ဘာလိုလိုနဲ့ ကျနော်တယောက် ပို့စ်အသစ်မတင်ဖြစ်တာ လေးရက်လောက် ရှိသွားပါပြီ။ ကျနော့်ဆီကို လာလည်နေကြ သူငယ်ချင်းတွေလဲ စာအသစ်မဖတ်ရလို့ စိတ်ပျက်ကုန်ပြီလားတောင် မသိ။ ကဲ၊ သူငယ်ချင်း တယောက် စီဘောက်စ်မှာ ပြောတဲ့အတိုင်းပါပဲ။ ဟိုးရှေ့က ပန်းတိုင်ကို ဆက်သွားကြပါစို့။ ကျနော် ဒီနေ့ရေးချင်တာကတော့ မြန်မာအက္ခရာစဉ်တွေ အကြောင်းကိုပါ။ မြန်မာစာလုံး အက္ခရာတွေကို အရှေ့အနောက် အစီအစဉ်ကျအောင် ဘယ်လိုစီကြမလဲ၊ ဘယ်လိုစီကြသလဲ ဆိုတာ ကျနော်သိထားသမျှလေးကို ဝေမျှချင်ပါတယ်။ မှားယွင်းနေတာရှိရင်လဲ ကျနော့်ထက် ပိုသိသူများက ထောက်ပြပေးပါခင်ဗျာ။ အင်္ဂလိပ်စာ အက္ခရာစဉ်နည်းကိုတော့ ယနေ့ခေတ် လူငယ်တိုင်းလိုလို သိကြပြီးဖြစ်ပါလိမ့်မယ်။ အင်္ဂလိပ်စာ အဘိဓာန်ကို သုံးကြသူတိုင်း အင်္ဂလိပ်စာ အက္ခရာစဉ်နည်းကို သတိမပြုမိဘဲ နေမှာမဟုတ်ပါဘူး။ ဟုတ်ပြီ..။ မြန်မာစာလုံးတွေကိုရော အစဉ်လိုက် ဘယ်လိုစီကြမလဲ။ လေ့လာကြည့်ကြပါစို့။ မြန်မာစာမှာ အက္ခရာစဉ်ရာမှာ နည်းလမ်းလေးမျိုးကို အသုံးချပြီး အစဉ်လိုက်စီပါတယ်။ အဲဒီနည်းလမ်း လေးမျိုးကတော့- (၁) ဗျည်းစဉ် (၂) သရစဉ် (၃) အသတ်စဉ် (၄) ဗျည်းတွဲစဉ်ပါ။ အဲဒီ လေးမျိုးကို တခုခြင်း ဆက်လေ့လာကြမယ်။ (၁) ဗျည်းစဉ် မြန်မာဗျည်း (၃၃)လုံးရှိတာကို အားလုံး သိပြီးဖြစ်မှာပါခင်ဗျာ။ အဲဒါကြောင့် မြန်မာအက္ခရာတွေကို အစဉ်လိုက်စီစဉ်မယ်ဆိုရင် အရင်ဆုံးစစဉ်းစားတာက ဘယ်ဗျည်းက အရင်စသလဲဆိုတာကို အရင်ဦးဆုံး စဉ်းစားပြီး စီပါတယ်။ ဥပမာအနေနဲ့ စဉ်ပြရရင် ခရေပန်း၊ ကချွတ်ကချော်၊ စခန်းသာ၊ ဂမုန်းပင် ဆိုတဲ့ မြန်မာအက္ခရာ လေးလုံးကို အစီစဉ်တကျ အစဉ်လိုက်ရေးမယ်ဆိုရင် ကချွတ်ကချော်၊ ခရေပန်း၊ ဂမုန်းပင်၊ စခန်းသာ လို့ ရေးရပါတယ်။ (၂) သရစဉ် ဟုတ်ပြီ။ တကယ်လို့များ ရှေ့ဆုံးစာလုံးတွေက ဗျည်းတူနေတဲ့ အက္ခရာတွေကို ဆိုရင်ရော၊ ဘယ်လို ဆက်စီကြမှာပါလိ့မ်။ ဟုတ်ကဲ့..။ ရှေ့ဆုံးစာလုံးတွေမှာ ဗျည်းတူနေခဲ့ရင် အ၊အိ၊အု၊အေ အဲ၊အော၊အံ၊အို ဆိုတဲ့ မြန်မာသရ(၈)မျိုးနဲ့ ဆက်စဉ်းစားပါတယ်။ ဥပမာအနေနဲ့ကတော့ ခရမ်းသီး၊ ခဲတံ၊ ခိုဖြူ၊ ခုတုံးလုပ် ဆိုတဲ့ အစဗျည်းတူ အက္ခရာလေးလုံးကို အစီအစဉ်တကျ ပြန်ရေးမယ်ဆိုရင် ခရမ်းသီး၊ခုတုံးလုပ်၊ ခဲတံ၊ခိုဖြူ လို့ ပြန်စဉ်ရပါတယ်။ (၃) အသတ်စဉ် အစဗျည်းလဲ တူနေတယ်။ သရနဲ့လဲ စဉ်လို့မရဖြစ်နေတဲ့ အက္ခရာကိုရော ဘယ်လိုစဉ်ကြမှာပါလိမ့်။ အဲဒီလို အက္ခရာတွေကိုတော့ အသတ်(-်) နဲ့စဉ်းစားရပါတယ်။ အဲဒီလိုစဉ်းစားရမှာလဲဆိုရင်တော့ ဘယ်ဗျည်းနဲ့ သတ်လဲဆိုတာကို ကြည့်ပြီး အစီအစဉ်တကျ စဉ်ရပါတယ်။ ဥပမာကြည့်ကြပါစို့။ စမ်းရေ၊ စပ်မိစပ်ရာ၊ စောင်ဖြူ၊ စစ်စခန်း၊ စက်ရှင် ဆိုတဲ့ အက္ခရာတွေကို အစီအစဉ်တကျ ပြန်ရေးရရင် စက်ရှင်၊ စောင်ဖြူ၊ စစ်စခန်း၊ စပ်မိစပ်ရာ၊ စမ်းရေ လို့ အသတ်တွေအလိုက် အစီအစဉ်တကျ ပြန်ရေးပါတယ်။ (၄) ဗျည်းတွဲစဉ် အထက်ဖော်ပြပါ သုံးမျိုးကို အသုံးချပြီး စဉ်လို့မရတဲ့ မြန်မာအက္ခရာတွေက ရှိနေပြန်ပါသေးတယ်။ အဲဒီ အက္ခရာတွေကိုတော့ ဗျည်းတွဲစဉ်လို့ ခေါ်တဲ့ စဉ်နည်းနဲ့ စဉ်ပါတယ်။ အဲဒီဗျည်းတွဲတွေကို အစဉ်လိုက် ဖော်ပြရရင် ယပင့်(-ျ)၊ ရရစ်(ြ-)၊ ၀ဆွဲ(-ွ)၊ ဟထိုး(-ှ)၊ ယပင့်ဝဆွဲ(-ျွ) ၊ ရရစ်ဝဆွဲ(ြ-ွ)၊ ယပင့်ဟထိုး(-ျှ)၊ ရရစ်ဟထိုး(ြ-ှ)၊ ၀ဆွဲဟထိုး (-ွှ)၊ ယပင့်ဝဆွဲဟထိုး(-ျွှ)၊ ရရစ်ဝဆွဲဟထိုး(ြ-ွှ)၊ တို့ဖြစ်ပါတယ်။ နားရှုပ်နေပြီလား ခင်ဗျာ။ ရပါတယ်။ ခပ်လွယ်လွယ် မှတ်ကြပါစို့၊ ပင့်၊ရစ်၊ဆွဲ၊ထိုး ပင့်ဆွဲ၊ရစ်ဆွဲ ပင့်ထိုး၊ရစ်ထိုး၊ ဆွဲထိုး၊ ပင့်ဆွဲထိုး၊ရစ်ဆွဲထိုး၊ လို့ မှတ်ရင် ပိုလွယ်မယ်ထင်ပါတယ်။ ဥပမာ ပြောရရင်တော့ မြွေဟောက်၊ မြေကြီး၊ များပြား၊ မွစာကြဲ၊ မှာတမ်း၊ မြှားနတ်မောင်(တကယ်တော့ မြားနတ်မောင်က စာလုံးပေါင်းအမှန်ပါ၊ ဥပမာအနေနဲ့ သုံးတာပါ)၊ မျှော့ကောင်၊ မွှေးပျံ့ ဆိုတဲ့ အက္ခရာတွေကို အစီအစဉ်တကျ စဉ်ရရင် များပြား၊ မြေကြီး၊ မွစာကြဲ၊ မှာတမ်း၊ မြွေဟောက်၊ မျှော့ကောင်၊ မြှားနတ်မောင်၊ မွှေးပျံ့ လို့ စဉ်ရပါတယ်။ မြန်မာ အက္ခရာစဉ်နည်းတွေကို မှတ်မိသလောက်လေးတော့ ရှင်းပြပြီးပါပြီ။ ဒီလိုစဉ်နည်းတွေကို မြန်မာ-အင်္ဂလိပ် အဘိဓာန်၊ မြန်မာ-မြန်မာ အဘိဓာန်နဲ့ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းစာအုပ်တွေမှာ လေ့လာရင် တွေ့နိုင်ပါတယ်။ ဆယ်တန်းစာမေးပွဲအတွက် ခုံနံပါတ်တွေ ပေးတော့မယ်ဆိုရင်တော့ နာမည်တွေရဲ့ နောက်ဆုံးစာလုံးကို အက္ခရာစဉ်ပြီး ပေးလေ့ရှိတယ်လို့ သိရပါတယ်။ မြန်မာစာကို ချစ်မြတ်နိုးစိတ်သက်သက်နဲ့ သင်ယူခဲ့ဖူးတာလေးကို တင်ပြပေမယ့် လိုအပ်ချက်၊ မှားယွင်းချက် တစုံတရာ ရှိကောင်း ရှိနေအုံးမှာသေချာပါတယ်။ ကျနော့်ထက် ပိုမိုနားလည်သူ မိတ်ဆွေများက ၀င်ရောက်ဆွေးနွေးပေးရင်တော့ ပြီးပြည့်စုံတဲ့ မြန်မာအက္ခရာစဉ်နည်း စာတပုဒ် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျေးဇူးပါ။ ကလိုစေးထူး |
Tuesday, January 30, 2007
မြန်မာ အက္ခရာ စဉ်ကြမယ်...
Monday, January 29, 2007
မြန်မာ့ ခြင်းလုံး..
မြန်မာတို့ရဲ့ ဂုဏ်ယူဖွယ်ရာ ရိုးရာ အားကစားတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲကမှ စည်းလုံး ညီညွှတ်ခြင်းကို အသွင်ဆောင်တဲ့ မြန်မာ့ ရိုးရာခြင်းလုံး အကြောင်းကို တင်ပြချင်ပါတယ်။ |
Tuesday, January 23, 2007
ဘ၀အတွက် အလိုအပ်ဆုံး ဆိုသည်မှာ...
စနေရဲ့ `အလိုအပ်ဆုံး´ ဆိုတဲ့ ပို့စ်ဟာ ဒီဇာတ်လမ်းရဲ့ အစပါ။ အဲဒီပို့စ်ကို အခြေခံပြီး မမေဓာဝီက `မေတ္တာရှင်တို့၏ စိတ်ထားနှင့် ကျမ၏ အလိုအပ်ဆုံး´ ဆိုတဲ့ ပို့စ်တခုကို ထပ်မံ ရေးသားခဲ့ပါတယ်။ မမေဓာဝီရဲ့ ပို့စ်အောက်မှာ ကျနော်က ကျနော့်ရဲ့ အမြင်ကို မှတ်ချက် ရေးသားခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ စိတ်တိုင်းမကျစရာ၊ စဉ်းစားစရာတွေ ဖြစ်လာတော့ တခုခုရေးချင်စိတ် ပေါ်လာတာနဲ့ ဒီစာကို ရေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ စနေရေးခဲ့တဲ့ `အလိုအပ်ဆုံး´ ဆိုတဲ့ ပို့စ်ကို အသေအချာ ပြန်ဖတ်ပါတယ်။ ဘာသာပြန်လို့ ယူဆရပါတယ်။ အဲဒီစာရဲူ့ပေးချင်တဲ့ မက်ဆေ့က ရှင်းပါတယ်။ `ဘ၀မှာ အလိုအပ်ဆုံးဟာ တသက်လုံး ကူညီဖေးမနိုင်မဲ့ ခင်ပွန်း(လက်တွဲဖော်)´ ဆိုတဲ့ မက်ဆေ့ပါ။ ဒါပေမဲ့ အဲဒါကို ရွေးချယ်ဖို့အတွက် `မိဘ´ ဆိုတာကို ဖျက်ပစ်ပြီးမှ ရွေးချယ်ခဲ့တဲ့ လုပ်ရပ်ကို သဘောမတွေ့တဲ့ မမေဓာဝီက သူ့အမြင်ကို ပြန်လည်ရေးသားခဲ့ပါတယ်။
`အဲဒီ နာမည်တွေထဲက မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးလို့ထင်တဲ့ နာမည်ကို ဖျက်လိုက်ပါ´ ဆိုတဲ့ စကားအရ ဒီကျောင်းသူ ဖျက်ပစ်လိုက်တဲ့ မိဘ ဆိုတဲ့ နာမည်ဟာ သူမဘ၀အတွက် မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးဆိုတဲ့ သဘော (လုံးဝ) သက်ရောက်သွားပါတယ်။ ကိုချမ်းစိုးဝင်း (ကျနော့်ထက် အသက်ငယ်သလား၊ ကြီးသလား မသိရသေးတာရယ်၊ တကြိမ်တခါမျှ သိကျွမ်းရင်းနှီးမှု မရှိခဲ့ဖူးတာရယ်ကြောင့် ယဉ်ကျေးသောသူများရဲ့ အမူအကျင့်ကို အတုယူပြီး နာမည်ရှေ့မှာ ကိုတပ်ခေါ်လိုက်ပါတယ်) ရဲ့ ကွန်မန့်အရ ကိုချမ်းစိုးဝင်း ပြောတဲ့ need ဆိုတဲ့ အတွေးဘက်ကပဲ စဉ်းစား စဉ်းစား၊ essential လို့ပဲ ဆိုဆို၊ သူမအတွက် မိဘဆိုတာ မလိုအပ်ဘူးလို့ ဆုံးဖြတ်ပြီး ဖျက်ပစ်ခဲ့တယ်လို့ ယူဆလို့ရပါတယ်။
ဒီကျောင်းသူဟာ ဒီအဖြေကို တုန်လှုပ်ငိုကြွေးပြီးမှ အရိုးသားဆုံး ဖြေခဲ့တာကို မမေ့သင့်ပါတဲ့။ ဟုတ်ကဲ့၊ အဲဒီလိုရေးတာကို ကြည့်ခြင်းအားဖြင့် ကိုချမ်းစိုးဝင်းဟာ စာကို သေချာစွာ မဖတ်ဘူးလို့ ကျနော်ယူဆပါတယ်။ အဲဒီကျောင်းသူဟာ သူ့မိဘနာမည်ကို ဖျက်တုန်းက မငိုသေးပါဘူး။ သားသမီးဆိုတဲ့ နာမည်ကို ဖျက်ချပြီးမှ ငိုကြွေးတာပါ။ ဒါဟာ သူ့မှာမရှိသေးတဲ့ သားသမီးအပေါ်မှာတောင် ထားနေတဲ့ သူ့ရဲ့ မေတ္တာပါ။ ဒါပေမယ့် အဲဒီကျောင်းသူဟာ သူ့အပေါ်ထားတဲ့ သူ့မိဘရဲ့ မေတ္တာကိုတော့ လစ်လျူရှုပြီး မိဘဆိုတဲ့ နာမည်ကို ဖျက်ပစ်ခဲ့ပါတယ်။
မိဘကို တသက်လုံး need ဖြစ်သင့်တယ်လို့ ထင်ပါသလားတဲ့။ ဟုတ်ကဲ့၊ လုံးဝ ထင်ပါတယ်။ ဖြစ်ခွင့်ရှိနေသမျှ ကာလပတ်လုံး မိဘဆိုတာ သားသမီးအတွက် လိုအပ်နေပါတယ်။ ဝေးကွာနေရင်လဲ မိဘရဲ့ ဆုံးမစကားတခွန်းဟာ သားသမီးအတွက် အသက်တမျှသဖွယ် လိုအပ်ပါတယ်။ မိဘဆိုတာ ကိုယ့်ကို အမြဲအဖော်လုပ် ဖြည့်ဆည်းပေးနေသူ ဖြစ်သင့်ပါသလားတဲ့။ ဟုတ်ကဲ့၊ အဲဒီကျောင်းသူဟာ အဲဒီလိုတော့ မဖြစ်သင့်ချေဘူး၊ ငါ့မိဘကို ငါညှာတာမှလို့ တွေးပြီး သူ့မိဘ နာမည်ကို စာရင်းက ပယ်ဖျက်ပစ်ခဲ့တာ မဟုတ်ပါဘူး။ သူ့ဘ၀အတွက် မလိုအပ်ဘူးလို့ ဆုံးဖြတ်ပြီး ဖျက်ပစ်ခဲ့တာပါ။ စာကို သေချာစွာ နောက်တကြိမ် ဖတ်ရှုစေချင်ပါတယ်။
တဘ၀လုံးအတွက် အဖော်ဟာ သိပ်အရေးကြီးတယ်တဲ့။ မိဘဆိုတာ ခေါင်းထဲက ထုတ်ပစ်လိုက်၊ စာရင်းထဲက ပယ်လိုက်ဆိုတာ အဓိကမဟုတ်ပါတဲ့။ မိဘ၊ သားသမီးဆိုတာ တဘ၀လုံးအတွက် အဖော်မဖြစ်နိုင်ပါ။ တသက်လုံး အပျိုကြီး၊ လူပျိုကြီးလုပ် မိဘနဲ့အတူနေပြီး မိဘထက် အရင်သေသွားခဲ့ရင်တော့ မပြောတတ်ဘူးလေတဲ့။ ဟုတ်ကဲ့၊ အဲဒီစကားအရဆိုရင် ကိုချမ်းစိုးဝင်းဟာ `သေခြင်းတရား´ ဆိုတာကိုတော့ မေ့ပုံမရပါဘူးခင်ဗျာ။ ဒီတော့ `တဘ၀လုံးအတွက်´ အဲဒီကျောင်းသူ မသေမချင်း ဒီအိမ်ထောင်ဖက်က အကောင်းဆုံး အဖော်ဖြစ်နိုင်မယ်လို့ အာမမခံနိုင်ပြန်ပါဘူး။ အဲဒီတော့ မသေခင်ကာလကလေးမှာကို ဒီတစိမ်းတရံက မိဘထက် သာလွန်ကောင်းမွန်တဲ့ အဖော်ဖြစ်မယ်လို့ ဆိုလိုချင်ပါသလား။
ကျနော်တို့တတွေ အဲဒီကျောင်းသူရဲ့ ရွေးချယ်မှုကို လက်မခံနိုင်တာဟာ မမေဓာဝီပြောသလိုပဲ တယောက်ယောက်ကများ အဲဒီအကြောင်းအရာကို ဖတ်ပြီး `ဟုတ်သားပဲ၊ လက်တွဲဖော်ကသာ အရေးအကြီးဆုံး´ ဆိုတဲ့ အတွေးဆိုးကြီးကြောင့် လိုရင်သုံး၊ မလိုရင်ဖျက်ဆိုတဲ့ အဖြစ်ကို သန်းပေါင်းများစွာသော မိဘတွေ ရောက်မခံစေချင်တာပါ။ လက်ရှိ ပစ္စုပ္ပန်အတွက်သာ စဉ်းစားကြေးဆိုပြီး လိုအပ်မှုဆိုတာ ကိုယ့်အတွက်ပါ ဆိုတဲ့ အယူအဆများ လူငယ်အားလုံး ၀င်သွားကြရင်တော့ စဉ်းစားလေလေ ရင်လေးဖွယ် ကောင်းလေလေပါပဲ။
ကျနော့်မှာ နောက်ပြီးတော့ မမေဓာဝီမှာ ငါစွဲတွေ ရှိမရှိဆိုတာကတော့ အထူးတလည် မငြင်းလိုပါဘူး။ ကျနော်တို့ရဲ့ အရေးအသားတွေ၊ ပြောဆို သုံးနှုန်းမှုတွေက ကျနော်တို့မှာ (ငါစွဲ)ရှိမရှိ ပြနေပါလိမ့်မယ်။ လူမျိုး မတူတာပဲလား၊ ယဉ်ကျေးမှုမတူတာပဲလားဆိုလို့ ရေးခဲ့ခြင်းဟာ အဲဒီကျောင်းသူရဲ့ ရွေးချယ်မှုကို နားလည်မှု ပေးခြင်းတမျိုးပါ။ ငါတို့ လူမျိုး၊ ငါတို့ဘာသာဆို ဒီလိုရွေးချယ်တယ်၊ သူက ဘာဖြစ်လို့ ဒီလိုမရွေးရတာလဲလို့ ဆိုလိုခြင်းမဟုတ်ခဲ့ပါဘူး။ တကယ်ရှောင်ကြဉ်သင့်တာက အယူအဆရေးရာ ဆွေးနွေးချက်ဆန်ဆန် မဆွေးနွေးဘဲ ရေးသူတွေကို အရင်ဆုံး မှတ်ချက်ချ၊ စွပ်စွဲ (ငါအစွဲတွေကြောင့် မရလိုက်ကြဘူးထင်ပါတယ်) တာမျိုးပါ။
စာလဲ အတော်အတန် ရှည်ပါပြီ။ အခုဒီစာကို ရေးတာဟာ `ဆွေးနွေးခြင်း´ ဖြစ်ပါတယ်။ `ငြင်းခုန်ခြင်း´ မဟုတ်ပါဘူး။ င့ါအတွက်၊ ငါ့ဘ၀အတွက် (မိဘထက်တောင်) အလိုအပ်ဆုံးက လက်တွဲဖော်ဆိုတဲ့ အမြင်မှား၊ အတွေးမှားကြီးကနေ နုနယ်ပျိုမြစ်သော လူငယ်ကလေးများ ကင်းလွတ်နိုင်စေဖို့ ရည်ရွယ်ပါတယ်။ ဒီပို့စ်နဲ့အတူ ကျနော် ရေးဖြစ်ခဲ့တဲ့ သီချင်းတပုဒ်ကိုလဲ တင်ပြချင်ပါတယ်။
သီချင်းရဲ့ နာမည်က `ဘ၀မှာ အလိုအပ်ဆုံး´ တဲ့။ နားဆင်ကြည့်ပါအုံး ခင်ဗျာ။ G-Key နဲ့ တီးခတ်ထားပါတယ်။
ဘ၀အတွက် အလိုအပ်ဆုံး
Intro; G Em C D G D
G Em
ဘယ်သူ ယှဉ်နိုင်မလဲ ဘယ်သူ သာနိုင်မလဲ
G Em C D
အဖိုးအနဂ္ဃပေါ့ မိနဲ့ဖရယ် ဘ၀အတွက် အင်အားကွယ်
G Em
အန္တရာယ် ကြုံလေတိုင်း ရန်စွယ်ကြုံလာတိုင်း
C D
ဖေးကူသူဟာ မိနဲ့ဖပါကွယ်
ကြင်ဖော်ဆိုတာကွယ် တကယ်လိုပေမဲ့လဲ
မိဘနဲ့တော့ လဲဖို့မသင့်တယ် နားလည်နိုင်မလားကွယ်
အဖေဘယ်လိုပင် ဆိုးဆိုး အမေဘယ်လိုပင်ဆိုး
ဘ၀မှာအလိုအပ်ဆုံးမို့ ဦးတင်မယ်
C Em Bm
ဒီလောကကြီးထဲဝယ် ဘယ်လူမျိုးပဲ ဖြစ်ဖြစ်ကွယ်
Am D G G7
မိဘများရဲ့ မွေးကျေးဇူးများနှယ်
C D Bm Em
ချစ်သူမှာ ရှိမလား လက်တွဲဖော်မှာရှိမလား
Am D D7
စဉ်းစားပေးပါ မေတ္တာစိတ်နဲ့ကွယ်
အမှန်ကိုမြင်ပါကွယ် မတွေဝေစေချင်တယ်
ဘ၀တခုလုံးအတွက် အရေးကြီးဆုံးက သင့်အဖေအမေပဲကွယ်
ကြင်ဖော်ကို သင်ရွေးလို့ အခြေအနေမဟန်ရင်ကွယ်
သင့်အဖေအမေသာ အပြုံးနဲ့ ဆီးကြိုမယ်
ကလိုစေးထူး
Monday, January 22, 2007
ဈေးဝယ်ရခြင်း...
