Wednesday, August 27, 2008

လွန်ဆွဲနေသော အနာဂတ်များ

ညက မှောင်လို့ကောင်းနေဆဲပင်…။

အိမ်အနီးအနားတ၀ိုက်မှ အကောင်မျိုး စုံလင်စွာသော ပုစိကွေးကလေးများ၏ အော်သံ စိုးစိုးစီစီက တချက်ချက်မှာ ညိုးညိုးညံစွာ ပေါ်လာလိုက်…၊ ငြိမ်ကျသွားလိုက်နှင့်…။ ခြံထောင့်က ရေတွင်းထဲက ဖားအော်သံ အုံးအွမ်ကလဲ ညရဲ့ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သေးသည်။ လေညှင်းညှင်း တချက်တလေ သိမ့်ခနဲတိုက်လာရင်တော့ ၀ါးပင်တွေ အချင်းချင်းတိုးဝှေ့သံနှင့် သစ်ရွက်တချို့ရဲ့ မြေပေါ် ခုန်ဆင်းသံတို့က စည်းချက်တခုနှယ် ပေါ်လာလေသည်။ တောဆန်လှတဲ့ ညရဲ့ အဲဒီအသံတွေနှင့် ယဉ်ပါးနေသူ သက်ရှိလူသားတွေကတော့ နှစ်ခြိုက်စွာ အိပ်လို့ကောင်းတုန်း…။

သူများတကာတွေ အိပ်လို့ကောင်းချိန်မှာ အိပ်မပျော်နိုင်သူ တဦးကတော့ တညလုံး ဟိုဘက်လူးလိုက် ဒီဘက်လွန့်လိုက်နှင့် အိပ်ရာထဲမှာ ဗျာများနေလေ၏။

မှေးခနဲ တချက်ဖြစ်သွားလိုက်…၊ အတွေးဗျာပါရဲ့ လှုပ်ခတ်မှုကြောင့် ပြန်နိုးလာလိုက်…၊ အတွေးကမ္ဘာထဲမှာ အားရပါးရမျောလိုက်…၊ ပြန်အိပ်လိုက်…၊ ပြန်နိုးလာလိုက် ထပ်တွေးလိုက်နှင့် အတွေးတောမှာ တညလုံး မမောနိုင်သူကား နဂျယ်ကောင်ပင် ဖြစ်တော့သည်။

ဘယ်လိုမှ အိပ်မပျော်နိုင်သော နဂျယ်ကောင့် နားထဲတွင် အထပ်ထပ်မြည်ဟည်းနေသော စကားတခွန်း…။ ထိုစကားတခွန်းကပင် နဂျယ်ကောင်ရဲ့ အသိစိတ်ကို ဆွဲကိုင်လှုပ်ယမ်းနေလေခြင်းကြောင့် ဘယ်လိုမှ အိပ်လို့မရ ဖြစ်နေခြင်းပင်…။

`တိုးတက်မှုဆိုတာ စွန့်စားမှရတာ နဂျယ်ကောင်၊ မင်း ဒီမှာနေလို့ ဘာထူးမှာလဲ´

***

ဒီနှစ်မှာ နဂျယ်ကောင် ဆယ်တန်းအောင်သည်။

ကြိုးစားပမ်းစားနှင့် နှစ်နှစ် ဖြေလိုက်ရတဲ့ ဒီစာမေးပွဲဟာ လူငယ်တွေအတွက် ဘ၀တဆစ်ချိုး လို့ တင်စားသူက တင်စားကြ၏။ ဒါပေမယ့် တကယ့်လက်တွေ့မှာကတော့ ဆယ်တန်း အောင်ထားသော နဂျယ်ကောင်အတွက် လောလောလတ်လတ် လုပ်စရာ ဘာအလုပ်မှ မရှိချေ…။ ကျောင်းဆက်တက်ဖို့ကို နှစ်နှစ် စောင့်ရဦးမည် ဆိုတော့ ဒီကြားထဲက ကာလတွေဟာ နဂျယ်ကောင်ကို ဝေလေလေ၊ ယောင်တောင်တောင် ဖြစ်စေတာတော့ အမှန်…။

