အဝေးသင် တက္ကသိုလ်စာမေးပွဲတွေ ဖြေတဲ့အခါတိုင်း ကရင်ပြည်နယ်ရဲ့ မြို့တော် ဘားအံကို ရောက်ခဲ့ရတယ်။ အဲဒီလို ရောက်ခဲ့တဲ့ အခါတိုင်းမှာလဲ ဘားအံမှာ ကျင်းပတဲ့ ပွဲတော်တွေကို တနှစ်တမျိုးဆိုသလို ကြုံခဲ့ရဖူးတယ်။ ရွှေရင်မျှော် ဘုရားပွဲ၊ ဇွဲကပင်ပွဲတော်နဲ့ အတူ နောက်ထပ် ထင်ရှားတာ တခုကတော့ ပြည်နယ်ပွဲတော်ပါ။ မှတ်မှတ်ရရပြောရရင် အဝေးသင် တတိယနှစ်မှာတုန်းက ထင်တယ်၊ ဘားအံမှာ ကျောင်းသွားတက်ခိုက် ပြည်နယ်ပွဲကလဲ ကျင်းပခိုက်ဆိုတော့ ဘားအံဒီဂရီ ကောလိပ်ရဲ့ ရံပုံငွေ ဆိုင်ခန်းလေးမှာ ကျောင်းသားတွေ တရုန်းရုန်းနဲ့ ပျော်ခဲ့ရဖူးတာကို မှတ်မိနေပါသေးတယ်။
ကရင်ပြည်နယ်ပွဲတော်ဆိုတော့ ကရင်ရိုးရာ ဒုံးယိမ်းအက ပြိုင်ပွဲတွေ၊ ဇာတ်ပွဲ၊ မျက်လှည့်ပွဲတွေ၊ ရိုးရာဝတ်စုံ အရောင်းပြခန်းတွေ၊ ကုမ္ပဏီတွေက ဈေးချိုချိုနဲ့ ချရောင်းတဲ့ အရောင်းကုန် ပစ္စည်းဆိုင်တွေနဲ့ လူတွေက တိုးလို့မပေါက်ပေါ့။ မျက်မှောက်ကာလ ပွဲတော်တို့ရဲ့ ထုံးစံ အံဂလုံဝိုင်း၊ အနီထောင်ဝိုင်းကလဲပါလိုက်သေး…။
***
အခု ဒီနိုင်ငံကိုရောက်တော့လဲ တိုက်တိုက် ဆိုင်ဆိုင် ဆိုသလိုပဲ ကျနော်ရောက်နေတဲ့ မြို့မှာ ပြည်နယ်ပွဲတော်ကို နှစ်စဉ် ကျင်းပကြတာနဲ့ ကြုံကြိုက်ပါတယ်။ မနှစ်ကတော့ Summer Fest လို့ အလွယ်တကူ ခေါ်ကြတဲ့ World Largest Music Festival အကြောင်းကိုပဲ တင်ဖြစ်ပြီးတော့ ပြည်နယ်ပွဲတော်အကြောင်းကို မတင်ဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ဒီနှစ်မှာတော့ ဒီက ပြည်နယ်ပွဲတော် အကြောင်းကို တင်ဆက်ချင်ပါတယ်။
တိုးတက်တဲ့ နိုင်ငံမှာလုပ်တဲ့ ပြည်နယ်ပွဲတော်မို့ ဒီက ပွဲတော်ဟာ ကျနော် ပျော်ခဲ့ရဖူးတဲ့ ကရင်ပြည်နယ်ပွဲတော်ထက် အဆောင်အယောင်တွေ၊ အခင်းအကျင်းတွေ အစစအရာရာ သာလွန်တာတော့ အမှန်ပါ။ လေ့လာကြည့်ကြပါစို့လား…။
