Tuesday, August 19, 2008

နားလည်နိုင်စွမ်း ရှိသူကို...။

ခုတလောမှာ ဘလော့ဂ် လည်ပတ်ရေး ခရီးစဉ်ရော၊ ကိုယ်ပိုင် ဘလော့ဂ်မှာ အသစ်တင်ဆက်တာတွေပါ အားနည်းနေခဲ့ရတယ်။ အလုပ်ကရှုပ်၊ လူကချူချာနဲ့ လုံးလည်ချာလည် လိုက်နေတော့ စာရေး၊စာဖတ်ဖို့ကို အာရုံသိပ်မစိုက်နိုင်သလို ဖြစ်နေတာလဲ ပါမယ်ထင်တာပါပဲ။ ဒါပေမယ့် စိတ်ထဲမှာ ရေးချင်နေတဲ့ အကြောင်းအရာတခုကတော့ ရှိနေခဲ့ပါတယ်။ အဲဒါကို ရေးဖို့ကိုလဲ ဘလော့ဂ်တွေပေါ်က အရေး၊အတွေးတွေကို ဖတ်မိရင်း ရခဲ့တာပါပဲ။ ဘယ်စာ၊ ဘယ်ကဗျာတွေကို ဖတ်မိပြီး ဒီလို ရေးဖြစ်မိတယ်ဆိုတာကိုတော့ ဆက်ရေးမယ့် အရာတွေကိုသာ ဖတ်ကြည့်ပြီး ဆက်စပ်တွေးကြပါတော့…။

တကယ်တော့ အခုရေးမယ့် အကြောင်းအရာမျိုးနဲ့ ဆိုင်တဲ့စာတပုဒ်ကို `အဝေးရောက် ချွေး´ ဆိုပြီး ကျနော် ရေးခဲ့ဖူးတာပါပဲ။ အခုရေးမှာကတော့ အဲဒီပို့စ်က အကြောင်းအရာတွေကို ထပ်မံအားဖြည့်တာလို့ ခေါ်ရမလားဘဲ။

***

ကျနော် ဆယ်တန်းအောင်တော့ ၁၉၉၃ ခုနှစ်…။ ဆယ်တန်းဆိုတာကို ဘ၀တခုရဲ့ အချိုးအကွေ့တို့၊ ဘ၀ တဆစ်ချိုးတို့ အစရှိသဖြင့် တင်စားကြတာပေါ့။ ဒါပေမယ့် တကယ့်တကယ်တမ်း ဆယ်တန်းလဲ အောင်လာရော တက္ကသိုလ်ဆက်တက်ခွင့်ရဖို့ ကြားထဲမှာ စောင့်ရဦးမယ့် နှစ်နှစ်တာ ကာလအတွင်းမှာ ကျနော် ဘာလုပ်ရမယ်မှန်း တကယ် မသိခဲ့ဘူး။ မေမေက သူ့ခြေရာကို နင်းစေဖို့အတွက် ကျောင်းဆရာပိုးဝင်လေမလား ဆိုပြီး `လုပ်အားပေး ကျောင်းဆရာ´ လုပ်ခိုင်းပါသေးတယ်။ ကျောင်းဆရာပိုး တစက်ကလေးမှ မပါတဲ့ ကျနော်ကတော့ တွင်တွင်ငြင်းခဲ့တာပါပဲ။

အဲဒီအချိန်တုန်းက မြန်မာပြည်မှာ Male Nurse တွေ နည်းနည်း ခေတ်စားတော့ ကျနော် သွားလျှောက်လိုက်ပါသေးတယ်။ စာတွေ့မှာ အောင်ပေမယ့် နှုတ်ဖြေမှာ အပိုင်းလေးကို မကျွမ်းကျင်တာနဲ့ပဲ Male Nurse အိပ်မက်လဲ ပျက်ခဲ့ရတယ်။ နောက်ပိုင်းကျတော့ ကျနော်တို့ မိသားစုရဲ့ အိမ်တွင်းရေး အခြေအနေတွေ အဆင်မပြေတာနဲ့ပဲ အဝေးသင်တက္ကသိုလ်ကိုတောင် ၁၉၉၇ ခုနှစ်ကျမှ စတက်ဖြစ်ခဲ့တော့တယ်။