ဘာရယ်ကြောင့်လဲတော့ မသိပါ။ ယောက်ျားများဟာ ဈေးဝယ်ခြင်း အလုပ်မှာ မိန်းမတွေထက် မွေ့လျော်မှု နည်းလေ့ရှိပါတယ် (အနည်းအကျဉ်းက လွဲရင်ပေါ့)။ တချို့ စာရေးဆရာတွေဆိုရင် သူတို့ရဲ့ အိမ်သူဇနီးမယား မအားလပ်ခိုက်၊ ဒါမှမဟုတ် ကျန်းမာရေးမကောင်းခိုက်မှာ အခိုက်အတန့်အားဖြင့် ဈေးဝယ်ထွက်ရတာကို စာတတန်ပေတဖွဲ့နဲ့ ညည်းညူလေ့ ရှိတတ်ပါသေးတယ်။ ကျနော့် အသက် ဆယ့်လေးငါးနှစ် အရွယ်တွေတုန်းကဆိုရင် မေမေက ကျနော့်ကို သူနဲ့အတူတူ ဈေးသွားဖို့ ခေါ်သွားရင် အတော်စိတ်ညစ်လေ့ရှိပါတယ်။ ဒီကြားထဲမှာမှ မေမေက ဟိုဆိုင်ဝင်လိုက်၊ ဈေးဆစ်လိုက်၊ မ၀ယ်သေးပဲ ထွက်လာလိုက်၊ နောက်တဆိုင် ၀င်လိုက်၊ ဒီလိုပဲ ဟိုမေးဒီမေးနဲ့ ဈေးဆစ်၊ မ၀ယ်ဘဲ ပြန်ထွက်လာလိုက်နဲ့ ဈေးတခုလုံးကို ချာလပတ်လည်အောင် ပတ်နေပြီဆိုရင်တော့ ကျနော်က မေ့မေ့နောက်ကနေ မျက်နှာသုန်သုန်မှုန်မှုန်နဲ့ နှုတ်ခမ်းကြီး စူပြီးလိုက်လေ့ ရှိပါတယ်။ ဖေဖေရော မေမေပါ ဈေးသွားတဲ့နေ့မှာ လိုက်ရရင်တော့ ကျနော့်အတွက် ပွဲတော်ပါပဲ။ ဖေဖေက မေ့မေ့ကို ညာတာပါတေးနဲ့ သားအဖတတွေ လက်ဖက်ရည်ဆိုင်ကနေ မေမေ့ရဲ့ ဈေးခန်းလှည့်လည်တာကို အခန့်သား ထိုင်စောင့်ရလို့ပါပဲ။ လေကြောတွေတော့ ရှည်နေမိပြန်ပါပြီ။ အမှန်ကတော့ ဒီတပတ် တနင်္ဂနွေမှာ ဈေးနည်းနည်း လိုက်ဝယ်ဖြစ်တာကို ရေးချင်တာပါ။ ကားမောင်းသင်ဖို့ ရည်ရွယ်ထားပေမယ့် မာန်နတ်နှင်းတွေကြောင့် ဖြူဖွေးနေတဲ့ လမ်းပေါ်မှာ ဘယ်လိုမှ မသင်လိုက်ရပါဘူး။ ဒီလိုနဲ့ပဲ သူငယ်ချင်းမောင်းတဲ့ ကားပေါ်မှာ ခပ်ငူငူငိုင်ငိုင်နဲ့ လိုက်သွားရင်း ဈေးဝယ်ထွက်ဖြစ်ပါတယ်။ |
ဦးထုပ်ဖြူဖြူ ဆောင်းထားကြတဲ့ ကားလေးတွေ နှင်းမှုန်ကြားက ကားပတ်ကင်မှာ လူတွေအလိုရာကို လိုက်ပို့ပေးဖို့ အသင့်စောင့်ဆိုင်း နေကြလေရဲ့။
ကျနော်နေတဲ့ ပြည်နယ်မှာက မြန်မာဈေးဆိုင်မရှိတော့ မြန်မာအစားအစာနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ထိုင်း၊ လာအို၊ ဗီယက်နမ်တွေ ရောင်းတဲ့ဆိုင်မှာ ဈေးဝယ်စားရပါတယ်။ တချို့ အသားတွေကိုတော့ မက္ကဆီကန်ဆိုင်တွေမှာ ၀ယ်ရပါတယ်။ ကျနော်တို့ အခုသွားခဲ့တာက အာရှဆိုင်နဲ့ မက္ကဆီကန်ဆိုင်တွေပါ။
`လာနော်၊ လာနော်၊ ခရမ်းချဉ်သီး လတ်လတ်ဆတ်ဆတ်လေးတွေ ဈေးပေါပေါနဲ့ ရောင်းနေတယ်´
ပလတ်စတစ် ပက်ကင်တွေ သေသေသပ်သပ်၊ 1.79$ ဆိုတဲ့ ဈေးနှုန်းနဲ့ ရေခဲသေတ္တာထဲက ဒီခရမ်းချဉ်သီးတွေကို မြင်တော့ မေမေ့နောက်က ဈေးခြင်းတောင်းဆွဲပြီး လိုက်ရတုန်းက ကျနော်တို့ အမိမြေရဲ့ ဈေးကို သတိရလိုက်မိပါတယ်။
ကရင်ပြည်နယ်မှာ နေခဲ့စဉ်တုန်းကတော့ မိုးဦးကျလောက်ဆိုရင် ဆိုင်းထမ်း ကြီး၊ငယ်တွေနဲ့ တောနယ်ဘက်ကနေ လာရောင်းတတ်တဲ့ ဒူးရင်းသီးလတ်လတ် ဆတ်ဆတ်တွေကို ရင်တွေပူနေအောင် ပယ်ပယ်နယ်နယ်ကြီး တွယ်ခဲ့ပေမဲ့ အခု ဒီဒူးရင်းသီးတွေကတော့ `လာမထိနဲ့ ကိုယ့်လူ၊ တလုံး ဆယ်ဒေါ်လာကွ´ လို့ မထီတရီ ပြောနေသလိုလို။ အင်းပေါ့လေ…။ သူလဲ လေယာဉ်ပျံကြီး စီးပြီးလာခဲ့ရရှာတာကိုး။
ပိန္နဲသီးစားလိုသလား၊ မင်းဂွတ်သီး စားချင်သလား၊ ဒါမှမဟုတ် ထန်းသီး စားချင်သေးတယ်လား၊ အကုန်ရပါတယ်။ ဒါပေမယ့် စည်သွတ်ဘူးတွေပါ။ စည်သွတ်ဘူး ဖန်တီးရာမှာ ကျွမ်းကျင်လှတဲ့ တရုတ်နဲ့ ထိုင်းတွေဟာ မျှစ် အချိုအချဉ်၊ မန်ကျည်းရွက်၊ တို့စရာ ချဉ်ပတ်စုံကအစ ငုံးဥပြုတ်အထိ အဆုံး စည်သွတ်ဘူးတွေနဲ့ ဒေါ်လာရှာပါတယ်။ ကျနော့်လို အချက်အပြုတ် ခပ်ပျင်းပျင်းကောင်တွေကို ပစ်မှတ်ထားသလားတော့ မသိပါ။
သူတို့လူမျိုး သန်း၂၀ ရောက်ရှိနေထိုင်နေကြတာမို့လို့ မက္ကဆီကန်လူမျိုးတွေဟာ သူတို့ရဲ့ လူ့အဖွဲ့အစည်းကို အမေရိကန်နိုင်ငံမှာ ကောင်းကောင်းကြီး အခြေချထားနေနိုင်ကြပါပြီ။ အမေရိကန်နိုင်ငံရဲ့ Second Language ဟာ စပိန်ဘာသာစကားလို့ ပြောရလောက်အောင်ကို အခိုင်အမာ ဖြစ်နေပါပြီ။ အင်္ဂလိပ်စကား မတတ်ချင်နေပါစေ၊ စပိန်စကားပြောတတ်ရင် အမေရိကန်မှာ နေလို့ရတဲ့အထိပါပဲ။ အခုမြင်ရတာက မက္ကဆီကန် ဈေးဆိုင်ထဲက စားသောက်ဆိုင်ငယ်လေး တခုပါ။ ဈေးသက်သာတာကြောင့် တချို့သော လူဖြူ၊ လူမည်းတွေလဲ လာရောက် စားသောက်လေ့ ရှိပါတယ်။
ဒီပုံကို ရိုက်တော့ ခပ်လှမ်းလှမ်းက မြင်နေရတဲ့ အင်္ကျီအနီနဲ့ ပုဂ္ဂိုလ်က `ဟေး´လို့ လှမ်းအော်ပါသေးတယ်။ ကျနော်လဲ ရိုရိုသေသေနဲ့ပဲ ဘုကြည့်ပြန်ကြည့်လိုက်တော့ ပုခုံးတွန့်ပြီး ပြန်ထွက်သွားပါတယ်။
ဘာမဆို ရပ်စောင့်ရတယ် ~~~~ ကျနော့်ရဲ့ ဘ၀ကကွယ်~~~~ ပျော်ပျော်ကြီး ရပ်စောင့်မယ် ~~~~ အားလုံးရဲ့ နောက်ဝယ်~~~~
အိမ်အပြန်လမ်းမှာလဲ အဖြူရောင်ပင်လယ်မြေကို ကူးခတ်ရပြန်ပါတယ်။ တွံတေးသိန်းတန်ရဲ့ ဟိုသီချင်းလေး တပုဒ်ကိုတောင် သတိရမိပါသေးရဲ့။ ~~~~ ဆောင်းရယ်၊ နှင်းရယ်၊ ကိုယ့်ချစ်သူရယ် အတူတူပါပဲကွယ်~~~~။
ပိတ်ရက်တွေမှာ ဘယ်တွေကိုပဲ သွားသွား၊ ဘာတွေပဲလုပ်လုပ် တနင်္လာနေ့ ရောက်ပြီဆိုရင်တော့ ကျနော့်ရဲ့ လမ်းကလေးရဲ့ နံဘေးက ဟောဒီစမ်းချောင်းငယ်ကလေးက ခပ်ပြုံးပြုံးနဲ့ ကြိုနေလျက်ပါပဲ။ ဒီချောင်းကလေးကနေ ဟိုဘက်က မြစ်ထဲကို စီးဆင်းနေသလို အဲဒီမြစ်ကလဲ တခြားမြစ်၊ ဒါမှမဟုတ် ပင်လယ်ထဲကို စီးဆင်း၊ ပင်လယ်က တဆင့် သမုဒ္ဒရာထဲကို စီးဆင်းလို့ ….။ ကဲ၊ ဟိုတွေးဒီတွေးနဲ့ အလုပ်နောက်ကျတော့မယ်၊ ခပ်သုတ်သုတ်လေး လျှောက်မှပါ။
ကလိုစေးထူး
Friday, January 19, 2007
ဒီတညနေတာ...
အဲဒါကတော့ ကျနော့်ရဲ့ အလုပ်ရုံလေးပါ။ အပြင်ကကြည့်တော့ သူမဟုတ်သလို တည်တည်ငြိမ်ငြိမ် ရှိသလောက် အထဲမှာတော့ ဆူညံနေတတ်ပါတယ်။
လမ်းကလေးရဲ့ အစိတ်အပိုင်း တခုဖြစ်တဲ့ မြစ်ကူးတံတားငယ်လေးပါ။ ရပ်ထားတာက ကျနော့်ရဲ့ စီးတော်ယာဉ်လေးပေါ့။
တံတားပေါ်ကနေ မြစ်ထဲကို လှမ်းကြည့်တော့ အေးမြတဲ့ မြစ်ရေထဲမှာ ဘဲငန်းလေးတွေ အပူအပင် ကင်းမဲ့စွာ ကူးခတ်နေကြတယ်။
တံတားအလွန်မှာတော့ ကျနော့်ရဲ့ လမ်းကလေးကို ဆူညံတဲ့ အသံတွေနဲ့ မကြာခဏ ငေါက်ငန်းလေ့ရှိတဲ့ ရထားကြီးလာတတ်တဲ့ လမ်း။
ဒါဟာ ကျနော့်ရဲ့ လမ်းကလေး ပါပဲ။
နွေတုန်းတော့ ဒီနေရာလေးမှာ အိမ်ခြေမဲ့ တယောက် ခိုအောင်းလေ့ရှိပါတယ်။ အခု သူဘယ်ကိုရောက်နေလဲ ကျနော် မသိပါ။
ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ ရေကို ကမန်းကတန်းချိုး။ ဘဏ်ကိုသွားဖို့ ပြင်ဆင်ရပြန်ပါတယ်။ ဘဏ်ကို အသွားခရီးကိုလဲ ဓာတ်ပုံလေးတွေနဲ့ ပုံဖော်မိပြန်ပါတယ်။
ဘဏ်ကို အသွား၊ ပျင်းစရာကောင်းတဲ့ ဘတ်စ်ကားပေါ်မှာ…။
ဒီကရင်အကိုကြီးလဲ ခပ်ငေါင်ငေါင်နဲ့ပေါ့..။
ဘဏ်မှာ လုပ်စရာရှိတာတွေ ကမန်းကတန်းလုပ်ပြီးတော့ ဒီညမှာ အပီကဲဖို့ ဟောဒီနေရာကို လာရပြန်တယ် :D။
တွေ့ပြီ၊ တွေ့ပြီ၊ သူပဲ သူပဲ :D။
ဘီယာဝယ်ပြီးတော့ ဘတ်စ်ကားကို တခါပြန်စောင့်ရပြန်တယ်။ ဟော လာပါပြီ…။
အပြန်ခရီးမှာတော့ ပျင်းစရာမကောင်းတော့ဘူး။ စကားများတဲ့ ခရီးသည်တချို့ ပါလာကြတယ်။
ဘတ်စ်ကားပေါ်က အဆင်းမှာတော့ ကျနော့်အိမ်ကလေးက မှောင်ရီဝိုးတ၀ါး အလင်းရောင်အောက်မှာ ကျနော့်ကို မှုန်ကုပ်ကုပ်နဲ့ ကြည့်နေလေရဲ့။
ကလိုစေးထူး
Thursday, January 18, 2007
အရသာ တခုလေလား... အရိုးစွဲမှုလား..
