မနေ့က စာမရေးဖြစ်လိုက်ဘူး။ လူက ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ငူငူကြီးထိုင်ရင်းနဲ့ အခန်းထဲကို ဘာရယ်မဟုတ် ဟိုဟိုဒီဒီ ငေးလိုက်တာ မတီးဖြစ်တာ ကြာပြီဖြစ်တဲ့ ဂီတာဆီကို အကြည့်က ရောက်သွားတယ်။ ဂီတာကို ဆွဲယူပြီးတော့ လက်ကွက်တကွက်ကို တီးကြည့်လိုက်တာ ကြိုးမညှိထားတော့ အသံက ကပေါက်တိကပေါက်ချာ အသံထွက်လာတယ်။
ကျနော် ဂီတာကို စပြီးတီးတတ်တာ အသက် ၁၆ နှစ်သားလောက်က ထင်တယ်။ မေမေက ဆယ်တန်း မအောင်ခင်တုန်းကတော့ ဂီတာတီးတာကို ပြင်းပြင်းထန်ထန်ကြီးကို ကန့်ကွက်ခဲ့ပေမယ့် ဆယ်တန်းအောင်တဲ့ နောက်ပိုင်းမှာတော့ ဘာမှမပြောတော့ဘူး။
နောက်တော့လဲ ဂီတာလေး နည်းနည်းပါးပါး တီးတတ်လာတဲ့ လူငယ်တွေရဲ့ သဘာဝအတိုင်း လမ်းဘေးအုတ်ခုံတွေရဲ့ ညချမ်းတွေမှာ ဟိုသီချင်းလေး တီးလိုက်၊ ဒီသီချင်းလေး ဆိုလိုက် လုပ်တတ်လာတာပေါ့။ လရောင်လေးက ဖြိုးဖျဖျနဲ့ အမှောင်မသဲမကွဲအောက်မှာ လမ်းဘေး အုတ်ခုံတွေကို ကိုယ့်ရဲ့ သီချင်းဆိုရာ စင်မြင့်တခုလို သဘောထားခဲ့ဖူးတယ်။
များသောအားဖြင့်ကတော့ ကျနော်တို့ မြန်မာ လူ့အသိုင်းအ၀ိုင်းမှာက လမ်းဘေး အုတ်ခုံမှာ ဂီတာထိုင်တီးတဲ့ လူငယ်တွေကိုဆိုရင် နှာခေါင်းရှုံ့ချင်ကြတာ များပါတယ်။ `အားအားရှိ၊ လမ်းဘေးမှာ ဂီတာတီးပြီး အချိန်ဖြုန်းနေတယ်´ တို့၊ `အချိန်မရှိ အခါမရှိ လမ်းဘေးမှာထိုင်ပြီး အကျိုးမရှိတာတွေ လုပ်နေတယ်´ တို့၊ အဲဒီလိုပုံစံမျိုး သတ်မှတ်ကြတာက ဘာမှမထူးဆန်းတော့သလို ဖြစ်နေတယ်။ ဒါဖြင့် လမ်းဘေး အုတ်ခုံက ဂီတာဝိုင်းလေးတွေဟာ လူ့အသိုင်းအ၀န်းအတွက် လုံးဝ အကျိုးမရှိဘူးလားလို့ ပြန်တွေးကြည့်တော့လဲ ကျနော်ကတော့ `မဟုတ်ဘူး´ လို့ပဲ ကိုယ့်ဘာသာကိုယ် အဖြေပေးမိပြန်တယ်။
တခုတော့ ရှိတာပေါ့။ လမ်းဘေးအုတ်ခုံမှာလဲ တီးသေး၊ အသံကလဲ အသံသေးအသံကြောင်၊ တီးတာခတ်တာကလဲ တဗျတ်ဗျတ်နဲ့ ဆိုရင်တော့ အကဲ့ရဲ့ခံရတာဟာ မဆန်းဘူးလို့ ပြောနိုင်တယ်။ တကယ်လဲ အဲလိုလူမျိုးတွေကို တွေ့ဖူးတာပါပဲ။ ကိုယ်ကသာ မတီးတတ်၊မဆိုတတ်တာ အသံပြဲနဲ့ အော်ဟစ်ရမယ်ဟေ့ ဆိုရင် လာထားဆိုတဲ့ အထဲကပဲ။
