စာရေးဆရာကြီးတယောက်က သူ့စာအုပ်တအုပ်ထဲမှာ ရေးဖူးတာ တခုရှိပါတယ်။
`ကိုယ်ရေးတဲ့ စာတပုဒ်ကို နောက်ခြောက်လ၊ တနှစ်လောက်အကြာကျရင် တခါပြန်ဖတ်ကြည့်၊ အဲဒီလို ပြန်ဖတ်ကြည့်တဲ့အချိန်မှာ ကိုယ့်စိတ်ထဲမှာ တယ်ဟုတ်တဲ့ ငါပါလားလို့ အတွေးဝင်တယ်ဆိုရင် ကိုယ်ဟာ အဲဒီခြောက်လ၊ တနှစ်ကာလ အတွင်းမှာ ဘာမှ မတိုးတက်လာသေးဘူးလို့ မှတ်၊ ဒါမှမဟုတ် အင်း...၊ ငါတော့ဖြင့် အဲဒီတုန်းက ရေးခဲ့တာတွေက ဘယ်နေရာမှာတော့ လိုသွားတာပဲ၊ နောက်နောင် ဒါမျိုး မဖြစ်အောင် လေ့လာဆင်ခြင်မှလို့ အတွေးဝင်ရင်တော့ တိုးတက်လာတယ်လို့မှတ်´ ...တဲ့။
***
ဘလော့ဖော် `ကိုရင်နော် ခင်လေးငယ်´ ရဲ့ ကောင်းမှုကြောင့် ဒီနေ့တော့ ကျနော် ရေးခဲ့ပြီးသမျှ စာတွေကို နောက်ကြောင်း ပြန်လှည့်ပြီး ဖတ်ဖြစ်တယ်။
အပေါ်က ဆရာကြီးရဲ့ စကားအတိုင်းအရဆိုရင်တော့ ကျနော်ဟာလဲ ဘာမှမတိုးတက်လာသေးတဲ့ လူထဲမှာ ပါနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခု နောက်တကြိမ် ထပ်မံဖော်ပြမယ့် ပို့စ်ကို ကိုယ့်ဘာသာကိုယ်တော့ ကျေနပ်မိ၊ အားရမိဆဲ ဖြစ်နေလို့ပါပဲ။
ပို့စ်နာမည်က `လမ်းနဲ့ ခလုတ်´ ...တဲ့။ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တုန်းက တင်ဖြစ်ခဲ့တာပါ။ ဖတ်ပြီးသူများ ပြန်လည်ခံစားနိုင်သလို မဖတ်ရသေးသူများအတွက် ပြန်လည်ဆားချက် တူးဖော်လိုက်ပါတယ်။
***
လမ်းနဲ့ ခလုတ်...

ကျနော် အလုပ်မှာ ဒီနေ့ အချိန်ပို ဆင်းရပါတယ်။ အလုပ်ကနေ ညနေ ငါးနာရီကျော်မှ ပြန်ရတော့ မှောင်စပျိုးလို့ နေပါပြီ။ ဟိုကရင် အကိုကြီးက ပုံမှန် အလုပ်နားချိန် သုံးနာရီခွဲကတည်းက ပြန်နှင့်တော့ ကျနော်တယောက်ထဲ ပြန်လာရပါတယ်။ ဟိုတွေးဒီတွေးနဲ့ ပြန်လာရင်းနဲ့ မြစ်ကူးတံတား အတက်နားမှာ ခလုတ်တိုက်မိပါလေရော။ ခြေထောက်က မျက်ကနဲ နာသွားတော့ စိတ်တိုသလိုလို ဖြစ်သွားပါတယ်။ အဲဒါနဲ့ လမ်းဘေးက ခုံတန်းလေးမှာ ၀င်ထိုင်ရင်း ခြေထောက်ကို ငုံ့ကြည့်ပြီး စိတ်ထဲကနေ လမ်းကို မကျေမနပ်ဖြစ်လာပါတယ်။
`တောက်.. ဒီလမ်းကြောင့် ဖြစ်ရတာ´
`အသုံးမကျလိုက်တဲ့လမ်း၊ အခုကြည့်စမ်း.. ခလုတ်တိုက်မိတာ နာလိုက်တာ´
`ကားဝယ်ဖြစ်ရင်တော့လား.. ဒီလိုလမ်းမျိုး လုံးဝမလာဘူးကွာ´