မြန်မာသူငယ်ချင်း တယောက်ရဲ့ အိမ်ကို တလောက အလည်ရောက်ဖြစ်ပါတယ်။ အလုပ်တခုတည်း အတူတူ လုပ်နေတဲ့ သူငယ်ချင်းက သူ့အိမ်က ကွန်ပြူတာထဲမှာ မြန်မာရုပ်ရှင်တွေ ကြည့်လို့ရတဲ့ ၀က်ဘ်ဆိုက်တွေ ရှာပြီး သိမ်းပေးပါဆိုလို့ ရောက်သွားတာပါ။ သူငယ်ချင်းမှာ ကလေးနှစ်ယောက်ရှိပါတယ်။ အဲဒီနှစ်ယောက်အနက်က အကြီးကောင် လေးနှစ်သာသာအရွယ် ယောက်ျားလေးက အတော်လေးကို ဆော့ပါတယ်။ သူ့အဖေက ဟန့်လဲမရ၊ သူ့အမေတားလဲ မရ တအိမ်လုံး ဗြောင်းဆန်အောင် ပြေးလွှားပြီး ဆော့ပါတယ်။ သူငယ်ချင်းက သူ့ကလေးကို ချော့တခါ ခြောက်တလှည့်နဲ့ ထိန်းလဲ ဟိုသကောင့်သားလေးက ဧည့်သည်ရှိနေရင် သူ့အဖေကို ကြောက်ပုံ မပေါ်ပါဘူး။ မီးကြိုးတွေ သွယ်ထားတဲ့နေရာကိုလဲ ၀င်ပြီး ကြိုးတွေဆွဲဖြုတ်လိုဖြုတ်၊ အရုပ်တွေနဲ့လဲ ဟိုပေါက်ဒီပေါက်နဲ့ လုပ်နေတော့ တကြိမ်မှာတော့ သူ့အဖေက ထရိုက်ပါတော့တယ်။ ရေးခဲ့ဖူးပါပြီ။ ကျနော်ဟာ ငယ်ငယ်က ခဏခဏ အရိုက်ခံရပါတယ်။ အခုလဲ ကလေးတယောက် ကျနော့်အရှေ့မှာ အရိုက်ခံရတာ တွေ့ရပြန်တော့ စိတ်ထဲမှာ နင့်ကနဲ ဖြစ်သွားပါတယ်။ ဟိုလူကလဲ ရိုက်တာက ကလေးနဲ့ မတန်လောက်အောင် နားရင်းပါးရင်းတွေကို ရိုက်တာပါ။ မနေသာတာနဲ့ `တော်ပါတော့ဗျာ´ လို့ မျက်နှာမသာမယာနဲ့ ၀င်ပြောတော့မှ ကျနော့်ကို သတိရသွားပုံပေါ်ပြီး ရပ်ပါတယ်။ တကယ်တော့ အခုလက်ရှိ ကျနော်ရောက်နေတဲ့ နိုင်ငံဟာ မိန်းမနဲ့ ကလေးများကို ရိုက်နှက်ရင် ရာဇ၀တ်မှု တခုအဖြစ် ထိထိရောက်ရောက် သတ်မှတ် အရေးယူတဲ့နိုင်ငံ ဖြစ်ပါတယ်။ မိန်းမကို ရိုက်တာထက် ကလေးကို ရိုက်တာက ပိုလို့တောင် အပြစ်ကြီးလေးပါတယ်။ အရေးယူပြီးရင်လဲ မှတ်တမ်းမှတ်ရာတွေနဲ့ အသေအချာကို စောင့်ကြည့်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံမှာ ကလေးတွေကို မရိုက်ရဲကြပါဘူး။ ဒါပေမယ့် ကျနော်တို့ ရွှေမြန်မာတချို့ကတော့ မြွှေမကြောက်၊ ကင်းမကြောက်နဲ့ ရိုးရာကို မပယ်နိုင်စွာ ကလေးကို ရိုက်နှက်ဆုံးမရတာကို အရသာတွေ့နေကြတုန်းပါပဲ။ ကလေးကိုဆုံးမတာနဲ့ ပတ်သက်လို့ ပုံပြင်တပုဒ် ကြားဖူးပါတယ်။ တခါက သားအဖ နှစ်ယောက် ခရီးတခုကို အတူတူ သွားကြပါသတဲ့။ ကလေးလေးက ငါးနှစ်သားအရွယ်ပေါ့။ သူတို့သွားလိုတဲ့ မြို့ကို မရောက်မီ ကီလိုမီတာ ၂၀ လောက် အလိုမှာ ကားက ဘီးပေါက်ပါသတဲ့။ အဲဒါနဲ့ အဖေလုပ်သူက ပါလာတဲ့ အပိုဘီးနဲ့ လဲဖို့အတွက် ပေါက်သွားတဲ့ ဘီးကို ဖြုတ်နေတုန်းက သားဖြစ်သူက အပိုဘီးက လေတွေကို လျှော့ပစ်ပါလေရော။ အဖေက `သား၊ လေတွေကို မလျှော့ရဘူးလေ´ လို့ ပြောပေမယ့် သားက `လျှော့မှာပဲ´ ဆိုပြီး လျှော့မြဲလျှော့နေပါသတဲ့။ ဘယ်လိုမှ ပြောမရတဲ့ အဆုံးမှာ အဖေက `ကဲ၊ ဒါဆိုလဲ ငါ့သားစိတ်တိုင်းကျ လျှော့ကွာ´ဆိုပြီး ခပ်ပြုံးပြုံးနဲ့ သားလုပ်သမျှကို ထိုင်ကြည့်နေပါသတဲ့။ သားက လေတွေကို အကုန်ကုန်အောင် လျှော့ပြီးတဲ့အထိပေါ့။ လေတွေ ကုန်သွားတဲ့ အခါမှာတော့ `ကဲ၊ သား၊ ကျေနပ်ပြီမှတ်လား၊ အခုသားလေတွေ လျှော့ပစ်လိုက်တဲ့ အတွက် ဖေဖေတို့မှာ အပိုဘီးမရှိတော့ဘူး၊ ကားလဲ မောင်းလို့ မရတော့ဘူး၊ အဲဒီတော့ သားနဲ့ဖေဖေ လမ်းပဲလျှောက်ကြတာပေါ့´ ဆိုပြီး ကျန်တဲ့ခရီးကို လမ်းပဲလျှောက်ကြပါသတဲ့။ အဲဒီနောက်ပိုင်းမှာ အဲဒီကလေးဟာ မိဘစကားကို တသက်လုံး နားထောင်သွားပါတယ်တဲ့။ ကလေးကို မရိုက်ပဲ လက်တွေ့ကျကျ ဆုံးမသွားတာကို ပြောချင်တဲ့ ပုံပြင်လေးပါ။ နောက်တခုက သူတို့လူမျိုးတွေက ဥပဒေကြောင့်ပဲလား၊ ဒီလိုနေထိုင်မှု စနစ်မှာယဉ်ပါးသွားလို့ပဲလား မသိပါဘူး။ ကလေးကို မရိုက်ကြပါဘူး။ ဒဏ်ပေးတဲ့နည်းကို သုံးပြီး မိမိလိုရာ ပုံသွင်းတာမျိုးပဲ ရှိပါတယ်။ ဥပမာ ကလေးက တီဗွီကြိုက်တတ်ရင် တကယ်လို့ သူအပြစ်တခုခုလုပ်ရင် တီဗွီ ကြည့်ခွင့်ကို ကန့်သတ်လိုက်တာမျိုး၊ ကစားကွင်းကို လိုက်မပို့တဲ့ ဒဏ်ခတ်တာမျိုးလေးတွေကို သုံးပါတယ်။ ကျနော်တို့ ရွှေတွေကတော့ ကလေးတင်ပါးကို ခပ်စပ်စပ်ကလေး ရိုက်ပြီး ဆုံးမရတာကို ပိုပြီး အရသာတွေ့တတ်ကြပါတယ်။ တနေ့က တီဗွီ အစီအစဉ်မှာ American Funniest Videos အစီအစဉ်လာပါတယ်။ သဘာဝကျကျ ဟာသတွေကို ပြတဲ့ အစီအစဉ်ပါ။ သဘာဝလဲကျ၊ ဟာသလဲ အဖြစ်ဆုံးကို ဆုပေးပါတယ်။ အပတ်စဉ်ဆုကတော့ ဒေါ်လာ တသောင်းပေးပါတယ်။ ဒေါ်လာတသောင်းဆု ရပြီးသူတွေကိုမှ နောက်ထပ်တခါ ထုတ်နှုတ်ရွေးချယ်ပြီး ဒေါ်လာတသိန်းဆု ပေးပါသေးတယ်။ အဲဒီနေ့က ဒေါ်လာတသိန်းတန် ရယ်ရွှင်စရာ ဗီဒီယိုကို ရွေးပါတယ်။ အဲဒီနေ့က ဒေါ်လာတသိန်းရသွားတဲ့ ဗီဒီယိုကို ပေးပို့တဲ့ မိသားစုကတော့ တော်တော်လေး ဂျီကျတတ်တဲ့ သားငယ်ရဲ့ မိဘတွေပါ။ အဲဒီ သားငယ်လေး ဂျီကျပုံက သူ့ကို မိဘတွေက မြင်လောက်တဲ့ နေရာကို နောက်က လိုက်ချောင်း၊ ပြီးရင် ကြမ်းပြင်မှာ လူးလိမ့်ငိုပြပါတယ်။ မိဘတွေက မချော့ပဲ မသိချင်ယောင်ဆောင်ပြီး တခြားအခန်းကို အသာလေး ထွက်သွားရင် သူက အငိုတိတ်ပြီး အနောက်ကနေ လိုက်လာပါတယ်။ ပြီးရင် မိဘတွေ ရှိမရှိ ချောင်းကြည့်ပြီး ကြမ်းပေါ်လူးလိမ့် ငိုပြန်ပါတယ်။ အဲဒါကို မိဘတွေက စိတ်မဆိုးပဲ ပျော်စရာအဖြစ် ဗီဒီယို ရိုက်ထားပြီး အဲဒီ အစီအစဉ်ကို ပို့လိုက်တော့ ဒေါ်လာတသိန်းတန် ဆုကို ရသွားပါတယ်။ တကယ်တော့ ကလေးတွေရဲ့ အတွေးအာရုံဟာ အင်မတန် နုနယ်လှပါတယ်။ ရိုက်နှက်ခံရတဲ့ ကလေးတယောက်ဟာ သိမ်မွေ့တဲ့ စိတ်ထားကို ပိုင်ဆိုင်ဖို့ တော်တော်ခဲယဉ်းသွားပါတယ်။ ပေါက်ကွဲလိုမှု၊ သည်းခံစိတ် အားနည်းမှုတို့ကသာ အရွယ်ရောက်လာလေလေ ပိုမိုများလာလေလေ ဖြစ်လာပါတယ်။ အရွယ်ရောက်လာတဲ့ လူငယ်တယောက်ရဲ့ ရွယ်တူတွေအကြားမှာ ဂုဏ်ချင်ယူစရာ စကားတခွန်းက `ငါငယ်ငယ်က တခါမှ အရိုက်မခံရဖူးဘူး´ ဆိုတဲ့ စကားပါ။ ကျနော်ကတော့ အဲဒီ အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။ ဥပဒေက ကလေးမရိုက်ရ သတ်မှတ်ထားပေမယ့်လဲ သူတပါးနိုင်ငံမှာ နေရတာ အသားမကျသေးလို့ပဲလား၊ ဒါမှမဟုတ် ရိုက်ပြီးဆုံးမတာကိုမှ အရသာတွေ့နေလား မသိတဲ့ သူငယ်ချင်းကို ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ဒီစာကို ရေးမိပါရဲ့။ ကလိုစေးထူး |
Tuesday, January 16, 2007
မြန်မာ့ခြေစွမ်း.. ဘယ်ကိုလွှမ်း..
မြန်မာ- ဖိလစ်ပိုင် သရေကျ၊ အုပ်စုပွဲမှထွက် အဲဒါကတော့ မြန်မာမြူးဇစ် ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲသတင်းပါ။ အဲဒီပွဲကို မကြည့်လိုက်ရပေမယ့် ဂိုးမရှိ သရေဆိုတဲ့ ရလဒ်ကို မယုံကြည်နိုင်လောက်အောင်ပဲ အံ့အားသင့်နေမိပါတယ်။ သွားပြန်ပြီပေါ့ မြန်မာဘောလုံးအသင်း၊ ရှုံးပွဲမရှိ (သို့သော်) နိုင်ပွဲနတ္ထိ၊ သုံးပွဲကစား သုံးပွဲသရေနဲ့ အုပ်စုကနေ လှည့်ပြန်ခဲ့ရပြန်ပါပြီ။ ကျနော်က ဘောလုံးကို အဖြစ်ရှိအောင် လောက်လောက်လားလား မကန်တတ်ပါဘူး။ ကျနော် ဘောလုံး ကစားတာကို ကွင်းဘေးက လိုက်ကြည့်ဖူးတဲ့ ဖေဖေက ကျနော့်ကို `ဘောလုံးသာ မကန်တတ်တာ၊ လူတော့ ချတတ်တဲ့ကောင်´ လို့ ထောမနာပြုခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးပွဲများကိုတော့ နှစ်နှစ်ခြိုက်ခြိုက်ကို အားပေးတတ်ပါတယ်။ ဘောလုံးပွဲကြည့်ရမယ်ဆိုရင် ထမင်းမေ့ ဟင်းမေ့ပါပဲ။ မြန်မာ ဘောလုံးအသင်းကို မှတ်မှတ်ထင်ထင် စတင်သတိထားခဲ့မိတာကတော့ ၁၉၉၃ခုနှစ်၊ (၁၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲက ရလဒ်ကြောင့်ပါ။ အဲဒီပြိုင်ပွဲမှာ မြန်မာ ဘောလုံးအသင်းဟာ အကြိုဗိုလ်လုပွဲ မှာ စင်ကာပူအသင်းကို နှစ်ဂိုး တဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ ထိုင်းအသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ပြီးမှ လေးဂိုး သုံးဂိုးနဲ့ အရေးနိမ့်ခဲ့လို့ ဒုတိယ ငွေတံဆိပ် ရရှိခဲ့ပါတယ်။ အဲဒီပြိုင်ပွဲ ရလဒ်ဟာ ပြိုင်တိုင်းရှုံးတာ ကြာခဲ့တဲ့ မြန်မာဘောလုံးအသင်းကို မြန်မာပြည်သူတွေ အားလုံး အာရုံစိုက် အားပေးမိလာစေခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်၊ (၁၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာတော့ မြန်မာဘောလုံးအသင်းဟာ သူ့ပရိသတ်ကို ရသပေါင်းစုံ ပေးခဲ့ပါတယ်။ အားလုံးကလဲ အဲဒီနှစ်မှာ မြန်မာ ဘောလုံးအသင်းကို ရွှေတံဆိပ်ဆု ခန့်မှန်းခဲ့ပါတယ်။ အဖွင့်ပွဲစဉ်မှာ ဖိလစ်ပိုင်ကို လေးဂိုး တဂိုးနဲ့ နိုင်ပါတယ်။ စင်ကာပူကို လေးဂိုး ဂိုးမရှိနဲ့ ရှုံးပါတယ်။ ဘရူနိုင်းကို သုံးဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးပွဲစဉ်မှာ လာအိုကို ခက်ခက်ခဲခဲနဲ့ ယှဉ်ပြိုင်ကစားပြီးမှ ကိုကြည်လွင်ရဲ့ တလုံးတည်းသော ပယ်နယ်တီဂိုးနဲ့ အနိုင်ရပြီး အုပ်စု ပထမနဲ့ အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ အကြိုဗိုလ်လုပွဲမှာ ဗီယက်နမ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဖွင့်ဦးဆောင်ဂိုး သွင်းခဲ့တာလဲ မြန်မာပါပဲ။ တဂိုးစီ သရေကျနေတဲ့အချိန် ပွဲပြီးဖို့လဲ သိပ်မလိုသေးတဲ့ အချိန်မှာ ပွဲရဲ့ အဖြေကိုပြောင်းပစ်လိုက်တဲ့ အဖြစ်အပျက်တခု ဖြစ်ခဲ့ပါတယ်။ ဗီယက်နမ်ရှေ့တန်း ကစားသမားတဦးဟာ ဂိုးရဖို့အတွက် ခြေစုံပစ်ဝင် ကန်တာကြောင့် မြန်မာ ဂိုးသမား အောင်ကျော်ကျော်ဟာ အတော် အထိနာသွားပါတယ်။ အောင်ကျော်ကျော်က ဘောလုံးကို မိမိရရကြီး မိပြီးခါမှ ဘောလုံးကို ပိုက်ပြီး လဲနေတဲ့ ဗီယက်နမ် ဘောလုံးသမားကို ခြေထောက်နဲ့ အသားလွတ် ပြန်ကန်တဲ့ အတွက်ကြောင့် တိုက်ရိုက် အနီကဒ်နဲ့ ထွက်ရပါတယ်။ ဒီလိုနဲ့ အချိန်ပိုကစားကြတော့လဲ မြန်မာနောက်တန်း ကစားသမား အေးနိုင်ကို နှစ်ဝါ တနီနဲ့ ထုတ်ပယ်ခံရပြန်တာကြောင့် နှစ်ယောက်လျော့သွားတဲ့ မြန်မာတို့ ဗီယက်နမ်ကို ဂိုးပေးလိုက်ရပါတော့တယ်။ မြန်မာတနိုင်ငံလုံးက တီဗွီရှေ့မှာ မြန်မာအသင်းကို တခဲနက် အားပေးခဲ့တဲ့ ပရိသတ်ကြီး ငြိမ်ကျသွားပါတယ်။ တတိယလုပွဲကျတော့လဲ စင်ကာပူကို တဂိုး ဂိုးမရှိနဲ့ ထပ်မံအရေးနိမ့်ခဲ့ပြီးတော့ စတုတ္ထနဲ့သာ နှစ်သိမ့် အိမ်ပြန်ခဲ့ရပါတယ်။ ခြေစွမ်းပြခဲ့တဲ့ အောင်ကျော်ကျော်ကတော့ မိုင်းဖြတ်ကို နှစ်နှစ်တာ မဲဇာအပို့ခံလိုက်ရပါတယ်။ ဒီလိုနဲ့ပဲ မြန်မာဘောလုံးအသင်းဟာ နောက်ပိုင်းပြိုင်ပွဲတွေမှာ ဒုံရင်းအတိုင်းပဲ ရှုံးပွဲသံသရာ လည်ခဲ့ပြန်ပါတယ်။ မြန်မာအားကစား ကမ္ဘာကိုလွှမ်းစေရမည်လို့ ခပ်တည်တည်နဲ့ ဟိုအစိမ်းရောင် လူကြီးတွေ ဖိန့်ခဲ့တာလဲ အရှေ့တောင်အာရှမှာတင် စုံးစုံးမြုပ်ခဲ့ပါတယ်။ တခါများဆိုရင် ထိုင်းဘောလုံးသမားက မြန်မာဘောလုံးသမားကို လျှာထုတ်လှောင်ပြောင်ပြပြီး မထီတရီ ကစားခဲ့တာကိုတောင် တွေ့ခဲ့ဖူးပါတယ်။ အဲဒီပွဲမှာ မြန်မာက ထိုင်းကို ခုနှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။ ဒီလိုနဲ့ အရှုံးသံသရာလည်နေခဲ့တဲ့ မြန်မာဘောလုံးအသင်းကို ပြီးခဲ့တဲ့ ၂၀၀၄ခုနှစ်၊ တိုင်းဂါးဖလားပွဲမှာတော့ ပရိသတ်က ပြန်သတိထား မိလာပြန်ရပါတယ်။ အဖွင့်ပွဲစဉ်မှာ ဖိလစ်ပိုင်ကို တဂိုးတည်းနဲ့ နိုင်လို့ စိတ်ပျက်ချင်နေတဲ့ ပရိသတ်တွေ အံ့အားသင့်အောင် ထိုင်းကို တဂိုးစီ သရေကစားပြီး မလေးရှားကို တဂိုး ဂိုးမရှိနဲ့ နိုင်ပစ်လိုက်တော့ မြန်မာကန်တဲ့ ပွဲတွေမှာ တီဗွီရှေ့ကို လူတွေအုံလာပါတယ်။ အုပ်စုနောက်ဆုံးပွဲမှာ အရှေ့တီမောကို သုံးဂိုး တဂိုးနဲ့ နိုင်ပြီး အုပ်စုပထမ၊ ထိုင်းကတော့ အုပ်စုကနေလှည့်ပြန်ပေါ့။ အကြိုဗိုလ်လုပွဲမှာ စင်ကာပူနဲ့တွေ့ပါတယ်။ တကယ်တော့ အိမ်ကွင်း အဝေးကွင်း နှစ်ကျော့ကန်ရမှာပါ။ စင်ကာပူမှာ တပွဲ၊ မြန်မာပြည်မှာ တပွဲပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အဲဒီပွဲကို လက်ခံကျင်းပဖို့ အဆင့်မီတဲ့ ကွင်းမရှိလို့ဆိုပြီး ကျင်းပခွင့် မရခဲ့ပါဘူး။ အဓိက ထောက်ပြတာကတော့ လုံခြုံရေးနဲ့ ဆက်သွယ်ရေးပါ။ တခြားနိုင်ငံတွေမှာ ဘယ်အချိန်မှာ ထောင့်ကန်ဘောကန်ပြီး ဘယ်အချိန်မှာတော့ ဘေးထွက်ဘောဖြစ်သွားပါတယ် ဆိုတာက အစ ကွင်းဘေးက ကွန်ပြူတာတွေကို သုံးပြီး အင်တာနက်ကတဆင့် တိုက်ရိုက်သတင်းပို့နိုင်ပေမယ့် မြန်မာနိုင်ငံရဲ့ ဘယ်ကွင်းကမှ အဲဒီလိုမျိုး အထောက်အပံ့တွေ မပေးနိုင်ပါဘူး။ ဒီလိုနဲ့ပဲ မြန်မာဘောလုံးအသင်းဟာ မလေးရှားကွင်းကိုပဲ အိမ်ကွင်းအမှတ်နဲ့ ကစားခဲ့ရပါတယ်။ မလေးရှာမှာ ပထမအကျော့ ကစားတော့ မြန်မာက သုံးဂိုး လေးဂိုးနဲ့ အရေးနိမ့်ပါတယ်။ ဒီလိုနဲ့ ဒုတိယအကျော့ကို စင်ကာပူမှာ ကစားကြပါတယ်။ အဲဒီပွဲကတော့ မြန်မာ့စိတ်ဓာတ်ကို အပီပြတဲ့ပွဲလို့ ခပ်ရွဲ့ရွဲ့လေး ပြောချင်တဲ့ ပွဲပါပဲ။ နှစ်ဂိုးအသာနဲ့ ဦးဆောင်နေပြီးကာမှ ၇၄ မိနစ်မှာ စင်ကာပူက နိုအလန်ရှားက ချေပဂိုး တဂိုးသွင်းခဲ့ပါတယ်။ ၈၈ မိနစ်အရောက်မှာ မြန်မာအသင်းက စင်ကာပူကို ပယ်နယ်တီ ကန်ခွင့်ပေးရပါတယ်။ နောက်တန်း ကစားသမား ဇော်လင်းထွန်း(၂)ကို ထုတ်ပစ်တဲ့ အပြင် ပယ်နယ်တီကန်ခွင့်ပါ ပေးတဲ့ ဒိုင်လူကြီး ၀ိုင်းဝန်းစောဒက တက်ကြတဲ့ မြန်မာဘောလုံးသမားတွေထဲက မိုးကျော်သူက ဒေါသတကြီးနဲ့ ကွင်းရဲ့ မြက်ခင်းပြင်တွေကို ကန်ကျောက်နေတဲ့ အတွက် ဒိုင်က အနီကဒ်နဲ့ ထုတ်ပစ်လိုက်ပြန်ပါတယ်။ ပွဲချိန်စေ့လို့ အချိန်ပို ဆက်ကန်ရတော့လဲ မြန်မာနဲ့ စင်ကာပူ ဘောလုံးသမားတွေဟာ မကြာခဏဆိုသလို ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကြပါတယ်။ အချိန်ပို ကိုးမိနစ်မှာ မြန်မာရှေ့တန်းလူ ဇော်ပိုင်ကို နှစ်ဝါ တနီနဲ့ ထုတ်အပြီးမှာတော့ မြန်မာဘောလုံးသမားတွေဟာ ပွဲနိုင်ဖို့ မျှော်လင့်ချက် မဲ့သွားပါတော့တယ်။ ကွင်းဘေးက မြန်မာအရန်ဂိုးသမား ထွန်းထွန်းလင်းက ကွင်းထဲက စင်ကာပူဘောလုံးသမားကို ရေသန့်ဘူးနဲ့ ပေါက်ပါတယ်။ ဒိုင်တွေက ကွင်းထဲကထွက်ခွာစေတဲ့ အခါမှာတော့ သူ့ကို လှောင်ပြောင်နေတဲ့ စင်ကာပူ ပရိသတ်တွေကို ခါးကို မဖွယ်မရာနဲ့ သုံးလေးကြိမ်လောက် ကော့ပြပြီး ကွင်းထဲက ထွက်သွားပါတယ်။ ထုံးစံအတိုင်း အဲဒီပွဲလဲ ရှုံးရပြန်တာပါပဲ။ နာမည်လဲ ပျက်ပေါ့။ မြန်မာတွေ စည်းကမ်းမရှိလို့ ရှုံးရပါတယ်ဆိုပြီး စင်ကာပူနဲ့ ထိုင်းနိုင်ငံထုတ် သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။ တလောက မာဒေးကားဖလား ပြိုင်ပွဲမှာ မြန်မာ ဗိုလ်စွဲခဲ့ပါတယ်။ ပွဲစဉ်တွေကို ဒီကိုရောက်နေတဲ့အတွက် တပွဲမှ မကြည့်လိုက်ရပေမယ့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ ပြိုင်ဘက်တွေအကြား ဗိုလ်စွဲခဲ့တာဆိုတော့ မြန်မာဘောလုံး ဟုတ်သလိုလို ရှိလာပလားလို့ ထင်မိပြန်ပါတယ်။ အခုလဲ အာဆီယံချန်ပီယံရှစ်ပါတဲ့။ ပထမနှစ်ပွဲမှာ ထိုင်းနဲ့ မလေးရှားတို့ကို သရေ ကျခဲ့တော့ အတော် ကျေနပ်စရာပါပဲ။ အခုတော့ ဖိလစ်ပိုင်လို အသင်းမျိုးကိုပါ သရေထပ်ကျပြန်ပါသတဲ့။ သွားပြန်ပြီပေါ့ တပွဲ။ ထွက်ပြန်ပေါ့ အုပ်စုကနေ။ မြန်မာဘောလုံးအသင်းကို ကျနော် သတိထားမိတာ တခုရှိပါတယ်။ အဲဒါကတော့ အင်မတန် ပြဿနာများတာပါ။ ရှုံးလာရင် ပိုဆိုးပါတယ်။ သည်းခံနိုင်စွမ်းအားလဲ တော်တော်နည်းပါတယ်။ တဖက် အသင်းက လူက နည်းနည်းလေး လူချရင် ပိုချချင်ပါတယ်။ တကယ်တမ်း ပြစ်ဒဏ်ထိတော့လဲ မြန်မာကပဲ ပိုထိပါတယ်။ နောက်တော့လဲ ဒိုင်ညစ်လို့၊ နည်းပြလူထုတ်မှားလို့ ဘာဖြစ်လို့၊ ညာဖြစ်လို့ ဆိုတာတွေနဲ့ပဲ ပြီးသွားပါတယ်။ မြန်မာဘောလုံးသမားတွေရဲ့ တကယ့်တကယ်တမ်း စိတ်အခြေအနေကိုတော့ ဘယ်သူမှ သေသေချာချာ သုံးသပ်ရေးသားတာ မတွေ့ရဖူးသေးပါဘူး။ ပြည်တွင်းပွဲတချို့မှာဆိုရင် ပွဲအပြီးမှာ ဒိုင်လူကြီးကို လက်သီးနဲ့ လိုက်ထိုးတဲ့လူတောင် ရှိပါသတဲ့။ ဘာဖြစ်လို့ပါလိမ့်ဆိုတာ တကယ်ကို စဉ်းစားလို့ မရပါဘူး။ အဲဒီလိုနဲ့ပဲ ရှုံးပြီးရင်းရှုံး ကျနော်တို့ မြန်မာဘောလုံး အသင်းဟာ အခုလဲ အောင်မြင်စွာ တပ်ခေါက်ပြန်ခဲ့ရပြန်ပါပြီ။ အခုပြိုင်ပွဲမှာရော ဘယ်သူတွေက ဘယ်သူတွေနဲ့ ရန်ဖြစ်ခဲ့ပြန်သေးပါလိမ့်။ ဒိုင်ကညစ်တာများလား၊ နည်းပြ ကိုဆန်းဝင်းကပဲ လူထုတ်ပုံမှားပြန်လေရော့သလား၊ နိုင်ငံခြားနည်းပြ မငှားလို့ မနိုင်ရတာများလား၊ MFF ၀က်ဆိုက်ကို ဖွင့်ကြည့်တော့ မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က စပ်ဖြီးဖြီးနဲ့ တခုခုကို မော့ကြည့်နေပါတယ်။ အင်း.. သူမော့ကြည့်တာ `မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်´ ဆိုတဲ့ ဆိုင်းဘုတ်များလားမသိ …..။ ကလိုစေးထူး |
Monday, January 15, 2007
ကျနော်နှင့် ထမိန်(ထဘီ)များ...
