Monday, February 04, 2008

ကိုဇော်မျိုးသို့ အိတ်ဖွင့်ပေးစာ…

ကိုဇော်မျိုး…

မင်္ဂလာပါဗျာ။ ကျနော်က ခရီးသွားနေတော့ ဘလော့ဂ်ကို ပြန်မစစ်အားလိုက်ဘူး ဖြစ်နေတာ ပြန်လဲရောက်ရော ကိုဇော်မျိုးရဲ့ ကွန်မန့်တွေက အခန့်သား ကြိုနေတော့တာပဲဗျာ။ အားလုံးသော ကွန်မန့်တွေကို ဖတ်ပြီးချိန်မှာတော့ ကျနော် ကိုဇော်မျိုးအတွက် စာတစောင်လောက်တော့ ရေးသင့်တယ်ထင်လို့ ဒီစာကို ရေးလိုက်ပါတယ်။ ဒီစာကို ကိုဇော်မျိုးအနေနဲ့ (ကျနော့်အပေါ် ထားရှိဟန် ပေါ်တဲ့) ဒေါသတွေ၊ ရန်စောင်မှုတွေကိုတော့ ဖယ်ထားပြီး ဖတ်စေချင်ပါတယ်။

ကိုဇော်မျိုး…

လောကမှာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လူတွေဟာ သူ့ယုံကြည်ချက်၊ သူ့ရပ်တည် ရှင်သန်ချက်အပေါ်မှာ မှီတည်ပြီးတော့ မတူကွဲပြားမှုတွေ ရှိကြပါတယ်။ ဒီတော့ ကျနော်က ဒီမိုကရေစီဝါဒကို ယုံကြည်ပေမယ့် ကိုဇော်မျိုးက ယုံချင်မှယုံမယ်။ ဒါကို ကျနော် အပြည့်အ၀ လက်ခံနားလည်ပါတယ်။ ဒါကြောင့်လဲပဲ ကိုဇော်မျိုးက ကိုယ့်အယူအဆကို ကိုဇော်မျိုးရဲ့ ကိုယ်ပိုင် ဘလော့ဂ်မှာ ရေးသားသလို ကျနော်ကလည်း ကျနော့်အယူအဆနဲ့ ကျနော့်ယုံကြည်ချက်ကို ကျနော့် ကိုယ်ပိုင်ဘလော့ဂ်မှာ ချခင်း တင်ပြပါတယ်။ ဒါဟာ အင်မတန်မှ ရိုးစင်းပြီး လူသားတိုင်း ရှိနေတဲ့ မွေးရာပါ အခွင့်အရေးလို့ ပြောမယ်ဆိုရင် ပညာတတ်တယောက် ဖြစ်ဟန်တူတဲ့ ကိုဇော်မျိုး ငြင်းလောက်မယ်လို့ ကျနော် မထင်ပါဘူး။

ဘလော့ဂ်ရေးတယ် ဆိုမှတော့ ကိုယ်ရေးတာကို တခြားသော မိမိနဲ့ နီးစပ်ရာ မိတ်ဆွေတွေနဲ့ တကွ လက်လှမ်းမီရာတွေကို ဖတ်စေချင်ကြတာကလဲ လူ့သဘာဝပါပဲ။ ဒါကြောင့် ကျနော် ဘလော့ဂ် စရေးတဲ့ အချိန်မှာတုန်းကလည်း ခင်ရာမင်ရာ သူငယ်ချင်း မိတ်ဆွေတွေကို `အားရင် ကျနော့် ဘလော့ဂ် လာဖတ်ပါအုံး´ ဆိုပြီး ဖိတ်ခဲ့ဖူး၊ အဝေဖန်ခိုင်းခဲ့ဖူးပါတယ်။

အဲဒီ သဘောသဘာဝကနေ လွန်ဆန်နိုင်ဟန် မရှိတဲ့ ကိုဇော်မျိုးသည်လဲ ဘလော့ဂ် တခုကို စတင်ရေးခဲ့ပြီး ပို့စ်တွေ စတင် တင်ဆက်တာနဲ့ `ဘလော့ဂ် ကြော်ငြာ´ ထွက်ခဲ့တာဟာ ကျနော့်ဘလော့ဂ်ပေါ်ကိုလည်း ရောက်လာခဲ့တယ် ဆိုပါတော့…။

