Friday, December 29, 2006

အပယ်ခံရခြင်း > ဒေါသတရား > အပယ်ခံရခြင်း...

ကျနော် ငယ်ငယ်ကပေါ့..။ (ဒီအကြောင်းကို `အားလုံးမင်္ဂလာပါ´ ဆိုတဲ့ ပထမဦးဆုံးသော ပို့စ်မှာ အရိပ်အမြွက် ရေးထားခဲ့ဖူးပါတယ်)။ မေမေက (အဲဒီတုန်းကတော့ ဘာကြောင့်မှန်း ကျနော် တကယ်မသိခဲ့ပါ) အိမ်တအိမ်မှာ ဖေဖေ ရှိမရှိ မကြာခဏ သွားအကြည့်ခိုင်းပါတယ်။

သွားကြည့်ခိုင်းလိုက်လို့ အဲဒီအိမ်မှာ ဖေဖေမရှိတဲ့နေ့ဆိုရင်တော့ ပြဿနာ သိပ်မရှိလှပေမယ့် ဖေဖေရှိနေခဲ့လို့ `ဖေဖေ ရှိနေတယ် မေမေ´ လို့ ပြန်ပြောမိတဲ့နေ့ ဆိုရင် မေမေနဲ့ ဖေဖေ ရန်အကြီးအကျယ် ဖြစ်ပါတယ်။ မိဘတွေ ရန်ဖြစ်ကြတော့ ကျနော်တို့ ကလေးတွေက ဘယ်နေသာပါ့မလဲ။ အိမ်နောက်ဖေးက ကန်ဇွန်းခင်းတွေနားမှာ ညီအကို နှစ်ယောက် တိတ်တိတ်လေး ငိုခဲ့ရပါတယ်။် မိဘတွေ အဲဒီလို ရန်ဖြစ်ကြတဲ့နေ့တွေမှာ အပြစ်သေးသေးလေး လုပ်မိပေမယ့် အခန့်မသင့်ရင် အရိုက်ခံရတတ်သေးပါတယ်။

အဲဒီလိုမျိုးတွေ မကြာခဏ ဖြစ်ဖြစ်လာတော့ နောက်ပိုင်းတွေမှာ မေမေ ကျနော့်ကို သွားကြည့်ခိုင်းတိုင်း ဖေဖေ အဲဒီအိမ်မှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မရှိဘူးလို့ပဲ ကျနော် ညာပါတယ်။ ဒါပေမယ့် အကင်းပါးလှတဲ့ မေမေက ကျနော်ညာနေတာကို နောက်ပိုင်းမှာ သိသွားပါတယ်။ အဲဒီကစလို့ မေမေ့ယုံကြည်မှုတွေ ကျနော့်အပေါ် လျော့နည်းခဲ့ပါတယ်။ ကျနော်ဟာ ဖေဖေ့လူ၊ ဖေဖေ့သား လို့ စွပ်စွဲပြီး ညီအကို နှစ်ယောက်မှာ ကျနော့်ကို ပယ်ထား၊ ကြဉ်ထားပါတယ်။ မိဘဆိုတာ သားသမီးကို မချစ်ဘူးဆိုတာ မရှိ လို့ နားလည်ထားပေမယ့် ငယ်စဉ်ဘ၀ မသိမနားလည်သေးတဲ့ အချိန်မှာ ဒီလို အကြဉ်ခံရတာဟာ စိတ်ရဲ့ ဒဏ်ရာဒဏ်ချက် တခု ဖြစ်ခဲ့ရတာတော့ အသေအချာပါပဲ။

ကျနော် ငယ်ငယ်က ခဏခဏ အရိုက်ခံရပါတယ်။ ညီလေးထက်စာရင် ကျနော်က ပိုပြီးကို အရိုက်ခံရတာပါ။ မေမေ့လို ပညာတတ် ကျောင်းဆရာမ တယောက်ဟာ ဘာကြောင့်များ ကျနော့်ကို ဒီလောက်တောင် ရိုက်ရပါလိမ့်လို့ မကြာခဏ စဉ်းစားဖူးပါတယ်။ ဖြစ်နိုင်ခြေ အများဆုံးကတော့ ကျနော်တို့ ကလေးတွေက မိသားစုတွင်း အဆင်မပြေဖြစ်မှုရဲ့ ဓားစာခံ ဖြစ်ခဲ့ရတာပါ။

အဲဒီလို မကြာခဏ အရိုက်ခံရခြင်းရဲ့ အကျိုးဆက်ကတော့ လူလိမ္မာလေး ဖြစ်လာတာတော့ မဟုတ်ပါ။ ဥပမာ တခုပြောရရင် ကျနော် အပြင်မှာ တခြားကလေးနဲ့ ရန်ဖြစ်ခဲ့ရင် ကျနော်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အိမ်ရောက်ရင် အရိုက်ခံရပါတယ်။ အပြစ်က ရန်ဖြစ်လို့ပါတဲ့။ အဲဒီတော့ နောက်ပိုင်းမှာ ကျနော်က ဒီလို စဉ်းစားပါတယ်။ ရန်ဖြစ်လို့ အရိုက်ခံရမယ့် အတူတူတော့ ငါနဲ့ ရန်ဖြစ်တဲ့ကောင်ကို နိုင်အောင်ချပြီးမှ အရိုက်ခံတာကမှ တန်သေးတယ် ဆိုတဲ့ အတွေးပါ။ ဒီလိုနဲ့ ကျနော်ဟာ ရန်ဖြစ်ခြင်းမှာ မွေ့လျော်လာပါတယ်။ အိမ်မှာ အပယ်ခံရခြင်း၊ ဖယ်ကြဉ်ခံရခြင်းရဲ့ ထွက်ပေါက်အတွက် ဒေါသတွေဟာ ရန်ဖြစ်ခြင်းအပေါ် စုပုံကျရောက်ပါတော့တယ်။

ကျနော့်ကို မေမေ မကြာခဏ လုပ်လေ့ရှိတဲ့ အထိအနာဆုံး ဒဏ်ပေးမှု တခုရှိပါသေးတယ်။ အဲဒါကိုတော့ ကျနော် လူပျိုပေါက်အရွယ်လောက် ရောက်မှ စသုံးပါတယ်။ အဲဒီနည်းကတော့ ကျနော့်ကို မရိုက်ပါဘူး။ သူလက်မခံနိုင်တာ တခုခုလုပ်မိရင် ကျနော့်ကို စကားလုံးဝ မပြော၊ မှားနေရင်လဲ မဆုံးမ၊ မသွန်သင်ပဲ ဥပေက္ခာပြုထားတဲ့ နည်းပါ။ အဲဒီလိုနဲ့ပဲ အပစ်ပယ်ခံရခြင်း၊ ဖယ်ကြဉ်ခံရခြင်းဟာ ကျနော့်အတွက် အိပ်မက်ဆိုး ဖြစ်ခဲ့ရပါတယ်။

ဆယ်တန်းအောင်တဲ့ အချိန်ကျတော့ ကျနော့်အတွက် အိမ်စည်းကမ်းတွေရဲ့ တင်းကျပ်မှုတွေ အတော်အတန် လျော့သွားပါတယ်။ ဂစ်တာကို လွတ်လပ်စွာ တီးနိုင်သလို စတေ့ရှိုး အပျော်ပွဲတွေလဲ လွတ်လွတ်လပ်လပ် တက်ဆိုခွင့်ရပါတယ်။ ဒါပေမယ့် ကျနော့်အတွက် မေမေ အရမ်းစိတ်ညစ်ရတဲ့ ကိစ္စတခုကတော့ မကြာခဏ ရန်ဖြစ်တတ်တဲ့ ကျနော့်အကျင့်ပါ။

ရဲစခန်းမှာ အချုပ်ခံရလောက်အောင် ကြီးကြီးမားမား မဖြစ်ခဲ့ပေမယ့် ခဏခဏကို ကျနော် ရန်ဖြစ်ပါတယ်။ သည်းခံနိုင်စွမ်းအား အင်မတန်နည်းတဲ့လူဟာ ကျနော်ပါ။ ဒီကြားထဲကမှ မတရားဘူးလို့ ထင်ရင်၊ မဟုတ်ဘူးလို့ ထင်ရင် သူရဲကောင်း ထလုပ်တတ်တဲ့ အကျင့်က ရှိပါသေးတယ်။ စိတ်တို၊ စိတ်ဆတ်လွန်းတဲ့ ဒီအကျင့်ကြောင့် ကျနော့်မှာ အပေါင်းအသင်း သိပ်မရှိလှပါဘူး။

လူကသာ စိတ်တိုတယ်၊ အပယ်ခံရရင်လဲ တော်တော် ၀မ်းနည်းတတ်ပါသေးတယ်။ ဒီလိုနဲ့ပဲ လူ့ပတ်ဝန်းကျင်နဲ့ ကျနော်နဲ့ နီးလျက်နဲ့ ဝေးဝေးလာပါတယ်။ တခါတလေများဆိုရင် မူးအောင်သောက်ပြီး လယ်ကွင်းပြင်ထဲမှာ ဂစ်တာတလက်နဲ့ သီချင်းတွေ တပုဒ်ပြီး တပုဒ် အော်ဆိုပါတယ်။ စိတ်ရဲ့ ထွက်ပေါက်ပေါ့။

အခုလက်ရှိရော ..။
ဒီလိုပါပဲဗျာ ………..။
လူတွေနဲ့နီးအောင်…..။
ကြိုးစားရင်းနဲ့ပဲ ………..။
လူတွေနဲ့ ဝေးသထက်…..။
ဝေးကွာ ……………………..။

ကလိုစေးထူး

Wednesday, December 27, 2006

နှစ်သစ်အတွက် ကဗျာ..

ခရစ်စမတ်တော့ ပြီးဆုံးသွားခဲ့ပါပြီ။ သိပ်မကြာခင်ရက်ပိုင်းမှာ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပါတော့မယ်။ ကျန်ခဲ့တဲ့ နှစ်ဟောင်းမှာ အမှားပရပွ၊ ဒေါသတွေ များစွာနဲ့ ဆုံးရှုံးမှုတွေ နာကျင်မှုတွေလဲ အနန္တဖြစ်ခဲ့တာ မနည်းပါဘူး။ အကောင်းဘက်က တွေးရင်တော့လဲ ဒီတနှစ်မှာ အသိမိတ်ဆွေ အသစ်အသစ်တွေ အရင်ကထက် အများကြီး ပိုရလာခဲ့ပါတယ်။ မုန်းသူတွေလဲ မနည်းပေါ့။

ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ခင်ဗျာ။ လာမယ့် နှစ်သစ်ကို ကြိုတင် ရင်ခုန်ရင်းနဲ့ လေးလုံးစပ် ကဗျာ တပုဒ် ရေးကြည့်မိပါတယ်။ ကဗျာနာမည်က နှစ်သစ်စိတ်ကူး တဲ့။

နှစ်သစ်စိတ်ကူး

နှစ်တနှစ်တာ
အဆုံးမှာ
သာယာရွှင်လန်း ကျန်းမာစေ။

ငိုကြွေးသူတွေ
အပြုံးဝေ
မျက်ရေ(ရည်) တွေလဲ ခန်းနိုင်စေ။

ရန်လိုမုန်းထား
ပြုသူများ
အမှား နောင်တရနိုင်စေ။

တို့မျှော်လင့်ချက်
အသက်ဆက်
ထက်မြက် ယုံကြည်ခိုင်ခန့်စေ။

လျှောက်သောလမ်းထဲ
မယိုင်လဲ
ရဲစွဲ စိတ်ဓာတ် ရှင်သန်စေ။

လာမည့် နှစ်သစ်
အမှားပစ်
ထားရစ်နိုင်စေ ရန်ကြွေးတွေ။

နှစ်ဟောင်းဖယ်ခွာ
နှစ်သစ်မှာ
မေတ္တာထားလို့ ပြုံးပျော်စေ။

လေးလုံးစပ် ကဗျာကတော့ ပြီးသွားပါပြီ။ ဒါပေမယ့် ကျနော်တယောက် အရစ်က ရှည်ချင်သေးတယ်ခင်ဗျ။ အဲဒါနဲ့ အဲဒီ လေးလုံးစပ် ကဗျာကိုပဲ ကာရန်မဲ့ကဗျာ အဖြစ် ပြောင်းလဲ ရေးကြည့်မိပြန်ပါတယ်။ ဖတ်ကြည့်ပေးပါအုံး ခင်ဗျာ။

နှစ်သစ်စိတ်ကူး

ပြီးဆုံးသွားတဲ့ တနှစ်တာမှာ
ပျော်ရွှင်သာယာ ရွှင်လန်းခဲ့ကြပါစေ။

ငိုနေသူတွေရဲ့ မျက်ရည်တွေလဲ
ခန်းခြောက်လို့ အပြုံးဆင်နိုင်ပါစေ။
ရန်လိုသူတွေရဲ့
မုန်းတီးမှုတွေလဲ နောင်တတရားအဖြစ်
ပြောင်းလဲ ပစ်ကြပါစေတော့။

ကျနော်တို့ မျှော်လင့်ချက်တွေကို
အသက်ဆက်လို့ ပိုမိုခိုင်မာကြမယ်။
ကျနော်တို့ လျှောက်နေတဲ့ လမ်းကို
စွဲစွဲမြဲမြဲ ရဲရဲရင့်ရင့် ဆက်လျှောက်ကြမယ်။

အို..မိတ်ဆွေ
ထားခဲ့ပါတော့ ဒီရန်ကြွေးတွေ
လွှင့်ပစ်လိုက်ပါ ဒီအမုန်းတွေ။

ဖယ်ခွာပစ်ရတော့မယ့် နှစ်ဟောင်းကနေ
ပြုံးပျော်စွာနဲ့
နှစ်သစ်မှာ မေတ္တာ ထားကြပါစို့။

ကဲ.. အရစ်ရှည်ခြင်းလဲ ပြီးဆုံးပါပြီခင်ဗျာ။ အားလုံးကို ကျေးဇူးပါ။

ကလိုစေးထူး

Tuesday, December 26, 2006

အမေ...

