ဒီနေ့ ညနေပေါ့…။
အလုပ်ကပြန်လာပြီးတော့ ဗိုက်ကတော်တော်လေး ဆာနေတာနဲ့ မီးဖိုထဲဝင်ပြီး ချက်ပြုတ်ဖို့ ပြင်ဆင်ရတယ်။ ဈေးမသွားဖြစ်တာ ကြာနေပြီဆိုတော့ ချက်စားစရာ ဘာမှမယ်မယ်ရရ မရှိတော့သလို ဖြစ်နေတာနဲ့ပဲ လွယ်လွယ်ကူကူနဲ့ ကြက်ဥ ကြော်စားဖို့ စိတ်ကူးလိုက်တယ်။ အဲဒီလိုနဲ့ မီးဖိုပေါ်ကို အိုးကိုတင်လို့ အပေါ်က အနံ့စုပ်တဲ့ ခလုတ်ကို နှိပ်မလို့ ဟန်ပြင်ချိန်မှာပဲ မျက်လုံးအစုံက တစုံတရာကို သတိထားလိုက်မိတယ်။
ဟင်းချက်တဲ့ နေရာအပေါ်တည့်တည့်မှာ မှိုင်းတွေ တက်နေလိုက်တာ ပုံထဲမှာ မြင်ရတဲ့ အတိုင်းပါပဲ။ ဒီအခန်းမှာ နေနေခဲ့တာ သုံးနှစ်လောက် ရှိလာပြီဆိုတော့ သုံးနှစ်စာ မှိုင်းတွေပေါ့…။ တကြိမ်တခါမှလဲ အဲဒီ မှိုင်းတွေကို မသုတ်စင်ဖူးတော့ နဂိုမူလအရောင် နို့နှစ်ရောင်ပေါ်မှာ ညိုညစ်နေလိုက်တာ ကြည့်လို့တောင် မကောင်းဘူး...။
***
မြန်မာဇာတ်ကားတွေ မကြည့်ရတာ ကြာတာနဲ့ပဲ တလောက ၀ယ်ထားတဲ့ အခွေတခွေကို စက်ထဲထည့်လိုက်တယ်။ ဗြုန်းဆို အပြာရောင် အောက်ခံပေါ်မှာ အဖြူရောင် စာလုံးတွေနဲ့အတူ မြန်မာတီးလုံး တခုက ပေါ်လာတယ်။ ပြီးတော့ ကြည်လင်ပြတ်သားတဲ့ အသံတခုက ထပ်ပေါ်လာပြန်တယ်။ ဒီတခါတော့ ဘာရယ်မဟုတ်…၊ အဲဒီကြေညာသံနဲ့ စာသားတွေကို တကြောင်းချင်းစီ လိုက်ဖတ်၊ နားထောင်နေလိုက်မိတယ်…။
တခွေပြီးသွားလို့ နောက်ထပ် တခြားခွေတွေ ထပ်ဖွင့်ကြည့်မိတော့လဲ စောစောက စကားတွေက အရင်ဆုံး ထပ်ပေါ်လာပြန်တယ်။ ဘယ်ရမလဲလေ...၊ ဒီတခါတော့ ခပ်မြန်မြန်ပဲ ရီမုဒ်နဲ့ ကျော်ပစ်လိုက်တယ်။ အမယ်…၊ ဒါတောင် နောက်ထပ်တခု လာနေသေးတယ်။
`ပြည်သူ့သဘောထား´ …တဲ့။
***
`သားကြီး…၊ ဒီမှာလာကြည့်စမ်း´
ရွှေပြည်ကြီးနဲ့ မခွဲရသေးခင် ငယ်ရွယ်စဉ်အခါက ဆိုပါတော့…။ မေမေက မီးဖိုထဲကနေ လှမ်းခေါ်ပြတာနဲ့ သွားကြည့်လိုက်တော့ ထင်းမီးဖိုရဲ့ အပေါ်မှာ မီးခိုးမှိုင်းတွေကြောင့် မဲညိုနေတဲ့ ကျပ်ခိုးစင်…။ အဲဒီကျပ်ခိုးစင်အပေါ်မှာ တင်ထားတဲ့ နှီးစည်းတွေလဲ ညိုမဲနေတာပဲ…။ ဒါပေမယ့် ပိုဆိုးတာက မီးခိုးမှိုင်းတွေရဲ့ အင်အားက များလွန်းလို့ ထင်တယ်၊ ဘေးက ထရံတွေတောင် အရောင်ပြောင်းနေတယ်…။ ဒါတင် ဘယ်ကဦးမလဲ ဟိုးးအပေါ်က ဖက်မိုးမှာလဲ ဖက်ရောင်တွေက တခြားနေရာနဲ့မတူဘူး…၊ မဲညစ်နေတာပဲ…။
`မှိုင်းတွေ မတက်အောင် ဘယ်လိုလုပ်မလဲ မေမေ´
