Friday, August 08, 2008

သီချင်း Vs ဘလော့ဂ်

ဒီနေ့ ဘလော့ဂ်တွေ လိုက်လည် ဖတ်ရှုရမည်။

ဘလော့ဂ်ဆိုတာက ကိုယ်ကချည်းရေးနေရုံနှင့် မပြီး…၊ ကိုယ့်အယူအဆကို ချခင်းပြပြီးလျှင် တခြားသူတွေရဲ့ အယူအဆတွေကိုလဲ ပြန်လေ့လာသင့်သည်။ မိမိ ဘလော့ဂ်ကို အချိန်ပေးပြီး တကူးတကဖြင့် လာရောက် လည်ပတ်သွားကြသူတွေဆီကို ကိုယ်ကလဲ သွားလေ့လာသင့်သည်ဟု ကျနော် ခံယူထား၏။ ကိုယ့်ဘလော့ဂ်ကို လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ ကိုယ်ကိုယ်တိုင်ကိုက လိုလိုလားလားဖြင့် သွားဖတ်ချင်တဲ့ ဘလော့ဂ်တွေကလဲ ရှိသေးသည်။ ဒါကြောင့် ဒီနေ့တော့ ပို့စ်အသစ်ရေးခြင်းထက် ဘလော့ဂ်ဖတ်ခြင်းကို အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

***

ရေးထားတဲ့စာကို သေသေချာချာ အာရုံစိုက်ဖတ်နေတုန်း ညင်သာငြိမ့်ငြောင်းသော သီချင်းသံတစက ထွက်ပေါ်လာ၏။

`ယလဲ့၊ မဆိုးဘူးဟ၊ သီချင်းလည်းနားထောင် စာလဲဖတ်´

ကျနော်က သီချင်းနားထောင်ရတာကို ကြိုက်သည်၊ စာရေးစာဖတ်ရသည်ကို နှစ်သက်သည်။ ဒီတော့ သီချင်းလဲ နားထောင်၊ စာလဲဖတ်ရ ဆိုတော့ အလွန်မိုက်၊ သိပ်မိုက် သိပ်ကြိုက်ပေါ့…။

သို့သော်…။

***

`ကမ္ဘာ… မကြေဘူး၊ ငါတို့ သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတွေ´

စီဘောက်စ်မှ တဆင့် နောက်ထပ်ဘလော့ဂ်တခုကို ဖွင့်လိုက်တော့ ပထမဘလော့ဂ်က သီချင်းသံက မဆုံးသေးခင် ကြေကွဲဖွယ်ရာ နောက်ထပ်သီချင်းသံက ထွက်ပေါ်လာပြန်သည်။ `အင်းးး၊ ၈၈၈၈ နေ့မို့ ထင်ပါရဲ့´ လို့ တွေးလိုက်ရင်း ဒီဘလော့ဂ်ရော ဘာတွေများတင်ထားပါလိမ့်လို့ စာကို အာရုံပြန်စိုက်…၊ ဖတ်စရာ သိပ်ပြီး ထူးထူးခြားခြား မရှိတော့ နောက်ထပ် ဘလော့ဂ်တခုကို သွားဖို့ပြင်…။

ယခုနောက်ပိုင်း အင်တာနက် ဘရောက်ဇာကို သုံးရသည်မှာ စိတ်ချမ်းသာဖွယ်ရာတခုကတော့ Page တခုတည်းမှာ ဘလော့ဂ်ပေါင်းများစွာကို အပေါ်က ဘာတန်းကလေးမှာ တခုခြင်းပေါ်လာတော့ အဆင်ပြေသည်ဟု ထင်မြင်မိသည်။ တခါတလေ စောစောကလေးတင် ဖတ်မိတဲ့ဘလော့ဂ်နဲ့ အခုလောလောဆယ် ဖတ်နေတဲ့ ဘလော့ဂ်ရဲ့ သုံးသပ်ထင်မြင်ချက်တွေက ယှဉ်ထိုးစဉ်းစားစရာမျိုးတွေ ဖြစ်နေရင် ဘားတန်းကလေးပေါ်က ဘလော့ဂ်လိပ်စာပေါ်ကို ထောက်ပြီး အပြန်ပြန်အလှန်လှန် ဖတ်လိုက်ရုံပင်…။