ကားရပ်နားကွင်းကို ရောက်တော့ နေညိုစပြုနေပါပြီ။ ဘယ်အချိန်ကတည်းက ရောက်နေကြမှန်း မသိတဲ့ ကားတွေကတော့ ပြည့်နှက်နေတာပါပဲ။ ကျနော် အခုပုံကိုရိုက်ပြီး လမ်းဆက်လျှောက်သွားတာ ငါးမိနစ်လောက်ကြာတော့ လူတယောက်က ကျနော့် ပုခုံးကို လက်လာတို့ပြီးတော့ `မင်းစောစောက ကားပါကင်မှာ ဓာတ်ပုံရိုက်တယ် မှတ်လား´ တဲ့…။ `ဟုတ်တယ်လေ´ လို့ဖြေတော့ `ဘာလို့ ရိုက်တာလဲ´ တဲ့…။ `ငါရိုက်ချင်လို့ ရိုက်တာလေ၊ ဓာတ်ပုံမရိုက်ရလို့ စာရေးထားတာလဲ ငါမတွေ့ပါဘူး၊ မင်းက လုံခြုံရေးလဲမဟုတ်၊ ရဲလဲ မဟုတ်ဘဲနဲ့ ငါ့ကို ဘာတွေ လာမေးနေတာလဲ´ လို့ ဘုပြန်တောလွှတ်တော့ သူကလဲ ရှုတည်တည်နဲ့ ပြန်ကြည့်ပြီး စောင်းငန်းစောင်းငန်းနဲ့ လှည့်ထွက်သွားပါတယ်။ အိမ်ကိုရောက်မှ စက်ထဲကို ကူးထည့်ပြီး ပြန်ကြည့်လိုက်တာ… လားလား၊ လမ်းမကိုဖြတ်ပြီး ကားယား ကားယားနဲ့ လျှောက်နေတာက ဒင်းဖြစ်နေတာကိုး…။
ပွဲကျင်းပရာ ကွင်းထဲကို ရောက်ရောက်ခြင်းမှာ တွေ့ရတာတဲ့ မြင်ကွင်းပါ။ ဘီယာဘူးလေးတွေ ကိုယ်စီနဲ့ အေးအေးလူလူ ထိုင်နားနေသူတွေ၊ လောကကြီးကို အပေါ်စီးကနေ တရွေ့ရွေ့နဲ့ စီးမိုးကြည့်နေကြသူတွေ၊ တိုးမပေါက်တဲ့ မုန့်ဆိုင်တန်းတွေနဲ့အတူ ပြည်နယ်ပွဲဟာ စည်ကားစပြုလို့နေပါပြီ။
လူအုပ်ကြီးနဲ့အတူ တရွေ့ရွေ့ စီးမျော လိုက်ပါလာရင်းနဲ့ ညာဘက်ဘေးကနေ `ဟေး´ ခနဲ အော်ဟစ်အားပေးသံတွေ စီစီညံညံ ထွက်လာတာမို့ ဘာများပါလိမ့်လို့ ၀င်ကြည့်ဖြစ်တော့ မြင်းအလှပြပွဲ ကျင်းပနေကြတာကို တွေ့ရတယ်။ ကြွကြွရွရွ လှမ်းဝင်လာကြတဲ့ မြင်းကြီးတွေက တကယ်လဲ တောင့်တင်းလှပကြပါတယ်။ အဲဒီမြင်းကြီးတွေကို မြင်းလှည်းပုံစံလှလှနဲ့တွဲလို့ မောင်းသူကလဲ ခပ်ကြွားကြွားဟန်လေး မောင်းလိုက်တော့ လှည်းတစီး ၀င်လာတိုင်းမှာ လက်ခုပ်သံတွေက ညံလို့နေတော့တာပါပဲ။ သူတို့အကြိုက်နဲ့ သူတို့ပရိသတ်ကတော့ ဟုတ်နေတာပေါ့။
အခုနေရာကတော့ ကျနော်ရဲ့ ဖေးဖရိတ်နေရာ တခုပေါ့…။ စတေ့ရှိုးပွဲတွေ့ရင် တမေ့တမော ငေးတတ်တဲ့ ကျနော့်အတွက် အခုရှိုးပွဲ အသေးစားလေးက ဆွဲဆောင်မှုရှိပါတယ်။ ဆိုနေကြတဲ့လူတွေက နာမည်ကြီး အဆိုတော်မဟုတ်ကြပါဘူး။ ဒါပေမယ့် တီးကြ၊ ဆိုကြတာက တော်တော်လေးကို သေသေသပ်သပ်ရှိပြီးတော့ စင်အောက်က ပရိသတ် တောင်းဆိုသမျှ သီချင်းတွေ အကုန်လုံးကို တီးပြ၊ဆိုပြနိုင်တာကို တွေ့ရပါတယ်။
