လွန်ခဲ့တဲ့ ရက်ပိုင်းတွေက မြန်မာပြည်မှာ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၅၀) နဲ့ တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဆင်းပွဲ အမှတ်စဉ် (၁၀) တို့ကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီ သင်တန်း ဆင်းပွဲ နှစ်ခုလုံးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဘိုချုပ်မှူးကြီး သန်းရွှေ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
အသက်အရွယ်ရလာလို့ ဇရာဖိစီးလာပုံရတဲ့ အတွက် ဘိုချုပ်မှူးကြီးရဲ့ မိန့်ခွန်းတွေဟာ စစ်ရေးပြကွင်းထဲမှာ တန်းစီ မတ်တပ်ရပ်နေတဲ့ ဗိုလ်လောင်းတယောက်ယောက် မူးမေ့လဲကျသွားလောက်တဲ့ အထိတော့ ရှည်လျားခြင်း မရှိလှတော့ပါဘူး။ သင်တန်းဆင်းပွဲ နှစ်ခုမှာ ပြောသွားတဲ့ မိန့်ခွန်း နှစ်ခုလုံးဟာ ခပ်တိုတိုနဲ့ ပုံစံတွေကလည်း ဆင်တူပါပဲ။
တိုတောင်းလှပေမယ့် ဘိုချုပ်မှူးကြီး ပြောတဲ့ မိန့်ခွန်းနှစ်ခုလုံးမှာ ပါဝင်တဲ့ အချက်တခုကို သတိထားမိပါတယ်။ အဲဒါကတော့ တပ်မတော်ရဲ့ စွမ်းရည် (၃) ရပ် ဖြစ်တဲ့ စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည် နဲ့ စည်းရုံးရေး စွမ်းရည်တွေကို ထည့်သွင်းမှာကြားသွားတာပါပဲ။ ဘိုချုပ်မှူးကြီးဟာ အဓိကအားဖြင့် စည်းရုံးရေး စွမ်းရည်ကို ပိုမိုအလေးထားဟန် ရှိနေတယ်လို့ ဉာဏ်မီသလောက် ထင်မြင်သုံးသပ်မိပါတယ်။
***
စည်းရုံးရေး…။
သုံးလုံးတည်းသော ဒီစကားရပ်ရဲ့ နောက်ကွယ်မှာတော့ ပြည့်ဝတဲ့ အဓိပ္ပာယ်များစွာနဲ့ ပုံဖော်ဆောင်ရွက်သင့်တာ များစွာ၊ ပြီးတော့ သဘောထားကြီး ပြည့်ဝပေးရမယ့် အရာများစွာ လိုအပ်လို့ နေတာကတော့ အမှန်ပါပဲ။ လူတယောက်၊ ဒီထက်ပိုပြီးတော့ လူတစု၊ ဒီထက်ပိုပြီးတော့ လူ့အဖွဲ့အစည်း တခု၊ ဒီထက်ပိုပြီးတော့ လူ့ဘောင် တခုလုံး မိမိဘက်ကို ပါလာဖို့အတွက် `စည်းရုံးရေး´ ဆိုတဲ့ အရာဟာ မရှိမဖြစ် လိုအပ်ချက်တခုပါပဲ။
လုပ်ငန်းဆောင်တာ သေးသေးလေးကိုပဲ ဖြစ်ဖြစ်၊ ကြီးမားတဲ့ စီမံကိန်းကြီး တခုလုံးကိုပဲဖြစ်ဖြစ်၊ လှုပ်ရှားဆောင်ရွက်မှု တခုကိုပဲဖြစ်ဖြစ်၊ စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်လိုသူတွေ လိုအပ်ပါတယ်။ တဦးတယောက်တည်း ပုံဖော်ဆောင်ရွက်လို့ ဘယ်လိုမှ မဖြစ်သာတော့တဲ့ အခြေအနေမျိုးမှာ မိမိဆောင်ရွက်တဲ့ အလုပ်ကို စိတ်ပါဝင်စားလာအောင်၊ စိတ်ပါဝင်စားမှုကမှ တဆင့်တက်လို့ ပူးပေါင်းပါဝင်လာအောင် လိုက်လျောညီထွေတဲ့ အနေအထားမျိုးစုံကနေ ဆွဲဆောင်မှုတွေ ပြုလုပ်ရတာကို `စည်းရုံးရေး´ လို့ အဓိပ္ပာယ် ဖွင့်နိုင်ပါတယ်။