`ကမ္ဘာမကြေ… မြန်မာပြေ… တို့ဘိုးဘွားအမွေစစ်မို့…ချစ်မြတ်နိုးပေ´
`ဟ…ဟ…ဟ နိုင်ငံတော် သီချင်းဟ´

လူကအလန့်တကြား ရေရွတ်ရင်း ထိုင်ရမလို၊ ထရမလိုတောင် ဖြစ်သွားသည်။ အင်းလေ၊ နိုင်ငံတော် သီချင်းဆိုတာမျိုးက အထိမ်းအမှတ် အခမ်းအနားတွေ၊ ဒါမှမဟုတ် ရေဒီယို၊ရုပ်မြင်သံကြားရဲ့ အစီအစဉ်မစတင်မီ မနက်ခင်းစောစောတွေမှာသာ ကြားရတတ်တာကိုး…။ တင်ထားတဲ့လူက နိုင်ငံတော်ကို အလေးထားစိတ်၊ တခြားလူတွေကိုလဲ ရဲစိတ်ရဲမာန်တွေ တက်ကြွစေလိုသော စိတ်ဖြင့် တင်ပေးထားခြင်းလဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒါပေမယ့် ဘလော့ဂ်ကို ဖွင့်လိုက်တာနဲ့ ဗြုန်းဆို ပေါ်လာတဲ့ အသံကြောင့် စာဖတ်မလို့ ဟန်ပြင်နေတဲ့ စိတ်တောင် တွန့်ခနဲဖြစ်သွားသည်။

ပိုဆိုးသည်က စောစောက ဖွင့်မိထားတဲ့ `ကမ္ဘာမကြေဘူး´ သီချင်းနှင့် နိုင်ငံတော်သီချင်းက နှစ်ပုဒ်တပြိုင်နက် ဖွင့်မိလျက်သားဖြစ်ပြီး အသံတွေက လုံးထွေးကုန်ခြင်းပင်…။ အင်းလေ…၊ ဒါများ ဘာခက်တာလိုက်လို့ ဖတ်ပြီးတဲ့တခုကို ပိတ်လိုက်မှာပေါ့…။ ဒီလိုနဲ့ နောက်ထပ် ဘလော့ဂ်တခုကို ထပ်ဖွင့်…။

`အရှေ့အရပ်၌ ရှိသော၊ အနန္တသတ္တ၀ါ၊ အနန္တသတ္တ၀ါတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ လောဘခပ်သိမ်း ငြိမ်းကြပါစေ´

ဒီတခါတော့ သက်ပြင်းကိုသာ ဖွဖွချမိလိုက်တော့သည်။ စောစောက ဖွင့်ထားမိတဲ့ ဘလော့ဂ်က နိုင်ငံတော်သီချင်းနှင့် မေတ္တာပို့ ဆုတောင်းသီချင်းရဲ့ ရောထွေးနေသံက ဘယ်လိုမှ ခံစားလို့မရတော့ချေ…။

အမှန်ဆိုလျှင် ကျနော်လည်း သီချင်းတွေကို လွန်စွာ မြတ်နိုးတတ်သူတယောက်ရယ်ပါ…။ အခုတော့ သီချင်းတွေ နားထောင်ပြီး စိတ်တော့ နည်းနည်းညစ်သွားသည်။ ဘလော့ဂ်တွေကို ဖွင့်လိုက်သည်နှင့် သီချင်းကို အလိုလို လာနေအောင် လုပ်ထားကြသည့် မိတ်ဆွေများမှာလဲ သီချင်းကောင်းလေးတွေကို လာဖတ်သူတွေ နားထောင်စေချင်တဲ့ ဆန္ဒ ရှိကြပေလိမ့်ဦးမည်။ `အဲဒီလိုကြီး အော်တိုမစ်တစ် ပလေး မလုပ်ထားပါနဲ့ဗျာ´ လို့ သွားပြောရင်လဲ ကောင်းပါ့မလား…။

အို…၊ မပြောတော့ပါဘူးလေ…။

နောက်ဆုံးတော့ စပီကာကိုပိတ်၊ ဂျိတ်၊ ဘလော့ဂ်တွေဖတ် ဂျတ်…၊ အဲ… မဟုတ်ပါဘူး။ :D တိတ်တိတ်ကလေးသာ ဘလော့ဂ်ကို ဖတ်ရပါတော့သည်ပေါ့။

ကျနော်မိတ်ဆွေများ ရွှင်လန်းပျော်ရွှင်နိုင်ကြပါစေ။


ကလိုစေးထူး

15 comments:

Anonymous said...