***

ကျနော်ကသာ ဘယ်ဌာနဆိုင်ရာ တခုခုမှာမှ အလုပ်မ၀င်ဖြစ်လိုက်ဘဲ အပြင်လောကမှာသာ ကျင်လည်နေဖြစ်ခဲ့ပေမယ့် ကျောင်းနေဘက် သူငယ်ချင်းတွေထဲက တချို့ကတော့ ဌာနဆိုင်ရာ အလုပ်တွေကို ၀င်လုပ်ဖြစ်သွားကြတာ ရှိကြပါတယ်။ တချို့လဲ စစ်ဘက်၊ ရဲဘက်၊ တချို့ကျတော့လဲ စည်ပင်ဝန်ထမ်းတို့၊ စာရင်းစစ်ရုံးတို့ ဘဏ်စာရေးတို့ ပေါ့…။

ကျနော် အဝေးသင် တက္ကသိုလ်ကို ပထမဆုံး စတက်တဲ့ ၁၉၉၇ နှစ်ရောက်တော့ ၁၉၉၂ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး အလုပ်သင်ဗိုလ်လောင်းသင်တန်း တက်ခွင့်ရသွားတဲ့ ကျနော့် သူငယ်ချင်းတယောက်က စစ်ဗိုလ်ပေါက်စ အဖြစ်နဲ့ တပ်ထဲမှာ တာဝန်ထမ်းဆောင်နေပြီ။ သူက ရှမ်းပြည်ဘက်မှာ တာဝန်ကျနေလိုက်တာ ဗိုလ်ကြီးအဆင့်ဖြစ်တော့မှပဲ မြို့ကို ခွင့်နဲ့ တခေါက်ပြန်လာဖြစ်တော့တယ်။

သူငယ်ချင်းက သူငယ်ချင်း ဆိုပေမယ့် သူ အဲဒီလို ပြန်ရောက်လာတဲ့ အချိန် ဆုံကြတဲ့အခါမှာ အရင်ကလောက် ဟက်ဟက်ပက်ပက် မရှိတော့ဘူး။ သူက ဘ၀င်မြင့်သွားလို့လဲ မဟုတ်ဘူး၊ သွေးကြီးသွားလို့လဲ မဟုတ်ဘူး။ ဒါပေမယ့် သူ့မှာရှိတဲ့ ရာထူး ဆိုတဲ့ဟာကြီးက ငယ်ပေါင်း သူငယ်ချင်းတွေရဲ့ နွေးထွေးမှုတွေကို ဖဲ့ထုတ်ယူသွားတာကတော့ အမှန်ပဲ။

တရက်ကျတော့ သူလဲ တပ်ကိုပြန်ခါနီး ကျနော်တို့တွေ နှုတ်ဆက်ပွဲ သဘောမျိုးနဲ့ ကြက်သားကာလသားဟင်း စုချက်စားကြတယ်။ ကာလသားတို့ ထုံးစံ ယမကာလေးကလဲ ပါသေးတာပေါ့။ သောက်ကြ၊ စားကြရင်းနဲ့ တဖြည်းဖြည်းနဲ့စကားတွေ ဖောင်ဖွဲ့လို့ ကောင်းလာတော့ သူငယ်ချင်း စစ်ဗိုလ်ကြီးက ဘာပြောလာလဲဆိုတော့…

`နိုင်ငံကို ပါးစပ်နဲ့ ချစ်ရတာက လွယ်တယ်ကွ၊ လက်တွေ့ပြကြဖို့သာ ခက်ခဲတာ´

အဲဒီတုန်းကတော့ အားလုံးကလဲ ခပ်ထွေထွေလေးတွေ ဆိုတော့ `အေးပေါ့ကွာ၊ မင်းက ဗိုလ်ကြီးကိုးကွ´ ဆိုပြီး ပျော်ပျော်ပါးပါးပဲ ရယ်သွမ်းသွေးဖြစ်ခဲ့ကြတယ်။