စကားစပ်လို့ တခု သတိထားမိခဲ့တာကို ပြောပြချင်ပါတယ်။ အဲဒီ စတိတ်ရှိုးစင်ဟာ တကယ်တော့ Budweiser Beer က စပွန်ဆာပေးပြီးတော့ ဘီယာအရောင်းမြှင့်တင်တဲ့ သဘော ဖျော်ဖြေတဲ့ သဘောပါ။ စတိတ်စင်ကို ကောင်းကောင်း လှမ်းမြင်ရနိုင်တဲ့ ခပ်လှမ်းလှမ်းမှာ ဘီယာဘား တခု ဖွင့်ထားပြီးတော့ ဘီယာတွေရောင်းပါတယ်။ ဘီယာဝယ်သောက်လိုက်၊ သီချင်းတောင်းဆိုလိုက်၊ စင်ပေါ်က အဆိုတော်နဲ့အတူတူ အောက်မှာ ကခုန်လိုက်နဲ့ ပျော်ပါးနေကြပေမယ့် ဗရုတ်သုတ်ခတော့ မဖြစ်ကြပါဘူး။ ခုံပေါ်တက်ခုန်တာတို့၊ ခုံတွေ ရိုက်ချိုးပစ်တာတို့လဲ မရှိကြတဲ့အပြင် စင်ပေါ်ကဖျော်ဖြေသူနဲ့ စင်အောက်က ကြည့်ရှုသူတွေ စည်းချက်ညီညီနဲ့ပဲ စည်းကမ်းတကျ ပျော်ကြပါးကြတာကို သတိထားမိပါတယ်။ Miller Lite စင်မှာလဲ အဲဒီလိုပါပဲ။
Main Stage လို့ခေါ်တဲ့ ကွင်းထဲကိုတော့ မရောက်ဖြစ်လိုက်ပါဘူး။ ၀င်ကြေးက ဆယ်ဒေါ်လာမို့လို့ပါ။ အခု ပြည်နယ်ပွဲတော် ကွင်းထဲကို ၀င်ခွင့်ကတင် ရှစ်ဒေါ်လာ ပေးခဲ့ရပြီးပြီဆိုတော့ နောက်ထပ် ဆယ်ဒေါ်လာကို ထပ်ပေးရမှာကို နှမျောတာနဲ့ပဲ ဂိတ်ပေါက်ဝမှာတင် ငေးပြီး ပြန်လှည့်ခဲ့ရပါတယ်။
ဒီခန်းမထဲမှာကတော့ အိမ်ထောင်ပရိဘောဂ ပစ္စည်းဆိုင်တွေ၊ အလှပြင်ဆိုင်တွေ၊ အ၀တ်အထည်ဆိုင်တွေ အများစုရှိပါတယ်။ အဲဒီထဲမှာ တခြားသော စိတ်ဝင်စားစရာတွေလဲ ရှိပါသေးတယ်…။ အဲဒါတွေကတော့ …
ကယ်ရီကေချား ပန်းချီကို စာအုပ်တွေထဲမှာ မြင်ဖူးနေပေမယ့် အပြင်မှာဆွဲတာကိုတော့ အခုမှပဲ စိမ်ပြေနပြေ ကြည့်ရှု လေ့လာခွင့်ရခဲ့ပါတယ်။ ပုံဆွဲတဲ့ ပန်းချီဆရာမက တော်တော်လေးကို ထူးချွန်တယ်လို့ ပြောရပါမယ်။ ကောင်မလေး တယောက်ဆိုရင် မိုဘိုင်းလ်ဖုန်းထဲမှာ ရိုက်ထားတဲ့ သူနဲ့ သူ့ချစ်သူ နှစ်ယောက်တွဲပုံလေးကို ပန်းချီဆရာမဆီမှာ ပြပြီး သူ့ချစ်သူပုံကို အဆွဲခိုင်းတာ ပန်းချီဆရာမက `အိုကေ´ လို့ပြောပြီး မိနစ် ၂၀ လောက်အတွင်းမှာ အဲဒီကောင်လေးရဲ့ ပုံကို Theme ကောင်းကောင်းလေးနဲ့ တွဲဘက် ဆွဲပေးလိုက်တာ ကောင်မလေး တော်တော်ကို သဘောကျကျေနပ်သွားပါတယ်။