မြန်မာစစ်တပ်ကတော့ ဒီအချက်ကို သူတို့ နည်းသူတို့ဟန်နဲ့ ပုံဖော်ပါတယ်။ စည်းရုံးရေး စွမ်းရည် ပြည့်ဝမှုဆိုတာကိုလည်း သူတို့ စစ်တပ်တွင်းမှာ အလေးထားစရာ အချက်တချက် အဖြစ်နဲ့ စစ်ခေါင်းဆောင်တွေကို အကဲဖြတ်ပါတယ်။ ဥပမာအားဖြင့် တနှစ်ပတ်လုံးမှာ တပ်သားသစ် အနိမ့်ဆုံး အယောက် ၃၀ မှ ရအောင် မစုဆောင်းနိုင်တဲ့ တပ်ရင်း/တပ်ဖွဲ့က တပ်မှူးဟာ `စည်းရုံးရေး စွမ်းရည် ညံ့ဖျင်းတယ်´ လို့ သတ်မှတ်ပါတယ်။ အတင်းအဓမ္မ စုဆောင်းလို့ပဲ ဖြစ်ဖြစ်၊ ကလေးသူငယ်တွေကို လှည့်ဖျားသွေးဆောင်တာပဲ ဖြစ်ဖြစ် ပုံစံမျိုးစုံနဲ့ တပ်သားသစ် များများ စုဆောင်းနိုင်တဲ့ တပ်ရင်းဟာ `စည်းရုံးရေး စွမ်းရည် ကောင်းတယ်´ လို့ သတ်မှတ်ပေးပါတယ်။
စစ်တပ်ထဲမှာ ထူးခြားချက် တခုကတော့ စည်းရုံးစရာ သိပ်မလိုလှဘဲနဲ့ ပြန်တမ်းဝင်အဆင့် အရာရှိတွေဟာ အင်မတန်မှ စည်းလုံးပါတယ်။ အရာရှိပေါက်စတွေ အမှားတခုခု လုပ်မိရင်လည်း အကောင်ကြီးကြီး အရာရှိကြီးတွေက တတ်နိုင်သမျှ လျှော့လျှော့ပေါ့ပေါ့ အရေးယူဆောင်ရွက်တာတွေ၊ အခြားအဆင့် စစ်သည် တယောက်ယောက်နဲ့ အရာရှိ တယောက်ယောက် ကတောက်ကဆ တခုခုဖြစ်ခဲ့ရင် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အရာရှိကသာလျှင် များသောအားဖြင့် အသာစီးရလေ့ရှိတာဟာ အရာရှိအချင်းချင်း စည်းလုံးနေစေဖို့ အသုံးချတဲ့ စည်းရုံးရေး လက်နက် တခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
အတူတကွ တက်ရောက်ခဲ့ကြရတဲ့ ဗိုလ်လောင်း သင်တန်းက သံယောဇဉ်တွေကလည်း စစ်တပ် အရာရှိ အချင်းချင်း တထူးတလည် စည်းရုံးစရာ မလိုလှတဲ့ စည်းလုံးခြင်းတွေကို ဖြစ်စေပါတယ်။ ဒါကြောင့်လည်းပဲ ကျနော်တို့နဲ့ ယနေ့အချိန်မှာ အနီးကပ်ဆုံးအားဖြင့် ထိတွေ့ ဆက်ဆံနေရတဲ့ ရုရှရောက် မြန်မာစစ်ဘို အရာရှိပေါက်စများဟာ အင်မတန်မှ စည်းလုံးဟန် ရှိတာကို သတိထားမိပါတယ်။
သာဓက တခု တင်ပြရရင် လွန်ခဲ့တဲ့ ၇ လ ကျော်ခန့်တုန်းက ရုရှရောက် စစ်ဘိုတယောက် မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ပုတ်ခတ်စော်ကားတာကို ဝေဖန်ထောက်ပြတဲ့ ကျနော့် ဆောင်းပါး တပုဒ် ခေတ်ပြိုင် ဂျာနယ်မှာ ဖော်ပြပါရှိစဉ်တုန်းက အဲဒါကို ဖတ်မိတဲ့ ရုရှရောက် စစ်ဘို အတော်များများဟာ ဆောင်းပါးရဲ့ အဓိကဆိုလိုရင်း ဖြစ်တဲ့ ဗိုလ်ချုပ်ကို စော်ကားသူ အဲဒီ စစ်ဘိုပေါက်စကို အချင်းချင်း