ဒီဆောင်းပါးမှာ ကျနော့်အနေနဲ့ ထဘီဆိုတဲ့ သတ်ပုံကို သုံးစွဲဖို့ မနှစ်သက်တာကြောင့် ထမိန်လို့ပဲ အသံထွက်အတိုင်း အားရပါးရကြီး သုံးထားပါတယ်။ ဖတ်ပြီး ဝေဖန်ပေးကြပါအုံးခင်ဗျာ။ ဆောင်းပါး ဖော်ပြခဲ့တဲ့ အချိန်တုန်းကတော့ တချို့ အမျိုးသား သူငယ်ချင်းတွေက ကျနော့်ကို ကောင်းကောင်းကြီး မေတ္တာပို့ခဲ့ပါသေးတယ်။
ကျနော်နှင့် ထမိန်(ထဘီ) များ..
သတ္တလောက ကမ္ဘာကြီး၌ ရှိကြသော သတ္တ၀ါအားလုံးတွင် `လူ´ဟူသည့် သတ္တ၀ါသည် စဉ်းစားဆင်ခြင် ဉာဏ်အရာတွင် အခြားသော သတ္တ၀ါများထက် သာသလောက် ပြဿနာများရာတွင်လည်း မည်သည့်သတ္တ၀ါမှ လူသတ္တ၀ါကို မမှီနိုင်ပေ။ နယ်မြေပြဿနာ၊ အာဏာလုယူမှုပြဿနာ၊ လူမျိုးရေး ခွဲခြားမှု ပြဿနာမှသည် ဆင်းရဲချမ်းသာ ခွဲခြားသော ပြဿနာ၊ မျိုးရိုးအနိမ့်အမြင့် ခွဲခြားမှုပြဿနာနှင့် လိင်ခွဲခြားဆက်ဆံမှု ပြဿနာဟူ၍ များပြားလှစွာသော ပြဿနာပေါင်းစုံတို့သည် လူ့လောကကြီးတွင် ဗီလိန်ဇာတ်ကောင် တကောင်နှယ် မပါမပြီး ပါဝင်နေရသည်။ အချို့သော ပြဿနာများသည် ဖြေရှင်းရန် လွယ်ကူသည်။ ဖြေရှင်းရန် ခက်ခဲသော ပြဿနာအချို့ကိုပင် လူသားတို့၏ ဆင်ခြင်ဉာဏ် စွမ်းအားတိုးတက်လာမှုအပေါ် မူတည်ကာ အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်များ မြောက်မြားစွာရှိခဲ့၏။
ဥပမာအားဖြင့် နိုင်ငံအချို့တွင် နှစ်ပေါင်းကာလရှည်ကြာစွာ တည်ရှိခဲ့သော သက်ဦးဆံပိုင် ဘုရင်စနစ်မှ ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲ ကျင့်သုံးလာနိုင်မှု၊ ဆိုးဝါးလှသော ကျွန်စနစ်အား ဖျက်သိမ်းပစ်နိုင်မှု၊ မနှစ်မြို့ဖွယ်ကောင်းလှသော လူဖြူ၊လူမည်း ခွဲခြားဆက်ဆံမှုအား ချေဖျက်ပစ်နိုင်မှု စသည် စသည်တို့သည် လူသားတို့၏ ဆင်ခြင်ဉာဏ် စွမ်းအား မြင့်မားလာမှုတို့ကို ပြသနေသည့် အချက်များပင် ဖြစ်သည်။
ဤမျှခက်ခဲသော ပြဿနာများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သော လူသားများအကြားတွင် တခါတရံ သတိမပြုမိကြသော်လည်း သတိထားသင့်သော ပြဿနာများစွာ ရှိနေပေသေးသည်။ အချို့သော ပြဿနာကိစ္စများသည် သာမန်အားဖြင့် အရေးမကြီးဟု ထင်ကောင်းထင်နိုင်စရာ ရှိသော်လည်း ပြောင်းလဲ တိုးတက်လာသော ယနေ့ကမ္ဘာကြီးတွင် မရှိသင့်၊ မဖြစ်ထိုက်သော အရာများဖြစ်၏။ ရှိနေရင်လည်း ကောင်းကျိုးထက် ဆိုးကျိုးပေးနိုင်မှုက ပိုများနေပေဦးမည် ဖြစ်သည်။
`ရှေးထုံးလည်း မပယ်နှင့်၊ ဈေးသုံးလည်းမကြွယ်နှင့်´ ဟူသော မြန်မာစကားပုံ တခုရှိ၏။ ဈေးသုံးကြွယ်လျှင် ၀င်ငွေနှင့် ထွက်ငွေမညီမျှမှုကြောင့် အခက်အခဲ ဖြစ်နိုင်သဖြင့် ဈေးသုံးမကြွယ်နှင့် ဟူသောစကားသည် အပြည့်အ၀ မှန်ကန်သော်လည်း ယနေ့ခေတ်ကာလနှင့် မကိုက်ညီ၊ မဆီလျော်တော့သော အချို့ ရှေးထုံးများကတော့ဖြင့် မပယ်မဖြစ် ပယ်ဖို့ကောင်းပြီဟု ကျနော်ထင်မြင်မိပါသည်။
မကြာသေးခင်က ဖတ်ရှုမိခဲ့သော အမျိုးသမီးစာစောင်တခုတွင် `မခင်နှင်းဆီရဲ့ ဟိုအကိုကြီးသို့ အိတ်ဖွင့်ပေးစာ´ ဟူသော ဆောင်းပါးတပုဒ်အား ဖတ်ရှုခဲ့ရသည်။ တင်ပြပုံ အနည်းငယ် အားနည်းသယောင်ရှိသော်လည်း ဖြစ်သင့်ဖြစ်ထိုက်သည်ကို သူ့အမြင်အတိုင်း ဆောင်းပါးရှင်က ရိုးရိုးရှင်းရှင်းပင် ဖော်ပြထားသည်။ နှစ်သက်စရာ ဆောင်းပါးတပုဒ်ဟု ကျနော်ထင်မိသည်။ သို့သော် တချို့သော ကျနော့်မိတ်ဆွေ အမျိုးသား လူငယ်များအကြားတွင်မူ မည်သို့မည်ပုံ နားလည်မှုလွဲသည် မသိ၊ အနည်းငယ် ဝေဖန်သံများ ကြားနေရ၏။ ထို့ကြောင့် မတူညီသော ဘက်နှစ်ဘက်အကြားတွင် ကျနော်၏ စဉ်းစားထင်မြင်ပုံကို တင်ပြလိုပါသည်။
အရိုးသားဆုံး ၀န်ခံရလျှင် ကျနော်လေ့လာဖတ်ရှုခဲ့ရသော မည်သည့်ကျောင်းစာ၊ မည်သည့် ပြင်ပစာပေများတွင်မှ မိန်းမထမိန်ကို ကိုင်မိ၊ထိမိသော ယောက်ျားများ ဘုန်းခံနိမ့်တတ်သည်ဟူ၍ မလေ့လာ၊ မသင်ကြားခဲ့ရဖူးပါ။ (သို့သော် အချို့သော ဒဏ္ဍာရီ၊ ပုံပြင်များတွင်တော့ ချွင်းချက်အားဖြင့် ရှိသော်လည်း တိကျခိုင်မာသော အထောက်အထားအနေဖြင့်တော့ မည်သည့်စာအုပ်များကမှ ထိုသို့ မဖော်ပြထားပါ။) ကျနော့်မိဘများကလည်း ထိုသို့ မညွှန်ပြခဲ့ကြပါ။ သို့သော် ကျနော်တို့ ကျင်လည်ခဲ့ရသော ပတ်ဝန်းကျင်တွင်မူ ထိုသို့သော ပြောသံဆိုသံများ ကြားခဲ့ဖူးပါသည်။
`ဟဲ့ကောင်လေး၊ ဘုန်းတွေကံတွေ နိမ့်ကုန်အုံးမယ်၊ ထမိန်တန်းအောက်က မသွားနဲ့လေ´ ဟူသည်မှာ ကျနော်ငယ်စဉ်က မကြာခဏ ကြားခဲ့ဖူးသော အသံဖြစ်ပြီး ယနေ့ထက်တိုင်ပင် တည်ရှိနေသေးသော စကားသံ ဖြစ်ပါသည်။ အကျိုးဆက်ကတော့ အများစုသော လူငယ်မျိုးဆက်သစ်များ ဒီအတိုင်းပင် ခေါင်းထဲရိုက်သွင်းလိုက်သလို စွဲမှတ်သွားကြပါသည်။
ရှင်မွေ့နွန်းနှင့် မင်းနန္ဒာ ဇာတ်တော်ကိုဖတ်ပြီးမှ သူ့ဇနီးသည်ကို သူ့ညာဘက်လက်မောင်းပေါ် အအိပ်မခံတော့ဘူးဟု ဆိုလာဖူးသော ခပ်ကြောင်ကြောင် သူငယ်ချင်းတယောက်ကိုလည်း ကျနော်ကြုံခဲ့ရဖူးပါသည်။ ဘာကြောင့်လဲဟု ပြန်မေးသောအခါတွင် သူက `ယောက်ျားတို့ဘုန်း၊ လက်ရုံးတဲ့ကွ၊ ညာလက်ရုံးမှာ ယောက်ျားတွေရဲ့ ဘုန်းကံရှိတယ်´ဟု ပြန်ဖြေပါသည်။
ဘုန်းကံ ဟူသည်ကို `မရှိ´ဟု ကျနော်မဆိုလိုပါ။ မြင့်မြတ်သော အကျင့်ကို ကျင့်ကြံသူ မည်သည့်ယောက်ျား၊ မိန်းမမဟူ ဘုန်းကံရှိနိုင်ပါသည်။ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားတွင် ဘုန်းကံရှိသလို ရဟန်းအမ ၀ိသာခါတွင်လည်း ဘုန်းကံရှိပါသည်။ ဘုန်းကံ ရှိခြင်း၊ မရှိခြင်းဟူသည်မှာ မိမိ၏ ကျင့်ကြံလုပ်ကိုင်သော အမူအကျင့်၊ ကိုယ်ကျင့်တရားပေါ်တွက် မူတည်သည်ဟု ကျနော် ထင်မြင်ပါသည်။
`ဘုန်းကံ´ဟူသည့် စကားရပ်၏ အဓိပ္ပာယ်ကိုက `မြင့်မြတ်ခြင်း´ဟု အဓိပ္ပာယ်ရသည် ဖြစ်ရာ မြင့်မြတ်သော အကျင့်ကို ကျင့်ကြံသူ မည်သည့်ယောက်ျား၊ မိန်းမဖြစ်စေ ဘုန်းကံရှိမည် ဖြစ်ရာ ယောက်ျားများမှ ဘုန်းကံ ရှိသည်၊ ယောက်ျားများက မိန်းမများထက် ဘုန်းကံမြင့်သည်ဟူသော အယူအဆများမှာ ရာဇ၀င်ထဲမှာ ထားခဲ့သင့်ပြီဖြစ်သော အယူအဆများ ဖြစ်ပါသည်။
ကျနော် စဉ်းစားမိသည့် အရာတခု ရှိပါသည်။ ကျနော်တို့ ယောက်ျားတွေ မိန်းမထမိန်အောက် ဖြတ်တိုင်းသာ ယုတ်ညံ့ရတော့မည် ဆိုလျှင် ကျနော်သည် ယုတ်ညံ့သော လူတယောက်ဖြစ်နေပြီလော။ အဘယ်ကြောင့်ဆိုသော် နှစ်ထပ်ထက်ပိုမြင့်သော အဆောက်အဦးများတွင် ကျနော်က အောက်ထပ်တွင် ရှိနေချိန်တွင် ထမိန်ပေါင်း မြောက်များစွာ ကျနော့်ခေါင်းပေါ် အပေါ်ထပ်များတွင် ဥဒဟို လှုပ်ရှားသွားလာ နေကြပါသည်။ ဒါဆိုရင် ကျနော်က အလိုလို ယုတ်ညံ့ရတော့မည်လော၊ ကျနော် မပြောတတ်တော့ပါ။
ထမိန်ကိုကိုင်တိုင်း ယုတ်ညံ့ရတော့မည်ဆိုလျှင် သူငယ်ချင်း အမျိုးသမီး ကျောင်းသူများနှင့်အတူ ခရီးအတူတူ သွားခဲ့ရစဉ်အခါက ကူညီသယ်ပေးခဲ့သော သူတို့၏ ခရီးဆောင်အိတ်များအထဲမှ ထမိန်များက ကျနော့်ကို ယုတ်ညံ့စေတော့မည်လော။ ကျနော်ကပင် အတွေးတိမ်သလား မပြောတတ်ပါ။ ထိုသို့သော အယူအဆများကို ကျနော်တဦးတည်း၏ အမြင်ကတော့ လက်မခံနိုင်ပါ။
နောက်ထပ်အတွေးတခု တင်ပြချင်ပါသေးသည်။ အကယ်၍များ စာဖတ်သူ အနေဖြင့် ယောက်ျားတယောက် ဖြစ်ခဲ့ညားအံ့၊ သင့်နောက်တွင် သင့်အားတွေ့ရာ သင်္ချီုင်း ဓားမဆိုင်းသတ်မည့် လူသတ်သမားများက လိုက်လာ၍ သင်ကလည်း အသက်လု၍ ပြေးနေရပြီ ဆိုကြပါစို့။ ပြေးနေရင်းနှင့်များ အတန်ငယ်မြင့်သော ထမိန်တန်းတတန်းနှင့် ရုတ်တရက်တိုးပြီ ဆိုပါစို့။ ရွေးစရာလည်း လမ်းမရှိပါက သင်မည်သို့ ပြုလုပ်မည်နည်း။
`ငါသည် ထမိန်တန်းအောက်က ဖြတ်လျှင် ယုတ်ညံ့ပေလိမ့်မည်၊ ဒါကြောင့် ကျော်ကို ကျော်မှဖြစ်မည်´ ဟုများ တွေးနိုင်မည်လော၊ ကျနော်ဆိုရင်တော့ ကျနော်၏အသက် လောလောဆည် လွတ်မြောက်ရေးအတွက် ခုန်မကျော်နိုင်ရင်တော့ ၎င်းထမိန်တန်းအောက်က ဖြတ်မှာ အသေအချာပင် ဖြစ်ပါသည်။ ခုန်ကျော်၍များ မလွတ်ခဲ့လျှင် မှောက်လျက်သားလဲပြီး လူသတ်သမားက ကျနော့်အား သတ်မှာ သေချာပါသည်။ ယင်းမှာ ကျနော် လက်တွေ့ကျကျ စဉ်းစားကြည့်မိသော အချက်များ ဖြစ်ပါသည်။
ကျနော် ဤကဲ့သို့ တင်ပြနေရခြင်းသည် ကျနော်တို့ ယောက်ျားများအနက်မှ အချို့သော နားလည်မှု လွဲသူများကို တည့်မတ်ပေးလိုသော သဘောအရင်းခံသာ ဖြစ်ပါသည်။ သဘာဝ၏ ဖန်တီးပေးထားချက်အရ မိန်းမများတွင် အာဝနိကဒုက္ခများ ရှိသည်ကို အကြောင်းပြုပြီး ၀တ်ဆင်သော အ၀တ်အစားချင်းအတူတူ ခွဲခြားဆက်ဆံ၍ အမြင်ကျဉ်းမြောင်းခြင်းကို မသင့်လျော်ဟု ထင်မြင်ခြင်းသည် ကျနော်၏ ပကတိအမြင်ပင် ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် ကျနော်၏ ဘ၀အစသည် ကျနော့်အမေ၏ ထမိန်နှင့် မကင်းနိုင်ခဲ့သည်က တကြောင်း ဖြစ်ပါသည်။ တခါ ကျနော့်ညီမ အငယ်ဆုံးအား မေမေမွေးထုတ်သောအချိန်တွင် အကြီးဆုံးသားဖြစ်သူ ကျနော်က ကျနော့်မေမေ၏ မီးတွင်းမှ ထမိန်များကို ကျေကျေနပ်နပ်ကြီး ကိုင်တွယ်လျှော်ဖွတ်ခဲ့ဖူးပါသည်။ ထိုသို့ ထမိန်ကိုင်ခဲ့ရခြင်းကိုလည်း သူငယ်ချင်းများနှင့် စကားစပ်မိတိုင်း `ငါက ငါ့အမေရဲ့ ထမိန်ကို ကောင်းကောင်း လျှော်ပေးဖူးတယ်ကွ´ လို့ ဂုဏ်ယူ ၀ံ့ကြွားစွာ ပြောခဲ့သည်ချည်းသာ ဖြစ်ပါသည်။ ကျနော့်အတွေးထဲတွင်လည်း ကျနော့်မေမေကို ထိုသို့ ကူညီနိုင်ခဲ့ခြင်းကို ယခုတိုင်အောင်ပင် ကျေနပ်မဆုံးအောင် ခံစားနေရဆဲ ဖြစ်ပါသည်။ နောက်ထပ်လည်း ကျနော့်မေမေ၏ ထမိန်ကို ကိုင်တွယ်လျှော်ဖွတ်ခွင့် ရသေးလျှင် လျှော်ဖွတ်ပေးအုံးမှာ ဖြစ်ပါသည်။
ယနေ့ခေတ်ကာလသည် လူဖြူလူမည်းမရွေး၊ အမျိုးသား အမျိုးသမီးမရွေး၊ မိမိတို့၏ ကမ္ဘာလောကကြီး တိုးတက်သည်ထက် တိုးတက်အောင် မိမိတိုင်းပြည်၊ မိမိလူမျိုး သူများထက် နောက်ကျမကျန်နေရအောင် အပြိုင်အဆိုင် ကြိုးပမ်းနေသော ခေတ်ဖြစ်ပါသည်။ လူဖြူလူမည်း ခွဲခြားသော၊ လူ့အခွင့်အရေး ချိုးဖောက်သော၊ အမျိုးသမီးများကို ခွဲခြားဆက်ဆံသော နိုင်ငံများ နိုင်ငံတကာအလယ်တွင် မျက်နှာပန်း မလှကြတော့ပါ။ အမျိုးသမီးများ၏ အခန်းကဏ္ဍကို အမျိုးသားများက လစ်လျူရှုထား၍ ဘယ်လိုမှ မရတော့သော အချိန်ကာလ ဖြစ်ပါသည်။
