Monday, August 18, 2008

ရှောက်သီးပေါ်ချိန်...။

ပလိုင်းထဲမှာ တသေတသပ်ဖြင့် စီစီရီရီ ထည့်ထားသော ရှောက်သီးတွေရဲ့ အပေါ်ကို ပုဆိုးပိုင်းလေးတခုကို အုပ်မိုးပြီး နှီးခပ်ရှည်ရှည် တချောင်းဖြင့် ပတ်သိုင်း ချည်လိုက်၏။ ခေါင်းပိုးကြိုးနဲ့၊ ပုခုံးလွယ်ကြိုးပတ်ပတ်လည်မှာလဲ ဖျင်စ၊ ပုဆိုးစ အစုတ်တွေကို တသေတချာ စည်းနှောင်ပြီးပြီ။ ပလိုင်းကို လွယ်ပိုးပြီး ရပ်ကြည့်လိုက်သည်။ အင်း…၊ ဒီလောက်ဆို အနေတော်ပါပဲ။ ဟိုကောင် ဖိုးကောက်တို့နောက်ကိုတော့ အမှီလိုက်နိုင်တန်ကောင်းပါရဲ့ လို့ တွေးလိုက်မိသေးသည်။

`နဂျယ်ကောင်ရေ၊ ဒီမှာ မီးတုတ်လာယူဟေ့´

အိမ်ရှေ့ ခပ်လှမ်းလှမ်းဆီကနေ လှမ်းခေါ်လိုက်တဲ့ ဒေါ်ကြီးတင်ရဲ့ အသံကြောင့် ပလိုင်းလွယ်လျက်သားလေးနှင့် အိပဲ့အိပဲ့ လျှောက်သွားရင်း ဒေါ်ကြီးသန်း လက်ထဲက မီးတုတ်ကို လှမ်းယူလိုက်သည်။

***

နဂျယ်ကောင်တို့ နယ်ဘက်မှာက အခုလို အချိန်ဆိုရင် ရှောက်သီး၊ သံပုရာသီးတွေ လှိုင်လှိုင်ကြီး ထွက်တတ်တဲ့ အချိန်…။ ဘကြီးဦးကုလားက သူပိုင်တဲ့ ရှောက်ခြံအပြင် တခြားခြံ နှစ်ခြံကိုလဲ နှစ်ချုပ် ယူထားသေးသည်။ တနှစ်စာပတ်လုံး သီးသမျှ ရှောက်သီးတွေအတွက် ကြေးဖြတ်ပြီး နှစ်ချုပ်ယူထားတဲ့ အဲဒီရှောက်ခြံတွေက အသီးတွေကိုတော့ ဘကြီးဦးကုလားနဲ့ ကျော်စွာတို့ လှည်းတယောက်တစီးစီဖြင့် မြို့ပေါ်ကို မောင်းပို့သည်။ နဂျယ်ကောင်ရယ်၊ ဖိုးကောက်ရယ် ဒေါ်ကြီးသန်းရယ်က ပလိုင်းအပိုးကိုယ်စီဖြင့် သွားကြမည်။ မခင်အေးညိုကတော့ အိမ်စောင့်ရင်း ထမင်းချက်ပေါ့…။

ဟိုးအရင်ကတော့ မေမေက `နင့် ဒေါ်ကြီးသန်းနဲ့ သွားကူချေ´ ဆိုလို့သာ တောကို လာရသည်…။ စိတ်က သိပ်တော့မပါလှ…။ နောက်ပိုင်းကျတော့လဲ ဒီတောရွာကလေးက ရိုးစင်းစွာနဲ့ပဲ နဂျယ်ကောင်ကို နေပျော်လာစေတော့သည်။ လယ်ထဲဆင်းလိုက်၊ မှိုနှုတ်၊ နှမ်းနှုတ်လိုက်၊ ဖားရှာငါးရှာထွက်လိုက်နှင့် တောအလေ့ တောစရိုက်က မြို့ဂိုက်ဖမ်းချင်နေသော နဂျယ်ကောင်ကို တောသားအသွင် သဏ္ဍာန်အဖြစ် ပုံဖော်ပေးလိုက်သည်။