အားရပါးရကြီး လမ်းကို ကျိန်ဆဲရင်း မော့ကြည့်မိတော့ လမ်းက ကျနော့်ကို မျက်မှောင်ကြီး ကုတ်ပြီး ငုံ့ကြည့်နေသလိုပဲ။ နောက်တော့ သူကလဲ ကျနော့်ကို တဖြည်းဖြည်းနဲ့ မကျေမနပ် ရေရွတ်သံတွေ ထွက်လာတယ်လို့ ခံစားလာရပါတယ်။ ဘယ်ရမလဲ.. ကျနော်ကလဲ သူ့ကို မကျေမနပ်နဲ့ ပြန်ပြောတာပေါ့။ ဒီလိုနဲ့ ကျနော်နဲ့ လမ်းနဲ့ စိတ်ကူးထဲမှာ စကားအချေအတင် များကုန်ပါတော့တယ်။
***
`ဟေ့ကောင် ´
`ဘာတုန်းဗျ´
`မင်းက အခုတော့ ငါ့ကို အပြစ်မြင်တယ်ပေါ့လေ၊ ဟုတ်လား´
`ဟာ၊ ဒီမှာကြည့်လေ ကျုပ်ခြေထောက် နာသွားတယ်၊ ခင်ဗျားလမ်းကိုက မကောင်းလို့ပေါ့ဗျ´
`အဲဒါပဲ၊ မင်းတို့ လူတွေ သိပ်ခက်တဲ့ကောင်တွေပဲ´
`ဘာဖြစ်လို့တုန်းဗျ´
`နေစမ်းပါအုံး၊ မင်းကို ငါမေးပါအုံးမယ်၊ ဒီလမ်းကို လျှောက်ဖို့ မင်းကို ဘယ်သူကများ အတင်းအကျပ် တိုက်တွန်းခဲ့လဲ၊ မင်းသဘောနဲ့မင်း လျှောက်ခဲ့တာ မဟုတ်ဘူးလားကွ၊ မင်းပဲ ဒီလမ်းက သာယာသလေး ဘာလေးနဲ့ ပြောခဲ့သေးတယ်လေ´
`ဒါတော့ ဒါပေါ့ဗျ၊ ဒါပေမယ့် အခု ကျုပ်ခလုတ်တိုက်တာ တော်တော်နာတယ်ဗျ´
`အင်း၊ မင်းဆိုတဲ့ကောင် လူဖြစ်ပြီး လောကနိယာမကိုတောင် ဘာမှ နားမလည်သေးဘဲကိုးကွ´
`ဟမ်၊ ဘာဖြစ်လို့တုန်းဗျ၊ ခလုတ်တိုက်တော့ နာတယ်ဗျာ၊ ဒီတော့ ခင်ဗျားကို ကျိန်ဆဲချင်စိတ် ပေါက်လာတယ်ဗျာ၊ ဘာဖြစ်သလဲ၊ ဒါက လူတွေရဲ့ ခံစားချက် တမျိုးပဲမဟုတ်ဘူးလား´
`ဒီလိုဆိုရင်တော့ မင်းကို ငါပြောရသေးတာပေါ့´
`ပြောစမ်းပါအုံး´
`ဟောဒီ လမ်းပေါ်မှာ လူပေါင်းစုံ သွားလာဖူးတယ်ကွ၊ စက်ဘီးလမ်းဆိုပေမယ့်၊ စကိတ်စီး အပန်းဖြေတဲ့ လူတွေ၊ လမ်းလျှောက် လေညှင်းခံတဲ့လူတွေ၊ အပြေးလေ့ကျင့်တဲ့လူတွေ ပြီးတော့ မင်းတို့လို အလုပ်သွား အလုပ်ပြန်ကောင်တွေလဲ ပါတာပေါ့´
`အင်း´
`တလောကဆိုရင် စကိတ်စီးတဲ့ ငနဲတကောင် ချော်လဲတာ အတော်နာသွားပုံရတယ်ကွ၊ ဒူးခေါင်းမှာလဲ သွေးတွေကို ရဲနေတာပဲ´
`အင်း´
`တခါတုန်းကဆိုရင်လဲ ပြိုင်ဘီးစီး လေ့ကျင့်တဲ့ ကောင်မလေးတယောက် စက်ဘီးမှောက်သေးတာပဲ´
`အင်း´
`ဟိုတခါကတော့ တော်တော်ဆိုးသကွ၊ မျက်စိမမြင်တဲ့ အဘွားကြီးကွာ၊ တောင်ဝှေး တဒေါက်ဒေါက်နဲ့ စမ်းတမ်းစမ်းတမ်း လမ်းလျှောက်တာ မှောက်ရက်လဲပါလေရောလား´
`အင်း´
`ဒါပေမယ့် သူတို့က မင်းလိုတော့ ကိုယ်လျှောက်တဲ့လမ်းကို ကိုယ်အပြစ်ပြန်မတင်ဘူးကွ´
………….
