Monday, September 15, 2008

ပြောချင်ရက် လက်တို့

ဒီရက်ပိုင်းမှာ ကျနော် ရေးချင်တဲ့ အကြောင်းအရာတွေ များနေတယ်။ ပြီးတော့ အရှိန်ကောင်းလာတဲ့ AGT အစီအစဉ်တွေကိုလဲ တင်ချင်သေးတယ်။

ဒါပေမယ့် အဲဒါတွေကို တင်လိုက်ရင် ဗွီဒီယို ကလစ်တွေက ဘလော့ဂ်ကို အလွန့်အလွန် လေးနေစေတော့တာပါပဲ။ ဒါကြောင့် ကျန်ရှိနေသေးတဲ့ ပြိုင်ပွဲဝင်တွေရဲ့ ယှဉ်ပြိုင်သွားကြပုံတွေကို လင့်ခ်အဖြစ်နဲ့ပဲ ဒီနေရာမှာ ချိတ်ဆက်ဖော်ပြပါရစေ...။

***

ကျနော် ကိုးတန်းလောက်က ထင်တယ်။ `အော်တိုရေးပေးပါလား´ ဆိုပြီး အတန်းထဲက ကောင်မလေးတယောက်က စာအုပ်ထိုးပေးလာတော့ အူကြောင်ကြောင်နဲ့ ဘာရေးရမှန်း မသိဘူး။ သူများရေးနှင့်ထားတာတွေ လိုက်ဖတ်လိုက်တော့ တချို့ကျတော့လဲ ကဗျာအတိုအစလေးတွေနဲ့ ရေးတဲ့လူကရေး၊ ဝေးသွားတဲ့အခါ သတိရနေပါ...တို့၊ နင်ဟာ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းပါ... တို့ ရေးထားလိုက်ကြတာ စုံနေတာပဲ။ ဒါနဲ့ ကျနော်လဲ ဘာရေးရကောင်းမလဲ စဉ်းစားမရဖြစ်တာနဲ့ အဲဒီတုန်းက ဖတ်နေတဲ့ ၀တ္ထုတအုပ်ထဲက စာသားတကြောင်းကို ရေးလိုက်တယ်။ အမှန်ကတော့ ဖတ်ထားတာက မြန်မာဝတ္ထုပါ။ ဒါပေမယ့် ကျနော်က "Everything is for the Best" ဆိုပြီး အင်္ဂလိပ်လို ရေးလိုက်တာ ကောင်မလေးက သဘောခွေ့သွားလေရဲ့...။

`လူတွေဟာ ကိုယ့်အကြောင်းကိုယ် ပြောပြချင်ကြတယ်၊ ခက်တာက နားထောင်ပေးမယ့်လူ မရှိတာ´ တဲ့...။

ဟုတ်မှာပါလေ၊ တချို့ ထင်ရှားတဲ့ ခေါင်းဆောင်ကြီးတွေ၊ စာရေးဆရာကြီးတွေဆိုရင် သူတို့အကြောင်း သိပ်ပြောချင်လွန်းလို့ အထ္တုပတ္ထိ စာအုပ်တွေ ဘာတွေတောင် ရေးကြသေးတာပဲ...။

တခြားကို ဝေးဝေးမကြည့်ပါနဲ့လေ...၊ ကျနော်တို့ ဘလော့ဂ်လောကမှာဆိုရင် Tag game ကို ခေါင်းစဉ်အမျိုးမျိုးနဲ့ Tag လိုက်ကြတာ ပထမဆုံး "10 Weirds about me" ဆိုတဲ့ ခေါင်းစဉ်မှာဆိုရင် ဘလော့ဂါတော်တော်များများ ရေးဖြစ်လိုက်တဲ့ ခေါင်းစဉ်ပေါ့။

အခုလဲ နောက်ထပ်တခုက ဘလော့ဂ်တော်တော်များများမှာ ရေပန်းစားနေပြန်ပါပြီ။ ကိုယ့်အကြောင်းကိုကိုယ် ပြောရတဲ့ ရိုးရိုးရှင်းရှင်း Tag လေးမို့ အားလုံးက ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ရေးကြတာ ကြည်နူးစရာပါ။ ကျနော့်ကိုလဲ ညီမ လင်းလက်ကြယ်စင်က အဲဒီ ရေစီးကြောင်းထဲကို ဆွဲခေါ်ခဲ့လေရဲ့...။

***

ကျနော့်မှာ အဘိုးပေးထားတဲ့ နာမည်တခု အသက်လေးနှစ်လောက်အထိ ရှိခဲ့ဖူးတယ်။ ကျောင်းနေရတော့မယ့် အရွယ်ရောက်ခါနီးကျမှ ဖေဖေက သူ့စိတ်ကြိုက် နာမည်ကို ရွေးချယ်ဖြစ်ခဲ့တော့ အခုအချိန်ထိ အဲဒီနာမည်နဲ့ပါပဲ။ `နဂျယ်ကောင်´ ဆိုတဲ့ နာမည်ကတော့ ကျနော် အလွန်မြတ်နိုးတဲ့ အမည်ပြောင်လေး တခုပေါ့။

အပြင်လောကက မိတ်ဆွေတွေကတော့ ကျနော့် နာမည်အရင်းကိုပဲ ခေါ်ကြပါတယ်။ ဘလော့ဂ်လောကမှာတော့ အတော်များများက ခေါ်ကြတာက `ကိုစေးထူး´...။ ကလောင်နာမည် ကလိုစေးထူးကို `ကိုစေးထူး´ လို့ ခေါ်ကြတာဟာ ပိုပြီးရင်းနှီးနှစ်လိုဖွယ်ရာကောင်းလို့ ကျနော် ပိုနှစ်သက်မိပါတယ်။

ကျနော် အခုတော့ အမေရိကန်နိုင်ငံရဲ့ သိပ်အေးလွန်းတဲ့ ပြည်နယ်တခုမှာ နေပါတယ်။ ဖုန်းဆက်ချင်ရင်တော့ အလုပ်ချိန် မဟုတ်တဲ့ အချိန်တွေပဲ ဆက်ဖို့ အဆင်ပြေမယ်။ တခါတလေကျရင် အပြင်ကို လျှောက်သွားနေတာက ရှိသေးတယ်။ စိတ်အဆိုးဆုံးကတော့ စာတပုဒ်ကို အပီအပြင်ရေးနေတဲ့အချိန်မှာ လာတဲ့ဖုန်းတွေကိုပဲ။ :D

အကြိုက်ဆုံးအရောင်က အပြာရောင်ပါ။ အပြာရောင် ကြိုက်လား မကြိုက်လား ဘလော့ဂ် တခုလုံး ပြာနေတာက သက်သေပဲ။ ဘောလုံးအသင်းကို အားပေးတော့လဲ အပြာရောင် တပ်ဖွဲ့ လို့ အမည်ရတဲ့ ချဲလ်ဆီး အသင်း။ အ၀တ်အစားကတော့ ကျနော့်ဘ၀မှာ ဘာအ၀တ်လေးမှ ၀တ်ချင်ပါတယ်လို့ ရွေးချယ်ခွင့် အခြေအနေ မပေးခဲ့လို့ ဘာအ၀တ်မှ ဘာဒီဇိုင်းမှ ဆိုပြီး ရွေးကြိုက်တာမျိုး သိပ်မရှိလှပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ စပို့ရှပ်လေးတွေကိုတော့ ပိုကြိုက်မိတယ်။ အစားအစာထဲမှာကတော့ အသားမှာဝက်၊ အသီးအရွက်မှာ ချဉ်ပေါင်ကြော်။

ဘာပစ္စည်းကို အကြိုက်ဆုံး ဆိုတာလဲ မရွေးတတ်ပါဘူး။ သီချင်းကတော့ နားထောင်ရတာ အဆင်ပြေတဲ့ သီချင်းမှန်ရင် ကြိုက်တာပါပဲ။ လက်ရှိ မြန်မာဟစ်ဟော့ သီချင်းတွေလဲ စိတ်ထဲတွေ့တဲ့ သီချင်းဆို ကြိုက်တာပဲ။ မြန်မာသံစဉ်ထဲမှာလဲ ကြိုက်တဲ့ သီချင်းတွေ တော်တော်များများ ရှိတာပါပဲ။ ဒါပေမယ့် တွံတေးစိုးအောင်ကိုတော့ မကြိုက်ဘူး။ ဖြိုးကြီး သီချင်းတွေ မကြိုက်ဘူး။

စာရေးဆရာကတော့ ကလောင်စွဲရယ် မရှိပါဘူး။ စာတပုဒ်ဖတ်ပြီးတော့ စိတ်ထဲမှာ တခုခုရလိုက်တာမျိုး ခံစားရတဲ့ စာကို ကြိုက်တာပါပဲ။ ဒါပေမယ့် `မြတ်ခိုင်´ ကိုတော့ မကြိုက်ဘူးဗျာ။ စာအုပ်ထဲမှာတော့ `သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်´ စာအုပ်ဟာ ကျနော် ဖတ်မိတဲ့ အပြင်စာပေထဲက ပထမဆုံး အမှတ်ရရဖြစ်နေလို့ ကြိုက်ပါတယ်။ `ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်´ `ဇစ်မြစ်´ `မိုးမခပင်တွေ´ `လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း´ စာအုပ်တွေကတော့ ဖတ်ဖူးသမျှ စာအုပ်တွေအနက်က ဘယ်တော့မှ မမေ့နိုင်အောင် နှစ်သက်မိတဲ့ စာအုပ်တွေပါ။

ဘ၀မှာ သိပ်ပြီး ချမ်းချမ်းသာသာလဲ မဟုတ်၊ စားရမဲ့သောက်ရမဲ့ အခြေအနေလဲ မဟုတ်ဘဲ ကိုယ်လုပ်ချင်တာနဲ့ လက်ရှိ လုပ်နေရတာ တထပ်တည်းကျတာမျိုး နေရတာကို သဘောကျတယ်။ ၀ါသနာပါတာတွေကတော့ ကောင်းတာတွေချည်း ရွေးပြောရရင်တော့ ဂီတာတီးတာရယ်၊ သီချင်းလေး တပုဒ်တလေ ရေးတာရယ်၊ ဟိုရေးဒီခြစ် စာတွေ ရေးနေရတာရယ်၊ စစ်တုရင် ကစားရတာရယ်၊ ဘိလိယက် ကစားရတာရယ်ကို ၀ါသနာပါတယ်။ မကောင်းတာကတော့ တခါတလေကျရင် ငြင်းခုန်ရတာကို ၀ါသနာထုံမိတယ် ထင်တာပဲ။

ကျနော် အချစ်ဆုံးသူကတော့ ကျနော့်ကိုယ် ကျနော်ပါပဲ။ အလေးစားရဆုံးသော လူပုဂ္ဂိုလ်တွေကတော့ ကျနော့် မိဘ၊ ဆရာသမားတွေရယ် ဒေါ်အောင်ဆန်းစုကြည် ရယ်။ အခင်ဆုံး သူငယ်ချင်းကတော့ မြန်မာပြည်မှာ ကျန်ခဲ့တယ်။ ကျနော့်ကို အများဆုံး နားလည်ပေးနိုင်သူကတော့ မေမေပါ။ ကျနော် အမုန်းရဆုံးသောသူတွေကတော့ ဟိုလူကြီးတို့ အုပ်စုပါပဲ။

ရင်အခုန်ဆုံး အချိန်က ဘယ်တုန်းကပါလိမ့်လို့ ပြန်စဉ်းစားတော့ အမှန်အတိုင်း ပြောပြရရင် တော်တော်ရယ်စရာ ကောင်းနေမလားဘဲ။ ပထမဆုံး စကြိုက်မိတဲ့ ကောင်မလေးကို `ငါ့ကို ချစ်ရင် နောက်နေ့ကျရင် ပန်းပန်ပြပါနော်´ လို့ သွားပြောတော့ ကောင်မလေးက `ပန်းဝယ်ဖို့ ငါ့မှာ ပိုက်ဆံမရှိဘူး´ ...တဲ့။ ဒါနဲ့ ကျနော်က `နင်တို့ အိမ်နောက်ဖေးမှာ ကန်ဇွန်းခင်းတွေ ရှိသားပဲ၊ ကန်ဇွန်းပန်းလေး ပန်ပြလေ´ လို့ ပြောလိုက်တာ ကောင်မလေးက `အင်း´ ...တဲ့။ အဲဒီတုန်းက ကောင်မလေးရဲ့ `အင်း´ ဆိုတဲ့ အဖြေစကားကို တော်တော် ရင်ခုန်သံမြန်ဖူးတယ်။

အကြောက်ဆုံးအချိန်ကတော့ ကျနော် ပထမဆုံးအကြိမ် ပေါ်တာအထမ်းသမားအဖြစ် ရှေ့တန်းကို ပါသွားတုန်းကပါပဲ။

ဆုတောင်းတိုင်းသာ ပြည့်ရမယ်ဆိုရင်တော့လား ဟိုလူကြီးတွေ မြန်မြန်မာလကီးယားပြီးတော့ အားလုံးလိုလားတဲ့နေ့ကို မနက်ဖြန်ပဲ ရောက်ပါစေလို့ ဆုတောင်းချင်တယ်။

အချစ်၊ အမုန်း၊ အလွမ်း၊ သံယောဇဉ် ဆိုတာတွေကိုတော့ စာမဖွဲ့ပါရစေနဲ့တော့။ ဘ၀ ဆိုတာကိုတော့ သူငယ်ချင်းတွေ ဆုံတိုင်း ရယ်ဟဟနဲ့ ညည်းဖူးသလို ခပ်ရွတ်ရွတ်သာ ပြောလိုက်ချင်တယ်။ `ဘ၀ ဆိုတာ လဒ (ဠင်းတ) ပါပဲဗျာ´ သူငယ်ချင်းဆိုတာကတော့ `ဆိုးတူကောင်းဖက်´ ဆိုတဲ့ စကားလုံးနဲ့ အကိုက်ညီဆုံးသောသူပေါ့။ ချစ်သူဆိုတာကတော့ ကိုယ်ကချစ်နေပြီး ကိုယ့်ကိုလဲ ပြန်ချစ်နေတဲ့သူ လို့ ထင်တာပဲ။

ကိုယ့်ကိုယ်ကိုတော့ ဘယ်လိုမှ သိပ်မထင်တတ်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကို ထင်မှတော့ အကောင်းပဲ ထင်မိမှာ သေချာတယ်။ လက်စွဲဆောင်ပုဒ်အနေနဲ့ကတော့ `ကြိုးစားမှုတိုင်းဟာ အချည်းနှီးမဖြစ်ဘူး´ ဆိုတဲ့ ဖေဖေ့ ဆုံးမစကားပါ။

အပြောချင်ဆုံး စကားတခွန်းကတော့ `မျှော်လင့်ချက်တွေ မောလှပါပြီ၊ အားလုံး အလိုချင်ဆုံးသော နေ့ကို မြန်မြန်ရောက်ပါရစေတော့´...။

***


ကလိုစေးထူး

Sunday, September 14, 2008

ကီးဘုတ် ကမြင်းသူ

ကျနော် ကီးဘုတ် ကမြင်းနေတယ်
ဗီဇကိုက လွတ်လပ်ချင်နေတော့
မလွတ်လပ်မှုတွေကို ကိုယ်စားပြုဖို့
ယုံကြည်ချက်ကို ချခင်းပြဖို့
မျှော်လင့်ချက်ကို အသက်ဆက်ဖို့
ကျနော် ကီးဘုတ် ကမြင်းနေတယ်။

ကျနော် ကီးဘုတ် ကမြင်းနေတယ်
သေချာတာက အတ္တကို ကိုယ်စားပြုမနေဘူး
မာန်မာနကို ရှေ့တန်းတင်မနေဘူး
ကောက်ကျစ်မှုကို အကာအကွယ် ပေးမနေဘူး
ကြမ်းကြုတ်မှုကို အရောင်တင်မနေဘူး
ကျနော် ကီးဘုတ် ကမြင်းနေတယ်။

တခုခုကို အငမ်းမရ မျှော်နေတဲ့ လက်တွေ
အရောင်မှိန်ဖျော့နေတဲ့ မျက်လုံးတွေ
ခြောက်ကပ်ပိန်လှီနေတဲ့ ပျိုမြစ်မှုတွေ
တောင်းရမ်းနေတဲ့ တတိယအရွယ်တွေ
ကျနော် ကီးဘုတ် ကမြင်းနေတယ်။

အိမ်ယာမဲ့သွားတဲ့ အေးချမ်းမှုတွေ
လောင်တိုက် အသွင်းခံလိုက်ရတဲ့ ရပ်တည်မှုတွေ
အော်ဟစ်ညည်းတွားနေတဲ့ မြေဇာပင်တွေ
ဖြိုလှဲခံလိုက်ရတဲ့ အဖြူရောင် ဘ၀တွေ
ကျနော် ကီးဘုတ် ကမြင်းနေတယ်။

တချိန်လုံး အပြစ်ကင်းနေကြတဲ့ သားသတ်သမားတွေ
စပ်ဖြီးဖြီးနဲ့ ပုတ်သင်ညိုတွေ
မာန်ဖီလွန်းတဲ့ သူ့ထက်ကဲတွေ
စောင်းတီးပြန်သင်တဲ့ ကျွဲပါးလက်သစ်တွေ
ကျနော် ကီးဘုတ် ကမြင်းနေတယ်။

ကီးဘုတ် ကမြင်းလိုက်တော့
ခံစားချက်တွေက ကမြင်းကျောထကြတယ်
ကမြင်းကျောထတဲ့ စာတွေက
ကမြင်းရတဲ့ အကြောင်းကို ဖော်ပြကြတယ်
ကမြင်းသူ အချင်းချင်း ဖေးမလိုက်
ကမြင်းသူ အချင်းချင်း ယုံကြည်ချက်တွေ ချိတ်ဆက်လိုက်နဲ့
ကမြင်း ကွန်မြူနတီမှာ ကီးဘုတ် ကမြင်းသံတွေ
ဆူညံပစ်လိုက်တော့
မြင်းခွာပေါက်သံက အရှုံးပေးရလောက်ရဲ့...။