ကိုဇော်မျိုး…

ကျနော့်ရဲ့ အခုလက်ရှိ နောက်ဆုံးပို့စ်မှာ ရေးထားတဲ့ ကိုဇော်မျိုးရဲ့ ကွန်မန့်ပါ စာသားတွေကို လေ့လာကြည့်ချက်အရ ကိုဇော်မျိုးက ကိုဇော်မျိုးရေးထားတယ် ဆိုတဲ့ ဆောင်းပါးတွေ၊ စာတွေကို လူတွေကို သိပ်ဖတ်စေချင်တာကို သတိထားမိပါတယ်။ ကဲ… ဒါဖြင့် ကျနော့်ကို မေးခွင့်ပြုပါ။ ကိုဇော်မျိုးကရော တခြားသူတွေ ရေးတဲ့ စာတွေကို အရေးတယူနဲ့ ဂရုတစိုက်ဖတ်ပါရဲ့လား။

အဲဒီ မေးခွန်းကို ကျနော် မေးရတာဟာ အကြောင်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လူဆိုတာဟာ ကိုယ့်ကို ဂရုစိုက်စေချင်ရင်၊ ကိုယ့်ကို နားလည်စေချင်ရင် သူတပါးကိုလဲ ဂရုစိုက်ရ၊ နားလည်ပေးရပါတယ်။ အခုတော့ ကိုဇော်မျိုးက `ကျနော်တို့ တင်ပြထားတဲ့ ဘယ်ဆောင်းပါး၊ ဘယ်အကြောင်းကိုတော့ လာဖတ်ကြပါ´ ဆိုပြီးတော့ ဘလော့တကာမှာ တစာစာ လိုက်အော်နေပေမယ့် အဲဒီ လိုက်အော်တဲ့ ဘလော့ဂ်တွေမှာ ဘာတွေရေးထားတယ် ဆိုတာကိုတော့ တစိုးတစိမှ ဖတ်ဟန် မရှိတဲ့ အနေအထားကို တွေ့ရပါတယ်။ ထင်ရှားတဲ့ သာဓကအားဖြင့် အခု လက်ရှိ ကျနော့် ဘလော့ဂ်မှာ ကိုဇော်မျိုး ၀င်ရေးတဲ့ မှတ်ချက် မှန်သမျှဟာ ကျနော် တင်ပြထားတဲ့ ပို့စ်နဲ့ ဆက်စပ်မှု လုံးဝ မရှိဘဲ ကိုဇော်မျိုးက ကိုယ်ပြောချင်တာကိုသာ အတင်းကာရော ဇွတ် ၀င်ပြောနေတာကိုပဲ တွေ့ရပါတယ်။

`စာပေ´ ဆိုတာကို ဈေးတန်းလေး တခုနဲ့ ကျနော် ပို့စ်တခုမှာ တင်စားရေးခဲ့ဖူးပါတယ်။ ဈေးတန်း ဆိုမှတော့ မုန့်ဆိုင်၊ ပန်းဆိုင်၊ အသီးအရွက်ဆိုင်၊ အသားငါးဆိုင်၊ ဟော… ဟိုးတဖက်မှာဆိုရင်တော့ ရွှေဆိုင်တို့ အထည်ဆိုင်တို့လည်း ရှိနိုင်သေးတာပေါ့ဗျာ။ ကိုဇော်မျိုး မျက်စိထဲမှာ မြင်ကြည့်စမ်းပါ။ ရွှေငွေ ရတနာ ပစ္စည်းဆိုင်က ရွှေရောင်းငွေဝယ် လုပ်နေတဲ့ လူတွေကြားမှာ `ငါးပိဝယ်အုံးမလား´ လို့ သွားမေးရင် သင့်တော်ပါ့မလား။ အဲဒီလိုပါပဲ၊ ဟင်းသီးဟင်းရွက် ရောင်းနေတဲ့ ဈေးတန်းထဲကို `ဟောဒီက စိန်လက်စွပ်တွေ၊ ရွှေလက်စွပ်တွေရမယ်´ လို့ တကြော်ကြော်အော်ပြီးတော့ ဘယ်သူမှ မရောင်းပါဘူး။

ဒီတော့ ကိုဇော်မျိုး တင်ဆက်တဲ့ စာတွေ၊ ဆောင်းပါးတွေက ရွှေငွေရတနာနဲ့ တူရင် ရွှေကုန်သည်တွေ လာကြပါလိမ့်မယ်။ ငါးပိနဲ့ တူရင် ငါးပိကြိုက်သူတွေ လာကြပါလိမ့်မယ်။ အဓိကကတော့ ကိုယ် ကိုင်စွဲထားတာ ဘာလဲ ဆိုတာ သေချာသိဖို့ပါပဲ။ `င့ါ ငါးပိတွေ ဘယ်သူမှလာမ၀ယ်ဘူး´ ဆိုပြီးတော့ ရွှေဆိုင်တန်းထဲ အော်ဟစ်ရောင်းနေရင်တော့ သူရူးတယောက်လို ဖြစ်နေမှာ သေချာပါတယ်။ ရှေးလူကြီးတွေကတော့ ဒါကို `စိန်ကောင်း ကျောက်ကောင်း ရောင်းတဲ့နေရာမှာ ဆေးရိုးသည်က ကန့်လန့်၊ ကန့်လန့်´ လို့ စကားပုံ တခု တွင်ခဲ့ကြပါတယ်။ ဒီလောက်ကတော့ ကိုဇော်မျိုးအနေနဲ့ သိမှာပါ လို့ ကျနော် ယုံကြည်ပါတယ်။