`မီးဖိုကို မလွန်ဆန်နိုင်သေးခင်တော့ တက်လာသမျှ မှိုင်းကိုပဲ မကြာမကြာ ရှင်းပေးဖို့ ရှိတာပဲ´
အဲဒါနဲ့ သားအမိ နှစ်ယောက် အ၀တ်အဟောင်းတချို့ကို ရေဆွတ်ပြီး မှိုင်းတွေကို လိုက်ပြီး သန့်စင်ပစ်ခဲ့ဖူးတယ်။
***
`အာ…၊ လာပြန်ပြီ၊ ဒီသီချင်း…၊ တနေ့တနေ့ ဒါတွေပဲ လာနေတော့တာပဲ´
မြန်မာ့ရုပ်မြင်သံကြားမှာ လာနေတဲ့ `၁၀၁ ကြိမ်မြောက် ချစ်ခွင့်ပန်ခြင်း´ ဆိုတဲ့ ဂျပန်ဇာတ်လမ်းတွဲကို ကြည့်ချင်လွန်းလို့ ဘက်ထရီအိုး သွားငှားပြီး အဖြူအမဲတီဗွီလေးရှေ့မှာ မိသားစု စုံညီထိုင်နေကြတုန်းမှာပဲ မကြာခဏ လာနိုင်လွန်းတဲ့ သီချင်းတပုဒ်ကြောင့် ကျနော့် ညီမလေးက နှုတ်ခမ်းစူပြီး ပွစိပွစိ ပြောပါလေရော…။ ဟုတ်လဲဟုတ်တယ်…၊ အဲဒီသီချင်းကလဲ တော်တော်ကို လွှင့်နိုင်လွန်းတယ်။
နေပါဦး...။ သီချင်းခေါင်းစဉ်က ဘာတဲ့…။
`အဖေနဲ့သားများ´…တဲ့။
***
ဒီတခေါက် ဈေးဆိုင်ကို ရောက်ရင်တော့ ချွတ်ဆေးဗူး တဗူးဝယ်ပြီးတော့ သုံးနှစ်စာ တက်နေတဲ့ မှိုင်းတွေကို သန့်စင်ပစ်ရပါဦးမယ်။ သုံးနှစ်စာ ဆိုပေမယ့်လဲ မှိုင်းအားက သိပ်မကြီးမားလှတာမို့ သန့်စင်ဖယ်ထုတ်ရတာ သိပ်တော့ ခက်လှမယ် မထင်ဘူး။ ဒါတောင် တော်တော်ကြီးကို သန့်စင်ပစ်ရဦးမှာ...။
မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ကျနော့်အိမ်ကလေးရဲ့ မီးဖိုထဲမှာရော…။ မှိုင်းတွေက တခန်းလုံးကို မဲညစ်ဝိုးဝါးနေပြီလား…၊ ဒါမှမဟုတ် မှိုင်းတွေကို ခဏခဏ သန့်စင်နေရလွန်းလို့ အိမ်သားတွေ စိတ်ညစ်နေပြီလား…၊ ဒါမှမဟုတ်ရင်လဲ မှိုင်းမတက်နိုင်အောင် အသေအချာ ကာကွယ်ပြီးတော့ မီးဖိုအသစ်ပဲ ပြန်ဆောက်ရတော့မလား မပြောနိုင်ဘူး…။

ကလိုစေးထူး
11 comments:
ကိုစေးထူးရယ် မှိုင်းမိတာကို ဘယ်သူမှ မကြိုက်ကြဘူးလေ။
အင်း..
သေချာတွေးကြည့်တော့...
သူများလဲ မှိုင်းမိနေပုံရတယ်...။
:P
သေချာပါတယ်...
မှိုင်းက လူတိုင်း တနည်းမဟုတ်တနည်း မိနေကြတာပဲ..
တီဗွီအစီစဉ်က သီချင်းတွေ လာရတာက မကြည့်လို့ပိတ်ရသေးတယ် အစ်ကိုရေ့ VCD သီချင်းခွေတွေ ဖွင့်လိုက်တိုင်း နိုင်ငံရေးဦးတည်ချက် ၄ ရပ်ဆိုတာ ကအရင်ဆုံးလာပြီး ခလေးတွေဆို အလွတ်ရနေလို့  သံပြိုင်လိုက်ဆိုနေကြကေား) အဲ့လောက်ထိ လေးစားရိုသေတာ ဟားဟား မှိုင်းကင်းပါစေ ။
အတွေးရယ်.. ပေးချင်တဲ့ အချက်ရယ် ပြည့်စုံပါတယ်..
