Monday, September 17, 2007

ကောက်သင်း...

အားလုံး သိကြတဲ့ အတိုင်းပါပဲ။ ကျနော်တို့ နိုင်ငံမှာ စစ်တပ်နဲ့ရဲ ဆိုတာက လူတော်တော်များများရဲ့ မေတ္တာထားခြင်း အတော်လေး ခံရပါတယ်။ မေတ္တာပရပွနဲ့ အရပ်စကားများတောင် တွင်ခဲ့ပါသေးတယ်။ `စစ်ဆိုရင် ရေတောင် စစ်မသောက်ဘူး´ `ရဲကျင့်ရဲကြံ မကြံနဲ့´ အစရှိတဲ့ စကားတွေဟာ အဲဒီအဖွဲ့တွေအပေါ် လူထုက ထားတဲ့ သဘောထား အစစ်အမှန်တွေက တဆင့် မြစ်ဖျားခံလာတဲ့ စကားတွေပါ။

တကယ်ဆိုရင် စစ်တပ်တို့၊ ရဲတို့ ဆိုတာက တိုင်းပြည်ကို ကာကွယ်ဖို့၊ လူဆိုးတွေကို နှိမ်နင်းဖို့အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေဖြစ်ပြီးတော့ အဲဒီ အဖွဲ့အစည်းတွေထဲမှာ ပါဝင်နေကြသူတွေဟာလည်း ပြည်သူ့ရင်သွေးတွေပဲ မဟုတ်ပါလား။ ဒါပေမယ့် အဲဒီ အဖွဲ့အစည်းတွေကိုပဲ လူတွေက အမြင်မကြည်မလင် ဖြစ်နေရတာ ဘာကြောင့်ပါလဲ။

***

ကျနော် အဝေးသင်တက္ကသိုလ် စာမေးပွဲတွေ ဖြေခဲ့ရစဉ်မှာတုန်းက အလွှာစုံ၊ လူစုံက သူငယ်ချင်းတွေနဲ့ အသိအကျွမ်း ဖြစ်ခဲ့ရပါတယ်။ အဝေးသင် ဆိုတာမျိုးက အလုပ်တဖက်နဲ့ ဘွဲ့ရဖို့ ကြိုးစားနေကြသူတို့ရဲ့ အားထားရာ ဆိုတော့လည်း ကျောင်းဆရာ၊ စစ်သား၊ ရဲ၊ ၀န်ထမ်း၊ အရပ်သား စသဖြင့် လူအတော်စုံပါတယ်။

ဌာနစုံက လူစုံနဲ့ ခင်မင်မိတော့ သူတို့ရဲ့ လုပ်ငန်းခွင့် အတွေ့အကြုံ၊ အဲဒီအလုပ်နဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ခံစားချက်တွေကို သိလာရပါတယ်။ ဒီလိုနဲ့…။

***

ကိုအောင်မြင့်…။

သူနဲ့ သိကျွမ်းခွင့်ရခဲ့တာကတော့ ကျနော် ဒုတိယနှစ် အဝေးသင် သွားရောက် ဖြေဆိုတုန်းကပါ။ ကျနော်တို့ထက် သုံးလေးနှစ်ခန့် အသက်ကြီးပုံရတဲ့ အဲဒီ အကိုကြီးဟာ ရဲတပ်သား တယောက်ဖြစ်ပြီးတော့ ဒုရဲအုပ်သင်တန်း တက်ရောက်ခွင့်ရဖို့ ဘွဲ့တခု ရရှိရေး ကြိုးစားနေတာပါ။

သူ့ကို `ရဲ´ တယောက်အဖြစ် သိထားကြတော့ ကျနော်တို့ စိတ်ထဲမှာ တခုခုလိုလို ခံစားချက်တမျိုး ၀င်နေကြပြီးတော့ တခြားသော သူငယ်ချင်းတွေလို သိပ်ဟက်ဟက်ပက်ပက် မရှိလှပါဘူး။ နောက်တော့မှ တဖြည်းဖြည်းနဲ့ ရင်းနှီးသွားတော့ သူ့စိတ်ရင်းကို သိလာရပါတယ်။ အဲဒီအပြင် သူ့ရဲ့ အလုပ်အပေါ် သူ ခံစားနေရတဲ့ ခံစားချက်ကိုပါ သိလာရပါတယ်။

သူက…

`မြန်မာပြည်မှာ ငါတို့ ရဲတပ်ဖွဲ့ဆိုတာက ဘာနဲ့ တူနေလဲ ဆိုတော့ အနံ့အသက်တွေ ဆိုးဝါးပြီးတော့ ထရံအကာက တိုးယိုပေါက်၊ ယင်တွေက တလောင်းလောင်းနဲ့ မစင်တွင်းပြည့်လျှံနေတဲ့ အိမ်သာပျက်ကြီး တလုံးနဲ့ တူတယ်´

သူ အဲဒီစကားကို စ ပြောလိုက်တုန်းကတော့ အားလုံးက အံ့အားတသင့်ပေါ့…။ သူက ဆက်ပြီး…

`စဉ်းစားကြည့်လေ၊ အဲဒီ အိမ်သာပျက်ကြီးနားက ဖြတ်သွားသမျှ လူတွေက တံတွေးတပျစ်ပျစ်၊ နှာခေါင်း တရှုံ့ရှုံ့ပေါ့ကွာ။ အဲဒီလိုနဲ့ တခါမှာတော့ ဝေဒနာကို မလွယ်နိုင်တော့တဲ့ လူတယောက်ဟာ အဲဒီ အိမ်သာပျက်နားကို ရောက်လာပါလေရော ဆိုပါတော့ကွာ၊ အနီးအနားမှာ တခြား အိမ်သာကောင်းလဲ မရှိ၊ ဝေဒနာကလည်း မအောင့်မအီးနိုင်လောက်အောင် ဆိုးနေပြီဆိုတော့ ဒီအိမ်သာပျက်ကြီးမှာပဲ ကိစ္စပြီးရတာပေါ့။ သူ့ကိစ္စ၊ ၀ိစ္စတွေပြီးလို့ ဝေဒနာလဲ သက်သာရော စောစောက သူတက်သွားတဲ့ အိမ်သာကို ပြန်ကြည့်ပြီး `ထွီ၊ နံလိုက်တဲ့ အိမ်သာ၊ ဘယ်သူမှ ဒါကို မပြင်တော့ဘူးလား မသိဘူး´ လို့ ပြောပြီး ပြန်လှည့်ထွက်သွားပါလေရော။ အဲဒါဟာ ငါတို့ ရဲတွေနဲ့ ပြည်သူတွေကြားထဲက လက်ရှိ အခြေအနေပဲကွ´

***

တခါတလေကျတော့ ဘာမှ သုံးမရတဲ့ ကျောက်ဖြုံးပုံထဲမှာ အဖိုးတန် ကျောက်မျက်ရတနာ တလုံးတလေ ပါကောင်း ပါတတ်လေမလား…။ ဒါပေမယ့် အဲဒီ ကျောက်မျက် ရတနာကို ဘယ်ပုံဘယ်နည်း ရှာဖွေ ကောက်သင်းကောက်ရပါ့။


ကလိုစေးထူး

Friday, September 14, 2007

တနှစ်ပြည့်မြောက်ခဲ့ပြီ…

ဒီနေ့…။

ကျနော့်ဘလော့ဂ်လေးရဲ့ သက်တမ်း တနှစ်ပြည့်ခဲ့ပါပြီ။ ခံစားချက်လေးတွေ ရင်ဖွင့်လိုက်၊ ရသလေးတွေ ရေးခြစ်လိုက်၊ ယုံကြည်ချက်တွေ ချခင်းပြလိုက်နဲ့ ပို့စ်ပေါင်း ၂၀၀ ကျော်ကိုလည်း ရေးဖြစ်ခဲ့ပါတယ်။ ပျော်ရွှင်ရင်း၊ ငြင်းခုန်ရင်း၊ ၀မ်းနည်းရင်းနဲ့ပေါ့။

မနှစ်က ဒီအချိန် မတိုင်ခင်တုန်းကတော့ ကျနော့် အချိန်တွေ တော်တော်များများက Chatting နဲ့ပဲ ကုန်လွန်ခဲ့တာ များပါတယ်။ ဟိုးအရင်ကတော့ စာစောင်တချို့တလေမှာ ဟိုရေး၊ ဒီခြစ် အတန်အသင့် လုပ်ခဲ့ဖူးပေမယ့် Chatting ၀င်ဖြစ်ခဲ့တဲ့ ကာလတွေ အတွင်းမှာတော့ ဘာမှကို မရေးဖြစ်ခဲ့ပါဘူး။

ဘလော့ဂ် မရေးခင်က Zanga ဆိုတာကို ကျနော် လုပ်ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ဘလော့ဂ် ရေးပြီးနောက်ပိုင်းမှာတော့ ဘလော့ဂ်ရဲ့ ဆွဲဆောင်မှုက Zanga ထက် ကျနော့်အပေါ် သာလွန်ခဲ့ပါတယ်။

ကျနော် ဘလော့ဂ် တခု စရေးဖြစ်ဖို့ အဓိက အကျဆုံး ကူညီပေးခဲ့သူကတော့ ငွေလမင်း ဆိုတဲ့ ကောင်မလေးပါ။ ကျနော့်ထက် အသက် ၁၁ နှစ်လောက် ငယ်သော်လည်း နင်နဲ့ငါနဲ့သာ အမြဲပြောသူ၊ အဆူအဆဲထူထဲသူ၊ ပျော်ပျော်နေတတ်သူ၊ စိတ်ရင်းကောင်းသူ အဲဒီကောင်မလေးဟာ ကျနော့်ကို အတော်လေး နားလည်မှု ရှိပါတယ်။ ကျနော်က ဘလော့ဂ်သာ ရေးချင်တယ်၊ နည်းပညာနဲ့ ပတ်သက်ပြီး ဘာမှ နားမလည်၊ မသိတဲ့လူ ဆိုတော့ သူကပဲ ကျနော့်ဘလော့ဂ်ကို မြန်မာလို တင်နိုင်တဲ့ အထိ အကောင်အထည်ဖော်ပေးခဲ့ပါတယ်။

ဘလော့ဂ် စရေးခါစကဆိုရင် ပို့စ်တောင် ကိုယ့်ဘာသာကိုယ် မတင်တတ်ပါဘူး။ သုံးလေးခုလောက်အထိ ငွေလမင်းကပဲ တင်ပေးခဲ့ရပါတယ်။ ရေးခါစမို့လို့လားမသိ၊ ကျနော့်အကြောင်းတချို့လဲ ရေးပြီးရော ဘာဆက်ရေးရမှန်း မသိ ဖြစ်ခဲ့ပါသေးတယ်။ နောက်တော့ ရေးပါများရင်းနဲ့ တစတစနဲ့ ဘလော့ဂ်ရေးရတဲ့ အရသာကို ကောင်းကောင်း ခံစားတတ်သွားပါတယ်။

ကျနော့် ဘလော့ဂ်ကို ပုံမှန် အသက်သွင်းပေးဖို့ တစိုက်မတ်မတ် အားပေးခဲ့သူ၊ ကျနော့် စိတ်ဓာတ်တွေ လဲပြိုကျလုမတတ် အချိန်တွေမှာ နားလည်မှု အပြည့်နဲ့ ကျနော့်ဘက်က ရပ်ခဲ့သူ၊ ခက်ထန်တဲ့ ကျနော့်စိတ်တွေကို ထိန်းမတ်ပေးခဲ့သူကတော့ မမေဓာဝီပါပဲ။ ဒါပေမယ့် ဒီနေ့ ကျနော့် ဘလော့ဂ် တနှစ်ပြည့်မှာ မမေက ဘလော့ဂ် မရေးဘဲ ရပ်နားနေရတာကို တော်တော် ၀မ်းနည်းပါတယ်။ မမေနဲ့ ကျနော် အပြန်အလှန် အားပေးကူညီရင်း၊ တယောက်ရေးတဲ့ စာကို တယောက်က ကူပံ့အားပေးရင်း တက်ညီလက်ညီ ဘလော့ဂ်ရေးခဲ့ရတဲ့ အချိန်ကို အရမ်းသတိရမိသလို အဲဒီနေ့ ပြန်ရောက်ရမယ်လို့လည်း ယုံကြည်ထားပါတယ်။

ကျနော့်အတွက် အဓိကကျတဲ့ နောက်ထပ် အားဆေးကတော့ ကျနော့်ဆီကို လာလည်ပြီး ကျနော့်စာတွေကို အရေးတယူလုပ် ဖတ်ရှုပေးကြတဲ့ ချစ်လှစွာသော မိတ်ဆွေများပါပဲ။ သူတို့ရဲ့ မှတ်ချက်စကားများ၊ ဝေဖန် ထောက်ပြချက်များဟာ ကျနော့်အတွက် အင်မတန် အကျိုးရှိခဲ့ပါတယ်။ ဒီအတွက် ဘယ်တော့မှ မမေ့နိုင်စွာ အမှတ်ရရနဲ့ ကျေးဇူးတင်ရှိပါတယ်။

***

သင် ဘလော့ဂ် ဘာကြောင့် ရေးရပါသလဲ… တဲ့။

ဒီအကြောင်းက မြန်မာ ဘလော့ဂါတွေ အတော်များများ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ အကြောင်းပြချက်အမျိုးမျိုး၊ ရည်ရွယ်ချက် အစုံစုံနဲ့ ဘလော့ဂ်ရေးနေကြတဲ့ မိတ်ဆွေ ဘလော့ဂါတွေရဲ့ အတွေးတွေနဲ့ အတူ ကျနော် ဘလော့ဂ် ဘာကြောင့် ဘလော့ဂ် ရေးနေရသလဲဆိုတာ တင်ပြချင်ပါတယ်။

ဘလော့ဂ်ရေးရတာဟာ ကျနော့်အတွက် `စိတ်ထွက်ပေါက်´ ပါပဲ။ ကျနော် ပြောချင်တာ၊ ကျနော်ခံစားနေရတာ၊ ကျနော် ဖြစ်ချင်မိတာတွေကို ချခင်းပြစရာ ထွက်ပေါက်တခုပါပဲ။ ကျနော့် ဘလော့ဂ် စာမျက်နှာပေါ်ကနေ နေ့စဉ် ဖြစ်ပျက်နေတဲ့ ကျနော့် အတွေ့အကြုံက အစ၊ ကျနော့် ယုံကြည် ရပ်တည်ချက်တွေအထိ အဆုံး ဘယ်သူ့ တည်းဖြတ်မှုမှ မခံရဘဲ တင်ပြခွင့် ရပါတယ်။ ဒီအချက်တွေကြောင့် ကျနော် ဘလော့ဂ် ရေးပါတယ်။

ဘလော့ဂ်မှာ ပို့စ်တခုတင်လိုက်တဲ့ အခါ ကျနော်နဲ့ စိတ်တူကိုယ်တူတွေက ကျနော်ခံစားရသလို ခံစားပြီး သူတို့ရဲ့ အတွေးတွေကို မှတ်ချက်အဖြစ် ပေးလေ့ရှိသလို ကျနော်နဲ့ မတူညီသူတွေကလည်း သူတို့ အမြင်ကို ပြန်တုံ့ပြန်လေ့ရှိတာကလည်း ဘလော့ဂ်ရဲ့ ဆွဲဆောင်မှု တခုပါပဲ။ သာမန်အားဖြင့် စာစောင်၊ မဂ္ဂဇင်းတွေမှာ စာရေးတယ်ဆိုတာကတော့ ကိုယ့်စာကို ဘယ်သူက ကြိုက်လဲ၊ ဘယ်သူက မကြိုက်ဘူးလဲဆိုတာ ဘလော့ဂ်လောက် လျင်မြန်စွာ အလွယ်တကူ မသိနိုင်ပါဘူး။ ဒီအချက်မှာ ဘလော့ဂ်က သာလွန်ပါတယ်။ စာဖတ်သူ ပရိသတ်နဲ့ တိုက်ရိုက် ထိတွေ့ခွင့် ရပါတယ်။

ဘလော့ဂ်ရေးရတဲ့ အတွက် စာလဲ ပိုဖတ်ဖြစ်လာပါတယ်။ ကိုယ်တင်ပြချင်တဲ့ အချက်အလက်ကို ကိုးကားချင်တာပဲဖြစ်ဖြစ်၊ တွေးမိတဲ့ အတွေးကို အထောက်အကူဖြစ်စေလိုတာပဲ ဖြစ်ဖြစ် စာတွေ ပိုဖတ်ရပါတော့တယ်။ နောက်ဆုံး…၊ ဘာစာအုပ်မှ မဖတ်ဖြစ်သည့် တိုင်အောင် တခြားသော မိတ်ဆွေ ဘလော့ဂါတွေရဲ့ အရေးအသား၊ တင်ပြချက်တွေကို ဖတ်မှတ်လေ့လာရင်း၊ နည်းနာယူရင်းနဲ့ စာတွေ ပိုဖတ်ဖြစ်ပါတယ်။ အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးပါပဲ။

ဘလော့ဂ်တွေကို လိုက်ဖတ်ရင်းနဲ့ သိပ်တော်တဲ့ လူတွေကို တွေ့လာရပါတယ်။ စိတ်ထား မွန်မြတ်တဲ့ လူတွေကိုလည်း တွေ့လာရပါတယ်။ အပြောင်းအလဲ တခုခုကို ပြင်းပြစွာ လိုလားတောင့်တနေတဲ့ လူငယ် အများအပြားကိုလည်း တွေ့လာရပါတယ်။ အဲဒီကြားထဲမှာပဲ… …………… ……………..။ အဲဒီလူတွေကိုလည်း တွေ့လာရပါတယ်။

တခါတရံမှာ ကိုယ်ရေးကိုယ်တာ ခံစားချက်အရပဲ ဖြစ်ဖြစ်၊ တခြားသော အကြောင်းအရာတွေကြောင့်ပဲ ဖြစ်ဖြစ် ဘလော့ဂ်လောကကို ကျောခိုင်းပစ်ချင်စိတ်တွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မိတ်ဆွေ သူငယ်ချင်းများရဲ့ နားလည်စွာ ဖေးမမှုတွေနဲ့ပဲ စိတ်ကူးတွေကို အသက်ဆက်ဖြစ်ရင်း ဆက်ရေးမိပြန်တာပါပဲ။ တချို့ကတော့ ဒါကို `ဘလော့ဂ်နာကျတယ်´ လို့ ချစ်စနိုး ကျီစယ် သတ်မှတ်ကြပါတယ်။

ဘလော့ဂ်ရေးတာနဲ့ ပတ်သက်ပြီး ကဗျာလေး တပုဒ် ကျနော် ခံစားရေးခဲ့ဖူးပါတယ်။ ဖတ်ဖူးသူများ ရှိပေမယ့် ဒီနေ့ ပို့စ်မှာ အမှတ်တရ အနေနဲ့ ထပ်မံ တင်ပြချင်ပါတယ်။

ဘလော့ဂ်ရေးသူ…

ကျနော်တို့ ဘလော့ဂ်ရေးတယ်
ယုံကြည်ချက်၊ ခံစားချက်…
ကျေနပ်ချက်၊ မကျေနပ်ချက်…
စိတ်ကူးချက်၊ မျှော်မှန်းချက်…
ဝေမျှရင်း၊ ခံယူရင်း
သင်ယူရင်းနဲ့…
ကျနော်တို့ ဘလော့ဂ် ရေးတယ်…။

