေးချင်စိတ် ပေါက်လာတော့ အစပျိုးမိရင်းနဲ့ပဲ အခုတော့ ဘလော့ဂ်ရေးခြင်းကို စိတ်ပါလက်ပါနဲ့ကို တစိုက်မတ်မတ် ရေးဖြစ်ခဲ့ပါတော့တယ်။

ကျနော် ဘလော့ဂ် စရေးတဲ့ အချိန်မှာ မြန်မာဘလော့ဂ် တချို့ အရှိန်ရနှင့်ပြီး ဖြစ်နေကြပေမယ့် သိပ်အကျယ်ပြန့်ကြီး မဟုတ်သေးသလို မြန်မာဘလော့ဂါ အရေအတွက်လည်း များများစားစား မဟုတ်လှသေးပါဘူး။ ဒီကြားထဲကမှ Update ဖြစ်အောင် ပုံမှန် တင်ဆက်နေတဲ့ ဘလော့ဂ် အရေအတွက်က ပိုလို့တောင် နည်းပါသေးတယ်။

အဲဒီတုန်းက ရေးနေကြတဲ့ မြန်မာဘလော့ဂ်တွေဟာ ရေးသူတွေရဲ့ ကိုယ်ပိုင် စိတ်ကူး၊ ခံစားချက်၊ ထင်မြင်ချက်၊ အတွေ့အကြုံ အစရှိတာတွေကို အခြေခံပြီးတော့ ရေးသား တင်ဆက်ကြ၊ ဆွေးနွေးကြတာ များပါတယ်။ ဘလော့ဂ်ရဲ့ အဓိက အကျဆုံး ဆွဲဆောင်ချက် ဖြစ်တဲ့ မိမိအမြင်၊ မိမိအတွေးကို ဘယ်သူ တည်းဖြတ်တာမှ မခံရဘဲနဲ့ လွတ်လွတ်လပ်လပ် တင်ပြနိုင်တဲ့ အချက်ကြောင့် တစတစနဲ့ ဘလော့ဂ် ဆိုတာကို လူသိများလာခဲ့ပါတယ်။ မိမိ ရေးသား တင်ပြလိုက်တာကို စာဖတ်သူတွေထံကနေ ချက်ချင်းဆိုသလို response ပြန်ရတဲ့ ခံစားချက်ကလည်း ဘလော့ဂ် ရဲ့ ဆွဲဆောင်ချက် တခုပါပဲ။

အခုအချိန်မှာတော့ မြန်မာဘလော့ဂ် လောကကြီးက အရှိန်အဟုန် ကောင်းကောင်းနဲ့ စီးဆင်းနေတဲ့ မြစ်ကြီး တသွယ်အလားပါပဲ။ မြန်မာဘလော့ဂ် ဘယ်လောက်ရှိနေပြီ ဆိုတာကို စာရင်း အတိအကျ ပြုစုဖို့ မလွယ်ကူလှတော့ပါဘူး။

***

ဘလော့ဂ် ဘာကြောင့် ရေးပါသလဲ…။

ဒီမေးခွန်းကို ဘလော့ဂါ အတော်များများက Tag game ကစားရင်း၊ ဖိုရမ်မှာ ဆွေးနွေးရင်းနဲ့ ဆွေးနွေးခဲ့ကြဖူးပါတယ်။ မတူကွဲပြားတဲ့ အချက်အလက်တွေ အနည်းငယ် ရှိနေကြပေမယ့် သေချာပေါက် တူညီတဲ့ အချက်ကတော့ မိမိခံစားချက်၊ ယုံကြည်ချက်ကို လွတ်လပ် ပွင့်လင်းစွာ တင်ပြလိုတဲ့ အချက်ပါပဲ။