မေမေက နဂျယ်ကောင်ကို ကျောင်းဆရာသွေးများ ပါလေမလားလို့ အကဲခတ်တော့လဲ နဂျယ်ကောင့်ပုံစံက ကျောင်းဆရာပုံစံ တစက်ကလေးမှ မထွက်…။ `သားက မေမေ့လို မြေဖြူမှုန့်ဒဏ် သိပ်မခံနိုင်ဘူး မေမေရ´ လို့ သူက ရယ်ကျဲကျဲနဲ့သာ ပြောလိုက်ပေမယ့် မေမေက သူ့ကို အကြာကြီး ပြန်ငေးနေခဲ့သည်။ နောက်တော့…၊ `အင်းလေ…၊ သားကြီး ၀ါသနာမပါလဲ မလုပ်ပါနဲ့´ လို့ ခပ်တိုးတိုးပြောရင်း ကျောင်းဆရာလုပ်ဖို့ကို စကားဟဟပင် မပြောတော့ပေ…။

တောက ဘကြီးဦးကုလားတို့ လယ်ထဲ၊ တောင်ယာထဲမှာ သွားကူလုပ်တယ် ဆိုတာကလဲ ငွေရလမ်း ဖြောင့်ဖြူးလှတဲ့ အလုပ်မဟုတ်…။ `ရော့…၊ နဂျယ်ကောင် မုန့်ဖိုး´ `မင်းတို့ အမေအတွက် နှမ်းဆီလေး ဘာလေး ယူသွားလေ´ `ရော့ဟေ့၊ ငါ့တူ ၀တ်ဖို့ လုံချည်တကွင်း ဘကြီးဝယ်လာတာ´ ဆိုတာတွေအပြင် ပိုပြီး ဘာမှရတာ မဟုတ်လေတော့ နဂျယ်ကောင် စဉ်းစားလာရပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ဆယ်တန်းကြီးများတောင် အောင်ထားတာလေ…။ ဒီအတန်း ဒီပညာတွေ အောင်ထားပြီးမှတော့ လယ်ထဲ၊ယာထဲမှာပဲ အချိန်မကုန်ချင်တော့တာတော့ အမှန်…။

`ကျောင်းမတက်ခင် စပ်ကြား ငါ့အဖေ သစ်စက်မှာ လာကူလုပ်ပါလားကွ´

ကျောင်းနေဘက် သူငယ်ချင်းတယောက်ရဲ့ အဲဒီ အပြောကြောင့် သူတို့ သစ်စက်မှာ ၀င်လုပ်တုန်းက မေမေက စိုးရိမ်တကြီးဖြင့် တားရှာသေးသည်။ သစ်စက်က လွှစာမှုန့်တွေ အဖွေးသားနဲ့ ပြန်လာတဲ့ နေ့မှာ မေမေ့ကို နဂျယ်ကောင် ပထမဆုံး အပ်ခဲ့တဲ့ နှစ်ပတ်စာ လုပ်ခငွေက မေမေ့လခထက် ပိုများနေတာကို သတိထားမိတဲ့ မေမေက တခုခုကို အကြီးအကျယ် ခံစားရတဲ့ မျက်နှာထားဖြင့် မရွှင်လန်းခဲ့ပေ…။