ဒါပေမယ့် လမ်းဘေး အုတ်ခုံမှာ တီးတာပေမယ့်လဲ အတီးပါရမီ၊ အဆိုပါရမီရှင်တွေများ ဆိုကြ တီးကြပြီဆိုရင်တော့ အဲဒီ အုတ်ခုံနားမှာနေကြတဲ့ ပတ်ဝန်းကျင်က လူတွေက `ဟာ၊ ဒီကောင်လေးတွေ တီးတာဆိုတာ မဆိုးဘူးဘဲဟ´ လို့ သတ်မှတ်ကြတဲ့ အပြင် လာမတီးတာကြာရင်တောင်မှ `အင်း၊ ဟိုကောင်လေးတွေရဲ့ သီချင်းသံကို မကြားရတာ ကြာပြီနော်´ လို့ တမ်းတတတ်ကြသေးတယ်။
ဒါပေမယ့် မြန်မာသံစဉ်ကိုမှ စွဲစွဲလမ်းလမ်း နားထောင်တတ်သူအဖို့တော့ ကိုလေးဖြူရဲ့ `အလင်းရောင်´ သီချင်းကို ခံစားလို့ ရမှာမဟုတ်ဘူး။ ဟစ်ဟော့တို့ ရော့ခ်တို့ကိုမှ စွဲလမ်း နှစ်သက်သူ လူငယ်တွေအတွက်လဲ တွံတေးစိုးအောင် သီချင်းက နားကလောစရာ ဖြစ်နေမှာ အမှန်ပဲ။
သေသေချာချာ ပြန်စဉ်းစားရင် ဒီကနေ့ နာမည်ကျော်ကြားနေကြတဲ့ အဆိုတော်တွေ (အထူးသဖြင့် အမျိုးသား အဆိုတော်တွေပေါ့) ဟာလဲ လမ်းဘေးအုတ်ခုံတွေနဲ့ ကင်းခဲ့ကြသူဆိုတာ တော်တော်ရှားမယ် ထင်တာပဲ။ ဒီလိုနဲ့ပဲ သီချင်းလေးတွေ ဆိုရင်းတီးရင်း၊ ဖန်တီးကြရင်းနဲ့ပဲ တဖြည်းဖြည်း ကြိုးစားပြီး လူသိများ အောင်မြင်ထင်ရှားတဲ့ အဆိုတော်တွေ ဖြစ်လာကြသူတွေ မနည်းပါဘူး။
ပြီးတော့…၊ ငွေရှိလို့သာ အခွေထုတ်လိုက်တယ်၊ ဂီတ အကြောင်း နကန်းတလုံးမှ မသိ၊ အခြေခံကလဲ မကောင်းတာကြောင့် အောင်မြင်မှု မရလိုက်တဲ့ လူတွေလဲ ရှိတာပဲ။ အဓိကကတော့ ကိုယ်လုပ်နေတဲ့ အရာတခုအပေါ်မှာ အာရုံစူးစိုက်နိုင်မှုနဲ့ ကြိုးစားချင်စိတ် ဘယ်လောက်ရှိတယ် ဆိုတာက အဖြေတခု လို့ ထင်တယ်။
***
သြကာသ လောကကြီးရဲ့ ပြောင်းလဲမှုကလဲ တော်တော်ကို မြန်ဆန်တိုးတက်လွန်းတယ်လို့ ပြောရမလား…။ မနှစ်ကနဲ့ ဒီနှစ် အခြေအနေတွေ မတူတော့သလို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်နဲ့ အခုအခြေအနေဆိုတာလဲ နှိုင်းလို့တောင် မရတော့ဘူး။ ကုန်ကုန်ပြောရရင် ဒီနေ့နဲ့ မနက်ဖြန်တောင် မတူနိုင်တော့ဘူး။
တနေ့တနေ့ အင်တာနက်ပေါ် ရောက်လာပြီလားဟေ့ ဆိုရင် နေရာပေါင်းစုံကနေ သတင်းအချက်ပေါင်း မြောက်များစွာကို တွေ့နေ၊ ဖတ်နေရတယ်။ ဒီတော့ အမြင်တွေ၊ အယူဝါဒတွေလဲ စုံလို့ပေါ့။