အားပေးနေမယ်နော်၊ ဆက်ရေးပါ
ကျေးဇူးပါနော်၊ အတွေးအမြင်တွေ ရစေတယ်
ကြိုးစားနော်၊ ဖတ်လို့ကောင်းတယ်
စာများများရေးပါ၊ စာရေးတာ ကောင်းတယ်
…………………………….
…………………………….
ချီးမွမ်းမှုတွေကို နေ့စဉ်စားသုံးရင်း
ကျနော်တို့ ဘလော့ဂ် ရေးတယ်…။
မင်းက ဒါမျိုးလေးတွေ ရေးမှ ထမင်းစားရမယ်ဆိုတာ ငါသိတယ်
ဘာမဟုတ်တာလေးကို ဇာချဲ့တယ်
အလကားပါ၊ ဘာတွေ ရေးထားမှန်း မသိဘူး
အင်တာနက်ပေါ်မှာ အတင်းတုတ်တယ်
………………………………..
………………………………..
ဝေဖန်စကားလုံးတွေနဲ့ လုံးထွေးသတ်ပုတ်ရင်းနဲ့လည်း
ကျနော်တို့ ဘလော့ဂ် ရေးတယ်…။

ဟင်းတခွက်ချက်လိုက်တာ
တယောက်က ပြောတယ်
`အစပ်အဟပ် မတည့်ဘူး´ တဲ့
နောက်တယောက်ကတော့
`စားလို့ ကောင်းသားပဲကွ´ တဲ့
နောက်တော့လည်း သူတို့တတွေ
အဲဒီဟင်းရဲ့ အာဟာရကို အတူတူစားကြပြီး
နောက်တခွက် ထပ်ချက်ခိုင်းကြပြန်တော့
ကျနော်တို့ ဘလော့ဂ် ရေးတယ်…။

မိသားစုနဲ့ အတူတူနေချင်တဲ့ ကလေးငယ်
သားပြန်အလာကို မျှော်နေတဲ့ အမေ
ဘောင်းဘီချွတ်ပြတဲ့ ပြည်သူ့စစ်သား
ခိုးရာပါ စိန်တွေနဲ့ မင်္ဂလာပွဲ
နယ်မြေပျောက်သူ၊ ကျောင်းပျောက်သူတွေ
………………………………..
………………………………..
ကျနော်တို့ ဘလော့ဂ် ရေးတယ်…။

အခန်းထဲက ကွန်ပြူတာထဲမှာ
နေ့စဉ်ရောက်နေကျ မြန်မာပြည် ရှိတယ်
ဟိုးခပ်ဝေးဝေးမှာ ပန်းတိုင်ရှိတယ်
မျှော်လင့်ခြင်းတွေ ရှိတယ်
အဲဒီအတွက်…
ကျနော်တို့ ဘလော့ဂ် ရေးတယ်…။

ဘလော့ဂ်ကို လာလည်ကြသူ အားလုံးကို အထူးကျေးဇူးတင်ရှိလျက်ပါခင်ဗျာ။


ကလိုစေးထူး

Thursday, September 13, 2007

ဖြေရှင်းချက်(၂)…

ဒီနေ့တော့ စာရေးချင်စိတ် မရှိတာနဲ့ ဘာပို့စ်မှ မတင်ဘဲ နေမလို့ပါပဲ။ ဒါပေမယ့် မမေရဲ့ ကွန်မန့်ဝင်လာတော့ အားလုံး မြင်လွယ်ထင်လွယ် ဖြစ်အောင် ပို့စ်အဖြစ် တင်ပေးဖို့ စိတ်ကူးရတာနဲ့ သူ့ကွန်မန့်အတိုင်း ကူးယူဖော်ပြလိုက်ပါတယ်။ မမေအတွက် စိတ်ပူနေကြသူတွေ ယုံကြည် စိတ်အေးလောက်ပြီထင်ပါရဲ့။

Maydarwii said...

ကိုစေးထူးရှင့် …
ကျမ ကိုယ်စားဖြေရှင်းချက် တင်ပေးတာ ကျေးဇူးတင်ပါတယ်။
ကျမကို စိတ်ပူနေကြတဲ့ စာဖတ်သူများနှင့် မိတ်ဆွေများကို … ကျမကိုယ်တိုင် ဒီကွန်မန့်ထဲမှာပဲ ပြောခဲ့ပါရစေရှင်။
ကျမနဲ့ ပတ်သက်ပြီး အမျိုးမျိုးထွက်ပေါ်နေတဲ့ သတင်းတွေအတွက် ကျမ ကိုယ်တိုင်ရဲ့ ဖြေရှင်းချက်ပဲဆိုပါတော့။

ပထမဆုံးပြောချင်တာကတော့ ကျမဘလော့ကို ပိတ်ထားတဲ့ကိစ္စပါ။
တော်တော်များများ သိပြီးဖြစ်တဲ့အတိုင်းပါပဲ … ကျမဘလော့ မပိတ်ခင် ရက်ပိုင်းက ကွန်မန့်တွေထဲမှာ ကျမကို ခြိမ်းခြောက်၊ စော်ကားတဲ့အပြင် ကျမအဖေကိုပါ စော်ကားထားတာတွေ ရေးထားပါတယ်။ ကျမကို ခြိမ်းခြောက်မှုအတွက် ခံနိုင်ပေမယ့် ကျမအဖေကိုပါ ထိခိုက်လာတဲ့အတွက် ကျမစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ကျမရဲ့ မလိမ္မာမှုအတွက်လည်း နောင်တရခဲ့မိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ထိ ဘလော့ကိုပိတ်ဖို့ စိတ်မကူးခဲ့မိ သေးပါဘူး။

တနေ့တော့ အကြောင်းကြောင်းကြောင့် ကျမဘလော့မှာ ဖြစ်ပျက်နေတာကို အဖေနဲ့ အမေ အပါအ၀င် အိမ်သားတွေ သိသွားခဲ့ပါတယ်။ ရုန့်ရင်းကြမ်းတမ်းတဲ့ ဆဲဆိုမှုတွေ၊ ခြိမ်းခြောက်မှုတွေရေးထားတဲ့ စာတွေကို ဖတ်ရတော့ ကျမကို ဘလော့ဆက်မရေးဖို့ အားလုံးက တားမြစ်ခဲ့ပါတယ်။ ဘလော့ကိုပါ ဖျက်လိုက်ဖို့လည်း အဖေရော အမေပါ တိုက်တွန်းခဲ့ကြပါတယ်။ ကျမ ကြောက်လို့ ရပ်လိုက်တယ်လို့ ထင်နေကြသူများအတွက် … ဟုတ်ကဲ့ … ကျမ ကြောက်တယ်လို့ပဲ ပြောပါရစေတော့ … ။ ကျမ ပယောဂကြောင့် ကျမ ချစ်တဲ့ မိဘနှစ်ပါး စိတ်မချမ်းမသာဖြစ်မှာ အလွန်ကြောက်ပါတယ်။ ဒါကြောင့် ကျမ သိပ်မြတ်နိုးတဲ့ ဘလော့ကို ကျမ ကိုယ်တိုင် အဖေနဲ့ အမေ ရှေ့မှာပဲ အဲဒီညက ပိတ်ခဲ့လိုက်ပါတယ်။ (ပိတ်ပြီးတဲ့အချိန်မှာ ဂျီတော့ခ်မှာ ရှိနေတဲ့ ညီမလေး တယောက်ကို ပိတ်လိုက်ကြောင်း ပြောပြခဲ့ပါသေးတယ်။)

နောက်တခုက … ကျမရဲ့ အင်တာနက်သုံးစွဲခွင့်ကို အိမ်က ကန့်သတ်လိုက်ပါတယ်။ အွန်လိုင်းပေါ်မှာနေနေရင် ဘလော့တွေဖတ်မိမယ်၊ ပြန်ရေးချင်မယ်၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဆယ်သွယ်မိနေမယ်၊ ကိုယ်တိုင် ဘလော့မရေးတောင် သူများဘလော့မှာ ကွန်မန့်တွေ ရေးနေလိမ့်ဦးမယ်ဆိုပြီး အင်တာနက်ပေးမသုံးတော့ပါဘူး။ ကျမဟာ ခုချိန်ထိ မိဘအုပ်ထိန်းမှုအောက်မှာ နေနေရတဲ့အတွက် မိဘစီမံသမျှ နာခံရပါတယ်။ ကျမ မိဘတွေကလည်း အကြောင်းတစုံတရာမရှိဘဲ ဇွတ်အတင်း အမိန့်ပေး စေခိုင်းလေ့မရှိပါဘူး။ ဒါကြောင့် ကျမလည်း ကျမရဲ့ စိတ်ခံစားချက် ဘယ်လိုရှိနေရှိနေ အဖေနဲ့ အမေ ကျေနပ်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

တနေ့ကတော့ ဘီဘီစီသတင်းထဲပါတဲ့ကိစ္စနဲ့ပတ်သက်ပြီး မိတ်ဆွေတွေက ကျမကို မေးမြန်းလာကြပါတယ်။ ကျမလည်း ဘာမှန်းညာမှန်း သေသေချာချာမသိလို့ ဖြေရှင်းတာတွေ လုပ်မနေခဲ့ပါဘူး။ ကြာရင် ပြီးသွားမှာပဲလို့ ထင်နေခဲ့မိပါတယ်။ ဒါပေမဲ့ ခုထက်ထိ ကျမနဲ့ပတ်သက်ပြီး အမျိုးမျိုးပြောကြဆိုကြ ထင်မြင်နေကြတာတွေ မပြီးသေးဘူးဆိုတာသိရလို့ ဒီစာကိုရေးလိုက်ရခြင်းပါပဲ။ ကျမရဲ့ လုပ်ရပ်ဟာ အားလုံးကို စိတ်ပူအောင် လုပ်မိသလိုဖြစ်သွားခဲ့ရင် ဒီစာနဲ့ အနူးအညွတ် တောင်းပန်ပါရစေ … ။

ကျမအိမ်မှာပဲနေနေပေမဲ့ အားလုံးနဲ့ အဝေးကြီးရောက်နေသလို ခံစားရပါတယ်။ တပြိုင်တည်းမှာပဲ … အားလုံးနဲ့ သိပ်နွေးထွေးသလိုလည်း ခံစားနေရပါတယ်။ လောလောဆယ်တော့ ဒွိဟခံစားချက်တွေကို တချိန်တည်း ခံစားနေရင်း … ကျမရဲ့ အဖြူရောင်မျက်နှာပြင်အတွက်မဟုတ်တဲ့ စာတွေကို စိတ်ကူးထဲမှာပဲ ပုံဖော်ရေးသား နေမိပါတယ်။

ကျမဘလော့ကို အရေးတယူဖတ်ရှုခဲ့ကြသူများ၊ အစဉ်တစိုက် ရေးဖြစ်အောင် အားပေးကြသူများ၊ ဘလော့ရေးဖော် မောင်နှမများ၊ မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်စွာ အမြဲသတိရနေမှာပါ။
တချိန်ချိန်တော့ ကျမတို့ ပြန်ဆုံကြကောင်းပါရဲ့ … ။

မေဓာဝီ
14th Sept, 2007
9:15 am

Wednesday, September 12, 2007

ဘလော့ဂ်& ယုံကြည်ချက်၊ ခံစားချက်၊ ရပ်တည်ချက်…

လူတိုင်းမှာ ခံစားချက်ကိုယ်စီ၊ ယုံကြည်ချက်ကိုယ်စီ၊ ရပ်တည်ချက်ကိုယ်စီ ရှိကြပါတယ်။ မတူညီတဲ့ ရှင်သန်ကြီးပြင်းမှု၊ ကွဲပြားတဲ့ နေရာဒေသ အခြေအနေ၊ လေ့လာသိရှိခွင့်ရတဲ့ ပညာရပ် စတာတွေကို အခြေခံပြီးတော့ ခံစားယုံကြည် ရပ်တည်ချက် အမျိုးမျိုး ရှိကြပါတယ်။

ဟိုးအရင့်အရင် ကျနော်တို့ ဘိုးဘေးများလက်ထက်ကတော့ ပေကညစ်၊ ကျောက်စာတွေမှာ မှတ်တမ်းတင်လို့ ခံစားရတာတွေ၊ ယုံကြည်မိတာတွေကို ရေးဖွဲ့ကြပါတယ်။ တဖြည်းဖြည်းနဲ့ ကာလာရွေ့လျောလာတော့ စာအုပ်စာပေများ အဲဒီကမှတဆင့် အင်တာနက် ၀က်ဘ်ဆိုက် စာမျက်နှာများ…။ အခုများတော့ ဘလော့ဂ်။

***

ဘလော့ဂ်ရေးတယ်ဆိုတာကို လူတွေက ပုံစံအမျိုးမျိုး ယူဆခံစားကြပါတယ်။ ကျနော်ကတော့ ဘလော့ဂ်ရေးခြင်းဟာ `မိမိယုံကြည်ချက်၊ မိမိခံစားချက်ကို မိမိဘာသာ စီစဉ်တည်းဖြတ် တင်ပြခြင်း´ လို့ ခံယူပါတယ်။

ဘလော့ဂ်တခုဟာ အဲဒီဘလော့ဂ်ကို စီစဉ်တင်ဆက်နေတဲ့ အုပ်စု၊ လူပုဂ္ဂိုလ်ရဲ့ အာဘော်၊ ခံစားချက်ပါပဲ။ အဲဒီဘလော့ဂ်ကို တင်ဆက်သူနဲ့ ခံစားချက်ခြင်း၊ ယုံကြည်ချက်ခြင်း ထပ်တူကျတဲ့ စာဖတ်သူတွေက အဲဒီဘလော့ဂါကို အားပေးကြပါတယ်။ ဒီလိုနဲ့ ဘလော့ဂါတွေကို လူကြိုက်များခြင်း၊ မများခြင်းက ပုံစံမျိုးစုံနဲ့ ကွဲပြားလာပါတော့တယ်။

***

ကျနော် ဘလော့ဂ် စတင်ရေးသားစဉ်တုန်းက မြန်မာဘလော့ဂါတွေရဲ့ အရေအတွက်က လက်ချိုးရေတွက်လို့ ရတဲ့ အနေအထားမှာ ရှိပါသေးတယ်။ အဲဒီအထဲကမှ ဘလော့ဂ်ကို ပုံမှန်ရေးသားတင်ဆက်သူ အရေအတွက်က ပိုလို့တောင် နည်းခဲ့ပါသေးတယ်။

မှတ်မှတ်ရရ…၊ ကျနော်သတိထားမိသလောက် အဲဒီတုန်းက ဘလော့ဂါတွေထဲမှာ အာဏာပိုင်ကို ဆန့်ကျင်သူနဲ့ ဆန့်ကျင်တယ်လဲ မပြော၊ ထောက်ခံတယ်လဲ မပြောတဲ့ ဘလော့ဂါ ဆိုပြီး နှစ်မျိုးနှစ်စားတည်းပဲ ရှိခဲ့ပါတယ်။ အာဏာပိုင်တွေကို ထောက်ခံသူ ဘလော့ဂါ မရှိခဲ့ပါဘူး။

အာဏာပိုင်တွေကို ထောက်ခံလိုလားတဲ့ ဘလော့ဂါတချို့ ပေါ်လာတာကတော့ ၂၀၀၇ခုနှစ်၊ နောက်ပိုင်းကာလတွေမှာပါပဲ။ သတိထားမိသလောက် ၈၈၈၈ နေ့ နောက်ပိုင်းမှာမှ တစိုက်မတ်မတ် စတင်ရေးသားကြတာ များပါတယ်။

သူတို့ကလည်း သူတို့အမြင်၊ သူတို့အထင်တွေကို တချို့ကလည်း အကိုးအကား အထောက်အထား၊ တချို့ကလည်း ထင်ရာမြင်ရာနဲ့ တင်ဆက်လာကြပါတယ်။ ဆိုလိုချင်တာကတော့ ၂၀၀၇ ခုနှစ်၊ ဒီဘက်လများမှာ နအဖ လိုလားသူ ဘလော့ဂါတွေ ထီးထီးကြီး ပေါ်ထွက်လာကြပါတယ်။

***

ယနေ့ မြန်မာဘလော့ဂ်လောကကို လေ့လာကြည့်ပါ။ ကျနော် တဦးတည်း အမြင်အရ ရဲရဲကြီး ပြောရဲတာ တခုရှိပါတယ်။ လက်ရှိ အာဏာပိုင်ကို ထောက်ခံရေးသားနေသူတွေ နေရာမရပါဘူး။ မြန်မာဘလော့ဂါတွေ အချင်းချင်း အားပေးမှုနဲ့ပဲ ယှဉ်ယှဉ်၊ စာဖတ်သူတွေရဲ့ ထင်မြင်မှု မှတ်ချက်တွေကိုပဲ လေ့လာလေ့လာ ဘယ်လို ရှုထောင့်က ကြည့်ကြည့် အာဏာပိုင်တွေဘက်က ထောက်ခံရေးသားသူတွေကို လိုလားကြသူ ရာခိုင်နှုန်း အင်မတန်နည်းပါတယ်။

ဒါတောင် မိမိဆန္ဒအမြင်တွေကို ထင်ထင်ပေါ်ပေါ် ထုတ်ပြောကြသူတွေကိုသာ အကဲခတ်မိတာပဲ ရှိပါသေးတယ်။ ဆန္ဒအမြင်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဖို့သာ အခြေအနေပေးရင် လက်ရှိ အာဏာပိုင်တွေကို မလိုလားသူတွေ ဘယ်လောက်အထိ ထွက်ပေါ်လာအုံးမယ်ဆိုတာ မသိနိုင်ပါဘူး။

သေချာတာကတော့ မြန်မာဘလော့ဂါနဲ့ ဘလော့ဂ်ဖတ် ပရိသတ်တွေအကြားမှာ အာဏာပိုင်တွေကို ထောက်ခံလိုလားသူ အင်အားနဲ့ ဆန့်ကျင်သူ အင်အားက အကွာကြီး ကွာပါတယ်။

ဒီနေရာမှာ အာဏာပိုင်တွေဘက်က ထောက်ခံရေးသားနေသူတွေလည်း မရေးသင့်ဘူး၊ ရေးခွင့်မရှိဘူးလို့ မဆိုလိုပါဘူး။ မိမိသဘောထားကို လွတ်လပ်စွာ ကွဲပြားနိုင်ပါတယ်။ ဒါပေမယ့် လွတ်လပ်စွာ ကွဲပြားတာနဲ့ ရန်စတာနဲ့ကတော့ မတူဘူးဆိုတာ စာဖတ်တတ်ကြသူအားလုံး ထင်ထင်ရှားရှား သိနိုင်ပါတယ်။

***

အာဏာပိုင်တွေကို လိုလားထောက်ခံသူတွေရဲ့ ဘလော့ဂ်တွေ အလျှိုလျှို ပေါ်ထွက်လာပြီးနောက်ပိုင်းမှာ တိုက်ဆိုင်တယ်ပဲ ပြောရမလား မသိ၊ တစတစနဲ့ ကျယ်ပြန့်လာတာကတော့ `အနှောက်အယှက်ပေးမှု နဲ့ ခြိမ်းခြောက်မှု´ တွေပါပဲ။