ကျနော်တို့ ကီးဘုတ် ကမြင်းနေတယ်
အတွေးအခေါ် မကမြင်းဘူး
စာနာစိတ်တွေ မကမြင်းဘူး
လူသားဆန်ခြင်းတွေ မကမြင်းဘူး
အသိတရားတွေ မကမြင်းဘူး
ဒါပေမယ့်
ကျနော်တို့ ကီးဘုတ် ကမြင်းနေတယ်။

ဟော...၊ ကြည့်လေ
ပြောရင်းဆိုရင်းနဲ့ကို
အခုတော့... ... ...
တောင်ပို့ထဲက ဖွတ်အကြောင်း
ကီးဘုတ် ကမြင်းနေမိပြန်ပါပေါ့...။


ကလိုစေးထူး

Saturday, September 13, 2008

စိတ်ညစ်နေလား…(၇)

AGT အစီအစဉ်မှာ ဘယ်သူတွေ Top 10 ရောက်သွားတယ်ဆိုတာကို မပြောဘဲနဲ့ အသာလေးငြိမ်နေမလားလို့ဟာ တော်တော်ချစ်ဖို့ကောင်းတဲ့ ဖော်ကောင်တွေက ဖော်ထုတ်လိုက်တာနဲ့ပဲ လူသိကုန်ပြီ။ :P

ကဲ...၊ လူသိကုန်မှတော့ မထူးပါဘူး။ နောက်ထပ် ၁၅ ယောက်ကို ပို့စ် နှစ်ခုထဲနဲ့ပဲ ခပ်မြန်မြန်တင်ပစ်လိုက်တော့တယ်။ :D



အားလုံးရဲ့ အသည်းစွဲ လေးနှစ်သမီးလေး Top 20 အစီအစဉ်ကို တက်ရောက်လာခဲ့တုန်းက ပုံစံလေးကို အမှတ်တရ အဖြစ် တင်ဆက်လိုက်ပါတယ်။ သူ နောက်တဆင့် တက်သွားတော့ လမ်းလျှောက်သွားတာလေးကိုက မြောက်ကြွမြောက်ကြွ ပုံစံလေးနဲ့ ချစ်စရာလေးပါ။




ဒါကတော့ အများရဲ့ အသည်းစွဲ Kaitlyn Maherရဲ့ Top 20 အဆင့် ပြိုင်ပွဲဝင်ဟန်လေးပါ။ သူ့အသက်သူ့အရွယ်နဲ့ ဒီလောက် ဆိုတတ်တာကိုက ပါရမီလို့ ဆိုရမလားပါပဲ။




James Gang လို့ အမည်ရတဲ့ အဖွဲ့ပါ။ သူတို့ရဲ့ ပထမအဆင့် ပြိုင်ပွဲဝင်ဟန်နဲ့ Top 40 အဆင့် ပြိုင်ပွဲဝင်ပုံကိုလဲ ကြည့်နိုင်ပါတယ်။ ကျနော်ကတော့ သိပ်မကြိုက်ပါဘူး။




အခုပြိုင်ပွဲမှာ ပထမဆု ရသွားဖို့ တစ်ပြေးနေသူတွေထဲက တယောက်ဖြစ်တဲ့ Queen Emily ပါ။




Zooperstars အဖွဲ့ရဲ့ ပြိုင်ပွဲဝင်ဟန်ပါ။ သူတို့ အရင်က ယှဉ်ပြိုင်ခဲ့တာတွေကတော့ ပထမအဆင့်က ဒီမှာ ဖြစ်ပြီးတော့ Top 40 အဆင့်ကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။




Extreme Dance အဖွဲ့ရဲ့ အကနဲ့ ယှဉ်ပြိုင်ဟန်ပါ။ ကျနော်ကတော့ သူတို့ ကသွားတာကို သဘောကျပါတယ်။




ဒိုင်တွေလဲ ကြိုက်၊ တချို့ ပရိသတ်တွေလဲ တော်တော် အားပေးတဲ့ Paul ဆိုတဲ့ သီချင်းတွေကို ကျနော်ကတော့ သိပ်ခံစားလို့ မရလို့ဘဲလားတော့ မသိ...။ မကြိုက်ပါဘူး။




ကျနော် ပထမဆု ရစေချင်တဲ ပြိုင်ပွဲဝင်တွေထဲမှာ အပါအ၀င်ဖြစ်တဲ့ Nuttin but Strings အဖွဲ့ပါ။ သူတို့ရဲ့ ပြိုင်ပွဲဝင်မှုတိုင်းမှာ ဆန်းသစ်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရတာချည်းပါပဲ။ AGT မှာ ပြိုင်ပွဲဝင်တာ မဟုတ်တဲ့ Nuttin but Strings ရဲ့ အနုပညာတခုကိုလဲ ဒီမှာ တွေ့ပါတယ်။ တယောသံကို နှစ်ခြိုက်သူများ နားဆင်နိုင်ပါတယ်။

နောက်ထပ်ကျန်သေးတဲ့ ရှစ်ယောက်ကိုလဲ Top 10 ပြိုင်ပွဲတွေ မတိုင်မီ ထပ်မံ တင်ဆက်ပေးပါဦးမယ်။


ကလိုစေးထူး

Friday, September 12, 2008

ညု လိုက်ကြစို့ သူငယ်ချင်း

ပြီးခဲ့တဲ့ သုံးလေးရက်ကပေါ့...။

စီဘောက်စ်မှာ `ကဲကဲ´ ဆိုတဲ့ တယောက် လာပြောသွားတာကို စိတ်ဆိုးရမယ့် အစား သဘောကျပြီး ရယ်တောင် ရယ်မိသေးတယ်။ ဘာတဲ့...၊ `ညုတုတုနဲ့ ရေးသလိုပေါ့၊ ဟဟ´ တဲ့...။ အမယ်...၊ ဟဟတောင် ပါလိုက်သေး။ :))

နောက်နေ့ကျတော့ အသစ်ထပ်တင်ထားတဲ့ ပို့စ်ကို ဖတ်ပြီးတော့ သူငယ်ချင်းတယောက် (နာမည်တော့ မဖော်တော့ပါဘူးလေ :P) က `ရေးထားတာ ကောင်းပါတယ်´ ...တဲ့။ အဟုတ်မှတ်ပြီး စိတ်ထဲ ကျေနပ်မလား ရှိသေး...၊ ဆက်ပြောလိုက်တာက ကြည့်ဦး...၊ `ညုတုတုလေးပေါ့...တဲ့´။

ဒါနဲ့ ပြန်စဉ်းစားတယ်။ သူတို့က ငါ့ကို ဘာကြောင့် ညုတယ် ပြောရပါလိမ့်ပေါ့။

သေချာတာကတော့ ဟို `ကဲကဲ´ ဆိုတဲ့ တယောက်က ကျနော့်ကို တော်တော် မေတ္တာတုံးနေတဲ့ လေသံနဲ့ပြောတာ...။ ကျနော်ရေးတဲ့ စာကို ဖတ်ပြီး ချက်နဲ့လက်နဲ့ ပြန်ပြောဖို့လဲ သိပ်စိတ်ရှည်ပုံ မရတာနဲ့ `ဒီကောင်တော့ ဒေါသထွက်ရော့လဟယ်´ ဆိုပြီး အားရပါးရ ချီးမြှင့်သွားတာ။

ဟိုဘော်ဒါကတော့ ဒီလိုဟုတ်ဟန် မတူဘူး။ သူ့ကြည့်ရတာ ဖတ်ပြီးတော့ တော်တော့်တော်တော်ကို လေးစားသွားပုံရတယ်။ (အကွက်ဝင်တုန်း အမှတ်ယူထားမှ :P ) ဒါနဲ့ မနာလို စိတ်အခံလေးကလဲ ရှိဟန်တူပါတယ်လေ။ ကျနော့်ကို ချီးကျူးသလိုလိုနဲ့ နှိပ်ကွပ်သွားတာလေ။ တကယ်ဆို သူလဲ ညုတာပဲဗျ။ :D

ဒီလိုနဲ့ သူတို့ပြောတဲ့ `ညုတယ်´ ဆိုတာကို ကိုယ့်ဘက်ကိုယ်ယက်ပြီး သာသာထိုးထိုးလေး အဓိပ္ပာယ်ဖွင့်လိုက်တော့ စာရေးတာ၊ စကားပြောတာမှာ စိတ်အေးလက်အေးနဲ့ တဘက်သားနားခံသာအောင် စိတ်ရှည်ရှည်ထား ရေးတာပြောတာကို ဆိုလိုချင်တာနဲ့ တူတယ်လို့ တွေးမိတယ်။ ကိုယ့်အတွက်ကိုယ် အဓိပ္ပာယ်ဖွင့်တာဆိုတော့လဲ ဂလောက်တော့ သားသားနားနားလေး ပြောဦးမှ...။

***

တကယ်တော့ ကျနော်က စိတ်သိပ်ရှည်တတ်တဲ့ လူတော့ မဟုတ်ပါဘူး။ ဒေါသကြီးလွယ်၊ စိတ်တိုလွယ်သလောက် စိတ်ပြေလဲ လွယ်တဲ့ လူတမျိုးထဲမှာ ကျနော်ပါတယ်။ ဒေါသလွယ်မိလို့ မှားခဲ့တာတွေလဲ သောင်းခြောက်ထောင်ပဲ။

ကျနော် အွန်လိုင်းပေါ် စတက်တော့ modins ဆိုတဲ့ ချက်ရွမ်းကို ခဏခဏ ရောက်ဖြစ်ခဲ့ဖူးတယ်။ အဲဒီChatမှာက ဘာအကောင့်မှ လုပ်စရာလဲ မလိုဘူး။ ချက်ချင်တဲ့အခါကျရင် နစ်ခ်နိမ်း တခု အလွယ်တကူပေးပြီးတော့ ၀င်ချက်ရုံပဲ။ အဲဒါနဲ့ ချက်ပါလေရော ဆိုပါတော့...။

ခက်တာက တခါတခါကျရင် ဘယ်ကမှန်း မသိတဲ့ နစ်ခ်တွေနဲ့ တချို့လူတွေက ပေါက်ကရလေးဆယ်တွေ ၀င်ပြောပြီး ရန်တွေ လျှောက်စတာပဲ။ ရန်စရင်းနဲ့ ပိုပြီးအားပါလာတော့ ရန်ဖြစ်တာပေါ့။ ကျနော်လား...၊ ဘယ်နေမလဲလေ တချီတမောင်း ဖြစ်လိုက်မဟဲ့ ဆိုတဲ့ အထဲကပဲ။ သူတို့ချည်းပဲ စိတ်ရှိတာမှ မဟုတ်တာ ငါလဲ စိတ်နဲ့ပဲ ဒေါသထွက်တတ်တယ်ကွပေါ့။

ဒါပေမယ့် တရက်ကျတော့ အဲဒီ ချက်ထဲမှာ တချိန်လုံးထိုင်ဆဲနေလို့ လူတွေလဲ တော်တော် စိတ်ညစ်နေရတဲ့ တယောက်ကို ကျနော် ဘာရယ်မဟုတ်ဘူး။ စကားတခွန်းပြောလိုက်မိတယ်။ `ကျနော်တို့က အလုပ်နားတဲ့ အချိန်လေး ချက်ရတာမို့ အဲဒီလို မဆဲဖို့ တောင်းပန်ပါတယ်ဗျာ´...လို့။ (ညုတာ၊ ညုတာ) ဒါနဲ့ ကိုယ်တော်ချောက အဆဲရပ်သွားပါလေရော...။ အမယ်၊ သူ ပြန်ထွက်ခါနီး ကျနော့်ကိုတောင် ပြောသွားလိုက်သေးတယ်။ `အကို့ကို အားနာလို့ နောက်ဆိုရင် အကိုရှိနေတဲ့ အချိန်ဆိုရင် မဆဲတော့ဘူးဗျာ´ တဲ့...။

***

နောက်တော့ ကျနော် မြန်မာချက် မှာ အချိန်တော်တော်ကြာကြာ ချက်ဖြစ်ခဲ့ဖူးတယ်။ အခု ဘလော့ဂ်လောကမှာ လက်စွမ်းပြနေတဲ့ လင်းလက်ကြယ်စင် ဆိုတာ မြန်မာချက်ထဲမှာတုန်းက ကျနော်နဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် မောင်နှမတွေပေါ့။

အဲဒီချက်မှာတုန်းက ကျနော့်ရဲ့ မကောင်းတဲ့ အကျင့်တခု ပြောပြရဦးမယ်။ အဲဒါကတော့ ခဏခဏ ရန်ဖြစ်တာပဲ။ စိတ်အခန့်မသင့်လဲ ရန်ဖြစ်၊ ဘာမဟုတ်တာလေးနဲ့လဲ ရန်ဖြစ်နဲ့ ထီခနဲဆို ရန်ဖြစ်တာ ဘယ်သူလဲ မေးလိုက်ရင် ကျနော်ချည်းပဲဖြစ်နေတာ များတယ်။ :D

အထူးသဖြင့် အဲဒီမှာတုန်းက ကျနော် စနစ်တကျနဲ့ ရန်သွားသွားစပြီး ရန်ဖြစ်တာက စစ်တပ်ဘက်က လူတွေကို များတယ်။ သူ့ဘာသာသူ အေးဆေးချက်နေရင်တောင် စစ်တပ်ကမှန်း သိနေရင် ကျနော်က မထိတထိ သွားရန်စပြီးတော့ကို ရန်ဖြစ်တာ။ ဟိုကလဲ စိတ်နဲ့ပဲ၊ ဘယ်ခံမလဲ၊ အဲဒါနဲ့ ချကြလေသတည်းပေါ့။ အဲဒီတုန်းကတော့ အဲလို စစ်တပ်ကလူတွေကို ရန်စပြီး ကိုယ်ပြောချင်တာ သွားသွားပြောနေရတာကိုပဲ ကျေနပ်နေလိုက်သေးတယ်။


***


ဘလော့ဂ် တခုကို စရေးတော့မယ် ဆိုတော့ ကျနော်ရေးချင်တဲ့ပုံစံ၊ ကျနော်ရေးချင်တဲ့ စာတွေက ရန်ဖြစ်ချင်နေတဲ့ စိတ်ကို အလိုလိုက်လို့ မရတော့ဘူး။ နောက်ပြီး ဘာကြောင့်လဲတော့ မသိဘူး။ ကျနော်က စာရေးရင် စိတ်ကို တော်တော်လေး ဆွဲဆန့်ထားနိုင်တယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ ကိုယ်နဲ့အမြင်မတူတဲ့လူတွေကို ကိုယ်ခံယူထားတဲ့ ခံယူချက်ကို သူ့ဘက်ကလဲ နားလည်ပေးနိုင်အောင် ရေးရတာကို ပိုပြီး သဘောတွေ့လာတယ်။ ဘယ်လိုမှကို ရှင်းပြလို့ မရတဲ့ လူတမျိုးကျတော့လဲ လစ်လျူရှုထားရတာပေါ့။

ကျနော် စဉ်းစားကြည့်မိတယ်။ ကျနော်တို့ စကားတခွန်းကို ပြောမယ်ဆိုပါစို့။ အဲဒီ စကားက အမှန်တော့ စေတနာစကားပါပဲ။ ဒါပေမယ့် လေသံမတူတဲ့ ပုံစံနှစ်မျိုးပေါ့။ ကျနော် ဥပမာ ပြောကြည့်ပါမယ်။

`ဘာတွေ လျှောက်လုပ်နေတာလဲကွ၊ သောက်သုံးကို မကျဘူး၊ မင်း ဒီတိုင်းသာ ဆက်သွားနေရင် ခွေးလောက်တောင် ပြောင်ရောင်မှာ မဟုတ်ဘူး´

အဲဒီ စကားက တကယ်လဲ စေတနာပါနိုင်တယ်။ ဒါပေမယ့် အပြောခံရသူကို နားဝင်စေဖို့ကတော့ ကျနော်ထင်တယ်၊ ၃၀% လောက်ပဲ ရှိနိုင်မယ်။ ဒါတောင် သူ့ကို ပြောနေတဲ့လူရဲ့ စိတ်ရင်းအမှန်ကို အပြောခံရသူက နားလည်နှင့်ပြီး ဖြစ်နေဦးမှ...။

`ဒီလိုတော့ မဖြစ်သင့်ဘူး ထင်တယ်ဗျာ၊ ကျနော်က ခင်ဗျား ဒုက္ခဖြစ်မှာကိုတော မမြင်ချင်ဘူးလေ။ ခင်ဗျားလဲ လူညံ့တယောက် မဟုတ်ပါဘူး´

ဆိုလိုရင်းသည် ဒီအဓိပ္ပာယ်ပါပဲ။ ဒါပေမယ့် ထိရောက်မှုခြင်းကျတော့ အပေါ်က စကားထက် ငါးဆလောက် ပိုပြီး ထိထိရောက်ရောက်နဲ့ တဘက်သားကို နားဝင်စေလိမ့်မှာပါ။

`အပြောချိုပေမယ့် မနောမချိုရင်တော့ အလကားပေါ့´ လို့ လူတွေပြောလေ့ရှိပါတယ်။ အဲဒါအတွက်ကတော့ ရှင်းရှင်းလေးပါပဲ။ မူရင်းပင်ကို စိတ်ဓာတ်က တကယ်ပဲ ယုတ်ညံ့နေရင် အပြောချိုပြနေလဲ ခဏပါပဲ။ ဒါပေမယ့် မူရင်းပင်ကိုယ်စိတ်က ကောင်းပါလျက်နဲ့ အပြောအဆို ရုန့်ရင်းကြမ်းတမ်းတာကြောင့် တကယ့်စေတနာက ဝေဒနာတွေ ဖြစ်သွားတာတွေဟာ အများကြီးပါ။