အင်တာနက်ပေါ်ကနေ ရေးနေ၊ ပြောနေကြတာတွေနဲ့ ပတ်သက်လို့ အဲဒါတွေ အကုန်လုံး `မှားနေတယ်´ လို့ ပြောလို့မရနိုင်သလို…၊ `အကုန်လုံးမှန်တယ်´ လို့လဲ လုံးဝဥဿုံ ယူဆလို့ မရနိုင်ဘူး။ ဒီတော့ ဘာကိုအကဲဖြတ်ရလဲ ဆိုတော့ ဖတ်ရှုသူရဲ့ ကိုယ်ပိုင်စဉ်းစား ဆင်ခြင်ဆုံးဖြတ်နိုင်မှု စွမ်းအားပေါ်မှာပဲ မူတည်တော့မယ်လို့ ထင်မိတယ်။ နောက်တခု ဆက်စပ်နိုင်တာကတော့ စာဖတ်သူ တဦးချင်းစီရဲ့ ရှင်သန်ဖြတ်သန်းခဲ့ရတဲ့ မတူညီတဲ့ ဘ၀အနေအထားတွေနဲ့လဲ သက်ဆိုင်ပါလိမ့်မယ်။
ဒါကြောင့် တယောက်ယောက်က ရေးလိုက်တဲ့ စာတပုဒ်ပုဒ်၊ ဒါမှမဟုတ်လဲ သတင်းအချက်အလက် တခုခု ဟာ လူတချို့အတွက် ခံစားနားလည်လို့ရတဲ့ အကြောင်းအရာ ဖြစ်ချင်ဖြစ်ပေမယ့်လဲ အမြင်မတူတဲ့ တခြားလူတွေအတွက်တော့ အမြင်ကပ်ချင်စရာ၊ ဟားတိုက်ချင်စရာ၊ လှောင်ပြောင်ချင်စရာ ဖြစ်ချင်ဖြစ်နေမှာ အမှန်ပါ။
ဝက်ဘ်ဆိုက် အသီးသီးက ပေးနေကြတဲ့ အချက်အလက်တွေနဲ့ မျိုးစုံသော စာတွေဟာလဲ အဆိုတော်ကြီးတယောက်ရဲ့ စီးရီးခွေကို နားထောင်နေရတာနဲ့ တူတဲ့အခါ တူနိုင်သလို လမ်းဘေး အုတ်ခုံက တီးဝိုင်းငယ်လေးက ပေးတဲ့ အရသာနဲ့လဲ တူချင်တူနိုင်မယ်။ အဆိုတော်ကြီး တယောက်ရဲ့ သီချင်းတိုင်းလဲ နားထောင် မကောင်းနိုင်သလို လမ်းဘေးအုတ်ခုံက သီချင်းတိုင်းကိုလဲ ခပ်ညံ့ညံ့လို့ သတ်မှတ်လို့ မရနိုင်ပါဘူး။
ကဲ…၊ ဒါဖြင့်။ လမ်းဘေးအုတ်ခုံကနေ သီချင်းကောင်းကောင်း တပုဒ်ကို နားထောင်ခွင့်ရတဲ့အခါမှာ `ဒီကောင်၊ လမ်းဘေးမှာ ထိုင်ပြီး လျှောက်အော်နေတယ်´ လို့ သတ်မှတ်တာမျိုးဟာ တရားမျှတပါတော့မလား။ ခက်တော့လဲ ခက်သား၊ သီချင်းကောင်းတယ် မကောင်းဘူး ဆိုတာကလဲ သူ့အကြိုက်နဲ့သူကလဲ ရှိနေသေးတာ ဆိုတော့…။
ကလိုစေးထူး
9 comments:
ကိုစေးထူးက သီချင်းကောင်းတစ်ပုဒ် ပို့ စ်ကောင်းတစ်ပုဒ်ကိုဖန်တီးနေတဲ့ သူတစ်ယောက်ပေါ့ ကျနော်ကတော့ အသံသေးအသံကြောင်မဟူုတ်ဘူးလို့ ထင်တာပဲ အစ်ကိုဆိုတား) နားထောင်သူရဲ့ သတ်မှတ်ချက်မှာပဲ မူတည်တယ်ဆိုသလိုပေါ့ ပို့ စ်တစ်ပုဒ်မတင်တာကြာရင် ကိုစေးထူးကြီး သီချင်းသံ( ပို့ စ်) မနားထောင်ရတာကြာပြီးလို့  ဖြစ်မိတယ်။ အော်ချင်သလိုသာ အော်ဗျို့  HIP HOP, RocK, PoP နားထောင်မယ် အားလူုံးး :)
အရမ်းကောင်းတယ်..
ဟုတ်တယ်အမှန်ပဲ..
ကိုယ် လက်မခံနိုင်တာနဲ့ မှားတယ်လို့ မပြောနိုင်ဘူးလေ..
