Wednesday, December 05, 2007

စပ်မိစပ်ရာ… (၁၅)

မြန်မာပြည်မှာ အားကစားဆိုင်ရာ ဂျာနယ်တွေသာ အသစ်အသစ် ထွက်ရှိလာကြမှုများပြီးတော့ သတင်းဦးစားပေး ဂျာနယ် ထွက်ရှိမှုကတော့ နည်းပါးနေကြောင်း သတင်းတပုဒ် ဖတ်လိုက်ရပါတယ်။ သတင်းဂျာနယ်တွေ နည်းပါးနေတာဟာ ထုတ်ဝေသူရဲ့ ရင်းနှီးမြှုပ်နှံမှု၊ သတင်းထောက်တွေရဲ့ စွမ်းဆောင်မှု အစရှိတာတွေအပေါ် မူတည်နေတယ်လို့ ဂျာနယ်ဈေးကွက်နဲ့ နီးစပ်သူ တဦးက အကြောင်းပြပေမယ့် သတင်းဂျာနယ်တွေ တကယ့်တကယ်တမ်း ဘာကြောင့်များ ပြည်သူတွေအကြားမှာ တိုးမပေါက် ဖြစ်နေရသလဲ ဆိုတဲ့ အဖြေမှန်တွေကတော့ အများကြီး ရှိနေပါသေးတယ်။

အင်တာနက် ရှိရင်၊ ဘာသာပြန်ကောင်း ရှိရင် အလုပ်ဖြစ်ပြီဆိုတဲ့ အားကစားဂျာနယ်တွေကိုပဲ လူတွေက ဘာကြောင့် စိတ်ဝင်စားပါသလဲ…။ ရယ်စရာတော့ ကောင်းပါတယ်။ အားကစားသတင်းက လုပ်ကြံဖော်ပြစရာ အကြောင်း မရှိလို့ပါပဲ။ မန်ယူက ဘော်လ်တန်ကို တဂိုး ဂိုးမရှိနဲ့ ရှုံးတာကို နိုင်တယ်လို့ လုပ်ကြံဖော်ပြစရာလဲ မလို၊ ချဲလ်ဆီးက မန်စီးတီးကို ခြောက်ဂိုးပြတ် နိုင်တာကိုလည်း ရှုံးတယ်လို့ ဖော်ပြဖို့မလို…။ :D အဲဒီလို သတင်းအမှန်ကို ဖော်ပြတဲ့အတွက်လည်း စာပေစိစစ်ရေးက ဖြတ်တောက်စရာ အကြောင်းမရှိ၊ ရေးသူနဲ့ ဖတ်သူ အန္တရာယ်ကင်းကင်းနဲ့ နှစ်ဦးနှစ်ဖက် အဆင်ပြေမှတော့ အားကစား ဂျာနယ်တွေကိုသာ လူကြိုက်များတာ သိပ်တော့ မထူးဆန်းလှပါဘူး။

ဒီဇင်ဘာလ ၃ ရက်နေ့မှာ အာဏာပိုင်တွေက သတင်းစာ ရှင်းလင်းပွဲ တခု ပြုလုပ်သွားခဲ့ပါတယ်။ ပျင်းရိစရာကောင်းပြီး ရှုပ်ထွေးလီဆည်လွန်းလှတဲ့ ဘိုချုပ်ခင်ရီရဲ့ ရှင်းလင်းချက်၊ ပြန်ကြားရေး ၀န်ကြီး ဘိုမှူးချုပ် ကျော်ဆန်းရဲ့ ရှင်းလင်းချက် စတာတွေနဲ့ ပြည့်နှမ်းနေတဲ့ ဒီသတင်းစာ ရှင်းလင်းပွဲက ဘယ်လောက်ရာခိုင်နှုန်းအထိ အမှန်ကို ပြောနိုင်သလဲ ဆိုတာကတော့ ပြောနေတဲ့လူ ကိုယ်တိုင်ရော တကယ်ခံစားခဲ့ရတဲ့ ပြည်သူတွေကိုယ်တိုင်ပါ အသိဆုံးပါပဲ။ ရယ်ချင်စရာကောင်းတဲ့ Quote တခုကို ထပ်တွေ့လိုက်ရတာကတော့…