အထက်ပါ အနှောက်အယှက်ပေးမှုနဲ့ ခြိမ်းခြောက်မှုတွေရဲ့ ဒဏ်ကို အဓိက ခံရတာကတော့ စာဖတ်သူတွေရဲ့ ထောက်ခံအားပေးမှု အများစု ရလေ့ရှိနေတဲ့ ဘလော့ဂ်တွေပါပဲ။ စီဘောက်စ်များက တဆင့် မထိတထိ ရန်စခြင်း၊ အပြန်အလှန်ဆဲဆိုခြင်း၊ အမည်မဲ့ကွန်မန့်များနဲ့ စော်ကားရိုင်းပျခြင်း အစရှိတဲ့ နည်းမျိုးစုံကို အသုံးပြုကြပါတယ်။ အုပ်စုဖွဲ့ပြီး စနစ်တကျ လုပ်ဆောင်နေတယ်လို့ ထင်ရတဲ့ အနေအထားအထိကို တစိုက်မတ်မတ်နဲ့ အချိန်ယူကြတာကို တွေ့ရပါတယ်။

ဘလော့ဂ်တွေက ဆီပုံးတွေမှာ ဟိုဘက်က ဒီဘက်ကို တိုက်ခိုက်သလိုလို၊ ဒီဘက်က ဟိုဘက်ကို တိုက်ခိုက်သလိုလို ရေးသားနေကြတာတွေဟာလည်း မျက်စိလည်စရာကောင်းလောက်အောင်ကို အပြန်အလှန် ချေပတိုက်ခိုက်မှုတွေ ဖြစ်စေတဲ့အတွက် ပြဿနာဖြစ်စေချင်သူတွေက တမင်လိုက်လံ ဖန်တီးနေကြသလားလို့တောင် ထင်ရပါတယ်။

အထက်ပါ လုပ်ဆောင်ချက်တွေအပြင် မြန်မာဘလော့ဂါအချင်းချင်း သပ်လျှိုသွေးခွဲတဲ့ အနေအထားတွေ၊ ရန်ကုန်နဲ့ မန္တလေးသား ဘလော့ဂါတွေ အကြား အထင်အမြင်လွဲအောင် လုပ်ဆောင်ချက်တွေ၊ ပြည်တွင်းနဲ့ ပြည်ပ ဘလော့ဂါတွေအကြား အဆက်အဆံနည်းသထက် နည်းအောင် ဖန်တီးမှုတွေက တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့တာကိုလည်း သတိထားမိလာရပါတယ်။

***

လူတိုင်းမှာ ကိုယ့်အယူအဆကို တင်ပြခွင့် ရှိပါတယ်။ လက်ခံတာ လက်မခံတာက လူ့အဖွဲ့အစည်းရဲ့ ဆုံးဖြတ်မှုပါပဲ။ အဓိကကတော့ ကိုယ့်အယူအဆ၊ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ လိုလားချက် နီးစပ်နိုင်သမျှ နီးစပ်ဖို့ပါပဲ။ လူတွေရဲ့ သဘောကတော့ ရှင်းပါတယ်။ ကြိုက်ရင် ထောက်ခံမယ်၊ မကြိုက်ရင် ကန့်ကွက်မယ်။ ဒါပါပဲ။

မိမိအယူအဆကို မိမိ ကြိုက်သလို မှတ်ကျောက်တင်လို့ ရပါတယ်။ စာဖတ်တဲ့လူက သုံးသပ်ဆုံးဖြတ်သွားမှာပါပဲ။

မိမိအယူအဆနဲ့ မတူရကောင်းလားဆိုပြီး တဖက်သားကို ခြိမ်းခြောက်တာဟာ အင်မတန် အောက်တန်းကျတဲ့ လူသိမ်လူမွှားတွေရဲ့ စိတ်ဓာတ်ပါပဲ။ လူတယောက်ကို ဘယ်လို ဒုက္ခပေးရပါ့မလဲလို့ စနစ်တကျ အကွက်ချ လုပ်ဆောင်ပြီ ဆိုရင်တော့ အဲဒီလူကို `လူ´ လို့တောင် သတ်မှတ်ဖို့ အတော်ခဲယဉ်းသွားပါပြီ။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာကတော့ ဒီနေ့ခေတ် မြန်မာပြည်မှာက လူမဟုတ်တဲ့ လူတွေရဲ့ ဒဏ်ကို လူပီသတဲ့ လူတွေက ခါးစည်းခံရတာပါ။

ခေတ္တ ပိတ်သိမ်းထားရတာပဲ ဖြစ်ဖြစ်၊ အမြဲတမ်း ပိတ်သိမ်းတာပဲ ဖြစ်ဖြစ် ဆဲဆိုခြိမ်းခြောက်မှုတွေရဲ့ နောက်ဆက်တွဲကြောင့် လူတယောက်ရဲ့ ခံစားချက်၊ ယုံကြည်ချက်၊ ရပ်တည်ချက်တွေကို ကိုယ်စားပြုတဲ့ အထင်ကရ ဘလော့ဂ်တခုကတော့ ၀မ်းနည်းစရာ ကောင်းလှစွာ `အဖြူရောင် မျက်နှာပြင်´ အဖြစ် အသွင် ပြောင်းသွားရပါပြီ။ နောက်ထပ် ဒီလို အဖြစ်နဲ့ ဘလော့ဂ် ဘယ်နှစ်ခု ထပ်ပျောက်သွားကြအုံးမလဲ။ ရင်လေးစရာ အနေအထား တခုကတော့ မြန်မာဘလော့ဂ် လောကကို ရိုက်ခတ်နေပြီဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။

***

`တကယ်က ကျနော်တို့တွေလည်း သူတို့လို ပြန်ယုတ်မာလို့ ရတယ်၊ သူတို့လို စိတ်မျိုး မွေးလို့ မရလို့ ဒီလိုဖြစ်ရတာ´ လို့ ညီငယ် ဘလော့ဂါတယောက်က ခံပြင်းစွာ ရင်ဖွင့်ပါတယ်။ `တို့တွေ အရင်ထက် စည်းလုံးဖို့ လိုအပ်လာပြီ´ လို့ သူငယ်ချင်း ဘလော့ဂါတယောက်က မှတ်ချက်ချပါတယ်။ `ကိုယ့်တရား ကိုယ်စီရင်ကြပါလိမ့်မယ်´ လို့ ပရိတ်သတ် တယောက်က ဖြေသိမ့်ပါတယ်။ `ဘလော့ဂ် ရေးရတာ အရင်လို မဟုတ်တော့ဘူး´ လို့ ၀ါရင့် စာရေးသူ တယောက်က ညည်းတွားပါတယ်။

ဒါပေမယ့် ကျနော်တို့ ခြေလှမ်းတွေကိုတော့ ရပ်ပစ်လို့ မဖြစ်နိုင်ပါဘူး။ ဆက်လျှောက်ရမှာပါပဲ။ ကျနော်တို့ ယုံကြည်ချက်တွေကို ချခင်းပြနေရအုံးမှာပါပဲ။ ကျနော်တို့ ချစ်တဲ့ ပြည်သူနဲ့ တသားတည်း ရှိနေဖို့ ကြိုးစားနေရအုံးမှာပါပဲ။ ရန်စတိုက်ခိုက်သူတွေကိုလည်း တွန်းလှန်ရအုံးမှာပါပဲ။

ဒါပေမယ့် ကျနော်တို့ `စည်းလုံးမှု´ ရှိဖို့တော့ အရင်ထက် ပိုလိုအပ်နေပါပြီလို့ ထင်မိကြောင်း တင်ပြအပ်ပါတယ်။

မြန်မာဘလော့ဂ် လောကကြီး အဓွန့်ရှည်တည်တံ့ပါစေ….။


ကလိုစေးထူး

Tuesday, September 11, 2007

ဖြေရှင်းချက်...

မမေဓာဝီ ကိုယ်စား ဖြေရှင်းချက် တင်ပေးသင့်ပြီလို့ ယူဆလို့ တင်ပြအပ်ပါတယ်။ မမေဓာဝီအနေနဲ့ သူ့ဘလော့ဂ်ကို သူ့ဆန္ဒအရ ပိတ်သိမ်းထားခြင်းဖြစ်ပါတယ်။ သူ့ဘလော့မှာ မောင်နဲ့နှမ၊ သားနဲ့အမိ မြင်လို့မှမတော် ဆဲဆိုကြတာတွေ၊ ခြိမ်းခြောက်ကြတာတွေကြောင့် ပိတ်သိမ်းထားတာဖြစ်ပါတယ်။ အပြင်မှာ ပွထနေတဲ့ သတင်းတချို့ မမှန်ပါဘူး။

သူ့ကိုယ်စား စိတ်ပူနေကြသူတွေ အားလုံးအတွက် မမေတယောက် ဘေးရန်ကင်းနေဆဲ ဖြစ်ပါတယ်လို့ သတင်းပါးချင်ပါတယ်။ မမေကို အပျင်းပြေဖြစ်ဖြစ်၊ စိတ်လိုလက်ရဖြစ်ဖြစ် နှောက်ယှက်ခြိမ်းခြောက်သူများလည်း တော်သင့်ပြီလို့ မေတ္တာရပ်ခံပါတယ်။ မလိုလားအပ်တဲ့ ကောလဟဠတွေကြောင့် မမေတယောက် ပိုပြီး အနေရကျပ်မှာကို ထည့်သွင်းစဉ်းစားကြဖို့ အားလုံးကို တောင်းဆိုပါတယ်။


ကလိုစေးထူး

Monday, September 10, 2007

အဖြူ...

ဒီနေ့မှာ…
ဘာမှ မရှိတော့တဲ့ အဖြူရောင် မျက်နှာပြင်ကြီးက
ဆန္ဒတွေ၊ ယုံကြည်ချက်တွေကို
ဖဲ့ချွေခံလိုက်ရခြင်းသက်သေ အဖြစ်
ဝမ်းနည်းစွာ ဆီးကြိုနေခဲ့တယ်…။

ဒီနေ့မှာ…
ဘာမှ မရှိတော့တဲ့ အဖြူရောင် မျက်နှာပြင်ကြီးက
ဖော်ကျူးခွင့်၊ ဝေမျှခွင့်တွေကို
ချိုးဖဲ့ခံလိုက်ရခြင်း သက်သေအဖြစ်
နာကျင်စွာ မြည်တမ်းနေခဲ့တယ်…။

ဒီနေ့မှာ…
ဘာမှ မရှိတော့တဲ့ အဖြူရောင် မျက်နှာပြင်ကြီးက
ရပ်တည်ခွင့်၊ လျှောက်လှမ်းခွင့်တွေကို
ဖြတ်ရိုက်ခံလိုက်ရခြင်း သက်သေ အဖြစ်
ရင်နာစွာ တိုင်တည်နေခဲ့တယ်…။

ဒီနေ့မှာ…
ဘာမှ မရှိတော့တဲ့ အဖြူရောင် မျက်နှာပြင်ကြီးက
ဘာမှ မရှိတော့တဲ့ အဖြူရောင် မျက်နှာပြင်ကြီးက
အဖြူရောင် မျက်နှာပြင်ကြီးက…
အဖြူရောင် မျက်နှာပြင်ကြီးက..
အဖြူရောင်…

ဒီနေ့လောက်
အဖြူရောင်ကို ကြည့်ပြီး ၀မ်းနည်းရတာ မရှိဘူး…။


ကလိုစေးထူး

Friday, September 07, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၁၉)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

လိင်တူ ဆက်ဆံမှု

ထောင်ထဲမှာ `ဂြိုလ်´ ဆိုတဲ့ အသုံးအနှုန်းတခု ခေတ်စားပါတယ်။ လူတယောက် ဖြတ်သွားလို့ အဲဒီကောင် `ဂြိုလ်´ လို့ ပြောလိုက်ရင် ကြားလိုက်သူ အားလုံး ပြုံးစိ ပြုံးစိ ဖြစ်သွားကြတာမျိုး၊ `ဟုတ်လား´ `ဟုတ်လား´ ဆိုပြီး လိုက်ကြည့်ကြတာမျိုးပါ။

`ဂြိုလ်´ ဆိုတာ တခြားတော့ မဟုတ်ပါဘူး။ လိင်တူဆက်ဆံခံသူ ယောက်ျား အကျဉ်းသားတွေကို ခေါ်တဲ့ အသုံးအနှုန်းပါ။ `ဂြိုလ်ကောင်´ ဆိုတဲ့ သဘောနဲ့ ခေါ်တာ ဖြစ်ပြီး အဲဒီလို သမုတ်ရတာကလည်း ထောင်ထဲမှာ သူတို့ကို လူဆိုးတွေ အချင်းချင်းလုရာကနေ `ထောင်တွင်း လူသတ်ပွဲ´ တွေ အများအပြား ဖြစ်လာရလို့ပါ။ ထောင်တွင်း မူးယစ်ဆေး အကြောင်းတုန်းက ဖော်ပြခဲ့တဲ့ တန်းစီးမြခေါင် အသတ်ခံရတဲ့ အထဲမှာ အဲဒီ `ဂြိုလ်´ ကိစ္စကလည်း အကြောင်းတခုပါပဲ။

ထောင်ထဲမှာ မူးယစ်ဆေးကိစ္စပြီးရင် နာမည်ဆိုးနဲ့ အင်မတန်ကျော်ကြားတဲ့ နောက်ကိစ္စကတော့ လိင်တူ ဆက်ဆံတဲ့ ကိစ္စပါပဲ။ ထောင်တွင်း လူမဆန်မှုတွေ၊ အချင်းချင်း သတ်ဖြတ်မှုတွေ အတော်များများဟာလည်း လိင်တူဆက်ဆံမှု ကိစ္စနဲ့ ဆက်စပ်နေပါတယ်။

ပုံစံခန်းအတွင်း ရက်ရက်စက်စက် ရိုက်နှက်မှုနဲ့ ခြိမ်းခြောက်မှုတွေကို ထောင်ပုံစံခန်း အကြောင်းမှာတုန်းက ကျနော် ဖော်ပြခဲ့ပါတယ်။ ပုံစံခန်းအပြင်ဘက်နေ သွားပြီး ကြည့်ခွင့်ရှိလို့ ကြည့်ရရင် အကြောက်ကြောက် အလန့်လန့်ဖြစ်ပြီး ဟိုလူ့ဆီက အကူအညီရနိုး၊ ဒီလူ့ဆီက အကူအညီရနိုး မျက်နှာငယ်ငယ်နဲ့ အားကိုးရှာနေတဲ့၊ အားကိုးမဲ့နေတဲ့ အကျဉ်းသားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီအချိန် ထောင်ပုံစံခန်း အကြောင်းတုန်းက ဖော်ပြခဲ့သလို အဲဒီ အကျဉ်းသားတွေဆီ ငွေညှစ်ဖို့လာတဲ့ လူဆိုးတွေ အပြင် တခြားလူဆိုး အမျိုးအစား တမျိုးလည်း လာကြပါသေးတယ်။ သူတို့ဟာ ပုံစံခန်းထဲမှာ ထိုင်နေကြတဲ့ အကျဉ်းသားတွေကို လှည့်ပတ်ကြည့်ရင်း ဟိုရှာ ဒီရှာ၊ ရှာနေကြပါတယ်။ သူတို့ ရှာနေတာကတော့ အကျဉ်းသား အသစ် ငယ်ငယ်ရွယ်ရွယ်ကလေးတွေ။

ငယ်ငယ်ရွယ်ရွယ် အကျဉ်းသားလေးတွေကို တွေ့တဲ့အခါ အဲဒီ အကျဉ်းသားလေးတွေဆီ ကပ်သွားပြီး `အရိုက်မခံဘဲ နေချင်သလား´ လို့ သူတို့က `တိုးတိုး´ မေးပါတယ်။ ကိုယ်တိုင် အရိုက်ခံထားရလို့ ကြောက်နေတဲ့ အပြင် တခြားလူတွေကို ရိုက်နှက်နေတဲ့ အသံ၊ ဆဲဆို အော်ဟစ်နေတဲ့ အသံတွေနဲ့ ကမ္ဘာပျက်နေချိန်မှာ တုန်ပြီး ကြောက်နေတဲ့ ဘယ်အကျဉ်းသားဖြစ်ဖြစ် အခုလို လာပြောသူ ဘယ်သူကိုမဆို အားကိုးမှာပါပဲ။ အဲဒီ အကျဉ်းသားအသစ်ကလေးက `အရိုက် မခံချင်ပါဘူး´ လို့ ပြောလိုက်ရင် ခုန လူဆိုးက သူ့ကို ပုံစံခန်း `ငရဲခန်း´ ကနေ အပြင် ခေါ်ထုတ်သွားပါတော့တယ်။ ထောင်လူဆိုး အချင်းချင်းမှာ တယောက် ခေါ်ထုတ်ချင်တဲ့ လူကို ပုံစံခန်းထဲက ခေါ်ထုတ်ခွင့်ပြုတဲ့ နားလည်မှု တခု လုပ်ထားကြပါတယ်။ (ထောင်ထဲမှာတော့ `အထာ´ လို့ ခေါ်ပါတယ်)။

အဲဒီလို ခေါ်ထုတ်သွားပြီး လူဆိုးက အကျဉ်းသားသစ်ကလေးကို သူနေတဲ့ အခန်းထဲ ခေါ်သွားပါတယ်။ အခန်းထဲရောက်တော့ ၀တ်စရာ အ၀တ်အစား အပိုမပါ၊ ခြုံစရာ ခင်းစရာ စောင်မပါတဲ့ အကျဉ်းသား ချာတိတ်ကို အ၀တ်အစားနဲ့ စောင်တွေ ပေးတဲ့အပြင် အိပ်စရာ နေရာကောင်းကောင်းလည်း ပေးပါတယ်။

ထောင်ထဲမှာ အိပ်စရာ နေရာကောင်းကောင်းရဖို့က အင်မတန် ခက်တာကလား။ မျက်နှာမွဲ အကျဉ်းသား အများစုဟာ အခန်းထဲက ဖျာအခင်း မရှိတဲ့ လူသွားလမ်း ကွန်ကရစ် ကြမ်းပြင်ပေါ်မှာ၊ ဒါမှမဟုတ် အိမ်သာဘေး နံနံစော်စော် ညစ်ညစ်ပတ်ပတ် ရေစက်လက်တွေမှာ အိပ်ကြရရှာတာပါ။ ဒါကြောင့် အိပ်စရာ နေရာကောင်းကောင်းလည်း ရ၊ အ၀တ်အစားနဲ့ ခြုံစရာ ခင်းစရာ စောင်တွေလည်း ရ၊ လူဆိုးက ခေါ်လာတဲ့သူဆိုတော့ တခြား ဘယ်လူဆိုးနဲ့ ဘယ်အကျဉ်းသားတွေကမှလည်း သူ့ကို ပြဿနာ မလုပ်ရဲ၊ မထိရဲ၊ မစော်ကားရဲတာမို့ အကျဉ်းသား ချာတိတ်ဟာ သူ့ကို ခေါ်လာသူ လူဆိုးကို ကြောက်စိတ်၊ အားကိုးစိတ်၊ အထင်ကြီး လေးစားစိတ်၊ ချစ်ခင်စိတ်တွေ ပေါ်လာပါတော့တယ်။ လူဆိုး လိုချင်နေတာကလည်း `အဲဒီစိတ်´ ပါပဲ။

ညရောက်လို့ အိပ်ချိန်လည်းကျရော ဇာတ်လမ်းက စတော့တာပါပဲ။ လူဆိုးက လူသစ်ချာတိတ်ကို လိင်တူဆက်ဆံတာခံဖို့ စည်းရုံးပါတော့တယ်။ ကြောက်စရာ ထောင်အကြောင်းတွေ အမျိုးမျိုး ဇာတ်လမ်းဆင် ပြော၊ ထောင်တွင်း မက်လုံးတွေ အမျိုးမျိုးပေး၊ မသိမသာ ခြောက်လုံး လှန့်လုံးတွေပြပြီး လှည့်ပတ် စည်းရုံးပါတယ်။ အဲဒီလိုနဲ့ လူသစ်အကျဉ်းသားက အလွယ်တကူနဲ့ လျှောလျှောလျှူလျှူ သဘောတူသွားရင်တော့ ကိစ္စ အေးပါတယ်။