ဒီတော့ ကိုဇော်မျိုး အနေနဲ့ ကိုဇော်မျိုး နားလည်လက်ခံထားတဲ့ ရပ်တည်ယုံကြည်ချက်အပေါ်မှာ ကိုယ်ကိုယ်တိုင်က မားမားမတ်မတ် ယုံကြည်ထားတယ်ဆိုရင် ကျနော်ထင်ပါတယ်၊ ကိုဇော်မျိုး ရေးတဲ့ စာတွေကို (ကိုဇော်မျိုးက တကူးတက လိုက်မကြော်ငြာရဘဲနဲ့) လိုလိုလားလား လာဖတ်ချင်တဲ့လူတွေ ရှိလာပါလိမ့်မယ်။ အဲဒါနဲ့ တဆက်တည်းမှာ ကိုဇော်မျိုးကသာ တကယ်ကို တိုင်းပြည်ချစ်စိတ် ရှိရိုးမှန်တယ်လို့ လူတွေက လက်ခံယုံကြည်လာပြီ ဆိုရင် ကိုဇော်မျိုးကို ထောက်ခံအားပေးသူတွေ သူ့အလိုလိုကို ပေါ်လာပါလိမ့်မယ်။

အယူအဆ တခုခုကို ရေးသားတင်ပြလိုက်တဲ့ နေရာမှာ `ထောက်ခံအားပေးမှု´ ကိုပဲ မျှော်လင့်ထားလို့ မရစကောင်းပါဘူး။ အထူးသဖြင့် `နိုင်ငံရေး´ လို့ အများက သတ်မှတ်ထားတဲ့ အကြောင်းအရာ တခုခုကို ရေးတော့မယ်ဆိုရင် ပြန်ရလာမယ့် တုံ့ပြန်ချက်တွေမှာ မတူညီတဲ့ အမြင်တွေပေါ် အခြေခံတဲ့ ကန့်ကွက် ထောက်ပြမှုတွေ ရှိလာမယ်ဆိုတာကို နားလည် လက်ခံသင့်လှပါတယ်။ ကျနော့်ကို မေးခွင့်ပြုပါ ခင်ဗျာ။ ကိုဇော်မျိုးရေးခဲ့တဲ့ ဆောင်းပါးတွေကို ကန့်ကွက်ထောက်ပြခဲ့တဲ့ ကိုဇော်မျိုးနဲ့ အမြင်မတူသူ လူဘယ်နှစ်ယောက်ကို ကိုဇော်မျိုးအနေနဲ့ ပြေပြေလည်လည် အကျိုးသင့် အကြောင်းသင့် ပြန်လည်ဆွေးနွေးခဲ့ဖူးပါသလဲ။ များသောအားဖြင့် ကိုဇော်မျိုးဟာ မိမိနဲ့ အမြင်မတူသူ တဖက်သားကို နှိမ်နှိမ်ချိုးချိုး၊ ရိထေ့တဲ့ စကားလုံးတွေနဲ့သာ ပြန်တုံ့ပြန်ခဲ့တာကို ကျနော် သတိထားမိပါတယ်။

ဒါ့အပြင် ကိုယ်နဲ့ အမြင်မတူတဲ့ အယူအဆရှိတဲ့ တခြားသော ဘလော့ဂ်တွေကို လိုက်ဖတ်ပြီးတဲ့အခါမှာ အဲဒီ ဘလော့ဂ်တွေမှာ ကိုဇော်မျိုး အနေနဲ့ `ဒီလူတော့ဖြင့် ငါနဲ့ အမြင်မတူဘူး´ ဆိုပြီးတော့ အဲဒီ မတူတဲ့ အမြင်ကိုပဲ လေးစားသမှုနဲ့ ပြေပြေလည်လည် ပြန်လည်ချေပတာ၊ ဒါမှမဟုတ် ကိုဇော်မျိုး နားလည်လက်ခံတယ် ဆိုတဲ့ အယူအဆကို အကျိုးသင့် အကြောင်းသင့် တင်ပြတာတွေ လုပ်ခဲ့ဖူးပါသလား။ ကျနော့်ဘလော့ဂ်မှာရေးသားတဲ့ ကိုဇော်မျိုးရဲ့ မှတ်ချက်တွေမှာကတော့ အဲဒီလို ဆွေးနွေးတာတွေ မပါခဲ့တာ သေချာပါတယ်။ ဆွေးနွေးချက်တွေအစား `အတင်းစေးထူး´ `အတင်းပြောတာပဲ တတ်တယ်´ `အနှစ်နှစ်ဆယ်လုံးလုံး´ အစရှိတဲ့ ကလေးဆန်လွန်းတဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန် တိုက်ခိုက်ပုတ်ခတ်မှုတွေနဲ့ပဲ ရန်စောင် နေတာကိုတွေ့တော့ ကျနော်က ဒေါသထွက်ရမယ့်အစား ပြုံးမိပါတယ်။