ကျနော်တို့ နိုင်ငံခမျာလဲ ချောက်ထဲ ကျလုနီးတို့၊ ကျရောက်လုဆဲ ဘေးအန္တရာယ်ကြီးတို့ တယ်လဲ ပေါများလှပါလား…။ ကယ်တင်နိုင်လွန်းသူ မောင်မင်းကြီးသားများ ကျန်းမာချမ်းသာကြပါစေ…။

သတင်းစာ ရှင်းလင်းပွဲမှာ စိတ်ဝင်စားစရာကောင်းတာကတော့ အမေး/အဖြေ ကဏ္ဍပါ။ ကျနော် အထူးစိတ်ဝင်စားမိတဲ့ မေးခွန်းတွေနဲ့ တာဝန်ရှိသူတွေရဲ့ ဖြေကြားချက်တွေကို ထပ်ဆင့် ဖော်ပြပါရစေ။

ရန်ကုန်တိုင်းမ် သတင်းထောက် ဦးကျော်စွာမင်း မေး။ ခုနတုန်းက ၀န်ကြီးပြောသွားတဲ့ အခု အခြေခံဥပဒေ မူကြမ်းပေါ့နော်။ ဒီနေ့ ရေးဆွဲပြီဆိုတော့ ဘယ်နေ့လောက်များ ပြီးနိုင်မလဲဆိုတာ အဲဒါလေး တချက်မေးချင်ပါတယ်။

ဘိုမှူးချုပ် ကျော်ဆန်း ဖြေ။ အခြေခံဥပဒေ မူကြမ်းရေးဆွဲတာ ဘယ်တော့ ပြီးမလဲ ဆိုတာနဲ့ ပတ်သက်လို့ ကိုကျော်စွာမင်း အနေနဲ့လည်း ဘယ်လော့လောက် ပြီးမယ်များ ထင်ပါသလဲလို့ ကျနော် ပြန်မေးချင်ပါတယ်။ အဲဒီလို ဆောင်ရွက်ကြတဲ့ အခါမှာ အနှောင့်အယှက်တွေ အဟန့်အတားတွေ အခက်အခဲတွေ ရှိလာရင်တော့ ကြန့်ကြာကောင်း ကြန့်ကြာသွားနိုင်ပါတယ်။ အဲဒီလို အနှောင့်အယှက်၊ အဟန့်အတား၊ အခက်အခဲ မရှိဘဲ ဒီမိုကရေစီ ဖော်ဆောင်မှုကို ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြမယ် ဆိုရင်တော့ ကျနော်တို့ရဲ့ အခြေခံဥပဒေ မူကြမ်း ရေးဆွဲတာဟာ သင့်တင့်တဲ့ အချိန်မှာ ပြီးသွားပါလိမ့်မယ် လို့ ပြောလိုပါတယ်။

လျှပ်တပြက် သတင်းဂျာနယ် ဦးမြတ်ခိုင်မေး။ ကျနော် ရဲချုပ်ကြီးကိုပဲ မေးလိုပါတယ်။ (သူမေးခွန်း မဖတ်မီ ကျနော် စဉ်းစားကြည့်မိတယ်။ မြန်မာပြည်မှာ `ရဲချုပ်ကြီး´ ဆိုတဲ့ ရာထူး မရှိဘဲနဲ့ ဦးမြတ်ခိုင်က ဘာလို့ ရဲချုပ်ကို ရဲချုပ်ကြီးလို့ ခေါ်ရတာပါလိမ့်…။ ထားလိုက်ပါတော့…။ ဆက်ဖတ်မှ) ရဲချုပ်ကြီး အမိန့်ရှိသွားတဲ့ အထဲမှာ ကျော်သူ၊ ဇာဂနာ၊ အောင်ဝေး၊ သန်းမြင့်အောင်တို့ နာမည်ကို ထုတ်ဖော် ပြောကြားသွားတာ တွေ့ပါတယ်။ သူတို့ကို အရေးယူထားလား။ အရေးမယူတော့ဘူးလား။ သိလိုပါတယ်။ သူတို့နောက်ကွယ်မှာရော FDB ရှိပါသလား။ ဒါသိလိုတဲ့ မေးခွန်း နံပါတ်(၁)ပါ။ နောက် ကျနော်တို့ ပြည်ပ အသံလွှင့်ဌာနအနေနဲ့ အမြဲ ကြေညာတဲ့အထဲမှာ DVB ဘာကြောင့် မပါတာလဲ။ အဲဒါ သိလိုပါတယ်။