ထိန်းသိမ်းတည့်မတ်ပေးလိုတဲ့ အချက်ထက် သူတို့ စစ်တပ်အရာရှိသင်တန်းနဲ့ စစ်ဘိုတွေကို ပုတ်ခတ်တယ် ဆိုတဲ့ အချက်ကိုသာ တက်ညီလက်ညီနဲ့ တစည်းတလုံးကြီး အလေးထား ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ အဲဒီ စစ်ဘိုက ကိုယ်ပိုင်ဘလော့ဂ် ရေးပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းကို နောက်ထပ်တခါ ပုတ်ခတ်စော်ကား ပြန်တော့လည်း သူတို့ ရုရှရောက် စစ်ဘို အချင်းချင်း ဘယ်သူကမှ ထိန်းသိမ်း တည့်မတ်ပေးတာ မရှိခဲ့ပါဘူး။
ဒါပေမယ့် မကြာသေးခင်ကာလကတော့ ရုရှရောက် စစ်ဘိုတယောက်ရဲ့ ပါစင်နယ်နဲ့ ဆိုင်တဲ့ ဓာတ်ပုံတချို့ကိစ္စကို နာမည်ကြီး ဘလော့ဂါတယောက်ရဲ့ ဘလော့ဂ်ပေါ်မှာ တင်ပြတဲ့ အခါမှာတော့ ရုရှရောက် စစ်ဘို တော်တော်များများက တညီတညာနဲ့ ကန့်ကွက်ကြပါတယ်။ တကယ်တမ်းမှာတော့ အဲဒီ ဘလော့ဂါကြီးကို ဝေဖန်ထောက်ပြတဲ့ အထဲမှာ ဒီမိုကရေစီ လိုလားသူတွေလဲ ပါဝင်ခဲ့တာပါပဲ။
တဖက်က စစ်ဘိုတွေက ဟုတ်တဲ့နေရာရော၊ မဟုတ်တဲ့နေရာရော အဲဒီလို စည်းလုံးနေတဲ့ အချိန်မှာ ကျနော်တို့ ဒီမိုကရေစီ လိုလားသူတွေဘက်မှာ တခါတရံမှာ မလိုအပ်လှတဲ့ ထိခတ်မှုတွေနဲ့ အလုပ်များနေတာကို တွေ့ရတော့ ၀မ်းနည်းမိပါတယ်။
တကယ်တမ်း စဉ်းစားကြည့်ရင် ကျနော်တို့ အားလုံး (ဒီမိုကရေစီလိုလားသူ မှန်သမျှ) မှာ ပုံစံတွေ မျိုးစုံ ကွဲပြားနေရင်တောင် စုတ်ပြတ်သတ်နေတဲ့ ကျနော်တို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေကြီးကို ပြောင်းလဲမှု တစုံတရာကနေ တဆင့် ယခုထက် ပိုပြီးတော့ ကောင်းမွန်တဲ့ အနေအထားကို ရောက်စေချင်ကြတဲ့ ဆန္ဒရှိသူတွေချည်းပါပဲ။ တဖက်မှာတော့ ကျနော့်တို့ရဲ့ အဲဒီ ဆန္ဒကို ရိုက်ချိုးပြီးတော့ သူတို့ရဲ့ နေရာကို မြဲနိုင်သမျှ မြဲအောင် ခြေကုပ်ယူထားတဲ့ စစ်အာဏာပိုင်တွေနဲ့ သူတို့ကို ထောက်ခံသူတွေ…။
အဲဒီ ဘက်နှစ်ဖက်ရဲ့ အလယ်မှာတော့ ကျနော်တို့ အတွက် အင်မတန်မှ အရေးကြီးလှတဲ့ အင်အားစုကြီး ရှိနေပါတယ်။ အဲဒါကတော့ `ပြည်သူလူထု´ ပါပဲ။ အဲဒီ ပြည်သူလူထုဟာ စစ်တပ်ကိုရော ကျနော်တို့ကိုပါ စောင့်ကြည့်နေတယ် ဆိုတာဟာ ကျနော်တို့ ဘယ်လိုမှ မေ့ထားလို့ မရတဲ့ အချက်ပါပဲ။