အဲဒီလို မဟုတ်ဘဲ ငြင်းလိုက်ရင်တော့ လူဆိုးက လူသတ်လက်နက် သံချွန်ထုတ်ပြီး သဘောမတူရင် `သံချွန်နဲ့ထိုးမယ်´ လို့ ခြိမ်းခြောက်တော့တာပါပဲ။ သတ်မယ်ပေါ့။ သူ့ကို ခေါ်ထုတ်လာတဲ့ လူဆိုးရဲ့ `ဇ´ ကို မြင်ပြီးတွေ့ပြီး ဖြစ်တာရယ်၊ ထောင်ကိုကြောက်တဲ့ စိတ်ရယ်၊ အားကိုးမဲ့တဲ့ ဘ၀ရယ်၊ တရားဥပဒေကလည်း ထောင်ထဲမှာ အားကိုးစရာ မရှိတာရယ် စတဲ့ အကြောင်းမျိုးစုံ ပေါင်းပြီး နောက်ဆုံးတော့ လူဆိုး အလိုကျ လိင်တူ ဆက်ဆံတာ ခံဖို့ သဘောတူလိုက်ရပါတော့တယ်။

`ထောင်အာဏာပိုင်တွေကို သွားတိုင်ရင် သတ်မယ်´ လို့ လူဆိုးက ခြိမ်းခြောက်ထားတော့ ကြောက်တာနဲ့ တိုင်လည်း မတိုင်ရဲတော့ပါဘူး။ သွားတိုင်ရင် လူဆိုးတွေက တကယ်လည်း သတ်တဲ့ နမူနာတွေ ထောင်ထဲမှာ ရှိသလို၊ ဘယ်လောက်ခက်တဲ့ အနေအထားမျိုးမှာပဲ ဖြစ်ဖြစ် ရအောင် သတ်နိုင်စွမ်းလည်း လူဆိုးတွေမှာ ရှိပါတယ်။

ထောင်နဲ့ ထောင်ဥပဒေက သာမန်အကျဉ်းသားတွေကို လူဆိုးတွေ အန္တရာယ်မပေးနိုင်၊ မသတ်နိုင်အောင် အကာအကွယ် ပေးနိုင်တာ မဟုတ်ဘူး မဟုတ်လား။ ထောင်ဥပဒေအရ လူသတ်လက်နက် ကိုင်ဆောင်ခွင့် ထောင်ထဲမှာ မရှိဘူး ဆိုပေမဲ့ ထောင်လူဆိုးတိုင်းမှာ လူသတ်လက်နက် သံချွန်ကိုယ်စီ ရှိနေကြတာ အကျဉ်းသားတိုင်း သိသလို ထောင်အာဏာပိုင်တိုင်းလည်း သိကြပါတယ်။

အဲဒီလိုနဲ့ နောက်နေ့လည်း ကျရော လူဆိုးနဲ့ အိပ်လိုက်ရတဲ့ အကျဉ်းသားလေးဟာ စိတ်ဓာတ်တွေ အကြီးအကျယ် ခြောက်ခြားပြီး ဟိုလူ့မျက်နှာ မကြည့်ရဲ၊ ဒီလူ့မျက်နှာ မကြည့်ရဲ ဖြစ်နေတာ တွေ့ကြရပါတယ်။ ယောက်ျားမာနတရား အချိုးခံလိုက်ရတာမို့ ခံစားချက်က ပိုပြီး ဆိုးမယ်၊ ထူးဆန်းမယ်၊ အောက်တန်းနောက်တန်း ကျသွားသလို ခံစားရတဲ့ စိတ်က ပိုများမယ် ထင်ပါတယ်။ ထောင်ထဲမှာ အဲဒီလို သနားစရာ အဖြစ်အပျက်တွေ အများကြီးပါ။

ထောင်အာဏာပိုင်တွေက `လိင်တူ မဆက်ဆံရ´ ဆိုပြီး၊ ဥပဒေထုတ် အရေးယူမှု တချို့ ရှိပေမယ့် အဲဒါက ဟန်ပြသက်သက် သဘောမျိုး၊ ဒါမှမဟုတ် ကျူးလွန်သူတွေက လူဆိုး အရင့်အမာတွေ မဟုတ်ဘဲ သာမန် မျက်နှာမွဲ အကျဉ်းသားတွေဖြစ်မှ အရေးယူတာမျိုး ဖြစ်ပါတယ်။ ထောင်အာဏာပိုင်တွေနဲ့ ရင်းနှီးတဲ့ လူဆိုးတွေ၊ ထိပ်သီးလူဆိုးတွေ လိင်တူဆက်ဆံမှုတွေ ကျူးလွန်နေတာကို ထောင်အာဏာပိုင်တွေ သိပေမယ့် မသိချင်ယောင် ဆောင်နေကြပါတယ်။

ဒါ့အပြင် အဲဒီ ကိစ္စမျိုးတွေကို လက်မခံနိုင်လို့ ကာယကံရှင်က ဖြစ်စေ၊ အခြား အကျဉ်းသား တဦးဦးက ဖြစ်စေ သွားရောက် တိုင်တန်းပြန်ရင်လည်း ထောင်အာဏာပိုင်တွေက တိုင်တန်းသူကို အဲဒီလို မတိုင်ဖို့ တနည်းနည်းနဲ့ သွယ်ဝိုက်ပြီး ပြောရင်ပြော၊ ဒါမှမဟုတ်ရင်လည်း အတိုင်ခံရတဲ့ ပြစ်မှု ကျူးလွန်သူ လူဆိုးကို တိုးတိုးတိတ်တိတ် အကြောင်းကြားလိုက်ပါတယ်။ ဒီတော့ လူဆိုးနဲ့ တိုင်တန်းသူ အကျဉ်းသား ပြဿနာဖြစ်ပြီး ထောင်တွင်း လူသတ်မှုတွေ ဖြစ်လာရတော့တာပါပဲ။

တကယ်တော့ `ထောင်ထဲမှာ လိင်တူမဆက်ဆံရ´ ဆိုပြီး အမိန့် ထုတ်ထားရုံနဲ့ ကိစ္စ မပြီးပါဘူး။ အမိန့်ထုတ်ပြီးရင်လဲ အဲဒီ အမိန့်တည်အောင်၊ အသက်ဝင်အောင် လုပ်ရန် ကျင့်ထုံးတွေ၊ အရေးယူ ဆောင်ရွက်ချက်တွေ လိုအပ်တယ် မဟုတ်ပါလား။ တကယ်တော့ ထောင်အာဏာပိုင်တွေရဲ့ ထောင်တွင်း အုပ်ချုပ်ရေးစနစ် အမှားအယွင်းနဲ့ တရားဥပဒေ ကင်းမဲ့မှုတွေကြောင့်တင်မက သွယ်ဝိုက်တဲ့နည်းတွေနဲ့ အားပေးအားမြှောက် ပြုလုပ်နေတာတွေကြောင့် အခုလို လူသတ်မှုတွေ ထောင်ထဲမှာ ပြန့်နှံ့နေရတာလို ပြောရင် လွန်ရာကျမယ် မဟုတ်ပါဘူး။

ဆက်ရန်…

Thursday, September 06, 2007

ထိုတခဏ...

ဒီနေ့…။

ထူးခြားသည်ဟု ပြောရမလား၊ မထူးခြားပါဘူးလို့ပဲ ပြောရမလားမသိ…။ သေချာသည်ကတော့ မနက်မိုးလင်း အိပ်ရာအထမှာကတည်းက လူက ပျင်းရိပျင်းတွဲ။ ကမန်းကတန်း သွားတိုက်၊ မျက်နှာကို ဖရူုးဖရူး နှင့် အမြန်သစ်ပြီး ရေစင်ပေါ်က မှန်ထဲမှာ ကိုယ့်ရုပ် ကိုယ်ပြန်ကြည့်မိတော့ မနေ့က ညှပ်ထားခါစ ဆံပင်ပုံစံ အသစ်နှင့် လူက မက္ကဆီကန်လိုလို၊ ကိုးရီးယန်းလိုလို…။

အလုပ်ထဲရောက်တော့ တာဝန်ကျေ နှုတ်ဆက်စကားတချို့ကို ထူးမခြားနား ပတ်ပျိုး တပုဒ် ထုတ်လွှင့်သံလိုလို ဟိုတစ ဒီတစ ကြားလိုက်ရ၏။ ပြုံးချင်သလို မပြုံးချင်သလို အပြုံးတွေနဲ့ ထိုလူတွေကြားထဲမှာ ကျနော်လည်း ရောမိရောရာနှင့် စက်ရုပ်လူသား ဖြစ်မိသွားလားတော့ မပြောတတ်။ ဒီလိုနှင့် အချိန်မှတ် ကဒ်ပြားကို နာရီထဲ ထိုးထည့်၊ ဒေါက်ခနဲ အသံတစ တိုးညှင်းညှင်းထွက်အလာမှာ ကဒ်ပြားပေါ်မှာ အလုပ်ဝင်ချိန်စာတမ်း ပေါ်လာသည်။ မနက် ၆ နာရီ ၅၇ မိနစ်။

ဘယ်သူ ဖွင့်ထားမှန်း မသိသော ရေဒီယိုမှ မိုးလေ၀သ သတင်းကြေညာသံ တခု ကြားလိုက်ရသည်။

`ယနေ့ အမြင့်ဆုံး အပူချိန် ၈၇ ဒီဂရီ ဖာရင်ဟိုက်၊ နေသာမည်။ လက်ရှိ အပူချိန် ၇၃ ဒီဂရီ ဖာရင်ဟိုက်´

***

စက်သံတွေ ဆူညံညံ၊ တ၀ူးဝူး တဝေါဝေါကြားမှာ စက်နဲ့ တူသော လူတွေက ဟိုမှာ ဒီမှာ ကိုယ်စီ အလုပ်နှင့် တချို့လည်း သီချင်းညည်း၊ တချို့လည်း အပျင်းကြီး။

ကုန်ခဲလှသော အချိန်တွေကို ခဲယဉ်းစွာ ဖြတ်သန်းရင်းနှင့်ပင် နေ့လည်စာ စားချိန်ကို လွန်မြောက်လာခဲ့၏။ အပုပ်ချိန် ရောက်လေရော့ထင့်၊ ကမ္ဘာ့အလေးလံဆုံး အရာက အမြင်အာရုံတွေကို ပိတ်ဖုံးဖို့ ခဏခဏ ကြိုးစားလာသည်။ ခဏကြာတော့ ဘေးနားက စားပွဲကို အလုပ်ရှင် ရောက်လာသည်။ ငိုက်လို့ မဖြစ်တော့…။

မျက်လုံးတွေက အလိုက်သိရှာကြသား…။ အလုပ်ရှင် ဘေးနားရောက်လာတော့ အလိုလို လန်းဆန်းနေသည်။ စကားများသော အလုပ်ရှင်က ဟိုဟိုဒီဒီတွေ ပြောနေတာကြောင့်လဲ ငိုက်ချိန်မရတာ ဖြစ်နိုင်သည်။ သူ ပြောနေတာတွေကလည်း ကြားနေရကြ စကားများ ဖြစ်သည့် ဒီတပတ် ပိတ်ရက်မှာ သူ မနားဖြစ်ကြောင်း၊ ဆောက်လက်စ သူ့အိမ်မှာ မြက်ခင်းတွေ စိုက်ကြောင်း၊ ငွေကို ဘယ်တော့မှ လက်လွတ်စပယ် မသုံးသင့်ကြောင်းတွေသာ…။ ကျနော်ကလည်း yeah, um hum တွေ စုံနေအောင် သူ့လေကြောမှာ အလိုက်သင့်…။

ထိုအခိုက်…။

***

အလုပ်ရုံ တခုလုံး မှောင်အတိ ကျသွားသည်။ ဆူညံနေသော စက်သံတွေလည်း လုံးဝ ရပ်တန့်သွားသည်။ ဘာဆို ဘာမှ မမြင်ရတော့…။ စောစောက လင်းချင်းနေသော ပတ်ဝန်းကျင်က ဘာဆိုဘာမှ မမြင်ရတော့လောက်အောင်ပင် ချက်ချင်း မှောင်ကျသွားသည်။ အကြောင်းကတော့ လျှပ်စစ်မီး ပျက်သွားခြင်းပင်…။

ဒါမျိုး တခါမှ မဖြစ်ဖူးသောကြောင့်လားတော့ မပြောတတ်…။ ရှိရှိသမျှ လူတွေရဲ့ `အိုးးး´ ဆိုသော အာမေဋိတ် သံတွေက တပြိုင်တည်း ထွက်လာသည်။ အလုပ်ရှင်က ဒရောသောပါးနှင့် အခန်းပြင်ကို ထွက်ဖို့ ကြိုးစားသည်။ သို့သော် အခန်းပြင် မရောက်ခင် တစုံတခုနှင့် တိုက်မိပြီး နာကျင်သွားသည်။ `ရှစ်ထ်´ ဟု မကျေမနပ် ဆဲရေးသံကို ကြားလိုက်ရသည်။

တခြားသော လူတွေလည်း တယောက်နဲ့ တယောက် အော်ခေါ်သံတွေ ကြားနေရသည်။ `ဟေ့ ဒေ့ဗ်၊ မင်း ဓာတ်မီးပါတယ် မဟုတ်လားကွ´ `နစ်ကီ၊ မင်းဘယ်မှာလဲ´ `ဟေးး၊ ရော်နီ´ စသဖြင့် စသဖြင့် အသံတွေက အမှောင်ထဲမှာ နေသားမကျလှစွာ ထွက်ပေါ်နေ၏။

***

သိပ်မကြာလှပါ။ ဆယ်မိနစ် နီးပါးလောက်ကြာတော့ မီး ပြန်လာ၏။ စောစောက ငြိမ်သက်နေရသော စက်တွေက ၀ူးခနဲ အလန့်တကြား အော်မြည်သည်။ မီးချောင်းတွေက မျက်တောင် တဖျတ်ဖျတ်ခတ်ကာ ပတ်ဝန်းကျင် တခွင် အလင်းပြန်ပေးဖို့ ရုန်းထ၏။

အလုပ်ရှင်က စက်တွေ အကုန်လုံး အလုပ် ကောင်းကောင်း ပြန်လုပ်မလုပ် လိုက်စစ်၏။ ကွန်ပြူတာတွေ လိုက်စစ်၏။ ပါးစပ်ကလည်း ရှစ်ထ် ချင်း ထပ်နေအောင် ပြောနေသေးသည်။

မီးက ပြန်လာသော်လည်း ပါဝါအပြည့် ပြန်မလာ၊ စက်တွေက မီးမပျက်ခင်ကလို ကောင်းစွာ ပြန်မလည်…။ လုံလောက်သည့် စွမ်းအင်မရတော့ အလင်းရရုံသာ ရပေမယ့် နဂိုအခြေအနေလို အဆင်မပြေ။ ခဏကြာတော့ အလုပ်ရှင်က စိတ်ပျက်လက်ပျက် အသံနှင့် အားလုံးကြားအောင် လှမ်းပြောလိုက်၏။

`အားလုံး အိမ်ပြန်တော့´

နာရီကို ကြည့်မိတော့ မွန်းလွဲ နှစ်နာရီခွဲသာ ရှိသေး၏။ ပုံမှန်အချိန်ထက် တနာရီ စောပြီး အိမ်ပြန်ရသည်ပေါ့။

***

အိမ်ပြန်ရောက်တော့ ခါတိုင်းထက် ပိုနေသည့် တနာရီစာ အချိန်အတွက် ဘာလုပ်ရမှန်း မသိ၊ ယောင်နနကြီး ဖြစ်နေသည်။ ဒီလိုနှင့် ဟိုဟိုဒီဒီတွေး…။

ဒီနိုင်ငံမှာက မီးပျက်သည် ဆိုသည်မှာ မကြုံစဖူး။ ပျက်လို့လည်း မဖြစ်၊ လျှပ်စစ်ကို အားထားနေရသည့် နေရာဌာနတွေက အပုံအပင်။ အဓိကအားဖြင့် ဆေးရုံ၊ အလုပ်ရုံ။ ထားပါတော့…။

တကယ်တော့ စောစောက မှောင်အတိကျသွားသည့် အချိန်မှာ ခဏတဖြုတ်မျှသာ…။ တောက်လျှောက် အလင်း ရခဲ့သော အချိန်များနှင့် နှိုင်းစာလျှင် အခု မှောင်သည် ဆိုသည်မှာ ခဏလေးမှ တကယ့် ခဏလေး။

သို့သော်…။ ထို တခဏတာ အမှောင်လေးတွင် လူတွေ ယောက်ယက်ခပ်ကုန်သည်။ မကျေမနပ်တွေ ဖြစ်ကုန်သည်။ မမြင်မကန်းတွေ ဖြစ်ကုန်သည်။ အမှောင်ထဲတွင် သွားနေကြသူချင်းလည်း တိုက်မိ၊ ခတ်မိကုန်သည်။ မြင်မှ မမြင်ပဲကိုး..။ နောက်တော့ အလင်းရဖို့အတွက် ကြိုးစားကြသည်။ အမှောင်ထဲတွင် မည်သူမှ မနေတတ်ကြ၊ မပျော်မွေ့ကြ၊ အဆင်မပြေကြ။

အလင်းရလာပြန်တော့လည်း မှောင်အတိ မကျခင်က အခြေအနေမျိုး ပြန်ရမရ စစ်ဆေးကြရပြန်သည်။ ဘယ်နေရာတွေမှာ ဆုံးရှုံးသွားလဲ၊ အမှောင်ထဲမှာတုန်းက တိုက်ခတ်မိတဲ့ ဒဏ်ရာက အတော်များလား၊ အမှောင်က ဘာလို့ ကျသွားတာလဲ အဖြေရှာရပြန်သည်။

ခဏတာသော အမှောင်ကြောင့် ဆုံးရှုံးမှုတွေကလည်း မနည်းလှ၊ စက်တွေ အလုပ်မလုပ်နိုင်တော့သောကြောင့် လူတွေလည်း အလုပ်နားရ၏။ တနာရီစာမျှသော အချိန်တွင် ပြီးမြောက်ရမည့် အလုပ်တွေက နောက်တနေ့ကို အကုန်ကူးတော့မည်။ အချိန်မီပို့ရမည့် အော်ဒါတွေ နောက်တနေ့မှ ပို့နိုင်တော့မည်။

တကယ်တော့ ခဏလေးပဲဖြစ်ဖြစ်၊ အကြာကြီးပဲ ဖြစ်ဖြစ် `အမှောင်´ ဆိုကတည်းကိုက မကောင်းတော့တာတော့ အသေအချာပင် မဟုတ်ပါလား။

***

ခဏလေးသာ မှောင်သွားသည်ကိုပင် အခြေအနေတွေက ယောက်ယက်ခပ်သေးလျှင် အကြာကြီး မှောင်နေရသူတွေ၊ အမှောင်ထဲမှာ အကြာကြီး နေရသူတွေအတွက်ကရော ????။


ကလိုစေးထူး

Wednesday, September 05, 2007

ထားသင့်သည့် စာနာစိတ်...