***

ဘာပဲဖြစ်ဖြစ်ပါ...။

အခုအချိန်မှာတော့ ကိုယ်ပြောချင်တဲ့ အချက်ကို သေသေချာချာ စိတ်ရှည်လက်ရှည်နဲ့ တဘက်သားနားဝင်လာအောင် ပြောရတာကို အရင်တုန်းက ရန်ခဏခဏ ဖြစ်ခဲ့ရတဲ့ အရသာထက် ကျနော်ပိုကြိုက်တယ်။ တကယ်ဆိုရင် `နှုတ်ချို သျှိုတပါး´ ဆိုတဲ့ ဆောင်ပုဒ်တောင် ရှိသေးတာပဲ။

ကိုယ်ဖြစ်စေချင်တဲ့အရာကို တဘက်သားနားလည်အောင် စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြလို့ ဟိုဘက်က နားလည်လက်ခံသွားတဲ့အခါ အဲဒီအရသာကို ပြန်ခံစားကြည့်လိုက်ပါ။ ဘာနဲ့မှ မတူတဲ့ ပီတိတမျိုးကို ခံစားရမှာ အသေအချာပါပဲ။

အဲဒီလို အခါမျိုးကျရင် `ညုတုတုနဲ့´ လို့ တယောက်ယောက်က ကျီစယ်လာရင် ပိုလို့တောင် သဘောကျမိနေဦးမှာ...။ ဒီတော့...။

ပြေလည်ရာ ပြေလည်ကြောင်း အကျိုးအသင့် အကြောင်းသင့် ရှင်းပြတာကို ညုတယ်လို့ သတ်မှတ်ရင်တော့လား...။

လာလေ...၊ပျော်ပျော်ကြီး ညု ကြတာပေါ့။



ကလိုစေးထူး

Thursday, September 11, 2008

စိတ်ညစ်နေလား...(၆)

America's Got Talent (AGT) 2008 ရဲ့ Top 20 အစီအစဉ်ကို လော့စ်အိန်ဂျလိစ်မြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပါတယ်။ အဲဒီ အယောက် ၂၀ အနက်က နောက်ထပ် Top 10 ရွေးပြီး နောက်တပတ်ကျရင် လာ့ဗေးဂတ်စ်မြို့မှာ Final အဖြစ် ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီရက်ပိုင်းတွေမှာတော့ ဒီအစီအစဉ်တွေကို ခပ်စိပ်စိပ်ကလေး တင်ဖြစ်ဖို့ရှိပါတယ်။ (Top 10 က ဘယ်သူတွေလဲဆိုတာကို အခုစာရေးနေတဲ့ အချိန်ကနေ နောက်ထပ် မိနစ်အနည်းငယ်အတွင်းမှာ Live Show ကြေညာပါတော့မယ်။ ဒါပေမယ့် ကျနော်တော့ အဖြေတွေကို ထည့်မရေးသေးဘူးနော်။ :P)

အခုတင်မယ့် အယောက် ၂၀ မှာမပါတဲ့ ပြီးခဲ့တဲ့ အပတ်က ပြိုင်ပွဲဝင်တွေကတော့ ပြုတ်သွားပြီလို့သာ မှတ်ကြပါတော့။

ဗွီဒီယိုတွေကို တင်တဲ့အခါမှာ (စိတ်ထင်လို့လားတော့ မသိ) သိပ်များသွားရင် ဘလော့ဂ်က လေးနေတယ်လို့ ထင်မိတယ်။ ဒါကြောင့် အခု Top 20 အစီအစဉ်မှာ ယှဉ်ပြိုင်သွားကြသူတွေကို ငါးယောက်ကို တပို့စ်နှုန်းနဲ့ တင်ဆက်သွားပါမယ်။ ကြည့်ရှု ရင်ခုန်ခံစားကြပါစို့လား...။




Top 20 အစီအစဉ်တွေထဲမှာမှ Neil E Boyd ဒီတခေါက်ဆိုသွားတဲ့ သီချင်းကတော့ ကျနော် မျက်ရည်ကျရတဲ့ သီချင်းပါ။ သီချင်းဆိုနေရင်း အမေကို တကြည့်ကြည့်နဲ့ သားရယ်၊ စင်ပေါ်မှာ ဆိုနေတဲ့သားကို ပီတိမျက်ရည်တွေနဲ့ ကြည့်နေတဲ့ အမေရယ်ကို တွေ့ရတာ ရင်ထဲမှာ လှိုက်ခနဲနေအောင် ခံစားရတဲ့ မြင်ကွင်းပါ။ ပထမဆုရနိုင်ဖို့ အလားအလာကောင်းတဲ့အထဲမှာ အခွင့်အရေးကောင်း ရှိသူပါ။

Neil E Boyd သီဆိုသွားတဲ့ Mama သီချင်းရဲ့ မူရင်းကို ခံစားချင်သူတွေကတော့ ဒီမှာ နားထောင်ပါ။ ၀ါသနာပါလို့ ကာရာအိုကေပါ ဆိုချင်သေးတယ်ဆိုရင်လဲ ဒီမှာ ဆိုလို့ရပါတယ်။ မူရင်း အဆိုရှင်ကတော့ II Divo ဖြစ်ပါတယ်။




The Cadence အဖွဲ့ဟာ ဒီတခေါက်မှာ Top 40 တုန်းက ယှဉ်ပြိုင်ခဲ့တာထက်စာရင် အများကြီး ပိုကြိုးစားထားတာကို တွေ့ရပါတယ်။ တီးထားတာလဲ ပိုပြီး နားထောင်ကောင်းပါတယ်။ တက်တက်ကြွကြွ တီးခတ်နေကြတာကို ကြည့်ရတာကိုက မြူးကြွအားရစရာကောင်းပါတယ်။




Top 40 မှာတုန်းကလဲ ချစ်စဖွယ်ကောင်းအောင် သီဆိုဖျော်ဖြေခဲ့ကြတဲ့ The Wright Kids လို့ အမည်ရတဲ့ ဒီကလေးငယ် သုံးယောက်ဟာ အခုတခေါက်မှာတော့ အရင်ကထက်ပိုပြီးကောင်းတဲ့ ဖျော်ဖြေမှုကို တင်ဆက်နိုင်ခဲ့ကြပါတယ်။





Daniel Jens လို့ အမည်ရတဲ့ အဲဒီအဆိုရှင်ဟာ အမေရိကန် စစ်သားတယောက်ပါ။ သူ့ရဲ့ ပထမအဆင့် ပြိုင်ပွဲဝင်ဟန်တုန်းကနဲ့ Top 40 မှာတုန်းက သီဆိုဟန်တွေထက်စာရင် အခု သီချင်းကို သိပ်တော့ အားမရပါဘူး။

ထူးခြားတာကတော့ ဒီတယောက်အတွက်နဲ့ ဒိုင်နှစ်ယောက် စကားထများကြတာပါ။ Piers ရဲ့ ပြင်းထန်လှတဲ့ ဝေဖန်စကားကို ပြိုင်ပွဲဝင်သူက အားတင်းပြုံးနေနိုင်သေးပေမယ့် တခြားဒိုင်တယောက်ဖြစ်တဲ့ Sharon ကတော့ မကျေနပ်ပါဘူး။




မောင်မျိုးအကြိုက် (တကယ်က ကျနော်လဲ ကြိုက်တယ် :D) Jessica Price ဟာ ဒီတခေါက်မှာတော့ သူနဲ့ လိုက်ဖက်တဲ့ သီချင်းကောင်းကို ရွေးချယ် သီဆိုနိုင်ခဲ့ခြင်း မရှိပါဘူး။ ကံဆိုးတာက သူ ဆိုတောင် မဆိုရသေးခင် Piers က Buzze ခလုတ်ကို မှားပြီး နှိပ်မိသွားတော့ စိတ်လှုပ်ရှားသွားဟန်လဲ ပေါ်ပါတယ်။ အဲဒီထက် ပိုဆိုးတာက ဆိုနေတုန်းမှာလဲ Piers ကပဲ Buzze ခဲ့ပြန်တာပါပဲ။

နောက်ထပ် ယှဉ်ပြိုင်သွားကြသူတွေရဲ့ ပြိုင်ပွဲဝင်ဟန်တွေကိုလဲ ဆက်တိုက် တင်ဆက်သွားပါမယ်။ ကဲ...၊ ပဟေဠိဖွက်ရအောင်၊ အဲဒီ ငါးယောက်ထဲက ဘယ်သူတွေ Top 10 ထဲကို ၀င်မယ်ထင်သလဲ။ :P

ကျနော့်မိတ်ဆွေများ ဒီအစီအစဉ်ကို ကြည့်ပြီး စိတ်ပေါ့ပါးပျော်ရွှင်နိုင်ကြပါစေ။


ကလိုစေးထူး

Tuesday, September 09, 2008

အိတ်ဖွင့်ပေးစာ...(၂)

ကျနော်လဲ အခုတလော ရေးဖြစ်နေတာတွေက ဘာနဲ့ တူနေသလဲ ဆိုတော့ ဓာတ်ဆီအပြည့်တင်ထားတဲ့ ကားတစီးကို မီးပုံတွေနားကနေ ဖြတ်မောင်းနေတာနဲ့ တူနေတယ်လို့ ခံစားမိတယ်။ ဒါပေမယ့် ဒီကားပေါ် တက်ထိုင်ပြီး မောင်းတော့မယ်ဟဲ့ လို့ စိတ်က ရည်ရွယ်နှင့်ပြီး ဖြစ်နေတာကြောင့် မောင်းလက်စနဲ့ မောင်းပါရစေဦး...။

အခုလို စာမျိုးတွေကို ရေးရတာဟာ သေချာတာ တခုကတော့ အနည်းနဲ့အများ လူမုန်းခံရမှာပါပဲ။ ဒါပေမယ့်...။

စာရေးတဲ့သူဟာ `အနုပညာ´ တရပ်ကို ဖန်တီးနေသူလို့ ကျနော် ယုံကြည်ထားပါတယ်။ စာတပုဒ်ကို ရေးသားရာမှာ ကိုယ်ရေးတဲ့စာဟာ လူအများက ပြောချင်နေတဲ့ စကားတွေဖြစ်အောင် စာကွန်း၊ စာမွှန်းတွေနဲ့ ကွန့်ကာ ညွန့်ကာ ဖတ်ချင်စဖွယ်ဖြစ်အောင် ရေးရတာမို့ စာရေးတာဟာလဲ အနုပညာ တရပ်ပါ။

ဒီတော့ စာတပုဒ်ကို ဖန်တီးသူ အနုပညာရှင်ဟာ သူရေးနေတဲ့ စာတွေသည် လက်ရှိခေတ်ကို ထင်ဟပ်နေစေရမယ်၊ လက်တလော အခြေအနေတွေကို ကိုယ်စားပြုနေမယ်လို့ ကျနော် ထင်မြင်ပါတယ်။

ကဲ...၊ ဓာတ်ဆီကားကြီးကို စ မောင်းပါရစေတော့...။

ပေးစာ (၁)မှာ ရေးခဲ့သလိုပါပဲ...၊ အခု အိတ်ဖွင့်ပေးစာသည်လည်း တိုက်ဆိုင်မှု ရှိသူတိုင်းကို ရည်ရွယ်ရေးသားကြောင်းပါ...။

***

ု
`လူတယောက်ချင်းစီရဲ့ ကိုယ်ပိုင်အမြင်ကိုတော့ ဘာမှမပြောလိုပါဘူး၊ ဒါပေမယ့် ရေးထားတာက မဟုတ်သေးတာမို့ ရင်ထဲမယ် အောက်ဂလိအာ ဖြစ်လာတယ်´

အဲဒီ စာကြောင်းမှာ `အောက်ဂလိအာ´ ဆိုတာကို သုံးထားတဲ့ ဆိုလိုရင်း အဓိပ္ပာယ်က စဉ်းစားစရာပါ။ တကယ်တော့ `အောက်ဂလိအာ´ ဆိုတာက `ဟိုမဟုတ်၊ ဒီမဟုတ်´ လို့ အဓိပ္ပာယ် ရတာပါ။ ဒါပေမယ့် အပေါ်က စာကြောင်းမှာ သုံးထားတဲ့ သဘောကတော့ `အမြင်ကပ်တယ်´ `ချဉ်တယ်´ လို့ ပြောချင်ဟန် ရှိပါတယ်။

ဒီတော့ စာတပုဒ်ကို အဲဒီလိုစိတ်အပေါ်မှာ အရင်းတည်ပြီး ရေးလာပြီဆိုရင် အဲဒီစာဟာ အပြုသဘောဘက်ကို ဘယ်လောက်အထိ ချဉ်းကပ်လာနိုင်မှာလဲ ဆိုတာ စဉ်းစားစရာပါ။

`လူ့အဖွဲ့အစည်း´ ဆိုတာဟာ လူမျိုးတူရာအလိုက်၊ ယဉ်ကျေးမှု တူရာအလိုက်၊ ပထ၀ီ အနေအထားတူတာအလိုက် အစသဖြင့် တူရာတွေကို စုစည်းပြီးတော့ စုစည်းကြတာမို့ `လူ့အဖွဲ့အစည်း´ ရယ်လို့ ခေါ်ဝေါ်ကြတာပါ။ အဲဒီလို လူ့အဖွဲ့အစည်းမျိုးကို ဟိုးရှေးရှေး ပဝေသဏီက စလို့ ပုံစံအမျိုးအမျိုး ဖွဲ့စည်းလာလိုက်တာ ယနေ့ထက်ထိ တိုင်အောင်ပါပဲ။

လူ့အဖွဲ့အစည်းကို ဖွဲ့စည်းကြဖို့ လူတွေစဉ်းစားလာကြတဲ့ အဓိက အချက်ဟာ တခုထဲရှိပါတယ်။ တယောက်ထဲအားနဲ့ မစွမ်းသာလို့ပါပဲ။ စုပေါင်းပြီးတော့ လုပ်ဆောင်မယ်၊ ဆွေးနွေးကြံဆကြမယ်၊ အကောင်အထည်ဖော်ကြမယ်ဆိုရင် ပိုပြီးတော့ ကောင်းလာမှာပဲလို့ စဉ်းစားမိလာကြလို့ `လူ့အဖွဲ့အစည်း´ ဆိုတာကို တူရာအလိုက် စုစည်းတည်ဆောက်လေ့ရှိပါတယ်။

ဒီတော့ အဲဒီလို လူ့အဖွဲ့အစည်း တခုမှာ ဦးဆောင်ဦးရွက်ပြုနေသူပဲဖြစ်ဖြစ်၊ သာမန်ပါဝင် နေကြသူတွေပဲဖြစ်ဖြစ် တယောက်ကို တယောက် အပြန်အလှန် နားလည်မှု၊ လေးစားသမှု ရှိရေးဟာ အဲဒီ လူ့အဖွဲ့အစည်း ရေရှည်တည်တံ့ဖို့အတွက် သော့ချက်တခုပါ။ အဖွဲ့အစည်း တခုခုကို တည်ထောင်တော့မယ် ဆိုရင် အဲဒီအခြေခံ အချက်ကလေးမှ မထားနိုင်ရင် ဘယ်လို အဖွဲ့အစည်းမျိုးပဲ ဖြစ်ဖြစ် ရေရှည်တည်တံ့နိုင်စရာ အကြောင်း မရှိပါဘူး။

ဒီနေရာမှာ တခု သတိထားရမှာက ဘယ်လို အဖွဲ့အစည်းမျိုးကိုပဲ တည်ထောင်သည် ဖြစ်ပါစေ၊ အဲဒီ အဖွဲ့အစည်းကို (အကြောင်းအမျိုးမျိုးကြောင့်) ဦးဆောင်ဦးရွက် ပြုနေသူဟာ တခြားလူတွေထက်စာရင် ပိုပြီးတော့ ရင့်ကျက်ရပါမယ်။ သမာသမတ်ရှိရပါမယ်။ ဖြစ်ပေါ်လာလေ့ ရှိတဲ့ ပြဿနာပေါင်းစုံကို အကောင်းဆုံးနည်းလမ်းဖြစ်အောင် အပြုသဘော ချဉ်းကပ်တတ်ရပါမယ်။ "Nobody Perfect" လို့ ဆိုထားသော်ငြား ခေါင်းဆောင်နေရာမှာ ဘယ်လိုအကြောင်းကြောင့်ပဲ နေနေ ခေါင်းဆောင်ကောင်း တယောက်ရဲ့ စိတ်ထားကတော့ ပိုင်ဆိုင်ထားသင့်ပါတယ်။

ထူထောင်ထားတဲ့ အဖွဲ့အစည်းဟာ အားကောင်းစ ပြုလာပြီဆိုရင် အဲဒီအဖွဲ့ထဲကို ၀င်ရောက်လာသူတွေရဲ့ အရေအတွက်ဟာလဲ များလာသလို မတူညီတဲ့ စိတ်ထားပေါင်းများစွာဟာလဲ လာစုစည်းမိတော့မှာပါ။ အဲဒီ မတူညီတဲ့ စိတ်ထားတွေကို အကောင်းဆုံးနည်းလမ်းနဲ့ လိုက်လျောညီထွေ အဖြစ်နိုင်ဆုံးဖြစ်ဖို့ကို စဉ်းစားဖို့ လိုအပ်လာပါပြီ။ အဲဒီအခါမှာ အဓိက အလိုအပ်ဆုံးကတော့ ကျနော် အထက်မှာ တင်ပြခဲ့တဲ့ `အပြန်အလှန် နားလည်မှု´ ပါပဲ။

ဒီနေရာမှာ နားလည်မှုဆိုတဲ့ စကားမှာ `အပြန်အလှန်´ ဆိုတဲ့ အဓိပ္ပာယ်တွေပါတယ် ဆိုတာကိုလဲ သတိထားသင့်ပါတယ်။ တဖက်သတ် သဘောတူညီစေချင်မျိုးချည်း ဖြစ်နေရင်တော့ နားလည်မှု ဆိုတဲ့ စကားနဲ့တောင် မအပ်စပ်ပါဘူး။

ဒီတော့ အဲဒီ အပြန်အလှန်နားလည်မှုတွေ လွဲချော်တဲ့ အခါမှာတော့ အဖွဲ့တည်ထောင်ရတယ် ဆိုတဲ့ မူလရည်ရွယ်ချက်တွေဆီကို မရောက်တော့ဖို့က များသွားပါပြီ။