ဒီလိုနှင့်…။

***

စိုးခိုင်တို့ ခြံဝင်းထဲကို ၀င်လိုက်သည်နှင့် မြူးကြွစွာ ဖွင့်ထားတဲ့ ထိုင်းသီချင်းသံတခုက ဆောက်လုပ်ပြီးစ အိမ်ပေါ်မှတဆင့် နဂျယ်ကောင့်ကို ခပ်ကြွားကြွား ဆီးကြိုနေ၏။ ခြံထောင့်ရှိ သစ်ပင်နှစ်ပင်မှာ ပုခက်တခု ချိတ်လို့ အငြိမ့်သား ဇိမ်ယူနေတဲ့ စိုးခိုင်က `နဂျယ်ကောင်၊ ငါဒီမှာကွ´ ဟု လှမ်းခေါ်လိုက်သည်။

စိုးခိုင်ကို ကြည့်ရသည်မှာ ကြွားကြွားရွားရွား နိုင်လှပါဘိ…။ ထုံချိုင်းပုံ ပါတဲ့ စပို့ရှပ်အကျီင်္ သစ်သစ်လွင်လွင်နှင့် စတိုင်ခပ်ကျကျ ဂျင်းပင် အတိုကို ၀တ်လို့ ပုခက်ထဲမှာ အိပ်ရင်း ဇိမ်ယူနေ၏။ သူ့ပုံစံကို မြင်လိုက်တာနှင့်ပင် နဂျယ်ကောင်တို့ အရပ်အခေါ် `ရှမ်းပြည်ပြန်´ သရုပ်က ကောင်းကောင်း ပေါ်လွင်နေလေသည်။

စိုးခိုင်က ကိုးတန်းကျပြီးကတည်းက ကျောင်းဆက်မတက်တော့ပေ…။ သူ့ဦးလေးရဲ့ အစီအစဉ်ဖြင့် ဒေသအခေါ် `ရှမ်းပြည်´ ခေါ် ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်သည်မှာ မနှစ်က တခေါက်နှင့် အခုတခေါက်၊ နှစ်ခေါက်သာ မြို့ကို ပြန်လာနိုင်သည်။ သို့သော် ပြန်လာသည့် အကြိမ်တိုင်းမှာ ငွေထုပ်ပိုက်လာသည်ချည်းပင်…။ ပထမတခေါက် ပြန်လာတုန်းကတော့ သူက ခဏတဖြုတ်သာနေပြီး ရှမ်းပြည်ကို ပြန်တက်သွားတော့ နဂျယ်ကောင်နဲ့တောင် မဆုံဖြစ်လိုက်…။ ဒါပေမယ့် စိုးခိုင်အမေကတော့ သူ့သားလေး ဟိုမှာ ဘယ်လိုအဆင်ပြေလာကြောင်း၊ ဘယ်လောက် ငွေပို့နိုင်ကြောင်းကို အရပ်ထဲမှာ ကြွားလို့မဆုံး…။

`လာ…၊ အိမ်ပေါ်သွားစို့´ ဟု ပြောပြီး စိုးခိုင်က အိမ်ပေါ်တက်သွားသည်။ နဂျယ်ကောင် နောက်ကနေ လိုက်တက်လာတော့ ဆူညံနေတဲ့ ထိုင်းသီချင်းသံနဲ့အတူ ကက်ဆက်အကောင်းစားကြီးက ဟီးလို့နေသည်။ ဘာမှန်း နားမလည်ပေမယ့် မြူးကြွတဲ့ တေးသံကြောင့် နဂျယ်ကောင် စိတ်ထဲ ခပ်ပျော်ပျော်တောင် ဖြစ်မိသေး…။

`ရှမ်းပြည်တက်တာ ဘယ်လောက်ကုန်လဲ´

စူးစမ်းတဲ့ နဂျယ်ကောင့် အမေးကို စိုးခိုင်က ခပ်သွက်သွက်ပင် `အလုပ်ပါအရ ဆိုရင် မြန်မာငွေ တသောင်း´ ဟု ပြန်ဖြေ၏။ လက်ဘက်ရည် တခွက် ၇ ကျပ် ခေတ်မှာ တသောင်းဆိုတဲ့ ပိုက်ဆံကို နဂျယ်ကောင် တွန့်ခနဲတော့ ဖြစ်သွားသည်။

