Tuesday, February 05, 2008

ဆန္ဒ စေတမန်…

ဘလော့ဂ်ဂါ မောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေအတွက် ပထမဆုံးဆိုတဲ့ စကားလုံး တော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါ တစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူး ရေးသားတဲ့ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ် ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ်။ ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကို မောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။


5 comments:

ကလိုစေးထူး said...

တခြားသော သူငယ်ချင်းတွေလိုပဲ ကိုနေဘုန်းလတ်အတွက် ဆုတောင်း ပို့စ် တင်ပြီးတော့ ကျနော်ကိုယ်တိုင်လဲ သူ့အတွက် စာနည်းနည်းရေးချင်မိတယ်။ ကျနော့်စာတွေနဲ့ ရောထွေးတင်လိုက်ရင် တခြားသော သူငယ်ချင်းတွေနဲ့ မတူဖြစ်ပြီး တသီးတသန့်ကြီးလဲ မဖြစ်ချင်ဘူး။ ဒါကြောင့် ကွန်မန့်နေရာမှာပဲ ပြန်ရေးလိုက်မိပါတယ်။ :)

ကိုနေဘုန်းလတ်…သို့…

***

ဒီမှာနေရတာ အငတ်ဆုံးအရာက မြန်မာစာအုပ်ပါပဲ။ ကွန်ပျူတာပေါ်မှာ E-book တွေ ရှိတာ မှန်ပေမယ့် ကွန်ပျူတာ စကရင်ကို ကြည့်ပြီးတော့ စာဖတ်ရတဲ့ အရသာနဲ့ အိပ်ရာထဲမှာ ကွေးကွေးလေးအိပ်ရင်း ပုံနှိပ်စာတအုပ်ကို ဖတ်ရတဲ့ အရသာ ဘယ်လိုမှ မတူပါဘူး။

ဒီတပတ် ပိတ်ရက်မှာတော့ မရောက်ဖြစ်တာ လေးငါးလလောက် ကြာပြီဖြစ်သလို လေးငါးခေါက် ရောက်နှင့်ဖူးပြီးသား ဖြစ်တဲ့ အင်ဒီယားနား ပြည်နယ်ကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။ စာအုပ်ငတ်တဲ့ ကျနော်တယောက် အသိမိတ်ဆွေတွေထံကရော၊ ဆိုင်ကပါ ရတတ်သမျှ မဂ္ဂဇင်း၊ စာအုပ်လေးတွေ ၀ယ်ခဲ့ရင်းနဲ့ သူငယ်ချင်းတယောက်ဆီက ရခဲ့တဲ့ စာအုပ်ထဲမှာ ၂၀၀၆ခုနှစ်၊ သြဂုတ်လထုတ် စံပယ်ဖြူ မဂ္ဂဇင်း အမှတ်(၅) ပါလာခဲ့ပါတယ်။

အိမ်ကိုရောက်တော့ အဲဒီမဂ္ဂဇင်းလေးကို ဟိုဟိုဒီဒီ လှန်လှောဖတ်ရှုရင်းနဲ့ တနေရာအရောက်မှာ `အနာဂတ် ပညာရေး တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ ဆန်းစစ်လေ့လာချက်များ´ ဆိုတဲ့ ဆောင်းပါးလေးတပုဒ်ကို သွားတွေ့မိ၊ ဖတ်မိပါတယ်။ ခရစ်နှစ်၊ ၂၀၀၀ပြည့်နှစ်၊ ဧပြီလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ဆီနီဂေါနိုင်ငံ ဒါကာမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ပညာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကနေ အောင်မြင်တဲ့ ပညာရေး စနစ်တခုဖြစ်ဖို့ အခြေခံလိုအပ်ချက် တွေကို အချက်(၈)ချက်နဲ့ ထောက်ပြထားတာကို ဆန်းစစ်လေ့လာနိုင်အောင် ရည်ရွယ် ဖော်ပြထားတာပါလို့ ဖော်ပြပါရှိတဲ့ အဲဒီ ဆောင်းပါးကို ရေးသားသူကတော့ … … … `နေဘုန်းလတ်´ …တဲ့။

***

သူတင်ဆက်ခဲ့သမျှ ပို့စ်တွေထဲက ဘယ်ပို့စ်ကို အနှစ်သက်ဆုံးလဲလို့ ကျနော့်ကို တစုံတယောက်က မေးလာရင် ကျနော် ကြိုက်နှစ်သက်မိတဲ့ ပို့စ်ကို အံ့သြချင်လဲ အံ့သြနိုင်တယ်။ ကျနော်အနှစ်သက်ဆုံး သူ့ပို့စ်ကတော့ `မြင်အောင် ကြည့်ရင် မြင်ပါတယ်´ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပိန်းပိတ်အောင် မှောင်နေတဲ့ မျက်နှာပြင်ကို ပြပြီး အတွေးတွေ ပေးထားတဲ့ ပို့စ်ပါပဲ။