***

`ခင်ဗျား ၀င်မှာလား၊ ထွက်မှာလား၊ တခွန်းပဲပြော၊ ထွက်မယ်ဆိုလဲ လော့ခ်အင် လုပ်မကြည့်နဲ့တော့´

အဖွဲ့အစည်း တခုကို ဦးဆောင်ဦးရွက် ပြုနေပါတယ် ဆိုတဲ့ လူတယောက်ဟာ မိမိရဲ့ အဖွဲ့ဝင်တယောက်ကို အဲဒီလောက်အထိ ရင့်ရင့်သီးသီး ပြောတာဟာ ဘယ်လို အချက်တွေများကြောင့်ပါလဲ။ ကိုယ်က ဒီစကားတခွန်းကို ပြောတော့မယ်ဆိုရင် တဘက်က အပြောခံရမယ့်လူဟာ ကိုယ်ပြောလိုက်တဲ့ ရင့်သီးမှုမျိုးကို လက်ခံထိုက်တဲ့လူ ဟုတ်ရဲ့လား ဆိုတာကိုတောင် မစဉ်းစား မဆင်ခြင်တာကိုတော့ အံ့သြစရာ အတော်ကောင်းပါတယ်။

စိတ်ကို အလိုလိုက်ပြီးတော့ စိတ်အခန့်မသင့်ခိုက်မှာ ပြောမိတယ်ဆိုရင်တောင်မှ ကိုယ့်အမှားကို ကိုယ်သိပြီးတော့ လုံလောက်တဲ့ တာဝန်ယူမှုမျိုးကတော့ ရှိရပါမယ်။ ဒါဟာ အင်မတန်မှ ရိုးစင်းတဲ့ တာဝန်သိမှု တခုပါ။

ဒီလောက် ရင့်သီးတဲ့စကားကို ပြောလိုက်တဲ့ ကာယကံရှင်ကိုယ်တိုင်ကလဲ ဒါကို တာဝန်မယူတဲ့အပြင် `သူကတော့ ဘယ်နေရာမှာ ဘယ်လိုတွေ လုပ်လာတာကြာပြီ၊ သူနဲ့ သိခဲ့တာက အခုမှ မဟုတ်ဘူး၊ ကြာပြီ´ ဆိုတဲ့ စကားတွေနဲ့ ဘေးပန်းကပါ အကာအကွယ်ပေးနေဦးမယ်ဆိုရင် `ဒီလိုလူတွေက ဒါမျိုးကို ဦးဆောင်နေရသလား´ ဆိုတဲ့ အပြောမျိုး အပြောခံရတာ သိပ်မဆန်းလှပါဘူး။ ကိုယ့်ကို အပြုသဘော ဆောင်စေချင်ရင် ကိုယ်ကိုယ်နှိုက်ကလဲ တခြားတဘက်ကို အပြုသဘော ပြန်မြင်ပေးရမှာပါပဲ။

***

`မြန်မာတွေဟာ Diffcult to deal... ... ...´

စကားတခွန်းကို ကိုယ်က ပြောတော့မယ်ဆိုရင် ကိုယ်သုံးနှုန်းတဲ့ စကားလုံးရဲ့ ဘုံကိုယ်စားပြုမှုကို စဉ်းစားဆင်ခြင်စေချင်ပါတယ်။ မြန်မာအားလုံးဟာ နားလည်ရ ခက်ခဲနေသလား၊ ပြောရလွယ်တဲ့ မြန်မာဆိုတာကရော မရှိတော့ဘူးလားလို့ မေးခွန်းပြန်ထုတ်ချင်တယ်။ တကယ်ဆို ဘယ်လူမျိုးမှာမဆို ပဋိပက္ခဆိုတာ ပုံစံမျိုးစုံနဲ့ ရှိနေကြတာချည်းပါ။ ဒီတော့ မြန်မာတွေ အချင်းချင်း ကတောက်ကဆ ဖြစ်ခါမှပဲ ကိုယ့်လူမျိုးကိုကိုယ် ခပ်နှိမ်နှိမ် ပြောချင်တဲ့ စကားတွေနဲ့ မြန်မာတွေက ဘယ်သို့ ညာသို့ဆိုပြီး ရောကောသောကော မှတ်ချက်ချတာမျိုးကတော့ ခေတ်စကားနဲ့ပြောရရင် မမိုက်ပါဘူး။ ပထမတခါတုန်းကလဲ `မြန်မာတွေက အချင်းချင်း ကိုက်တယ်´ ဆိုတဲ့ စကားမျိုး သုံးတာကို တွေ့ဖူးခဲ့လို့ ကျနော် အကျိုးကြောင်းသင့် ရှင်းလင်းခဲ့ဖူးပါသေးတယ်။

တကယ်တော့ မြန်မာမှ မဟုတ်ပါဘူး။ အင်္ဂလိပ်လဲ ရန်ဖြစ်တတ်ပါတယ်၊ အာရပ်လဲ ရန်ဖြစ်တတ်ပါတယ်၊ အိန္ဒိယလဲ ရန်ဖြစ်ပါတယ်။ ဒါကို မြန်မာလူမျိုးကျမှပဲ ပြဿနာများနေသလိုလို ပြောတာဟာ စကားလုံးရမ်းကားခြင်း တမျိုးပဲ လို့ ကျနော်တော့ မြင်ပါတယ်။ မိမိ ဆက်ဆံတွေ့ကြုံနေရတဲ့ ပတ်ဝန်းကျင် သေးသေးလေးက လူတချို့ကို ဆက်ဆံရခက်ခဲတာနဲ့ပဲ `မြန်မာတွေ...၊ မြန်မာတွေ...၊ မြန်မာတွေ...´ ဆိုတဲ့ စကားလုံးကို လက်လွတ်စပယ်တော့ မသုံးစေချင်ပါဘူး။

ပညာရှင်ဆန်ဆန် သုံးသပ်တယ် ဆိုရင်တောင် အဲဒီလို သုံးသပ်တဲ့လူဟာ အသက်အရွယ်၊ အတွေ့အကြုံ၊ လုပ်ငန်းဆောင်ရွက်မှု အစရှိတာတွေမှာ လူအများက လေးစားလက်ခံနိုင်လောက်တဲ့ အနေအထားတခုကို ကျယ်ကျယ်ပြန့်ပြန့် ခိုင်ခိုင်မာမာ ရထားနေတဲ့ လူတော့ ဖြစ်ရပါမယ်။ ဆိုလိုတာက ဗိုလ်ချုပ်အောင်ဆန်းလိုလူက `မြန်မာတွေဟာ တလွဲဆံပင်ကောင်းနေတာပဲ´ လို့ ပြောတာက နားထောင်ကောင်းပေမယ့် ရပ်ကွက်ထဲက ဆယ်အိမ်ခေါင်းပြောရင်တော့ လူအမြင်ကပ်ချင်စရာ ဖြစ်နေပါလိမ့်မယ်။

***

ပေးစာဟာ အတော်အတန်တော့ ရှည်လျားစ ပြုပါပြီ။

စာကို အဆုံးသတ်ခါနီးမှာ ကျနော် တခု မေတ္တာရပ်ခံချင်တာ ရှိပါတယ်။ ဒီစာဟာ ငြိမ်သက်နေတဲ့ ရေပြင်ကို ခဲတလုံး ဗွမ်းခနဲ လာပစ်ချတဲ့စာမဟုတ်ပါဘူး။ မီးခိုးမထွက်တော့ပေမယ့် အထဲမှာ လောင်မြိုက်နေတဲ့ ဖွဲမီးပုံကို ရေလာလောင်းဖို့ ကြိုးစားကြည့်ခြင်း သက်သက်သာ ဖြစ်ပါတယ်။ မီးပုံကို ရေလာလောင်းတော့ `ရှဲ´ ခနဲ အသံတွေထွက်လို့ ညှော်နံ့တွေဘာတွေလဲ နည်းနည်းပါးပါးတော့ ရနိုင်တာပေါ့။

ဒါပေမယ့် အဓိကကတော့...။

ကျနော် မီးတွေကို ငြိမ်းစေချင်ပါတယ်။

***


ကလိုစေးထူး

Monday, September 08, 2008

စိတ်ညစ်နေလား…(၅)

AGT အစီအစဉ်တွေကို ကျနော့်လိုပဲ နှစ်သက်ကြသူ မိတ်ဆွေတွေ ရှိနေလို့ `စိတ်ညစ်နေလား´ ပို့စ်ကို တင်ရတာ အားရမိပါတယ်။ ပြီးတော့ အဲဒီ အစီအစဉ်ကလဲ တဖြည်းဖြည်းနဲ့ ပိုပြီး ယှဉ်ပြိုင်မှု ပြင်းထန်လာတယ်ဆိုတော့ ကြည့်ရတဲ့သူတွေကို ပိုပြီးတော့ ရသပေးနိုင်လာပါတယ်။

ဒီနေ့တော့ AGT ရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ ယှဉ်ပြိုင်သွားကြသူတွေ အနက် ထူးခြားတဲ့ပြိုင်ပွဲဝင်တွေ၊ ဖိုင်နယ်လ်အဆင့်ကို ရောက်လာနိုင်သူတွေကို ရွေးချယ်တင်ဆက်ပါမယ်။ ဖိုင်နယ်အဆင့်ကျရင်တော့ ယှဉ်ပြိုင်သူ အယောက် (၂၀)လုံးရဲ့ ပြိုင်ပွဲဝင်ပုံတွေကို ကြိုးစားရှာဖွေ တင်ဆက်ပေးဖို့ စဉ်းစားထားပါတယ်။ ကြည့်ရတာ ပိုပြီး အရသာရှိအောင်ပေါ့...။




The Cadence လို့ အမည်ပေးထားတဲ့ လူငယ်လေးတွေကို ပထမအဆင့် ပြိုင်ပွဲဝင်စဉ်တုန်းက ဒိုင်သုံးယောက်အနက် Sharon က No လို့ ငြင်းခဲ့တာပါ။ ပြိုင်ပွဲဝင်တွေကို သာမန်အားဖြင့် အမြဲတစေလိုလို Negative မြင်လေ့ရှိတဲ့ Piers က `ငါ ပရိသတ်တွေ ဆန္ဒအတိုင်း လိုက်လျောလိုက်မယ်´ ဆိုပြီး Yes ပေးခဲ့လို့သာ ဒီအဆင့်အထိ ယှဉ်ပြိုင်ခွင့် ရခဲ့တာပါ။ အခု ဆီမီးဖိုင်နယ်မှာတော့ သူတို့ ပိုပြီးကြိုးစားထားပေမယ့် ပထမဆုကို ရဖို့ကတော့ လိုအပ်နေသေးတယ်လို့ ထင်မိပါတယ်။




Queen Emily လို့ အမည်ရတဲ့ ဒီအမျိုးသမီးကြီးဟာ အသက်လေးဆယ်ကျော် Single Mother တယောက်ပါ။ သူ့ရဲ့ ပထမအဆင့် ပြိုင်ပွဲဝင်ဟန်ကို ကျနော် မဖော်ပြဖြစ်ခဲ့ပါဘူး။ စိတ်ထဲမှာ သူက Emotion သိပ်များလွန်းတယ်လို့ ထင်ပြီးတော့ ဒီလောက်အဆင့်ကို ရောက်လာမယ်လို့ မထင်ခဲ့မိတာလဲ ပါပါတယ်။ ဒါပေမယ့် အခု ဆီမီးဖိုင်နယ်အဆင့် အပြီးမှာတော့ သူဟာ ပထမဆုရဖို့အတွက် First Runner လို့ ဒိုင်က မှတ်ချက်ပေးပါတယ်။ တကယ်လဲ ရသွားနိုင်ပါတယ်။ လားဗေးဂတ်စ်မြို့မှာ အကြိုဆီမီးပြိုင်ပွဲဝင်ကြတော့ သူမပြောတဲ့ စကားတခွန်းကတော့ မှတ်သားစရာပါ။ `ဒါဟာ ကျမအတွက်ပြိုင်ပွဲ မဟုတ်ဘူး၊ ကျမဘ၀ရဲ့ စွန့်စားမှု တခု´ လို့ ပြောခဲ့တာပါ။




The Wright Kids လို့ အမည်ရဲ့ အဖွဲ့လေးမှာ ပါဝင်တဲ့ ကလေးလေး သုံးယောက်ရဲ့ သီဆိုပြိုင်ပွဲဝင်ဟန်လေးက ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိဟန်လေးတွေပါ။ ဒိုင်တွေ သဘောအကျဆုံးကတော့ အငယ်ဆုံးကလေးလေးကိုပါ။ တယောကြီးကို မနိုင့်တနိုင်နဲ့ မပြီး ထွက်လာပုံလေးက ချစ်စရာ အင်မတန်ကောင်းပါတယ်။ ဒီကလေးတွေရဲ့ ပထမအဆင့်တုန်းက ပြိုင်ပွဲဝင်ဟန်ကိုတော့ ယူကျုမှာ လိုက်ရှာလို့ မတွေ့လို့ အခုတင်ထားတာနဲ့ပဲ ကျေနပ်မယ် ထင်ပါရဲ့...။




AGT အစီအစဉ်မှာ ထူးခြားတာကတော့ အသက်အရွယ် ဘယ်လောက်ရှိရမယ်လို့ မသတ်မှတ်ထားတာပါ။ ဒါကြောင့်လဲပဲ ချစ်စရာကောင်းတဲ့ လေးနှစ်သမီးကလေးကလဲ ပြိုင်ပွဲဝင်နိုင်သလို အခု တင်ဆက်ထားတဲ့ အသက် ၇၂ နှစ်အရွယ် အဘိုးဟာလဲ အဆိုကောင်းပါ။ အခု ဆီမီးဖိုင်နယ်မှာ ဒိုင်သုံးယောက်စလုံးက မတ်တပ်ရပ် ချီးကျူးခံရတဲ့ အနည်းစုထဲမှာ တယောက်အပါအ၀င်ပေါ့...။ ပထမအဆင့်တုန်းက သူ ပြိုင်ပွဲဝင်ထားတာကိုလဲ ရှုစားနိုင်ပါတယ်။




ကျနော် နှစ်သက်တဲ့ ပြိုင်ပွဲဝင်တယောက်ဖြစ်တဲ့ Eli Mattson ရဲ့ ပြိုင်ပွဲဝင်ဟန်ပါ။ ပီယာနိုတီးတာရယ် သီချင်းဆိုတာရယ် နှစ်ခုတည်းပေမယ့် သူ့ရဲ့ သီဆိုဟန်က Talent အပြည့်ရှိပါတယ်။ ပထမအဆင့်တုန်းက သူသီဆို ပြိုင်ပွဲဝင်ထားတာကိုလဲ ဒီမှာ ကြည့်ရှုနိုင်ပါတယ်။ နောက်ဆုံးအဆင့်ကို သေချာပေါက် ရောက်လာမယ့်သူ လို့ ထင်မိပါတယ်။




Nuttin but Strings လို့ အမည်ရတဲ့ လူငယ်ညီအကို နှစ်ယောက်ရဲ့ တယောတီးဟန်ဟာ အားမာန်လဲ ပါသလို နားထောင်လို့လဲ အရမ်းကောင်းပါတယ်။ ကျနော့် အကြိုက်အရ ပထမဆုကို ရစေချင်တဲ့အထဲမှာ ဒီလူငယ်လေး နှစ်ဦးလဲ အပါအ၀င်ပါပဲ။ သူတို့ နှစ်ယောက် ပထမအဆင့်တုန်းက ပြိုင်ပွဲဝင်တုန်းကလဲ နှစ်သက်ဖို့ကောင်းသလို အခု ဆီမီးဖိုင်နယ်မှာလဲ ဒိုင်သုံးယောက်စလုံးက မတ်တပ်ရပ်ပြီး ချီးကျူးခဲ့ကြတာပါ။ သူတို့သာ ဒီပြိုင်ပွဲမှာ အနိုင်ရခဲ့ရင် အရင်ဆုံး လုပ်ဖြစ်မှာက အမေ့အတွက် အိမ်တလုံးဝယ်မှာ ဆိုတဲ့ ရည်ရွယ်ချက်ကို တော်တော် သဘောကျပါတယ်။


ကျနော် နှစ်သက်တဲ့ ပြိုင်ပွဲဝင်တချို့ကတော့ ဆီမီးဖိုင်နယ် အဆင့်မှာပဲ ပြုတ်ကျန်ခဲ့ပါတယ်။


ဖိုင်နယ် အဆင့်ကျရင်ရော...၊ ဘယ်သူတွေ စကာတင် စာရင်းဝင်ပြီး ဘယ်သူတွေ ပြုတ်ကျန်နေခဲ့ဦးမလဲ ဆိုတာကို စောင့်ကြည့်ကြပါစို့...။ အခုပို့စ်အတွက်နဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်အစဉ်တွေ တခဏတာဖြစ်ဖြစ် ပြေပျောက်သွားမယ်ဆိုရင် တင်ရကျိုးနပ်ပါပြီ။

ကျနော့် မိတ်ဆွေများ ပျော်ရွှင်နိုင်ကြပါစေ...။


ကလိုစေးထူး

Sunday, September 07, 2008

အိတ်ဖွင့်ပေးစာ...(၁)

အိတ်ဖွင့် ပေးစာ ဆိုတာကို တော်တော်များများ ဖတ်ဖူးကြပါတယ်။

လူတယောက်ကိုပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်လဲ အဖွဲ့အစည်း တခုခုပဲဖြစ်ဖြစ် ပေးစာသဘောမျိုး ရေးတဲ့အခါမှာ အဲဒီစာထဲက အချက်အလက်တွေကို တခြားသာ စာဖတ်သူတွေလဲ သိရှိစေရအောင်၊ လူအများလဲ ပေးစာထဲမှာပါတဲ့ စာအသွားအလာကို ဖတ်ပြီးတော့ ဘယ်ဟာမှန်၏၊ ဘယ်ဟာမှား၏ ဆိုတာ ဆုံးဖြတ်သုံးသပ်နိုင်ကြအောင် အလို့ငှာ အိတ်ဖွင့် ပေးစာရယ်လို့ ရေးကြသားကြတာကို လေ့လာခဲ့ရဖူးပါတယ်။