ဟုတ်ပ...
...အဲလိုမျိုးသီချင်းအော်တိုဖွင့်တဲ့ဆိုဒ်ဆို ချက်ခြင်းပိတ်ပီးထွက်ဖြစ်တယ်
လုံးဝမကြီုက်ဘူး...

စိုးထက် - Soe Htet ! said...

ကျွန်တော့ ဘလော့ က သီချင်းရော ... အဆင်ပြေရဲ့ လား ... ဟိ ... :P

Anonymous said...

ဟီးဟီး ကျနော်က သီချင်းလေးတင်နားထောင်ချင်လို့ သာ ကိုယ့်ဘလော့မှာတင်ထားတာ ဖွင့်မှပွင့်တဲ့ ပုံစံလေးပဲ လုပ်ထားတယ် auto ဖွင့်ပြီးသားဆို တစ်မျိုးဖြစ်နေသလားလို့  ကျနော်ဆို အလုပ်ချိန်အတွင်း ခိုးလည်ရတော့ အဆင်မပြေဘူးလေ သီချင်းသံထွက်နေရင်း)

ATN said...

ကိုသင်ကာကတော့ anonymous လိုပဲ ပြောထားတယ်။

ကျနော်တခါဖြစ်ဖူးတယ်။ ဘလော့ တခုသွားလည်တာ သီချင်းသံတိုးတိုးလေးကြားနေရတာ ပထမတော့ သူရဲခြောက်တာလားလို့း)

နောက်မှ အော်တိုဖွင့်ထားမှန်းသိတာ။

ကျနော်လည်း ကြိုက်ဘူးဗျ။

Anonymous said...

ကျနော်ကတော့ စပီကာ အမြဲပိတ်ထားတော့ ဘာမှ မဖြစ်ဘူးဗျ ဟီး :P

MELODYMAUNG said...

ကိုကြီးစေးထူးက စပီကာကိုပိတ်၊ ဂျိတ်၊ ဘလော့ဂ်တွေဖတ် ဂျတ်…၊ အဲ… မဟုတ်ပါဘူး။ :D တိတ်တိတ်ကလေးသာ ဘလော့ဂ်ကို ဖတ်တဲ့ အဟတ်ဟတ် အနော်ကတော့ ဘလော့ကိုဖတ်ပြီးတော့ မီးကိုပိတ် အိတ် အဟိဟိ ဂွတ်နိုက် ကိုကြီးစေးထူးရေ

PP said...

အလုပ်မှာ ရှေ့က သုံးသွားတဲ့လူက စပီကာဖွင့်ထားရင် အဆိုးဆုံးပဲ။
အိမ်မှာ ကမ္ဘာမကြေဘူး သီချင်းပေါ့ တီးတို့ တင်ထားတာ မသိလိုက်ဘူး။ ဒါနဲ့ အလုပ်မှာ ကိုယ်ဘလော့လဲ ကိုယ်ဖွင့်ကော ကိုယ့်သီချင်းကို ပြန်လန့်ပြီး ဟဲ့ ပလုတ်တုတ်ဆိုပြီး။ :( :( :(

လင်း said...

ဟီး ဟုတ်တယ် လင်းလဲ အမြဲအဲလိုဖြစ်နေကြဆိုတော့ ကိုစေးထူးဖြစ်နေမဲ့ပုံကို မြင်ယောင်မိသေး။ အလုပ်ထဲကခိုးဖတ်တဲ့အ ချိန်ဆို တကယ်ကို ဒုက္ခရောက်တယ်။
ဒါကြောင့်မို့ ရုံးမှာဆို စပီကာကိုပိတ်ဂျိတ်လုပ်ထားရတယ်

M.Y. said...

နိုင်ငံတော်သီချင်းအကြားထိုင်ရမလိုထရမလိုဖြစ်နေတုန်း ဗြုန်းဆိုမေတ္တာပို့ သံလေးကြားတော့လက်အုပ်ကလေးပြေးချီ...