ရဲချုပ် ဘိုမှူးချုပ် ခင်ရီ ဖြေ။ ကျနော်တို့ စက်တင်ဘာလ အရေးအခင်းမှာ ကျနော် စောစောက တင်ပြခဲ့သလို သံဃာတော်များရဲ့ ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စ ကော်မတီမှာ ဥက္ကဋ္ဌက ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၊ အတွင်းရေးမှူးက ကဗျာဆရာ အောင်ဝေး စသည်ဖြင့် ကျနော် ပြောခဲ့တာ ရှိပါတယ်။ ဒီထဲမှာ ကဗျာဆရာ အောင်ဝေးက လွဲလို့ ကျော်သူရယ်၊ ဇာဂနာရယ် ဒေါ်သန်းမြင့်အောင်ရယ် ဒါတွေ အားလုံးက ပြန်လည် စေလွှတ်ပြီး ဖြစ်ပါတယ်။ ကဗျာဆရာ အောင်ဝေးကတော့ နယ်စပ်ကို ထွက်ပြေးသွားပြီ ဖြစ်ပါတယ်။ FDB နဲ့ ပါဝင်ပတ်သက်မှု ရှိမရှိကတော့ FDB နဲ့ ပတ်သက်တဲ့ အဆက်အနွယ်တွေ အားလုံးကို ကျနော်တို့က လောလောဆယ် စစ်ဆေးဆဲဖြစ်လို့ ဒါနဲ့ပတ်သက်လို့ On Going Case ဖြစ်ပါတယ်။ ဒါ လောလောဆယ်မှာ ဖြေကြားဖို့ အကြောင်းမရှိပါဘူး။

နောက် ဒုတိယ အချက်က ပြည်ပ အသံလွှင့်ဌာနတွေထဲမှာ DVB အကြောင်း ထည့်ပြီး မပြောတာ ကျနော် ပြောတာ ကျန်ခဲ့လို့ ဖြစ်ပါလိမ့်မယ်။ DVB က အဆိုးဆုံးပါပဲ။ ဘာကြောင့်လဲ ဆိုတော့ DVB နဲ့ပတ်သက်ပြီးတော့ DVB က နန္ဒတို့နဲ့ ကျနော်တို့ ဒီဘက်က အဖွဲ့တွေနဲ့ မြန်မာပြည်မှာ ရှိတဲ့ သတင်းမှားတွေ ပေးပို့ဖို့ ကိစ္စနဲ့ ဓာတ်ပုံ မှတ်တမ်းတွေ ပေးပို့ဖို့ ကိစ္စ တရားဝင် စာချုပ်ချုပ်ဆို ဆက်သွယ်ပြီး ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ကျနော်တို့ဆီက သတင်းမှားများ ထုတ်လွှင့်တဲ့ အခါမှာ အလွန်အကြူး ထုတ်လွှင့်ဆုံး အသံလွှင့်ဌာန တခုလို့ ပြောရင် ပြောလို့ရမယ်လို့ ကျနော်ထင်ပါတယ်။ (ဒီအဖြေကို ဖတ်မိတော့ အဲဒီလို လေသံနဲ့ တထပ်တည်းကျတဲ့ ဘလော့ဂ်တွေကို မျက်စိထဲ ပြေးမြင်ပါတယ်။)

အေပီသတင်းဌာနမှ ဒေါ်အေးအေးဝင်း မေး။ ပြောသွားတဲ့ အထဲမှာ သေဆုံးသူ ၁၀ ဦး၊ ဒဏ်ရာရသူ ၁၄ ဦးလို့ ပြောပါတယ်။ မစ္စတာ ပင်နဲရိုးကို ထိန်ပင်သုဿာန်မှာတုန်းက အလောင်း ၁၄ လောင်း မီးရှို့တယ် ပြောပါတယ်။ အဲဒီတော့ တကယ့် ကိန်းဂဏန်းလေး သိချင်ပါတယ်။