***

အခုတော့ တိုက်ဆိုင်တယ် ဆိုရမလား…။ ရေစက်ပါလို့ စကားလုံးခြင်း၊ စာမျက်နှာခြင်း တွေ့ဆုံကြုံကြိုက်ခွင့်ရတဲ့ ရပ်တည်ချက် ခြားနားသူတွေရဲ့ အတွေးလေးတွေ၊ စိတ်ကူးစိတ်သန်းလေးတွေကို တီးခေါက်ခံစားမိလာတဲ့အခါ အဲဒီ ကျနော့်သူငယ်ချင်း စစ်ဗိုလ်ရဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်က စကားကို ပြန်ကြားယောင်မိပြန်လာတယ်။

ကျနော် စဉ်းစားကြည့်မိတယ်။ ဘယ်ဌာနဆိုင်ရာမှာမှ အလုပ်မလုပ်တဲ့ သာမန် အရပ်သားတယောက်၊ ဒါမှမဟုတ်လဲ ကျောင်းသားတယောက် က ကျနော်တို့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို အားမလိုအားမရဖြစ်ပြီး `တိုင်းပြည်ကြီး ဒီထက်ပိုကောင်းလာရင် သိပ်ကောင်းမှာပဲ´ လို့ ဖွင့်ဟမိတယ် ဆိုပါစို့…။ `မင်း… အပြောနဲ့ မချစ်စမ်းပါနဲ့´ လို့ သူ့ကို ကျနော်တို့ လက်ညှိုးထိုးမလား…။

ကျောင်းသားတယောက် ကျောင်းစာသင်နေတာဟာ တိုင်းပြည်အတွက် အလုပ်လုပ်ခြင်း တမျိုးဖြစ်သလို အရပ်သားတယောက် သူ့စားဝတ်နေရေးအတွက် သမ္မာအာဇီဝနည်းနဲ့ ငွေရှာတာဟာလဲ တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက် တဘက်တလမ်းက အလုပ်လုပ်ရာ ကျတာပါပဲ။ ဒါကြောင့် ကျနော်ကတော့ သူ အဲဒီလို ပြောလိုက်ပြီဆိုရင် သူ့ရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေ၊ ခံစားနေလို့ ပြောတာလဲ ဆိုတာကို အရင်ထည့်တွက် စဉ်းစားရမယ်လို့ပဲ ထင်ပါတယ်။ စစ်သားတယောက်၊ စစ်ဗိုလ်တယောက်က အဲဒီလိုစကားပြောလာရင်လဲ လက်ခံနားလည်ရမှာ ဖြစ်သလို စစ်သား၊စစ်ဗိုလ်မဟုတ်တာနဲ့ပဲ၊ နောက်တနည်းအားဖြင့် ဌာနဆိုင်ရာ ၀န်ထမ်း မဟုတ်တာနဲ့ဘဲ `အပြောသမားတွေ´ လို့ လက်ညှိုးထိုးရင်တော့ အဲဒီလို လက်ညှိုးထိုးတဲ့လူဟာ သဘောထား မရင့်ကျက်သေးဘူးလို့ဘဲ နားလည်ရတော့မှာပါပဲ။

ဒါဖြင့် `စစ်သားလဲမဟုတ်ဘူးကွာ၊ ကျောင်းသားလဲ မဟုတ်ဘူးကွာ၊ အရပ်ထဲမှာလဲ ဘာအလုပ်မှ မလုပ်ဘူးကွာ၊ ဒါပေမယ့် အဲဒီလိုပဲ တိုင်းပြည်ချစ်ပါတယ်လို့ တစာစာအော်နေရင်ရော မင်း ဘာပြောမလဲ´ လို့ မေးစရာ ရှိပါတယ်။ အဲဒီအတွက် အဖြေကလဲ ရှင်းရှင်းလေးပါပဲ။ အဲဒီလို လူတွေကို နေရာပေးဖို့အတွက် ဒီဘက်ခေတ်မှာ လူဖြစ်လာတဲ့လူတွေ ဘယ်သူမှ မညံ့တော့ပါဘူး။