အခုတော့လဲ ရှောက်သီး အပိုးသမားလေးပေါ့…။

***

`ဖိုးကောက်ရ၊ ဖြည်းဖြည်း လျှောက်ပါဟ´

လက်ထဲက မီးတုတ်ကို တမြှောက်မြှောက်လုပ်ရင်း အောက်မှာကလဲ လှည်းလမ်းချောက်မှာ ခြေမချော်ကျအောင် ထိန်းလျှောက်ရသေးသည်မို့ ရှေ့ကသွားနေသော ဖိုးကောက်ကို သိပ်မမှီချင်…။ ဟိုကောင်ကလဲ တောသားအစွမ်းက အလွန်ပြချင်တာဆိုတော့ နဂျယ်ကောင်ဆီကနေ အဲဒီလို အသံ တခါထွက်လာတိုင်း အကြွားပြုံးကြီး စပ်ဖြီးဖြီး ပြုံးပြီး လှည့်ကြည့်တတ်၏။ `ဘယ်လိုလဲကွ၊ တော်တော်မောသလား´ လို့လဲ မေးလိုက်သေးသည်။

`အောင်မာ၊ ဒေါ်ကြီးသန်း မမှီမှာ စိုးလို့ပါကွ´

သူပြောပြီးလို့ စကားမှ မဆုံးသေး ဒေါ်ကြီးသန်းက နောက်ကနေ ခပ်သွက်သွက် ပြန်ပြောလိုက်တဲ့ စကားကြောင့် တောတန်းလေး တ၀ိုက်မှာ ၀ါးခနဲ ရယ်သံတွေ တသောသော လွှမ်းသွားလေသည်။

`အောင်မယ်၊ ကိုယ်တော်ချော၊ တော်လျှောက်နေတာကိုက လိပ်ဘိုးအေ လျှောက်နည်း လျှောက်နေတာပါတော်´ …တဲ့။

***

`အဒေါ် ရှောက်သီးရောင်းမလား´

မြို့ပေါ်ကို မရောက်ခင် တမိုင် မရှိတရှိလောက်ကတည်းကပင် ဈေးကြိုသမားတချို့က ဇွဲကောင်းကောင်းနဲ့ လာစောင့်နေကြပါပြီ။ တချို့လဲ လှည်းအလွတ်တွေနဲ့၊ တချို့ကတော့ မြွေရေခွံအိတ်၊ ဖျင်ဂုန်နီအိတ်တွေနဲ့…။ ပိုးလာသူတွေဆီကနေ ရတတ်သမျှ ရှောက်သီး၊ သံပုရာသီးတွေကို ဈေးခေါ်ပြီး ၀ယ်…၊ ပြီးလျှင် မော်လမြိုင်မြို့ပေါ်ကို တပိုင်တနိုင် ပြန်ပို့ရောင်းကြသည်။ ဒီလိုနည်းနဲ့ ရှောက်သီး၊ သံပုရာသီး အ၀ယ်ဒိုင်ဖြစ်သွားကြသည်အထိ ကြိုးစားကြသူတွေလဲ ရှိကြ၏။

`ဘယ်ဈေးပေးမှာလဲ´

`ငါးရာ´

`မရောင်းသေးဘူးနော်´

`အဒေါ်က ဘယ်ဈေးလိုချင်တာလဲ´

`ဖိုးကောက်…၊ ဆက်သွားချေ´ ဆိုတဲ့ ဒေါ်ကြီးသန်းရဲ့ အမိန့်သံနဲ့အတူ သူတို့အားလုံး ဆက်လျှောက်လာကြတော့ ဈေးကြိုကောင်မလေးရဲ့ အသံက မိုးလင်းစ အလင်းရောင်နဲ့အတူ နောက်မှာကျန်ခဲ့သည်။ တောသူ ရိုးရိုးကြီးဆိုတော့လဲ ဒေါ်ကြီးသန်းက ဒါဆိုမှဒါ…။ အိမ်ကထွက်လာကတည်းက `၆၅၀ ဈေးရမှရောင်းမယ်´ လို့ သူတို့အားလုံးကိုလဲ မှာထားသည်။ ဒီဈေးကို ပြီးခဲ့တဲ့ တရက်နှစ်ရက်၊ မြို့ပေါ်မှာ ဈေးလာဝယ်ကတည်းကပင် ဒေါ်ကြီးသန်းက ရှောက်သီးဒိုင်တွေဆီမှာ စနည်းနာထားပြီးသား…။

မြို့အ၀င် ပြည်သူ့စစ်ဂိတ်ဝ ကို ရောက်တော့ အလင်းရောင်က တော်တော်လေးကို ထင်သာမြင်သာ ရှိနေလေပြီ။

`ဘာတွေလဲဟေ့´

`ရှောက်သီး´

`ခဏရပ်´

ဂိတ်ကြေးဖြတ်ဖို့အတွက် အနားကိုရောက်လာသော ပြည်သူ့စစ်တယောက်က နဂျယ်ကောင်ကို တွေ့တော့…