အမျိုးသမီးများကလည်း တချိန်က အဖိနှိပ်ခံခဲ့ရသမျှ၊ တချိန်က အလစ်လျူရှုခံခဲ့ရသမျှ ယခုလို ကိုယ်စွမ်းကိုယ်စ ပြခွင့် ရသည့်အချိန်တွင် အတိုးချ၍ ကြိုးစားဆောင်ရွက်နေကြသည်ဟု ထင်မြင်မိပါသည်။ ဒါကို ကျနော်တို့ အမျိုးသားများက လက်ခံကြိုဆိုရမည် ဖြစ်ပါသည်။ သို့မှသာလျှင် ကျနော်တို့တတွေသည် သူများနောက် ပြတ်မကျန်ခဲ့မှာ ဖြစ်သည်။ အမျိုးသမီး အခွင့်အရေးများကို လေးစားလိုက်နာကြသည်ဆိုသော ကျနော်တို့ ယောက်ျားများသည် အမျိုးသမီးတို့၏ ထမိန်များကို တကယ့်အရေးကြီး ကိစ္စများသဖွယ် ဘာများ ဇီဇာ ကြောင်နေစရာ ရှိနေအုံးမည်နည်း။
ယနေ့ နိုင်ငံတကာမှာ သူများတိုင်းပြည်တွေ အသီးသီးတိုးတက်နေကြပေပြီ။ ကျနော်တို့ နိုင်ငံကတော့ အနောက်ဘက်ကို ပြန်ဆုတ်နေသည့်အလား မတိုးတက်နိုင်ပဲ ဆုတ်ယုတ်မှုတွေကသာ များပြားလာနေသည်။ ဉာဏ်ထက်မြက်သော၊ လုပ်နိုင်ကိုင်နိုင်စွမ်းရှိသော ကျနော်တို့ ညီမငယ် မျိုးဆက်သစ် အမျိုးသမီးငယ်များ မြန်မာပြည်တွင်းရှိ လစာနည်းပါးလှသော၊ အမျိုးသားများ မလုပ်ချင်သော အလုပ်များမှာ လုပ်နေကြရတုန်းပင် ဖြစ်ပါသည်။
စစ်အုပ်စုကတော့ သူတို့ဇနီးများကို ခေါင်းဆောင်လုပ်စေသော ဟန်ဆောင်ဗန်းပြ အမျိုးသမီးစောင့်ရှောက်မှု အဖွဲ့ဖြင့် ပြည်သူကို၊ ကမ္ဘာကို အရှက်ကင်းမဲ့စွာ လိမ်ညာနေသည်။ မိဘကို အမှန်စင်စစ် လုပ်ကျွေးချင်သော အမျိုးသမီးငယ်များနှင့် စားဝတ်နေရေး အခက်အခဲကြောင့် မြန်မာနိုင်ငံမှ တရားမ၀င် ထွက်ခွာ အလုပ်လုပ်ကိုင်နေရသော အမျိုးသမီးများ သူတပါးနိုင်ငံမှာ ဘယ်လောက် ဒုက္ခရောက်နေရသည်ဆိုသည်ကို သူတို့မသိ၊ သူတို့သိသည်မှာကား သူတို့၏ အာဏာတည်မြဲရေး တခုတည်းသာတည်း။
ဒါကြောင့် ဒီလိုဆိုးဝါးတဲ့ အာဏာရှင်များ ပြုတ်ကျရေးသည် ကျနော်တို့ရဲ့ အဓိက အရေးကြီးသော ရည်မှန်းချက် ဖြစ်လာပါသည်။ ရဲရင့်သော၊ မြင့်မြတ်သော၊ စိတ်ဓာတ်ခိုင်မာသော အာဇာနည် အမျိုးသမီးကောင်းများကို ကျနော်တို့နှင့်အတူ ပန်းတိုင်အရောက် ချီတက်နိုင်ရေးအတွက် ကျနော်တို့ ယောက်ျားများက ပုခုံးပေါ် ထမ်းခေါ်သင့်လျှင် ထမ်းခေါ်ရပါတော့မည်။ ဇီဇာကြောင်နေ၍ အမြင်ကျဉ်းမြောင်းနေ၍ မရတော့ပါ။
ထို့ကြောင့်ပင် ကျနော်ကတော့ ကျနော့်မေမေ၏ ထမိန်စကို လက်မောင်းတွင် အမြတ်တနိုးပတ်ပြီး ကျနော့်ထက် မြင့်မြတ်ထက်မြက်သော အမျိုးသမီး သူရဲကောင်းများကို ပုခုံးပေါ်ထမ်း၍ မတရားမှုကို တိုက်ပွဲဝင်ရန် အသင့်ပါပဲဟု တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။ စစ်မှန်သော၊ ထက်မြက်သော အတွေးအမြင်များ အမျိုးသမီးတိုင်း အမျိုးသားတိုင်းတွင် ပိုမိုရင့်သန်ပြီး တိုင်းပြည်၏ ကောင်းရာကောင်းကျိုး ဆောင်ရွက်နိုင်ကြပါစေ။
ကလိုစေးထူး
Friday, January 12, 2007
ဇာတ်ပေါင်းခန်း...
*** အခန်း(၁) လေယာဉ်ပြေးလမ်းနှင့် ဘီးထိခတ်မှုနှင့်အတူ လေယာဉ်က သိမ့်ကနဲဖြစ်သွားသည်။ ရိပ်ကနဲ ရိပ်ကနဲ ပြေးနေသော မြင်ကွင်းတွေကို ကြည့်ရင်း အမိမြန်မာပြည်ကို ပြန်ရောက်ပြီပဲ ဟူသော အသိနှင့်အတူ ရင်ခုန်နှုန်းတို့က မြန်ဆန်လာ၏။ ရောက်ခဲ့ပြီပေါ့… ခွဲခွာခဲ့ရတာကြာသော အမိနိုင်ငံ၊ ကျနော့်မွေးရပ်မြေ နိုင်ငံ။ `သားကြီး၊ မေမေတို့ ဒီမှာ´ များစွာသော စောင့်ကြိုနေသူထဲမှ အသံတသံ။ မေမေ…….။ ဖေဖေ….။ ပြီးတော့ ညီလေးနှင့် ညီမလေး။ မေမေနှင့် ဖေဖေက ခွဲခွာရချိန်ကထက်စာလျှင် အတန်ငယ် အိုစာသွားသယောင်။ သို့သော် သူတို့ အပြုံးတွေက သားကြီးကျနော်၏ အိမ်အပြန်လမ်းအတွက် လတ်ဆတ်နေ၏။ တက်ကြွနေ၏။ နွေးထွေးနေ၏။ ဘေးဘီဝဲယာမှာလည်း ခွဲခွာခဲ့ရခြင်းများ၏ အဆုံးသတ် အပျော်မြစ်များ မပြတ်စီးဆင်းနေ၏။ သူတို့တွေ၏ မျက်နှာတွင် မျက်ရည်များ စိုစွတ်နေကြသည်။ ဒါပေမယ့် အပျော်မျက်ရည်၊ ကြည်နူးခြင်း စမ်းချောင်းများသာတည်း။ လူတိုင်း လူတိုင်း၏ မျက်နှာတွေကား အိပ်မက်ဆိုးမှ လွန်မြောက်လာသူတွေလို ဖိစီးခြင်းကင်းစွာ၊ အကြောက်တရား မဲ့စွာ အားလုံး ပျော်နေကြ၏။ ကျနော်တို့ စောင့်စားခဲ့ရသော ဒီနေ့။ ကျနော်တို့ ကြိုးစားခဲ့ရသော ဒီနေ့။ ကျနော်တို့ ဖြစ်စေချင်ခဲ့သော ဒီနေ့ ရောက်လာပြီပဲ။ ဒီနေ့အတွက် ပေးလိုက်ရတဲ့ အချိန်တွေ၊ အသက်တွေ၊ နာကျည်းမှုတွေ၊ ဆုံးရှုံးမှုတွေ၊ ဘ၀တွေ၊ …..။ အခုတော့ အရာရာအားလုံးက ဇာတ်ပေါင်းခန်းကို ရောက်လာခဲ့ပေပြီ။ ပြုံးရွှင်စွာ စောင့်ကြိုနေသော မိဘနှစ်ပါးဆီ အပျော်တွေ အပြည့်ဖြင့် ခပ်သွက်သွက်လေး လှမ်းလိုက်ရင်း အားရပါးရကြီး ခေါ်ပစ်လိုက်သည်။ `ဖေဖေ´ `မေမေ´ အခန်း(၂) `၀ုန်း´ကနဲ ကုတင်ပေါ်မှ ပြုတ်ကျသွားသော အသံကြောင့် တဖက်အခန်းမှ သူငယ်ချင်းက အလန့်တကြားဖြင့် အခန်းထဲ ပြေးဝင်လာ၏။ `ခင်ဗျား အိပ်မက် မက်နေတာလား´ `ဟုတ်တယ်ဗျာ´ ခေါင်းတရမ်းရမ်းဖြင့် ပြန်ထွက်သွားသော သူငယ်ချင်း၏ နောက်ကျောကို လိုက်ကြည့်ရင်း မကျေမချမ်းဖြင့် ရေရွတ်မိ၏။ `အိပ်မက်တဲ့လားကွာ…၊ ဒါဟာ အိပ်မက်တဲ့လား´ *** ကလိုစေးထူး |
Thursday, January 11, 2007
သမိန်ဗရမ်းနှင့် အတူ...
ဒီနေ့တော့ ကျနော် သရုပ်ဖော် စာတပုဒ်ကြိုးစား ရေးကြည့်ထားပါတယ်။ ၀တ္တုတိုလဲ မဟုတ်၊ အက်ဆေးလဲမဟုတ် ဘာမှန်းမသိတဲ့ သရုပ်ဖော်စာတပုဒ်ပါ။ သင်္ဘောနဲ့ သွားခဲ့ရတဲ့ ခရီးစဉ်တခုကို ပုံဖော်ကြည့်တာပါ။ မော်လမြိုင်-မုတ္တမ ဇက်ကူးသင်္ဘောနဲ့ ခရီးသွားရတဲ့ အကြောင်းပေါ့။ ၁၉၉၉ ခုနှစ်လောက်က မြင်ကွင်းကို ခံစား ပုံဖော်ပါတယ်။ ဖတ်ကြည့်ပေးပါအုံး။
သမိန်ဗရမ်းနှင့် အတူ…
***
‘ကဲ.. ရောက်ပါပြီ။ ဈေးကြီးကို´
ကားစပယ်ရာလေးရဲ့ ခပ်ကျယ်ကျယ်အော်သံကြောင့် ငိုက်မြည်းနေတဲ့ ကျနော်တယောက် လန့်နိုးသွားပါတယ်။ ကျိန်းစပ်စပ်ဖြစ်နေတဲ့ မျက်လုံးကို ပွတ်သပ်ရင်း ကားပေါ်က ဆင်းလိုက်တော့ ပျားပန်းခတ် လှုပ်ရှားနေကြတဲ့ လူတွေနဲ့ မော်လမြိုင်ဈေးကြီးက ကျနော့်ကို မသိချင်ယောင်ဆောင်နေပါတယ်။ ဈေးသည်၊ ဈေးဝယ်တွေနဲ့ စီစီညံနေတဲ့ ဈေးကြီးကို ကျနော်ကလဲ ဂရုမစိုက်အားပါဘူး။ မုတ္တမကို ကူးဖို့ ဇက်ကို မှီနိုင်ဖို့အတွက် ‘ရွှေတောင်´ ဆိပ်ကမ်းကိုပဲ ခပ်သုတ်သုတ်နှင်ရပါတယ်။
ဈေးကြီးအရှေ့ကဖြတ်လို့ ဘေးကလမ်းကလေးကို အနည်းငယ် လျှောက်လိုက်တော့ ရွှေတောင်ဆိပ်ကမ်းကို ရောက်ပါပြီ။ ဒီဆိပ်ကမ်းမှာ မော်လမြိုင်-မုတ္တမ မြစ်ကူးဇက်တွေ ကပ်ပါတယ်။ ပဲ့ချိတ်လှေသမားတွေက ‘မုတ္တမ၊ မုတ္တမလို့´ တစာစာ အော်နေပေမယ့် ခရီးသည်အများစုကတော့ ဈေးသက်သာပြီး အန္တရာယ်လဲ ပိုကင်းတဲ့ ပြည်သူပိုင် ဇက်သင်္ဘောကိုသာ စောင့်ဆိုင်း စီးနင်းကြသူများပါတယ်။ ဈေးနှုန်းကလဲ ကွာတယ်၊ ပဲ့ချိတ်က တဆယ်ဆိုရင် ဇက်သင်္ဘောက တကျပ်။
ရန်ကုန်ကို သွားရတိုင်းမှာ ကျနော်တယောက် ဒီဆိပ်ကမ်းကို ရောက်ရလေ့ရှိပါတယ်။ ဒီဆိပ်ကမ်းကနေပဲ သံလွင်မြစ်ကို ဖြတ်၊ ဟိုမှာဖက် မုတ္တမကို ရောက်တော့ ရန်ကုန်ကို ညကား၊ ဒါမှမဟုတ် ရထားဆက်စီးပေါ့။ အများအားဖြင့်တော့ ကားနဲ့သွားတာပဲ များပါတယ်။
သင်္ဘောအလာကိုစောင့်ရင်း ဗောတံတားပေါ်မှာ ဟိုဟိုဒီဒီ လိုက်ငေးကြည့်မိပါတယ်။ တံတားပေါ်မှာတော့ ကျနော့်လိုပဲ သင်္ဘောအလာကို စောင့်ဆိုင်းတဲ့လူတွေနဲ့ မုန့်သည်အချို့၊ ကုန်ထမ်းသမားအချို့၊ တံတားရဲ့ ဟိုးအစွန်နားလေးမှာတော့ အေးအေးလူလူ ငါးထိုင်မျှားနေသူ တယောက်၊ အစိမ်းရောင် ၀တ်စုံဝတ် ပုဂ္ဂိုလ်တချို့ကိုလဲ ရှုတည်တည် မျက်နှာထားနဲ့ တွေ့ရတယ်။ ဟိုဘက်က ဈေးကြီးတံတားဘက်ကို မျှော်ငေးမိတော့ ကုန်တွေထမ်းချနေတဲ့ လူတချို့နဲ့ ငိုက်မြည်းနေတဲ့ သင်္ဘောတချို့ကို တွေ့လေရဲ့။
‘ဘော် …..´
ဥသြရှည်ဆွဲသံတခုကြောင့် မြစ်ထဲကို လှမ်းကြည့်မိတော့ ‘သမိန်ဗရမ်း´ မြစ်ကူးသင်္ဘောကြီးက ကျနော်တို့ ရှိရာကို တရွေ့ရွေ့နဲ့ ချဉ်းကပ်လာနေပါပြီ။ သံလွင်မြစ်ထဲမှာ တနေကုန် ကူးချည်သန်းချည်နဲ့ ခရီးသည်တွေကို တင်ဆောင်နေရလို့ ထင်ပါရဲ့၊ ဥသြသံက ညည်းညူသံ ပါနေသယောင်ယောင်။ ဗောတံတားကို ကပ်မိလို့ သင်္ဘောလက်ရန်း တံခါးကို ဂျိန်းကနဲ ဖွင့်လိုက်တယ်ဆိုရင်ပဲ သင်္ဘောထဲက လူတွေ အောင့်အီးခြင်းမဲ့စွာ စုပြုံတိုးဝှေ့ထွက်လာကြပါတယ်။ အဆင်းလူတွေကို မစောင့်နိုင်တဲ့ တချို့ အတက်ခရီးသည်တွေကလဲ တိုးတိုးဝှေ့ဝှေ့ပေါ့။ အပေါ်ထပ်မှာ ထိုင်ခုံနေရာ မရမှာစိုးလို့ထင်ပါရဲ့။
ကျနော် သင်္ဘောပေါ်ရောက်တော့ အပေါ်ထပ်က ထိုင်ခုံတွေက လူပြည့်လုနီးပါး ဖြစ်နေပါပြီ။ ထိုင်မနေတော့ဘဲ လက်ရန်းဘေးမှာပဲ ရပ်ရင်းနဲ့ ဘေးဘီကို အကဲခတ်မိပါတယ်။ ကျနော့်လိုပဲ ရန်ကုန်ကို ခရီးဆက်မယ့် ပုံစံရှိတဲ့ လူတချို့၊ ရုံးပြန်ကျောင်းပြန် တချို့၊ ဈေးသည်တချို့၊ အလှူခံတချို့၊ ဟိုးရှေ့က သီးသန့်သတ်မှတ်ထားတဲ့ ထိုင်ခုံတွေမှာတော့ သံဃာတော်တချို့။ ခပ်လှမ်းလှမ်းမှာတော့ ချစ်သူစုံတွဲတူပါရဲ့။ ဘေးပတ်ဝန်းကျင်ကို ရှိတယ်တောင် မထင်အားဘဲ တွတ်ထိုးနေပါကလား။
သင်္ဘောစထွက်ပါပြီ။ ဒီသင်္ဘောကြီးနဲ့ ခရီးသွားရတိုင်းမှာ ကျနော်အနှစ်သက်ရဆုံး အခိုက်အတန့်ကလေးပါ။ ဝေးပြီးကျန်ခဲ့တဲ့ မော်လမြိုင်ဆိပ်ကမ်းနဲ့ မော်လမြိုင်အလှ။ ဈေးကြီးဘေးနားက စည်းစိမ်ရှင် တည်းခိုခန်းဆိုတဲ့ စာလုံးလေးတွေကို တလုံးစီ လိုက်ဖတ်ရတာလဲ အရသာ တခု။ ဟိုးတောင်ပေါ်ကို လှမ်းမျှော်ကြည့်တော့ ကျိုက်သံလံ စေတီတော်။ အောက်ဖက်ကို ကြည့်မိတော့ ဆိပ်ခံတံတားတွေနဲ့ ကမ်းနားလမ်း။ ဘယ်သူမှ ကျနော့်ကို လက်ပြနေမှာ မဟုတ်မှန်းသိပေမယ့် အားရပါးရကြီးကို လက်တွေဝှေ့ယမ်း နှုတ်ဆက်ပစ်လိုက်ပါတယ်။ မြစ်ထဲကို ရောက်လာလို့လာပဲ မသိ၊ ရှုသွင်းလိုက်ရတဲ့ လေကလဲ ပိုမိုလတ်ဆတ်နေသလိုလို။
‘ခရီးသွား မိဘပြည်သူ အပေါင်းတို့ခင်ဗျာ´
ဇာတ်ထဲက ပြဇာတ်မင်းသား လေသံလိုလို ခပ်ကျယ်ကျယ်အသံတခုကြောင့် အပြင်က မြင်ကွင်းတွေကို မိန်းမောနေရာကနေ အသံကြားရာကို ခေါင်းငဲ့ကြည့်မိပါတယ်။ လူတယောက်၊ အိတ်ခပ်ကြီးကြီး တလုံးကို အနားမှာ ချထားပြီး လက်ထဲမှာလဲ ပုလင်းခပ်ငယ်ငယ် အရွယ်လေးငါးပုလင်းကို ကိုင်ထားလို့ တခုခုပြောဖို့ အစချီနေပါတယ်။ နားထောင်ကြည့်မိတော့ -
‘ကျနော်အခု မိတ်ဆက်တင်ပြမှာကတော့ ကချည်ပြည်နယ်က အစွမ်းထက်လှတဲ့ မရှော့မြစ် အကြောင်း ဖြစ်ပါတယ်၊ ဒီမရှော့မြစ်ဟာ ဆိုလို့ရှိရင်……
……………………………………………………..