အမှောင်တွေ ပိန်းပိတ်နေတာကို ကြည့်ပြီးတော့ ကြိုက်သလို မြင်နိုင်တယ်၊ မြင်သလို ခံစားရနိုင်တယ်၊ ဘာမှ မရှိဘူးလို့လဲ ထင်နိုင်သလို၊ အမှောင်ထဲမှာ အရာတွေအများကြီး၊ လူတွေ အများကြီး ပိတ်ပြီး အမှောင်ကျနေတယ်လို့လဲ မြင်နိုင်တယ်။ ကျနော်တို့ ဘာကို ကြည့်မလဲ၊ ဘယ်လိုကြည့်မလဲ ဆိုတဲ့ အတွေးနဲ့ ခံစားစေလိုဟန် ရှိတဲ့ အဲဒီပို့စ်ကို တင်ဆက်ဖို့ ရတဲ့ သူ့စိတ်ကူး အနုပညာ…။
http://www.nayphonelatt.net/2007/10/blog-post_29.html

သူ့ရင်ထဲက ခံစားချက်ကို မြင်နိုင်တဲ့ နောက်ထပ် ပို့စ်တခုကတော့ `ငြိမ်းချမ်းရေး´ …တဲ့။ ငြိမ်းချမ်းရေး အစစ်အမှန်ကို လိုလားဟန်ပြသနေတဲ့ အဲဒီ ပို့စ်…။
http://www.nayphonelatt.net/2007/10/blog-post.html

***

အဲဒီပို့စ်တွေအပြင် အနုပညာမြောက် ပို့စ်များ၊ ပညာပေးဆောင်းပါးများကို ဖန်တီးပုံဖော်နေတဲ့ လူငယ်တဦးကို အကြောင်းပြချက် တစုံတရာ မသိရှိရစွာနဲ့ပဲ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါသတဲ့။ ဟိုး အဝေးကြီးကနေ သတင်းကြားရတဲ့ ကျနော်လိုလူကတောင် စိတ်ပူမိသေးရင် သူ့မိဘတွေ ဘယ်လို ခံစားနေကြရရှာမလဲ…။ အခုရော…၊ သူဘယ်လိုနေနေရရှာမလဲ။ နှိပ်စက်ညှဉ်းပန်းများ ခံနေရမလား၊ ကျန်းမာရေးရော အဆင်ပြေပါ့မလား…။ ဘယ်တော့မှ ပြန်လွတ်လာနိုင်မလဲ…။

သူ့ဘလော့ဂ်လေး တနှစ်သက်တမ်း ပြည့်ခဲ့ပါပြီ။ ၁၂၂ ပုဒ်သော ပို့စ်တွေကို မွေးထုတ်ပေးခဲ့တဲ့ သူ့ဘလော့ဂ်ကတော့ သခင်မဲ့လှစွာနဲ့ အားငယ်လေဟန်…။ သူ လွတ်မြောက်လာစေဖို့ ဆုတောင်းပေးကြတဲ့ စီဘောက်စ်ခမျာမှာလည်း အကြောင်းပြန်ပေးသူ သခင်မရှိလို့ မျက်ရည်ပင် ၀ဲနေလေသလား…။

ကိုနေဘုန်းလတ်ရေ…။

မကြားနိုင်လောက်မှန်း သိပေမယ့် ရင်ဘတ်ထဲက ဆန္ဒတစုံကို စိတ်အင်အားအဖြစ်နဲ့ ခင်ဗျားဆီကို ပို့လွှတ်ပြီး ဆုတောင်းပေးခွင့် ပြုပါ။

`အနှောင်အတည်းမှ အမြန်ဆုံးလွတ်မြောက်နိုင်ပြီး မိဘရင်ခွင်ကို ငြိမ်းချမ်းစွာ ပြန်ရောက်လာနိုင်ပါစေ´

ကလိုစေးထူး

မေပျို said...

အကိုရေ
ကိုနေဘုန်းလတ် ဘလော့ဂ်လေး အမြန်ဆုံး ပြန်လည် အသက်ဝင်လာပါစေလို့ သဲလည်း ဆုတောင်းပါတယ်။

လေးစားစွာဖြင့်
မေပျို

Anonymous said...

Dear bro

http://www.nayphonelatt.net/2007/10/blog-post_29.html

It's not a blank post ... if u select the whole post .. u can read it.

May b u already knew it too.

Winkabar said...

ကိုစေးထူးရေးထားတဲ့စာဖတ်ရတာ နောက်ဆုံးအပိုဒ်ရောက်တော့ကြက်သီးတောင်ထမိတယ်။ လူတိုင်းဝိုင်းဆုတောင်းပေးနေကြတာ ကိုနေဘုန်းလတ်တစ်ယောက် အန္တရာယ်ကင်းပြီး အမြန်ဆုံးလွတ်မြောက်လာနိုင်မှာပါ။

Anonymous said...

ကိုစေးထူးပြောတဲ့ ပို့ စ်တွေ ကျနော်လဲ ကိုနေဘုန်းလတ် ဘလော့မှာဖတ်ဖူးတယ်ဗျ အတွေးတွေအများကြီး သူဘာကိုဆိုလိုချင်တာလဲဆိုတာကို ကိုယ့်စိတ်ထဲမှာသိသလိုလိုနဲ့  အတွေးကိုမဆုံးနိုင်တော့ဘူး
ကိုနေဘုန်းလတ်လို ဘလော့ဂါကောင်းတစ်ယောက် အမြန်ဆုံးလွတ်မြောက်ဖို့ ဝိုင်းဆုတောင်းပါတယ်ခင်ဗျာ....