အိမ်နဲ့ ဝေးနေသူတွေ ဒီကမ္ဘာမှာ အများကြီးပါ။ အဲဒီအများကြီးထဲကမှ ကျနော်လဲ တယောက် အပါအ၀င်ပေါ့။ အမေ့အိမ်ကို တကယ်လွမ်းလှပါတယ်။ လျှောက်နေတဲ့ လမ်းမှာ ခလုတ်တွေ တိုက်မိတိုင်း၊ ဖေးကူသူ မဲ့တဲ့အခါတိုင်း အမေ့ကို သတိရလှပါတယ်။ အမေ့ရဲ့ ဆိုဆုံးမမှုတွေ ပရပွတုန်းက တန်ဖိုးမထားတတ်ခဲ့တဲ့ ကျနော် တယောက်၊ ဆုံးမသူမဲ့တဲ့ နေရာရောက်တော့ အမှားတွေ ကြုံလာတိုင်း၊ ကရုဏာဒေါသောနဲ့ ဆူပူမာန်မဲတတ်တဲ့ အမေ့ကို တမ်းတမိတတ်လာပါတယ်။ အဲဒီအတွက် သီချင်းတပုဒ်ရေးမိပါတယ်။

ဒီသီချင်းကို ရေးပြီးတာ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းကပါ။ အခါတိုင်း တင်နေကြ youtube မှာ တင်လိုက်တိုင်း error တွေပဲ တက်တက်လာလို့ အမေ့ အတွက် သီချင်းကျမှ ဒီလိုဖြစ်တာလား လို့ ရင်ထိတ်သွားမိပါသေးတယ်။ သီချင်းကိုလဲ သုံးခါလောက် ပြန်သွင်းရပါတယ်။ ဖိုင်လ်က ကြီးနေလို့ ပြန်ကျော့ဆိုချင်တဲ့ အပိုဒ်တွေကို ဖြတ်ပြီး ခပ်တိုတိုပဲ ဆိုလိုက်မှ xangaမှာ တင်လို့ရသွားပါတယ်။ ကွန်ပြူတာနဲ့ ပတ်သက်ပြီး အတတ်ပညာ နည်းပါးလှတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ မကျေမနပ် ဖြစ်နေမိပါတယ်။

သီချင်းနာမည်ကိုတော့ အမေ လို့ပဲ ခပ်ရိုးရိုး ပေးထားပါတယ်။ ဒီနေရာ မှာ နားထောင်ပါခင်ဗျာ။ D-Key နဲ့ တီးထားပါတယ်။ ခံစားချက်နဲ့ ၀ါသနာအရ ရေးစပ်ထားလို့ လိုအပ်ချက်တွေ တပုံတပင်နဲ့ နေမှာ သေချာပါတယ်။ နားထောင် ပေးကြပါအုံး။ အားလုံးကို ကျေးဇူးပါ။

အမေ..

Intro; D Bm Em A D A7

D Bm
အမေ.. မှိုင်တွေကာ ငိုနေပြီလား
Em A
ဘယ်အချိန် ကျနော် ပြန်လာမလဲ
A D A7
မှန်းဆရင်းနဲ့ မျှော်နေမလား

D Bm
အမေ အိမ်မှာ ဘယ်လိုနေရှာမလဲ
Gbm Bm
အမေ ကျန်းမာပါရဲ့လား
Em A D
သားဆိုး ကျနော့်ကို လွမ်းနေမလား..

Bm Gbm Bm
နှိုင်းတုမရတဲ့ အမေ့ မေတ္တာ ဝေးမှ သိမြင်လာ
Em A D D7
အပြုံးတွေ ကင်းမဲ့ အတ္တများကြားမှာ
Em A Gbm Bm
အမေ့အိမ်ပြန်ချင်တိုင်း မျက်ရည်တွေရယ် ၀ိုင်း
Em A D
ပေးသနားလှည့်ပါ အားအင်တွေကို.. အမေ.

အမေ… အယောင်ဆောင် လူတွေရဲ့ကြား.
လိမ်ညာသူတွေရဲ့ကြား
စိုးရွံ့ ထိတ်လန့် နေလေမလား..

အမေ… တချိန်မှာ ပြန်ဆုံနိုင်မလား
ဘုရားရှင် ထံပါးမှာ
တောင်းဆု ပြုလို့ နီးကြရစေသား..

Solo; Intro
Cho Cho




Thursday, December 21, 2006

လမ်းနှင့် ခလုတ်...

ကျနော် အလုပ်မှာ ဒီနေ့ အချိန်ပို ဆင်းရပါတယ်။ အလုပ်ကနေ ညနေ ငါးနာရီကျော်မှ ပြန်ရတော့ မှောင်စပျိုးလို့ နေပါပြီ။ ဟိုကရင် အကိုကြီးက ပုံမှန် အလုပ်နားချိန် သုံးနာရီခွဲကတည်းက ပြန်နှင့်တော့ ကျနော်တယောက်ထဲ ပြန်လာရပါတယ်။ ဟိုတွေးဒီတွေးနဲ့ ပြန်လာရင်းနဲ့ မြစ်ကူးတံတား အတက်နားမှာ ခလုတ်တိုက်မိပါလေရော။ ခြေထောက်က မျက်ကနဲ နာသွားတော့ စိတ်တိုသလိုလို ဖြစ်သွားပါတယ်။ အဲဒါနဲ့ လမ်းဘေးက ခုံတန်းလေးမှာ ၀င်ထိုင်ရင်း ခြေထောက်ကို ငုံ့ကြည့်ပြီး စိတ်ထဲကနေ လမ်းကို မကျေမနပ်ဖြစ်လာပါတယ်။

တောက်.. ဒီလမ်းကြောင့် ဖြစ်ရတာ။
အသုံးမကျလိုက်တဲ့လမ်း၊ အခုကြည့်စမ်း.. ခလုတ်တိုက်မိတာ နာလိုက်တာ၊
ကားဝယ်ဖြစ်ရင်တော့လား.. ဒီလိုလမ်းမျိုး လုံးဝမလာဘူးကွာ

အားရပါးရကြီး လမ်းကို ကျိန်ဆဲရင်း မော့ကြည့်မိတော့ လမ်းက ကျနော့်ကို မျက်မှောင်ကြီး ကုတ်ပြီး ငုံ့ကြည့်နေသလိုပဲ။ နောက်တော့ သူကလဲ ကျနော့်ကို တဖြည်းဖြည်းနဲ့ မကျေမနပ် ရေရွတ်သံတွေ ထွက်လာတယ်လို့ ခံစားလာရပါတယ်။ ဘယ်ရမလဲ.. ကျနော်ကလဲ သူ့ကို မကျေမနပ်နဲ့ ပြန်ပြောတာပေါ့။ ဒီလိုနဲ့ ကျနော်နဲ့ လမ်းနဲ့ စိတ်ကူးထဲမှာ စကားအချေအတင် များကုန်ပါတော့တယ်။

***
`ဟေ့ကောင် ´
`ဘာတုန်းဗျ´
`မင်းက အခုတော့ ငါ့ကို အပြစ်မြင်တယ်ပေါ့လေ၊ ဟုတ်လား´
`ဟာ၊ ဒီမှာကြည့်လေ ကျုပ်ခြေထောက် နာသွားတယ်၊ ခင်ဗျားလမ်းကိုက မကောင်းလို့ပေါ့ဗျ´
`အဲဒါပဲ၊ မင်းတို့ လူတွေ သိပ်ခက်တဲ့ကောင်တွေပဲ´
`ဘာဖြစ်လို့တုန်းဗျ´
`နေစမ်းပါအုံး၊ မင်းကို ငါမေးပါအုံးမယ်၊ ဒီလမ်းကို လျှောက်ဖို့ မင်းကို ဘယ်သူကများ အတင်းအကျပ် တိုက်တွန်းခဲ့လဲ၊ မင်းသဘောနဲ့မင်း လျှောက်ခဲ့တာ မဟုတ်ဘူးလားကွ၊ မင်းပဲ ဒီလမ်းက သာယာသလေး ဘာလေးနဲ့ ပြောခဲ့သေးတယ်လေ´
`ဒါတော့ ဒါပေါ့ဗျ၊ ဒါပေမယ့် အခု ကျုပ်ခလုတ်တိုက်တာ တော်တော်နာတယ်ဗျ´
`အင်း၊ မင်းဆိုတဲ့ကောင် လူဖြစ်ပြီး လောကနိယာမကိုတောင် ဘာမှ နားမလည်သေးဘဲကိုးကွ´
`ဟမ်၊ ဘာဖြစ်လို့တုန်းဗျ၊ ခလုတ်တိုက်တော့ နာတယ်ဗျာ၊ ဒီတော့ ခင်ဗျားကို ကျိန်ဆဲချင်စိတ် ပေါက်လာတယ်ဗျာ၊ ဘာဖြစ်သလဲ၊ ဒါက လူတွေရဲ့ ခံစားချက် တမျိုးပဲမဟုတ်ဘူးလား´
`ဒီလိုဆိုရင်တော့ မင်းကို ငါပြောရသေးတာပေါ့´
`ပြောစမ်းပါအုံး´
`ဟောဒီ လမ်းပေါ်မှာ လူပေါင်းစုံ သွားလာဖူးတယ်ကွ၊ စက်ဘီးလမ်းဆိုပေမယ့်၊ စကိတ်စီး အပန်းဖြေတဲ့ လူတွေ၊ လမ်းလျှောက် လေညှင်းခံတဲ့လူတွေ၊ အပြေးလေ့ကျင့်တဲ့လူတွေ ပြီးတော့ မင်းတို့လို အလုပ်သွား အလုပ်ပြန်ကောင်တွေလဲ ပါတာပေါ့´
`အင်း´
`တလောကဆိုရင် စကိတ်စီးတဲ့ ငနဲတကောင် ချော်လဲတာ အတော်နာသွားပုံရတယ်ကွ၊ ဒူးခေါင်းမှာလဲ သွေးတွေကို ရဲနေတာပဲ´
`အင်း´
`တခါတုန်းကဆိုရင်လဲ ပြိုင်ဘီးစီး လေ့ကျင့်တဲ့ ကောင်မလေးတယောက် စက်ဘီးမှောက်သေးတာပဲ´
`အင်း´
`ဟိုတခါကတော့ တော်တော်ဆိုးသကွ၊ မျက်စိမမြင်တဲ့ အဘွားကြီးကွာ၊ တောင်ဝှေး တဒေါက်ဒေါက်နဲ့ စမ်းတမ်းစမ်းတမ်း လမ်းလျှောက်တာ မှောက်ရက်လဲပါလေရောလား´
`အင်း´
`ဒါပေမယ့် သူတို့က မင်းလိုတော့ ကိုယ်လျှောက်တဲ့လမ်းကို ကိုယ်အပြစ်ပြန်မတင်ဘူးကွ´
………….
`စကိတ်စီးတဲ့ကောင်လဲ ချော်သာလဲတာ၊ စပ်ဖြီးဖြီးနဲ့ ပြန်ထပြီး သူ စကိတ်စီးတာကို ပိုကျွမ်းကျင်အောင် ထပ်စီးတာပဲ´
…………..
`စက်ဘီးစီးတဲ့ ကောင်မလေးလဲ ဒီလိုပဲ၊ မိန်းကလေးသာဆိုတယ်၊ တချက်မမဲ့ဘူးကွာ၊ လဲသွားတဲ့ စက်ဘီးကို ပြန်ထူပြီး သူ့အလုပ်သူဆက်လုပ်တာပဲ၊ ဟိုအဘွားကြီးကရော ဘာထူးသေးလဲ၊ လဲကျသွားတော့လဲ သူလမ်းလျှောက်နေတာကို ဆက်လျှောက်တာပဲကွ´
……………
`အေး၊ မင်းကို ငါပြောချင်တာက၊ လမ်းဆိုတာ လူတိုင်းသွားတယ်၊ သွားတဲ့လူတိုင်း တကြိမ်မဟုတ် တကြိမ်တော့ ခလုတ်တိုက်မယ်၊ လဲကျမယ် ဒါ လောကရဲ့ သဘာဝတရား၊ နိယာမ တရားပဲကွ´
……………
`ဒါကိုပဲ မင်းက ခလုတ်လေး တခါလောက်တိုက်မိတာနဲ့ ဒီလမ်းကြောင့် ဖြစ်သလေးဘာလေးနဲ့´
`ကျနော် နာသွားတဲ့ ခံစားချက်ကြောင့်ပါဗျာ´
`အေး၊ မင်းက ဒီလမ်းကိုလျှောက်လို့ ခလုတ်တိုက်မိတာကို ညည်းညူနေတယ်၊ စောစော မင်းပြောနေတာ ငါကြားလိုက်ပါတယ်၊ မင်းကားဝယ်ရင် ဒီလမ်းကို မလျှောက်တော့ဘူးဆို၊ ဟုတ်လားကွ´
`ဟုတ်တယ်လေ´
`မှတ်ထားကွ၊ ကားလမ်းမှာ အမှားတချက်တွေ့ရင်တော့ မင်းအသက်ပါ ဇီဝိန်ကြွေသွားမယ်´
`ဗျာ´
`မဗျာနဲ့၊ မင်းသေသေချာချာ စဉ်းစားစမ်းပါ´
`ဟုတ်ကဲ့´
`အခု မင်းခလုတ်တိုက်မိတာကို စိတ်မပျက်ပဲ မင်းသွားချင်တဲ့နေရာကို ပျော်ပျော်ကြီး သွားစမ်းပါကွာ၊ ဒီတခါ တိုက်မိရင် နောက်တကြိမ် မတိုက်ရအောင် မင်းသတိထားပေါ့ကွ´
`ဟုတ်ကဲ့´
`နောက်တခု ထပ်ပြောလိုက်မယ် ကိုယ့်လူရေ၊ ခလုတ်ကိုကြောက်နေရင် မင်း ဘယ်လမ်းကိုမှ လျှောက်မနေနဲ့တော့´
`ဗျာ´
***

အေးစိမ့်စိမ့် လေပြင်းတချက် ၀ူးကနဲ တိုက်လိုက်တော့ ကျနော်တယောက် အတွေးထဲမှာ လမ်းနဲ့ စကားများနေရာကနေ လန့်နိုးပြီး လက်ရှိပစ္စုပ္ပန်ကို ပြန်ရောက်လာပါတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အတော်မှောင်နေပါပြီ။ လမ်းကလေးကို ပြန်ကြည့်တော့ အမှောင်တွေကြားထဲကပဲ ကျနော့်ကို ခွင့်လွှတ်တဲ့ အပြုံးနဲ့ ကြည့်နေသယောင်ယောင်။

ကျနော် လမ်းဆက်လျှောက် ရပါအုံးမယ်။ ခလုတ်တွေလဲ တိုက်ကောင်းတိုက်နေအုံးမှာပါပဲ။ ဒါပေမယ့် ကျနော် ဆက်လျှောက်ရမှာပါပဲ။ လမ်းနဲ့ ခလုတ်ဆိုတာက တွဲလျက်ရှိနေတာပဲလေ။

Tuesday, December 19, 2006

စာ အသစ်မရေးဖြစ်သော ဒီနေ့မှာ..