………………………………………………………´
အဲဒီလို အစချီပြီး အဲဒီပုလင်းသေးသေးလေးတွေထဲက လိမ်းဆေးဖြူဖြူတွေကို တခမ်းတနားကြီး ကြော်ငြာပါတော့တယ်။ သူညွှန်းတဲ့အတိုင်းသာဆိုရင် လေဖြတ်ပြီး အိပ်ရာထဲ လဲနေတဲ့ လူမမာတောင် သူ့ဆေးကို မှန်မှန်လိမ်းရင် ငေါက်ကနဲ ထထိုင်နိုင်သတဲ့။ အကြောပေါင်းတထောင်ကို သန်စွမ်းစေနိုင်သတဲ့၊ တတ်လဲ တတ်နိုင်တဲ့လူပေပဲ။ အဲဒီလို ကြော်ငြာပြီးတာနဲ့ သူ့ဆေးပုလင်းတွေကို လိုက်ရောင်းပါတော့တယ်။ အာဝဇ္ဖန်းကရွှင်ရွှင်၊ မျက်နှာထားက ချိုချို၊ မှင်မောင်းက ကောင်းကောင်းနဲ့ ကြော်ငြာလိုက်လို့ ထင်ပါရဲ့။ တချို့လူတွေ တော်တော်အားပေးကြတယ်။ တချို့ကျတော့လဲ မသိလိုက် မသိဘာသာ။ ကျနော်ကတော့ ငေးလို့။
သူရောင်းလို့ ပြီးသွားမလားမှတ်တယ်။ နောက်တယောက်က တစခန်းထလာပြန်ပါတယ်။ အမယ်၊ သူကျတော့ စတိုင်လ်တမျိုးပါ။ သူ့ကြည့်ရတာတော့ မြန်မာလူမျိုး စစ်စစ် ဟုတ်ဟန်မတူ။ အသားက ညိုတဲ့ဘက်ကို လွန်လို့ အနက်နုရောင်ခေါ်ရမလားမသိ၊ အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသား တယောက်ထင်ပါရဲ့။ ၀တ်ထားတဲ့ အင်္ကျီက အဖြူရောင်၊ အောက်က ဘောင်းဘီက စတိုင်လ်ဘောင်းဘီ၊ ရှုးဖိနပ်ကိုလဲ ပြောင်နေအောင် တိုက်ထားလို့ သူ့ဟာနဲ့သူကတော့ ဟုတ်နေတာပါပဲ။ ခေါင်းမှာလဲ ခေါင်းလိမ်းဆီလူးလို့ ဆံပင်တွေကို သေသေသပ်သပ် ဖြီးထားလိုက်ပါသေးတယ်။ လက်ထဲမှာ အတက်ချီကေ့စ် တလုံးကို ဆွဲထားလိုက်ပြန်တော့ ကျနော်သူ့ကို စောစောက တွေ့တုန်းကဆိုရင် ဒီလို ဈေးသည်လို့ကို မထင်ခဲ့တာ အမှန်ပါ။ သူဘာတွေ ကြော်ငြာအုံးမှာပါလိမ့်။
အနှီပုဂ္ဂိုလ် သူ့ရဲ့ အတက်ချီကေ့စ်ထဲက ထုတ်လိုက်တာကတော့ ဓာတ်ပုံတချို့နဲ့ အဖြူရောင် အမှုန့်တွေထည့်ထားတဲ့ ပုလင်းငယ် တချို့ပါ။ ဓာတ်ပုံတွေကတော့ သွားပိုးစားထားတဲ့ လူတချို့ရဲ့ သွားပုံတွေ။ တချို့ဆို လူက ချောချောလေး သွားတွေက အလှဖျက်နေတဲ့ပုံတွေ။ ပုံတွေကို ဟိတ်ဟန်ကောင်းကောင်း၊ မှင်သေသေနဲ့ ဖြန့်ပြပြီး လူတွေအားလုံးကို သူက အားရပါးရ ပြုံးပြပါတယ်။ ပြုံးတာက အဓိပ္ပာယ်ရှိသော အပြုံးလို့ ပြောရပါမယ်။ သူ့ရဲ့ ဖြူဖွေးနေတဲ့ သွားတွေပေါ်အောင် ပြုံးပြတဲ့ အပြုံးကိုး။
ပြုံးပြပြီးတာနဲ့ သူသည်လဲ သူ့ရဲ့ ဈေးကွက်ကို အကောင်အထည်ဖော်ပါတော့တယ်။ စတိုင်လ်ကောင်းကောင်း၊ မှင်သေသေနဲ့ စကားကလဲ ကြွယ်ပါပေ့။ သူ့ဆေးကိုများ မ၀ယ်မိရင် တသက်လုံး သွားဒုက္ခိတပဲ ဖြစ်တော့မယောင်ယောင်၊ သူ့ဆေးကို လိမ်းလိုက်ရင် ခံတွင်းက ကြာညိုနံ့သင်းလို့ သွားတွေမြင် လူချစ်ခင် ဖြစ်မယ့်အကြောင်း စုံလို့ပါပဲ။ ပြောနေရင်းနဲ့ တချက်ချက်မှာ လူအုပ်ထဲကို လက်လှမ်းပြပြီး ‘လာမယ် အမရေ၊ ခနလေးပါနော်´ လို့ လှမ်းပြောလိုက်ပါသေးတယ်။ (အမှန်က သူ့ကို ဘယ်သူမှ မခေါ်ပါဘူး။ ဖိန့်တာပါ)။ နောက်ဆုံးတော့လဲ သူ့အပြောမှာ မျောသွားတဲ့ ခရီးသည်တချို့ရဲ့ အိပ်ကပ်ထဲက ငွေယားတချို့ သူ့ဆေးပုလင်းဖြူဖြူနဲ့ လဲလှယ်ခြင်း ခံလိုက်ရပါတယ်။
ဆေးရောင်းသူတွေရဲ့ အာရုံဖမ်းစားမှုမှာ နစ်မြောနေရင်းကနေ နံဘေးမြင်ကွင်းကို ပြန်ကြည့်မိတော့ သင်္ဘောက ခေါင်းဆေးကျွန်းနားကို ဖြတ်သန်းလို့နေပါပြီ။ စင်ရော်ငှက်ကလေးတွေက ကျီကျီကျာကျာ အသံပေးလို့ သင်္ဘောကြီးနဲ့ အတူ ထပ်ချပ်မကွာ လိုက်ပါပျံသန်းရင်း လူတွေပစ်ပေးတဲ့ အစာတွေကို ရေထဲ မကျအောင် လှလှပပ ထိုးဟပ်စားသောက်လို့ နေပါတယ်။ အနားကို ရောက်လာတဲ့ စာကလေးခွေသည်ဆီက စာကလေးခွေ တထုပ်ဝယ်ပြီး စင်ရော်ကလေးတွေကို ပစ်ကျွေးလိုက်ပါတယ်။ လေထဲကို ပစ်လိုက်တဲ့ စာကလေးခွေ ရေထဲ မကျခင် ထိုးသုတ်လိုက်တဲ့ ဟန်က တိုက်လေယာဉ်တွေအလား ဟန်ချက်ညီပါပေ့၊ ကျွမ်းကျင်ပါပေ့။
သင်္ဘောကြီးနဲ့ စင်ရော်နဲ့ ပတ်သက်လို့ သူများတွေ ပြောဖူးတဲ့ ဟာသတပုဒ်ရှိပါတယ်။ ညားခါစ လင်မယား နှစ်ယောက် သင်္ဘောကြီးနဲ့ ခရီးတခု အတူသွားတော့ အခုလိုပဲ စင်ရော်ကလေးတွေကို တွေ့သတဲ့။ အဲဒီအခါမှာ ဇနီးလုပ်သူက သူ့ရဲ့ ချစ်ခင်ပွန်းကို မေးသတဲ့။
‘မောင်ရေ၊ ဟိုးမှာ ဘာငှက်ကလေးတွေလဲဟင်´
ခင်ပွန်းသည်ကလဲ ချစ်ရည်ရွှမ်းတဲ့ အကြည့်နဲ့ ပြန်ကြည့်ရင်း
‘အချစ်ငှက်ကလေးတွေပေါ့ အချစ်ရယ်´ လို့ပြန်ဖြေသတဲ့။
ဒီလိုနဲ့ နောက်ငါးနှစ်လောက်ကြာတော့ အဲဒီဇနီးမောင်နှံ ဒီလိုပဲ သင်္ဘောကြီးနဲ့ ခရီးသွားရင် စင်ရော်ကလေးတွေကို တွေ့ပြန်သတဲ့။ ဒါပေမယ့် အဲဒီအချိန်မှာတော့ အခြေအနေတိုးတက်မှုတွေက ရှိလာပြီ။ ကလေးက နှစ်ယောက်ရလာပြီ။ ယောက်ျားကိုကြည့်တော့ ကမ္ဘာပေါ်မှာ သူ့လောက်ကံဆိုးတဲ့လူ မရှိတော့သယောင် ဟန်ပန်နဲ့။ မိန်းမကလဲ ပိုသီဖတ်သီ၊ ဖိုးရို့ဖားယားတွေ ဖြစ်နေပြီ။ ဒါပေမယ့် အဲဒီစင်ရော် ငှက်ကလေးတွေကို တွေ့တော့ မိန်းမလုပ်သူက ညားခါစက မေးခဲ့တာကို သတိရပြီး သူ့ချစ်လင်တော်မောင်ကို စိတ်ကူးလေး တယဉ်ယဉ်နဲ့ မေးပြန်သတဲ့။
‘ဟိုးမှာ ဘာငှက်ကလေးတွေလဲ၊ မောင်‘
ဒီတကြိမ်မှာတော့ ဟိုသကောင့်သားက အချစ်ငှက်ကလေးတွေလို့ မဖြေတော့ပါဘူး။
‘တယ်၊ ဒီကမြင်းမ စိတ်ညစ်ရတဲ့ကြားထဲ ငှက်စုတ်ကို လာပြနေသးတယ်၊ ဟိုမှာ ကလေးတွေကို သေချာထိန်း´ လို့ ပြန်မာန်မဲလိုက်ပါလေရောတဲ့။ ယောက်ျားနဲ့ မိန်းမ ချစ်ကြပုံခြင်းမတူတာကို ပြတဲ့ပုံပြင်လား မပြောတတ်ပါ။
နာရီဝက်သာသာလောက် ခုတ်မောင်းအပြီးမှာတော့ မုတ္တမဆိပ်ကမ်းကို လှမ်းမြင်ရပါပြီ။ သင်္ဘောကြီးက ‘ဘော်´ လို့ သံရှည်ဆွဲရင်း ငိုက်မြည်းနေတဲ့ခရီးသည်တွေ၊ စကားကောင်းနေတဲ့ ခရီးသည်တွေ၊ မှိုင်တွေနေတဲ့ ခရီးသည်တွေ၊ ငေးမောနေတဲ့ ခရီးသည်တွေကို သတိပေးလိုက်တော့ လူတွေအားလုံး လှုပ်လှုပ်ရွရွဖြစ်လာပါတယ်။ အထုပ်တွေအပိုးတွေ ပြင်တဲ့လူကပြင် စောစောက ဆေးသည်တွေလဲ ဘယ်ရောက်ကုန်ပြီမသိ။ သင်္ဘောကြီးကတော့ ကမ်းနားကို တရွေ့ရွေ့ ချဉ်းကပ်လို့လာပါပြီ။
သင်္ဘောကြီးက ကမ်းကို အကပ်မှာ ရင်သပ်ဖွယ်ရာနဲ့ ၀မ်းနည်း စိတ်မချမ်းမြေ့စရာ တခုကို တွေ့လိုက်ရပါတယ်။ လူငယ်တချို့ သင်္ဘောကြီး ကမ်းကို အကပ်ကိုတောင် မစောင့်နိုင်အားဘဲ ဘောတံတားပေါ်ကနေ သင်္ဘောပေါ်ကို လှမ်းခုန်တက်ကြတာပါ။ ရည်ရွယ်ချက်ကတော့ ခရီးသည်တွေရဲ့ အထုပ်အပိုးကို ကူလီအဖြစ် ထမ်းခွင့်ရဖို့ကို သူ့ထက်ငါ ဦးအောင်ပါ။ သင်္ဘောကို ခုန်အကူးမှာ ခြေချော်လက်ချော်နဲ့ ပြုတ်ကျသွားရင်ဖြင့် မတွေးရဲစရာ၊ ကျလဲ ကျဖူးတယ်လို့ တချို့လူတွေ ပြောဖူးပါတယ်။ ဒါပေမယ့် ငါ့ဝမ်းပူဆာ မနေသာတော့လဲ သူတို့ခမျာမှာ အသက်ဘေးကိုလဲ မငဲ့နိုင်ကြတော့ပါဘူး။ အထုပ်ခပ်ကြီးကြီး တထုပ်ထမ်းပိုးခွင့်ရရေးကိုသာ ရှေ့တန်းတင်လို့ ဘာကိုမှ မကြောက်နိုင်ကြတော့ပါ။
သင်္ဘောကြီးလဲ ကမ်းကပ်ပါပြီ။ မောပန်းလာတဲ့ သင်္ဘောကြီးထဲက လူတွေစုပြုံတိုးဝှေ့ပြီး ပွင့်အန်ထွက်ကျလာပါပြီ။ သင်္ဘောကြီးကတော့ နောက်ထပ် ခရီးစဉ်တွေအတွက် အားယူနေတယ် ထင်ပါရဲ့။ စီးမျောနေတဲ့ လူတန်းကြီးနဲ့အတူ လိုက်ပါရင်းနဲ့ ကမ်းနားပေါ်ရောက်တာ့ ခွဲခွာရခါနီး သင်္ဘောကြီးကို လှမ်းငေးကြည့်မိပါတယ်။ နောက်မှ ဆုံတာပေါ့လို့ လှမ်းနှုတ်ဆက်နေသယောင်ယောင်။ `ဘေးကို၊ ဘေးကို´လို့ ခပ်ကျယ်ကျယ် အော်သံကြောင့် အလန့်တကြားကြည့်မိတော့ အထုပ်ခပ်ကြီးကြီးကို ထမ်းပိုးထားတဲ့ အထမ်းသမား လူငယ်တယောက်။ ခပ်မြန်မြန်ပဲ ဖယ်ပေးလိုက်ရင်း ရှေ့ဆက်ရအုံးမယ့် ခရီးအတွက် ကားလက်မှတ်ရောင်းတဲ့ နေရာကို အသော့နှင်ရပါတော့တယ်။ နေရစ်ခဲ့အုံးတော့ သမိန်ဗရမ်းရေ…။
နှစ်တွေ ကြာခဲ့ပါပြီ။ အခုလောက်ဆိုရင် သမိန်ဗရမ်း သင်္ဘောကြီး ဘယ်ဆီမှာပါလိမ့်။ လူတွေကို တင်ဆောင်ရင်း တာဝန်ကျေနေဆဲပဲလား။ ဒါမှမဟုတ်.. ဘယ်ကိုများ ရောက်နေမှာပါလိမ့်။
***
ကလိုစေးထူး
Wednesday, January 10, 2007
နောက်ဆုံး အစာ...
မနေ့ကပါ။ အပြင်က ပြဿနာလေး တခုကြောင့် လူက ဖုတုတုနဲ့ စိတ်မကြည်မလင် ဖြစ်နေတုန်း ဂျီတော့ခ်ကိုရောက်တော့ သူငယ်ချင်းတယောက်နဲ့ စကားပြောဖြစ်ပါတယ်။ အကြောင်းအရာကတော့ အီရတ်မှာ တလောတုန်းက ကြိုးမိန့်ပေး၊ ကွပ်မျက်ခံလိုက်ရတဲ့ ဆက်ဒမ်ဟူစိန်အကြောင်း ပြောဖြစ်တာပါ။ အာဏာရှင်ကြီး ဆက်ဒမ်ဟူစိန်ဟာ သူကြိုးစင်ပေါ်ကို တက်တဲ့အချိန်မှာရော ကြိုးစင်ကို ဖြုတ်ချလိုက်တဲ့ နောက်ဆုံးအချိန်အထိမှာပါ (တကယ်တမ်း ပြောရရင်) တည်ငြိမ်ပါတယ်။ သူ့ကို ကြိုးကွင်း စွပ်လိုက်တဲ့ အခိုက်အတန့်မှာတော့ လုံးဝကြီး လက်လျှော့လိုက်တဲ့ မျက်နှာထားမျိုး ဖြစ်သွားတာ တခုပါပဲ။ ဒါကတော့ ပုထုဇဉ်လူသားပီပီ တကယ်တမ်း အသက်သေရတော့မယ် ဆိုတာ သေချာသွားတော့ ဒီလိုပဲ ဖြစ်မှာပါ။ ကျနော်တို့ နိုင်ငံက သတ္တိခဲ အာဏာရှင်ကြီးတွေ အလှည့်ကျရင်သာ အဲဒီလောက်တောင် တည်ငြိမ်နိုင်ပါ့မလား စဉ်းစားစရာ။ သတ္တိခဲလို့ ပြောလို့ တမျိုးမထင်လိုက်ပါနဲ့။ တကယ်ကို သတ္တိကောင်းကြတာပါ။ လက်နက်မဲ့ အမျိုးသမီးတယောက်ကိုတောင် လွတ်လပ်စွာ လှုပ်ရှားသွားလာ ပြောဆိုခွင့် မပေးတာက သူတို့ရဲ့ သတ္တိကို ဖော်ပြနေတာပါ။ ဆက်ဒမ်လိုများ ဇာတ်သိမ်းရမယ်ဆိုရင်တော့ ခြေထောက်ကို တရွတ်တိုက်ဆွဲပြီး ခေါ်တင်ရမလားမသိလို့ တွေးလိုက်မိပါသေးတယ်။ ဆက်ဒမ်ကြီးက သူကြိုးစင်မတက်မီမှာ နောက်ဆုံး အစားအစာအဖြစ် ထမင်းနဲ့ကြက်သား၊ ရေနွေးအဖြူထည်နဲ့ ပျားရည် စားသွားပါသတဲ့။ အဲဒါက ကျနော်နဲ့ စကားပြောဖြစ်တဲ့ သူငယ်ချင်းက ပြောပြတာပါ။ ခင်ဗျားဘယ်လိုသိတုန်း ဆိုတော့ သူက ၀က်ဘ်ဆိုက် လင့်ခ်တခုပေးပါတယ်။ အင်တာနက် ကမ္ဘာရဲ့ ကျေးဇူးကတော့ ကြီးပါပေ့။ သူပေးတဲ့ ၀က်ဘ်ဆိုက်လင့်ခ်ကို ဖတ်လိုက်တော့ လားလား။ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်အလက်တွေ အများကြီးတွေ့ရပါတော့တယ်။ ကျနော်စိတ်ဝင်စားမိသလောက် တင်ပြရရင် နာဇီစစ်အာဏာရှင် အဒေါ့ဖ် အိုက်ခ်မန်းဟာ သူ့ရဲ့ နောက်ဆုံး အစာအဖြစ် ဂျူးဝိုင်အရက်ကို ပုလင်းဝက် သောက်သွားပါသတဲ့။ ဟစ်တလာလက်အောက်မှာ နေခဲ့ရစဉ်တုန်းက သောက်ချင်ရက်နဲ့ အောင့်အီးပြီး နေခဲ့ရသလား မသိနော်။ ရောဘတ်အယ်လ်တန် ဟားရစ်စ် ဆိုတဲ့ လူသတ်သမား၊ ဓားပြ ပုဂ္ဂိုလ်ကတော့ သူသေခါနီးကို ပက်ပ်စီကိုလာ ခြောက်ဗူး၊ ပီဇာအကြီး နှစ်ချပ်နဲ့ ကင်တပ်ကီ ကြက်ကြော် ၂၁ ခုကြီးများတောင် စားသွားပါသတဲ့။ အံ့သြလောက်စရာ။ ကိုကာကိုလာရဲ့ လူကြိုက်များပုံကလဲ အံ့မခန်းစရာပါ။ ၀ီလီယံဘိုနင်ဆိုတဲ့ လူသတ်သမားဟာ သူ့ရဲ့ နောက်ဆုံးအစာမှာ ကိုကာကိုလာ ဆယ့်ငါးဗူးကြီးများတောင် သောက်သွားပါတယ်။ လီယွန်ဂျာရိုမီ မိုဆာ ဆိုတဲ့ ပုဂ္ဂိုလ်ဆိုရင်လဲ နှစ်လီတာဆန့် ကိုကာကိုလာပုလင်းကြီး နှစ်ပုလင်းကုန်အောင် သောက်ပါသတဲ့။ ကိုကာကိုလာကို သေခါနီး သောက်သွားကြတဲ့ တခြားသော လူတွေလဲ မနည်းပါဘူး။ ဗစ်တာဖာဂူအာ ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ သူသေဆုံးခါနီးကို သံလွင်သီး တလုံးတည်း စားသွားပါသတဲ့။ ယောက်ျား ခုနှစ်ယောက်ကို သတ်ခဲ့တဲ့ အမျိုးသမီး လူသတ်သမား အီလီယမ်ကာရိုးလ်ကတော့ တကယ်တမ်း သူသေရတော့မယ် အချိန်မှာ ကော်ဖီတခွက်သာ တောင်းဆိုခဲ့ပါတယ်။ တခြားသော ပုဂ္ဂိုလ်များရဲ့ သေဒဏ်ကျခံအံ့ဆဲဆဲ စားသောက်သွားကြတဲ့ အစားအသောက်စာရင်းတွေကို စိတ်ဝင်စားလို့ ဖတ်ချင်ကြတယ်ဆိုရင်တော့ ဒီမှာ ဖတ်ပါခင်ဗျာ။ ဗဟုသုတပေါ့။ ကျနော်တို့ နိုင်ငံက သတ္တိရှင် အစိမ်းရောင်ဝတ်ကြီးတွေများသာ ဒီလိုနေရာမျိုးကို ကြုံကြိုက်ရင် ဘာများစားမှာပါလိမ့်လို့ ကျနော် လျှောက်တွေးနေမိတယ်။ အင်း.. ကျနော့်အထင်တော့ ဒီလူတွေ ဘာမှကို စားနိုင်တော့မယ် မထင်ဘူး။ |
Monday, January 08, 2007
ကျနော့်ဆောင်းပါး...