မြန်မာပြည်မှာ နေစဉ်တုန်းက တရက်မှာ ကျနော့် ဦးကြီး တော်စပ်သူရှိရာ မြို့တမြို့ကို အလည်ရောက်ရှိသွားခဲ့ပါတယ်။

ဦးကြီးမှာက သမီးနှစ်ယောက် ရှိပါတယ်။ ကျနော့် အမ တ၀မ်းကွဲတွေပေါ့။

တရက်မှာတော့ ကျနော့် အမ နှစ်ယောက် ကျူရှင်ကနေ အိမ်ကိုမျက်နှာ မသာမယာနဲ့ ပြန်လာပါတယ်။ အမငယ်ကို ကြည့်တော့ အခုပဲ ငိုချတော့မယ့်ဟန်…။ ဒါနဲ့ ဦးကြီးရဲ့ မိန်းမက `ဟဲ့၊ ဘာဖြစ်လာကြတာလဲ´ လို့ ပျာပျာသလဲ မေးပါတယ်။ တော်တော်နဲ့ ပြန်မဖြေကြပါဘူး။ နောက်တော့ တအိမ်သားလုံးက မေးလွန်းမက မေးတော့မှ-

`လမ်းမှာ လူ နှစ်ယောက်က လိုက် စကားပြောလို့´ လို့ ပြန်ဖြေတယ်။

`ရည်းစားစကား လိုက်ပြောတာလား´ လို့ ဒေါ်ကြီးက ထပ်မေးပါတယ်။ မေးလိုက်တဲ့ ခဏမှာပဲ အမငယ်ဖြစ်သူက တအင့်အင့်နဲ့ ငိုတော့တာပါပဲ။ သူ့ကို ၀ိုင်းချော့တန်ချော့လို့ အခြေအနေ နည်းနည်း ငြိမ်သွားတဲ့ အခါကျမှ အမကြီးက ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြပါတယ်။

ဖြစ်ပုံက ဒီလိုပါ။

ညီအမနှစ်ယောက် ကျူရှင်က အပြန်မှာ လူနှစ်ယောက်က အနောက်က လိုက်လာသတဲ့။ ပထမတော့ ချစ်စကား၊ ကြိုက်စကားပါပဲတဲ့။ ဒီလိုမျိုး အရင်ကလည်း လိုက်စကားပြောခံရဖန်များတော့ အမကြီးရော အမငယ်ရော အဲဒီလူတွေကို ဘာဆို ဘာမှ ပြန်မပြောဘဲ မျက်နှာထား ခပ်တည်တည်နဲ့သာ ကိုယ့်လမ်းကိုယ်သွားမြဲ သွားပါသတဲ့။

ဒီလိုနဲ့ အဲဒီလူ နှစ်ယောက်က ထပ်ချပ်မကွာလိုက်လာရင်းနဲ့ တခါမှာတော့ သူတို့ နှစ်ယောက်ထဲက တယောက်က အမကြီးတို့ ဘယ်လိုမှ ထင်မထားတဲ့ ရုန့်ရင်းကြမ်းတမ်းလှတဲ့ စကားတွေကို ပြောပြီး သူတို့ နှစ်ယောက်လုံး လှည့်ထွက်သွားပါသတဲ့။ အဲဒီလူပြောသွားတဲ့ စကားက (နားနဲ့မနာ ဖ၀ါးနဲ့ နာပါခင်ဗျာ)-

`ထမီလေးတွေ ချွတ်ပေးကြပါလား။ တခါလောက်တော့ အတူတူအိပ်ချင်တယ်ကွာ´

***

လွန်ခဲ့တဲ့ ခြောက်လကျော်ခန့်က ကျနော် အမျိုးသမီးရေးရာ ဆောင်းပါးလေး တပုဒ် `နှုတ်အားဖြင့် ဖြစ်စေ´ ဆိုတာကို ရေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ရေးခဲ့တဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေကို အမျိုးသားတွေက အကြမ်းဖက်မှုမှာ ကိုယ်အားဖြင့်သာ မက၊ နှုတ်အားဖြင့်ပါ ချိုးဖဲ့ နှိမ့်ချ ပြောဆိုတာကိုလည်း ဆင်ခြင်သင့်တဲ့ အကြောင်းကို အခြေခံပြီး ရေးခဲ့ပါတယ်။

အဲဒီဆောင်းပါးကို ဖတ်ရှုမိသူ အမျိုးသား စာဖတ်သူ တယောက်က အဲဒီ ဆောင်းပါးထဲက အချက်တချို့အနက် သူ လက်မခံနိုင်တာတွေကို ထောက်ပြခဲ့ဖူးပါတယ်။ ဥပမာအားဖြင့် သူလက်မခံတာက `၀စီကံနဲ့ နှိပ်စက်ကလူ ပြုခံရသူတွေဟာ အမျိုးသမီးတွေ´ ဆိုတဲ့ အချက်ကိုပါ။ အဲဒီအချိန်အခါတုန်းကတော့ ကျနော် အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ ပြန်လည် ဆွေးနွေးခြင်း မလုပ်ဖြစ်ခဲ့ပါဘူး။

အခုတော့ `၀စီကံအားဖြင့် နှိပ်စက်ကလူ ပြုခံနေရတဲ့ အမျိုးသမီးများ´ ၊ တနည်းအားဖြင့် ကျနော်တို့ရဲ့ အမေများ၊ အမများ၊ နှမများ အတွက် ဒီစာကို ရေးသင့်ပြီလို့ ယူဆတဲ့အတွက် ရေးရပါတော့မယ်။

***

ဘယ်သူတွေ ဘယ်လိုပဲ ပြောပြော၊ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ဘယ်လို ရင်ဘောင်တန်းနေပါပြီလို့ ကြွေးကြော် ကြွေးကြော် ဘယ်သူ့ဘယ်သူမှ ငြင်းလို့ မရတာ တခုရှိပါတယ်။ အဲဒါကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အားနွဲ့ပါတယ်။ အမျိုးသားတွေထက် အားကြီးသူတွေ ရှိပါတယ် ဆိုရင်တောင် ဒါဟာ မဖြစ်စလောက်သော အရေအတွက်ပါ။ သဘာဝ တရားကြီးက သတ်မှတ်ပေးလိုက်တဲ့ ခန္ဓာဗေဒအရကိုက အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ခွန်အားအရာမှာ အလိုလို အားနည်းပါတယ်။

အဲဒီ အခြေခံအချက်ကို အမှီပြုပြီးတော့ပဲ ဟိုးရှေးရှေး ပဝေသဏီကတည်းကနေ ယနေ့အချိန်အထိ ကျနော့်တို့ အမျိုးသားတွေက အမျိုးသမီးတွေကို နိုင်စားလာခဲ့ကြပါတယ်။ ဒီလိုနဲ့ အသိတရားတွေ မဖွံ့ဖြိုးကြသေးတဲ့ အချိန်မှာတုန်းကတည်းကနေ စတင် အမြစ်တွယ်လာလိုက်တာ အမျိုးသမီးဆိုတာ အမျိုးသားရဲ့ နောက်မှာ အလိုလို ရောက်နှင့်နေပြီးသား ဖြစ်ခဲ့ရပါတယ်။

အခုအခါမှာတော့ အမျိုးသမီးတွေရဲ့ ကြိုးစားမှုနဲ့ ခေတ်ကာလရဲ့ အပြောင်းအလဲ၊ တောင်းဆိုမှုတွေကြောင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ဟိုးအရင်ကတွေလို အမျိုးသားတွေရဲ့ နောက်မှာ မဟုတ်တော့ပါဘူး။ တန်းတူ နေရာကို ရောက်နေပြီလို့ကို ပြောလို့ရနေပါပြီ။

ဒါပေမယ့် ခက်တာက၊ ကျနော်တို့ အမျိုးသားတွေ…၊ အမျိုးသားတွေဆိုလို့ အားလုံးတော့ မဟုတ်ပါဘူး။ တချို့သော အမျိုးသားတွေလို့ ဆိုပါရစေ…။

အမျိုးသမီးတယောက်ကို နင်ပဲငဆတွေ တစ်တစ်ခွခွ ပြောလိုက်ရတာကို အရသာခံနေဆဲ အမျိုးသားတွေ။ သူတို့ အဲဒီလို ပြောလိုက်လို့ အဲဒီ အမျိုးသမီးတွေက ပြန်မပြောတာကိုဘဲ `ဒီကောင်မ၊ ငါဒီလို ပြောလိုက်လို့ ငြိမ်သွားတာ´ လို့ ထင်နေသေးတဲ့ အမျိုးသားမပီသသူ အမျိုးသားတွေ ဒီခေတ်ကြီးမှာ ဘယ်ခေတ်က လက်ကျန်မှန်း မသိတဲ့ အတွေးတွေနဲ့ ရှိနေသေးတာကို တွေ့နေရပါပြီ။

***

ယနေ့ မြန်မာ ဘလော့ဂ် လောကကို လေ့လာကြည့်ကြပါစို့…။

နေရာစုံ၊ အလွှာစုံက မြန်မာတွေ ကိုယ့်စိတ်ကူးသန်ရာ ဘလော့ဂ်တွေ ရေးကြတာကို မြင်ပါလိမ့်မယ်။ ဒါဟာ ကျေနပ်စရာပါ။ ကျေနပ်စရာ ကောင်းလွန်းလို့လဲ မြန်မာဘလော့ဂ် လောကလေးကို ကျနော်က `ဘလော့ဂ် မောင်မယ် စာပန်းခင်း´ လို့ တင်စားခဲ့ဖူးပါတယ်။ အတွေးအမြင်အမျိုးမျိုးနဲ့ မောင်မယ်တို့က ကိုယ့်အယူအဆကို လွတ်လပ်ပွင့်လင်းစွာ တင်ပြကြတဲ့ ပန်းခင်းနဲ့ တူတဲ့ ရပ်ဝန်းလေး။ ဘယ်လောက်များ လှလိုက်ပါသလဲ။

ဒါပေမယ့်…။

လူရယ်လို့ ဖြစ်လာပြီဆိုမှ မတူညီတဲ့ အမြင်အမျိုးမျိုး ရှိတတ်ကြတာ ဓမ္မတာမို့ ဘလော့ဂ် လောကသားတွေမှာလည်း မတူကွဲပြားတဲ့ အမြင်တွေ အမျိုးမျိုး ရှိတတ်ကြပါတယ်။ ဒီလိုနဲ့ပဲ ဆွေးနွေးကြ၊ ငြင်းခုန်ကြ၊ တိုင်ပင်ကြ၊ ကြိုက်တာတွေကို ပြောပြကြ၊ မကြိုက်တာတွေကို ထောက်ပြကြ၊ ဝေဖန်ကြ…။ ဒီလိုနဲ့…။

ကျနော် သတိထားမိသလောက် ဒီဘက် လေးငါးလအတွင်းမှာ မြန်မာ ဘလော့ဂါ အသစ်တွေ တော်တော်ကြီးကို များလာပါတယ်။ တချို့လည်း လက်ရှိ အုပ်ချုပ်သူတွေကို ဆန့်ကျင်၊ တချို့လည်း ထောက်ခံ…။ စာဖတ်သူတွေထဲမှာလည်း ဆန့်ကျင်တဲ့ဘက်ကို ထောက်ခံတဲ့ စာဖတ်သူ၊ အုပ်ချုပ်သူတွေကို လိုလားတဲ့ စာဖတ်သူ...။ ဒီလိုနဲ့…။

ဘယ်သူကမှ ဘယ်သူ့ကိုမှ မမြင်ရတဲ့ အင်တာနက် လောကကြီးမှာ အခုတော့ မြန်မာ အမျိုးသမီး ဘလော့ဂါတွေရဲ့ ကာယိနြေ္ဒကို ထိပါးစေတဲ့ ၀စီကံမြောက် စော်ကားရိုင်းပျမှုတွေက မတူကွဲပြားတဲ့ ယူဆချက်တွေပေါ်မှာ အခြေခံပြီးတော့ ဘလော့ဂ် လောကမှာ တစတစနဲ့ တော်တော်ကြီးကို ကျယ်ပြန့်လာခဲ့ပါပြီ။

စီဘောက်စ်များမှာ နှမချင်းမစာမနာ မောင်နဲ့နှမ၊ အမိနဲ့အဖ မြင်လို့မှ မတော်မလျော် လိင်ပိုင်းဆိုင်ရာ စကားလုံးတွေနဲ့ ဆဲလိုဆဲ၊ ကွန်မန့်တွေမှာ အမည်မဲ့တွေနဲ့ ပိုးစိုးပက်စက် ၀င်ရေးလိုရေးနဲ့ ကျနော်တို့ အမေအရွယ်၊ အမအရွယ်၊ နှမအရွယ်တွေဟာ ကာယကံမြောက် မဟုတ်သည့်တိုင်အောင် အင်မတိအင်မတန် အရှက်ရစေလောက်အောင် အစော်ကားခံနေရတာဟာ မြန်မာ ဘလော့ဂ် လောကရဲ့ အရုပ်ဆိုး အကျည်းတန်မှု တခု ဖြစ်လို့ နေပါပြီ။

ဒီကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ အငြင်းအခုန်မရှိတဲ့ နေရာ မရှိပါဘူး။ အမြင်မတူကြတဲ့အတွက် အယူအဆတွေလည်း အမျိုးမျိုး ကွဲကြမှာ အသေအချာပါပဲ။ ဒါပေမယ့် ကိုယ်နဲ့ မတူတိုင်း တဖက်သားကို နစ်နာသွားရင် ပြီးရော ဆိုတဲ့ စိတ်ထားနဲ့ ရိုင်းစိုင်းစွာ ဆဲဆိုတာဟာ မဖြစ်သင့်ဆုံးလို့ ကျနော်တော့ ထင်ပါတယ်။ အာဏာပိုင်တွေကို ထောက်ခံသူက ဆန့်ကျင်သူကို ဆဲသည်ဖြစ်စေ၊ ဆန့်ကျင်သူက အာဏာပိုင်တွေကို ဆဲသည်ဖြစ်စေ ဆဲတယ် ဆိုကတည်းကိုက ကောင်းတဲ့ လက္ခဏာ မဟုတ်သလို အားလုံးအတွက် အဖြေကောင်း ထွက်လာစရာလည်း အကြောင်း မရှိပါဘူး။

ဒါ့အပြင် အထူး သတိပြု စာနာပေးသင့်တာက အမျိုးသမီးများအတွက်ပါ။ မကျေနပ်မှုတွေ ရှိတယ် ဆိုရင်တောင် တဘက်က အပြောခံရမယ့်သူဟာ `အမျိုးသမီး´ ဆိုတဲ့ စိတ်ထားသင့်ပါတယ်။ ငါ့အမေ၊ ငါ့အမ၊ ငါ့နှမကိုများ တခြားတစိမ်းယောက်ျား တယောက်ယောက်က အခု ငါသူ့ကို ပြောသလို လာပြောခဲ့ရင် ငါ ဘယ်လို ခံစားရမလဲ ဆိုတဲ့ အတွေးဟာ ဒီခေတ်ကြီးထဲမှာ ဘယ်သူ့ကိုမှ သင်စရာမလိုတော့တဲ့ ကိုယ်ချင်းစာနာစိတ်ပါ။ ဒါပေမယ့် အခု အခြေအနေကတော့ ၀မ်းနည်းစရာ အလွန်ကောင်းလှပါတယ်။ အပြောခံရသူ အမျိုးသမီးများခမျာမှာ သူ အဆဲခံရတာက `ဒီလိုပါ´ လို့တောင် အဲဒီစကားလုံးတွေကို ပြန်မပြောရဲလောက်အောင် အရင့်သီးခံရတဲ့ အနေအထားအထိတောင် အစော်ကားခံနေရပါပြီ။

တကယ်ဆိုရင် ကိုယ်ဖတ်မိတဲ့ စာကို လက်မခံသည့်တိုင်အောင် စာပါ အကြောင်းအရာကိုပဲ အကျိုးသင့် အကြောင်းသင့် ဝေဖန် ထောက်ပြတာမျိုး ဖြစ်သင့်လှပါတယ်။ စာနဲ့ မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိပါးမှုတွေကတော့ အမျိုးသမီးများကို မဆိုထားနဲ့ အမျိုးသား အချင်းချင်းတောင် မပြောအပ်၊ မပြောသင့်ပါဘူး။ အခုတော့ လူမြင်ကွင်း ဘလော့ဂ်ပေါ်က စီဘောက်စ်တွေ၊ ကွန်မန့်တွေမှာပါ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းတဲ့ စကားတွေနဲ့ အမျိုးသမီး ဘလော့ဂါတွေကို မိုက်ရိုင်းတာ၊ စော်ကားတာဟာ အလွန်ကို ရုပ်ဆိုးလွန်းလှပါတယ်။

အမျိုးသမီးတယောက်ကို အမျိုးသားတယောက်က ဆဲလိုက်ရလို့ အဲဒီလူအတွက် အဲဒီ အမျိုးသမီးအပေါ် မကျေနပ်တဲ့ စိတ်တွေ အတိုင်းအတာ တခုအထိ အာသာပြေကောင်း ပြေပါလိမ့်မယ်။ ဒါပေမယ့် တဘက်က အပြောခံရသူ အမျိုးသမီးမှာတော့ ပြောမပြတတ်တဲ့ အရှက်ရမှုကြီး ဖြစ်သွားရှာပါပြီ။ ကျနော်တို့ အမျိုးသားတွေ ဒါလေးတော့ စဉ်းစားပြီး ဆင်ခြင်သင့်လှပါတယ်။ `တည်ကြည်တဲ့ ယောက်ျား´ ဆိုတဲ့ စကားလုံးနဲ့ အမွှမ်းတင်ခံ အမျိုးသားတွေ ဖြစ်ပြီး ဘာလို့များ ကိုယ့်ထက် မွေးရာပါ အားနွဲ့ပြီးသား အမျိုးသမီးကို ညစ်ညမ်းစကားတွေနဲ့ ပစ်ပေါက် အနိုင်ယူမှာပါလဲ။ ဒါဟာ ယောက်ျားကောင်းတွေရဲ့ အကျင့်မဟုတ်ပါဘူး။ ယောက်ျားယုတ် လူ့ဗာလတွေသာ ဒီလို အနိုင်ယူနည်းကို သုံးပါတယ်။ တနည်းပြောရရင် အဲဒီလို ဆဲဆိုတဲ့ ယောက်ျားတွေဟာ အဆဲခံရသူ အမျိုးသမီးတွေကို ဥာဏ်ရည်ချင်း ယှဉ်ဖို့ရာ ဘယ်လိုမှ မစွမ်းသာလို့လာလျှင် အဆင့်အတန်းမဲ့စွာ ဆဲဆိုတာ ဖြစ်ပါတယ်။

ရေးခဲ့တာ အတန်ငယ် ရှည်လျားပါပြီ။ ဒီစာကိုဖတ်ပြီးတော့ ကျနော့်ကို တစုံတယောက်က `မင်းက မိန်းမတွေကို ထိလို့ နာသလား´ လို့ မေးကောင်းမေးနိုင်ပါတယ်။ ဟုတ်ကဲ့…၊ နာပါတယ်။ အမချင်း၊ နှမချင်းစာနာစိတ် နဲ့ နာပါတယ်။ ယဉ်ကျေးတဲ့ အမျိုးသားတွေ ကိုယ်စား ရှက်လို့ နာပါတယ်။ အဲဒီလို နာလို့ ကျနော့်ကိုပါ ဆဲချင်သေးသပ ဆိုရင်လဲ သဘောတော် အတိုင်းပါပဲ…။