`သြော…၊ ဆရာမ သားပါလား´

`ဟုတ်ကဲ့´

`အေးအေး၊ ဒါဖြင့်လဲ သွားကြတော့ကွာ´

ဒေါ်ကြီးသန်း ကမ်းပေးတဲ့ ဂိတ်ကြေး ငွေတဆယ်ကို ယူပြီး လှည့်ထွက်ဟန် ပြင်နေသော ထိုလူကြီးကို ပလိုင်းထဲမှ ရှောက်သီး လှမ်းနှိုက်ပြီး ပေးလိုက်တော့ `နေပါစေကွာ´ လို့ ငြင်းသည်။

`မြန်မြန်သွားကြ၊ ဈေးဝယ်ကြရဦးမှာ မှတ်လား´

`ဟုတ်ကဲ့၊ ဟုတ်ကဲ့´

***

`ဘယ်လိုဖြစ်တာလဲ၊ ဟိုတနေ့က လာမေးထားတော့ ၆၅၀ ဈေးလေ´

`ဟုတ်တယ်လေ အကြီးရဲ့၊ ဈေးဆိုတာက အတက်အကျရှိတာပဲ´

`ညည်းတို့ဟာက မဟုတ်သေးပါဘူးအေ၊ ဒီလောက်ရက်အတွင်းမှာကို တရာတောင် ကျသွားရတယ်လို့´

`ပုံမှန်ဈေးပါ အကြီးရယ်၊ ကျမတို့ မတရားမလုပ်ပါဘူး´

၆၅၀ ဈေးရမှ ရောင်းမယ့် ဒေါ်ကြီးသန်းရဲ့ မျက်နှာက သိပ်မကောင်းတော့ချေ…။ လမ်းက ဈေးကြိုကို မရောင်းဘဲ တပင်တပန်း ဆက်သယ်လာပြီး ဒိုင်ကိုရောက်တော့ ဒိုင်က ၅၅၀ ဈေးပဲ ပေးမည် ဆိုတော့ ဒေါ်ကြီးသန်း မျက်နှာညိုမည်ဆိုလဲ ညိုချင်စရာ…။ ပြန်သယ်သွားဖို့လဲ မဖြစ်နိုင်ဘူးဆိုတာကို သိနေတော့ ရှောက်သီးဒိုင်ရဲ့ မျက်နှာကလဲ ခပ်ချီချီပင်…။

`ညည်း နည်းနည်းပါးပါးတော့ ပိုပေးအေ´

ဒေါ်ကြီးသန်းက ဈေးသာဆစ်နေသည်၊ လေသံကတော့ သိပ်မလျှော့ချင်သေး…။ ဒိုင်က …

`ကဲ…ကဲ…၊ ဖောက်သည်တွေ ဆိုတော့ မိတ်မပျက်အောင် ကျမ ၆၀၀ ဈေးပေးလိုက်မယ်နော်´

ဖိုးကောက်နဲ့ ဒေါ်ကြီးသန်းက တယောက်ကို တရာ့ငါးဆယ်စီ၊ နဂျယ်ကောင်က တရာ ပိုးလာကြတော့ အားလုံးပေါင်း ရှောက်သီး အလုံးလေးရာ…။ ကမ်းပေးလာသော ငွေကို လှမ်းယူပြီး တူဝရီးတွေ မြို့ဈေးကို ဆက်ထွက်လာခဲ့ကြသည်။

`နဂျယ်ကောင် မုန့်တီစားမှာလား´

`ဟုတ်´

`ရွာကိုရော ပြန်လိုက်ဦးမှာလား´

`မလိုက်တော့ဘူး ဒေါ်ကြီး၊ အိမ်မှာနေခဲ့တော့မယ်´

`ဒါဖြင့်…ရော့၊ မုန့်ဖိုးယူသွားချေ´

ဒေါ်ကြီးသန်း ပေးလိုက်သော မုန့်ဖိုးနဲ့ မုန့်တီဝယ်စားပြီးလျှင် မေမေ့နဲ့ ညီမလေးဖို့လဲ ၀ယ်သွားရပါဦးမည်။ မေမေကတော့ သူ့သား ရှောက်သီးပိုးသမား တောသားကြီး နဂျယ်ကောင်ကိုတွေ့ရင် ပြုံးစစဖြင့် ကျီစယ်နေဦးမလားတော့ မပြောတတ်…။

***


ကလိုစေးထူး

8 comments:

Anonymous said...