`မင်း လိုက်ချင်လို့လား´

နဂျယ်ကောင် ဘာမှပြန်မဖြေဖြစ်…။ ခန့်ထည်နေတဲ့ တအိမ်လုံးကို ငေးလိုက်၊ ဆူညံနေတဲ့ သီချင်းသံကို နားထောင်လိုက်နဲ့ ငြိမ်ကျသွားသည်။ ကက်ဆက်ဘေးက စားပွဲပေါ်မှာ တင်ထားသည့် ပြည့်ဖောင်းနေသော စိုးခိုင်၏ ပိုက်ဆံအိတ်ကလဲ နဂျယ်ကောင်ရဲ့ စိတ်တွေကို အမျိုးအမည် မသိသော ခံစားချက်တွေကို ပေးနေ၏။

စိုးခိုင်တို့ အိမ်ကပြန်လာတော့ စိုးခိုင်က `နဂျယ်ကောင်၊ မင်းလိုက်ချင်ရင် ငါ ရှစ်ထောင်နဲ့ ခေါ်သွားပေးမယ်´ လို့ လှမ်းပြောလိုက်သေးသည်။ `အေးပါ´ လို့ ပြန်ပြောတော့…

`တိုးတက်မှုဆိုတာ စွန့်စားမှရတာ နဂျယ်ကောင်၊ မင်းဒီမှာနေလို့ ဘာထူးမှာလဲ´ …တဲ့။

***

`မသွားပါနဲ့လား သားကြီးရယ်´

`သူများတွေလဲ သွားနေတာပဲ မေမေ´

`ဒါပေမယ့် သားက ဆယ်တန်းအောင်ထားတာလေ´

`ဆယ်တန်းအောင်လို့လဲ ဘာမှမှ လုပ်လို့မရတာ…´

`ဘာ…)))))))))´

ဟိန်းတက်လာသော မေမေ့အသံကြောင့် နဂျယ်ကောင် အလန့်တကြားဖြင့် မေမေ့မျက်နှာကို ကြည့်လိုက်မိ၏။ ဒါပေမယ့် နဂျယ်ကောင့် ပါးစပ်က ဘရိတ်မအုပ်နိုင်စွာနှင့်ပင်…

`သား သစ်စက်လုပ်လို့ရတဲ့ ပိုက်ဆံထက်တောင် အများကြီးရမှာကို…´

`သားကြီး…၊ တော်တော့…၊ ဆက်မပြောနဲ့တော့…´

စကားစ ဖြတ်ပြီး အိမ်ခန်းထဲကို မေမေ ၀င်သွား၏။ ပြန်ထွက်လာတော့ လက်ထဲမှာ ငွေတထပ်…။

`ရော့…၊ အဲဒီမှာ မင်း သစ်စက်ဆင်းလို့ရထားတဲ့ ပိုက်ဆံတွေ…၊ ရှစ်ထောင်မပြည့်သေးတာကို မေမေ ထပ်ဖြည့်ပေးလိုက်မယ်၊ ပညာ့တန်ဘိုးကို မင်းနားမလည်ဘူးလို့တော့ မေမေ မထင်ဘူး။ မင်းကိုယ်မင်း ဥစ္စာရှာဖို့ သင့်တော်တဲ့ အရွယ်ကိုရောက်ပြီလို့ ထင်ရင် သွားပေတော့´

***

မိုးလင်းလု အချိန်သို့ ရောက်လေပြီ…။

ဘုန်းကြီးကျောင်းများမှ အုန်းမောင်းခေါက်သံတွေကိုပင် အစီအရီ ကြားနေရပြီ။ နဂျယ်ကောင်ကတော့ ဝေခွဲမရသော စိတ်များစွာဖြင့် တွေးလို့ကောင်းဆဲ…။