ကိုဇော်မျိုး…

ကိုဇော်မျိုး မကျေမချမ်း အတော်လေး ဖြစ်နေတဲ့ ကျနော့်ရဲ့ စီဘောက်စ် ကိစ္စကို ပြောပြချင်ပါတယ်။ ကိုဇော်မျိုးက အထက်မှာ ကျနော် ရေးခဲ့သလိုပဲ ကိုဇော်မျိုး ဘလော့ဂ်မှာ ပို့စ်အသစ်ရေးပြီးတိုင်း ကျနော့်စီဘောက်စ်ကို `ကြော်ငြာစရာနေရာ တခု´ လို သဘောထားပြီးတော့ လာလာကြော်ငြာပါတယ်။ ဒါကို အတိုင်းအတာ တခုအနေနဲ့ ကျနော် လက်ခံပါတယ်။ တခါတလေမှာလည်း ကျနော့်ရဲ့ တခြားသော မိတ်ဆွေ၊ သူငယ်ချင်းတွေက အကိုရေ၊ ကျနော်/ကျမ တို့ရဲ့ ဘယ်ဘလော့ဂ်မှာတော့ ပို့စ်တင်ထားတယ် ဆိုတာမျိုး၊ ဘယ်သတင်းတော့ ထူးတယ် ဆိုတာမျိုး လာလာပြောကြတာမျိုး ရှိတော့ ကိုဇော်မျိုး ရဲ့ ပို့စ်တွေကို လာလာကြော်ငြာတာကို ကျနော် လက်ခံနားလည်ပေးလို့ရပါတယ်။

ကိုဇော်မျိုးဟာ ပို့စ်ကြော်ငြာရုံတင်မက တရက်မှာတော့ ကျနော့်ဘလော့ဂ်ကို လာဖတ်တဲ့ တခြားသော ကိုဇော်မျိုးနဲ့ အမည်တူ Zawmyo ဆိုတဲ့ စာဖတ်သူတယောက်ကိုပါ (ကျနော့်နာမည်က မြန်မာလို ဇော်မျိုးလို့ ပေါင်းပါတယ်၊ တုရင်လည်း တူအောင် တုပါခင်ဗျာ) လို့ ရန်စ၊ ရန်စောင်စကား ပြောခဲ့တဲ့ အတွက် ကိုဇော်မျိုးကို ခေတ္တခဏသဘောမျိုး ကျနော့်စီဘောက်စ်ကို သုံးစွဲခွင့် ပိတ်ခဲ့တာပါ။ အဲဒီ Zawmyo ဆိုသူရဲ့ အိုင်ပီလိပ်စာကို ကြည့်လိုက်တော့ နော်ဝေကဖြစ်ပြီးတော့ အဲဒီတုန်းက သူ ကျနော့် စီဘောက်စ်မှာ ရေးခဲ့တာဟာလည်း ကိုဇော်မျိုးနဲ့ ဘာမှကို အဆက်အစပ်မရှိဘဲ ကျနော်ရေးတဲ့ ပို့စ်တခု အကြောင်းကိုသာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုဇော်မျိုးကို စီဘောက်စ် ပိတ်ခဲ့ပြီး နောက် ၂ ရက်လောက် အကြာမှာပဲ ပြန်ဖွင့်ခဲ့ပါတယ်။ ဒါကြောင့် ကိုဇော်မျိုး အနေနဲ့ ကျနော့် စီဘောက်စ်ကို သုံးလို့ရနေတာ ကြာပါပြီ။ (စီဘောက်စ် ပြန်ဖွင့်ထားတယ်ဆိုတာကို ရေးခဲ့ဖူးတဲ့ ပို့စ်ကို ပြန်ရှာပေးပါအုံးမယ်။ လောလောဆယ်တော့ ရှာလို့ မရသေးလို့ပါ)