လက်ရှိ အခြေအနေမှာ စစ်တပ်ဟာ ပြည်သူလူထုကို အကာအကွယ် ပေးမနေဘူးဆိုတဲ့ အချက်နဲ့ စစ်တပ်ကို ပြည်သူက နာကျည်းနေတယ်ဆိုတဲ့ အချက်ဟာ သေချာနေပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ကျနော်တို့ လိုလားတဲ့ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲပစ်ဖို့အတွက် လုံလောက်တဲ့ အချက်တော့ မဟုတ်သေးပါဘူး။ အဲဒီ နာကျည်းမှုတွေကမှ တဆင့် ပူးပေါင်းပါဝင် ဆန့်ကျင်မှု ဆိုတဲ့ အရာဆီကို ရောက်လာဖို့ လိုပါသေးတယ်။ ဒီတော့ ကျနော်တို့ကလည်း အဲဒီ ပြည်သူလူထုနဲ့ တသားတည်း ဖြစ်နေခြင်းအားဖြင့် စည်းရုံးရေးကို သိမ်မွေ့စွာ ဖော်ဆောင်သင့်ပါတယ်။
ကျနော်တို့ စည်းရုံးရမယ့် ပြည်သူတွေထဲမှာလည်း အလွှာပေါင်းစုံနဲ့ လူတန်းစား ပေါင်းစုံ ပါဝင်နေပါတယ်။ သူတို့တတွေ ကျနော်တို့ကို နားလည်လာအောင်၊ ကျနော်တို့နဲ့ အတူတူ ပူးပေါင်းပါဝင်လာအောင် ကြိုးစားရမယ့် အချိန်မှာ ကျနော်တို့ အချင်းချင်း ထိခတ် စီးချင်းထိုးနေကြသင့်ပါသလား…။ နည်းနည်းလေး လုပ်နိုင်တဲ့ လူပဲ ဖြစ်ဖြစ်၊ အများကြီး လုပ်နိုင်တဲ့ လူပဲဖြစ်ဖြစ် လမ်းတခုကို ဦးတည်လျှောက်လှမ်းနေသူ အချင်းချင်း စည်းလုံးညီညွှတ်လှစွာနဲ့ အတူတူပူးပေါင်း လျှောက်လှမ်းချင်သူတွေ များသထက်များလာအောင် ကျနော်တို့ စည်းလုံးကြပါစို့လား…။
နောက်တချက်…။
ရုရှကို ရောက်နေတဲ့ စစ်ဘိုတယောက်ကို စစ်ယူနီဖောင်းချွတ်ပြီးတော့ သူ့စစ်တပ်ကို ပြန်ဆန့်ကျင်ဖို့အထိ ကျနော်တို့ ဘယ်လိုမှ မျှော်လင့်ထားလို့ မရပါဘူး။ ဒါပေမယ့် သူ့ရဲ့ စိတ်ထဲ အတွေးထဲကို ကျနော်တို့အားလုံး လိုလားတာ၊ ကျနော်တို့ ခံစားနေရတာတွေဟာ ဒါတွေပါလား၊ သူတို့ အမှန်တကယ် လုပ်သင့်တာဟာ ဒါတွေပါလား ဆိုတာကို သိသွားအောင်တော့ ကျနော်တို့ လုပ်နိုင်ပါတယ်။ အဲဒီကမှ တဆင့်ပဲ ပြောင်းလဲခြင်းကို ကျနော်တို့ ဖော်ဆောင်ဖို့ ကြိုးစား စည်းရုံးသင့်တယ်လို့ ထင်မိပါတယ်။ ခက်ခဲမှုတွေကတော့ များစွာ ရှိနေနိုင်ပါတယ်။ အသားသေနေတဲ့ အမြင်တွေ၊ အရိုးစွဲနေတဲ့ ၀ါဒတွေ၊ မစွန့်လွှတ်လိုတဲ့ အခွင့်အရေးတွေကို ကျော်လွှားပြီးတော့ `စည်းရုံးရေး´ ဆိုတဲ့ အရာကို ကျနော်တို့ ပါးနပ်စွာ ဖော်ဆောင်ဖို့ လိုအပ်တာကတော့ အမှန်ပါပဲ။
ရေးတာ အတန်ငယ် ရှည်လျားခဲ့ပါပြီ။ အထက်က ရေးခဲ့တာ အားလုံးကို လုံးဝ ဥဿုံ လက်ခံနိုင်ချင်မှ လက်ခံနိုင်မယ် ဆိုတာ ကျနော် နားလည်ပါတယ်။ ကျနော် ရေးခဲ့တာရဲ့ လိုအပ်ချက်နဲ့ ဖြည့်လိုတဲ့ အချက်ကို မိမိ ထင်မြင်တဲ့ ရှုထောင့်ကနေ စိတ်ကြိုက် ထောက်ပြနိုင်ပါတယ်။ အဓိကက ကျနော်တို့ အဖြေတခု ကောင်းကောင်း ထုတ်နိုင်ဖို့ပါပဲ။ လုပ်ဆောင်ရမယ့် စည်းရုံးရေးအတွက် လိုအပ်နေတဲ့ စည်းလုံးမှုကိုတော့ ခိုင်ခိုင် ကိုင်ထားရမယ်ဆိုတာ သေချာနေပါပြီ။
ကလိုစေးထူး