ရှောက်သီးက ၁လုံးကို ၆၀၀ ရတာလား
၁၀လုံးကိုရတာလားဟင်..

Anonymous said...

ဖတ်လို့ကောင်းတုန်းရှိသေး...ဘယိ့်နှယ့်ပြီးသွားတာ
လည်းဗျ။ မုန့်တီလည်းမစားလိုက်ရဘူး.. :(

ညိမ်းညို said...

အကိုစေးထူးရေ နကျယ်ကောင် ဇာတ်ကောင်ပြုထားတဲ့ ၀တ္ထုတိုတွေကို စွဲနေပီဗျို့ ။ ကွင်းကွင်းကွက်ကွက်နဲ့ သရုပ်ပေါ်လှတယ်ဗျာ။ ဆရာကြီးဆင်ဖြူကျွန်းအောင်သိန်းဝတ္တုတိုတွေ ဖတ်နေရသလိုပါပဲဗျာ။
ပျော်ရွှင်ချမ်းမြေ့ပါစေ :) :)

တန်ခူး said...

နဂျယ်ကောင်လေးကို မျှော်နေတာ… အဲဒီဘ၀လေးတွေက ဖြူဖြူစင်စင်နဲ့ ပျော်စရာ… ရှောက်သီးအလုံးတရာတောင်ပိုးနိုင်တယ်ဆိုတော့ နဂျယ်ကောင်လေးလူပျိုပေါက် အရွယ်ပေါ့…

မောင်မျိုး said...

နကျယ်ကောင်လေးက ဘ၀ ကိုပျော်၂ရွှင်၂နဲ့  ရပ်တည်နေတာ အားကျစရာ သူလည်း ဇတ်ကောင်ထဲက ကောင်လေး အမြဲပျော်ရွှင်ပါစေ ။

ကလိုစေးထူး said...

အဲဒီတုန်းကတော့ ရှောက်သီး အလုံး ၁၀၀ ကိုမှ ၆၀၀ ရတာပါ။ မုန့်တီကတော့ နောက်ထပ် ၀တ္ထုတွေကျမှ ဆက်စားမယ်လေ။ :D
ကိုညိမ်းညိုရေ...။ ကျနော့်ကို အဲဒီလို နာမည်ကြီး စာရေးဆရာကြီးနဲ့ နှိုင်းတော့ ကြက်သီးထတယ်ဗျာ။ ဘာလို့လဲဆိုတော့ ဘာမှကို မနှိုင်းယှဉ်သာလောက်အောင်ပဲ ဟိုစာရေးဆရာကြီးတွေရဲ့ စာတွေက အဆတရာမက သာလွန်ပါတယ်။ အားပေးတာကိုတော့ အလွန်ပဲ ကျေးဇူးတင်မိကြောင်းပါ။
တန်ခူးရေ...၊ ကျနော်လဲ နဂျယ်ကောင်လေးပျောက်နေလို့ ပြန်ခေါ်လာတာလေ :)အဲဒီတုန်းက နဂျယ်ကောင်လေး အသက် ၁၇ နှစ်လောက် ရှိပြီ။
မောင်မျိုးရေ...။ အကို တခုခု ရေးတိုင်း မပျက်မကွက် လာဖတ်၊ အားပေးနေတဲ့အတွက် ကျေနပ် ကျေးဇူးတင်ပါတယ်။

su wai said...

အကိုဝတ္ထုလေးတွေက တောရဲ့အငွေ့အသက်၊ နယ်ရဲ့ ဓလေ့စရိုက်လေးတွေ လွှမ်းခြုံနေတော့ ရိုးသားပွင့်လင်းတဲ့ နယ်သူနယ်သားတွေရဲ့ အပြောအဆို အမူအကျင့်တွေကို ဖတ်ရင်းနဲ့ သဘောကျမိတယ်။ ဒီလိုဝတ္ထုလေးတွေ စုပြီး စာအုပ်တောင် ထုတ်ချင်မိတယ်... တကယ် :)

dimplestar said...

ရွာကိုလွမ်းတယ် .. :( ကျွန်မမေမေကတောသူ အထက်တန်းပြဆရာမ .. နွေရာသီတိုင်းရွာမှာနေ နေကြ.. သိပ်ခေါင်သလောက်သိပ် primitive ဖြစ်ပြီး သိပ်ရိုးသားကြတဲ့လူတွေနေတဲ့နေရာပေါ့ ..နာဂစ်တိုက်သွားတဲ့နေရာပေါ့ ......နဂျယ်ကောင်လေး အိပ်မက်ဆိုးတွေကင်းပါစေ .....