ကိုဇော်မျိုးဟာ ကျနော့်ကို `စီဘောက်စ်မှာ လွတ်လပ်စွာ တင်ပြခွင့်ကိုတောင် ပိတ်ထားတယ်´ ဆိုတာကို ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ ကျနော့်ကိုတင် မက၊ ကိုဇော်မျိုးကို စီဘောက်စ် အသုံးပြုခွင့် ပိတ်ပင်တဲ့ တခြားသော ဘလော့ဂါတွေ အပေါ်မှာလည်း မကျေမချမ်းနဲ့ ပိတ်ရကောင်းလား၊ ဘမ်းရကောင်းလားဆိုပြီး ပြောတာဆိုတာတွေကို ကျနော်တွေ့ခဲ့ရဖူးပါတယ်။

တကယ်တော့ ဘလော့ဂ်ထဲက `စီဘောက်စ်´ ဆိုတဲ့ အရာလေးဟာ သိပ်ပြီးတော့ အဆန်းတကျယ် ထူးဆန်းနေတဲ့ အရာမဟုတ်သလို အဲဒီထဲမှာလဲ များသောအားဖြင့် `နေကောင်းတယ်နော်´ `လာဖတ်သွားပါတယ်´ `စာတွေ ဆက်တင်ပါအုံး´ အစရှိတဲ့ အချင်းချင်း နှုတ်ဆက်စကားတွေလောက်သာ ပြောကြတာများပါတယ်။ တချို့ကတော့လည်း သတင်းတွေဘာတွေ ပေးကြတာလဲ ရှိတာပေါ့။ ဒါက ထားလိုက်ပါတော့…။

ကျနော် ပြောချင်တာကတော့ အဲဒီ စီဘောက်စ် အသုံးပြုခွင့်ကို ပိတ်ပင်ခံရတဲ့ အခါမှာ ကိုဇော်မျိုး ဘယ်လိုခံစားရပါသလဲ။ `ငါ့ကို လွတ်လပ်စွာ တင်ပြခွင့် မပေးဘူး´ လို့ ခံစားရတယ် မဟုတ်ပါလား။ ကဲ…၊ ကိုဇော်မျိုးက အဲဒီလိုမျိုး စီဘောက်စ်မှာ ပြောခွင့်ဆိုခွင့် မရတာလေးကိုတောင် ဒီလောက်တောင် မခံချိမခံသာ ဖြစ်နေရသေးရင် ဘ၀ပေါင်းများစွာရဲ့ ရင်ထဲက ပိတ်ပင်ခံထားရတဲ့ ခံစားချက်တွေ၊ ယုံကြည်ချက်တွေက တောင်းဆိုနေတဲ့ `လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်´ ဆိုတဲ့ အဓိပ္ပာယ်လေးကို ကိုယ်ချင်းစာ နားလည်ပေးသင့်တယ်လို့ မထင်မိဘူးလားခင်ဗျာ။

ကိုဇော်မျိုး…

ရေးခဲ့တာ အတန်ငယ်တော့ ရှည်လျားပါပြီ။ အခု ဒီစာကို ကျနော်ရေးရတဲ့ အကြောင်းရင်းမှာ ကိုဇော်မျိုးကို တိုက်ခိုက် ချိုးနှိမ်လိုစိတ်၊ ရန်လိုတဲ့စိတ် အလျဉ်း မပါရှိဘူး ဆိုတာကိုတော့ နားလည်စေချင်ပါတယ်။ ကျနော်တို့ အမြင်မတူကြဘူး။ အဲဒီ မတူတဲ့ အမြင်တွေအပေါ်မှာ ကိုယ်ယုံကြည်သလို ကိုယ်တင်ပြတယ်။ ကျနော့်ဘလော့ဂ်မှာ ကျနော် တင်ပြနေတာဟာ ကျနော့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပါပဲ။ ကိုဇော်မျိုး အနေနဲ့ ဒါတွေကို လက်ခံလိုစိတ်မရှိတာ၊ ကိုဇော်မျိုးပြောသလို ကျနော့်ကို မလေးစားတာကတော့ ကိုဇော်မျိုး အပိုင်းပါ။

ဒါပေမယ့် ကျနော်ရေးတာတွေကို လာဖတ်လိုက်၊ စိတ်ထဲမှာ ကျလိကျလိဖြစ်လိုက်၊ ထေ့လိုက် ရိလိုက် လုပ်နေတာတွေက ကိုဇော်မျိုးအတွက် အချိန်ကုန်ပါတယ်။ လူလဲ ပင်ပန်းပါတယ်။ ကိုဇော်မျိုး တကယ်လုပ်သင့်တာက ကိုဇော်မျိုးရဲ့ ယုံကြည်ချက်ကို ကိုယ်ကိုယ်တိုင် ခိုင်အောင် ကိုင်ထားပါ။ သူတပါးကို တိုက်ခိုက်တယ် ဆိုတာက သိပ်လွယ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကို တိုက်ခိုက်လာရင် ခံနိုင်ရည် ရှိဖို့ကတော့ သိပ်မလွယ်ပါဘူး။ အဲဒီ ခံနိုင်ရည်ကိုပါ တပါတည်း မွေးစေချင်ပါတယ်။