အကျိုးအကြောင်းဆီလျော်တယ်ဆိုရင် လက်ခံသင့်ရင် လက်ခံရမယ်.။
အဖြူ ကို ဖြူနေတာ သိသိကြီးနဲ့ တော့ အမဲဆိုပီး ပြောတာ လုံးဝ ဆန့်ကျင်ပါတယ်.။
တခါတခါ လမ်းဘေးအုတ်ခုံလေးက မွန်းအောင် သီချင်းလေးတပုဒ်
တခါတခါ လမ်းဘေးအုတ်ခုံလေးက ဖိုးချို သီချင်းလေးတပုဒ်
တခါတခါ လမ်းဘေးအုတ်ခုံလေးက ခင်မောင်တိုး သီချင်းလေးတပုဒ်
တခါတခါ လမ်းဘေးအုတ်ခုံလေးက စိုင်းထီးဆိုင် သီချင်းလေးတပုဒ်…..
ကျွန်မ အတွက်တော့ လမ်းဘေးအုတ်ခုံလေးက ပိုက်ဆံတွေ အများကြီးပေးရတဲ့ အော်ဟစ်ကခုန်နေတဲ့ စတိတ်ရှိုးတခုထက် ပိုဆွဲဆောင်မှုရှိပါတယ်… သီချင်းတွေ ဆက်ဆိုပါ ကိုစေးထူးရေ….
လာဖတ်သွားပါတယ်
ကိုကလို ပြောမှဘဲ ကျွန်တော်တို.ရွာကညသန်ခေါင်းယံ ကျော်လျှင်တစ်လမ်းဝင် တစ်လမ်းထွက်မယ်ဒလင်ထမ်းပြီးသီးချင်းဆိုတတ်တဲ့ပုဂိုလ်ကြီးကိုသတိရမိပါတယ်။ သူအိမ်ရှေ.ကဖြတ်သွားတိုင်း သူ.သီးချင်းကိုနားထောင်မ၀ဖြစ်မိတာကိုသတိရနေမိတယ်။ တစ်လမ်းလုံးက ညတိုင်းသူလာမယ့်အချိန်ကိုအိပ်ရာကနေ မနိုးတနိုးနဲ.စောင့်မျှော်နားထောင်ရတာအမောပါဘဲ။
တို့ကတော့ လမ်းဘေးအုတ်ခုံက ဂစ်တာသမားလေး ဆီကပဲ ဖြစ်ဖြစ်၊ စင်ပေါ်က အဆိုတော်ဆီကပဲ ဖြစ်ဖြစ် အနုပညာပါရင် အကုန် ကြိုက်၊ အကုန်လက်ခံပါတယ်။ စင် မရွေးပါဘူးနော်။ ကိုယ် ခံစားလို့ရဖို့သာ အဓိကပါ။
ကလို....အရေးအသားတွေ လိုသေးတယ်။ ၁၆.၆၇% ပဲသိတယ်။ တခါတလေ သိတ်ကွေ့လို့မရဘူး။ ကလူသစ်ဘာဆိုလိုလဲ သဘောပေါက်မယ်ထင်ပါတယ်။ ဟားဟား
ဟုတ်ပါတယ် ကိုစေးထူးရေ...
နှစ်သက်ခြင်း မနှစ်သက်ခြင်း၊ ချီးကျူးခြင်း ကဲ့ရဲ့ ခြင်း တွေဟာ လူတွေရဲ့  ကိုယ်ပိုင်စဉ်းစား ဆင်ခြင်ဆုံးဖြတ်နိုင်မှု စွမ်းအားနဲ့  သူတို့ ရဲ့ ခံစားချက် ပေါ်မှာပဲ မူတည်ပါတယ်။ တစ်ယောက်နဲ့  တစ်ယောက် ဘယ်လိုမှ မတူညီနိုင်ကြပါ...။
လမ်းဘေးအုတ်ခုံမှာ သီချင်းဆိုတဲ့အကြောင်း ဖတ်ရတော့ ဂျေညီညီဆိုတဲ့ ပလက်ဖောင်းတီးဝိုင်း..ဆိုလား..အဲဒီသီချင်းကို သတိရမိတယ်...ငယ်ငယ်က ကြိုက်ခဲ့တဲ့ သီချင်းလေးပေါ့။
ဆုဝေကတော့ ဘယ်သူဆိုတာပဲဖြစ်ဖြစ် ခံစားလို့ရရင် အကုန်ကြိုက်တယ် အကိုစေးထူးရေ...။ ကိုယ်တိုင်လဲ ခံစားချက်ရှိတဲ့အတိုင်း သီချင်းတွေဆိုတတ်တယ် :)
Post a Comment