***

ကျူရှင်က အပြန် လမ်းမှာ ယောက်ျားနှစ်ယောက်ရဲ့ ၀စီကံမြောက် စော်ကားတာ ခံခဲ့ရလို့ ၀မ်းနည်းပြီး ငိုနေတဲ့ အမငယ် အငို တိတ်သွားတဲ့ အချိန်မှာ ဦးကြီးက အလွန်ထိရောက်တဲ့ စကား တခွန်းနဲ့ပဲ နှစ်သိမ့်ခဲ့ပါတယ်။

`မငိုနဲ့ သမီး၊ ၀မ်းလဲ မနည်းနဲ့၊ ဒီလောက်တောင် ယုတ်ညံ့ ရိုင်းစိုင်းတဲ့ လူတွေအတွက် ငိုခြင်း၊ ၀မ်းနည်းခြင်းတွေ ဖြစ်နေတာဟာ သူ့စကားတွေကို သွယ်ဝိုက်သောအားဖြင့် အသိအမှတ်ပြုနေတာပဲ။ သူ့လုပ်ရပ်က တစုံတရာ ထိရောက်သွားတာပဲ။ လူမိုက် အကြိုက် မလိုက်မိစေနဲ့´

ကျနော့် အမ၊ နှမ မြန်မာ အမျိုးသမီး ဘလော့ဂါများ စိတ်အေးကြည်လင်စွာနဲ့ မိမိယုံကြည်ချက်ရှိတဲ့အတိုင်း စာတွေ ဆက်လက် ရေးနိုင်ကြပါစေလို့ ဒီနေရာကနေ ဆုမွန် တောင်းလိုက်ပါတယ်။

ကလိုစေးထူး

Monday, September 03, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၁၈)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

မူးယစ်ဆေးဝါး

တခါတုန်းက အင်းစိန်ထောင် အမှတ်(၄) အဆောင်ကို တန်းစီးအဖြစ် အုပ်ချုပ်နေတဲ့ နာမည်ကြီးလူဆိုး ကြိုးသမား မြခေါင်ကို နေ့ခင်းကြောင်တောင် လူကြားထဲမှာ တခေါင်းလုံး စိစိညက် ကျေမွသွားအောင် ပေါက်တူးနဲ့ ရက်ရက်စက်စက် ခုတ်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ လူသတ်မှုကြောင့် တထောင်လုံး (လူသတ်ဖြတ်တဲ့၊ ရက်စက်တဲ့ ကိစ္စမျိုးတွေနဲ့ ယဉ်ပါးနေပါတယ်ဆိုတဲ့ ထောင်တွင်း လူဆိုးလောကပါ မကျန်) တုန်လှုပ်ခြောက်ခြား သွားခဲ့ပါတယ်။ အဲဒီ လူသတ်မှုနဲ့ ထောင်ထဲမှာ နာမည်ကြီးသွားတဲ့ လူဆိုး ငရှဥ့်ဟာလည်း မြခေါင်ကို သတ်ပြီး သိပ်မကြာခင် ထောင်ထဲမှာပဲ သေဆုံးသွားပြန်ပါတယ်။ သေဆုံးပုံကတော့ ဘိန်းဖြူထိုးရင်း `အပ်တန်းလန်း´ နဲ့ပါ။

ထောင်ထဲမှာ ဘိန်းဖြူ ဖောချင်းသောချင်း ပြန့်နှံ့နေပြီး ငရှဥ့်လို ဘိန်းထိုးလို့ သေဆုံးသွားရသူတွေ အများကြီးပါပဲ။ ထောင်ထဲကို ပစ္စည်းတွေ သွင်းရာမှာ အထပ်ထပ် စစ်ဆေးတဲ့ ကြားထဲက ဘယ်လိုလုပ်ပြီးတော့များ ဘိန်းဖြူတွေ ဖောချင်းသောချင်း ပြန့်နှံ့နေပါသလဲ။

ဒီအကြောင်း မပြောခင် ပဲခူးက နာမည်ကြီး ဓားပြကြီးဖြစ်သူ ဦးစန်းလွင် တမနက်မှာ အကျဉ်းသားတွေကို တန်းစီ ထိုင်ခိုင်းထားပြီး ပြောခဲ့တဲ့ စကားတွေကို အရင် ပြောပြချင်ပါတယ်။ ဦးစန်းလွင်ဟာ မြခေါင် သေပြီးနောက်၊ မြခေါင်နေရာ အမှတ်(၄) အဆောင်မှာ တန်းစီး ဖြစ်လာသူပါ။ ဓားပြကြီး ဦးစန်းလွင်ရဲ့ စကားတွေက ထောင်သားတွေရဲ့ ဘ၀ကို ရှင်းသွားအောင် တိုတိုနဲ့ ဖော်ပြနိုင်ပြီး ထောင်အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေကိုလည်း သွယ်ဝိုက် ဖော်ပြနေလို့ပါ။ ဦးစန်းလွင်က-

`အနှစ် အစိတ်လုံးလုံး သမ္မာအာဇီဝနဲ့ ပိုက်ဆံ တပြားဖိုးမှ ငါ ရှာမစားခဲ့ဖူးဘူး။ ငါ လူဆိုးအစစ်။ ငါ့အတွေ့အကြုံတခု မင်းတို့ကို ငါပြောပြမယ်။ ငါတို့ ငယ်ငယ် ထောင်ကျတော့ ထောင်ထဲ စစ်ခွေးတိုက်မှာ အလုပ်လုပ်ရတယ်။ စစ်ခွေးတွေကို အစာကျွေး၊ ရေတိုက်၊ ရေချိုးပေး၊ ပြီးရင် သူတို့ ချေးတွေ သေးတွေကို သန့်ရှင်းရေး လုပ်ရတယ်။ နေ့ခင်းဘက် ခွေးတွေ တရေးတမော အိပ်ချိန်ကျမှ ငါတို့ နားရတယ်။ တနေ့လည် ခွေးတွေ အိပ်ပျော်နေတုန်း အားနေတော့ တခြား သူလို ကိုယ်လို အကျဉ်းသားတွေနဲ့ စကား စုပြောကြတယ်။ အဲဒီအချိန် ထောင်ဝါဒါတွေ ရောက်လာပြီး ငါတို့ကို ၀င်ရိုက်တော့တာပဲ။ အပြစ်ကတော့ ငါတို့ စကားပြောသံကြောင့် ခွေးတွေ အိပ်ယာက နိုးသွားမယ်ဆိုပြီး ပြောတာပဲ။ အဲဒီတော့ မင်းတို့ ကိုယ့်ဘ၀ကို သဘောပေါက်ကြ။ ငါတို့ ထောင်ကျတွေဟာ ခွေးလောက်မှ အရေးမပါတဲ့ ဘ၀။ ခွေးထက် နိမ့်ကျတဲ့ ဘ၀။ မင်းတို့ ထောင်ထဲကို ပိုက်ဆံ လေးငါးရာ၊ စာရွက် တရွက်နှစ်ရွက်၊ ဘိန်း တပုလင်း နှစ်ပုလင်းပေါ့။ ပြီးတော့ ဖမ်းမိ၊ ရက်ရက်စက်စက် အရိုက်ခံကြရ။ ဒါပေမယ့် ထောင်ထဲကို ပိုက်ဆံတွေ သောင်းနဲ့ချီ ၀င်နေတယ်။ စာအုပ်တွေ အုပ်လိုက် ၀င်နေတယ်။ ဘိန်းတွေ အထုပ်လိုက် ၀င်နေတယ်။ ဘယ်လို ၀င်နေလဲ။ ဘယ်လို ပုံစံနဲ့ သွင်းနေကြလဲ။ သူများတွေ ဘယ်လို လုပ်နေကြတယ်ဆိုတာ လေ့လာကြ။ သဘောပေါက်ကြ´

ဟုတ်ပါတယ်။ လူဆိုးကြီး ဦးစန်းလွင် ပြောသလိုပဲ အကျဉ်းသားတွေ ဘ၀ဟာ ခွေးလောက်မှ အရေးမပါတဲ့ ဘ၀။ အဲဒီလို ဘ၀မျိုးရောက်အောင် လုပ်ထားသူတွေကတော့ တခြားလူတွေ မဟုတ်ပါဘူး။ `တရားဥပဒေ စိုးမိုးရေး´ `တရားဥပဒေ စိုးမိုးရေး´ ဆိုပြီး တရားဥပဒေ စိုးမိုးရေး အကြောင်း အာညောင်းအောင် ပြောတတ်တဲ့ စစ်အစိုးရနဲ့ သူ့လက်အောက် ငယ်သား ထောင်အာဏာပိုင်တွေပါပဲ။

ထောင်ထဲကို အကျဉ်းသားတွေ စာရွက်၊ ပိုက်ဆံ ခိုးသွင်းကြလို့ ဖမ်းမိရင် ထောင်ဝါဒါတွေက ရက်ရက်စက်စက် ရိုက်နှက်ပြီး တိုက်ပိတ်ပြစ်ဒဏ် ပေးတတ်ပါတယ်။ ဒါပေမယ့် ထောင်ထဲမှာ ဘိန်းတွေ အလျှံပယ်ပါပဲ။ ပိုက်ဆံတွေကလဲ အလျှံပယ်ပါပဲ။ ပိုက်ဆံရှိလို့ကတော့ ထောင်အပြင်မှာထက်တောင် ဘိန်းရဖို့ လွယ်ပါသေးတယ်။ ပိုက်ဆံကလည်း ခိုးသွင်းရင်ရပြီး ပိုက်ဆံ အမြောက်အမြား ခိုးသွင်းပေးတာကလည်း ထောင်အာဏာပိုင်တွေပဲ ဖြစ်ပါတယ်။ ပိုက်ဆံသွင်းရာမှာ ထောင်အာဏာပိုင်တွေကို သွင်းခအဖြစ် ငွေတရာကို အစိတ်ကနေ ငါးဆယ်နှုန်း၊ အစားစား ပေးရပါတယ်။

တကယ်တော့ ထောင်ထဲကို အဓိက ဘိန်းခိုးသွင်းသူတွေကတော့ လူဆိုးကြီး ဦးစန်းလွင် သွယ်ဝိုက်ပြောသလို ထောင်အာဏာပိုင်တွေပါပဲ။ သူတို့ ဘိန်းသွင်းပုံ သွင်းနည်းကတော့ တိုက်ရိုက်နည်းနဲ့ သွယ်ဝိုက်တဲ့နည်း ဆိုပြီး နှစ်နည်း ရှိပါတယ်။

တိုက်ရိုက်နည်းကတော့ သူတို့ကိုယ်တိုင် တိုက်ရိုက်သွင်းပြီး ထောင်ထဲမှာ သူတို့ လူယုံ လူဆိုးတွေကနေ တဆင့် ဖြန့်တဲ့နည်းပါ။

သွယ်ဝိုက်တဲ့ နည်းကတော့ အခုလို ဖြစ်ပါတယ်။

ထောင်အရာရှိနဲ့ ရင်းနှီးတဲ့ လူဆိုးက ထောင်အပြင်က သူ့အဆက်အသွယ်ကို ထောင်အရာရှိရဲ့ အိမ်ကို စားစရာတွေ သွားအပို့ခိုင်းပါတယ်။ နောက်တနေ့မှာ အဲဒီ ပစ္စည်းအထုပ်ကို ထောင်အရာရှိက ထောင်ထဲ သွင်းယူလာပြီး သက်ဆိုင်ရာ အကျဉ်းသားလူဆိုးကို လက်ထဲ ထည့်လိုက်ပါတယ်။ အဲဒီ အထုပ်ထဲမှာ ဘိန်းပါပါတယ်။ ထောင်အရာရှိဆိုတော့ သူကိုင်လာတဲ့ ပစ္စည်းအထုပ်ကို ဘယ်သူမှ မရှာတော့ဘူးပေါ့။

ညွှန်ချုပ်နဲ့ ရင်းနှီးတဲ့ အကျဉ်းသားတဦးဆိုရင် သူ့ကို သူ့အိမ်က ထောင်ဝင်စာ လာတွေ့တဲ့အခါ ရင်းနှီးတဲ့ ညွှန်ချုပ်က အနားမှာ ထိုင်ပေးပါတယ်။ ထောင်ဝင်စာ တွေ့ပြီးချိန်ကျတော့ ပစ္စည်းတွေ သယ်ပြီး အဲဒီ အကျဉ်းသား ထောင်လူဆိုး ထောင်ထဲ ပြန်ဝင်လာပါတယ်။ သူ သူ့အိမ်နဲ့ စကားပြောချိန်မှာ ညွှန်ချူပ်က အနားမှာ ထိုင်နေတာကို ထောင်ရှာဖွေရေးတွေက သိထားတော့ သူ့ပစ္စည်းထုပ်ကို ဘယ်သူကမှ မစစ်ရဲ၊ မရှာရဲတော့ဘူးပေါ့။ အဲဒီ ပစ္စည်းထုပ်ထဲမှာ ဘိန်း ပါပါတယ်။

အဲဒီနည်းနဲ့ ထောင်ထဲမှာ ဘိန်းတွေပြန့်၊ ဘိန်းထိုးပြီး လူတွေသေ၊ ဘိန်းထိုးတဲ့ အပ်ကြောင့် အေအိုင်ဒီအက်စ်ရောဂါ ပြန့်နှံ့၊ ဘိန်းဖိုးရဖို့အတွက် ဘိန်းစားလူဆိုးတွေက အခြား အကျဉ်းသားတွေကို အနိုင်ကျင့်၊ ပိုက်ဆံတောင်း၊ မရရင် လူသတ် စသဖြင့် ထောင်ထဲမှာ ဒုစရိုက်မျိုးစုံ တသီတသန်းကြီး ဖြစ်လာတာပါ။

ကျနော် အခု ဖော်ပြတဲ့ ထောင်အာဏာပိုင်တွေ ဘိန်းသွင်းပုံ သွင်းနည်းကို ထောင်ထဲမှာ အများအားဖြင့် မသိကြပါဘူး။ ကျနော် သိရတာကတော့ ထောင်အာဏာပိုင်တွေနဲ့ ပေါင်းပြီး ကိုယ်တိုင် ဘိန်းဖြန့်ခဲ့ဖူးတဲ့ နာမည်ကြီး လူဆိုးတဦးက ကျနော့်ကို အဲဒီ ကိစ္စတွေ ထုတ်ပြောပြခဲ့လို့ ဖြစ်ပါတယ်။ အခုအချိန်ထိ ထောင်ထဲမှာ သူ ရှိနေသေးပြီး သူ့ အသက်အန္တရာယ် စိုးရိမ်ရလို့ နာမည် ထုတ်ဖော်မပြောတာပါ။ ဘိန်းထိုးပြီး ငရှဥ့် သေသွားတဲ့ ကိစ္စမှာ ငရှဥ့်ကို ဘိန်းပေးခဲ့တာ သူပါပဲ။ သူက…

`ထောင်ထဲကို ၀င်လာတဲ့ ဘိန်းဖြူတွေဟာ များသောအားဖြင့် ရောထားကြတာ။ ဒါပေမယ့် ငရှဥ့်ကို ပေးလိုက်တဲ့ ဘိန်းက အစစ်ဖြစ်နေတယ်။ ဒါကို ငရှဥ့်က မသိတော့ အရင်လိုပဲ အောက်မေ့ပြီး အရင်နှုန်းအတိုင်း ထိုးလိုက်တာကနေ ဆေးလွန်ပြီး သေသွားတာ´

ဆက်ရန်…

Sunday, September 02, 2007

အတွေးစများ…

တခါတလေကျတော့ လူက တခုခုကို ရေးမယ်ကြံလိုက်၊ အဲဒီ ကြံရွယ်တာတွေက ဆောင်းပါးတပုဒ် စာတပုဒ် ရေးလောက်စရာ မဟုတ်တဲ့ အတွေးစလေးတွေမို့ မရေးဖြစ်လိုက်နဲ့ ဖြစ်လေ့ရှိပါတယ်။ အဲဒီလို အတွေးစလေးတွေကို စုစည်းကြည့်လိုက်တော့ စာတပုဒ်များ ဖြစ်လေမလားလို့ စဉ်းစားမိတာနဲ့ ဒီစာကို ချရေးမိပြန်ပါတယ်။

တလောက ကျနော့်ဘလော့ဂ်မှာ လာလည်သူတယောက်ကို ကျနော့်ဘလော့ဂ်ရဲ့ ပထမဦးဆုံး အကြိမ်အနေနဲ့ စီဘောက်စ် အသုံးပြုခွင့် ပိတ်ပင်ခဲ့ပါတယ်။

အဲဒီလို ပိတ်ပင်ခံလိုက်ရတော့ သူကလည်း သူ့ဘလော့ဂ်ရဲ့ မှတ်ချက်တခုကနေ ကျနော်ဟာ သူ့အတွေး သူ့အမြင်တွေကို ကျနော့်ဘလော့ဂ်မှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့် မပေးကြောင်း၊ ဒီမိုကရေစီဆိုတာ စာရွက်ပေါ်မှာသာ ရှိကြောင်းနဲ့ ကျနော့်ကို ဥပမာပေး ပြောသွားတာကို တွေ့လိုက်ရပါတယ်။

တကယ်တော့ သူကိုယ်တိုင် သတိမထားမိလိုက်တာက `လူတယောက်ဟာ ကိုယ့်အမြင်ကို လွတ်လပ်စွာ တင်ပြခွင့် မရတဲ့ အချိန်မှာ ဘယ်လိုခံစားလိုက်ရလဲ´ ဆိုတဲ့ အတွေးခံစားချက်ပါ။ စီဘောက်စ်လို နေရာလေးတခုမှာတောင် လွတ်လပ်စွာ ပြောဆိုခွင့် ပိတ်ပင်တာ ခံရတာကို သူ ဒီလို ခံစားတတ်တယ်ဆိုရင် ကျနော်တို့ မြန်မာပြည်မှာ တကယ်ခံစား တွေ့ကြုံနေရတဲ့ အဖြစ်အပျက်ခံစားချက်တွေကို ပြောခွင့်မရတဲ့ ပြည်သူတွေ၊ ပြောခွင့်ရအောင် ကြိုးစားနေတဲ့ ပြည်သူတွေရဲ့ ခံစားချက်ကို အဲဒီ ပုဂ္ဂိုလ် ဘယ်လို တွေးမြင်ခံစားမလဲ။ ကိုယ်ချင်းစာတရားဆိုတာ ငွေနဲ့ပေးဝယ်ယူစရာ မလိုပါဘူး။

ဒါကြောင့် ဒီစီဘောက်စ် အသုံးပြုခွင့် ပိတ်ပင်ခံရလို့ ခံစားရတဲ့ ခံစားချက်လေးနဲ့ ယှဉ်ပြီး `လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်´ ကို တောင်းဆိုနေကြတဲ့ ပြည်သူတွေအပေါ် စာနာ နားလည်တတ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ လူတိုင်းဟာ ကိုယ့်အမြင်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိတယ်ဆိုတဲ့ အယူအဆဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ တခုဖြစ်ပါတယ်။ အဲဒီအခွင့်အရေးကို ကိုယ်တိုင်က လိုချင်တယ်ဆိုရင် ဒီမိုကရေစီကို လိုလားတောင့်တနေသူ ပြည်သူတွေရဲ့ ရင်ထဲက စကားတွေကိုလည်း နားလည်လိမ့်မယ်လို့ မျှော်လင့်ရင်း အဲဒီ ပုဂ္ဂိုလ်ရဲ့ အိုင်ပီကို ပြန်ဖွင့်ပေးလိုက်ပါတယ်။