ရဲချုပ် ဘိုမှူးချုပ် ခင်ရီ ဖြေ။ အရေးအခင်းမှာ ၁၀ ဦး သေဆုံးပြီးတော့ ၁၄ ဦး ဒဏ်ရာရာခဲ့တာ ဖြစ်ပါတယ်။ စောစောက ဒေါ်အေးအေးဝင်း ပြောတဲ့ ကိန်းဂဏန်းများနဲ့ ပတ်သက်ပြီးတော့ မစ္စတာပင်နဲရိုး သွားကြည့်စဉ် ကာလက သေဆုံးသူဦးရေ ဆိုတာဟာ စုစုပေါင်း သေဆုံးမှုပါ။ ကျနော်ဆိုလိုတဲ့ သဘောက ဒီဥစ္စာက စက်တင်ဘာလအတွင်းမှာ ဖြစ်တဲ့ အရေးအခင်းကာလနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ သေဆုံးမှု ဖြစ်ပါတယ်။ တချို့ သေဆုံးမှုတွေဟာ GTC မှာ ကျနော်တို့ ခေါ်ပြီးတော့ စစ်ဆေးစဉ်မှာ သူ့နဂိုပါလာတဲ့ ရောဂါနဲ့ အဲဒီမှာပဲ ဖျားတယ်။ နာတယ်။ ကျနော်တို့ ဆေးရုံပို့တယ်။ အဲဒီမှာ ဆုံးတယ်။ အဲဒီ ပုဂ္ဂိုလ်တွေပါ ထည့်သွင်းပြီးတော့ ထိန်ပင်မှာ သဂြိင်္ုလ်တဲ့ကိစ္စတွေ ရှိပါတယ်။ ကျနော်ပြောတဲ့ ၁၀ ဦး သေဆုံးခြင်း၊ ၁၄ ဦး ဒဏ်ရာရခြင်း ဆိုတာဟာ အရေးအခင်းနဲ့ တိုက်ရိုက် သက်ဆိုင်သော၊ ဖျားနာသေဆုံးခြင်း မပါသော ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ စောစောက ဒေါ်အေးအေးဝင်း ပြောတဲ့ဥစ္စာကတော့ ခုနကဟာတွေ အားလုံးပေါင်းပြီးတော့ ပြောတာ ဖြစ်တဲ့အတွက်ကြောင့် အရေအတွက် နှစ်ခု ကွာခြား နေရခြင်း ဖြစ်ပါတယ်။

***

ဆီးဂိမ်းပြိုင်ပွဲဝင် ကျနော်တို့ရဲ့ မြန်မာ အမျိုးသား ဘောလုံးအသင်းကတော့ ပွဲဦးထွက် ထိုင်းနဲ့ပွဲမှာ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးပြီးတော့ အင်ဒိုနီးရှားနဲ့ပွဲမှာ ဂိုးမရှိ သရေ ကျခဲ့ပါတယ်။ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၇ ရက်နေ့မှာ ကမ္ဘောဒီးယားနဲ့ ကစားရပါမယ်။ အင်ဒိုက ကမ္ဘောဒီးယားကို သုံးဂိုး တဂိုးနဲ့ နိုင်ထားတဲ့အတွက် အုပ်စု နောက်ဆုံးပွဲမှာ တကယ်လို့ မြန်မာက ကမ္ဘောဒီးယားကို သုံးဂိုးပြတ်နဲ့ နိုင်ပြီး အင်ဒိုက ထိုင်းကို ရှုံးခဲ့ရင် မြန်မာအသင်း အုပ်စု တက်ဖို့ အခွင့်အရေး ရှိပါမယ်။ ထိုင်းနဲ့ အင်ဒို သရေကျခဲ့ရင်တော့ မြန်မာအသင်း အိမ်ပြန်ရပါမယ်။ အမျိုးသားအသင်းက အဲဒီလို ရင်တမမ ဖြစ်နေချိန်မှာ မြန်မာအမျိုးသမီး အသင်းကတော့ အုပ်စုတွင်း ပြိုင်ဘက်တွေကို ဂိုးတွေ တဂျိမ်းဂျိမ်းသွင်းပြီးတော့ အောင်ပွဲခံနေပါတယ်။ အုပ်စုနောက်ဆုံးပွဲ အဖြစ် ထိုင်းနဲ့ အုပ်စုဗိုလ်ဖြစ်ရမတဲ့။ မြန်မာကွ((((((((((((((( (မှတ်ချက် အမျိုးသမီးအသင်း :D)