အခုပုံကို အဆွဲခံနေတဲ့ ကောင်လေးလဲ သူ့ပုံကိုလဲ မြင်ရော `အိုးမိုင်ဂေါ့´ ဆိုပြီး အဆက်မပြတ်အော်နေတာ သူ့အမေက ဘေးကနေ ကြည့်ပြီး သူ့သားဖြစ်အင်ကို တော်တော်ကို သဘောကျနေတော့တာပါပဲ။ ဆွဲခကတော့ နည်းနည်း ဈေးကြီးပါတယ်။ တယောက်ချင်း မျက်နှာချည်းသက်သက်ပုံဆိုရင် ဒေါ်လာ ၃၀၊ Theme နဲ့ဆိုရင် ၃၅ ဒေါ်လာ။ နှစ်ယောက်တွဲပုံ Theme နဲ့ဆိုရင် ဒေါ်လာ ၆၀ ပါ။ အနုပညာအရည်အသွေးနဲ့ ကြည့်ရင်တော့လဲ များတယ်လို့ မဆိုနိုင်ပြန်ပါဘူး။ ကြည့်ကောင်းကောင်းနဲ့ ကြည့်လိုက်တာ အဲဒီတနေရာမှာတင် တနာရီကျော်လောက် အချိန်ကုန်ခဲ့ပါတယ်။
အဲဒီရှိုးပွဲလေးကိုတော့ ကံအားလျော်စွာနဲ့ပဲ ကြုံကြိုက်ခဲ့တာပါ။ `အရောက်နောက်ကျလိုက်လေခြင်း´ လို့တောင် မချိတင်ကဲ ဖြစ်ခဲ့ရတဲ့ အဲဒီ ရှိုးပွဲမှာ ရင်သပ်ရှုမောဖွယ်ရာ ပြကွက်တွေကို ကြည့်ခဲ့ရတယ်။
ပြည်နယ်ပွဲတော်ကနေ ပြန်ထွက်လာတော့ ညအမှောင် စုပ်စုပ်ချုပ်နေပါပြီ။ ဒါပေမယ့် ၀င်လာကြသူတွေကတော့ မစဲသေးပါဘူး။ ဘယ်အချိန်မှ ပွဲသိမ်းကြမယ်တော့ မသိနိုင်ဘူး။
ကလိုစေးထူး
4 comments:
အောက်ဆုံးက ပွဲလေးကို အကြိုက်ဆုံးပဲ..
ပျော်စရာ ပြည်နယ်ပွဲလေးနော်… ကျွန်မဆိုလဲ စတိတ်ရှိုးကို သဘောအကျဆုံးဖြစ်မယ်…
ပန်းချီဆွဲတာလေးကြိုက်တယ် ... အဲလိုလေးဆွဲချင်တာ ... လန်ဒန်မှာ မေးကြည့်တာ ၃၅ပေါင်ဆိုတာနဲ့ နှမျောတာနဲ့မဆွဲခဲ့ရဘူး ....
ကရင်ပြည်နယ်ပွဲကို ၁၉၈၈ မတိုင်မီကရောက်ဘူးတယ် ငယ်တော့ငယ်ပါသေးတယ် ဂျိမ်း ဂျိမ်း ဆိုပြီးကြားရတော့ လူကြီးတွေက ၀ပ်ဝပ်ဆိုပြီး ၀ပ်ခဲ့ရတာတော့ မှတ်မိတယ် လက်နက်ကြီးနဲ့ ပစ်တာလို့ပြောတာဘဲ ဘာမှတော့မဖြစ်ပါဘူးထင်တယ် သိပ်တော့မမှတ်မိဘူး
Post a Comment