ပို့စ်အသစ် မတင်ဖြစ်တာလဲ ကြာပြီဆိုတော့ ဒီနေ့တော့ စာတပုဒ်ကို ဖြစ်အောင်ရေးမှပဲလို့ စဉ်းစားမိပါတယ်။ ဘာရေးရင် ကောင်းမှာပါလိမ့်။

ဒီအတွေးကို တွေးလာတာ အိမ်ကနေ အလုပ်ကို စထွက်ကတည်းကပါ။ အခုတလော သိပ်လဲ မအေးလှတာရယ် ပြီးခဲ့တဲ့ အပတ်ကမှ ကျနော်နဲ့ အတူတူ အလုပ်စ၀င်တဲ့ ကရင် အကိုကြီးကို ၀င်ခေါ်နေရတာရယ်ကြောင့် စက်ဘီးကို မသုံးဖြစ်ဘဲ အေးအေးလူလူ လမ်းလျှောက်ပြီးတော့ပဲ အလုပ်သွားတာများပါတယ်။ အဲဒီ အကိုကြီးကို ၀င်ခေါ်ပြီးတော့လဲ လမ်းလျှောက်ရင်း စဉ်းစားလာပါတယ်၊ ဘာရေးရင် ကောင်းမလဲ။ သိပ်မအေးဘူးသာ ဆိုတယ်၊ လေက တ၀ူးဝူးတိုက်နေတာကြောင့် နှာသီးဖျား၊ နားရွက်ဖျားတွေ အေးလာတာနဲ့ တွေးလို့မရပြန်ပါဘူး။

ဒီလိုနဲ့ အလုပ်ထဲကို ရောက်လာပါတယ်။ အချိန်မှတ်တဲ့ ကဒ်ပြားကို ကမန်းကတန်းနှိပ်၊ အနွေးထည်ထူထူတွေ ချွတ်၊ ပြီးတော့ ကျနော်လုပ်ရတဲ့ နေရာကို သွားပါတယ်။ စပြီပေါ့၊ တနေ့တာ။ ပျင်းတွဲ့တွဲ့ စက်သံကြားမှာ Tools တွေကို တချောင်းပြီးတချောင်း တဂျွီးဂျွီး ဖြတ်ရင်း ထပ်စဉ်းစားပါတယ်။ ငါဒီနေ့ ဘာရေးရပါလိမ့်။ မနက်က ဘာမှ ဟုတ်တိပတ်တိ မစားလာရတော့ ဗိုက်ကလဲ စောစောစီးစီး ဆာသလိုလို ရှိနေတော့ အာရုံက မရပြန်ပါဘူး။ အင်း၊ Break Time ရောက်လို့ တခုခု စားပြီးမှပဲ တွေးတော့မယ်ကွာ လို့ ဆုံးဖြတ်မိပြန်ပါတယ်။

အတွေးအာရုံက မရရတဲ့အထဲ အလုပ်ရှင်ကလဲ မကြာခဏဆိုသလို စကားလာလာ ပြောနေပါသေးတယ်။ တော်ကြာနေ ဟို ကရင် အကိုကြီးကို အလုပ်ကိစ္စ ရှင်းပြခိုင်းလိုက်၊ တော်ကြာနေ ခရစ်စမတ်ကျရင် ဘယ်သွားမလဲ လာလာမေးလိုက်နဲ့ ကျနော် အလုပ်လုပ်ရင်း အတွေးနယ်ချဲ့နေတာကို ခဏခဏ လာလာ နှောင့်ယှက်ပြန်ပါတယ်။ ဒီလိုနဲ့ပဲ မနက်ပိုင်း သုံးနာရီပြည့်လို့ ခေတ္တနားချိန်ကိုသာ ရောက်သွားတယ်။ စာရေးဖို့ အိုင်ဒီယာ မရခဲ့ပါဘူး။

ဆယ့်ငါးမိနစ် နားချိန်ပြီးတော့ စိတ်အတွေးတွေကို နောက်တခါ အလုပ်ထပ်ပေးမိပြန်ပါတယ်။ ဘာရေးရပါလိမ့်။ ကဗျာစာသားတချို့ ရွတ်ကြည့်တယ်။ အဆင်က မချော။ သီချင်းပဲ ရေးရင် ကောင်းမလားမသိ စဉ်းစားပြီး သံစဉ် တချို့ကို ဒါဒါဒီဒီရွတ်ရင်း လိုက်ဖမ်းကြည့် ပြန်ပါတယ်။ ဘာသံစဉ်မှ မထွက်လာပါဘူး။ စာရွက်အလွတ် တရွက်ကို သွားယူလာ၊ ဘောလ်ပင်တချောင်း ဘေးမှာချ၊ Tools တွေကို ဖြတ်လိုက်၊ ခေါင်းထဲရောက်လာတဲ့ စာသားတချို့ကို ချရေးလိုက်၊ စိတ်တိုင်းမကျတော့ တခါပြန်ဖျက်လိုက်၊ နောက်ထပ် Tool တချောင်း ထပ်ဖြတ်၊ စာတွေ ချရေး၊ ပြန်ဖျက်။ ဒီလိုနဲ့ နေ့လည် ၁၂ နာရီ ထိုးသွားပါတယ်။

ကျနော်က မနက်စာကို ဆယ်နာရီ ခေတ္တအားလပ်ချိန် ဆယ့်ငါးမိနစ်မှာ စားလေ့ရှိတော့ နေ့လည်စာစားချိန် နာရီဝက်ကျတော့ အချိန်တွေ ပိုနေပါတယ်။ အဲဒါနဲ့ ကုလားထိုင်တလုံးကို ဆွဲယူ၊ မျက်လုံးမှိတ် ပက်လက်လှန် အိပ်ရင်း စဉ်းစားပြန်ပါတယ်။ အတွေးတွေက ဘယ်လောက် စဉ်းစားမိတယ်တော့ မသိပါဘူး။ အချိန်စေ့ ခေါင်းလောင်းသံက မကောင်းဆိုးဝါး အော်သံလို နားထဲကို စူးစူးရှရှဝင်လာတော့မှပဲ ၀ုန်းကနဲ ထရပ်မိပါတော့တယ်။ ကျိန်းစပ်စပ် ဖြစ်ချင်နေတဲ့ မျက်လုံးကို မျက်နှာသွားသစ်ပစ်ပြီး အလုပ်ထဲကို ၀ရုန်းသုန်းကား ပြန်ဝင်ရပြန်ပါတယ်။

နေ့လည်ပိုင်း အလုပ်ချိန်မှာတော့ ကျနော့်အတွေးတွေလဲ လွတ်လပ်ခွင့် မရရှာတော့ပါဘူး။ ဘာဖြစ်လဲ ဆိုတော့ Finish Grinding လို့ ခေါ်တဲ့ အချောသတ် သွေးတဲ့ အလုပ်က ဒီဂရီ အတိအကျနဲ့ တိုင်းတာ သွေးရတာ ဖြစ်တော့ အတွေးတွေက ဟိုရောက် ဒီရောက် ရောက်နေရင် Tools တွေ သေးသွားတာတို့၊ လိုအပ်တဲ့ အရွယ်အစားနဲ့ မကိုက်တာတို့ ဖြစ်မှာဆိုတော့ အလုပ်ထဲကို စိတ်မပါလက်မပါနဲ့ပဲ အတွေး အချုပ်ချရပါတယ်။ သံမှုန်တွေကို ကာကွယ်ဖို့ မျက်နှာဖုံးကို စွပ်ထားရင်း လုပ်ရတော့ အသက်ရှုရတာလဲ ကသိကအောင့်နဲ့ တွေးဖို့လဲ အရသာ ရှိတော့မယ် မထင်ပါဘူး။ အဲဒီလိုနဲ့ပဲ ညနေသုံးနာရီလဲ ခွဲရော ငယ်ငယ်က မြန်မာ့အသံမှာ ကြားနေကြ နားဝင်ပီယံ သူ့လက်သံနဲ့ ဆင်ဆင်တူတဲ့ အလုပ်သိမ်းခေါင်းလောင်းသံလေးက နားထဲကို ချိုချိုမြိန်မြိန် ၀င်လာပါတယ်။ အဲဒါနဲ့ သစ်ဆွဲဆင်များလိုပဲ ခေါင်းလောင်းသံကြားတာနဲ့ လုပ်လက်စ အလုပ်ကို အားလုံးရပ်။ လက်ကို ပျော်ပျော်ကြီး သွားဆေးပြီး လေသံလေး တချွန်ချွန်နဲ့ အိမ်ပြန်ပါတယ်။ ဟိုကရင် အကိုကြီးကတော့ နောက်ကနေ ငိုက်စိုက် ငိုက်စိုက်နဲ့ တိတ်တိတ်လေး လိုက်လာပါတယ်။ သူလဲ တွေးရင်တွေးနေမှာပေါ့။

အိမ်ပြန်ရောက်တော့ အလုပ်ထဲက သံမှုန်တွေက ယားကျိကျိနဲ့မို့ ရေချိုးခန်းထဲ အရင်ပြေးလို့ ရေကို အမြန်ချိုးရပါတယ်။ ရေမိုးချိုးပြီးတော့လဲ ဗိုက်ထဲက ဆန္ဒပြနေတဲ့ ပိုးမျိုးရှစ်ဆယ်ကို စေ့စပ်ဆွေးနွေးရေး လုပ်နိုင်ဖို့ ချက်ပြုတ်၊ ပြီးတော့ သူတို့ တောင်းဆိုနေတဲ့ အစာတွေကို သွတ်သွင်းလိုက်မှပဲ ငြိမ်းချမ်းရေး ရပါတယ်။ ထမင်းစားပြီး တီဗွီ ဖွင့်ကြည့်တော့ ကျနော်အားပေးတဲ့ ချဲလ်ဆီးက အဲဗာတန်ကို သုံးဂိုး နှစ်ဂိုးနဲ့ တီးလိုက်တဲ့ ပွဲ ပြန်လာနေတော့ စာရေးမယ့် ကိစ္စကို ခဏမေ့သွားပြီး အဲဒီ သွေးမထွက်တဲ့ မိနစ်ကိုးဆယ်ကြာ စစ်ပွဲမှာ နစ်မြော သွားပါတယ်။

ညနေ ငါးနာရီခွဲလောက်မှာ ကွန်ပြူတာရှေ့ကို ထိုင်ဖြစ်ပါတယ်။ ဘလော့ကို စစ်၊ မေးလ်တွေများ ရောက်နေသလား စစ်၊ ပြီးတော့ စာရေးဖို့ အတွက် စဉ်းစားပြန်ပါတယ်။ ဒီနေ့ ဘာရေးရပါလိမ့်။ မရေးတာလဲ သုံးလေးရက်ရှိပြီ။ တခုခုရေးမှပါ။ စဉ်းစားစမ်း။ ဘာရေးမလဲ၊ ဒီက အတွေ့အကြုံတချို့ ရေးမလား၊ မြန်မာပြည်က အတွေ့အကြုံရေးရင် ကောင်းမလား။ စာတကြောင်း ရေးလိုက်၊ မကြိုက်တော့ Back Space ပြန်ခေါက်လိုက်။ ဘာစာမှကို မဖြစ်လာပါဘူး။ အရေးထဲမှာ ဖုန်းကလဲ တဂွမ်ဂွမ်။

ဟဲလို၊ မစ္စတာ သူ လား
ဟုတ်ပါတယ်
ဟုတ်ကဲ့၊ ကျနော်က ဘာညာဘာညာ ကုမ္ပဏီကပါ
ခင်ဗျားအိမ်မှာ တီဗွီကေဘယ်လ်လိုင်း ဆင်ဖို့ စိတ်ဝင်စားပါသလား
နိုး၊ ကျနော် စိတ်မ၀င်စားပါဘူး၊ ကျနော်
ခင်ဗျားပြောတာလဲ အားလုံး နားမလည်ပါဘူး
ကျေးဇူးတင်ပါတယ်
ဂွပ်