မြန်မာပြည်တွင်းမှ အင်တာနက် အသုံးပြုသူတွေအကြား ရေပန်းအစားဆုံး ဖြစ်တဲ့ ဇော်ဂျီမြန်မာဖောင့်ကို Apple ထုတ် မက်ကင်တော့ရှ် ကွန်ပြူတာတွေမှာလဲ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ဇော်ဂျီတောင့်ကို Apple ကွန်ပြူတာတွေမှာ အသုံးပြုနိုင်ဖို့အတွက် Zawgyi Keyboard For MacOSX ကို စင်ကာပူနိုင်ငံမှ ကွန်ပျူတာ ပညာရှင် ဦးဝေဖြိုးက ဖန်တီးပေးခဲ့တာ ဖြစ်ပြီး စိတ်ပါဝင်စားသူများ အနေနဲ့ http://edwardwitten.blogspot.com မှာ သွားရောက် လေ့လာနိုင်ပါတယ်။

ဒီတပတ် စပ်မိစပ်ရာကတော့ ဒီလောက်ပါပဲ။ နောက်အပတ်မှ ဆုံကြစို့ရဲ့…။


ကလိုစေးထူး

7 comments:

TTT said...

I just realize how nasty and stupid Myat Khine is. He is going to pay a big price. wait and see, guys!!

Thyda said...

Thanks a lot for sharing mm press release news. I never ever read it before.

They could not even qualified enough to talk/release news for their lies.(or because those are lies, it could be seen easily).

Anonymous said...

အမေး အဖြေ အပိုင်းက အဖြေတွေက ရယ်စရာအကောင်းဆုံးပဲ ။

Anonymous said...

အရင်တုန်းက ဆောင်ပုဒ်လေးတစ်ခုသူတို့ လုပ်ခဲ့သေး တယ်၊ ‘မြန်မာ့အားကစားကမ္ဘာကိုလွှမ်းရမည်’ ဆိုတာ လေ...၊ တကယ်တော့အဲဒီဆောင်ပုဒ်ကမပြည့်မစုံဖြစ် နေခဲ့တာ၊ အမှန်ဆိုရင် မြန်မာ့အားကစားဂျာနယ်ကမ္ဘာ ကိုလွှမ်းရမည် လို့ဖြစ်ရမှာဗျ၊ ထွက်လိုက်တဲ့ အားကစား ဂျာနယ်တွေ ဆိုတာ..၊ အင်း....မြန်မာ့အားကစား ကတော့ ကမ္ဘာကို လွမ်းသွားခဲ့တာ ကြာပြီကောဗျာ....။

Unknown said...

မသွားခင်ဝင်လာဖတ်တာကွ.
တကယ်လို့သာအမျိုးသမီးအဖွဲ့မှာ သူတိုလူတွေဝင်လာရင်တော့သေချာပေါက် ရှုံးမှာ..
အခုအခိုက်အတန့်လေးကံကောင်းလို့ လူတော်တွေ နေရာရနေကြတာ
အမျိုးသားပွဲတွေမှာ မတော်တဲ့လူတွေနိုင်ငံခြားထည့်ပြီး
တော်တဲ့လူတွေမြန်မာပြည်မှာကျန်နေခဲ့ခြင်းက
....

nu-san said...

ကောင်းလိုက်တဲ့ သတင်းစာရှင်းလင်းပွဲ.. မှတ်သားလောက်ပါပေတယ်..း(
ကိုစေးထူးပြောသလိုပဲ နိုင်ငံကို ကယ်တင်ထားတဲ့ ကယ်တင်နိုင်လွန်းသူ မောင်မင်းကြီးသားများ ကျန်းမာချမ်းသာကြပါစေ…။

Mintasay said...

အကိုကခှဲဆီးပါတစ်ခါတည်းထည့်ကျော်ငြာသွားတယ်ဗျာ...