နောက်ထပ် တခု ဆက်စပ်ပြောလိုတာကတော့ ကျနော်ဟာ အခုအချိန်မှာ လက်ရှိ မြန်မာအာဏာပိုင်တွေကို မထောက်ခံပါဘူး။ ဒါကို `အပြောသမား´၊ ဒါမှမဟုတ်လဲ `အဖျက်သမား´ လို့ သတ်မှတ်ရင်လဲ စိတ်မကောင်းစွာနဲ့ ခံယူရုံပဲ ရှိပါတယ်။ မထောက်ခံဘူး၊ ဆန့်ကျင်တယ်ဆိုတာဟာ အကျိုးနဲ့အကြောင်းနဲ့ ဆက်စပ်နေလို့၊ ယနေ့ လက်ရှိ အာဏာပိုင်တွေသည် တိုင်းပြည်အပေါ် စေတနာ တစိုးတစိမှ မထားတာကို ဘ၀နဲ့ရင်းလို့ တမျိုး၊ အကျိုးအကြောင်း သက်သေသက္ကာယ တွေနဲ့ တဖုံ၊ အထင်းသား မြင်နေရလို့ မထောက်ခံဘဲ ဆန့်ကျင်နေရခြင်းသာ ဖြစ်ပါတယ်။

ဒီတော့ မထောက်ခံဘူး ဆိုတဲ့နေရာမှာ ကျနော်တယောက်ထဲက မထောက်ခံဘဲနေလို့ မအောင်မြင်နိုင်လေတော့ ကျနော့်လိုဘဲ မထောက်ခံကြသူတွေ ဘယ်လောက်ရှိသေးလဲဆိုတာ တီးခေါက်ကြည့်ရင်းနဲ့ မထောက်ခံကြသူတွေ များသထက်များလာအောင် ရေးရ၊ စည်းရုံးရ၊ လှုံ့ဆော်ရပါတယ်။ ကျနော်နဲ့တကွ စိတ်ဓာတ်ခံယူချက်ခြင်း တူကြသူတွေ ယနေ့လက်ရှိ လုပ်နေကြတာတွေသည် မှားသလား မှန်သလားဆိုတာကို ဘယ်သူတွေက အကဲဖြတ်ပေးကြမလဲဆိုတာကတော့ ကျနော် ပြောနေစရာတောင် မလိုတော့ပါဘူး။

တိုင်းပြည်အတွက် အလုပ်လုပ်ကြတယ်ဆိုတဲ့ နေရာမှာ ကျောင်းဆရာ အလုပ်ကို ၀ါသနာပါတဲ့လူက ကျောင်းဆရာလုပ်တယ်၊ ဆရာဝန် အလုပ်မှာ ပျော်မွေ့သူက ဆရာဝန်အလုပ်လုပ်တယ်၊ စစ်သားဘ၀မှာ ပျော်ပိုက်သူက စစ်ထဲဝင်တယ်။ ဒါဟာ ဘာမှမဆန်းပါဘူး။ ဒါပေမယ့် ဆန်းနေတာက `နိုင်ငံ့ဝန်ထမ်း´ လို့ သတ်မှတ်ထားကြတဲ့ အဲဒီလို အလုပ်တွေကို လုပ်သူကမှသာလျှင် တိုင်းပြည်ကို လက်တွေ့ချစ်နေကြတာလို့ ထင်နေကြတဲ့ အငုပ်စိတ်တွေပါပဲ။