မဖြစ်သေးပါဘူး။ စာရေးလို့မရသေးရင်လဲ သတင်းလေး ဘာလေး ဖတ်မှလို့ စဉ်းစားပြီး သတင်းတွေ ဟိုဖတ်ဒီဖတ် ဖတ်ပြန်ပါတယ်။ မြန်မာပြည်ထုတ် သတင်းစာကိုဖတ်တော့ မွဲပြာပုဆိုး သတင်းတွေနဲ့ မမြင်ချင်တဲ့ မင်းသားအယောင်ဆောင်တဲ့ လူကြမ်း ဘီလူးပုံတွေပဲ တွေ့ပါတယ်။ ခေတ်ပြိုင်ကို ဖတ်တော့ မြန်မာ အမျိုးသမီးငယ် (၁၂)နှစ်သမီးလေးကို ထိုင်းဆိုင်ကယ်သမားက ကိုယ်ထိလက်ရောက် စော်ကားသတဲ့။ တောက် တချက်ကို ခပ်ပြင်းပြင်း ခေါက်မိပါတယ်။ ဒီကောင် တော်တော်မိုက်ရိုင်းပါလား။ ငါတို့ မြန်မာမလေးကိုကွာ။ စိတ်ထဲကနေလဲ ပျစ်ပျစ်နှစ်နှစ် ဆဲရေးမိပါတယ်။ ဒါပေမယ့် ဘာမှလဲ မတတ်နိုင်ပါ။

အားကစားသတင်းတွေ လိုက်ဖတ်မိပြန်ပါတယ်။ မြန်မာ ယူ-၂၃ အသင်းက မလေးရှား ယူ-၂၃ အသင်းကို တဂိုး ဂိုးမရှိနဲ့ နိုင်သတဲ့၊ မြန်မာ အသင်းက အင်ဒို ယူ-၂၃ အသင်းကို နှစ်ဂိုး တဂိုးနဲ့ နိုင်သတဲ့။ ဗထူးအားကစားကွင်းမှာ ပရိသတ် နှစ်သောင်းလောက် လာကြည့်ပြီး ပရိုဂျက်တာကြီးနဲ့လဲ ဘောလုံးပွဲကို ပြထားသတဲ့။ အလဲ့၊ တယ်ဟုတ်ပါလား လို့ တွေးလိုက်မိပါတယ်။ ၂၀၀၄ တုန်းက ထင်ပါတယ်။ ကျနော်တို့ မြန်မာ အသင်း စင်ကာပူနဲ့ တိုင်းဂါးဖလား အကြိုဗိုလ်လုပွဲ ကစားကြတော့ နိုင်လုခင်ခင်လေးမှာ ရန်တွေဖြစ်၊ လူသုံးယောက် အထုတ်ခံရ၊ မြန်မာ အရန် ဂိုးသမားလေးကလဲ ကွင်းဘေးကနေ စင်ကာပူ ကစားသမားတယောက်ကို ရေသန့်ဘူးနဲ့ ပစ်ပေါက်၊ အနီကဒ် ပြပြီး ကွင်းထဲက အထုတ်ခံရတော့ မဖွယ်မရာတွေ လုပ်ပြခဲ့တာကို မျက်စေ့ထဲ မြင်ယောင် မိပါတယ်။ အာဆီယံ ယူ-၁၈ ပြိုင်ပွဲကို ရန်ကုန်မှာ လုပ်တုန်းကလဲ ထိုင်းနဲ့ ကန်တော့ ထိုင်းဘောလုံးသမားလေးတွေ ထောင့်ကန်ဘော လာလာကန်ရင် စင်ပေါ်ကနေ ခဲ၊ ပြောင်းဖူးရိုးတွေနဲ့ ပစ်ပေါက်ကြပါသေးတယ်။ အခုပွဲရော ဒီလိုများ ဖြစ်နေသေးလား။ အေးအေးဆေးဆေးပဲလား ဆိုတာ မသိပါ။

ဒီလိုနဲ့ပဲ ညမိုးချုပ်လို့ မှောင်သာသွားတယ်။ ကျနော်တယောက် ဘာစာမှ ဟုတ်တိပတ်တိ မရေးဖြစ်လိုက်ပါဘူး။ ပြီးသွားပြန်ပေါ့ .. တနေ့တာ။ နောက်တနေ့ကျမှပဲ ပို့စ်အသစ်အတွက် အကြောင်းအရာ ကောင်းကောင်း တခု စဉ်းစားတော့မယ် လို့ ဆုံးဖြတ်လိုက်မိပြန်ပါတော့တယ်။

ကလိုစေးထူး

Sunday, December 17, 2006

ခရစ်စမတ်နဲ့ အတူ...

နောက် တပတ်ဆိုရင် ခရစ်စမတ်နေ့ကို ရောက်ပါတော့မယ်။ မြန်မာပြည်မှာတုန်းက ဆိုရင် ဒီလိုနေ့ရက် အချိန်တွေမှာ ခရစ်စမတ်ဆုတောင်း သီချင်းတွေကို ခရစ်ယာန် သူငယ်ချင်းတွေနဲ့ အတူတူ လိုက်ဆို၊ ဂစ်တာတီးနဲ့ အရမ်းပျော်ဖို့ ကောင်းလှပါတယ်။ ဘာသာတရားရဲ့ စည်းခြားမှုဆိုတာ အဲဒီအချိန် တဒင်္ဂလေးမှာ ဘာမှမရှိပါဘူး။ ကျနော်တို့ သူငယ်ချင်းတွေ ပြုံးပြုံးရွှင်ရွှင် ပျော်ပျော်ပါးပါးနဲ့ ဟစ်ကြွေး သီဆိုခဲ့ကြတာကို သတိရမိတော့ ဒီသီချင်းကို ဖန်တီးမိပါတယ်။

တကယ်တော့ ဒီသီချင်းကို လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက စာသားတွေက ရေးပြီးနေတာပါ။ သူများဂစ်တာကို ငှားတီးနေတော့ ပိုင်ရှင်က လာယူသွားတော့ မတင်ဖြစ်သေးတာပါ။ မနေ့ကမှ ဂစ်တာတလုံး သွားဝယ်ဖြစ်တော့ အခုမှပဲ သံစဉ်ရှာပြီး သီချင်းလား မမြောက်တမြောက် သီချင်းလေး အဖြစ် ဖန်တီးဖြစ်တာပါ။ အရင်က သီချင်းတွေကိုလဲ ကီးတွေကို ပြောသာပြောရတယ်။ မာစတာကီး မရှိပဲ မှန်းသမ်းပြီး ကြိုးညှိရတော့ တကယ်တမ်း သီချင်းကီးတွေ မမှန်ဖို့များပါတယ်။ အခု သီချင်းကတော့ မာစတာကီးနဲ့ ကြိုးညှိပြီး တီးထားတာပါ။

ဒီသီချင်းရေးတဲ့ အချိန်မှာ ကျနော့်စိတ်ထဲမှာ ကျနော်ဟာ ဘယ်ဘာသာဝင်ဆိုတာ လုံးဝ မေ့ထားပြီး ရေးခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီ စည်းတွေကို ခဏဖြစ်ဖြစ် ဖယ်ထားပြီး မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးနဲ့ ပျော်ပျော်ရွှင်ရွှင် ဒီသီချင်းလေးကို သံပြိုင်ဆိုရရင် ဘယ်လောက်ကောင်းမလဲ ဆိုပြီး စိတ်ကူးယဉ်ပြီး ရေးမိတာမို့လို့ပါ။

သီချင်းနာမည်က ခရစ်စမတ်နဲ့အတူ.. တဲ့.။ ဒီနေရာ မှာ နားထောင်ပါခင်ဗျာ။ ဒေါင်းလော့ လုပ်လိုရင်တော့ ဒီမှာ ယူပါ။ ပျော်ပျော်ပါးပါး လိုက်ဆိုကြည့်ကြပါလားဗျာ။ အားလုံးကို ကျေးဇူးပါ။


ခရစ်စမတ်နဲ့အတူ..
Intro; G C G Am D G
G C G
ဆောင်းနှင်းဖွေးဖွေး အအေးဓာတ်နဲ့အတူ ခရစ်စမတ်ရောက်ခဲ့ပြီ
Am D G D
လာပါသူငယ်ချင်း တို့အတူ ဆုံကာရယ်
G C G
လောကသားတို့ အေးချမ်းဖို့အတွက် တောင်းဆုပြုလို့ကွယ်
Am D G D
ပျော်ရွှင်စွာနဲ့ သီချင်းတွေ ဆိုကြမယ်


ခါးသီးခြင်းနဲ့ မုန်းတီးခြင်းတွေ အားလုံး မေ့လို့ကွယ်
အကြင်နာဖလှယ်လို့ မေတ္တာ သွယ်ကာရယ်
အတိတ်နေ့ရက်က ၀မ်းနည်းမှုတွေ အားလုံးထားခဲ့ကွယ်
မင်္ဂလာဒီရက် ပြုံးပျော်ပါစို့ကွယ်

G C G Am
Hallelujah.. Hallelujah ညီညီညာညာ အားလုံးဟစ်ဆို
G C G C Em
Hallelujah.. Hallelujah ပျော်ပျော်ရွှင်ရွှင် ခရစ်စမတ်နေ့ရက်
Bm Em
များစွာတိုင်အောင်ကွယ်..
Am D
ဒီကမ္ဘာမြေ၀ယ် ကောင်းခြင်းရောက်လို့..

V2 Intro Cho V2 Fade Out

Thursday, December 14, 2006

ကျနော်... သီချင်း.. ဂစ်တာ..

သီချင်းတွေ ရေးပြီး သံစဉ်ဖော်နေကျ ဂစ်တာလေးကို သူ့ပိုင်ရှင်က ကျနော့်ဆီကနေ မနေ့က လာပြန် ယူသွားပါတယ်။ အဲဒါနဲ့ပဲ ရေးလက်စ ခရစ်စမတ် သီချင်းလေးလဲ သံစဉ်မဲ့စွာနဲ့ စာသားသက်သက် ဖြစ်နေတာပေါ့။ ဂစ်တာဝယ်မှ ဖြစ်တော့မှာပါလို့ တွေးမိရင်း ကျနော်တယောက် ဂီတနဲ့ ပတ်သက်လို့ အရူးအမူးဖြစ်ခဲ့တာတွေကို ပြန်သတိရလာပါတယ်။

ကျနော်တို့ မိသားစုမှာ ဖေဖေနဲ့ မေမေက သီချင်းတွေကို တော်တော်နှစ်သက်တတ်ပါတယ်။ ကျနော်ငယ်ငယ်က ဖေဖေက သူ့အသံသြသြနဲ့ ဟင်္သာတ အောင်တင်ဝင်းရဲ့ သီချင်းတွေ မကြာခဏ ဆိုညည်းတတ်ပါတယ်။ မေမေကရော ဘာထူးသေးလဲ၊ ရေဒီယိုမှာ လာတဲ့သီချင်း တော်တော်များများကို မြတ်မြတ်နိုးနိုးနဲ့ကို လိုက်ဆိုတတ်လေ့ ရှိပါတယ်။ ဖေဖေနဲ့ မေမေ ကက်ဆက်ခွေထဲမှာ အသံသွင်းပြီး ကျနော်တို့ တတွေနဲ့ သီချင်းတွေ ဆိုခဲ့တာ မှတ်မိပါသေးတယ်။

ကျနော် စတီရီယို သီချင်းကို ပထမဆုံး နားထောင်ဖူးတာကတော့ ကိုမွန်းအောင်ရဲ့ လွမ်းရတဲ့ညတွေ လွန်ပါစေ ဆိုတဲ့ ခွေပါ။ အသံအေးအေးနဲ့ အဲဒီ သီချင်းတွေကိုတောင် ဖေဖေကတော့ အဲဒီတုန်းက မကြိုက်လို့ဆိုပြီး တခြားခွေနဲ့ လဲပစ်ပါတယ်။ ကျနော့်စိတ်ထင် ကျနော် စတီရီယို သီချင်းတွေကို စပြီးကြိုက်ခဲ့တာ ကိုမွန်းအောင်ခွေကလို့ပဲ ထင်ပါတယ်။

ဂစ်တာပိုးထခဲ့တာက ကိုးတန်းနှစ်မှာပါ။ မေမေက ကျနော် စာကြည့်စားပွဲရှေ့ထိုင်နေရင် စာကျက်နေတယ်၊ ဒါမှမဟုတ် သင်္ချာတွက်နေတယ်လို့ ထင်ပြီး တခြားအိမ်အလုပ်တွေ ဘယ်သောအခါမှ ခိုင်းလေ့ မရှိပါဘူး။ တကယ်တော့ ကျနော်က သူငယ်ချင်းတွေဆီက ငှားလာတဲ့ သီချင်းစာအုပ်တွေထဲက သီချင်းတွေကို စာအုပ်ထူထူ တအုပ်နဲ့ ကူးနေတာပါ။ နောင်တချိန် ဂစ်တာတီးတတ်ရင် တီးနိုင်အောင်လို့ ရည်ရွယ်ပြီး ဂစ်တာ လက်ကွက်တွေကိုပါ ကူးတာပါ။ အဲဒီတုန်းက ကျနော် ကူးခဲ့တာ အပုဒ်ရေ ငါးရာလောက် ကျော်မယ် ထင်ပါတယ်။ နောက်တော့ မေမေသိသွားပါတယ်။ ထုံးစံအတိုင်း အရိုက်ခံရတာပေါ့။