အခုလဲ ...၊ ကျနော် အိတ်ဖွင့် ပေးစာတစောင်လောက် ရေးချင်နေတယ်။ ဒါပေမယ့် ကျနော် ပေးချင်တဲ့လူက လူတယောက်ထဲကိုလဲ မဟုတ်ဘူး၊ အဖွဲ့အစည်း တခုခုလဲ မဟုတ်ဘူး။ ဒီတော့ ခေါင်းစဉ်ထဲမှာ ဘယ်သူသို့ ဘယ်ဝါသို့ဆိုပြီး နာမည်မတပ်တော့ဘဲနဲ့ အိတ်ဖွင့်ပေးစာလို့ပဲ နာမည်ပေးပါရစေ။

လူတွေက များသောအားဖြင့် စာတွေရေးကြသားကြတဲ့အခါမှာ `မည်သူ့ကိုမှ မရည်ရွယ်ပါ၊ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ´ ဆိုတာလေး ထည့်ရေးကြတာကို ကျနော် ဖတ်ခဲ့ရဖူးတယ်။ ဒါပေမယ့် ကျနော် အခုရေးမယ့်စာကတော့ `ရည်ရွယ်ပါသည်၊ တိုက်ဆိုင်မှုရှိလျှင် သင့်ကို ပြောနေသည်ဟု မှတ်ပါ´ လို့ ပြောရပါမယ်။ မည်သူ့မည်သူကိုမှ ပုဂ္ဂိုလ်ရေးအရ ထိခိုက်နစ်နာစေမှု မရှိစေရဘဲ အပြန်အလှန်နားလည်မှု၊ လေးစားသမှုတွေ ပိုရှိလာစေဖို့ အပြုသဘောရည်ရွယ်ချက်နဲ့ ဒီပေးစာကို ကျနော်ရေးပါမယ်။

***

တချိန်က ကျနော်ရေးခဲ့ဖူးတဲ့ အချက်တခု ရှိပါတယ်။

အဲဒါကတော့ ကျနော်တို့တွေ ဘလော့ဂ်ရေးကြတဲ့အခါမှာ ကြာလာတဲ့အခါကြတော့ ပြည်တွင်းကရေးကြ၊ သားကြသူတွေနဲ့ ကျနော်တို့လို ပြည်ပရောက်တွေရဲ့ ကြားမှာ `စည်း´ တခု မသိမသာခြားနေတယ်လို့ ကျနော်ပြောခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ `ဒီလို မမြင်ပါနဲ့ အကိုရာ၊ အားလုံးအတူတူပါပဲ´ လို့ ဖေးဖေးမမ အားပေးခဲ့သူတွေ ရှိသလို ကျနော် ပြောချင်တာဟာ ဘာလဲ ဆိုတာကို ကောင်းစွာ နားလည်တဲ့ မိတ်ဆွေတွေလဲ ရှိခဲ့ပါတယ်။

တကယ်တော့ အဲဒီစကားဟာ ပြည်တွင်းနဲ့ပြည်ပ ခွဲခြားလိုက်မယ်ဟဲ့ ဆိုတဲ့ စိတ်နဲ့ ပြောတာမဟုတ်ပါဘူး။ တကယ့်တကယ်တမ်းမှာ အခြေအနေ အကြောင်းအရာ တခုခုကို စဉ်းစား သုံးသပ်ကြပြီလားဟေ့ဆိုရင် မိမိရှင်သန် ရပ်တည်နေရတဲ့ အနေအထားကို လိုက်ပြီးတော့ ပြောကြဆိုကြ ဆွေးနွေးကြတဲ့အခါမှာ အဲဒီ `စည်း´ က ပိုပြီး ထင်သာမြင်သာ ရှိလာပါတယ်။ နောက်ပိုင်းကျတော့ အဲဒီစည်းကပဲ ကျနော်တို့တွေရဲ့ အချင်းချင်းကြားကို နားလည်မှု ကွက်လပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် နေရာယူလိုက်ပါတော့တယ်။

ယခင့်ယခင်ကတော့ သတင်းတို့၊ ဆောင်းပါးတို့ဆိုတာက မြန်မာ့အသံရေဒီယိုတို့၊ နေ့စဉ်ထုတ် သတင်းစာတို့၊ မြန်မာ့ ရုပ်မြင်သံကြားတို့၊ ဒါတွေကိုပဲ အားကိုးရတာကိုး။ ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ ဒါပဲ နားထောင်၊ ဒါပဲဖတ်၊ ဒါပဲ သိစေပေါ့...။ နောက်ပိုင်းကျတော့ အခြေအနေက ပြောင်းလာတယ်။ အာဏာပိုင်တွေက မီဒီယာလောကကို ဘယ်လောက်ပဲ အုပ်ကိုင်စိုးမိုးထားပါစေဦး၊ သူတို့ပြောဆို ရေးသားနေတာတွေကို တန်ပြန်တုံ့ပြန်တဲ့ မီဒီယာတွေဟာ တစတစနဲ့ ကျယ်ပြန့်လာတယ်။

မြန်မာပြည်မှာ `အစိုးရ´ တရပ်လို့ အမည်ခံထားသူတွေအဖို့ကတော့ သူတို့ ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူတို့ ဂရုမစိုက်ပါဘူး။ အဓိကက သူတို့ပြောချင်တာကို ပြောမယ်၊ သူတို့ပြောတာကိုပဲ နားထောင်၊ ယုံယုံမယုံယုံ ဒါပဲသိထား ဆိုတဲ့ လမ်းကြောင်းကို သွားပါတယ်။ အဲဒီလိုပြောဖို့ဆိုဖို့အတွက်လဲ ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းဌာနတွေကို ထူထောင်ထားတဲ့ စရိတ်စကကို ပြည်သူတွေဆီက ကောက်ထားတဲ့ အခွန်ငွေတွေထဲကသာ ပြန်သုံးတဲ့အတွက် ဘယ်သူကမှ မထောက်ခံလဲ သူတို့ လက်ရှိအာဏာတည်မြဲနေသရွေ့ ပြောချင်ရာပြော၊ ရေးချင်ရာ ရေးနိုင်ပါတယ်။ ရေးလဲရေးနေ၊ ပြောလဲ ပြောနေကြတာပါပဲ။

အာဏာပိုင်တွေက ထိန်းချုပ်ထားတဲ့ `နိုင်ငံပိုင်´ ဆိုတဲ့ မီဒီယာတွေကနေ ပြောတဲ့ အချက်အလက်တခုဟာ လုံးဝ မှားယွင်းနေတယ် ဆိုပါစို့...။

ပြည်ပကိုရောက်နေတဲ့လူတွေကတော့ ဒါကို လွတ်လပ်ပွင့်လင်းစွာနဲ့ပဲ `ဒီသတင်းဟာတော့ဖြင့် ဘယ်လိုမှားပါတယ်၊ ဘယ်လိုလိမ်ညာထားတာပါ´ လို့ ပြောရဲဆိုရဲပေမယ့် ပြည်တွင်းကလူတွေမှာတော့ မှားနေသည့်တိုင်အောင် ပေါ်ပေါ်ထင်ထင် မဝေဖန်ဝံ့၊ မပြောဆိုဝံ့ပါဘူး။ ပေါ်ပေါ်ထင်ထင် ဝေဖန်မိရင်လဲ ဝေဖန်မိတာနဲ့ ခံရတာနဲ့က မတန်တဆ ပေးဆပ်လိုက်ရတဲ့ သာဓကတွေ ရှိနေတာကြောင့် အာဏာပိုင်တွေ ဘယ်လောက်ကြီးပဲ သတင်းတွေ ပစ်စလတ်ခတ် မှားနေပါစေ၊ ရေငုံနှုတ်ပိတ်နေလိုက်တဲ့ အကျင့်က တစတစနဲ့ နေသားကျသွားပါတယ်။ ဒါဟာ ပြည်တွင်းကလူတွေကို အပြစ်တင်တဲ့ သဘောမဟုတ်ပါဘူး။ ဖြစ်နေတာကိုက အဲဒီအတိုင်းပါပဲ။

နောက်တခု...။

အာဏာပိုင်တွေက ထိန်းချုပ်ထားတာ မဟုတ်တဲ့ ပြည်ပမီဒီယာကနေ ထုတ်ပြန်တဲ့ သတင်းတခုခုဟာ မှန်တယ် ဆိုပါစို့...။

ပြည်ပမှာနေထိုင်ကြသူတွေကတော့ စောစောကလိုပဲ လွတ်လပ်စွာနဲ့ပဲ သတင်းမှန်ဖြစ်တယ်ဆိုပြီး အတည်ပြုပေးနိုင်ပါတယ်။ ဒါပေမယ့် ပြည်တွင်းကလူမှာတော့ `ဒီသတင်းဟာ မှန်ပါတယ်´ လို့ ပြောမယ်ဆိုရင်တောင် ဘာဖြစ်လာနိုင်မလဲဆိုတာကို တွေးရပြီ။ သိရသလောက်ကတော့ အာဏာပိုင်တွေကို အတိုက်အခံ ပြုနေတဲ့ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေက လွဲရင် ပြည်တွင်းက သာမန်ပြည်သူတွေအဖို့ သာမန်အားဖြင့် ကျနော်မောင်ဖြူ၊ ကျမ မနီကတော့ဖြင့် ပြည်ပသတင်းဌာနက ဘယ်နေ့ကထုတ်ပြန်သွားတဲ့ သတင်းဟာ `မှန်ပါတယ်´ လို့ ပေါ်ပေါ်ထင်ထင် ဘယ်သူကမှ အသိအမှတ်မပြုဝံ့၊ အတည်မပြုဝံ့ပါဘူး။

တကယ်လို့များ ပြည်ပမီဒီယာက ထုတ်ပြန်တဲ့ သတင်းဟာ မှားနေတယ်ဆိုပါစို့...။

ပထမတခုအနေနဲ့ သတင်းမှန်တွေ ထုတ်နေစဉ်တုန်းကတောင် `အဲဒီသတင်းဌာနတွေဟာ လေလှိုင်းပေါ်က လူသတ်သမားတွေပါ၊ အဲဒါတွေကတော့ အမှားတွေပါ၊ အစိုးရထုတ်ပြန်တာပဲ ယုံပါ´ လို့ တစာတစာနဲ့ အော်နေတဲ့ အာဏာပိုင်တွေအတွက် ကြီးမားတဲ့ ထောက်ကွက် ရသွားပါတယ်။ အဲဒီ သတင်းထုတ်ပြန်ချက် အမှားတခုကို ထောက်ပြပြီးတော့ `တွေ့လား၊ သတင်းမှားကြီး၊ အဲဒါကြောင့်ပြောတာပေါ့၊ ပြည်ပက သတင်းဌာနတွေဆိုတာက မယုံနဲ့၊ သွေးခွဲနေတာပါ´ အစရှိတဲ့ စကားလုံးတွေနဲ့ ကောင်းကောင်းကြီး ပုတ်ခတ်လို့ ကောင်းသွားပါတယ်။

ဒုတိယ တခုအနေနဲ့ကတော့ ပြည်သူတွေပါပဲ။ အာဏာပိုင်တွေ ထုတ်ပြန်တဲ့ သတင်းတွေကိုတော့ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဘာမှ မဝေဖန်ဝံ့၊ ဝေဖန်ဖို့လဲ အခြေအနေ မပေးပေမယ့် ပြည်ပသတင်းမီဒီယာတွေက ထုတ်ပြန်လိုက်တဲ့ သတင်းတခုခုဟာ တစိတ်တဒေသဖြစ်စေ၊ တခုလုံးဖြစ်စေ မှားနေရင်တော့ ကောင်းကောင်းကြီး ဝေဖန်နိုင်ပါတယ်။ အတားအဆီးမရှိ၊ ခြိမ်းခြောက်မှု မရှိ လွတ်လပ်စွာ ဝေဖန်လို့ရတာက အဲဒီ ပြည်ပ သတင်းဌာနတွေကို ဆိုတော့ တခုခု တစုံတရာ အမှားအတွက် ထောက်ပြဖို့ ဘာတခုကိုမှလဲ ကြောင့်ကြနေစရာ မလိုပါဘူး။

ဒီလိုပြောရခြင်းဟာ ပြည်ပမီဒီယာတွေဘက်က အကာအကွယ်ပေးလိုစိတ် အလျဉ်းမရှိတာတော့ အမှန်ပါ။ ဒါပေမယ့် လက်ရှိဖြစ်နေပျက်နေတဲ့ အခြေအနေတွေကတော့ အဲဒီအတိုင်းကို ဖြစ်နေတာတော့ အသေအချာပါပဲ။

ပြည်ပသတင်းမီဒီယာတွေကိုဆိုရင် အားမနာစတမ်း ဝေဖန်ဖို့၊ ခေတ်စကားနဲ့ပြောရရင် ဆော်ပလော်တီးဖို့ အဆင်သင့် ဖြစ်နေတဲ့ အခြေခံအကြောင်းရင်းတွေကလဲ တခြားတဘက်မှာ ရှိနေပါသေးတယ်။ အဲဒါကတော့ ပြည်ပမီဒီယာတချို့ရဲ့ သတင်းတခုကို ချဲ့ကားတတ်ကြတဲ့ အကျင့်ကြောင့်ပါ။ ဇာတ်နာစေချင်လို့လား၊ ဒါမှမဟုတ် အာဏာပိုင်တွေရဲ့ ဆိုးကွက်ကို ပိုပြီးပေါ်လွင်စေချင်လို့လား ဆိုတာ မသိနိုင်ပေမယ့် တချို့သော သတင်းတွေမှာ ပြည်ပမီဒီယာတွေရဲ့ ရေးသားချက်တွေဟာ သာမန်ထက်ပိုပြီး ချဲ့ကားထားတာကိုတော့ သတိထားမိပါတယ်။

အဲဒီလို ချဲ့ကားလိုက်တဲ့အတွက် တကယ့်တကယ်တမ်းမှာ သွားထိခိုက်နေတာက အာဏာပိုင်တွေတော့ မဟုတ်ခဲ့ပါဘူး။ အဲဒီ သတင်းထဲမှာပါတဲ့ အချက်အလက်တွေနဲ့ ဆက်စပ်ပတ်သက်နေသူတွေကိုသာလျှင် တိုက်ရိုက်တနည်း၊ သွယ်ဝိုက်တမျိုး သွားထိခိုက်ပါတယ်။ ဒါကြောင့်မို့လို့လဲ သေသေချာချာ သတိထားဖတ်ကြည့်မယ်ဆိုရင် စက်တင်ဘာ သံဃာ့အရေးတော်ပုံ ကိစ္စ၊ နာဂစ်မုန်တိုင်း ကိစ္စတွေမှာ ဆိုရင် ပြည်တွင်းမှာ လက်တွေ့ အလုပ်လုပ်နေသူတွေနဲ့ ပြင်ပမီဒီယာတွေရဲ့ သတင်းထုတ်ပြန်မှု တချို့ဟာ ချိတ်ဆက် နားလည်မှုတွေ လွဲတာတွေ ရှိခဲ့ပါတယ်။

နောက်တခုကတော့ ပြည်ပသတင်းမီဒီယာတချို့ဟာ `သတင်းအမှန် တင်ပြတာပဲ´ ဆိုတဲ့ အကြောင်းပြချက်နဲ့ တချို့သော သတင်းတွေကို တင်တဲ့နေရာမှာ နောက်ထပ်ဖြစ်လာနိုင်စရာတွေကို တွက်ချက်သုံးသပ်မှု အလျဉ်းမရှိဘဲနဲ့ သတင်းလက်ဦးမှု တခုတည်းကိုသာ ဦးစားပေး တင်တတ်တဲ့ အကျင့်ပါပဲ။ သတင်းမှန်ပဲ ဖြစ်ပါစေဦး၊ မိမိတင်ပြလိုက်တဲ့ သတင်းကြောင့် ယနေ့ကာလမှာ ကမ္ဘာ့အရက်စက်အကြမ်းကြုတ်ဆုံးသော အာဏာပိုင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ တိုက်ရိုက်နေထိုင်နေရသူတွေ ရင်ဆိုင်ရမယ့် အခက်အခဲတွေကိုတော့ သတိထားသင့်တာ အမှန်ပါပဲ။ သတင်းဆိုတာ ထိန်ချန်ကောင်းလား၊ မထိန်ချန်ကောင်းလား ဆိုတာ ကျနော် တကယ် မသိပါဘူး။ ဒါပေမယ့် တချို့သော သတင်းတွေကတော့ ဖြစ်ပေါ်လာမယ့် ရလဒ်တွေဟာ အကျိုးထက် အပြစ်ဘက်ကို ပိုများနေမယ်ဆိုတာ သေချာရင်တော့ စဉ်းစားဆင်ခြင်သင့်တာ အမှန်ပါ။

ဒီကနေ့ မြန်မာပြည် သတင်းမီဒီယာ အနေအထားက ပြည်ပမီဒီယာတွေအနေနဲ့ သတင်းတခုကို အမှန်ပင်ဖြစ်ပါစေဦး၊ သက်သေသက္ကာယ အနေနဲ့ လူပုဂ္ဂိုလ်တယောက်ယောက်ရဲ့ အမည်နာမကို ပေါ်ပေါ်ထင်ထင် ဖော်ပြဖို့ အခြေအနေ မပေးပါဘူး။ ဒါကြောင့် `ပြည်သူတဦးရဲ့ ပြောပြချက်´ `စာနယ်ဇင်းသမားတဦးက ပြောပါသည်´ `မြို့ခံလူထုက ပြောဆိုနေကြပါသည်´ အစသဖြင့် ယေဘုယျသဘော နာမ်စားသုံးရတာတွေကို သတိထားမိပါတယ်။ ဒါပေမယ့် အဲဒီလို သုံးပါများလာရင် အာဏာပိုင်တွေဘက်က ထောက်ကွက်ကောင်းကောင်း ဖြစ်နိုင်တဲ့ အပြင် တကယ်လို့များ မိမိတင်ပြတဲ့ သတင်းမှာ အားနည်းချက်တခုခု ရှိလာရင် အဲဒီ နာမ်စားတွေနဲ့ ပတ်သက်ဆက်စပ်နိုင်သူတွေကပါ အပြစ်တင် စောကျောတာ ခံရပါလိမ့်မယ်။