ဖတ်ရှုပြီးလို့ တစုံတရာ အချက်အလက် မှားယွင်းမှု တွေ့တာပဲ ဖြစ်ဖြစ်၊ လိုအပ်ချက် တခုခုတွေ့တာပဲ ဖြစ်ဖြစ် အားမနာစတမ်း ဝေဖန်ပါခင်ဗျာ။ မိတ်ဆွေများရဲ့ မှတ်ချက် တစုံတရာဟာ ကျနော့်လိုအပ်ချက်တွေကို ပြင်ဆင်ဖို့နဲ့ စာတွေကို ဆက်ရေးစေဖို့ အားဆေးပါ။
မဇ္ဈိမစိတ်ကူး
(၂၁) ရာစုသို့ ချဉ်းနင်းဝင်ရောက်လာမှု၏ လေးလှမ်းမြောက် ခြေလှမ်းအဖြစ် ခရစ်နှစ် (၂၀၀၄)ခုနှစ်သို့ပင် ရောက်ရှိလာပြီ ဖြစ်၏။ ကျန်ခဲ့သော အတိတ်တွင်ကား ခေတ်ကာလအလိုက်၊ အချိန်အတိုင်းအတာ အလိုက်၊ ကမ္ဘာကြီးသည် ဖြစ်ပေါ်တိုးတက်မှုများ၊ တီထွင်ကြံဆမှုများ၊ နိုင်လိုမင်းထက် ပြုမှုများဖြင့် လုံးလည်ချာလည် လိုက်နေခဲ့သည်။ တချိန်က နိုင်ငံပေါင်း (၆၀)ကျော်သာ ရှိခဲ့သော ကမ္ဘာ့မြေပုံပေါ်တွင် ယခုအခါ နိုင်ငံပေါင်း (၁၉၀)ကျော်ပင် နေရာယူခဲ့ပြီ ဖြစ်၏။ နောက်ထပ်တိုးလာမည့် အလားအလာများကိုလည်း မြင်တွေ့နေရသည်။ ယင်းဖြစ်စဉ် ဖြစ်ရပ်များ၏ အဓိကဇာတ်ကောင်များမှာ လူသားများပင် ဖြစ်တော့သည်။
လူသားများက ကမ္ဘာကို တိုးတက်စေသလို လူသားများကပဲ ဆုတ်ယုတ်စေ၏။ လူသားများက တီထွင်ကြံဆကြသလို လူသားများကပဲ ပြန်လည်ဖျက်ဆီးကြ၏။ လူသားများက ကြင်နာသနားကြသလို လူသားများကပင် အနိုင်ကျင့်ခဲ့ကြပြန်၏။ အင်အားနည်းသူများသည် အင်အားကြီးသူများ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်မှာ ရှေးပဝေသဏီမှ ယနေ့တိုင်အောင်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် သဘာဝတရား၏ ပကတိဖန်ဆင်းချက်မှ အလိုအလျောက် ဖြစ်တည်လာရသော အင်အားကြီး ကျားတို့အတွက် မတို့မှာ အဖြည့်ခံ၊ အဖိနှိပ်ခံ ဖြစ်ခဲ့ရရှာတော့၏။
အတိတ်ကာလအား ပြန်ကြည့်လျှင် သမိုင်းမှတ်တမ်းအရဖြစ်စေ၊ ပုံပြင်ဝတ္ထုများအရဖြစ်စေ မတို့၏ အခန်းကဏ္ဍမှာ မှေးမှိန်မျက်နှာ ငယ်ခဲ့ရ၏။ ကမ္ဘာပေါ်တွင် နေရာဒေသများသာ ကွဲပြားသွားမည်၊ မတို့၏ ဖိနှိပ်ခံခဲ့ရမှုကတော့ မကွဲပြားခဲ့ပေ။ (၁၇)ရာစုနှစ်ခန့်လောက်တွင် မြန်မာနိုင်ငံလို ဒေသမျိုး၌ ဘုရင်က တိုင်းခန်းလှည့်လည်ရင်း တော်ကောက်သည်ဟု ဆိုကာ (ကိုယ်လုပ်တော်) အဆင့်မျှဖြင့် သိမ်းပိုက်ခံခဲ့ရသော အမျိုးသမီးများ ရှိခဲ့သလို အာဖရိကလို ဒေသမျိုးတွင်လည်း ကိုယ်ဝန်ဆောင် မီးဖွားနေသော အမျိုးသမီးများသည် မိမိခင်ပွန်းအား မီးဖွားနေစဉ်အတွင်း တခြားမိန်းမဖြင့် အတူနေခွင့်ပေးရမည် ဆိုသော သတ်မှတ်ချက်မျိုးဖြင့် အမျိုးသားများ၏ အဖျော်ဖြေခံ ဖြစ်ခဲ့ရရှာ၏။
သို့ရာတွင် အဖိနှိပ်ခံ အမျိုးသမီးများ၏ ဒုက္ခကို ရှုမြင်ခံစားတတ်သူများ နည်းပါးခဲ့သည်မှာတော့ အမှန်ပင်။ တနိုင်ငံနှင့် တနိုင်ငံ နယ်ချဲ့ စစ်ပြုမှုများ၊ လူဖြူလူမည်း ခွဲခြားမှုများ၊ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုများဖြင့် ပြဿနာပေါင်းစုံ ရှုပ်နေသော ကမ္ဘာကြီးတွင် အမျိုးသမီးများ၏ အဖိနှိပ်ခံရမှုမှာ အရေးမကြီးလှသော ကိစ္စတခုပမာ ဖြစ်ခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ ယခင်က အဖိနှိပ်ခံ၊ အနင်းခံ အမျိုးသမီးများ၏ ဘ၀သည် ယခုအခါတွင်တော့ ရဲရင့်သော၊ ထက်မြက်သော အမျိုးသမီးများ၏ စွမ်းရည်များကြောင့် အရေးပါသော အခန်းကဏ္ဍအဖြစ် တည်ရှိလာသည်မှာ ချီးကျူး အသိအမှတ်ပြုဖွယ်ရာ ဖြစ်၏။ မိမိတို့၏ လူ့စွမ်းအား အရင်းအမြစ်အလိုက် မိမိတို့ပတ်ဝန်းကျင်နှင့် မိမိတို့ တိုင်းပြည်ကို စွမ်းအားရှိသရွေ့ အကျိုးပြုနေကြသည်မှာ အမျိုးသမီးထု အားလုံးအတွက် ဂုဏ်ယူစရာဖြစ်သလို အနာဂတ်ကမ္ဘာအတွက်လည်း အားတက်စရာပင်ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံရှိ လာဘ်စားသော အမျိုးသားသမ္မတ ဂျိုးဇက်အက်စ်ထရာဒါ နေရာတွင် တက်ကြွသော အမျိုးသမီး အာရိုရို သမ္မတ ဖြစ်လာသည်။ ထို့အတူပင် မကြာသေးမီက ကျင်းပပြီးစီးခဲ့သော (၂၂)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသား ဘောလုံးအသင်းက ဆီမီးဖိုင်နယ်၌ မရှုမလှ ရှုံးနိမ့်ခဲ့ရချိန်တွင် မြန်မာအမျိုးသမီး ဘောလုံးအသင်းက ဆီမီးဖိုင်နယ်တွင် မလေးရှားအသင်းကို ရှစ်ဂိုး၊ ဂိုးမရှိဖြင့် အပြတ်အသတ် နိုင်ကာ နိုင်ငံ့ဂုဏ် ဆောင်နိုင်ခဲ့သည်။ ဤသည်မှာ လူသည်သာ ပဓာန၊ လိင်ကွဲပြားမှုသည် အဓိကမကျကြောင်းကို ပြသနေသော အချက်များပင် ဖြစ်သည်။
သို့ရာတွင် ရှေ့ကိုတက်ကြွစွာ ချီတက်ရမည့် ခြေလှမ်းများကို ကြန့်ကြာနေစေသော အရာ ရှိနေပေသေး၏။ အရသာထူးကဲလှသော ထမင်းလုတ်တွင် ခဲကိုက်မိလိုက်သလိုပင် ဖြစ်၏။ ၎င်းကား အဘယ်အရာနည်း။ ၀ါဒီ အစွဲများပင် ဖြစ်တော့၏။ လောကတွင် အစွန်းရောက်မှုဟူသည် မည်သည့်အရာမှ မရှိကောင်းပေ၊ လူမျိုးရေး အစွန်းရောက်မှုများကြောင့် ဂျာမဏီနိုင်ငံတွင် ဂျူးလူမျိုးပေါင်း သန်းနှင့်ချီ၍ အသတ်ခံခဲ့ရသလို ဘာသာရေး အစွန်းရောက်များ၏ ပယောဂဖြင့် ဂျပန်နိုင်ငံတွင် လူပေါင်းရာနှင့်ချီ၍ ကိုယ့်အသက်ကိုယ် စတေးသွားခဲ့ကြသည်။
အမျိုးသမီးထုတို့ အဖိနှိပ်ခံခဲ့ရခြင်းမှာ အစွန်းရောက် ကျားဝါဒီများ၏ လက်ချက်ကြောင့်ဟု ကျနော် ရိုးသားစွာ ထင်မြင်မိပါသည်။ ကျားဝါဒီများ၏ ရှေးရိုးစွဲ အစဉ်အလာများ၊ ဘာသာရေး အကြောင်းပြုသည့် ကန့်သတ်ချက်များကြောင့် အမျိုးသမီးများ၏ အခွင့်အရေးများ၊ စွမ်းရည်ပြသခွင့်များ ဆုံးရှုံးခဲ့ရသည်။ ယခုအခါတွင်တော့ ခေတ်တွေပြောင်းခဲ့သလို စနစ်တွေလဲ ဟောင်းခဲ့ပေပြီ။ ၂၁ ရာစုတွင် ကမ္ဘာ့နိုင်ငံ အတော်များများက လူမျိုးရေးခွဲခြားမှု၊ လိင်ခွဲခြားဆက်ဆံမှုများကို လက်မခံကြတော့ပါ။ (ချွင်းချက်အားဖြင့်တော့ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အီရန်နိုင်ငံကဲ့သို့ အာရပ်နိုင်ငံ အချို့တွင် အမျိုးသမီးများ ဘောလုံးကွင်းထဲ မ၀င်ရဆိုသော ကန့်သတ်ချက်နှင့်အတူ အခြားအချက်များဖြင့် ခွဲခြားဆက်ဆံ ခံရမှုများ ရှိနေပါသေးသည်။)
အတိတ်ကာလတွင် ကျားဝါဒီများက ငါတို့အား ဖိနှိပ်ခဲ့ကြသလို ဒီခေတ်ကာလတွင်လည်း `ကျား´သတ္တ၀ါ မှန်လျှင် ငါတို့ `မ´များအား အခွင့်အရေးရရင် ရသလို အနိုင်ကျင့်ကြ ပေဦးမည်။ ဒါကြောင့် ငါတို့သည် `မ´၀ါဒီ အစွဲလက်ကိုင်ထား၍ ယောက်ျားမှန်သမျှအား မုန်းတီးကြရမည်ဟူသည့် အတွေးအခေါ်များ ၀င်နေသည့် အချို့ မျိုးဆက်သစ် အမျိုးသမီးငယ်များကို ၀မ်းနည်းဖွယ် တွေ့မြင်နေရပါသည်။ အလားတူပင် ပေါရာဏ အဆင့်ရှိနေပြီ ဖြစ်သော ရှေးရိုးစွဲ အယူတချို့ကို အကြောင်းပြုကာ အမျိုးသမီးများ၏ အခွင့်အရေးများကို လစ်လျူရှုချင်ကြသည့် ခေတ်သစ်ကျားဝါဒီများကိုလည်း တွေ့မြင်နေရပြန်ပါသေးသည်။
ကျနော် တဦးတည်း၏ ပကတိခံယူချက်အားဖြင့် နှစ်ဖက်စလုံးကို ဆန့်ကျင်လိုပါသည်။ ကျနော်တို့ ပတ်ဝန်းကျင်၊ ကျနော်တို့နိုင်ငံ၊ ကျနော်တို့ ကမ္ဘာကို အလှဆင်ဖို့ဆိုသည်မှာ အမျိုးသားထု တရပ်တည်းဖြင့် မဖြစ်နိုင်သလို အမျိုးသမီးထု တရပ်တည်းဖြင့်လဲ မတတ်နိုင်ပါ။ မည်သည့် ကျားဝါဒီ၊ မည်သည့် မ၀ါဒီများမှ ကိုယ့်အဖေ၊ ကိုယ့်အမေကိုတော့ မုန်းတီးကြမည် မဟုတ်ပါ။ ဒါကြောင့် ကျနော်တို့အားလုံး၏ အနာဂတ်ကမ္ဘာ လှပစေရေးအတွက် မည်သည့်ဝါဒီများကို မဆို အားမပေးလိုပါ။
ယခုအခါတွင် ကျနော်တို့၏ အမိမြန်မာနိုင်ငံကြီးသည် အားလုံးသိကြသည့် အတိုင်းပင် စစ်အုပ်စုများ၏ လက်ဝယ်တွင် အမိမဲ့သား ရေးနည်းငါးပမာ ကမ္ဘာ့အလယ်၌ မျက်နှာငယ်နေရသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မည်သည့်နေရာတွင်မှ နိုင်ငံတကာမှာ ဂုဏ်မရှိသော ဘ၀ရောက်အောင် နအဖစစ်အုပ်စုမှ လုပ်ဆောင်နေပေသည်။ သူတို့၏ ရက်စက်မှုများအောက်တွင် ပြည်သူများစွာ နယ်မြေမဲ့ခဲ့ကြရသည်။ ကလေးသူငယ်များစွာ မိဘမဲ့ခဲ့ရရှာသည်။ သံဃာတော်ပေါင်းများစွာ သီတင်းသုံးစရာ ကျောင်းမဲ့ခဲ့ကြရသည်။ ကျောင်းသူကျောင်းသားပေါင်းများစွာ စာသင်ကျောင်း ပျောက်ခဲ့ကြရရှာသည်။ သူများတကာ နိုင်ငံတွင် ဘောလုံးပွဲကြည့်ရင်း သူတို့ မကျေနပ်သော ဘောလုံးသမားတယောက်ယောက်ကို ဟန်းဖုန်းဖြင့် ပစ်ပေါက်နေချိန်တွင် ကျနော်တို့ နိုင်ငံအတွက်ကတော့ ဟန်းဖုန်းဆိုသည်မှာ လူကုံထံများ၏ ရှိုးပြစရာ ဖြစ်နေသည်။ တိုးတက်မှု နတ္တိ၊ လိမ်ညာမှု အပြည့်ဖြင့် စစ်အုပ်စုများ တိုင်းပြည်ကို လုပ်ချင်သလို လုပ်နေကြသည်။
ဒါတွေကို ပြောင်းလဲပစ်ရန်မှာ ကျနော်တို့ လူငယ်မျိုးဆက်သစ်များ၏ တာဝန်ပင် ဖြစ်၏။ မြန်မာပြည်သား မှန်လျှင် ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် မတရားသည့် စစ်အုပ်စု ပြုတ်ကျရေး၊ စစ်မှန်သော တရားမျှတသော ဒီမိုကရေစီ စနစ် ထွန်းကားရေးအတွက် တာဝန်ကိုယ်စီ ရှိကြပါသည်။ မကြာသေးသော ကာလကပင် နအဖစစ်အုပ်စုက ဒီပဲယင်း အကြမ်းဖက်မှုကို ဖန်တီးပြီး ဒီမိုကရေစီ ဘက်တော်သားများကို တိုက်ပွဲခေါ်ခဲ့ပါပြီ။ ကျနော်တို့တတွေ အားလုံး ဒီမိုကရေစီ မြတ်နိုးသူမှန်လျှင် တိုင်းရင်းသား လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျားမ မရွေး မိမိတို့ အစွမ်းအစကို ထုတ်သုံး၍ တိုက်ရတော့မည် ဖြစ်ပါသည်။
မြန်မာပြည်သူလူထုသည် မတရားမှုကို လုံးဝ မနှစ်မြို့ကြပါ။ ထို့ကြောင့်ပင် အမှန်တရားဘက်မှ ရပ်တည်၍ ငြိမ်းချမ်းသည့်နည်းကို လက်ကိုင်ထားသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေက ချစ်ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသမီးတယောက်ပင် ဖြစ်လင့်ကစား ကြောက်ရွံ့ခြင်းကင်းမဲ့စွာ ပြည်သူ့ဘက်မှ ရပ်တည်ခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် `မ´၀ါဒီ မဟုတ်ပါ။ သူမသည် ယောက်ျားများကို အသားလွတ် မမုန်းတတ်ခဲ့ပါ။ သို့သော် မတရားမှုတွေကိုတော့ ခါးခါးသီးသီး ရွံရှာမုန်းတီးခဲ့ပါသည်။ ကျနော်တို့ အားလုံးက ဤသည်ကို နမူနာယူတတ်ရမည် ဖြစ်ပါသည်။ သန်း(၅၀)မျှသော မြန်မာပြည်သူလူထု အကျိုးအတွက် ကျား၊မအစွဲများကို ဖယ်၍ အမှန်တကယ် လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ကြရပါတော့မည်။
ထို့ကြောင့် မြန်မာ့အမျိုးသမီး၊ အမျိုးသား နှစ်ရပ်စလုံးကို ကျနော့်အနေဖြင့်-
တို့မြန်မာပြည်ရွာဝယ်
ကိုယ်ကျိုးရှာ လူတစုကြောင့်
အပူဖုတွေ ပရပွဖြစ်ခဲ့ပြီ။
နောင်တော် ညီတော်လူငယ်အများ
တကယ်နားစိုက်မယ် ဆိုရင်လ
ပြည်သူ့ ငိုသံများလဲ ပွက်ပွက်ညံခဲ့ပြီ။
ဝါဒီအစွဲ လက်ကိုင်ထားကြရင်ဖြင့်
ဆက်ထိုင်ပြီး မြိန့်နေမှာက
နအဖတွေ ခင်ဗျ…
ထကြွကြပါစို့ မြန်မနှေး
ကျန်သေးတဲ့ ခေတ်ဆွေးအတွေးတွေ
ဖယ်ရှားကြပါစို့
ညီအကို
မောင်နှမ အပေါင်းတို့ရယ်လေး…။
ဟူသည့် ကဗျာဖြင့် တပ်လှန့်နှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါသည်။ တိုင်းပြည်ကို ချစ်သော အမျိုးသမီးတိုင်း၊ တိုင်းပြည်ကို ချစ်သော အမျိုးသားတိုင်း တိုင်းပြည်အကျိုးကို မဆုတ်မနစ် ဆောင်ရွက်နိုင်ကြပါစေ။
ကလိုစေးထူး
Friday, January 05, 2007
ဒီတလ အကြိုက်ဆုံးများ (၂)...