တနေ့မှာတော့ ဗီဒီယိုသွားကြည့်ပြီး အပြန်မှာ အတန်းထဲက သူငယ်ချင်းတွေရဲ့ လမ်းဘေးအုတ်ခုံ ဂစ်တာဝိုင်းကို ထိုင်မိပါတယ်။ သီချင်းတွေ ဟိုဟိုဒီဒီ ဆိုကြရင်းနဲ့ သူငယ်ချင်းတယောက်က ကျနော့်ကို မင်း၊ အခုလာမယ့် တန်ဆောင်တိုင်မှာ စတေ့ရှိုးဆိုမလားလို့ ပြောတော့ ဘာရမလဲ၊ ကျနော်ကလဲ ဖိုးကျိုင်းတုတ်ပေါ့ မနက်ဖန်ပဲ အဆိုတော်ဖြစ်တော့မလိုလို အားတက်သရောနဲ့ ဆိုမယ်ကွာလို့ ပြော၊ အိမ်ရောက်တာနဲ့ ဆိုဖို့ သီချင်းရေး တော့တာပါပဲ။ အဲဒီတုန်းကတော့ ဂစ်တာ မတီးတတ်သေးတော့ ကိုအက်စ်ကဲနက်ရဲ့ ပန်းမေ့ဆေး သီချင်းအလိုက်နဲ့ ကျနော့်စာသား ကော်ပီ သီချင်းတက်ဆိုခဲ့တာပါ။ သီချင်းဆိုတဲ့ ဆုလာဘ်ကတော့ အဲဒီ စတေ့ရှိုးပွဲလဲ ပြီးရော မေမေက ကျနော့်ကို ရက်တော်တော်ကြာကြာ စကားမပြောပဲနေတဲ့ အပြစ်ပေးတာပါပဲ။

အဲဒီလိုနဲ့ သီချင်းရူး၊ အဆိုတော်ရူး လုပ်လိုက်တာ ဆယ်တန်းကို ဘုန်းကနဲနေအောင် တနှစ်ကျသွားပါတယ်။ ဆယ်တန်း ဒုတိယနှစ် တက်တော့ မေမေက ဒီနှစ်တော့ အဲဒါကို အောင့်ထားလိုက်ပါ သားရယ်လို့ ချော့ချော့ မော့မော့ ပြောရှာပါတယ်။ ဒါတောင် မေမေ လစ်ရင် လစ်သလို ဂစ်တာတီး သင်လိုက်တာ ဟိုတပုဒ် ဒီတပုဒ် တီးတတ်လာပါတယ်။ ကျောင်းပိတ်ခါနီး ခရစ်စမတ်ပွဲအနေနဲ့ ကျောင်းစတေ့ရှိုးလုပ်တော့ မနေနိုင်လွန်းတာနဲ့ မေမေမသိအောင် ဟော်လိုဂစ်တာတွေနဲ့ သီချင်းခိုးတိုက်ပါတယ်။ မေမေက ကျနော် သီချင်းတက်ဆိုမှာစိုးလို့ ရှက်ပြီး မဆိုရအောင်ဆိုပီး ကျနော့်ကို ကတုံးတုံးထားပါတယ်။ ဒါပေမယ့် ပွဲလုပ်တဲ့နေ့မှာတော့ ကျနော်တယောက် ကတုံးပြောင်ကြီးနဲ့ သီချင်းဆိုရင်းနဲ့ စင်အောက်က မေ့မေ့ကို မရဲတရဲ လှမ်းကြည့်တော့ မေမေမျက်ရည်တွေ အ၀ဲသားနဲ့ ကြည့်နေပါတယ်။ စင်ပေါ်က ဆင်းလာတော့ ကျနော့်ကို ပြုံးပြီး ကဲ၊ ဘယ်လိုလဲ ကျေနပ်ပြီလားလို့ မေးပါတယ်။ အဲဒီနှစ်က ကျနော် ဆယ်တန်းအောင်ခဲ့ပါတယ်။ ကြိုးစားပမ်းစားနဲ့ကို ဓာတုဗေဒ အောင်မှတ် လေးဆယ်ရအောင် နှစ်နှစ်ကြီးများတောင် ဖြေခဲ့ရပါတယ်။

ဆယ်တန်းအောင်စာရင်းထွက်ပြီး တလလောက်အကြာမှာ ဖေဖေကျနော်တို့မြို့ကို ပြန်အလာမှာတော့ ကျနော် သိပ်လိုချင်ခဲ့တဲ့ ဂစ်တာဝယ်လာပါတယ်။ စမ်းချောင်းကနေ သူကိုယ်တိုင် သေချာ အော်ဒါမှာလာတာလို့ ပြောပါတယ်။ သီချင်းစာအုပ် တချို့ပါ ၀ယ်လာပါသေးတယ်။ ပျော်လွန်းလို့ အဲဒီညကဆို ကျနော် အိပ်လို့တောင်မပျော်ပါဘူး။ ကျနော် ဂစ်တာတီးနေတဲ့ ပုံတွေကို ဖေဖေက ဓာတ်ပုံရိုက်ထားပါသေးတယ်။ အခုတော့ အဲဒီဂစ်တာလေးလဲ အတော်အိုလှပါပြီ။ အိမ်မှာ ဒီအတိုင်းထားခဲ့တာ ဆွေးများဆွေးနေမလားတောင် မသိပါ။ အဲဒီ ဂစ်တာနဲ့ ဟိုရေး ဒီရေး ရေးခဲ့တဲ့ သီချင်းလေးတွေလဲ အိမ်မှာပဲ ဒီတိုင်း ကျန်ခဲ့ပါတယ်။

မြန်မာပြည်မှာ ကာရာအိုကေတွေ ခေတ်စားလာတော့လဲ ကျနော် တော်တော် အရူးထလိုက်ပါသေးတယ်။ လိုက်ဆိုရုံ အရူးထတာ မဟုတ်ပါဘူး။ ကြိုက်တဲ့ သီချင်းတွေကို ရွေး၊ ပြီးရင် ကက်ဆက်ခွေနဲ့ အသံသွင်း၊ ခင်တဲ့ သူငယ်ချင်းတွေကို နားထောင်ချင်မှန်းမသိ၊ မထောင်ချင်မှန်းမသိ ဖွင့်ပြနဲ့ သူငယ်ချင်းတွေ ခမျာမှာ ကျနော့်ဒဏ်ကို အတော်ခံရပါတယ်။ အဲဒီအတွက်လဲ ငွေတော်တော်ကုန်ခဲ့ပါတယ်။

တကယ်တော့ သီချင်းတွေဟာ ကျနော့်အတွက်တော့ စိတ်ရဲ့ ထွက်ပေါက်ပါ။ ငယ်ငယ်က အရိုက်ခံရလို့ အရမ်း ၀မ်းနည်း ငိုကြွေးခဲ့ရရင်လဲ သီချင်းနားထောင်ရရင် ကျနော် စိတ်ပြေပါတယ်။ အခု အရွယ်ရောက်လာတော့လဲ စိတ်ညစ်တာကို သီချင်းနားထောင်ရင်း၊ အော်ဆိုပစ်ရင်းနဲ့ ဖြေဖျောက်ပစ်ရပါတယ်။ ဟိုရေး ဒီရေး ချရေးဖြစ်တဲ့ သီချင်းတွေကျတော့လဲ စိတ်ခံစားချက်ရဲ့ ထွက်အံလာတဲ့ စကားသံစဉ်တွေ ဖြစ်မလားပါပဲ။

အခုလောလာဆယ်တော့ သံစဉ်မရှိသေးတဲ့ ခရစ်စမတ် သီချင်းစာသားလေးတွေက သူ့အတွက် သံစဉ်ကို စောင့်မျှော်နေတယ်။ ဂစ်တာ မရှိလဲ ရှာကြည့်မယ်ကွာ ဆိုပြီး လိုက်ညည်းမိပါတယ်။ ~~~ ဆောင်းနှင်း ဖွေးဖွေး အအေးဓာတ်နဲ့ အတူ ~~~~ ခရစ်စမတ် ရောက်ခဲ့ပြီ ~~~။ ~~~ လာပါသူငယ်ချင်း ~~~ တို့အတူ ဆုံကာရယ် ~~~ လောကသားတို့ အေးချမ်းဖို့အတွက် ~~~ တောင်းဆုပြုလို့ရယ်~~ ။ ပျော်ရွှင်စွာနဲ့ ~~~ သီချင်းတွေ ဆိုကြမယ်။ ကဲ.. ဂစ်တာ ၀ယ်ဖြစ်မှ သီချင်းဖြစ်အောင် သံစဉ်ရှာတော့မယ်ဗျာ။ အားလုံး ကျေးဇူးပါ။


ကလိုစေးထူး

Tuesday, December 12, 2006

အလင်းအားမာန်..

ဒီသီချင်းကို ရေးဖို့ စိတ်ကူးကိုတော့ မမေဓာဝီရဲ့ ဘလော့က အမှောင်ကွယ်ပျောက် အလင်းရောက်လျှင် ဆိုတဲ့ ပို့စ် ဖတ်ပြီးတော့ ရပါတယ်။ အဲဒီပို့စ်ကို ဖတ်ပြီးကတည်းက ကျနော့်ကိုယ် ကျနော် မေးခွန်းတွေ ထုတ်မိပါတယ်။ အမှောင်တွေကလွတ်အောင် အားစိုက်သူထဲမှာ ကျနော်ပါရဲ့လား၊ ဒါမှမဟုတ် ချောင်ကွယ်လေးမှာ မျက်စိမှိတ်ပြီး မသိသလို ကြိတ်မှိတ်နေမိသေးလား။

တကယ်တော့လဲ ကျနော်တို့တတွေ အမှောင်နဲ့ အသားကျနေတာ တော်တော်ကြီး ကြာခဲ့ပါပြီ။ တချို့များတော့ အလင်းကို တွေ့ရမှာကိုတောင် ကြောက်ရလောက်အောင် အမှောင်တွေက ပိန်းပိတ် နေပါပြီ။ တချို့ကျတော့လဲ အလင်းကို ရဖို့အတွက် အသက်တွေ၊ ဘ၀တွေ ပေးဆပ်လို့ပေါ့။

အဲဒီလိုနဲ့ပဲ ဒီသီချင်းကို ရေးမိပါတယ်။ ဂီတ၀ါသနာနဲ့ စိတ်ခံစားချက်ကိုသာ ပေါင်းစပ်ပြီး ရေးဖွဲ့ထားတာမို့ တီးလုံးဖော်စပ်မှုနဲ့ ဂစ်တာတီးခတ်မှုမှာ အားတော်တော် နည်းနေတာ ကိုယ့်ကိုယ်ကို သတိထားမိပါတယ်။ ကျနော့်ထက် သာလွန်စွာ တီးခတ်နိုင်မယ့် သူငယ်ချင်း တယောက်ယောက်က ဒီသီချင်းကို မွမ်းမံပေးရင်တော့ အတိုင်းအထက်အလွန် ၀မ်းသာမိမှာပါ။ C-Key နဲ့ တီးထားတာပါ။ ဒီနေရာ မှာ နားထောင်ပါခင်ဗျာ။ ဒေါင်းလော့ လုပ်လိုရင်တော့ ဒီမှာ ယူပါ။

အလင်းအားမာန်
Intro; C G Am Em F G C G

C G Am Em
မျှော်လင့်ခြင်းရဲ့ အခန်းငယ်လေး.. အမှောင်တွေက ပိတ်ဖုံးလို့နေ
F G C G
ငိုကြွေး မှိုင်တွေး ပူဆွေးမှုနဲ့ အထီးကျန်နေ
C G Am Em
အမှန်တရားတံခါး ပိတ်ကာနေ.. အလိမ်အညာတွေသာ ဖုံးလွှမ်းလို့နေ
F G C G
အကြောက်တရားများ စိုးမိုးလို့ မည်းမှောင်နေ


လူတွေ အားလုံး ငေးမှိုင်နေ.. ပျော်စရာဆိုတာ ဆိတ်သုန်းလို့နေ..
မုသားတွေနဲ့ ယဉ်ပါးခဲ့ရ နှစ်ကြာရှည်
လူမဆန်ရက်စက်တဲ့သူတွေ အနိုင်ယူနေပေ ဒီအခန်းမလေ
ချစ်ခြင်းတွေ ကင်းမဲ့ ရက်စက်မင်းမူနေ
Am G Em Am

Cho;တွေဝေပြီးတော့ ငေးနေမလား..
Em Am
ချောင်ကွယ်မှာ ကြိတ်မှိတ် ငုံ့ခံမလား
F G C C7
သာယာမိန်းမောမှုနဲ့ အတ္တတို့ ကြီးနေမလား..
Am G Em Am
အမှောင်ကို ကြိုးစားခွင်းစို့လား..
Em Am
လာလေ ရှေ့ဆက် တို့အတူသွား..
F G (F Em Dm C)
အလင်းများ ရဖို့အတွက်.. အားမာန်များ..
Intro V1 V2 Cho;



Friday, December 08, 2006

ကျနော်နှင့် တိုင်းရင်းသားများ

ကျနော့်ကို တယောက်ယောက်က မင်းဘာလူမျိုးလဲ မေးရင် အတော်ဖြေရ ခက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော့် မေမေဘက်က အဘိုးက ကရင်၊ အဘွားက ကရင်-ဗမာ ကပြား၊ အဲဒီတော့ မေမေ့ဆီမှာက ကရင်သွေး သုံးမတ်လောက် ပါတယ်။ ဖေဖေတို့ကတော့ အညာသား မျိုးရိုးတွေဆိုတော့ ဗမာပဲ ထားပါတော့။ အဲဒီတော့ ကျနော်က ကရင်လား၊ ဗမာလား ဘာကောင်ကြီးမှန်း မသိတဲ့ တိုင်းရင်းသား တခုခု ဖြစ်နေတာပေါ့။ ဗမာဘက်ကို ပိုများတယ်လို့ ယူဆမိတော့ သူများမေးလာရင် ဗမာလို့ပဲ အလွယ်ဖြေဖြစ်ပါတယ်။