ဒါ့အပြင် `သတင်းမှန်ကို ဖော်ပြတာပဲ´ ဆိုတဲ့ နေရာမှာ တင်သင့်တဲ့ သတင်း၊ စောင့်ကြည့်သေးသင့်တဲ့ သတင်း၊ လုံးဝဥဿုံ ထိန်ချန်သင့်တဲ့ သတင်းဆိုပြီးတော့ သေသေချာချာ နားလည်စိစစ်ဖို့ကောင်းပါတယ်။ အဲဒီလို သေချာကျနစွာ စိစစ်နိုင်ပါမှလဲ အဓိကကျပါတယ်လို့ အားလုံးက သတ်မှတ်ထားတဲ့ ပြည်တွင်းက ပြည်သူတွေကပါ ပိုပြီးတော့ ကိုးစားယုံကြည်လာမှာပါ။ တကယ်တော့ ကျနော်ပြောတာတောင် နောက်ကျကောင်း နောက်ကျနေဦးမှာပါ။ အာဏာပိုင်တွေဘက်ကပဲဖြစ်ဖြစ်၊ အာဏာပိုင်တွေကို မလိုလားတဲ့ ပြည်ပမီဒီယာတွေကပဲ ဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် ထိန်ချန်ကြတဲ့ သတင်းတွေ အများကြီးပါ။ အခု ကျနော် တင်ပြတာကတော့ သတင်းတပုဒ်ကြောင့် ဒုက္ခရောက်သွားနိုင်တဲ့ ဘ၀တွေအတွက် ထည့်သွင်းစဉ်းစားစေချင်မိတာပါ။

ပြည်တွင်းက လူငယ်တွေ၊ တိတိပပပြောရရင်တော့ ယနေ့ခေတ်မှာ အလွန့်အလွန်မှ ရေပန်းစားလာတဲ့ ဘလော့ဂ်တွေမှာ ရေးနေကြတဲ့ မြန်မာပြည်တွင်းက ဘလော့ဂါတွေ အနေနဲ့လဲ `ငါ့ကို အရေးယူမှာက အစိုးရ၊ အစိုးရကို ဆန့်ကျင်ရင် ဒုက္ခရောက်မှာက ငါတို့´ ဆိုတဲ့ အမြင်တခုတည်းနဲ့ ဒီဘက်က မီဒီယာတွေကို သိမ်းကြုံးပုတ်ခတ်တာမျိုးတွေ မဖြစ်စေချင်ပါဘူး။ တချို့သော ပို့စ်တွေမှာ ရေးထားတာတွေကို ဖတ်ရတာဆိုရင် စကားလုံးအရတော့ ဆဲတာဆိုတာမပါပေမယ့် ရေးထားတာတွေရဲ့ အနှစ်ချုပ်က အတော်ဆိုးပါတယ်။ ပြည်ပမီဒီယာနဲ့ အာဏာပိုင်တွေကို ဆန့်ကျင်နေတဲ့ ဘလော့ဂါတွေဟာ အားအားရှိ သတင်းမှားတွေပဲ တင်နေသလိုလိုကို ပြောကြ၊ ရေးကြတာတော့လဲ တဘက်စောင်းနင်းနိုင်တာ အမှန်ပါ။

တကယ်ဆိုရင် ပြည်ပသတင်း မီဒီယာတွေဆိုတာဟာ ဒီကနေ့ခေတ်ကာလမှာ ပြည်တွင်းက ပြည်သူတွေ အတွက်ရော ပြည်ပရောက် မြန်မာပြည်သူတွေ အတွက်ပါ မရှိမဖြစ် ဆိုတာကို ငြင်းလို့မရပါဘူး။ ပြည်ပသတင်း မီဒီယာတွေနဲ့ ပြည်ပရောက် ဘလော့ဂါတွေရဲ့ စွမ်းဆောင်မှုကြောင့် တကယ်လုပ်သင့်တာတွေကို ပြည်တွင်းနဲ့ပြည်ပ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့ နာဂစ်မုန်တိုင်း အရေးကို ကြည့်ရင် အနီးစပ်ဆုံး သာဓကပါ။ နာဂစ်မုန်တိုင်း အရေးမှာ မှန်ကန်ပြီး ထိရောက်တဲ့ သတင်းမှန်တွေကို ပြည်ပမီဒီယာတွေနဲ့ ပြည်ပရောက် မြန်မာဘလော့ဂ်တွေက အချိန်နဲ့ တပြေးညီ တင်ပြနိုင်ခဲ့ခြင်းကြောင့်သာ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပကိုရောက်နေတဲ့ မြန်မာတွေရဲ့ များပြားလှတဲ့ ချွေးနည်းစာ အလှူငွေတွေဟာ ပူးပေါင်းပါဝင်နိုင်ခဲ့ကြတာပါ။

တဘက်နဲ့ တဘက်၊ အချေအတင်တွေ ပြောကြဆိုကြတဲ့ အခါမှာ ပြောလိုတဲ့ အကြောင်းရင်းရဲ့ မူလဇစ်မြစ်ကိုသာ အဓိကဦးတည် ချဉ်းကပ်ဆွေးနွေးဖို့ဟာလဲ အရေးပါတဲ့ အချက်တခုပါ။ သတင်းတခုကို တင်ပြလိုက်လို့ အဲဒီသတင်းရဲ့ မှားခြင်း မှန်ခြင်းကို အဓိက အကဲဖြတ်စိစစ်ရမယ့် နေရာမှာ ` ပြည်ပ သတင်းဌာနတွေ ဆိုတာက ပိုက်ဆံရတိုင်း လုပ်စားနေကြတာ´ `ကျနော် ကျမတို့က အလကားရတိုင်း အားအားယားယား အွန်လိုင်းပေါ်မှာ နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး´ အစရှိတဲ့ အပြောမျိုးတွေကနေ စလို့ ပုဂ္ဂိုလ်ရေးထိပါးမှုတွေအထိ အဆုံး ပြောတာဆိုတာတွေဟာ မူလပြောချင်တဲ့ အရာကနေ လုံးဝ သွေးဖယ်ပစ်တာနဲ့ တူသလို နေရင်းထိုင်ရင်းနဲ့ ၀ါးလုံးရှည်နဲ့ သိမ်းရမ်းရာလဲ ရောက်ပါတယ်။

အဲဒီလို စကားစ အပိုတွေ ထွက်လာတာရဲ့ နောက်ဆုံး အကျိုးဆက်ကတော့ တဘက်နဲ့တဘက် လှည့်မကြည့်ချင်လောက်အောင် မုန်းသွားတာတွေ၊ အယုံအကြည်မဲ့သွားတာတွေ ဖြစ်သွားတတ်တာပါပဲ။ ဒီလိုဖြစ်လာအောင် သွေးထိုးမြှောက်ပင့်ပေးမယ့် အချောင်သမားကလဲ အဆင်သင့် ရှိနေလေတော့ စဉ်းစားဆင်ခြင်ကြသင့်လှပါတယ်။

ဒါကြောင့် ပြည်ပက သတင်းမီဒီယာနဲ့ ပြည်တွင်းကလူတွေ အပြန်အလှန်နားလည်မှုဟာ အခုထက်ပို လိုအပ်နေတယ် ဆိုတာကတော့ ထင်ရှားနေပါပြီ။

ကျနော်ကတော့ ပြည်တွင်းက တယောက်ယောက်ကဖြစ်ဖြစ်၊ ပြည်ပရောက် မြန်မာတွေထဲက တယောက်ယောက်က ဖြစ်ဖြစ် `ကျနော်/ ကျမသည် နိုင်ငံရေး မလုပ်ပါဘူး´ လို့ ပျာပျာသလဲ ငြင်းချက်ထုတ်နေကြတာကိုတွေ့ရင် စိတ်ထဲမှာ ၀မ်းနည်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီလို ပြောကြတဲ့ လူတွေ အဓိက ပြောချင်တဲ့ အရာ၊ တနည်းအားဖြင့် သူတို့ စိတ်ထဲမှာ တကယ် ရှိနေတဲ့ အရာကို ကျနော် လှမ်းမြင်လို့ပါ။ တကယ်တမ်း သူတို့ ပြောချင်တာက `ကျနော်/ကျမ လက်ရှိအာဏာပိုင်တွေကို ဆန့်ကျင်သမှု မပြုပါဘူး´ လို့ ပြောချင်တာပါ။ ဒါ အသေအချာပါပဲ။ ဒီလိုပြောရတာတော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် အများစုသော `နိုင်ငံရေး မလုပ်ပါဘူး´ လို့ ပြောကြသူတွေရဲ့ အဓိက ဆိုလိုရင်းက ဒီဘူတာပါပဲ။

နိုင်ငံရေး ဆိုတာဟာ လူတယောက်ရဲ့ နေ့စဉ်ရှင်သန် လှုပ်ရှားသွားလာမှုတွေ အားလုံး၊ အားလုံးနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အကြောင်းကို ဆောင်းပါးတွေ၊ ပို့စ်တွေ အများကြီးမှာ ခဏခဏ ရေးခဲ့ပြီးပြီမို့ ထပ်ပြီးတော့လဲ ရှင်းမပြချင်တော့ပါ။

ပြည်ပရောက်နေတဲ့ ကျနော့်အနေနဲ့ကတော့ ပြည်တွင်းမှာ နေနေရတဲ့ လူတွေရဲ့ အခြေအနေအရပ်ရပ်ကို နားလည်ပါတယ်၊ သိရှိပါတယ်။ လက်ရှိ အာဏာပိုင်တွေကို မဆန့်ကျင်ရကောင်းလို့လဲ ဘယ်တော့မှ အပြစ်တင် စောကျောမနေပါဘူး။ ဒါတွေ ဒီလိုရှိတယ်ဆိုတာကို လွတ်လပ်တဲ့ ဟောဒီ အင်တာနက် မီဒီယာကနေ ကျနော်တို့ တင်ပြရေးသားပါမယ်။ မှား၏၊ မှန်၏ ဆိုတာကို ရှင်းရှင်းလင်းလင်း တိတိပပ သိနေရင် ဘာလုပ်သင့်တယ်ဆိုတာကို လူတိုင်းက အသိစိတ်ကိုယ်စီ ရှိကြတာချည်းပါပဲ။ တဘက်နဲ့တဘက် အပြန်အလှန် နားလည်မှုတော့ ရှိဖို့လိုတာ အမှန်ပါ။

ဒါကြောင့် `စည်းခြားနေတယ်´ ဆိုတာကြီးကို ထပ်မပြောချင်ပါရစေနဲ့တော့...။

ကျနော်မြင်ခဲ့ဖူးတဲ့ `စည်း´ဆိုတာကြီးကို နောက်ထပ်လဲ မမြင်ချင်တော့သလို အဲဒီစည်းရဲ့ ရိုက်ခတ်မှုကြောင့် ကျနော်တို့တွေ ထပ်မဝေးပါရစေနဲ့တော့...။


ကလိုစေးထူး

Saturday, September 06, 2008

စိတ်ညစ်နေလား…(၄)

ဒီနေ့တော့ မတင်ဖြစ်တာ ကြာနေပြီ ဖြစ်တဲ့ ပို့စ်လေး တခုကို တင်ဆက်ချင်ပါတယ်။ အဲဒါကတော့ `စိတ်ညစ်နေလား´ လို့ အမည်ပေးထားတဲ့ America's Got Talent (AGT) အစီအစဉ်ပါပဲ။ ကျနော် စိတ်တွေရှုပ်ထွေး ညစ်နွမ်းနေခိုက်မှာ အဲဒီ အစီအစဉ်ကို ကြည့်မိရာကတဆင့် တခြားသော ကျနော့် မိတ်ဆွေများထဲက စိတ်ပင်ပန်းနွမ်းနယ်နေသူတွေ အခိုက်အတန့်လေး ဖြစ်ဖြစ် စိတ်ပျော်ရွှင်မှု ရကြစေဖို့ ရည်ရွယ်ပြီးတော့ ဒီပို့စ်ကို တင်ဆက်ဖို့ စိတ်ကူးရခဲ့တာပါ။

ပထမအဆင့် ပြိုင်ပွဲတွေအနက်က သဘောကျနှစ်သက်စရာ ကောင်းနိုးရာရာလေးတွေကို တင်ဆက်ဖြစ်ခဲ့တာကို ကြည့်မိဖူးတွေ မှတ်မိကြဦးမယ် ထင်ပါရဲ့။

AGT 2008 ပြိုင်ပွဲရဲ့ ပထမအဆင့်ကနေ လူပေါင်း ၇၀ ကို ထုတ်နှုတ်ရွေးချယ်ပြီးတော့ လာ့ဗေးဂက်စ်မြို့မှာ တဆင့်အနေနဲ့ ယှဉ်ပြိုင်စေပြီးတော့ ပြန်လည် စိစစ်ရွေးချယ်ခဲ့ကြပါတယ်။ ဒိုင်သုံးယောက်ရဲ့ ပေးမဲတွေနဲ့ အဲဒီ လူ ၇၀ အနက်က အယောက် ၄၀ ကို ရွေးချယ်ပြီးတော့ လော့စ်အိန်ဂျလိစ်မြို့မှာ ဆီမီးဖိုင်နယ် အဖြစ် ယှဉ်ပြိုင်စေပါတယ်။ အဲဒီ ၄၀ ထဲက အယောက် ၂၀ ကို ဆန်ကာတင် ရွေးပြီး နောက်ဆုံးအဆင့်အဖြစ် ထပ်မံယှဉ်ပြိုင်စေပြီးတော့မှ ပထမ ရသူကို အမေရိကန်ဒေါ်လာ တသန်း ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒီနေ့တင်ဆက်မှာကတော့ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်သွားကြတဲ့ ပြိုင်ပွဲဝင် ၄၀ အနက် ကောင်းနိုးရာရာလေးတွေပါ...။





ရုပ်နဲ့ ထိန်းဆိုသွားတာနေမယ်လို့ ကျနော် မှတ်ချက်ချခဲ့ဖူးတဲ့ Jessica Price ရဲ့ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်သွားတဲ့ သီချင်းပါ။ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်သွားတဲ့ သူ့ဟန်ပန်ဟာ ယုံကြည်မှု ပိုရလာပုံပေါ်သလို ပထမတခေါက်က ဆိုသွားတဲ့ သီချင်းထက်လဲ ပိုနားထောင်ကောင်းပါတယ်။ အကောင်းဆုံးဆု ရလောက်တဲ့အထိတော့ သိပ်မလွယ်လှဘူးလို့ ထင်မိတယ်။




အော်ပရာ သီချင်းအဆိုမှာ ထူးချွန်ပြောင်မြောက်တဲ့ သူ့ရဲ့ ပထမအဆင့် ပြိုင်ပွဲဝင်တဲ့ဟန်ကို ကျနော် တင်ဆက်ခဲ့ဖူးပါတယ်။ အသံပါဝါနဲ့ ပါရမီအားကောင်းလှတဲ့ Neal Boyd ရဲ့ ဆီမီးဖိုင်နယ် ယှဉ်ပြိုင်မှု အပြီးမှာ ဒိုင်သုံးယောက်စလုံးက မတ်တပ်ရပ်ပြီး ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဆုရဖို့အတွက် တစ်ပြေးတဲ့အထဲမှာ ပါတဲ့ အဆိုရှင်တယောက်ပါ။ ဒီနှစ်အတွက် AGT ပြိုင်ပွဲမှာ ထူးခြားတာ တခုကတော့ နောက်ဆုံး အဆင့်တွေကို တက်လာကြသူတွေမှာ အဆိုပိုင်းဆိုင်ရာနဲ့ ယှဉ်ပြိုင်ကြသူတွေ ပိုများပါတယ်။




တော်ရုံလေ့ကျင့်မှုနဲ့ အခုလိုမျိုး တင်ဆက်ဖျော်ဖြေနိုင်ဖို့ မလွယ်တဲ့အပြင် အန္တရာယ်ကလဲ များသေးတဲ့ မီးတုတ်တွေနဲ့ ပစ်မြှောက်ကစား ကပြတဲ့ ယှဉ်ပြိုင်မှုကို Jonathan Burkin က အကောင်းဆုံး ယှဉ်ပြိုင်တင်ဆက်သွားခဲ့ပါတယ်။ အကောင်းဆုံးဆု ရနိုင်ပါ့မလား ဆိုတာကတော့ စိတ်ဝင်စားစရာပါ။




တချိန်က နာမည်ကြီးအဆိုတော် အဲလ်ဗစ် ပရက်စလေရဲ့ ဟန်ပန်အတိုင်း တင်ဆက်သွားတဲ့ Joseph Hall ရဲ့ ယှဉ်ပြိုင်မှုပါ။ ရုပ်ရည်ချောမောတဲ့ သူ့ကို ကောင်မလေးတွေက ပိုပြီး သည်းသည်းလှုပ် အားပေးကြပါတယ်။ ကောင်လေးတွေကတော့ Boo တဲ့။ :D




ဒီတယောက်ရဲ့ ယှဉ်ပြိုင်မှုကို ကြည့်စေချင်တာကတော့ သူ့ရဲ့ သီဆိုဟန်က ကောင်းလို့တော့ မဟုတ်ပါဘူး။ တန်ခူးက မှတ်ချက်ပေးခဲ့တဲ့ Negative အမြင်ပိုများတယ် ဆိုတဲ့ Pires ရဲ့ ပြင်းထန်တဲ့ မှတ်ချက်စကားအပြီးမှာ မကျေမချမ်းနဲ့ ခွန်းတုံ့ပြန်တာကို ကြည့်စေချင်တာပါ။ အဝေဖန်ခံရချိန်နဲ့ ချီးကျူးခံရချိန်မှာ ပြောင်းလဲသွားတဲ့ သူ့ရဲ့ မျက်နှာထားကတော့ ဒီပွဲရဲ့ ဆွဲဆောင်မှု တမျိုးလို့ ပြောရမှာပါပဲ။ သူ့မှာ ဒေါ်လာ တသန်းဆု ရဖို့အတွက် လုံလောက်တဲ့ Talent ရှိမရှိဆိုတာကတော့ ကြည့်ရှုအကဲခတ်ကြပါတော့...။