နောက်ဆုံး အနေနဲ့ မေတ္တာရပ်ခံချင်တာကတော့ နောက်နောင် ကျနော်ရေးတဲ့ ပို့စ်တွေမှာ ကိုဇော်မျိုးအနေနဲ့ လက်မခံနိုင်တာ၊ အမြင်မတူတာတွေ ရှိရင် အဲဒီပို့စ်ရဲ့ အောက်မှာ ပို့စ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုသာ အဓိကထား ဦးတည် ဝေဖန်တာ၊ ထောက်ပြတာတွေ လုပ်စေချင်ပါတယ်။ အပေါ်မှာ ရေးတာက တခြား၊ အောက်က မှတ်ချက်ပေးတာက တခြားတော့ မလုပ်စေချင်ပါဘူး။ ကိုဇော်မျိုးဟာ ပညာတတ်တယောက်၊ ဆင်ခြင်တုံတရား ရှိသူတယောက် ဖြစ်တဲ့ အတွက် ဒီမေတ္တာရပ်ခံချက်ကိုတော့ နားလည်လက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အခုရေးလိုက်တဲ့ စာကို ကျနော်က `အငြင်းအခုန်´ လို့ သဘောမထားပါဘူး။ အငြင်းအခုန် သီးသန့်ဆိုရင် တခြားသော လာဖတ်သူတွေကိုလဲ အားနာစရာ သိပ်ကောင်းပါတယ်။ ဒီတော့ ကိုဇော်မျိုးအနေနဲ့လဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု ဆန်တဲ့ စကားလုံးတွေကို တတ်နိုင်သလောက် ရှောင်ရှားပြီးတော့ ကိုဇော်မျိုးရဲ့ ထင်မြင်ယူဆချက်တွေကို ပြန်ရေးနိုင်ပါတယ်။ ကျနော့်ကို မလေးစားပါနဲ့။ ကိစ္စမရှိပါဘူး။ ကျနော်တို့ နှစ်ယောက် အပြန်အလှန်ပြောဆို နေကြတာတွေကို လာဖတ်နေကြမယ့် တခြားသော စာဖတ်သူတွေကိုတော့ လေးစားစေချင်ပါတယ်။ ကိုဇော်မျိုးရဲ့ တုံ့ပြန်မှုကို စောင့်ပါမယ်။ Open mind လေးတော့ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ် ကိုဇော်မျိုး။ ပျော်ရွှင် အဆင်ပြေပါစေ…။


ကလိုစေးထူး

15 comments:

Anonymous said...

အင်းပြောလဲ နားလည်ပါ့မလားပဲ။
လူပေမယ့် တစ်ချို့တွေကျတော့လဲ လူလိုသိတယ်။
တစ်ချို့ကျတော့လဲ လူလိုမသိဘူး။
ကျနော်လဲတွေ့နေရ မြင်နေရတာ တော်တော်စိတ်ပျက်တယ်။ ဒီလူ ဇော်မျိုး ဆိုတယ့် နာမည်ခံထားတယ့်ကောင်က ဘလော့ခ်လောက ကို သက်သက်မဲ့ကို အနှောင့်အယှက်ပေးနေသလိုပဲ။ ရေးလိုက်ရင်လဲ တစ်လွဲတွေချည်းပဲ။ ကိုယ့်ဟာကိုယ် ဘာရေးလို့ရေးမှန်းတောင် သိပါ့မလားပဲ။ ပြောမရရင်တော့ ပြစ်ထားလိုက်ပါဗျာ။ သူ့လမ်းသူသွားလိမ့်မယ်။ သူ့ဘလောခ့်ကို လူလာစေချင်တာတစ်ခုနဲ့ ကျန်တယ့်လူတွေကို မခံချင်အောင်ပြော။ မဆိုင်တာတွေပြော။ ဘယ်လို မိဘကနေ မွေးလာတယ်ဆိုတာကိုပဲ စဉ်းစားနေမိတယ်။ လူဆိုတာ လူလိုကျင့်ရတယ်မဟုတ်လား။ ခုဟာကတော့ အတိုင်းအတာ တစ်ခုထက်ပိုနေတယ်လေ။
ဒါပါပဲဗျာ
အောင်ချမ်း

Anonymous said...

Ko Say Htoo,

thanks you for that letter. I also want to write such kind of letter to him.But i'm not a good author like you.
After reading of your post, I imagine
for his face. Har har ..
u r great job!! , u wrote this post even i disturb to u.
:)

Anonymous said...