ကျနော် ငယ်ငယ်တုန်းက ကရင်ဒုံးအကကို ကောင်းကောင်းကြီး ကတတ်တာကို ခပ်ရေးရေး မှတ်မိနေပါသေးတယ်။ ဖေဖေမေမေက ဖြစ်ဖြစ်၊ အဘိုးက ဖြစ်ဖြစ် ကျနော့်ကို မြှောက်ပင့်ပြီး ကရင် ဒုံးအကခိုင်းရင် ကပြလေ့ရှိပါတယ်။ အမြှောက်ကြိုက်ပုံများ ငယ်ငယ်ကတည်းက ဗီဇကလေးနဲ့ လာတာ။ တကယ်လို့များ ကျနော်တို့ မိသားစု ရန်ကုန်ကိုသာ မပြောင်းဖြစ်ခဲ့ကြရင် ကျနော်ဟာ ကိုယ့်ကိုယ်ကို ဗမာသွေးပါတယ်ဆိုတာ လုံးဝကြီး မေ့သွားစရာရှိပါတယ်။

မိဘတွေရဲ့ အလုပ်အကိုင်အခြေအနေအရ ရွှေမြို့တော် ရန်ကုန်ကို ပြောင်းလာပြီးတဲ့ နောက်ပိုင်းမှာတော့ ကျနော်တယောက် ကိုယ့်ကိုယ်ကို ကရင်သွေးပါတယ်ဆိုတာတောင် မေ့သွားလောက်အောင် ဗမာတော တိုးခဲ့ပါတော့တယ်။ တနည်းအားဖြင့် ပြောရရင် ဗမာပါးဝတယ်ပေါ့။ ဗမာမျိုး၊ ဗမာနွယ်၊ ဗမာဝန်းကျင်ကြားမှာ ဆယ်စုနှစ် တခုကြာအောင် ကောင်းကောင်းကြီးကို မြို့ကြီးသားကြီး လုပ်ခဲ့တာပေါ့။ ကရင်စကားဆိုတာလဲ တလုံးမှကို မသိတော့ပါ။

၁၉၉၀ ပြည့်နှစ်မှာ မေမေနဲ့ အတူ ကျနော်တို့ မြို့လေးကို ပြန်ပြောင်းခဲ့ရတော့ ဇာတိမြို့က သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေက ကျနော့်ကို ရန်ကုန်သားလို့ ကျီစယ်ပြီး ခေါ်ကြပါတယ်။ သူတို့တတွေ့ရဲ့ နားထဲမှာ ကျနော်ပြောတဲ့ လေသံက ရန်ကုန်သံ ပေါက်နေသတဲ့၊ အမှန်က ကျနော့်နားထဲမှာလဲ သူတို့လေသံက ၀ဲနေပါတယ်။ ကျနော် ကျောင်းစတက်တဲ့နေ့က ဆိုရင် အတန်းထဲမှာ ဆရာမက နာမည်စာရင်းခေါ်တော့ ကျောင်းသား တယောက်ယောက်ကို ခေါ်ရင် ရှိပါတယ်ခင်ဗျ လို့ ထူးရမှာကို စကားသံ ၀ဲတဲတဲ မပီတပီနဲ့ ဆိပါတယ်ခင်ဗျ၊ ကျောင်းသူဆိုရင် ဆိပါတယ်ဆင့် လို့ ထူးကြတာကို စိတ်ထဲကတောင် ကြိတ်ရယ်နေမိခဲ့ ပါသေးတယ်။ နောက်များတော့လဲ အဲဒီ ပတ်ဝန်းကျင်မှာပဲ ကျနော်လဲ မွေ့လျော်ရင်းနဲ့ပဲ ရှ နဲ့ ဆ ကို မပီတော့တဲ့ အဲဒီ လေသံ ၀ဲတဲတဲ ဖြစ်လာပါတော့တယ်။

ကျနော်တို့မြို့လေးက ကျနော်နေတဲ့ ရပ်ကွက်မှာ မွန်တိုင်းရင်းသားတွေ အတော်များပါတယ်။ တခါတလေ မြို့ခံတပ်ကို ပုန်ကန်သူ တပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းပစ်ကြတဲ့ အခါ အိမ်နီးနားချင်းက မွန်မိသားစုတွေ သူတို့ အချင်းချင်း ကလိန်းညော့၊ ကလိန်းညော့ (လာလာ) လို့ မွန်လိုခေါ်ရင်း ဗုံးခိုကျင်းတွေထဲ ပြေးဝင်သွားကြတတ်ပါတယ်။ အဲဒီနောက်မှာတော့ ကျနော်လဲ မွန်သူငယ်ချင်းတွေ အထိုက်အလျောက် ရလာတော့ မွန်တယောက်ယောက်ကို တွေ့ရင် “ဟေ့၊ ပြတ်၊ အာ့လော့ဒေါ်” (သူငယ်ချင်း၊ ဘယ်လဲကွ) လို့ နှုတ်ဆက်တတ် လာပါတယ်။

ကရင်သူငယ်ချင်းတွေနဲ့ ဆုံတော့လဲ ဒီလိုပါပဲ။ ဝေး၊ ကျော် လို့ အစချီ နှုတ်ဆက်ရင်း မူးနော်လေးတွေရဲ့ အိမ်သွားသွားလည်၊ နအဲ့ရာ အော့လဗုံနော် လို့ မပီတပီပြောရင်း ကရင်သားလေး လုပ်ခဲ့ပြန်တာပါပဲ။ စိတ်ထားဖြူစင်လှပြီး အမြဲတမ်း ကြည်စင်စွာ ပြုံးနေတတ်တဲ့ ကရင် လူမျိုးတွေကို ခင်မင်လှပါတယ်။ အဲဒီလိုပဲ ကျနော့်ကို မွေးဖွားခဲ့တဲ့ ကရင်ပြည်နယ်ကိုလဲ ပိုချစ်တတ်လာပါတယ်။

ဇာတိမြို့လေးမှာ အနေကြာလာတာနဲ့ အမျှ တိုင်းရင်းသား သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပိုထိတွေ့လာရတော့ သူတို့ တတွေရဲ့ စိတ်ကို နားလည်လာသလို သူတို့တတွေရဲ့ ခံစားချက် တခုကို သတိထားမိလာပါတယ်။ အဲဒါကတော့ ဗမာလူမျိုးနဲ့ ပတ်သက်တဲ့ ခံစားချက်တခုပါ။ ဗမာဟေ့ ဆိုတာနဲ့ သူတို့က သတိကြီးစွာထားပြီးတော့ကို ဆက်ဆံပါတယ်။ တချို့များဆိုရင်တော့ ဗမာဆိုတာနဲ့ မုန်းနေတဲ့ အဆင့်ထိတောင် ရောက်နေတာကို ၀မ်းနည်းဖွယ် တွေ့လာရပါတယ်။

တကယ်တော့ သူတို့တတွေ အခုလိုကြီး ဖြစ်ပျက် ခံစားနေတာဟာ အသားလွတ်ကြီး သက်သက်တော့ မဟုတ်ပါဘူး။ ကိုလိုနီခေတ်က လက်ကျန် အမွေဆိုးတချို့ရယ်ကြောင့်တွေနဲ့ ယခုလက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်များရဲ့ တိုင်းရင်းသားတွေအပေါ် ဆက်ဆံပုံ မူမမှန်တာတွေ၊ ရက်စက်ကြမ်းကြုတ်တာ တွေကြောင့် ဗမာလူမျိုးစုတွေဟာ အခြား အခြားသော တိုင်းရင်းသားလူမျိုးတွေ အတွက် သတိထား ဆက်ဆံစရာနဲ့ မုန်းတီးစရာ လူမျိုးတွေ ဖြစ်လာရပါတော့တယ်။ ပိုဆိုးတာက ဗမာလူမျိုးက မြန်မာနိုင်ငံမှာ အင်အားအကြီးမားဆုံး လူမျိုးဖြစ်နေတဲ့ အတွက် တခုခု ပြောမိလုပ်မိတိုင်းမှာ လက်လွတ်စပယ် ပြောဆိုမိ၊ လုပ်ဆောင်မိတာနဲ့ လူနည်းစု တိုင်းရင်းသားများအနေနဲ့ ဒါဟာ သူတို့ကို ခွဲခြားတယ်၊ု ဖိနှိပ်တယ်လို့ အထင်ရောက်ခဲ့ ပါတော့တယ်။

ကြုံတုန်း တကယ့် အဖြစ်အပျက် တခုကို ပြောပြချင်ပါ သေးတယ်။ ဟိုး ကရင် တောနယ်ရွာလေး တရွာကနေ ကျနော်တို့ မြို့လေးမှာ ကရင်လုလင်လေး တယောက် ကျောင်းလာတက်ပါတယ်။ တနှစ်တာ ကျောင်းတက်၊ စာမေးပွဲတွေ ဖြေပြီးတော့ သူ့ဇာတိ ကရင်ရွာလေးကို ပြန်သွားတော့ သူ့အမေက သူ့ကို ဗမာတောမှာ ကျောင်းသွားတက်တာ ဗမာလေသံ ၀ဲလာပါတယ်ဆိုပြီး စကားကောင်းကောင်း မပြောပါဘူးတဲ့။ ပြီးတော့ ပြောပါသေးတယ်တဲ့၊ နင်ဟာ ဗမာတောမှာ သွားနေလာတော့ ဗမာ အကျင့်တွေ ကူးလာပြီလို့ ပြောသတဲ့။ တကယ်တော့ အဲဒီ ကရင် အမယ်ကြီးမှာ အလွန် မရှိပါဘူး။ သူတို့ ရွာလေးကို စစ်ဆင်ရေးထွက်ကြတဲ့ စစ်တပ်တွေ ၀င်လာကြတိုင်း ကြက်ယူ၊ နွားယူ၊ ဆန်ယူ၊ ဆီယူ အကုန်ယူလွန်းလို့ သူ့စိတ်ထဲမှာ ဒါတွေဟာ ဗမာ စစ်တပ်တွေ၊ ဗမာတွေဟာ ဒီလိုပဲ အနိုင် သိပ်ကျင့်တဲ့ လူတွေလို့ စွဲနေအောင် ခံစားနေရလို့ပါ။

ကျနော် ဆယ်တန်းအောင်လို့ ဘားအံမှာ အဝေးသင် တက္ကသိုလ် လေးနှစ်တက်ရတုန်းကလဲ ဒီလိုပါပဲ။ တိုင်းရင်းသား လူမျိုးစု သူငယ်ချင်းတွေက ကျနော်တို့ကို သတိကြီးစွာ ထားပြီး ဆက်ဆံတာကို ၀မ်းပန်းတနည်း ခံစားရပါတယ်။ ဒီကြားထဲ ဗမာလူမျိုး ကျောင်းသားတယောက်ယောက်က တိုင်းရင်းသား သူငယ်ချင်း တယောက်ယောက်ကို အမှားလုပ်မိရင်တော့ ပိုဆိုးပါတော့တယ်။ ဗမာဆိုတဲ့ လူတွေ တော်တော် ဆိုးတာပဲ၊ တို့နိုင်ငံမှာ သူတို့က လူများစုဆိုပြီး ငါတို့ကို ဒီလို လုပ်ကြတာလို့ ထင်တဲ့အထိကို ဖြစ်ကုန်ပါတော့တယ်။ လူမျိုးစွဲလို့ လဲ မစွပ်စွဲရက်တာတော့ အမှန်ပါ။ သူတို့တတွေ ခမျာမှာလဲ ထောက်ပြစရာ အဖြစ်အပျက်ဆိုးတွေက ရှိနေမှာပါ။

အခုဆိုရင်ဖြင့် ၂၁ ရာစုရဲ့ ခြောက်လှမ်းမြောက် ခြေလှမ်း ၂၀၀၆ကို လွန်လို့ ၂၀၀၇ ကို မျက်စပစ်နေပါပြီ။ ကျနော်တို့ နိုင်ငံက ဆင်းရဲတုန်း၊ နိုင်ငံတကာမှာ မျက်နှာငယ်တုန်းပါပဲ။ မင်းဘယ်က လာတာလဲ မေးလို့ ဘားမားကလို့ မေးတာနဲ့ မသိဘူးကွလို့ ဖြေတာကမှ တော်ပါသေးတယ်။ အော်၊ အဲဒါ ဆင်းရဲပြီး အာဏာရှင် အုပ်ချုပ်နေတဲ့ နိုင်ငံပဲကွလို့ ခဏ ခဏ အဖြေခံရလွန်းလို့ အသည်းနာရပေါင်းလဲ များပါပြီ။ ဒီကြားထဲကမှ ရေစက်ဆုံလို့ မိတ်ဆွေဖြစ်ခွင့်ရတဲ့ မြန်မာနိုင်ငံသား အချင်းချင်း ဗမာလူမျိုးဆိုပြီး ထပ်မံခွဲခြား၊ သတိထား ဆက်ဆံခံရရင်တော့ ပိုလို့ ၀မ်းနည်းစရာ ကောင်းလှပါတယ်။

လူဆိုတဲ့ သတ္တ၀ါဟာ အခြားသော သတ္တ၀ါတွေထက် အသိဉာဏ်မြင့်မားသလို ပြသနာတွေကို ဖန်တီးတဲ့ နေရာမှာလဲ လူကို ဘယ်သတ္တ၀ါမှ မမှီပါဘူး။ ဒါပေမယ့် ပြသနာတွေကို ဖန်တီးတာဟာ ဘယ်သူလဲ ဆိုတာတော့ ခွဲခြား သိစေချင်လှပါတယ်။ မောင်လှ မကောင်းရင် မောင်လှ၊ မောင်မြ မကောင်းရင် မောင်မြ ဖြစ်သင့်ပါတယ်။ မောင်လှနဲ့ မောင်မြဟာ ဒီလူမျိုးစု ဖြစ်တဲ့ အတွက် အဲဒီလူမျိုး တခုလုံးက လူတွေကို သတိထားသင့်တယ်၊ ဒီလူမျိုးတွေ မကောင်းဘူးလို့ စွဲမှတ်ထင်လိုက်တာဟာ သိပ်ဝမ်းနည်းစရာ ကောင်းလှပါတယ်။ အဲဒီလို ခွဲခြား သိမြင်ခြင်း အားနည်းလို့ပဲ ထင်ပါတယ်။ အရင်က နိုင်ငံ ၉၀ ကျော်သာ ရှိခဲ့တဲ့ ကမ္ဘာ့မြေပုံပေါ်မှာ အခုဆိုရင် နိုင်ငံ ၂၀၀ နီးပါး နေရာယူနေပါပြီ။ နောက်ထပ်လဲ ထပ်တိုးလာကောင်း တိုးလာအုံးမှာပါ။