`မင်းအမေက လခ တလကို ဘယ်လောက်ရလဲကွ´

`ထောင့်နှစ်ရာကျော် ထင်တယ်´

`ငါ့ဆိုင်ရဲ့ တပတ်ရောင်းရငွေ အမြတ်တောင် မရှိဘူး´

`မင်း အခု ဆယ်တန်းအောင်တော့ ဘာဆက်လုပ်မှာလဲ´

`တက္ကသိုလ် ဆက်တက်မယ်လေ´

`ဘွဲ့ရတော့ရော မြန်မာပြည်မှာ ဘာလုပ်လို့ရလို့လဲ´

ပညာကို ဆုံးခန်းတိုင်အောင် မသင်ခဲ့တဲ့ ဥစ္စာရှာသူတို့ရဲ့ ရယ်ဟဟ စကားတွေက အတွေးထဲမှာပင် နဂျယ်ကောင့်ကို သိမ်ငယ်နေစေသည်။

`ပညာရွှေအိုး လူမခိုး´

`ပညာရဲရင့် ပွဲလယ်တင့်´

`ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး´

ကျောင်းတုန်းက သင်ခဲ့ရသည့် ဆိုရိုးဆောင်ပုဒ်တွေကို မျက်စိထဲ မြင်ယောင်လာပြန်သည်။ ဟူး… စိတ်ထဲမှာ နောက်ကျိလှပါဘိ…။

မြေဖြူမှုန့်တွေ အဖွေးသားဖြင့် ကျောင်းကနေ ပြန်လာတတ်တဲ့ ပညာတတ်မေမေ…၊ နှစ်နှစ်လောက် ရှာလာတဲ့ ငွေနဲ့ ခပ်ကျော့ကျော့ ဖြစ်နေတဲ့ စိုးခိုင်…၊ သူ ဆယ်တန်းအောင်တော့ အပျော်ဆုံး ဖြစ်နေတဲ့ မေမေ့မျက်နှာ…၊ `မင်းဆယ်တန်းအောင်တာ ဘာလုပ်လို့ရမှာမို့လဲ´ ဆိုတဲ့ ကြေးရတတ်ပေါက်စ ကျောင်းတပိုင်းတစတို့ရဲ့ မျက်နှာပေးအပြော…။

***

နောက်တနေ့ မနက်…။

မိုးလဲ စင်စင်လင်းခဲ့ပါပြီ။ နဂျယ်ကောင်ရဲ့ မေမေလဲ ဈေးကို သွားချေပြီ။ ဈေးမသွားမီ…

`သားကြီး ကြိုက်တဲ့ ၀က်သားဟင်း မေမေ ဒီနေ့ချက်ကျွေးမယ်၊ သစ်စက်လဲ ဆက်ဆင်းမနေနဲ့တော့´ ဟု မှာသွား၏။

မေမေ့ ပိုက်ဆံအိတ်ထဲမှာတော့ နဂျယ်ကောင် ပြန်ပေးလိုက်တဲ့ ငွေ ရှစ်ထောင်…။

စိုးခိုင်တယောက် လှေဆိပ်မှာ စောင့်နေမလား…။

နဂျယ်ကောင် ပြန်မတွေးချင်တော့ပါ။ စိတ်ကိုသာ ဒုံးဒုံးချပြီး အားရပါးရ ပြန်အိပ်ပစ်လိုက်လေပါတော့သည်။ အခုနေ တကယ်လို့များ နဂျယ်ကောင် အိပ်မက် မက်ခဲ့လျှင်တော့ မြကျွန်းညိုညို တက္ကသိုလ်ရဲ့ ပုံရိပ်က ထင်ဟပ်နေမှာ သေချာနေပါတော့သည်။

***


ကလိုစေးထူး

11 comments:

Moe Cho Thinn said...