စိတ်မကောင်း ဖြစ်စရာ အလွန်ကောင်းတဲ့ အယူအဆ တခုကိုလဲ မှတ်ချက်တခုမှာ ဖတ်မိပါတယ်။ `နိုင်ငံရေးပေတံနဲ့ တိုင်းတာခံရမှု´ လို့ ကျနော် နာမည်ပေးကြည့်ချင်ပါတယ်။

လူတယောက်ရဲ့ မိမိနိုင်ငံအရေးကို စိတ်ပါဝင်စားမှုကို အဲဒီလူရဲ့ နိုင်ငံရေး ဖြတ်သန်းမှု အတိုင်းအတာပေတံနဲ့ တိုင်းတာလို့ ရကောင်းပါသလား…။ ဘယ်အဖွဲ့မှာပါဖူးမှ၊ နိုင်ငံရေး ပုဒ်မနဲ့ ထောင် ဘယ်လိုကျဖူးမှ၊ တောထဲမှာ နှစ်ပေါင်း ဘယ်လောက်နေပြီး တော်လှန်ရေး လုပ်ဖူးမှ နိုင်ငံရေးသမား မည်ပါသလား။ အဲဒါတွေ လုပ်ဖူး၊ ဖြစ်ဖူးမှသာ နိုင်ငံအရေးကို ပြောဆို ဆွေးနွေးခွင့် ရှိပါသလား။ တခါတလေကျတော့ ကျနော်တို့ထက် ၀ါရင့်တဲ့ အကိုတော်၊ အမတော် နိုင်ငံရေးသမားကြီးတွေရဲ့ အတွေးထဲမှာ လူတယောက်ကို `ဒီကောင်က ဘယ်လောက်များ လုပ်ဖူးလို့လဲ´ ဆိုတဲ့ နိုင်ငံရေး သမိုင်းပေတံကြီး တကိုင်ကိုင်နဲ့ တိုင်းတာပြီးမှ အဲဒီလူရဲ့ နိုင်ငံရေး အမြင်ကို အကဲဖြတ်လိုစိတ်က မသိမသာတမျိုး၊ သိသိသာသာကြီးတမျိုး ကြီးစိုးနေတာကို တွေ့မိတော့ အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်။

ဆယ်ကျော်သက်အရွယ်ပဲ ဖြစ်ဖြစ်၊ နှစ်ဆယ်ကျော် အစိတ်ပဲ ဖြစ်ဖြစ်၊ အရွယ်တော် တဆိတ်ပဲ ဖြစ်ဖြစ် ကိုယ့်နိုင်ငံအရေးကို ကိုယ့်ပြည်သူအရေးကို စိတ်ဝင်စားတာ အကောင်းလက္ခဏာမဟုတ်ပေဘူးလား။ စိတ်မ၀င်စားသူ ပြည်သူတွေကိုတောင် စိတ်ဝင်စားလာအောင် လှုံ့ဆော်ပေးသင့်တဲ့ ဒီလိုအချိန်အခါမျိုးမှာ စိတ်ဝင်စားမှု ရှိနှင့်နေပြီးသားလူကို ပေတံနဲ့ တိုင်းသလို `သူကဘာလုပ်ဖူးတယ်၊ ငါက ဘာလုပ်ဖူးတယ်´ လို့ ပြောသင့်တဲ့ အချိန်မဟုတ်ဘူးလို့ မြင်ပါတယ်။

နောက်တခု တွေးမိတာကတော့ ကျနော်တို့နဲ့ ပြည်တွင်းက မြန်မာဘလော့ဂါတွေကြားမှာ ခြားနေတဲ့ `မမြင်နိုင်တဲ့ စည်း´ ဆိုတာပါပဲ။

သိပ်မကြာသေးခင် ရက်ပိုင်းက ပြည်တွင်းက မြန်မာ ဘလော့ဂါတွေ ရန်ကုန်မှာရော၊ မန္တလေးမှာပါ ဘလော့ဂါ ဆီမီနာတွေ အားကြိုးမာန်တက်နဲ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာကို ကြည်နူးစွာနဲ့ ဖတ်ရှုလိုက်ရပါတယ်။ တဆက်တည်းမှာပဲ သူတို့နဲ့ ကျနော်တို့ကြားမှာ ရှိနေတဲ့ `စည်း´ ကို မြင်ယောင်လာသလို ခံစားရတော့ စိတ်ထဲမှာ ဘာမှန်းမသိ ဆို့နင့်သွားပါတယ်။

သူတို့တွေနဲ့ အတူ အဲဒီ ဆီမီနာမှာ ကျနော်လဲ သိပ်ဆွေးနွေးချင်တယ်။ ကျနော့်အမြင်လေးတွေကို သိပ်ပြောချင်တယ်။ ဒါပေမယ့် လက်ရှိအခြေအနေကြီးက ဒါကို ခွင့်မပြုပါဘူး။ အွန်လိုင်းကနေ တဆင့် ပြောလို့ရသားပဲလို့ ဖြေတွေးနှစ်သိမ့်စရာ ရှိပေမယ့် အကန့်အသတ်ပေါင်း မြောက်များစွာက ကျနော်တို့နဲ့ ပြည်တွင်း မြန်မာဘလော့ဂါတွေကြားမှာ `စည်း´ တခု အဖြစ် အခိုင်အမာကြီး ခြားနေခဲ့တာကို တွေးမိပြီး စိတ်မကောင်းစွာနဲ့ပဲ တစုံတခုသော နေ့ကို မျှော်လင့်ရင်းနဲ့သာ ဘလော့ဆီမီနာမှာ ပျော်ရွှင်နေကြတဲ့ မြန်မာဘလော့ဂါတွေ အတွက် မုဒိတာပွား ၀မ်းမြောက်မိပါတယ်။

အတွေးစလေးတွေကို စုစည်းလိုက်တော့ စာတပုဒ် မဖြစ်တဖြစ် ရေးမိသလို ဖြစ်သွားပါပြီ။ ဒီပို့စ်ဟာ ကျနော့်ဘလော့ဂ်ရဲ့ ၂၀၀ မြောက် ပို့စ်ပါ။ နောက်ထပ် တွေးမိတာလေးတွေကိုလဲ အတွေးစများ ပို့စ်နဲ့ ထပ်ရေးချင်ပါသေးတယ်။


ကလိုစေးထူး

Saturday, September 01, 2007

အဓိက…

လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးက စပြီး ကျနော် အွန်လိုင်း ချက်တင်တွေ စတင် ၀င်ဖြစ်ခဲ့ပါတယ်။ မိုဒင်၊ ပလဲနက်၊ မြန်မာ စသဖြင့် မြန်မာချက်ရွမ်းတွေကို အချိန်အတော်များများ ၀င်ဖြစ်ခဲ့ဖူးပါတယ်။

ချက်ရွမ်းတွေထဲမှာက လူစုံပါတယ်။ ကျောင်းသားကျောင်းသူ၊ ရုံးဝန်ထမ်း၊ အလုပ်သမား၊ စစ်ဘက်နယ်ဘက်မှ ပုဂ္ဂိုလ်များနဲ့ သူတို့ကို ဆန့်ကျင်တဲ့ အဖွဲ့များမှ လူများ စသဖြင့် အရောင်စုံ လူစုံပါတယ်။ ချက်ရွမ်းတွေထဲမှာ မကြာခဏထိပ်တိုက်ဖြစ်လေ့ရှိတာကတော့ စစ်တပ်ဘက်မှ ပုဂ္ဂိုလ်များနဲ့ သူတို့ကို ဆန့်ကျင်သူများ တနည်းအားဖြင့် ပြောရရင် အုပ်ချုပ်သူအာဏာပိုင်ကို ကိုယ်စားပြုသူများနဲ့ ပြည်သူများ ဖြစ်ပါတယ်။

အဲဒီလို ထိပ်တိုက်ဖြစ်လေ့ရှိတဲ့ အခါတိုင်းမှာ အုပ်ချုပ်သူများဘက်က အမြဲလိုလိုပြောလေ့ ရှိတဲ့ စကားတခွန်းရှိပါတယ်။ `ဘာမှ လုပ်မရတဲ့ အင်တာနက်ပေါ်ကနေ လေကျယ်နေတယ်´ ဆိုတာပါ။ အဲဒီအခါတိုင်းမှာ ကျနော်ကလည်း တုံ့ပြန်နေကြ စကားတခွန်း ရှိခဲ့ပါတယ်။

`ချက်ရွမ်းလို အပျော်တမ်း စိတ်အပန်းဖြေတဲ့နေရာမျိုးမှာတောင် ခင်ဗျားတို့ကို ပြည်သူတွေက မထောက်ခံဘူးဆိုတာ သိစေချင်တယ်၊ အပြင်မှာ မပြောသာလို့သာ ဒီထဲမှာ ပြောနေကြရတာ ဖြစ်တယ်´

***

ဒီဘက်ခေတ် နောက်ပိုင်းမှာ ကိုယ့်အိမ်ကိုယ်ယာကို ခွဲခွာပြီး ပြည်ပထွက်လာကြတဲ့ အဝေးရောက် မြန်မာတွေ အတော်များလာပါတယ်။ အာဏာပိုင်ကို ဆန့်ကျင်ပြီး ထွက်လာသူများ၊ ပညာရှာ ထွက်လာသူ ကျောင်းသားများ၊ မြန်မာပြည် စီးပွားရေး အခြေအနေအရ ပြည်ပထွက် အလုပ်လုပ်ရသူများ၊ ပညာတော်သင်များ စသဖြင့် လူစုံ အလွှာစုံကလူတွေ ပြည်ပထွက်လာကြပါတယ်။

မြန်မာပြည်တွင်းမှာတုန်းက အာဏာပိုင်တွေကို မကျေနပ်ပါလျက်၊ မထောက်ခံပါလျက် အခြေအနေအကြောင်း အမျိုးမျိုးအရ ရေငုံနှုတ်ပိတ်ခဲ့ရသူ လူငယ်လူရွယ်များ၊ ပညာရှင်များဟာ ပြည်ပကို ရောက်လာတဲ့ အချိန်မှာ သူတို့ရဲ့ ဆန္ဒသဘောထား အစစ်အမှန်ကို အွန်လိုင်း မီဒီယာတွေကတဆင့် ထုတ်ဖော်ပြောဆိုပြီး အာဏာပိုင်တွေကို တုံ့ပြန်လေ့ရှိပါတယ်။

အခုနောက်ပိုင်းမှာတော့ အွန်လိုင်းမီဒီယာ လောကက အရင်ထက်စာရင် များစွာ ပိုမိုကျယ်ပြန့်လာပါတယ်။ အရင်တုန်းကဆိုရင် မြန်မာပြည် သတင်းကို သတင်းဌာနတွေကနေ တဆင့်သာ သိနိုင်ပေမယ့် အခုအခါမှာတော့ ဘလော့ဂ်များ၊ အွန်လိုင်းမိတ်ဆွေများမှတဆင့် တိုက်ရိုက်သိနိုင်ကြပါတယ်။ အဲဒီအခါမှာ မြန်မာပြည်တွင်းက အခြေအနေ အစစ်အမှန်ကို သိရှိသူတွေ အရင်ကထက် ပိုများလာပြီးတော့ လက်ရှိ အုပ်ချုပ်နေသူ အာဏာပိုင်တွေကို ဆန့်ကျင်သူတွေ ပိုများလာပါတယ်။ ဒါကြောင့် အာဏာပိုင်တွေနဲ့ ဆက်စပ်ပြီး အခွင့်အရေးရနေသူ လူတချို့တလေက လွဲရင် သာမန်ပြည်သူတွေ အားလုံးလိုလို လက်ရှိအာဏာပိုင်တွေရဲ့ လုပ်ရပ်ကို ရွံရှာမုန်းတီး ရှုံ့ချလာကြပါတယ်။

အဓိကအားဖြင့် ကြီးမားတဲ့ သက်သေပြစရာ တခုကတော့ ယနေ့ မြန်မာဘလော့ဂ် လောကပါပဲ။ ဘလော့ဂ် ရေးနေကြသူ မြန်မာများအနက် လက်ရှိ အုပ်ချုပ်သူတွေကို ဆန့်ကျင်သူနဲ့ ထောက်ခံသူ အင်အားကို ယှဉ်ထိုး လေ့လာကြည့်မယ်ဆိုရင် ဆန့်ကျင်သူတွေက အဆများစွာ ပိုများပါတယ်။ ဒါဟာ မြန်မာပြည်သူတွေ `အာဏာရှင်´ ကို မနစ်မြို့ဘူးဆိုတာကို ပြနေတဲ့ ထင်ရှားတဲ့ အစိတ်အပိုင်း တခုပါ။

***

အားလုံး သိကြတဲ့ အတိုင်းပါပဲ။ သိပ်မကြာသေးခင်က မြန်မာပြည်မှာ စက်သုံး လောင်စာဆီဈေးနှုန်းတွေ အဆမတန် တိုးမြှင့်လိုက်ပါတယ်။ အဲဒါဟာ ပြည်သူတွေအတွက် သတင်းဆိုးဖြစ်ခဲ့သလို အတော်လေးလဲ လှုပ်ခတ်ခဲ့ပြီး ကန့်ကွက် ဆန္ဒပြမှုတွေ နေရာအနှံ့ဖြစ်ခဲ့ပါတယ်။ အခုလဲ ဖြစ်နေဆဲပါပဲ။

မြန်မာပြည်မှာ တစုံတခု ထူးခြားမှု ဖြစ်တိုင်းမှာ မချင့်မရဲ အဖြစ်ရဆုံးကတော့ ကျနော်တို့ အဝေးရောက် မြန်မာတွေပါပဲ။ လက်ရှိအနေအထားနဲ့ မြန်မာပြည်ကို ပြန်ဖို့ကလည်း အခြေအနေမပေး၊ အဝေးကနေလည်း ဘာမှ မတတ်နိုင်၊ ဒီလိုနဲ့ပဲ အာဏာပိုင်တွေရဲ့ နှိမ်နင်းခံနေရတဲ့ ပြည်သူတွေ ပုံရိပ်ကို ကြည့်ပြီး စိတ်မသက်မသာ အလွန်ဖြစ်ရပါတယ်။

ဒီရက်ပိုင်းတွေမှာ အွန်လိုင်းမှာ ဆုံမိသမျှ အဝေးရောက် မြန်မာမောင်နှမတွေ ပြောလေ့ ရှိတာ စကားတခွန်း ရှိပါတယ်။ `မြန်မာပြည် သတင်းတွေ ကြားရတာ စိတ်ဆင်းရဲလိုက်တာ၊ မတရားလိုက်ကြတာ၊ ကျနော်/ကျမ တို့က ဒီဘက်ကနေ ဘာမှလုပ်မပေးနိုင်တဲ့ အခြေအနေကို အားမရဘူး၊ ဘယ်လိုလုပ်ကြမလဲ´ ဆိုတဲ့ စကားပါ။ တဘက်မှာကျတော့လည်း မိမိဆန္ဒကို အင်တာနက် အွန်လိုင်းမီဒီယာကတဆင့် ထုတ်ဖော်ပြောဆိုတဲ့ အဝေးရောက် မြန်မာများကို အာဏာပိုင်များနဲ့ သူတို့ကို လိုလားသူများက `အင်တာနက်ပေါ်ကမို့လို့ လေကျယ်နေတာပါ´ လို့ အားရပါးရကြီး ပုတ်ခတ်နေပြန်ပါတယ်။

တကယ်တော့ သေသေချာချာ ပြန်စဉ်းစားကြစတမ်းဆိုရင် ကိုယ့်နိုင်ငံအရေး၊ ကိုယ့်ပြည်သူအရေးကို ဘယ်နေရာရောက်နေပါစေ မမေ့မလျော့ မျက်ခြေမပြတ် စောင့်ကြည့်တာ၊ ကိုယ့်ပြည်သူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခကို သူတို့နဲ့ ထပ်တူ ခံစားတာဟာ နိုင်ငံ့အရေးကို စိတ်ဝင်စားတဲ့ နိုင်ငံရေး စိတ်ပါပဲ။

တလောက စင်ကာပူမှာ မြန်မာကျောင်းသားတချို့ တင်းကျပ်တဲ့ စင်ကာပူဥပဒေကြားထဲမှာပဲ သူတို့ တတ်နိုင်သလောက် လူစုပြီး လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြတဲ့ သတင်းတွေ ဖတ်လိုက်ရပါတယ်။ ကဲ၊ သူတို့ အဲဒီလို လမ်းလျှောက်လို့ ဘာတွေ အကျိုးအမြတ်ရနိုင်ပါသလဲ။ သေချာတာကတော့ အရင်ဦးဆုံး အနေနဲ့ စင်ကာပူဥပဒေအရ ရဲဖမ်းပါလိမ့်မယ်။ ဒီထက်ပိုလာရင် ကြိမ်ဒဏ်တို့ ဘာတို့တောင် ရနိုင်စရာရှိပါတယ်။ အကျိုးအမြတ် ဘယ်မှာများ ရမှာပါလဲ။ ငွေလား၊ နိုင်ငံရေးအမြတ်လား။

အာဏာပိုင်တွေကို ထောက်ခံနေသူတွေကတော့ ဒါကို `အပိုအလုပ်တွေ´ လို့ ပုတ်ခတ်လေ့ရှိပါတယ်။ ဒါပေမယ့် သူတို့ မသိတာက အဲဒီ ကျောင်းသားလေးတွေရဲ့ မြန်မာပြည်က ပြည်သူတွေဆန္ဒနဲ့ တသားတည်း ရှိနေတဲ့ စိတ်ကိုပါ။ ဘာမှ မထူးလာနိုင်တဲ့ အခြေအနေမှာ ကိုယ်နေတဲ့ နေရာမှာ လုပ်လို့ရမယ်ထင်တာလုပ်ပြီး ဆန္ဒထုတ်ဖော်တယ်။ ဟိုးအဝေးကြီးမှာ ရောက်နေပေမယ့် ပြည်သူတွေနဲ့ တသားတည်း ရှိနေတယ်၊ သူတို့ဟာလည်း ပြည်သူ့သားသမီးတွေပါပဲ ပြည်သူတွေ ဆင်းရဲနေတာဟာ သူတို့ ဆင်းရဲနေသလိုပဲ ဆိုတဲ့ ခံစားချက်ကို ပြချင်လို့ ရနိုင်တဲ့ နည်းနဲ့ သူတို့ဆန္ဒကို ထုတ်ဖော်တာပါ။

အဲဒီလိုပါပဲ။ တခြားသော နိုင်ငံအသီးသီးကို ရောက်နေကြတဲ့ ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူများဟာလည်း သူတို့ရဲ့ လိုလားချက်၊ သူတို့ရဲ့ ဆန္ဒသဘောထားကို ဆန္ဒပြလို့ရတဲ့ နေရာမှာ ဆန္ဒပြ၊ ဆန္ဒပြဖို့ အခြေအနေမပေးတဲ့ နေရာက လူတွေကလည်း တခြားသော လက်လှမ်းမီရာတွေကို သတင်းတွေဖြန့်၊ မီဒီယာကနေ တဆင့် တောင်းဆိုကြပါတယ်။ အဲဒါတွေ အားလုံးဟာလည်း ဘာမှမဖြစ်လာသည့်တိုင်အောင် `ငါတို့လိုလားတာ ဒါ၊ ငါတို့ ပြည်သူတွေနဲ့ ငါတို့ သဘော တထပ်တည်းပဲ´ ဆိုတာကို ပြနေတဲ့ စိတ်တွေပါပဲ။