ဘလော့ဂ်ရေးကြတဲ့ အခါမှာလည်း တချို့ကတော့ ကိုယ်ပိုင်ခံစားချက် အတွေးစိတ်ကူး၊ တချို့ကတော့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အစရှိတာတွေကို အသားပေး၊ တချို့က ဘာသာပြန် အသားပေး၊ အဲဒီအပြင် ဓာတ်ပုံတွေ တင်တဲ့ ဘလော့ဂ်၊ သီချင်းတွေကို ဦးစားပေးတင်တတ်တဲ့ ဘလော့ဂ် အပြင် ဟင်းချက်နည်း သက်သက်ကိုသာ တင်တဲ့ ဘလော့ဂ် အစရှိသဖြင့် ပုံသဏ္ဍာန်ကွဲ အမျိုးမျိုးနဲ့ မိမိဘလော့ဂ်ကို တင်ဆက်ကြပါတယ်။

ကျနော် တဦးတည်း အမြင်အရ ပြောရရင် ဘလော့ဂ်ဆိုတာဟာ အဲဒီဘလော့ဂ်ကို ရေးသူ ပုဂ္ဂိုလ်၊ ဒါမှမဟုတ် အဖွဲ့အစည်းရဲ့ မှတ်တိုင် တခုပါပဲ။ မည်သူမဆို ဘလော့ဂ်ရေးသက် ကြာမြင့်သူပဲ ဖြစ်ဖြစ်၊ မကြာသေးသူပဲ ဖြစ်ဖြစ်၊ ပို့စ်တွေ ပုံမှန် တင်ဆက်သူပဲ ဖြစ်ဖြစ်၊ တခါတရံမှ ပို့စ်အသစ် တင်နိုင်သူပဲဖြစ်ဖြစ် ယုတ်စွအဆုံး ပို့စ် တခုနှစ်ခုပဲ တင်ပြီးတော့ ဘလော့ဂ်ကို ရပ်ထားရတဲ့ လူပဲ ဖြစ်ဖြစ် ကိုယ့်ဘလော့ဂ်ကို ကိုယ် တန်ဖိုးထား မြတ်နိုးကြပါတယ်။ ကိုယ့်ရဲ့ `မှတ်တိုင်´ တခုလို သဘောထားကြတယ်လို့ ပြောရင် လွန်မယ် မထင်ပါဘူး။

အဲဒီတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘလော့ဂ်ပေါ်မှာ ညစ်နွမ်းနေတာမျိုးကို ဘယ်သူကမှ မမြင်ချင်ကြပါဘူး။ ဒါကြောင့်လဲ ယုတ်မာ ရိုင်းစိုင်းတဲ့ ဖရုဿဝါစာ ပို့စ်တွေကို ဘယ်သူကမှ မတင်ချင်ပါဘူး။ (ချွင်းချက်ထားရမယ့် ပုဂ္ဂိုလ်တချို့ကိုတော့ စာရင်းထဲက ဖယ်ထုတ်ထားကြပါစို့)။

ဘလော့ဂါ တယောက် ရေးသားလိုက်တဲ့ ပို့စ်တခုအပေါ် အမြင်မတူတာတို့၊ သူရေးတာကို မကျေလည်တာတို့ ရှိတဲ့အခါမှာ စာဖတ်သူက ကွန်မန့်တွေနဲ့ ပြန်လည် တုံ့ပြန်ရေးသားတာဟာ ဘလော့ဂါ လောကရဲ့ မထူးဆန်းတဲ့ အစဉ်အလာ တခုပါ။ အမြင်တူတဲ့ ပို့စ်မျိုးကို ဖတ်မိရင် ချီးကျူးမယ်၊ မတူတာတွေ့တော့ ငြင်းကြခုန်ကြမယ်၊ ဒါဟာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ သဘာဝ တခုပါပဲ။ ပြီးတော့ ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ မြန်မာဘလော့ဂါလောက တခုတည်းမှာပဲ ဒါက ဖြစ်နေတာ မဟုတ်ဘူး လို့ ကျနော် ထင်ပါတယ်။ လူမျိုးတိုင်းမှာ ဒီပုံစံမျိုးက ရှိနေမှာပါပဲ။