ဘွဲ့ရတော့ရော ဗမာပြည်မှာ ဘာလုပ်လို့ ရလို့လဲ တဲ့..။ အင်း..ရင်နာစရာကောင်းတဲ့ စကားလေးပဲ။
နကျယ်ကောင်လေးရဲ့ ဇာတ်လမ်းတွဲလေးတွေ စောင့်မျှော်နေပါတယ်။

တန်ခူး said...

နဂျယ်ကောင် ဆုံးဖြတ်ချက်မှန်ပါတယ်… ပေါ်ပင်တွေလိုက်ရင် ခဏပေါ့… ထောင့်နှစ်ရာကျော်ပဲရတဲ့ အမေ့ရဲ့ပညာတတ် အတွေးအခေါ်မျိုး စိုးခိုင်ဆီမှာ ဘယ်တော့မှ ရှာတွေ့ မှာ မဟုတ်ပါဘူး…

ကိုရင်နော်ခင်လေးငယ် said...

ဒီ Post လေးမှာ ရသ နှစ်မျိုးရှိနေတယ်နော်..
သားဖက်က အတွေးတာဟာ မှားတယ်လို့
မပြောနိုင်သလို...သူ့ မေမေ အတွေးဟာလည်း
မှန်နေပါတယ်..။ အမှန် နဲ့ အမှား..!! နဂျယ်ကောင်လေး လက်တွေ့ ရင်ဆိုင်နေရတဲ့ ဘဝနဲ့ စိတ်ခံစားမှု၊ သူ့မေမေ ရဲ့ ဆန္ဓ..။

ဘဝမှာ မဖြစ်သင့်ဘဲ မဖြစ်ချင်ဘဲ ဖြစ်နေရတဲ့ အရာတွေ အများကြီးပါ။ ဒါတွေအားလုံးဟာ...........
ဘယ်အရာတွေကြောင့်ဆိုတာကိုတော့......!!!

ဝင်း said...

Hi

ဝင်း said...

မြန်မာပြည် စနစ်ပြောင်းလျှင် ဒီဇာတ်လမ်းတွေ ဖြစ်မလာနိုင်ပါ

Republic said...

ကောင်းတယ်ဗျာ ၊၊ တစ်ခုခုပြောပြ လိုက်ချင်အောင် ကောင်းတယ် ကိုစေးထူးရေ ၊၊
အသံတိတ် စကားတွေ အများကြီးပြောပြနေမိတယ်ဗျာ ၊၊

မောင်မျိုး said...

နဂျယ်ကောင်လေးကိုဖတ်ရင် ကျနော့်စိတ်ထဲမှာ သူ ကဘယ်သူလဲဆိုတာ မြင်ယောင်လာသလိုပဲ အစ်ကို အတွေးတွေနဲ့ ယောတ်ယတ်ခတ်နေတဲ့သူ့ ကိုစာနာမိတယ် ။ သားအပေါ်ထားတဲ့ မိခင်ရဲ့ စိတ်ကိုလည်း သနားမိတယ် ။ စကားမစပ် ရှမ်းပြည်က အရင်လို အခြေနေမကောင်းဘူး အစ်ကိုရေ့ ကော်စီးးခြစ်တဲ့ ဘက်တွေတော့ ကောင်းသလားလို့း) တစ်နေ့ ကို ဘတ် ၃၀၀ လောက်ရတယ်ပြောတယ် :P

dimplestar said...

:clap:

su wai said...

အရမ်းကောင်းတဲ့ ၀တ္ထုလေးတစ်ပုဒ်ပါပဲ အကိုစေးထူးရေ...

zepeian said...
This comment has been removed by the author.
BLACK DREAM said...

ကျွန်တော့်အတွက်လည်း အဲ့ဒီမြကျွန်းညိုညိုက အိပ်မက်တစ်ခု ဖြစ်ခဲ့ဖူးပါတယ် အစ်ကိုရာ...။ ဒါပေမယ့်လဲ...။