တင်ပြပုံလေးလှတယ် ကိုစေးထူးရေ… မှိုင်းဆိုတာကလဲ ပုံမှန်မသန့် စင်ရင် စွဲတတ်တဲ့ အမျိုးဆိုတော့…
ခင်ဗျားနဲ့ ကျနော် တခါတလေ ဧရာဝတီမှာ မဇ္ဈိမ မှာတွေ့ နေကြတာပဲ...တော်တော်နဲ့ နှုတ်မဆက်နိုင်ခဲ့ဘူး...ကျနော်
တို့တော့ ဒီမဲမှောင် မှိုင်းမီး အောက်က လွတ်မြောက်ရမှာပေါ့
ဗျာ...ကျနော်ဆီလည်းလာလည်ပါအုန်း...
အသစ်ဆောက်တာဘဲကောင်းမယ်ထင်တယ် မှိုင်းက ၄၆ နှစ်တက်လာတဲ့မှိုင်း
ကလိုတို့ကတော့ တပို့စ်ပြီး တပို့စ်ထည့်နေတာပဲ။ ကောင်းလှေ့တေး ကောင်းလှေ့တေး။ နဂိုအရေးအသားကောင်းပြီးသား၊ အကြောင်းအရာလေးပါကောင်းတော့ ဖတ်ရတာ စိတ်ချမ်းသာသဗျာ။
မှိုင်းနဲ့ပတ်သက်တဲ့အစာမကျေတာလေးတခုရေးပါရစေ။
၁၉၈၈ထဲကနိုင်ငံရေးလုပ်ပြီး ၁၉၉၆မှာအဖမ်းခံရလို့ ၆နှစ်ကျပြီးပြန်လွတ်လာတဲ့ငယ်သူငယ်ချင်းကအခုcompanyတခုမှာလုပ်နေတယ်။ အဆက်အသွယ်ရှိပေမယ့် တိုင်းတပါးမှာ Asylum မယူဘူးဆိုတဲ့ထဲကပေါ့။
လွတ်လာပြီးအလုပ်ရှာတဲ့အကြောင်းပြောဖြစ်တော့သူအထဲက၆နှစ်ကိုအမှန်အတိုင်းမပြောပဲနယ်ပြောင်းခဲ့သလိုလိုပြောမှပဲအလုပ်ရတယ်တဲ့။ လွတ်လာပြီးကာလတွေမှာပတ်ဝန်း ကျင်ရဲ့ ထောင်ထွက်ဆိုတဲ့ဆက်ဆံရေးကထောင်ထဲမှာထက်ပိုနာကျင်ရတယ်တဲ့။criminal နဲ့ political prisoner ကိုမကွဲကြဘူး။ အနစ်နာခံလုပ်တဲ့လူတွေပြန်ရတာဒါမျိုးတဲ့။ ရွံရှာသလို မပတ်သက်ရဲသလိုတွေကပဲ အနှစ်၂၀ ကြာစေတာလား။ တပြည်လုံးမကျေနပ်ဘူး မလွဲသာလို့ဆိုပေမယ့်လဲ နိုင်ငံရေးလုပ်တဲ့သူတွေရတဲ့ rejection ကပြင်းတယ်။ဒီမှိုင်းတွေ...?
Photo လေးအောက်က အပိုဒ်ကို စဖတ်လိုက်ကတည်းက ကိုယ့်ကိုကိုယ်
သတိထားမိလိုက်ပြီ...အဆုံးထိလည်း
ဖတ်လို့ပြီးရော...“အသံတွေ..အသံတွေ”
မှိုင်းတိုက်ခံနေရတဲ့ ခန္ဓာကိုယ်ထဲက အမှန်တရားကို မြတ်နိုးတဲ့ နှလုံးသားရဲ့ မွတ်သိပ်စွာတောင်းဆိုမှု..
“အဲဒီအသံတွေပေါ့......”
ကျမအခန်းလေးနဲ့ မဆန့်အောင်
ကျယ်လောင်လွန်းနေတယ်ဆိုတာပါဘဲ..
မှိုင်းဆိုတာ အရာဝတ္တုတွေကို စွန်းထင်းညစ်စေတတ်တယ်
အသိ ၊ သတိနဲ့ ထားပြီးတော့ စင်ကြယ်အောင်ပြုပြင်
ပေးလိုက်တာဟာ အကောင်းဆုံးပါပဲ။
Post a Comment