ကျနော်တို့ အဝေးကို ရောက်နေကြတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ စိတ်တွေက ကျနော်တို့ ပြည်သူတွေနဲ့ ဝေးမသွားဘူး။ ကျနော်တို့ လိုလားချက်တွေက ကျနော်တို့ ပြည်သူတွေနဲ့ တထပ်တည်းပဲ။ သူတပါးတိုင်းပြည်မှာ အလုပ်လေးလုပ်၊ ငွေတွေရ၊ အဲဒီတိုင်းပြည်ရဲ့ တိုးတက်မှုတွေမှာ အလိုက်အထိုက်နဲ့ မျောပါပြီး ခံစားမေ့လျော့မနေဘူးဆိုတာကို ပြနိုင်ဖို့ဆိုတာကလည်း တကယ်တော့ အဲဒီနည်းလမ်းတွေသာ ရှိတယ် မဟုတ်ပါလား။

`နဲ့ပါများတော့ ယိုင်´ ဆိုသလို တဘက်က အာဏာပိုင်တွေနဲ့ သူတို့ အလိုတော်ရိတွေရဲ့ ပုတ်ခတ်မှုမှာ ကျနော်တို့ စိတ်ဓာတ်တွေ ယိုင် သွားတတ်ပါတယ်။ သူတို့ပြောတာ ဟုတ်နေမလား၊ ငါတို့ ဒီလို အဝေးကနေ ပြောနေ၊ တောင်းဆိုနေလို့ ဘာများထူးလာမှာလဲ ဆိုတဲ့ အတွေးတွေ ၀င်သွားတတ်ပါတယ်။ ဒါပေမယ့် စိတ်ပါပဲ။ ကိုယ့်ပြည်သူတွေနဲ့ တသားတည်း ရှိနေတဲ့ စိတ် မပျောက်ပြယ်သွားသရွေ့ ဘယ်သူတွေ ဘယ်လောက် ပုတ်ခတ်တိုက်ခိုက်ပါစေ အဲဒီ ယုံကြည်ချက်အတိုင်း ရပ်တည်သွားကြမှာပါပဲ။ မိမိဆန္ဒကို ရရာနေရာ၊ အခန်းကဏ္ဍကနေ ထုတ်ဖော်သွားကြရမှာပါပဲ။

ဒါကြောင့် အသက် နှစ်ဆယ်ကျော် အစိတ်ပဲဖြစ်ဖြစ်၊ အရွယ်တော် တဆိတ်ပဲ ဖြစ်ဖြစ်၊ မြန်မာပြည်မှာပဲ နေနေ၊ တခြား ဘယ်နိုင်ငံမှာပဲ ရောက်ရောက် အဓိကကတော့ `နိုင်ငံရေးစိတ်´ `နိုင်ငံ့အရေးကို မျက်ခြေမပြတ်တဲ့စိတ်´ `ပြည်သူနဲ့ တသားတည်း ရှိတဲ့စိတ်´ က အဓိကပါပဲ လို့ တင်ပြလိုက်ရပါတယ်။


ကလိုစေးထူး

Friday, August 31, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၁၇)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ထောင်တွင်း အကျင့်ပျက် လာဘ်စားမှုများ (ဒုတိယပိုင်း)

ထောင်ထဲမှာ တောင်ယာအလုပ်နဲ့ အလုပ်ကြီးလို့ ခေါ်တဲ့ လက်သမား၊ အုန်းဆံထု၊ ဘိနပ်ချုပ် စတဲ့ အင်မတန် ပင်ပန်းတဲ့ အလုပ်တွေ အများကြီး ရှိပါတယ်။ အဲဒီအပြင် အညစ်အကြေးတွေကို သိမ်းဆည်းရတဲ့၊ ဘယ်သူမှ မလုပ်ချင်ကြတဲ့ မိလ္လာသိမ်း အလုပ်တွေလည်း ရှိပါတယ်။ တပြိုင်ထဲမှာပဲ ပင်ပင်ပန်းပန်း လုပ်စရာ မလိုတဲ့ တခြား အလုပ်တွေလည်း ရှိပါသေးတယ်။ ထောင်အုပ်ချုပ်ရေး လုပ်ငန်းတွေနဲ့ ဆိုင်တဲ့ စာရေးစာချီ အလုပ်၊ ထောင်ပိုင်ရုံး၊ ထောင်ကျရုံး၊ အချုပ်ရုံး၊ မိန်းဂျေးရုံး စတဲ့ ရုံးတွေက ရုံးအလုပ်၊ အခန်းလူကြီး၊ အခန်းစာရေး အလုပ်၊ ထောင်ရာရှိတွေကို ဝေယာဝစ္စ လုပ်ပေးရတဲ့ အလုပ် စတဲ့ အလုပ်မျိုးတွေပါ။

အဲဒီ အလုပ်မျိုးတွေ လုပ်ကြရသူတွေဟာ အလုပ်ကြမ်းလည်း မလုပ်ရတဲ့ အပြင် ထောင်အရာရှိတွေနဲ့ နီးနီးစပ်စပ်လည်း နေရ၊ ထောင်ပြင်ပနဲ့လည်း ဆက်သွယ်နိုင်တဲ့အတွက် ပေါက်ပေါက်ရောက်ရောက် ရှိကြပါတယ်။ ဒါကြောင့်ပဲ ထောင်ကျ အချင်းချင်းကြား အထူးလေးစား အရိုသေခံရပြီး `ဟိုလူက ခေါ်ချင်၊ ဒီလူက ခေါ်ချင်´ နဲ့ အင်မတန် `မျက်နှာပန်းပွင့်´ တဲ့ အခွင့်ထူးခံ အလုပ်မျိုးတွေပါ။

အဲဒီ အလုပ်မျိုးတွေ၊ အဲဒီ နေရာမျိုးတွေမှာ လုပ်ခွင့်ရချင်ရင် ထောင်အရာရှိတွေကို သောင်းနဲ့ချီ လာဘ်ထိုးရပါတယ်။ ပိုက်ဆံ မပေးနိုင်တဲ့ သူတွေကတော့ အကြမ်းတမ်းဆုံး အလုပ်နဲ့ မိလ္လာကျုံးအလုပ် စတာတွေ လုပ်ပေတော့၊ အရိုက်နှက် အညှဉ်းပန်းခံပေတော့ပါပဲ။

ထောင်တွင်းမှာ နောက်ထပ် လာဘ်စားနည်း တခုကတော့ `ရဲဘက်စခန်း´ ခေါ် `အလုပ်ကြမ်း´ စခန်းတွေနဲ့ ပတ်သက်ပါတယ်။

ထောင်ထဲမှာ အကျဉ်းသားတွေ အကြောက်ဆုံးက ရဲဘက်စခန်း လို့ ခေါ်တဲ့ အလုပ်ကြမ်း စခန်းတွေ အပို့ခံရမှာကိုပါ။ ရဲဘက်စခန်းတွေဟာ များသောအားဖြင့် လူနေအရပ်တွေ၊ ရွာတွေနဲ့ ဝေးလံခေါင်ပါးတဲ့ နေရာမှာ ရှိပြီး အဆက်အသွယ်လည်း ခက်ခဲလွန်းလို့ ရဲဘက်စခန်း အပို့ခံရတယ်ဆိုရင် အကျဉ်းသားတွေအဖို့ သေရွာ အပို့ခံရသလိုပါပဲ။ တကယ်လည်း ရဲဘက်စခန်းတွေရောက်ရင် အသက်ရှင်ရက်နဲ့ ပြန်ထွက်လာနိုင်ဖို့ မလွယ်လို့ သေရွာသွားတဲ့ အတိုင်းပါပဲ။

ရဲဘက်စခန်းတွေဟာ ဝေးလံပြီး လူသူအရောက်အပေါက် နည်းလွန်းတဲ့ အရပ်တွေ ဖြစ်လို့ ဆွေမျိုးသားချင်းတွေက သက်ဆိုင်ရာ အကျဉ်းသားတွေကို လာတွေ့နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ရဲဘက်စခန်းက အကျဉ်းသားတွေဟာ ကျန်းမာရေးနဲ့ တခြား အရေးတကြီးကိစ္စတွေ၊ အရေးပေါ် ကိစ္စတွေ ပေါ်လာရင် အိမ်ကို ချက်ချင်း ဆက်သွယ်အကြောင်းကြားဖို့၊ အကူအညီတောင်းဖို့ မလွယ်ပါဘူး။ သက်ဆိုင်ရာ ထောင်အရာရှိတွေကလည်း လူလူချင်း စာနာပြီး အဆက်အသွယ်တွေရအောင် ဂရုတစိုက် ဆောင်ရွက်ပေးတာမျိုးကလည်း ထုံးစံမရှိဘူး မဟုတ်လား။

အဲဒီနည်းနဲ့ အိမ်နဲ့ အဆက်အသွယ်မရလို့၊ အိမ်ရဲ့ အကူအညီ မရလို့၊ အိမ်က ငွေကြေး မပံ့ပိုးလိုက်နိုင်လို့ မသေသင့်ဘဲ ရဲဘက်အကျဉ်းစခန်းတွေမှာ သေသွားရတဲ့ အကျဉ်းသားတွေ ရေတွက်မနိုင်ပါဘူး။ အဲဒီလို သေသွားလို့လည်း `သေသွားပြီ´ ဆိုတဲ့ အကြောင်း သက်ဆိုင်ရာ မိသားစုကို ထောင်အာဏာပိုင်တွေက ဥပဒေအရ လူ့ကျင့်ဝတ်အရ ဂရုတစိုက်နဲ့ အချိန်မီ အသိပေး အကြောင်းကြားတာမျိုးလည်း ရဲဘက်အကျဉ်းစခန်းတွေမှာ ရှိတာ မဟုတ်ပါဘူး။

တချို့ မိသားစုတွေဆိုရင် ကိုယ့်သားသမီး၊ ကိုယ့်လင်၊ ကိုယ့်မောင်ဘွား အကျဉ်းသား သေပြီးလို့ ခြောက်လ၊ တနှစ်လောက်ကြာမှ သေမှန်း သိပါတယ်။ တချို့ဆိုရင် ကိုယ့်အိမ်က အကျဉ်းသားနဲ့ အဆက်အသွယ် လုံးဝလုပ်မရလို့ ဟိုစုံစမ်း ဒီစုံစမ်း လုပ်တော့မှ သေမှန်း သိရတာမျိုးတွေ၊ တခါတခါလည်း ကိုယ့်အိမ်က အကျဉ်းသားကို စုံစမ်းရာမှာ သက်ဆိုင်ရာတွေက ဟိုလိုလို ဒီလိုလိုလုပ်၊ မရေမရာတွေပြော၊ အဲဒီနည်းနဲ့ စုံစမ်းဖို့ လမ်းစပျောက်၊ နောက်ဆုံးတော့ ကိုယ့်သား ကိုယ့်လင် ကိုယ့်မောင် သေပြီလို့ ယူဆပြီး သပိတ်သွတ်လိုက်ရတဲ့ အဖြစ်မျိုးတွေလည်း မနည်းပါဘူး။

ဒါ့အပြင် ရဲဘက်စခန်းတွေမှာ အကျဉ်းသားတွေကို ခိုင်းတာ တိရိစ္ဆာန်တွေလို၊ ကျေးကျွန်တွေလို ရက်ရက်စက်စက် ခိုင်းတာမျိုးပါ။ ဒီကြားထဲ အလုပ်လုပ်နေတုန်း ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ပါသေးတယ်။ အစားအသောက်ကလည်း ဖြစ်သလို ကျွေးတာဆိုတော့ အကျဉ်းသားတွေ အရှက်အကြောက် မရှိတော့လောက်အောင် ဆာလောင်နေတာပါ။ ရန်ကုန်-မော်လမြိုင် ရထားလမ်းဘေး၊ ဇင်းကျိုက်၊ ကျောက်ထု ရဲဘက်စခန်းက ရဲဘက်အကျဉ်းသားတွေဆိုရင် ဆာလွန်းလို့ ရထားတစင်း ဖြတ်သွားတဲ့အခါတိုင်း ရထားပေါ်က ခရီးသည်တွေ မုန့်ပဲသားရေစာလေးများ ပစ်ချပေးလေမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရထားနောက်က (အားကလည်း ပြတ်နေတော့) ယိုင်ထိုးယိုင်ထိုးနဲ့ အပြေးလိုက်ကြတာ တွေ့ရတာ မျက်ရည်လည်စရာကြီးမှန်း ကြုံဖူးသူများ အသိ ဖြစ်ပါတယ်။

အဲဒီလို အာဟာရကလည်း ပြတ်၊ သံခြေကျင်း လေးလေးကြီးတွေကလည်း ခြေထောက်မှာ အခတ်ခံထားရ၊ နေပူမရှောင်၊ မိုးရွာမရှောင် ပင်ပင်ပန်းပန်းလည်း အလုပ်လုပ်ရဆိုတော့ အဲဒီဒဏ် မခံနိုင်လို့ အလုပ်လုပ်ရင်း အမောဖောက် ပစ်လဲသွားကြသူတွေ၊ သတိလစ် မေ့မျောသွားကြသူတွေ ရှိသလို အလုပ်လုပ်ရင်း တန်းလန်း အသက်ထွက်သွားကြသူတွေလည်း မရှားပါဘူး။

ဖျားနာတဲ့ အခါတွေမှာလည်း ဂရုတစိုက် ဆေးဝါးကုသပေးမှုကလည်း ဆေးဝါးကလည်း မပြည့်မစုံနဲ့မို့ ရဲဘက်စခန်းမှာ ဖျားတယ်ဆိုရင် သေတာပါပဲ။ ရဲဘက်စခန်းမှာ အဖြစ်အများဆုံး ရောဂါတွေကတော့ ၀မ်းလျှော၊ ၀မ်းကိုက်၊ ပန်းဖျား၊ ငှက်ဖျားတွေပါ။ အပင်ပန်းဆုံး၊ အကြမ်းတမ်းဆုံး ရဲဘက်စခန်းတွေထဲက တခုဖြစ်တဲ့ ကျောက်ကြီး ကျောက်ထု ရဲဘက်စခန်းမှာဆိုရင် တချို့ အကျဉ်းသားတွေဟာ ပင်ပန်းဆင်းရဲတဲ့ဒဏ် မခံနိုင်လွန်းလို့ နောက်ဆုံးမှာ ၀ါးချွန်ကို ရင်ဝမှာထောက်၊ ကျောက်တောင် အမြင့်ကြီးပေါ်ကနေ တောင်အောက်ကို ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေသွားကြတဲ့ အဖြစ်အပျက်တွေကလည်း မကြားချင် အဆုံးပါပဲ။

ကျောက်ကြီး ရဲဘက်စခန်းမှာပဲ တခါတုန်းက ၀မ်းရောဂါဖြစ်တော့ ဂရုတစိုက် ကုသမပေးလို့ အကျဉ်းသားတွေ အတုံးအရုံး သေဆုံးကြပါတယ်။ အသေအပျောက်များလွန်းလို့ တယောက်ချင်း မြေမမြှုပ်နိုင်တော့ဘဲ ကျင်းကြီးတွေတူးပြီး အစုလိုက် အပြုံလိုက် မြှုပ်ရပါတယ်။

ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းဖောက်လုပ်ရေး ရဲဘက်စခန်းမှာလည်း အကျဉ်းသား အသေအပျောက်က ကြောက်ခမန်းလိလိပါပဲ။ သေသွားတဲ့ အကျဉ်းသားတွေရဲ့ အလောင်းတွေကို ဆက်လိုက်ရင် သူတို့ ဖောက်နေတဲ့ ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီး နှစ်ပြန်စာလောက် ရှိမယ်လို့ ရန်ကုန်-မန္တလေး ရဲဘက်စခန်းက အကျဉ်းသားတွေက ပြောကြပါတယ်။

အဲဒီ အကြောင်းတွေကြောင့် ရဲဘက်အလုပ်ကြမ်း စခန်းတွေ လိုက်ရမှာ အကျဉ်းသားတွေ မျက်စိပျက် မျက်နှာပျက် ကြောက်ကြတာပါ။ အဲဒီတော့ အဲဒီလို ရဲဘက်စခန်းတွေ မလိုက်ချင်ရင်၊ လိုက်ရမှာ ကြောက်ရင် ထောင်အာဏာပိုင်တွေကို ပိုက်ဆံ ပေးပေတော့ပဲ။ ပေးရတဲ့ ပိုက်ဆံကတော့ အကျဉ်းသား တဦးကို အနည်းဆုံး ငါးထောင်ကနေ တသောင်းနှုန်း ဖြစ်ပါတယ်။ ပိုက်ဆံ မပေးနိုင်သူများကတော့ သေရာသွားရတော့တာပါပဲ။ တကယ်တော့ န၀တခေတ် ထောင်အာဏာပိုင်တွေဟာ သူတို့ လာဘ်စားကြီးပွားနိုင်ရေးအတွက် တရားဥပဒေကို ချောင်ထိုးပြီး အကျဉ်းသားတွေအတွက် ဆင်းရဲဒုက္ခမျိုးစုံ၊ ဘေးဒုက္ခမျိုးစုံနဲ့ အသက်အန္တရာယ်တွေကို ထောင်ထဲမှာ လူမဆန်စွာ တမင် ဖန်တီးထားကြတာပါ။

ထိုင်းဘုရင်ကြီးရဲ့ (၇၂) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ (၁၉၉၈ခုနှစ်) စက်တင်ဘာလ (၂၁) ရက်နေ့က ထိုင်းအကျဉ်းသား တရာ့တဦးကို နအဖအစိုးရက အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံ ထောင်တွေထဲမှာ နှစ်ပေါင်းများစွာ ထောင်ကျခဲ့ဖူးသူ အဲဒီ ထိုင်နိုင်ငံသားတွေက ရဲဘက် အလုပ်ကြမ်းစခန်းတွေနဲ့ ပတ်သက်လို့ ပြန်ပြောပြကြတာ စိတ်ထိခိုက်စရာပါ။

ထိုင်းနိုင်ငံ ပြန်ရောက်လို့ သတင်းစာရှင်းလင်းပွဲမှာ သူတို့ အတွေ့အကြုံတွေ ပြန်ပြောကြရာမှာ အင်းစိန်ထောင်မှာ ထောင် (၁၈)နှစ် ကျရာကနေ ပြန်လွတ်လာသူ ထိုင်း ပတ္တမြားကုန်သည်က `ရဲဘက် အလုပ်ကြမ်းစခန်းမှာ လူ သုံးရာ ရှိတဲ့ အနက် ကျနော်နဲ့ တခန်းထဲ အတူနေခဲ့တဲ့ မြန်မာ အကျဉ်းသားတဦး အပါအ၀င် လူခုနှစ်ဆယ်ပဲ အသက်ရှင်ရက်နဲ့ ထောင်ကို ပြန်လာနိုင်ကြတယ်´ လို့ ပြောပါတယ်။

အခြား ထိုင်းတယောက်က သူ့အတွေ့အကြုံကို ပြန်ပြောပြတာကတော့ `အခြေအနေ အဆိုးဆုံးကတော့ အင်းစိန်ထောင်ပဲ။ ဒီနှစ် မေလထဲမှာ အကျဉ်းသား ငါးရာကျော်ကို ရဲဘက်အလုပ်ကြမ်းစခန်း ပို့လိုက်တယ်။ အသက်ရှင်ရက် ပြန်ရောက်လာသူ တရာတောင် မပြည့်ဘူး။ ပြန်ရောက်လာသူတွေ အားလုံးကလည်း လူတွေ မဟုတ်တော့ဘူး။ အရိုးစုတွေပဲ´ တဲ့။

ဆက်ရန်…