တကယ်လို့များ အခုပြိုင်ပွဲမှာ အဲဒီ လေးနှစ်သမီး ကောင်မလေးသာ ဒေါ်လာတသန်းဆုကို ရသွားမယ်ဆိုရင်လဲ ကျနော်ကတော့ သိပ်မအံ့သြပါဘူး။ လေးနှစ်သမီးတယောက်ရဲ့ ကလေးပီသတဲ့ စကားတတ်ဟန်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သီဆိုဖျော်ဖြေဟန်ဟာ ကြည့်ရှုမိသူတိုင်းရဲ့ စိတ်ကို အေးမြသွားစေတာ အမှန်ပါ။




ဒီအဆိုရှင်ကတော့ အံ့သြဖွယ်ရာကောင်းတဲ့ ကြိုးစားအားထုတ်သူလို့ တင်စားချင်ပါတယ်။ သူ့ရဲ့ ပထမအဆင့် သီဆိုဟန်ကို ဒီမှာ ကြည့်ပါ။ ပရိသတ်တွေက အစပထမမှာ အော်ဟစ်မောင်းထုတ်ခဲ့သလို ဒိုင်တွေကလဲ သိပ်အကြိုက်ကြီး မဟုတ်ခဲ့ပါဘူး။ ဒါကြောင့်လဲ ဆီမီးဖိုင်နယ်အတွက် လူရွေးတုန်းက ပထမတော့ သူ့ကို ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့အတွက် ကံကောင်းချင်နေသေးတော့ ကျနော် တင်ဆက်ခဲ့ဖူးတဲ့ Russian Bar Trio အဖွဲ့က ကောင်မလေးက ဒဏ်ရာရသွားတဲ့အတွက် အဲဒီနေရာအတွက် တနေရာစာကို ပရိသတ်တွေဆီက မဲနဲ့ပြန်လည် ရွေးချယ်ပြီးတော့မှ ဆီမီးဖိုင်နယ်မှာ ပြန်လည် ယှဉ်ပြိုင်ခွင့် ရခဲ့သူပါ။ ဒါပေမယ့် သူဟာ Talent ကောင်းကောင်းရှိတယ်ဆိုတာကို ဒီတခေါက်မှာတော့ အကောင်းဆုံး ပြနိုင်ခဲ့ပါတယ်။ အနည်းဆုံးတော့ နောက်ဆုံးအဆင့် အယောက် ၂၀ ဆန်ကာတင် စာရင်းမှာ ပါဝင်မှာ သေချာပါတယ်။

ဒီနေ့တော့ အခု တင်ဆက်သမျှကိုပဲ ကြည့်နှင့်ထားကြပါဦး...။ သိပ်မကြာခင်မှာ ဆီမီးဖိုင်နယ်ပြိုင်သွားတဲ့ အယောက် ၄၀ ထဲက ထူးခြား ကောင်းမွန်တဲ့ ပြိုင်ပွဲဝင်ဟန်တွေကို ထပ်မံတင်ဆက်ပေးပါမယ်။ စိတ်ညစ်နေတာလေးတွေ တခဏဖြစ်ဖြစ် ပျောက်နိုင်ကြပါစေ။



ကလိုစေးထူး



Thursday, September 04, 2008

မိုးရွာတဲ့နေ့

ဒီနေ့တော့ မနက်မိုးလင်းကတည်းက ရွာလိုက်တဲ့ မိုးက တနေကုန်တနေခန်း...။ ရွာနေတာက သည်းကြီးမည်းကြီးလဲ မဟုတ်။ ဖွဲဖွဲလေးရွာလိုက်၊ တချက်တချက်မှာ မိုးစက်မိုးပေါက်တွေ ခပ်စိပ်စပ်လေး ကျလာလိုက်၊ လေပြင်းပြင်း တချက်တလေက သိမ့်ကနဲ သယ်သွားလိုက်နဲ့ တစိမ့်စိမ့်ရွာနေတဲ့မိုး...။

တကယ်တော့ လက်ရှိကျနော်နေတဲ့ အရပ်မှာက မိုးရာသီရယ်လို့ သတ်သတ်မှတ်မှတ် ရှိလှတာမဟုတ်...။ ဟိုးဘက် အပူပိုင်းဇုံပြည်နယ်တွေမှာ မုန်တိုင်းတိုက်တဲ့အခါမျိုးကျမှသာ ဒီမှာ အဖျားခတ်မိုးရွာတာမျိုးနဲ့ ဆောင်းတွင်းဘက်တွေမှာ တခါတလေ ရွာလေ့ရှိတဲ့ နှင်းမိုးတွေကိုလောက်သာ မိုး ရယ်လို့ ကြုံရတာမျိုး။

ဒါပေမယ့် ဒီနေ့ရွာတဲ့ မိုးကတော့ ရွှေပြည်ကြီးမှာ ရွာတဲ့မိုးတွေနဲ့ အတော်လေး ဆွေမျိုးနီးစပ်တော်တယ်လို့ ပြောရမယ့် မိုး...။ တနည်းအားဖြင့် လွမ်းလို့ကောင်းမယ့် မိုး...။

အိမ်အမိုးအောက်ကနေ ထွက်လိုက်တာနဲ့ မိုးစက်တွေရဲ့ ထိခတ်မှုက `မင်း၊ မြန်မာပြည်ကို မလွမ်းဘူးလားကွ´ လို့ ပြောနေသယောင်ယောင် ခံစားရသည်။ ကြည့်လေ...၊ မြက်ခင်းစိုအိအိတွေကို နင်းလိုက်ရင် ရေစက်ရေပေါက်တွေက အအေးမပိုလွန်းလှစွာဖြင့်ပင် ခြေအစုံကို ရွှဲရွှဲစိုစေတာကိုက အရသာတမျိုး...။ သိပ်မသည်းလွန်းလှတဲ့ မိုးက ထီးမပါဘဲ မိုးရေထဲ လျှောက်သွားချင်စရာ ကောင်းလိုက်မယ့် အမျိုး...။

ဒါပေမယ့် မဖြစ်...။ မိုးကို ခံစားနေရုံနဲ့ ၀င်ငွေမရနိုင်လေတော့ အလုပ်ကို အသော့နှင်ရသည်။ လမ်းမပေါ်မှာလဲ သူလိုကိုယ်လို အလုပ်သွားသူတွေရဲ့ ကားတွေက မိုးရေထဲမှာ တဖျောဖျော တသောသော...။ `၀မ်းစာရေးက တယ်ခက်ပါလား´ ဆိုတဲ့ အညည်းတွေးက ခေါင်းထဲ တချက်ရောက်လာသေးပေမယ့် ရွှေပြည်ကြီးက သည်းနေတဲ့ မိုးရေတောထဲမှာ ခါးဖြောင့်အောင် မမတ်အားဘဲ ကုန်းရုန်း စပါးစိုက်နေကြမယ့် ပုံရိပ်တွေကို မြင်ယောင်မိပြန်တော့ `ငါရုန်းကန်တယ်ဆိုတာက ဘာဟုတ်သေးလို့လဲလေ´ လို့ ပြန်တွေးရသည်။

မိုးရေထဲမှာ ရွှံ့တွေ ပေလူးနေအောင် ပျော်ပါးခဲ့ရတဲ့ အချိန်တွေ၊ ကဏန်းလုံးတွေ လိုက်နှိုက်ပြီး အိမ်အတွက် ဟင်းတခွက်ကို ဖြေရှင်းခဲ့တဲ့ အချိန်တွေ၊ ခမောက်ကြီးတကားကားနဲ့ မိုးရေထဲမှာ ကျောင်းသွားခဲ့ရတဲ့ အချိန်တွေ...။ လွမ်း... လွမ်း...၊ လွမ်း...။

`ပွမ်)))))))))))))))))´

မီးစိမ်းနေတာ ဘယ်လောက်ကြာပြီလဲ မသိ...၊ နောက်ကားက စိတ်မရှည်ဟန်နဲ့ ဟွန်းသံ အရှည်ကြီးဖြင့် သြဘာပေးလိုက်မှပင် စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်သွားသည်။ သြော်...၊ လွမ်းရတာ အရသာမရှိလိုက်ပုံများ...။


အလုပ်ထဲရောက်တော့ တွေ့လိုက်ရသမျှ လူတွေက အပြင်မှာရွာနေတဲ့ မိုးက သူတို့နဲ့မဆိုင်သလို စက်ရုပ်တွေအလား တုံဏှိဘာဝေ...။ အတူတူအလုပ်တွဲလုပ်တဲ့ တယောက်ကို `အပြင်မှာ မိုးတော်တော်ရွာတယ်နော်´ လို့ ပြောမိတာ 'Ya, I know' ဟု တုံးတိတိပြန်ဖြေပြီး သူ့အလုပ်သူ ဆက်လုပ်နေ၏။

မိုးရွာသွန်းစို ၀န်းကျင်ခိုတွင်
လွမ်းအင်စိတ်သွင် ညစ်တွင်တွင်ဖြင့်
ရွှေပြည်ကိုမှန်း ရော်ရမ်းနွမ်း၏။

ဝဿာန်မိုးသိုက် ထိုဖြိုးဖြိုက်တွင်
ရုန်းကန်အားအင် များပူပင်နှင့်
လယ်တောတခွင် စိမ်းပြင်ပြင်လည်း
မိုးနှင့် ချွေးစက် နှောရော့မည်။

မိုးသံအုန်းအုန်း ဆူညံဝုန်းလဲ
ဝမ်းစာတွက်ချက် ဟင်းတခွက်ဖြင့်
ရငြားထင်မြင် စိတ်သွင်ပြင်ဖြင့်
ရွှံ့လူးပေကာ ဖားငါးရှာ၏။

အလုပ်လုပ်နေရင်းဖြင့် ခေါင်းထဲပေါ်လာသမျှ ကို လက်ရေးခပ်သော့သော့ဖြင့် အမြန်ချရေးလိုက်...၊ အပြင်မှာရွာနေတဲ့ မိုးကို ခံစားတွေးတောလိုက်နှင့် အချိန်တွေက ကုန်မှန်းမသိ ကုန်လာသည်။

အိမ်ကို ပြန်ရောက်တော့ ညနေ လေးနာရီ...။ မိုးတွေက ရွာလို့ကောင်းနေတုန်း...။ အလုပ်ထဲက ရေးလာတဲ့ ကဗျာကို ပြန်ဖတ်ကြည့်မိပြန်သည်။ သိပ်တော့ အဆင်မပြေ...။ ခက်တာက ဒီထက်လဲ ပိုမရေးတတ်တော့...။ ဒါ အစွမ်းကုန်ပင်...။ ဒါပေမယ့် ပေါက်ကရလေးဆယ် ရေးရမယ်ဆိုရင်တော့ ထိပ်ဆုံးက ဖြစ်မယ့် ညဉ်က မပျောက်တတ်သေးလေတော့လဲ ဘာတွေမှန်းမသိ လျှောက်ရေးမိပြန်သည်။

မိုးကရွာချ ဒီခဏမှာ
စေးထူးယောင်တောင်
ငူငေါင်ကောင်သည်
ဟိုဒီရေးဟန်
သွင်သဏ္ဍာန်ဖြင့်
အတွေးေ၀၀ါး
အူကြောင်ကြား၏။

အလုပ်မတွင် သူ့ပုံသွင်ကြောင့်
ထိပ်ပြောင်သူဌေး လူဖြူဖွေးကား
ကွက်ကြည့်ကာသာ ခေါင်းကိုခါ၏။

အိမ်ကိုရောက်လဲ
ထိုငနဲကား
ပျင်းရိခြောက်ပါး စိတ်ထွေပြားဖြင့်
တောင်အီမျှော်တွေး ငူငိုင်ငေး၏။


***


သေချာသည်ကတော့...။

ဒီနေ့ရေးတဲ့ စာလောက် ကပေါက်တိကပေါက်ချာ နိုင်မည့်စာတော့ မရှိမှာ အမှန်...။



ကလိုစေးထူး


Wednesday, September 03, 2008

ယာလာနဲ့ သကြားလုံး

စာမရေးရတာ ရက်နည်းနည်း ကြာပြီဆိုတော့ ဒီညနေတော့ စိတ်အေးလက်အေးနဲ့ စာရေးလိုက်မယ် လို့ ကြံစည်မိတယ်။

ဒါနဲ့ပဲ ရေမိုးချိုး ထမင်းစားပြီးတာနဲ့ အိမ်တံခါးပိတ် ဂျိတ် ဆိုပြီး စက်ရှေ့မှာ ထိုင်ပြီး ဒီနေ့ရေးမယ့် အကြောင်းအရာကို သုံးလေးကြောင်း အစပျိုးရုံ ရှိသေးတယ်၊ တံခါးကို တဒုန်းဒုန်းထုသံ ပေါ်လာတယ်။ ဒီတခါက တံခါးခေါက်တာ မဟုတ်ဘူး။ ထုနေတာ။

တံခါးနားကို ခြေသံလုံလုံလျှောက်ပြီး ချောင်းကြည့်ပေါက်နေ ချောင်းလိုက်တော့ ဘယ်သူမှလဲ မတွေ့ရဘူး။ စာရေးချင်စိတ်က များနေတာနဲ့ `မဖွင့်ပေးဘူးကွာ´ လို့ စိတ်တင်းပြီး ပြန်လှည့်မယ်လို့ စဉ်းစားတုန်းမှာပဲ တံခါးကို တယောက်ယောက်က ဆောင့်ကန်သံနဲ့အတူ စကားသံ သဲ့သဲ့ကိုပါ ထပ်ကြားရတယ်။

`ဦးဦး...၊ Open the door... ဦးဦး Open now!!!´

တံခါးကို ထုလဲထု၊ ကန်လဲကန်၊ ပါးစပ်ကလဲ အဆက်မပြတ်အော်နေတာကြောင့် နောက်ဆုံးတော့ အလိုမတူဘဲ ဖွင့်ပေးလိုက်ရတာပေါ့။ တံခါးဝမှာ စောင့်နေတာက အမိုးရဲ့ မြေးလေး `ယာလာ´...။

***

အမိုးရဲ့ မြေးကလေး လေးယောက် ရှိတဲ့အနက် ကျနော်နဲ့ အလုပ်အတူတူ လုပ်တဲ့ ကရင်အကိုကြီးရဲ့ သားက နှစ်ယောက်ပါ။ တယောက်က အဲဂေ၊ တယောက်က ယာလာ။ အကြီးကောင် အဲဂေက ခြောက်နှစ်၊ အငယ်ကောင် ယာလာက လေးနှစ်သားပါ။

အိမ်ကို သူတို့အဖေက တခါတလေ လာလာလည်တတ်တယ်။ တခါတလေတော့လဲ တခုခု အကူအညီတောင်းဖို့၊ တခါတလေကျတော့လဲ ပိတ်ရက်မှာ ဘီယာ အတူတူ သောက်ဖြစ်တာတို့ပေါ့။ အဲဒီအခါမျိုးတွေကျရင် အဲဂေနဲ့ ယာလာလဲ တခါတလေ ပါလာတတ်တယ်။ နောက်ပိုင်းကျတော့ အိမ်ချင်းကလဲ နီးနေတော့ အိမ်ကို သူတို့မိဘတွေ မပါဘဲနဲ့လဲ အဲဂေနဲ့ ယာလာ ရောက်ရောက်လာတတ်တယ်။

သူ့အဖေပါလာရင်သာ အဖေရှေ့မို့ ငြိမ်နေပေမယ့် သူတို့ မိဘတွေ မပါဘဲနဲ့ အဲဒီ ညီအကို နှစ်ယောက် အိမ်ကိုရောက်လာပြီလား ဆိုရင် ကျနော့်ကို အဲဒီ နှစ်ယောက်က အနိုင်စားကြီး နိုင်စားတော့တာပါပဲ။ သူတို့ရောက်လာချိန်မှာများ ကွန်ပျူတာ ဖွင့်ထားပြီး စာရေးနေခိုက်ဖြစ်နေလို့ကတော့လား...၊ `ဦးဦး၊ Let me play computer´ ဆိုပြီး အနိုင်စကျင့်တော့တာပဲ။ `အေး၊ အေး´ ဆိုပြီး ဖယ်ပေးလိုက်ရင် ကီးဘုတ်ကို တဖျောက်ဖျောက်နဲ့ အဆက်မပြတ်ရိုက်ပြီးတော့ ဂိမ်းကစားတတ်တာက အဲဂေ...။ ယာလာကတော့ ကွန်ပျူတာရှေ့ စားပွဲပေါ်မှာ တင်ထားတတ်တဲ့ မုန့်ထုပ်တွေကို တခုပြီး တခု လက်ညှိုးထိုးပြီး တောင်းစားတော့တာ...။

အခုလဲ ယာလာ တယောက် အိမ်ကို ရောက်လာပြန်ပြီ။

***

`အဲဂေရော´

ကျနော့် အမေးကို ယာလာက ခေါင်းခါ အဖြေပေးပြီးတော့ တီဗွီရှေ့က ဆိုဖာပေါ်မှာ သွားထိုင်တယ်။ အဲဂေ မလာဘူးဆိုတော့ နည်းနည်းတော့ စိတ်အေးသွားတယ်။ ကျနော့်ကွန်ပျူတာရဲ့ အချုပ်အခြာအာဏာကို ထိပါးနှောက်ယှက်မှာက ဒင်း ဆိုတော့ သူ့ကိုတော့ နည်းနည်းလန့်တယ်။