-အားလုံးသဘောပေါက်အောင်ပြောရရင်--------ဇော်မျိုး၇ဲ့၇ည်၇ွယ်ချက်ကဒါပါပဲ
သူကရည်ရွယ်ချက်ရှိရှိနဲ့လူတွေကိုဆွပေးနေတာ-----
သူဆီလာအောင်လုပ်တာလဲ---ငါးစာပြပြီးငါးများနေခြင်းပါပဲ---
ငါးစာမမိကြပါစေနဲ့------သတိထားပါ----
သူရည်ရွယ်ချက်သူမသိလောက်အောင်ဇော်မျိုးတုံးသည်ဟု---ကျွန်ုပ်မထင်ပါ----
သူ့ကိုလျှော့မတွက်ကြပါနှင့်ဟုသတိကျပ်ကျပ်ပေးလိုက်ပါသည်

Anonymous said...

ဖြေရှင်းထားတာ သိပ်ကောင်းတယ်၊ အဲဒီလူဟာ သူတိုးတက် နံမည်ကြီးဘို့အတွက် တပါးသူကိုနင်းပြီးမှ တက်ချင်တယ်၊ အတ္တသိပ်များ နေတယ်ဆိုတာ သူ့အရေးသားကိုကြည့်တာနဲ့ သိတာပါတယ်၊
K

TTT said...

what a good argument!! I am pleased to read it after reading all of his nasty comments.

Anonymous said...

ဖြေရှင်ထားတာ အရမ်းကို အဆင့်တန်းရှိပြီး ပညာတတ်ပီပပါတယ် လေးစားတယ်ဗျာ.....ပို့ စ်တစ်ခုလုံးက ရှု့စုံထောင့်စုံက ရှင်းပြထားတာပါ စာရေးသူရဲ့  ပို့ စ်ကို အမြဲအားပေးလျှက်....

Anonymous said...

အရမ်းကောင်းတယ်ဗျာ။ဒီလူကပြည်သူ့ ချဉ်ဖတ်ဆိုတာလူတိုင်းလဲသိသူကိုယ်တိုင်လဲသိမှာ ပါ။

Khin said...

ဓါတ်သိပြောတာမှန်ပါတယ်

He is playing you all!

Do not be naive.

* In Search of Truth * said...

အစ်ကိုအတင်းစေးထူး
ကွေ့ကွေ့ပတ်ပတ်နဲ့ အရေမရ အဖတ်မရ ရေးလိုက်ရပြီဆိုတော့ ကျေနပ်သွားပြီလားခင်ဗျာ? ဒါဆိုလည်း ထုံးဆန်အတိုင်း နအဖ အတင်းဆောင်းပါးလေးတွေ ဆက်ရေးပါဦးခင်ဗျာ။ မျက်ကန်းထောက်ခံမယ့်သူတွေ အဆင့်သင့်ရှိနေပါတယ်။ ကျနော်ကတော့ အဆင့်အတန်းနိမ့်နိမ့်အတင်းပြော ဆောင်းပါးဆိုရင် အချိန်ပေးကို မဖတ်ပါခင်ဗျာ။
ကျနော့ကို နာမည်ကြီးအောင် လုပ်ပေးတဲ့ အစ်ကိုအတင်းစေးထူးကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ

* In Search of Truth * said...

နောက်တစ်ခုပြောဖို့မေ့သွားတယ်ခင်ဗျာ။ နောက်နောင် အတင်းပြောမယ်ဆိုရင် Light of myanmar ဆိုတဲ့ နာမည်နဲ့ တည့်တည့်ပြောပါခင်ဗျာ။ ဘလော့တစ်ခုလေးဘာလေးနဲ့ အတင်းမပြောပါနဲ့ခင်ဗျာ။ အစ်ကိုအနေနဲ့ စောင်းပြောရတာ ၀ါသနာပါပေမယ့် စာဖတ်တဲ့သူတွေပါ စောင်းသွားရင် မသင့်တော်ပါခင်ဗျာ။ အစ်ကိုတို့လို လူလေးတစ်ရာတောင် ပြည့်အောင် မသတ်နိုင်တဲ့ နအဖကို နှစ်၂၀လုံးလုံး အတင်းပြောနေတဲ့ အဆင့်နိမ့်ဘလော့မဟုတ်ပဲ လူသိန်းနဲ့ ချီပြီးသတ်တဲ့ အမေရိကန်အကြောင်းပြောနေတဲ့ အဆင့်မြင့် ဘလော့ပိုင်ရှင် ဇော်မျိုးလာသွားတဲ့ အစ်ကိုဂုဏ်ယူ နိုင်ပါတယ်ခင်ဗျာ။

ကျန်းမာလို့ များများအတင်းပြောနိုင်ပါစေခင်ဗျာ

ကလိုစေးထူး said...