တကယ်လို့များ ကျနော့်ကို မွေးဖွားတဲ့ ဖေဖေနဲ့ မေမေဟာ ဗမာတွေ မဟုတ်တဲ့ တခြားသော တိုင်းရင်းသား တခုခုဖြစ်ခဲ့ရင်လဲ ကျနော်ဟာ အဲဒီ တိုင်းရင်းသား ဖြစ်ခဲ့မှာ အသေအချာပါ။ ကျနော့်မိဘတွေက ဟိုးအာဖရိက တိုင်းပြည်က လူမည်းတွေ ဖြစ်ခဲ့ရင်ရော??။ ကျနော့်မှာ ရွေးချယ်ခွင့် မရှိပါ။ အာဖရိက တိုင်းရင်းသား လူမည်းလေး ဖြစ်နေအုံးမှာ အသေအချာပါပဲ။ ဒီတော့ ကျနော်တို့တတွေ လုပ်နိုင်တာ တခုပဲ ရှိပါတော့တယ်။ မတူတာကို တူအောင် ကြိုးစား ညှိကြပြီး လူ့ဘောင် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ နေထိုင်ဖို့ပါပဲ။

မြန်မာချင်း အတူတူ တိုင်းရင်းသား တယောက်ယောက်က ကျနော့်ကို နင်တို့ ဗမာတွေက မကောင်းဘူးလို့ ပြောတာ ခံရတိုင်း စိတ်ဆိုးရမယ့် အစား ကျနော်ဝမ်းနည်းပါတယ်။ ဗမာဆိုတဲ့ လူမျိုးအနေနဲ့ ၀မ်းနည်းခြင်း မဟုတ်ပါဘူး။ လူကို ခွဲခြားပြီး မမြင်ပဲ အတိတ်က အရိပ်ဆိုးကြီး ကပ်တွယ် ငြိနှောင်နေတာကို စဉ်းစားမိပြီး ၀မ်းနည်းတာပါ။ ဒါတွေ ဘယ်တော့များမှ ပျောက်ကွယ်မှာပါလိမ့်။ ကျနော်မသိပါ။ ဘယ်သူမှလဲ တိကျတဲ့ အဖြေ တခု ပေးနိုင်လိမ့်မယ် မထင်ပါ။ တချိန်ချိန်တော့ ဒါတွေ ပျောက်ကွယ်လောက်ပါရဲ့လို့ တွေးမိရင်း ဒီစာစုကို ရေးလိုက်ပါတယ်။

ကလိုစေးထူး

Tuesday, December 05, 2006

ကဗျာ တပုဒ် ရေးမိပြန်ခြင်း..

မိသားစု တခုမှာ အိမ်သူအိမ်သားတွေ စိတ်အေးချမ်းသာ နေနိုင်ဖို့က မိသားစုဝင် တဦးချင်းဆီမှာ တာဝန်ကိုယ်စီ ရှိကြတာ မှန်ပေမယ့် အိမ်ထောင်ကို ဦးစီးဦးရွက် ပြုနေတဲ့ လူက ဖောက်လွဲဖောက်ပြန် လုပ်နေရင်၊ ဒါမှမဟုတ် အသုံးမကျ ဖြစ်နေခဲ့ရင် အဲဒီ မိသားစုဟာ လူ့ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရ ရှာပါတယ်။ ဒီလိုပါပဲ။ နိုင်ငံ တနိုင်ငံ တိုးတက်ဖို့၊ ကမ္ဘာ့ အလယ်မှာ မျက်နှာမငယ်ရဖို့က နိုင်ငံသားတွေ အားလုံးမှာ တာဝန်ရှိတာ မှန်ပေမယ့် အဲဒီ နိုင်ငံကို အဓိက ဦးစီးဦးရွက် ခေါင်းဆောင်လုပ်နေတဲ့ ပုဂ္ဂိုလ်များရဲ့ အခန်းကဏ္ဍဟာလည်း အဓိက အရေးပါ လှပါတယ်။ ခေါင်းဆောင်တွေက ပညာမဲ့၊ အသိမဲ့နေရင်တော့ သွားရောပေါ့.. ဒီတိုင်းပြည်။

အကောင်းတွေ လုပ်နေပါတယ်လို့ တစာစာအော်နေတဲ့ ပုဂ္ဂိုလ်များရဲ့ ကောင်းကွက်ကို ရှာချင်လွန်းပေမယ့် ကောင်းကွက်က နတ္တိ၊ ရူးကြောင်ကြောင် အလုပ်တွေသာ လျှောက်လုပ်နေတဲ့ ပုဂ္ဂိုလ်များကို ချီးကျူးချင်စိတ် ပေါ်လာတာနဲ့ ကဗျာ တပုဒ်ရေးပြီး သူတို့အတွက် ဂုဏ်ပြုလိုက်ပါတယ်။ ကျနော် ရေးနေကြ စတိုင်လ် အတိုင်းပေါ့။ ကျနော်ပေးထားတဲ့ မက်ဆေ့က ကဗျာထဲမှာ မရှိပါဘူး။ ကဗျာနာမည်က အတွေးတစတဲ့။

အတွေးတစ..

နဝေတိမ်တောင် အူကြောင်ကြောင်နဲ့
လရောင်မဲ့တဲ့ အမှောင်ညက
ပိန်းပိတ်အောင် အရောင်ခနေလေရဲ့ ..။
တုံးအလွန်းတဲ့ ငါဆိုတဲ့ ငါကိုက
အလိုမကျမှု ပရပွနဲ့
သုံးမရမှုတွေ အနန္တ ဖြစ်နေခဲ့ပြီလား..။
မရမက ကြိုးစားလဲ
ကျရှုံးမှုတွေက များလွန်းလှတော့
နဂိုကတည်းက ပြိုလဲလုလုနဲ့ငါ
အခုတော့ …
ဖရိုဖရဲ ဘ၀များထဲမှာ ....။


ကလိုစေးထူး

Monday, December 04, 2006

မြေကြီးထဲမှ နတ်ဆိုး..


မြေကြီးဆိုတာဟာ လူတွေအသက်ရှင် ရည်တည်ဖို့အတွက် မရှိမဖြစ်သော အရာပါ။ မြေကြီးပေါ်မှာ လူတွေဟာ စိုက်ပျိုး စားသုံးကြတယ်။ မြေကြီးပေါ်မှာ လူတွေဟာ ဆောက်လုပ် နေထိုင်ကြတယ်။ မြေကြီးပေါ်မှာ လူတွေဟာ သွားလာ လှုပ်ရှားကြတယ်။ ဒါပေမယ့်လဲ မြေကြီးပေါ်မှာ လူတွေဟာ အချင်းချင်း တိုက်ခိုက် သတ်ဖြတ်လာကြတဲ့ အခါကျတော့ ၀မ်းနည်းကြေကွဲဖွယ်ရာ အဖြစ်ဆိုးတွေက မြေကြီးပေါ်မှာ ဖြစ်ပျက်စေခဲ့ ပါတယ်။ အဲဒီ တိုက်ခိုက်ပွဲတွေရဲ့ ခေတ်မီတိုးတက်လာမှု နောက်ကွယ်မှာ မြေကြီးကို ရဲရဲ မနင်းရဲတော့တဲ့ အခြေအနေတွေက ကမ္ဘာ အနှံ့မှာ ပေါ်ပေါက် လာခဲ့ရပါတော့တယ်။

မြေမြုပ်မိုင်းတွေဟာ ဒီဘက် ခေတ်ပိုင်းတွေမှာ စစ်ပွဲတွေရဲ့ မရှိမဖြစ် ဇာတ်လိုက်လို အရေးပါနေခဲ့တာ အတော် ကြာခဲ့ပါပြီ။ အုပ်ချုပ်သူတွေရဲ့ တပ်ဖွဲ့တွေဘက်ကရော၊ ပုန်ကန်သူတွေရဲ့ တပ်ဖွဲ့တွေကပါ မိမိခြေကုပ်ရယူ စိုးမိုးထားတဲ့ နယ်မြေကို ပိုမို ထိန်းချုပ်နိုင်ဖို့နဲ့ တဖက်ရန်သူကို အထိနာစေရန် ရည်ရွယ်ချက်တွေနဲ့ မြေမြုပ်မိုင်းတွေကို အဆင်ပြေ အလျဉ်းသင့်သလို သုံးစွဲကြပါတယ်။ အဲဒီလိုနဲ့ပဲ လူသားတွေရဲ့ အချင်းချင်း ရန်လိုမှုတွေရဲ့ ပြယုဂ်အဖြစ် မြေမြုပ်မိုင်းတွေဟာ လူတွေရဲ့ ခြေထောက်တွေ၊ ဘ၀တွေကို ပိုင်းဖြတ်၊ ချိုးဖျက်ပစ်ဖို့ အသုံးတော်ခံ ဖြစ်လာ ခဲ့ပါတော့တယ်။

မြေမြုပ်မိုင်းရဲ့ ထိရောက်တဲ့ ခြိမ်းခြောက်မှုကို စတင်သိခဲ့တာကတော့ ကျနော် ပေါ်တာအဖြစ် လိုက်ခဲ့ရစဉ်တုန်းကပါ။ ခရီးသွားနေတဲ့ စစ်ကြောင်းတခု တန့်သွားစေဖို့ မြေမြုပ်မိုင်းကို သုံးကြတဲ့ အခါကျတော့ လမ်းသွားရင် အတော်ကြီးကို သတိထားရပါတယ်။ တယောက် မိုင်းနင်းမိရင် သူ့ကို ထမ်းဖို့ အနည်းဆုံး နောက်ထပ် လေးယောက်လိုအပ်ပါတယ်။ အခန့်မသင့်ရင် တခါတည်းလဲ အသက်ပါ ပါသွားစေနိုင်ပါတယ်။ အဲဒါကြောင့် အဲဒီတုန်းကဆိုရင် ကျနော်ဟာ ဘေးဘီကို ဘယ်ကိုမှ မကြည့်ရဲပဲ ရှေ့ကလူ နင်းသွားတဲ့ ခြေလှမ်းကို ထပ်ချပ်မခွာ အတတ်နိုင်ဆုံး ရအောင် လိုက်နင်းခဲ့ပါတယ်။

တခါတုန်းကလဲ ကျနော်တို့ မြို့ကလေးရဲ့ နယ်မြေခံ စစ်တပ်အနီးမှာ နွားသွားကျောင်းမိတဲ့ ကောင်လေးတယောက် မိုင်းနင်းမိတာ အသက်ပါ ဆုံးရှုံးခဲ့ရဖူးပါတယ်။ သားကို ဆုံးရှုံးသွားလို့ ငိုကြွေးနေတဲ့ သူ့အမေရဲ့ အငိုမျက်နှာကို အခုထိတိုင်အောင် မမေ့နိုင်ပါဘူး။ ပြောချင်တာက ဒီမြေမြုပ်မိုင်းဆိုတဲ့ မိစ္ဆာဟာ အပြစ်မဲ့တဲ့ အရပ်သား ပြည်သူတွေကိုလဲ ချမ်းသာမပေးခဲ့ပါဘူး။ သူ့ကို နင်းမိတဲ့ မည်သူ့ကိုမဆို အသက်တွေကို တိမ်းပါးအောင်၊ ဘ၀တွေကို ဆုံးရှုံးအောင် ပေါက်ကွဲပစ်ဖို့ ၀န်မလေးခဲ့ပါဘူး။

မိုင်းနင်းလို့ အသက်မသေပဲ ကျန်ခဲ့တဲ့ လူတွေကရော …???။ ခြေထောက် တဖက်ဆုံးရှုံးသွားတဲ့ လူနဲ့၊ နှစ်ဖက် စလုံး ဆုံးရှုံးသွားတဲ့ လူနဲ့၊ တချို့များဆို မျက်လုံးပါ အလင်းကွယ်လို့ ဘ၀တလျှောက်လုံး ဒုက္ခိတ ဘ၀နဲ့ ခက်ခက်ခဲခဲ လျှောက်လှမ်းရတော့မယ်။ မိဘမွေးထုတ်ပေးလိုက်စဉ်က ခြေလက်အစုံ ပါလာပေမယ့် မြေမြုပ်မိုင်းကြောင့် ပြန်လည် အစားမရနိုင်တော့တဲ့ ကိုယ်လက် အင်္ဂါတွေ ဆုံးရှုံးသွားရတော့မယ်။ ဘ၀မှာ တွဲကူ ဖေးမမယ့်လူ ရှိနေရင် တော်ပါသေးရဲ့။ နားလည် စာနာမယ့်သူ ရှိနေသေးရင် တော်ပါသေးရဲ့။ ဒီလိုမှ မဟုတ်ရင်တော့ သိမ်သိမ်ငယ်ငယ်နဲ့ ဘ၀ တလျှောက်လုံးကို ရပ်တည်သွားရတော့မယ်။

အခုဆိုရင် နိုင်ငံတကာမှာ မြေမြုပ်မိုင်း ဆန့်ကျင်ရေးတွေကို ဂရုတစိုက် လုပ်လာနေကြပါပြီ။ သို့တိုင်အောင် ကျနော်တို့ နိုင်ငံမှာတော့ မြေမြုပ်မိုင်းတွေရဲ့ အန္တရာယ်တွေဟာ စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေမှာ နှစ်ဖက်စလုံးက စစ်သားတွေကိုသာမက ဒေသခံ အရပ်သားတွေရဲ့ ဘ၀တွေကိုပါ ခြိမ်းခြောက်နေဆဲပါ။ ဒီသီချင်းလေး ကို နားထောင်ရင်းနဲ့ မြေမြုပ်မိုင်း အသုံးချမှုကြောင့်  ဓားစာခံ ဖြစ်ကြရရှာတဲ့ လူတွေရဲ့ ဘ၀ကို စာနာပေးနိုင်ကြပါစေ။ ဒီဗွီဘီ သတင်းဌာန ၀က်ဘ်ဆိုက်ကနေ ကူးယူတင်ဆက်ပါတယ်။



ကလိုစေးထူး


Sunday, December 03, 2006

နှင်းကျတဲ့ ဒီသောကြာ..