အရပ်သားတယောက်သည်လည်း တိုင်းပြည်အတွက် အခွန်ဆောင်ရလို့ နိုင်ငံအကျိုးကို သယ်ပိုးနေတာ ဖြစ်သလို နောက်ဆုံး ပြောရရင် သူပုန်ဆိုတာဟာလဲ မင်းဆိုးမင်းညစ်ကို ဖယ်ရှားပြီး နိုင်ငံကောင်းဖို့အတွက် ကြိုးစားနေသူလို့ပဲ နားလည်ထားရင် ဘယ်လောက်ကောင်းလိုက်ပါမလဲ။ တခုတော့ ရှိတာပေါ့…၊ လက်ရှိ တိုင်းပြည်ကိုအုပ်ချုပ်နေသူက မင်းဆိုးမင်းညစ် မဟုတ်ရိုးမှန်ရင် ဘယ်သူပုန်ကိုမှ ဘယ်သူကမှ နေရာပေး ထောက်ခံမနေပါဘူး။

ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ `ကျေးညီနောင်´ ပုံပြင်ကို လူတိုင်း သိပြီးသားပါ။ ပုံပြင်လေးကို ခိုင်းနှိုင်းပြီး ဖော်ပြရေးသားကြသူတိုင်းကတော့ ကိုယ့်ကိုယ်ကို ရသေ့ကျောင်းနား ရောက်သွားတဲ့ ကျေးသားလေးနေရာကနေ ရေးချင်ကြသူချည်းပါပဲ။

ကျနော်ကတော့ ဒီလို တခု စဉ်းစားမိပါတယ်။ ကျနော်တို့တွေ ရသေ့ကျောင်းနားကိုပဲ ရောက်သွားတာဖြစ်ဖြစ်၊ ခိုးသားတွေဆီကိုပဲ ရောက်သွားတာဖြစ်ဖြစ် ကျေးသား အချင်းချင်းဆုံခွင့် ရတဲ့အခိုင်မှာ `ညီနောင်´ ဆိုတဲ့ အသိတခုကို ရင်မှာပိုက်ပြီးတော့ အပြန်အလှန်နားလည်မှုတွေနဲ့ မျိုးဆက်သစ် အသိုက်အမြုံတခုကို ကောင်းကောင်းကြီး တည်ဆောက်လို့ ရနိုင်ပါတယ်။


ကလိုစေးထူး

5 comments:

mg kyi poae said...

သူတို့လောက် တိုင်းပြည်ကိုချစ်တဲ့လူတွေ မရှိဘူးလို့ ထင်လား ထင်ရဲ့၊ စစ်တပ်ဟာ ပြည်သူပြည်သားတွေရဲ့ အမိအဖလို့ အရှက်မရှိ ပြောလားပြောရဲ့၊ အမြင်ချင်းမတူတာနဲ့ အမေရိကန်နောက်လိုက်လို့ ထင်လားထင်ရဲ့၊ သူတို့သည် တိုင်းပြည်၏ကျေးဇူးရှင်လို့ မတန်မရာ ဂုဏ်ယူနေ၏။ ရာထူးအာဏာမက်နေတာကို မြင့်မြတ်တဲ့ တိုင်းပြည်ချစ်စိတ်နဲ့ အကာကွယ်ယူ၏။ ဤသူတို့သည် တပ်မတော်သား အတု များ သာဖြစ်၏

လူသစ် said...

ဘာမှမလုပ်ရင် ဘာမှမပြောနဲ့လေဗျာ ဟဲဟဲ

စိုးထက် - Soe Htet ! said...

ကလူသစ် ပြောသလို ပ :P

mgngal said...

မထောက်ခံကြသူတွေ များသထက်များလာအောင် ရေးရ၊ စည်းရုံးရ၊ လှုံ့ဆော်ရပါတယ်။
CARRY ON !!! :)

BLACK DREAM said...

အစ်ကိုပြောတဲ့ " ညီနောင်" ဆိုတဲ့ စကားလုံးလေး အမြန်ဆုံး ပေါ်ပေါက်လာဖို့ အတွက် ကျွန်တော်တို့ လက်တွဲကြိုးစားကြတာ ပေါ့ အစ်ကိုရာ :)