ကိုဇော်မျိုးကတော့ဗျာ။ တကယ့် ကလေးဆိုးကြီးလိုပါပဲလား။ :) ဟုတ်ပါပြီဗျာ။ ဘာပဲဖြစ်ဖြစ် ကျနော့် ဘလော့ဂ်မှာ အချိန်လာပေးသွားတာအတွက် ကျေးဇူးတင်ပါတယ်ဗျာ။

Anonymous said...

တိရိစ္ဆာန်တောင် သင်ပေးရင်ရတဲ့ ဒီခေတ်ကြီးမှာ ဇော်မျိုးလို လူမျိုးဟာ ဘယ်လို သတ္တ၀ါများလဲလို့ တော်တော်လေး စဉ်းစားရမည့် ကိန်းဆိုက်နေတယ် ဗျာ။ ဒီလိုကြီး အမေရိကန်မကောင်းကြောင်းတွေကို တဖက်သတ် “ဘူး” ခံငြင်းနေပုံအရ “အကြမ်းဖက် တာလီဘန်” လား “အယ်ကာရီဒါး” လား ဆိုတာ သံသယ ပွားမိတယ် ဗျာ။ ပြောတော့ ဗုဒ္ဓတရားနဲ့ အညီ - ဗုဒ္ဓတရားနဲ့ အညီ - ဆိုပြီး “ဗုဒ္ဓတရား” ကိုပါ ဆွဲထည့် ခုတုံးလုတ်တတ်တဲ့ လူစားမျိုးဟာ အင်မတန် ကြောက်စရာ ကောင်းပါတယ် ဗျာ။ ငါသာမှန်တယ် - အခြားလူတွေက မှားတယ် ဆိုပြီး ဘလိုင်းခံငြင်းတတ်တဲ့ ဦးနှောက်မဲ့ ၀ါဒီတစ်ယောက်ရဲ့ “လက်တွေ့ကျကျ တွေးခေါ်ချင်ရင် ဒီကိုလာပါ” ဆိုတဲ့ သူ့ရဲ့ စာသားဟာလည်း အင်မတန် ရယ်စရာကောင်းလောက်အောင်ပါပဲ ဗျာ။ ဆက်ရေးရင်ပေရှည်နေအုံးမယ် ထင်လို့ - ဒီကနေပဲ -

ကိုဇော်မျိုးရေ .. အကိုရဲ့ယုံကြည်ချက်ဆိုတဲ့

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

အရာလေးကို လက်ကိုင်ထားရင်း ဗုဒ္ဓတရားတွေ ဘာတွေဆိုပြီး ဗုဒ္ဓတရားကို ခုတုံးလုပ်ငြင်းတော့ ကျွန်တော် မေးခွန်းထုတ်ပါရစေ

၁။ ဘုရားတရား ဗုဒ္ဓတရားတွေ အကြောင်း ဘယ်လောက်ထိများ ဒေါင့်စေ့အောင် လေ့လာထားပါသလဲ ?။

၂။ ဗုဒ္ဓတရားကို လက်ကိုင်ထားတဲ့ သူတစ်ယောက်ဟာ မေတ္တာရှေ့ထားပြီး မဆွေးနွေးပဲ ဒီလို ပေါက်ကရတွေ ရေး .. အခြားသူတွေကို နိုင့်ထက်စီးနှင်း သွားသွား ပြောတတ်ပါလား ဗျာ ?။

၃။ “ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်” ဆိုတော့ .. စာရွက်ပေါ်မှာ မရှိလို့ ဘယ်မှာ သွားရှိရမှာလဲ ?။

၎။ အကိုဇော်မျိုး ပြောတဲ့ “လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်” ဆိုတော့ အကို ကိုဇော်မျိုးအနေနဲ့ ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ်လာအောင် လူများတွေကို သွားသွား ဆော်တတ်တဲ့ အကို့ရဲ့အကျင့် အရင် ဖျောက်ပေးမှာလား ဗျာ ?။

Anonymous said...

ကေါင်းတယ်
ဇော်မျိုး ကိုပလာတာ ကြွေးတာ
တဖြေးဖြေး တော.စားတတ်သွားမှာပါ
နောက်တော. ကျေးဇူးတင်လိမ်.မယ်။။

ကြူံတိုင်းကြွေးကြပါ။။

ထက်အောင်

Anonymous said...

Great , you are smart.You should be Myanmar leader.You have wisdom.By reading your post I can see your mind.You have noble mind.Go on brother

Anonymous said...

great bro ....... but u should know that a wild dog never be tame