ပြီးခဲ့တဲ့ သောကြာနေ့က ဒီမှာ ဒီနှစ်ဆောင်းရာသီအတွက် ကျနော်တို့ ပြည်နယ်ရဲ့ ပထမဆုံး အကြိမ်အဖြစ် နှင်းကျပါတယ်။ အဲဒီနေ့က မနက်စောစော အိပ်ရာ နိုးတော့ ပြတင်းတံခါးကနေ အပြင်ကို ချောင်းကြည့် လိုက်တာ ပတ်ဝန်းကျင် တခုလုံး နှင်းတွေ ဖွေးဖွေးလှုပ် ကျနေတယ်။ ကျနော်ကတော့ အလုပ်သွားဖို့ကို ရင်မောသွားတယ်။ အမြင်လှပြီး အရမ်းအေးတဲ့ နှင်းတွေကြားမှာ လမ်းသွားရလဲ ခက်တော့မယ်။

အဲဒါနဲ့ အနွေးထည်ကို ထူထူဝတ်၊ လက်အိတ်က နှစ်ထပ်နဲ့ အလုပ်သွားရတာပေါ့။ အပြင်ကိုရောက်တော့ နှင်းတွေက သည်းကြီးမည်းကြီးကို ကျနေတာ။ လေကလဲ တိုက်တော့ နှင်းဖတ်တွေက မျက်စိထဲ ၀င်ရင် စပ်ဖျဉ်းဖျဉ်းကြီး။ မနက် သုံးနာရီလောက်ကတည်းက စပြီးကျနေတော့ ကျနော် အလုပ်သွားတဲ့ အချိန်ကျတော့ ခြောက်လက်မ နီးပါးလောက် ကျပြီးနေပြီလေ။ ပထမဦးဆုံး ကျတဲ့အကြိမ်မို့ထင်ပါရဲ့။ မြေကြီးကို ခြေတလှမ်း နှင်းလိုက်တိုင်း ဇွိဇွိနဲ့ ခြေလှမ်းတွေက နှင်းတွေထဲကို ကျွံကျွံသွားတာ ပျော်စရာ ကောင်းသလိုတော့ ရှိသား။ လမ်းဘေးက ယုန်ကလေး တချို့လဲ နှင်းတောထဲမှာ ချမ်းရှာနေကြတယ် ထင်ပါရဲ့။ ဟိုပြေး ဒီပြေးတဲ့ အကောင်နဲ့၊ ငြိမ်ကုပ်နေတဲ့ အကောင်နဲ့။ ကားတွေ၊ အိမ်တွေကလဲ ဦးထုပ်ဖြူဖြူ ဆောင်းပေးထားသလို တမျိုးတောင် လှနေသေးရဲ့။

နှင်းတောကို ခက်ခက်ခဲခဲ ဖြတ်နေရတော့ အလုပ်ကို သုံးမိနစ်လောက် နောက်ကျသွားပါတယ်။ အ၀တ်အစားတွေက နှင်းဖတ်တွေ အဖွေးသားနဲ့ ကျနော့်ကို အလုပ်ရှင်က သဘောတွေကျလို့။ ဘယ်လိုလဲကွ၊ နှင်းရဲ့ အရသာက အိုကေရဲ့လားလို့ အရွှန်းလှမ်းဖောက် နေပါသေးတယ်။ ကျနော်ကတော့ ပုခုံးပဲ အသာတွန့် ပြလိုက်ပါတယ်။ ဒီလိုနဲ့ပဲ နှင်းတောကြားက မာန်ဖီနေတဲ့ ဆူဆူညံညံ အလုပ်ရုံမှာ သူ့ဆန်စားဖို့ ရဲရတော့တယ်။ မတ်တတ်ရပ်တဲ့ အခါ ရပ်၊ ထိုင်ရတဲ့အခါ ထိုင်နဲ့ပေါ့။ လူက အလုပ်ထဲမှာ လုပ်နေပေမယ့် စိတ်တွေကတော့ ဘယ်သူ့ကိုမှ ခွင့်မတောင်းပဲ ကမ္ဘာ အနှံ့ကို ရောက်နေလေရဲ့။ မြန်မာပြည်ကို ရောက်တာ ပိုများပါတယ်။

ညနေ စောင်းတော့ သောကြာနေ့များရဲ့ ထုံးစံအတိုင်း လုပ်ခချက်လက်မှတ် လာပေးတယ်။ အသာ ဖောက်ကြည့်တော့ လခက တိုးမလာသေးဘူး။ ကျနော် ဒီမှာလုပ်တာ တနှစ်နဲ့ လေးလရှိပြီ။ အမှန်က သူတို့ လုပ်ခတိုးပေးသင့်တာ တနှစ်ပြည့်ကတည်းကပါ။ ကျနော်က သူတို့က စပေးလာနိုးနိုး စောင့်ရင်းနဲ့ လေးလကျော်လာတာတောင် မတိုးလာတော့ ဒီနေ့တော့ ပြောမှဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါနဲ့ ညနေ အလုပ်သိမ်းတော့ ကျနော့်ကို လခတိုးတဲ့ အကြောင်း နည်းနည်း ရှင်းပြပါလားလို့ အလုပ်ရှင်ကို ပြောလိုက်ပါတယ်။

တကယ်တော့ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ်၊ အလုပ်ရှင်တွေကတော့ သူတို့ ရနိုင်သလောက် ရတတ်သလောက် အရင်းရှင် ဆန်ကြတာပါပဲ။ အခုလဲ ပြောခါမှပဲ ကျနော့်ကို တိုးပေးဖို့ မေ့နေတာပါလို့ ပြောတယ်လေ။ ပြီးတော့ သူတို့က အလုပ်သမား အားလုံးကို နှစ်စဉ် မတ်လရောက်တိုင်းမှသာ လုပ်ခတိုးပေးလေ့ ရှိကြောင်း ဟိုဟိုဒီဒီ လျှောက်ပြောပါတယ်။ အခုနေ မင်းအနေနဲ့ လုပ်ခတိုးယူရင် မတ်လကျရင် တိုးတဲ့ အစီအစဉ်ထဲမှာ မပါနိုင်ဘူးလို့ ပြောပြန်ပါတယ်။ ကျနော်ကတော့ အခုပဲ တိုးယူချင်တယ်လို့ ပြန်ပြောလိုက်တယ်။ အဲဒါနဲ့ သူတို့ ညီအကို နှစ်ယောက် ပြန်တိုင်ပင်ပြန်ပီး နောက်တမျိုး ပြန်ပြောပြန်ပါရော။ ဒီလိုဆို အခုလောလောဆည်ကို တနာရီ ဆင့်ငါးဆယ်ပဲ လခတိုးယူဖို့နဲ့ မတ်လကျမှသာ နောက်ထပ် တဒေါ်လာ ထပ်ယူဖို့ ပြောပြန်ပါတယ်။ ဦးနှောက်ကို အမြန် အလုပ်ပေးပြီးတွက်ချက်ကြည့်တော့ ဒါလဲမဆိုးဘူးလို့ တွက်ပြီး သဘောတူလိုက်တယ်။ မပြောပဲနေရင် လခ အဟောင်းနဲ့ ဘယ်လောက်တောင် ဖျံကျပြီး ခိုင်းနေဦးမလဲ ဆိုတာတော့ မသိနိုင်ပါ။ ဘာပဲဖြစ်ဖြစ် နောက်အပတ်က စပြီးတော့ တနာရီ ဆင့်ငါးဆယ်တော့ တိုးပြီပေါ့။ (ကြွားတာ)

ညနေကို ပြန်ဖို့က ချောမွတ်နေတဲ့ ကျနော့်ရဲ့ လမ်းကလေးမှာ ဘယ်လိုမှ ပြန်ဖို့ အဆင်မပြေတာနဲ့ သူငယ်ချင်းကားနဲ့ ကပ်စီးပြီး ပြန်ရပါတယ်။ လမ်းကလေးနားက ကားကဖြတ်သွားတော့ လမ်းကလေးက ဖြူရော်ရော်နဲ့ ညှိုးနွမ်းတဲ့ မျက်နှာထားနဲ့။ တဖွဲဖွဲကျနေတဲ့ နှင်းတွေကြားမှာ သူငယ်ချင်းက ကားကို အတော်ဂရုစိုက် မောင်းနေရတာ သတိထားမိတယ်။ မြင်ကွင်းတွေက တမျိုးတော့ အလှသား။ ခြောက်သယောင်းနေတဲ့ အပင်တွေလဲ အခုတော့ လက်တံဖြူဖြူနဲ့ ဖြစ်ကုန်တယ်လေ။ အလုပ်ထဲမှာဆိုရင် ဒီပြည်နယ်မှာ ပထမဦးဆုံး နှင်းများများကျတဲ့ အတွက်တဲ့၊ အားလုံးကို ပီဇာ ၀ယ်ကျွေးလိုက်သေးတယ်။ တတ်လဲ တတ်နိုင်တဲ့ လူတွေ။

အိမ်ကိုရောက်တော့ ရေကို ကမန်းကတန်းချိုး၊ ဘဏ်ကိုသွားဖို့ ပြင်ဆင်ရပြန်တယ်။ ဒီမှာ ကျနော် တခု သဘောကျတာ ရှိပါတယ်။ ဘတ်စ်ကားတွေက သူ့အချိန်နဲ့သူ မှတ်တိုင်တွေကို ရောက်တော့ အခုလို အေးခဲလွန်းလှတဲ့ ဆောင်းရာသီမှာ အဆင်ပြေပါတယ်။ နို့မို့ရင် ဘယ်အချိန်ရောက်မယ်မှန်း မသိတဲ့ ဘတ်စ်ကားကို ခိုက်ခိုက်တုန်အောင် အေးလွန်းတဲ့ ဒီလိုအချိန်မှာသာ စောင့်နေရရင်တော့ မသက်သာလှပါဘူး။ အခုတော့ ဘတ်စ်ကားရောက်ဖို့ ငါးမိနစ်အလိုလောက်မှ အိမ်ကနေ ကားဂိတ်မှာ ထွက်ရပ်စောင့်ရင် အိုကေပါတယ်။ ဒီတပတ်ရတဲ့ လုပ်ခကိုတော့ အိမ်ငှားခပေးရဦးမှာမို့ ဒိုင်စားတဲ့ အပတ်လို့ လောင်းကစား ဆန်ဆန် တွေးမိပါတယ်။

အလုပ်ပိတ်ပီလားဆိုရင် အိမ်မှာ အေးအေးဆေးဆေး ဘယ်လိုမှ နေလို့မရတာကလဲ ပြသနာတခုလိုပါ။ ကိုယ့်ကို လာခေါ်ရင်ခေါ်၊ မခေါ်အိမ်မှာ ၀ိုင်းဖွဲ့ရင်ဖွဲ့နဲ့ ကျနော်ကိုယ်တိုင်ကလဲ အဲဒီ ပြသနာကိုပဲ လိုလိုလားလားကြီးကို ပျော်မွေ့နေတော့လဲ အခက်သား။ ဒီလိုနဲ့ ရုံးပိတ်ရက်တွေက အလုပ်လုပ်တဲ့ ရက်တွေထက်တောင် ပိုပင်ပန်းလေ့ ရှိပါတယ်။ အိပ်ချိန်မမှန်၊ စားချိန်မမှန်၊ ဆုံးမမယ့်သူမရှိတိုင်း ကလေးမဟုတ် ဘာမဟုတ် ပျော်ပျော်ကြီးကို မူးရူးလေ့ ရှိပါတယ်။

ပိတ်ရက် နှစ်ရက်တာကတော့ ပြီးသွားပြန်ပီပေါ့။ နက်ဖန် မနက်ဆိုရင် အမြဲတမ်းဆူညံနေတတ်တဲ့ အလုပ်ရုံကို မချစ်မနှစ်သက်စွာနဲ့ ရှစ်နာရီကြာ သွားနေရဦးမယ်။ အပြင်ကို လှမ်းကြည့်တော့ နှင်းကျထားလို့ ဖွေးပြီးချောနေတဲ့ ကုန်းဇောင်းမှာ လျှောစီးတမ်း ကစားနေတဲ့ ကလေး တချို့ကို တွေ့ရတယ်။ အပူအပင် ကင်းမဲ့လိုက်ကြတာ။ ပျင်းပျင်းရှိတာနဲ့ သီချင်းနားထောင်မယ် တွေးပြီး မြန်မာသီချင်းခွေ တချပ် စက်ထဲထည့်လိုက်တော့ ပထမဆုံး ပေါ်လာတာက “ နိုင်ငံရေး ဦးတည်ချက် (၄)ရပ်” တဲ့။ လိုလိုလားလားကြီးကိုပဲ Next ခလုတ်ကို နှိပ်ပစ်လိုက်တယ်။


ကလိုစေးထူး