`ကာတွန်းကား ကြည့်မယ်ဟုတ်´

ယာလာ ခေါင်းငြိမ့်ပြတယ်။ ဒါနဲ့ တီဗွီဖွင့်ပေးလိုက်ပြီးတော့ စက်ရှေ့မှာ ပြန်ထိုင်လိုက်တယ်။ ဒီနေ့ ဘာရေးရရင် ကောင်းပါလိမ့်ပေါ့...။ ရေးမယ်လို့ စဉ်းစားထားတဲ့ အကြောင်းအရာတွေကလဲ သုံးလေးမျိုးလောက် ရှိနေတယ်။ ကဲ...၊ စမယ်ကွာ။

တကြောင်း၊ နှစ်ကြောင်း အစပျိုးတုန်းပဲ ရှိသေးတယ်။ ယာလာ တယောက် ကျနော့်နားမှာ လာရပ်တယ်။ ပြီးတော့ ကွန်ပျုတာစားပွဲကို အငေးသားကြည့်နေတယ်။ သေသေချာချာ ကြည့်လိုက်တော့မှ စားပွဲပေါ်မှာ သူ စိတ်ဝင်စားစရာ သကြားလုံးထုပ် ရှိနေတာကိုး...။ ဟိုနေ့က ထိုင်းဆိုင်မှာ ဈေးသွားဝယ်ရင်းနဲ့ မန်ကျည်းသီး အရသာ သကြားလုံးထုပ်တွေ့လို့ သဘောကျတာနဲ့ ၀ယ်လာတာ...။ အခုတော့ ယာလာက အဲဒါကို မျက်စိကျနေပြီ။ အဲဒါနဲ့ အထုပ်ထဲက သကြားလုံး လေးငါးလုံး ယူပြီးပေးလိုက်တော့ ယာလာကျေနပ်ပြီး ပြန်လှည့်သွားတယ်။

အခြေအနေက အေးဆေးပြီ ထင်ပြီးတော့ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်မယ် ပြန်ပြင်တုန်းမှာပဲ စေ့မထားမိတဲ့ တံခါးက ပိုင်စိုးပိုင်နင်းနဲ့ ကျွီခနဲ ပွင့်လာတယ်။ လှည့်ကြည့်လိုက်တော့ မောင်မင်းကြီးသား အဲဂေ...။ `သွားပါပြီ´ လို့ စိတ်ထဲကနေ ညည်းညူလိုက်တယ်။

ဒါပေမယ့် အဲဂေတယောက် ဒီနေ့ကျမှ ထူးထူးခြားခြားနဲ့ ကွန်ပျူတာကို စိတ်မ၀င်စားဘူး။ ယာလာ့ဘေးနား သွားထိုင်ပြီး `မင်းဘာတွေ စားနေတာလဲ´ မေးတယ်။ ဟိုကောင်လေးက ကျနော့်ဆီကို မေးဆတ်ပြတယ်။ အဲ့ဂေက ကျနော့်ဆီကနေ လာတောင်းချင်ပုံမရဘူး။ ဒါနဲ့ သူ့ညီဆီကနေ တလုံးနှစ်လုံး ယူလိုက်တယ်။ ဒီအထိတော့ ယာလာက အေးဆေးပဲ...။ ကျနော့်နားကို နောက်တခေါက် ပြန်လာတယ်။ `ဦးဦး´ လို့ ခေါ်ပြီး သကြားလုံးထုပ်ကို လှမ်းကြည့်တယ်။ ဒါနဲ့ ကျနော်လဲ နောက်ထပ် ထပ်ပေးလိုက်တယ်။ ပြန်လှည့်သွားပြန်တယ်။

ခဏနေကြာတော့ ညီအကိုနှစ်ယောက် အဝေ မတည့်ပြန်ဘူး။ ယာလာက `မင်း၊ ဦးဦးဆီ သွားတောင်းပါလားကွ´ လို့ သူ့အကိုကို ရန်တွေ့တယ်။ အဲဂေကလဲ ခပ်ပြတ်ပြတ်ပဲ...၊ `ဒါကိုပဲ အတူတူစားလဲ ရတာပဲ´ လို့ ပြန်ပြောတယ်။ ဒါနဲ့ပဲ ယာလာ နောက်တခေါက် ထပ်ရောက်လာတယ်။ ဒီတခါတော့ စိတ်အေး၊ရန်ငြိမ်း သဘောနဲ့ ယာလာကို သကြားလုံးတထုပ်လုံး ကျနော် ပေးလိုက်တယ်။

အဲဒီမှာတင် ပြဿနာက ပိုကြီးတော့တာပဲ။ ယာလာဆီမှာ သကြားလုံး တထုပ်လုံး ရထားပြီဆိုတာကို တွေ့သွားတဲ့ အဲဂေက စောစောတုန်းကလို တလုံးနှစ်လုံး တောင်းစားရရုံနဲ့ မကျေနပ်နိုင်တော့ဘူး။ အဲဒါနဲ့ သူ့ညီကို `ငါ့ကိုလဲ ထပ်ပေးဦး၊ မင်းက တထုပ်လုံးရထားတာ´ လို့ ပြောပြီး ပုံစံကလဲ မပေးရင် လုမယ် ဆိုတဲ့ ပုံစံပေါက်လာတယ်။ တယောက်နဲ့ တယောက် အပြန်အလှန် အော်ဟစ်စ ပြုလာတယ်။ ကျနော်လဲ ဘယ်လိုမှ မနေသာတော့ဘူး။ ဒါနဲ့ သူတို့ နှစ်ယောက် ငြိမ်းချမ်းရေးများ ရလေမလား ဆိုပြီး ယာလာကို စည်းရုံးဖို့ အရင်ကြိုးစားလိုက်တယ်။ `ယာလာ အတူတူစားကြလေ၊ ညီအကိုနှစ်ယောက် တည့်တည့်စုစု နေကြမှပေါ့၊ ဦး နောက်ထပ်ဝယ်ပေးမယ်လေ၊ အခု အတူတူစားနော်´ ဘာညာသာရကာနဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် လုပ်လိုက်တာ...၊ မဆိုးတော့ မဆိုးဘူး။ အောင်မြင်ပါတယ်။

ယာလာက စည်းရုံးရေးကောင်းတဲ့ ကျနော့်ကို ဘယ်လို တုံ့ပြန်လဲဆိုတာကတော့ အောက်က ပုံမှာသာ ကြည့်ကြပါတော့...။




သူ့လက်ထဲကို တထုပ်လုံး ရောက်နေတဲ့ သကြားလုံးကို ဘယ်နည်းနဲ့မှ၊ ပြီးတော့ တလုံးတလေမှ ခွဲဝေ မပေးနိုင်တော့တဲ့ ယာလာကို ကျနော်လဲ ဘယ်လိုမှ စည်းရုံးလို့ မရတော့ နောက်ဆုံးမှာတော့ လက်လျှော့လိုက်ရတော့တယ်။ အဲဂေကို `ကဲ...အဲဂေ၊ ကွန်ပျူတာ နာရီဝက်ကစားနော်´ လို့ ပြောပြီး အာရုံပြောင်းပေးလိုက်ရတယ်။

***

နောက် တနာရီကျော်လောက်ကြာမှ အဲဒီ ညီအကို နှစ်ယောက် ပြန်သွားတော်မူကြတယ်။ ဒါပေမယ့် ယာလာကတော့ သူ့လက်ထဲက သကြားလုံးထုပ်ကို လုံးဝ အထိမခံတော့ဘူး။ တော်တော်သဘောထားတင်းတဲ့ ယာလာ...။

အဲဒီညီအကို နှစ်ယောက် ပြန်သွားတော့ ကျနော်လဲ တော်တော်နဲ့ စာပြန်ရေးလို့ မရတော့ဘူး။ သူတို့နှစ်ယောက်ရဲ့ ဖြစ်ပုံကို ပြန်စဉ်းစားပြီး ရယ်လဲရယ်ချင်...၊ အာရုံလဲနောက်...၊ ဒါပေမယ့်...။ ပြန်စဉ်းစားကြည့်လိုက်တော့...။

အင်းလေ...၊ ကလေးဆိုတော့လဲ သူလိုချင်တာပဲ သူသိတာပေါ့။ တခြားလူကို ငဲ့ညှာရတာတို့ ဘာတို့လဲ စဉ်းစားနိုင်တဲ့ အသိဉာဏ်တွေ ဘာတွေလဲ ရှိရှာသေးတာမှ မဟုတ်တာ။ သူများကို ပေးလိုက်ရင် သူ့အတွက် ဘာမှ မရှိတော့ရင် အခက်ပဲလို့ပဲ တွေးတတ်တာကိုး...။

ကလေးမဟုတ်တော့တဲ့ လူကြီးတချို့တောင်မှ ယာလာ ထက် ဆိုးနေကြသေးတာပဲဟာနော်။

***


ကလိုစေးထူး

Tuesday, September 02, 2008

အတွေးစများ…(၇)

ပြီးခဲ့တဲ့ ပိတ်ရက်မှာ တခြားပြည်နယ်ကို ခရီးထွက်ဖြစ်လိုက်ပါသေးတယ်။ ပြန်လဲ ရောက်လာရော လူက ပင်ပန်းတာကို အကြောင်းပြတဲ့ ပျင်းရိမှုအပြင် နောက်ထပ် အပျင်းတမျိုးပါ တိုးပြီးတော့ စာမရေးဖြစ်လိုက်တာ တော်တော်ကြာသွားပါတယ်။ အဲဒီ အပျင်းအသစ်တမျိုးကတော့ `အတွေးပျင်း´ ပါ။ ဘာစာရေးရ ကောင်းမလဲဆိုတာကို တွေးဖို့ကိုပါ ပျင်းနေမှတော့ အတွေးပျင်းပေါ့။ အခုတော့ အဲဒီအတွေးပျင်းနေတာကြီးကို တစစီကောက်ခဲ့တဲ့ အတွေးစများ ပို့စ်နဲ့ပဲ ငြိမ်သက်စပြုနေတဲ့ ကျနော့် ဘလော့ဂ်ကို ပြန်ပြီး လှုပ်နှိုးလိုက်ပါတယ်။

`ဒါ... အမေရိကား´ ...တဲ့။

အဲဒီ စကားကို ဒီကိုရောက်ကတည်းက ခဏခဏ ကြားဖူးပါတယ်။ စကားရပ်ကတော့ ခပ်တိုတိုလေးပါပဲ။ ဒါပေမယ့် အဲဒါကို ပြောတဲ့ပုံစံဆိုလိုရင်းကတော့ မတူကြပါဘူး။ တချို့ကတော့ သူတို့သည် အရင့်အရင်ကတော့ ကိုယ်စွမ်းကိုယ်စ ရှိပါလျက်နဲ့ အကြောင်းကြောင်းကြောင့် သူတို့ရဲ့ အစွမ်းအစကို ပုံဖော်အားထုတ်ခွင့် မရခဲ့ဘူး။ အခုတော့ ကြိုးစားအားထုတ်မှု ရှိရင်ရှိသလောက် တိုးတက်လမ်းကို လွတ်လွတ်လပ်လပ်နဲ့ ရှာခွင့်ရပြီ။ ဒါကြောင့် `ဒါ... အမေရိကား´ လို့ ပြောလေ့ရှိတယ်။ နောက်ထပ် တမျိုးကတော့ အရင့်အရင်နေခဲ့တဲ့ နေရာမှာ ငြိမ်ကုပ်နေခဲ့ရသမျှ အခုတော့ ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုတော့ဘဲနဲ့ ကောင်းကောင်းကြီး စိတ်ထင်ရာ လုပ်ခွင့်ရှိသွားပြီ။ လာပြီးတော့ ပြောမယ်တော့ မကြံနဲ့ ၉၁၁ ကို ဖုန်းခေါ်ပစ်လိုက်မယ်။ `ဒါ အမေရိကား၊ ဘာမှတ်လဲ´ ဆိုတာမျိုး...ပေါ့။ အခုတခေါက် ခရီးစဉ်မှာတော့ ပုံစံမတူတဲ့`ဒါ... အမေရိကား´ တွေ အများကြီး ကြားခဲ့ရတယ်။



အဲဒီဗွီဒီယိုကို သေသေချာချာ ကြည့်မယ်ဆိုရင် ငြင်းပယ်ခံရသူနဲ့ ခွင့်ပြုခံရသူတွေရဲ့ ကွာခြားလှတဲ့ ခံစားချက်တွေကို အတိုင်းသား မြင်ရနိုင်ပါတယ်။ ကိုယ်က အလွန်တရာမှ မျှော်လင့်ထားတဲ့ အရာတခုကို နောက်ထပ်တဆင့် ကြိုးစားခွင့် ရတဲ့အခါမှာ ပျော်ရွှင်သွားကြသူတွေ၊ `မင်းကို နောက်တဆင့် ထပ်တက်ခွင့် မပေးတော့ဘူး´ လို့ ငြင်းပယ်ခံလိုက်ရတဲ့ အခါမှာ ကျဆုံးပြိုလဲသွားတဲ့ မျက်နှာထားတွေဟာ လူ့ဘ၀ရဲ့ ကျဆုံး/အောင်မြင်မှု တစိတ်တဒေသကို ပေါ်လွင်နေသလားပါပဲ။


သတင်းဌာန တခုဟာ မိမိရတဲ့ သတင်းတိုင်းကို ပါ့ပလစ်ပေါ် တင်သင့်သလားဆိုတာကို ကျနော် တယောက်ထဲ တွေးနေမိပါတယ်။ တခါတလေကျရင် သတင်းက မှန်တယ်ပဲ ထားပါဦး၊ ကိုယ်တင်ပြလိုက်တဲ့ သတင်းအချက်အလက်ကြောင့် အဲဒီ သတင်းထဲမှာ ပါဝင်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ရင်ဆိုင်ရမယ့် အခက်အခဲ ဒုက္ခတွေကို ထောက်ထားတွက်ဆပြီးတော့ သတင်းတခုကို သတင်းလက်ဦးမှု ရရင်ပြီးပြီးရော သဘောမထားကြဘဲ ချင့်ချင့်ချိန်ချိန် တင်သင့်ကြတယ်လို့တော့ တွေးမိပါတယ်။ ကျနော်တို့ ချစ်ခင် လေးစားရတဲ့ လူရွှင်တော် ကိုဇာဂနာကို စွဲချက်တင်ထားတဲ့ အချက်အလက်တွေထဲမှာလဲ အင်တာနက်က သတင်းအချက်အလက်တွေကြောင့် စွဲချက်တင်ခံရတယ်လို့ ကြားသိရပါတယ်။ ဒီအကြောင်းကိုတော့ အခြေအနေနဲ့ အချိန်အခါ သင့်တော်တဲ့ တချိန်ချိန်မှာ အကျယ်ချဲ့ပြီး တခုခုတော့ ရေးချင်ပါသေးတယ်။

ဒါပေမယ့် ကျနော့် စီဘောက်စ်မှာ လာအော်ထားတဲ့ ကဲကဲ အမည်ခံ တယောက်ရဲ့ မှတ်ချက်ကျတော့လဲ အပြုသဘော မဆန်ပြန်ပါဘူး။ `တွေ့လား၊ ငါမပြောဘူးလား၊ အဲဒီသတင်းဌာနတွေက ဒီလိုချည်းပါပဲကွာ´ ဆိုတဲ့ ပုံစံမျိုးပဲ ပေါက်နေပါတယ်။ ပြောဖို့ အကွက်ဝင်တာနဲ့ အရင်ဆုံး အပြစ်ပြေးတင်တဲ့ စိတ်ထားမျိုးထက်၊ ဒါတော့ မဖြစ်သင့်ချေဘူး၊ ဒီလိုမဖြစ်ရအောင် ဘယ်လိုမျိုးအပြုသဘောနဲ့ ပြောရင်ကောင်းမလဲလို့ စဉ်းစားရင် ပိုကောင်းမယ်လို့ တွေးမိပါတယ်။ တကယ်ဆို ပြည်တွင်းမှာ သိခွင့်မရတဲ့ သတင်းမှန်ပေါင်းမြောက်များစွာကို ပြည်ပ မီဒီယာကိုပဲ အားကိုးခဲ့ရတာတွေ အများကြီးပါ။ သင့်တင့်မျှတစွာ တွေးကြဖို့တော့ လိုမယ် ထင်မိပါတယ်။



ရိုးရိုးစင်းစင်းနဲ့ ကြိုးစားအားထုတ်ရင် မှားယွင်းနေရင်တောင် အဲဒီထဲက ကောင်မလေးလို လူသိများ ကျော်ကြားနိုင်ပါတယ်။ ကောင်မလေးရဲ့ အမှားအယွင်းက ရယ်ချင်စရာပေမယ့် သူဟာ အဲဒီဆိုဟန်ကြောင့် ဘူဂေးလ်ရီးယားနိုင်ငံမှာ တော်တော်ပေါ်ပြူလာဖြစ်သွားပါတယ်။ ရယ်တော့ တော်တော်ရယ်ရတာလဲ အမှန်...။ :D

နည်းပညာပိုင်းဆိုင်ရာ အားနည်းမှုကလဲ ဘလော့ဂ်ရေးဖို့အတွက် တခုခု လိုအပ်လာပြီလားဟေ့ ဆိုရင် ကျနော့်ကို တော်တော်လေး ဒုက္ခပေးပါတယ်။ တွေ့သမျှ မိတ်ဆွေတွေကို ကယ်ပါယူပါ တစာစာနဲ့ ဂျီကျ၊အကူအညီတောင်းရလွန်းတာလဲ များလှပြီ။ အခုညလဲ ဘလော့ဂ်ရေးချင်ပါတယ်ဆိုမှ ကျနော့်ဆီမှာ ရှိတဲ့ Microsoft Office 2007 က Expire သဘောမျိုး ဖြစ်နေလို့ စာရိုက်လို့မရပါဘူး။ အွန်လိုင်းမှာ ဒေါင်းလော့လိုက်လုပ်တော့လဲ အဆင်က မချောပြန်ပါဘူး။ ဒါနဲ့ပဲ ဘလော့ဂ်ထဲမှာ လာရိုက်ရတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အားမရလှစွာနဲ့ပဲ အတွေးစများကို ခဏ ရပ်နားပါရစေ။


ကလိုစေးထူး