မတူညီတာတွေ ရှိကြတဲ့အခါ ငြင်းခုန်ကြ၊ ပြောဆို ချေပကြတော့ တချို့က သိမ်မွေ့စွာ၊ ပြေပြစ်စွာနဲ့ တဖက်သား နားခံသာအောင် ဆွေးနွေး ပြောတတ်ကြသလို တချို့ကျတော့လည်း တဖက်သားကို အနိုင်ရရင် ပြီးရော သဘောမျိုးနဲ့ တဖက်က မိမိနဲ့ အမြင်မတူသူကို အပေါ်စီးကနေ ဆက်ဆံတာတမျိုး၊ ရိုင်းပျစွာ ပြောဆိုတာ တသွယ်၊ မောက်မာစွာ ဆဲဆိုတာက တနည်း အစရှိတာတွေကို ပြုလုပ်တတ်ကြပါတယ်။

အမြင်မတူတာတွေ ရှိကြလို့ ငြင်းခုန်ကြ၊ ဆဲဆိုကြတာတွေက ထားပါတော့…။ ဘာအကြောင်း ကိစ္စမှ မရှိပါဘဲနဲ့ လူတယောက်ကို အသားလွတ် အရှက်ခွဲ ဆဲဆိုတာကိုတော့ ကျနော်တို့ ဘယ်လို နားလည်ပေးရမှာပါလဲ…။

နိုင်ငံရေး အရေးအသားတွေ ရေးတဲ့ ဘလော့ဂါ တယောက် အဆဲခံရတယ်ဟေ့ ဆိုရင် ဒါဟာ သိပ်မထူးဆန်းသလိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အာဏာပိုင်တွေကို ဆန့်ကျင်သူပဲ ဖြစ်ဖြစ် အာဏာပိုင်ကို ထောက်ခံသူ အလိုတော်ရိပဲ ဖြစ်ဖြစ် အဲဒီ ခေါင်းစဉ်အောက်ကို သွားမိပြီဆိုကတည်းကို အဲဒါတွေနဲ့ ကြုံဆုံရမှာမို့ပါပဲ။ အပေါ့ပါးဆုံးသော ထိပါးခံရမှုက စကားလုံးတွေနဲ့ ပုတ်ခတ်ခံရတာ ဖြစ်နိုင်သလို ပုံစံအမျိုးမျိုးနဲ့ ဆဲကြဆိုကြတာတွေလဲ ရရှိနိုင်ပါတယ်။ ဒီတော့ အဲဒီအပိုင်းကတော့ ထားလိုက်ပါစို့…။

ဒါပေမယ့် လူတိုင်းနဲ့ အဆင်ပြေ၊ လူတွေကို ကူညီတတ်ပြီး ပေါ့ပေါ့ပါးပါး ပျော်ရွှင်ဖွယ် စာ၊ကဗျာလေးတွေကိုသာ ရေးလေ့ရှိတဲ့ ဘလော့ဂါ တယောက်ကို အသားလွတ် ဆဲဆို အရှက်ခွဲတာဆိုရင်တော့ အဲဒီ ဆဲဆိုတဲ့ လူရဲ့ စိတ်အခြေအနေကို တော်တော် နားလည်ရခက်သွားပါပြီ။

အပြင်လောက လူ့ပတ်ဝန်းကျင်မှာ တယောက်နဲ့ တယောက် ဖေးဖေးမမနဲ့ ညီအကိုစိတ်၊ ညီအမစိတ်၊ မောင်နှမစိတ်ထားလို့ အပြန်အလှန် နားလည်မှုတွေနဲ့ အတူ မိမိပတ်ဝန်းကျင်ကို ယဉ်ကျေးပြီး လိုက်လျောညီထွေ ဖြစ်တဲ့ လူ့အသိုင်းအ၀န်းလေး တခု ဖြစ်အောင် ပုံဖော်တတ်ကြပါတယ်။ အဲဒီလိုပဲ ကျနော်တို့ ဘလော့ဂ် လောက ဘလော့ဂ် ရေးသူတွေဟာလည်း (မိမိနဲ့ အမြင် မတူသည့်တိုင်) ဖေးမနားလည်မှုတွေ အပြန်အလှန် ထားရှိသင့်လှပါတယ်။