နေမယ့် ကိုစေးထူးပုံမြင်ယောင်ပြီး...ရီမိတယ်..
:-) :D :D

မေတ္တာပို့ သံလေးကြားရင်တော့မေတ္တာလိုက်ပို့ လိုက်ပေါ့ဗျာ..ယူတတ်တော့လဲ ..ကုသိုလ်..ကုသိုလ်..

ပြောသာပြောရတယ်..ကျွန်တော်အပါအ၀င်...စာဖတ်သူတွေကများသောအားဖြင့် ဆိတ်ငြိမ်ရာလေးမှာစာဖတ်ချင်ကြတယ်...

တစ်ချို့ က ဘလော့ဂ်ဖတ်နေချိန်မှာ ဘေးနားမှာ..အနီးအနားမှာ ၊မိသားစုဝင် (သို့ မဟုတ်)တခြားသူတွေလဲရှိနိုင်တယ်လေ..ကိုယ့် ကွန်ပျူတာက ရုတ်တရက် အသံတွေ ကြောင့်ကိုယ်တင်မကသူတို့ ပါအနှောက်အယှက်ဖြစ်စေနိုင်တာမို့ အသံနားထောင်ဖို့ Optionလေးပေးထားရင်တော့အကောင်းဆုံးပါပဲ။

ကြိုက်တဲ့သီချင်းတွေ့ တော့လဲအသာ playလုပ်ပြီးဖွင့်နားထောင်ရုံပေါ့..

nu-san said...

ကျနော်လည်း သီချင်းတွေ ကြိုက်တယ်။ ဒါပေမယ့် Blog မှာ သီချင်းသံရှိရင် ရုံးမှာ ဖတ်ရတာ တကယ်ကို အဆင်မပြေဘူး။ ရုံးက စက်ကလည်း နားကြပ်တတ်ထားရင် အသံမထွက်ပေမယ့် နားကြပ်ဖြုတ်ထားချိန်ဆို အသံထွက်ထွက်လာလို့ သူများတွေက ကွက်ကြည့်ကွက်ကြည့်ပေါ့.. နောက်ပြီး သီချင်းထည့်ထားတဲ့ player လေးတွေကလည်း ခပ်ဆန်းဆန်းလေးတွေနော်.. အဲဒီ့ player လေးတွေ ဘယ်နားမှာရှိ မှန်းမသိလို့ အသည်းအသန် လိုက်ရှာရတယ်.. မတွေ့တဲ့အဆုံးဆို blog ကို ပိတ်ပစ်လိုက်ရရော.. :D

ကိုပေါ said...

ဒီလိုဆိုပြန်တော့ ကျနော့်ဘလော့ဂ်မှာလည်း ကိုစေးထူးကြီးအတွက် ရည်ရွယ်ပြီး ပလေယာ တခုလောက် ရှာတင်ရဦးမယ်....ဟဲဟဲ

Anonymous said...

ကျေးဇူးဗျာ... ကျွန်တော်လည်း အော်တိုပလေယာ လုပ်ထားတာဗျ... အဆင်ပြေပါစေဗျာ...

RePublic said...

ကိုစေးထူးကြီးကတော့ဗျာ ..လုပ်ချလိုက်ပြန်ပီ..ဟီး .. ကောင်းပါ့ဗျား ၊၊

su wai said...

ဘလော့မှာ သီချင်းတွေကို Auto play လုပ်ထားတာနဲ့ ပတ်သက်ပြီး ဆုဝေလဲ တခါကြုံဖူးတယ် အကိုစေးထူးရေ … ကောင်တာစက်မှာ ဘလော့တစ်ခုဖတ်ဖို့ ဖွင့်လိုက် စပီကာကနေ သီချင်းသံအကျယ်ကြီး ထွက်လာလို့လေ … စစချင်း ဘယ်ကထွက်လာမှန်းကို မသိဘူး … ဆိုင်ကလူတွေလဲ ၀ိုင်းကြည့်ကြတာပေါ့ …နောက်မှ ကိုယ်ဖွင့်ထားတဲ့ ဘလော့ကမှန်းသိပြီး ကမန်းကတမ်း ပိတ်လိုက်ရတယ် … :D

တန်ခူး said...

ဒါတွေသိလို့  တိတ်တိတ်လေးပဲ ထားထားတာ… ဟိ… တကယ်တော့ မကျွမ်းကျင်လို့ ပါ….