`စကိတ်စီးတဲ့ကောင်လဲ ချော်သာလဲတာ၊ စပ်ဖြီးဖြီးနဲ့ ပြန်ထပြီး သူ စကိတ်စီးတာကို ပိုကျွမ်းကျင်အောင် ထပ်စီးတာပဲ´
…………..
`စက်ဘီးစီးတဲ့ ကောင်မလေးလဲ ဒီလိုပဲ၊ မိန်းကလေးသာဆိုတယ်၊ တချက်မမဲ့ဘူးကွာ၊ လဲသွားတဲ့ စက်ဘီးကို ပြန်ထူပြီး သူ့အလုပ်သူဆက်လုပ်တာပဲ၊ ဟိုအဘွားကြီးကရော ဘာထူးသေးလဲ၊ လဲကျသွားတော့လဲ သူလမ်းလျှောက်နေတာကို ဆက်လျှောက်တာပဲကွ´
……………
`အေး၊ မင်းကို ငါပြောချင်တာက၊ လမ်းဆိုတာ လူတိုင်းသွားတယ်၊ သွားတဲ့လူတိုင်း တကြိမ်မဟုတ် တကြိမ်တော့ ခလုတ်တိုက်မယ်၊ လဲကျမယ် ဒါ လောကရဲ့ သဘာဝတရား၊ နိယာမ တရားပဲကွ´
……………
`ဒါကိုပဲ မင်းက ခလုတ်လေး တခါလောက်တိုက်မိတာနဲ့ ဒီလမ်းကြောင့် ဖြစ်သလေးဘာလေးနဲ့´
`ကျနော် နာသွားတဲ့ ခံစားချက်ကြောင့်ပါဗျာ´
`အေး၊ မင်းက ဒီလမ်းကိုလျှောက်လို့ ခလုတ်တိုက်မိတာကို ညည်းညူနေတယ်၊ စောစော မင်းပြောနေတာ ငါကြားလိုက်ပါတယ်၊ မင်းကားဝယ်ရင် ဒီလမ်းကို မလျှောက်တော့ဘူးဆို၊ ဟုတ်လားကွ´
`ဟုတ်တယ်လေ´
`မှတ်ထားကွ၊ ကားလမ်းမှာ အမှားတချက်တွေ့ရင်တော့ မင်းအသက်ပါ ဇီဝိန်ကြွေသွားမယ်´
`ဗျာ´
`မဗျာနဲ့၊ မင်းသေသေချာချာ စဉ်းစားစမ်းပါ´
`ဟုတ်ကဲ့´
`အခု မင်းခလုတ်တိုက်မိတာကို စိတ်မပျက်ပဲ မင်းသွားချင်တဲ့နေရာကို ပျော်ပျော်ကြီး သွားစမ်းပါကွာ၊ ဒီတခါ တိုက်မိရင် နောက်တကြိမ် မတိုက်ရအောင် မင်းသတိထားပေါ့ကွ´
`ဟုတ်ကဲ့´
`နောက်တခု ထပ်ပြောလိုက်မယ် ကိုယ့်လူရေ၊ ခလုတ်ကိုကြောက်နေရင် မင်း ဘယ်လမ်းကိုမှ လျှောက်မနေနဲ့တော့´
`ဗျာ´
***
အေးစိမ့်စိမ့် လေပြင်းတချက် ၀ူးကနဲ တိုက်လိုက်တော့ ကျနော်တယောက် အတွေးထဲမှာ လမ်းနဲ့ စကားများနေရာကနေ လန့်နိုးပြီး လက်ရှိပစ္စုပ္ပန်ကို ပြန်ရောက်လာပါတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အတော်မှောင်နေပါပြီ။ လမ်းကလေးကို ပြန်ကြည့်တော့ အမှောင်တွေကြားထဲကပဲ ကျနော့်ကို ခွင့်လွှတ်တဲ့ အပြုံးနဲ့ ကြည့်နေသယောင်ယောင်။
ကျနော် လမ်းဆက်လျှောက် ရပါအုံးမယ်။ ခလုတ်တွေလဲ တိုက်ကောင်းတိုက်နေအုံးမှာပါပဲ။ ဒါပေမယ့် ကျနော် ဆက်လျှောက်ရမှာပါပဲ။ လမ်းနဲ့ ခလုတ်ဆိုတာက တွဲလျက်ရှိနေတာပဲလေ။
***
ကလိုစေးထူး