ဒီနေရာမှာ ဘလော့ဂ် ရေးသူတွေအပြင် ဘလော့ဂ်ဖတ်သူတွေကိုပါ ထည့်သွင်း စဉ်းစားရပါတော့မယ်။ မတူတဲ့ အမြင်တွေကို ဆွေးနွေးငြင်းခုန်တာကို ဘာမှ အထူးတလည် ပြောစရာ မရှိပေမယ့် မိမိနဲ့ ပုဂ္ဂိုလ်ရေးအရ အဆင်မပြေတာကြောင့် ဖြစ်ဖြစ်၊ တခြားသော ကိစ္စရပ်တွေကြောင့်ပဲ ဖြစ်ဖြစ် အသားလွတ် မိုက်ရိုင်း စော်ကားတာမျိုးကိုတော့ လုံးဝ မလုပ်သင့်သလို အဲဒီလို လုပ်ရပ်ကိုလည်း ပြင်းထန်စွာ ရှုံ့ချပါတယ်။ ဘလော့ဂ်ရေးသူတွေရဲ့ ဘလော့ဂ်ဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးကို အရှက်ခွဲဖို့၊ စော်ကားဖို့ နေရာ မဟုတ်ပါဘူး။ ဘလော့ဂ် စာမျက်နှာတွေကို လူတယောက်အပေါ် ပုဂ္ဂိုလ်ရေးအရ ထိခိုက်ပုတ်ခတ်စော်ကားဖို့အတွက် အကောင်းဆုံး နေရာအဖြစ် သတ်မှတ်ထားတယ် ဆိုရင်တော့ အဲဒီလို စိတ်ဓာတ်ပိုင်ရှင်လောက် သိမ်မွှားနိမ့်ပါးတဲ့ လူ ရှိတော့မယ်မထင်ပါဘူး။

မိမိ လုပ်တော့မယ့် လုပ်ရပ်တခုအတွက် လူတယောက် ဘယ်လောက်အထိ ထိခိုက်နစ်နာသွားလေမလဲ၊ တဖက်သားက မိန်းကလေးဆိုရင် မိမိအမေ၊ နှမကို တပါးသူက အဲဒီလို လာစော်ကားရင် ဘယ်လိုခံစားရမလဲ ဆိုတာတွေဟာ ဒီခေတ်ကြီးထဲမှာ ရှင်သန်ကြီးပြင်းလာတဲ့ ခေတ်လူငယ်တွေကို အထူးတလည် ပြောနေစရာ မလိုလှတဲ့ စကားတွေပါ။ ဒါပေမယ့် လောလောဆယ်မှာ မျက်စိရှေ့မှာ တွေ့ရမြင်ရတာတွေကတော့ အင်မတန်မှ စိတ်ဆင်းရဲစရာ ကောင်းလွန်းလှပါတယ်။ မောင်နဲ့နှမ၊ သားနဲ့အမိ မြင်လို့မှ မတော် လိင်ပိုင်းဆိုင်ရာ မတော်တရော် စကားလုံးတွေကို လူမြင်ကွင်းမှာ လာပြောရဲတဲ့ အောက်တန်းကျလှတဲ့ စိတ်ဓာတ်ကို ဘယ်လိုစကားလုံးမျိုးနဲ့ ရွေးချယ် ရှုံ့ချသင့်သလဲတောင် မတွေးတတ်တတ်အောင်ပါပဲ။

ရေးခဲ့တာ အတန်ငယ် ရှည်လျားပါပြီ။ နောက်ထပ် စကားလုံးတွေလည်း ရှာမရတော့ပါဘူး။ နိဂုံးအားဖြင့် မေတ္တာရပ်ခံချင်တာကတော့ လူတဖက်သားကို နည်းနည်းလောက်တော့ ကိုယ်ချင်းစာတရားလေး ထားကြပါအုံးဆိုတာပါပဲ။


ကလိုစေးထူး

(ညီမငယ် ဘာညာအတွက် စိတ်မကောင်းဖြစ်မိစွာဖြင့် ဤစာစုကို ရေးပါသည်။)