ဒီတလအကြိုက်ဆုံးကို တင်ဖို့ ရည်ရွယ်ထားတာ ကြာပါပြီ။ ဒါပေမယ့် အခုမှပဲ တင်ဖြစ်ပါတယ်။ ဘလော့တွေကို ဒီနေ့ တခေါက် ထပ်လိုက်ဖတ်ဖြစ်တော့ ထပ်ကြိုက်နေမိပြန်တဲ့ စာတွေကိုလဲ တွေ့ပြန်ပါတယ်။ တကယ်တော့ ကြိုက်သမျှ အားလုံးကိုသာ တင်ရမယ်ဆိုရင် အားလုံးလိုလိုကို ကြိုက်နေမိတယ် ပြောရမှာပါ။ ကျနော့် အကြိုက်ဆုံးတွေကို ရွေးချယ်ဖော်ပြရတဲ့ ရည်ရွယ်ချက် နှစ်ခုရှိပါတယ်။ တခုကတော့ ကျနော် မချီးကျူးပဲ မနေနိုင်လို့ပါ။ နောက်တခုကတော့ အဲဒီ စာတွေ၊ ကဗျာတွေ၊ ဖန်တီးမှုတွေကို ဒီဘလော့ကို လာလည်မိတဲ့ လူတွေကိုပါ ဖတ်စေချင်လို့ပါ။ အကြိုက်ချင်း မတူ ဖြစ်သွားခဲ့ရင်၊ ဒါမှမဟုတ် ရေးသားသူ၊ ဖန်တီးသူတွေရဲ့ အားထုတ်မှုက ကျနော်ချီးမွမ်းကာမှပဲ ယုတ်လျော့သွားခဲ့ရင် ခွင့်လွှတ်ပေးပါ။ နောက်တခုကတော့ ကျနော် ဒီလို ရွေးချယ်ဖော်ပြတာဟာ မူပိုင်ခွင့်ဆိုတာနဲ့ ငြိစွန်းနေရင်လဲ ဒီနေရာကနေ တခါတည်း တောင်းပန်ပါတယ်။ အကျိုးအမြတ် တစုံတရာမပါတဲ့အတွက် နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။ ကဲ.. စလိုက်ကြရအောင်။ အကြိုက်ဆုံး ဘလော့ကာ ပို့စ်များ (၁) အမှောင်ကွယ်ပျောက် အလင်းရောက်လျှင် ဒီပို့စ်ရဲ့ သခင်က မမေဓာဝီပါ။ အမှန်တော့ သူရေးတာကို အပုဒ်တိုင်း ကြိုက်တယ်ဆိုရင် ပိုမှန်ပါတယ်။ အပုဒ်တွေ အများကြီးထဲကမှ ဒီအပုဒ်ကို ပိုကြိုက်နှစ်သက်မိပါတယ်။ ဒီပို့စ်ကို ဖတ်ပြီး သီချင်းတပုဒ်လဲ ရေးဖြစ်ခဲ့ပါတယ်။ အကြိုက်ဆုံး အရေးအသားကတော့- အခန်းပြင်မှာ အလင်းရောင်အောက်က လူတွေ ရှိနေပါတယ်။ ကျမတို့ အခန်းလေးရဲ့ တံခါးပေါက်ကို ပွင့်သွားအောင် အပြင်ကလူ တချို့က ကြိုးစားပမ်းစား ဆွဲဖွင့်ပေးနေကြပါရဲ့။ အခန်းထဲက ကျမတို့လို လူတချို့ကလဲ ဖယောင်းတိုင် မီးလေးတွေနဲ့ တံခါးပေါက်ရှိရာကို စမ်းတ၀ါးဝါး သွားလို့ပေါ့။ တံခါးပေါက်နား ရောက်နှင့် နေသူ တချို့ကလဲ ပွင့်လိုပွင့်ငြား အားစိုက် တွန်းဖွင့်နေကြဆဲပါ။ တွန်းဖွင့်ရင်း တချို့လဲ ခြေကုန် လက်ပမ်း ကျလိုကျ …။ တချို့ ဘ၀တွေ ဆုံးပါးသွား … ။တချို့ကတော့ ကိုယ်နဲ့ မဆိုင်သလို မျက်စိ စုံမှိတ်ပြီး ချောင်မှာထိုင်၊ တချို့ကလဲ ဒီတံခါးကြီး ခိုင်သထက် ခိုင်အောင် ကြိုးစား …. ….. ။ http://maydar-wii.blogspot.com/2006/12/blog-post_11.html (၂) လွတ်လပ်ရေး ဒီပို့စ်ရဲ့ ဖန်တီးရှင်ကတော့ ကိုသန့်ဇင်အောင်ပါ။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နဲ့ ဘလော့ကာ အတော်များများ ပို့စ်တွေ ရေးကြတဲ့အထဲကမှ ဒီပို့စ်ရဲ့ တင်ပြပုံနဲ့ အရေးအသား၊ နောက်ပြီးတော့ အကြောက်တရားကို သေသေသပ်သပ် သရော်ထားမှုကို ကျနော် နှစ်သက်မိပါတယ်။ လေးစားပါတယ် ကိုသန့်ဇင်အောင်။ တနေ့နေ့မှာတော့ ကြီးရင့်လာတဲ့ ကိန်းဂဏန်းတွေရဲ့ ပြည့်ဝတဲ့ အဓိပ္ပာယ်ကို ကျနော်တို့ ရရှိမှာပါ။ http://thantzinaung.blogspot.com/2007/01/blog-post_04.html (၃) ကျမနှင့် ကျမချစ်သော ဖေဖေနှင့် မေမေ တကယ်တော့ ဒီပို့စ်ရဲ့ စာအရေးအသားမှာ နိဂုံးက တုံးတိတိကြီးပါ။ ဒါပေမယ့် ကျနော် ဒီပို့စ်ကို နှစ်သက်မိတာကတော့ ကိုယ်ချင်းစာမှု သဘောပါကောင်းပါနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘလော့ပိုင်ရှင်လိုပဲ ကျနော်ဟာလဲ ငယ်စဉ်က ကြိမ်ဖန်များစွာ မိဘများရဲ့ အရိုက်အနှက်ခံခဲ့ရလို့ပါ။ ဖတ်ကြည့်ပါ။ မိဘများရဲ့ ရိုက်တာ မကြာခဏခံရတဲ့ ကလေးတယောက်ရဲ့ ခံစားချက်တပိုင်းတစကို တွေ့ပါလိမ့်မယ်။ http://misspollyanna.blogspot.com/2006/12/blog-post_07.html အကြိုက်ဆုံးကဗျာ ပြက္ခဒိန် နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာနေဇော်နိုင် ခေါ် ကိုပုည ရဲ့ ကဗျာကို ကိုသက်နိုင်ရဲ့ ဘလော့မှာ ဖတ်မိပါတယ်။ ကျနော် နားလည်ထားတဲ့ ကဗျာဆိုတာရဲ့ အဓိပ္ပာယ်နဲ့ အဲဒီကဗျာရဲ့ ဖော်ကျူးချက်က ကိုက်ညီတယ်လို့ ခံစားမိတဲ့အတွက် အနှစ်သက်ဆုံးအဖြစ် ဖော်ပြလိုက်ပါတယ်။ ကိုသက်နိုင်ရေ၊ အဲဒီကဗျာ တင်ထားတဲ့အတွက် ကျေးဇူးပါ။ http://thetnaing.blogspot.com/2007/01/blog-post_116788922608181853.html အကြိုက်ဆုံး သီချင်း Hurt ကျနော် ဒီတလ အကြိုက်ဆုံး သီချင်းကတော့ မြန်မာသီချင်း မဟုတ်ခဲ့ပါဘူး။ တင်ဆက်သူ ဘိုးတော်ကြီးက သီချင်းရေးသူနဲ့ သီဆိုသူနာမည်ကိုလဲ မဖော်ပြပေးထားပါဘူး။ ဒါပေမယ့် ဒီသီချင်းကို နားဆင်ကြည့်ပါ။ ခံစားမှုတခုခုတော့ ရသွားပါလိမ့်မယ်။ http://7monkeys.blogspot.com/2006/12/hurtdictators-cut.html တကယ်တော့ ကြိုက်တာတွေက အများကြီးပါ။ အဲဒီအထဲကမှ အခိုက်ဆုံးတွေကို ရွေးချယ်ဖော်ပြလိုက်ခြင်းပါ။ အကြိုက်ချင်း မတူခဲ့ရင်လဲ မတတ်နိုင်ပါခင်ဗျာ။ အားလုံး ကျေးဇူးပါ။ ကလိုစေးထူး |
Thursday, January 04, 2007
ငါ..များနှင့် စကားပြောခြင်း...
ငါ..များနှင့် စကားပြောခြင်း… ငါ… ကဗျာရေးသလိုလို… ငါ။ စာရေး သလိုလို … ငါ။ တေးရေးသလိုလို… ငါ။ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့… ငါ။ ဒါပေမယ့် ဘာကောင်မှ မဟုတ်တာလဲ ငါ။ ငါ… ခက်ထန်မှုတွေနဲ့.. ငါ။ ဒေါမာန်တွေနဲ့ .. ငါ။ ဒါပေမယ့် ထိခိုက်ခံစားရတာလဲ ငါ။ ငါ့ကို…တချို့တွေ ချစ်တယ်… တချို့တွေ မုန်းတယ်… တချို့တွေ… နွေးထွေး တချို့တွေ… အေးစက် ရက်တွေပြောင်းသွား… လတွေ ဟောင်းသွား… ထားရစ်သူတွေ ထားရစ်… စွန့်ပစ်သူတွေ စွန့်ပစ် ဘယ်လိုပဲဖြစ်ဖြစ် … ငါကတော့… ငါကတော့… ငါပါပဲ…။ ငါ့ အဇ္ဈတ္တမှာ … ငါ ဆိုတဲ့ အတ္တတွေနဲ့... ပူလောင်နေရတဲ့… ငါ။ ငါ.. ဘာလဲ ငါ… ဘယ်သူလဲ ငါ… ဘယ်လမ်းကို လျှောက်သလဲ ငါ့ကိုယ်ငါ မေးနေဆဲ… ငါ… ငါ… ငါ… …………..။ ကလိုစေးထူး ၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ လေးရက်နေ့ ည ကိုးနာရီ၊ လေးဆယ်မိနစ်။ |
Wednesday, January 03, 2007
လွတ်လပ်ခြင်း အစစ်..
ဒီနေ့တော့ အလုပ်ကနေ အိမ်ကို ပြန်ရောက်ရောက်ခြင်း နာရီကို ကြည့်မိတော့ ညနေ လေးနာရီထိုးဖို့ ဆယ်မိနစ်တဲ့။ ဒီလိုဆိုရင် မြန်မာပြည်မှာ ဇန်န၀ါရီလ လေးရက်နေ့၊ မနက်လေးနာရီနဲ့ မိနစ် ၂၀ပေါ့။ ရောက်ခဲ့ပြန်ပါပြီ..။ လွတ်လပ်ရေးနေ့တဲ့။ (၅၉)နှစ်တောင် တိုင်ခဲ့ပါပကောလား။ လွန်ခဲ့တဲ့ (၅၉)နှစ်၊ ဒီလိုအချိန်မှာ ကျနော်တို့ အဖိုးအဖွားတွေဟာ မျှော်လင့်ချက်တွေ တပုံတပင်နဲ့ အားတက်နေခဲ့ကြမှာ အသေအချာပေါ့။ သူ့ကျွန်ဘ၀က လွတ်မြောက်ရခဲ့ပြီလေ။ ကိုယ့်နိုင်ငံကို ကိုယ်ပိုင်ဆိုင်ရတော့မယ်၊ ကိုယ့်အနာဂတ်ကို ကိုယ်သာလျှင် အုပ်စိုးရတော့မယ်၊ ဘယ်လောက်များ အားတက်စရာ ကောင်းလိုက်ပါ့မလဲ။ ကျနော် စဉ်းစားကြည့်မိပါတယ်။ ငါတို့တတွေကို သူ့ကျွန်လက်အောက်က ကျွန်မျိုးဆက်သစ်တွေ မဖြစ်ရအောင် အဖိုးအဖွားတွေက လွတ်လပ်ရေးဆိုတာကို သူတို့ အသက်၊ သွေး၊ ချွေးတွေ စတေးပြီး ရယူပေးခဲ့ကြတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ကျနော်တို့ တကယ်ကိုပဲ လွတ်လပ်နေပြီလား။ အဲဒီလို စဉ်းစားမိရင်းနဲ့ အတွေးထဲကို သီချင်းတပုဒ်ဝင်လာပါတယ်။ နားဆင်ကြည့်ပါ။ သီချင်းနာမည်က လွတ်လပ်ခြင်းအစစ် ပါ။ C-Key နဲ့ တီးခတ်ထားပါတယ်။ Intro; C G Em Am Dm G C G C G Em Am ဖွင့်ပါမျက်လုံးတွေ စွင့်ပါ တို့နားတွေ Dm G C တွန်းဖယ်ပါစို့ ဖုံးပိတ်ထားတဲ့ ဒီအမှောင်တွေ လှမ်းပါ ခြေလှမ်းတွေ မြဲပါ ခွန်အားတွေ ညီညာပါလို့ ပန်းတိုင်ဆီသို့မသွေ.. Am G Em Am ၅၉ နှစ်ပြည့်မြောက်ခဲ့ပေါ့.. တို့ပြည်.. ငါတို့ပြည်.. Dm G C သူ့ကျွန်ဘ၀မှ လွတ်မြောက်ခဲ့လဲလေ F G Em Am ငါ့ကျွန်တာရှည်နေ.. ဘ၀နွံ နာကျင်နေ Dm G C G လွတ်လပ်ခြင်းအစစ် မရတာ ကြာခဲ့ပေ.. ဝေးပါ အကြောက်တရားတွေ ငေးမှိုင်မနေနဲ့လေ တို့အနာဂတ်များ လှပဖို့အတွက် လာပါလေ ပေါင်းပါ အင်အားတွေ ကြံ့ခိုင် စိတ်ထားတွေ ငိုနေသူအား ဖေးကူပါစို့လေ.. |
Tuesday, January 02, 2007
လမင်းကြီး သိပါတယ်...
ဒီနေ့ လဆန်း(၂)ရက်နေ့ ဆိုတော့ အလုပ်က ပြန်ရောက်တာနဲ့ အိမ်လခ သွားပေးဖြစ်ပါတယ်။ အိမ်ငှားရုံးရောက်တော့ ရုံးက အဖိုးကြီးနဲ့ လေပေါနေတာနဲ့ နည်းနည်းကြာသွားပါတယ်။ အိမ်အပြန်မှာတော့ မိုးချုပ်စပြုနေပါပြီ။ ချမ်းချမ်းအေးအေးးနဲ့ လမ်းလျှောက်လာရင်း ကောင်းကင်ကို အမှတ်မထင် မော့ကြည့်မိတော့ လမင်းကြီးကို ကြည်လင်စွာ တွေ့လိုက်ရတယ်။ တကယ်ပါ၊ ဒီနိုင်ငံရောက်တဲ့ တနှစ်ကျော် အတွင်းမှာ ဒီတခါပဲ လမင်းကို ကြည်ကြည်လင်လင် တွေ့ဖူးပါသေးတယ်။ ကောင်းကင်မှာ မိုးရိပ်၊ လေရိပ် လုံးဝမရှိတဲ့ အခိုက်နဲ့ အခုလို ကြုံကြိုက်တဲ့ အခိုက်မှာ ၀ိုင်းစက်နေတဲ့ လမင်းကို တွေ့လိုက်တော့ စိတ်ထဲမှာလဲ အလိုလို ကြည်လင်လာသလို ဖြစ်သွားပါတယ်။ အိမ်ရောက်တော့ သေချာအောင်လို့ မြန်မာပြက္ခဒိန်ကို လှန်ကြည့်လိုက်တော့ ဒီနေ့ ပြာသိုလပြည့်နေ့ကိုး။ လပြည့်နေ့ဆိုတော့ လပြည့်နေ့နဲ့ ပတ်သက်တဲ့ စာတပုဒ်ရေးမှပဲလို့ စိတ်ကူးမိပါတယ်။ ဟိုဘက်က မမေဓာဝီကလဲ ပုံပြင်မပြောတာ ကြာပြီဆိုတော့ သူ့အလစ်မှာ သူ့စိတ်ကူးကို ခိုးချပြီး ကျနော်လဲ ကျနော့်ဖေဖေ ပြောဖူးတဲ့ လပြည့်ညနဲ့ ပတ်သက်တဲ့ ပုံပြင်တပုဒ်ကို ပြောပြချင်ပါတယ်။ နားထောင်မကောင်းရင်လဲ သည်းခံပြီးသာ နားထောင်ပေတော့ …။ :D ပုံပြင်လေး နာမည်က `လမင်းကြီး သိပါတယ်´ တဲ့။ *** တခါတုန်းကပါ။ တောရွာဇနပုဒ်လေး တခုမှာ မောင်ရွှေနဲ့ မောင်မြဆိုတဲ့ ဆင်းရဲလှတဲ့ သူငယ်ချင်း နှစ်ယောက် ရှိသတဲ့။ ဇနီးမယား ကိုယ်စီနဲ့ သူတို့ နှစ်ယောက်ဟာ ဆင်းရဲလွန်းတဲ့ ဘ၀က လွတ်မြောက်ချင်တော့ စီးပွားရေး ကောင်းမွန်တဲ့ တနယ်တကျေးမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ အချင်းချင်း တိုင်ပင်ကြသတဲ့။ သူများရပ်ရွာမှာ အတူတူ စီးပွားသွားရှာကြမယ်၊ ပြီးတော့ ရသမျှ အသပြာငွေကို စုဆောင်းကြလို့ ရည်မှန်းချက်ပြည့်တဲ့နေ့မှာ အဲဒီငွေတွေနဲ့ အရင်းအနှီးပြုလို့ မိမိရပ်ရွာမှာ ပြန်လည်လုပ်ကိုင် စားသောက်ကြမယ် ဆိုတဲ့ အိပ်မက် စိတ်ကူးတွေနဲ့ပေါ့။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ဇနီးမယားတွေကို နေရပ်မှာ ထားရစ်ခဲ့ပြီး စီးပွားရေး ကောင်းမွန်တဲ့ တရပ်တကျေးကို ထွက်ခဲ့ကြသတဲ့။ လူဆိုတာက စိတ်အမျိုးမျိုး အထွေထွေ ရှိလေတော့ ဆင်းရဲတာခြင်း အတူတူ မောင်မြက ဆင်းရဲတွင်းက လွတ်အောင် သူများရပ်ရွာမှာ အလုပ်ကို ကြိုးစားလုပ်ကိုင်ပြီး ရသမျှ အသပြာငွေကို စုဆောင်းပေမယ့် မောင်ရွှေကတော့ ရေသာခို၊ အချောင်လိုက်ချင်တဲ့ စိတ်ကလေးကလဲရှိ၊ အသောက်အစား လောင်းကစားကလဲ ဖက်သေးတော့ မစုဆောင်းမိဘူးပေါ့။ ဒီလိုနဲ့ အိမ်ကထွက်လာတဲ့ သုံးနှစ်အကြာမှာ မောင်မြက မောင်ရွှေကို ဒီလိုပြောသတဲ့ …။ `မောင်ရွှေရေ´ ` အေး၊ ပြောလေ သူငယ်ချင်း မောင်မြ´ ` ငါတို့ ရောင်းရင်း နှစ်ယောက် ရွာကနေ ထွက်လာတာလဲ သုံးနှစ်ကြာခဲ့ပြီ။ ငါ့မလဲ စုဆောင်းထားတဲ့ ငွေအသပြာလေး အတန်အသင့်လဲ ရှိလာပြီဆိုတော့ ငါတော့ မွေးရပ်ကို ပြန်ပြီး အခြေချချင်တယ် သူငယ်ချင်းရာ၊ အိမ်မှာ ကျန်နေခဲ့တဲ့ မိန်းမကိုလဲ လွမ်းလှပြီကွ၊ ဒါနဲ့ မင်းရော ဘယ့်နှယ့်လဲကွ၊ အတော်စုဆောင်းမိပလား´ တကယ်တော့ လူသိမ်လူဖျင်း မောင်ရွှေဟာ ခြူးတပြားမှ မစုဆောင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် မောင်မြက အခုလို တိုင်ပင်တဲ့ အချိန်မှာ သူ့စိတ်ထဲကို ကောက်ကျစ်တဲ့ အတွေးတခုက ၀င်လာတော့ အခုလို ပြန်ဖြေသတဲ့။ `အေး၊ ငါလဲ ထိုက်သင့်သလောက်တော့ စုဆောင်းမိပါတယ် သူငယ်ချင်းရ၊ မင်းပြန်ချင်ပြီဆိုလဲ ငါတို့ ပြန်ကြတာပေါ့´ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ မွေးရပ်မြေကို ပြန်ခဲ့ကြတာပေါ့။ မောင်မြမှာတော့ စုဆောင်းလာတဲ့ ငွေအသပြာတွေနဲ့ မျှော်လင့်ချက် တပုံတပင် ပါလာပေမယ့် မောင်ရွှေဆိုတဲ့ သကောင့်သားကတော့ ကောက်ကျစ်စဉ်းလဲမှုတွေသာ ရင်ထဲမှာ ပါလာသတဲ့။ ဒီလိုနဲ့ လမ်းခုလတ် တနေရာ အရောက်မှာ ညမိုးချုပ်လာတာနဲ့ ညအိပ်ရပ်နားကြရသတဲ့။ အဲဒီညမှာ လမင်းကြီးကလဲ ထိန်ထိန်သာနေခဲ့ပါတယ်။ ရိုးသားတဲ့ မောင်မြဟာ သူ့သူငယ်ချင်းကို ယုံကြည်စိတ်ချစွာနဲ့ အေးမြတဲ့ လရောင်အောက်မှာ ပါလာတဲ့ ငွေအသပြာထုပ်ကို ခေါင်းအုံးပြီး အိပ်မောကျနေမေယ့် အကြံသမား မောင်ရွှေကတော့ မအိပ်နိုင်သေးပါဘူး။ မောင်မြအိပ်ပျော်တာ သေချာအောင် စောင့်နေရင်း မအိပ်နိုင်ဘူးလေ။ မောင်မြ အိပ်ပျော်နေတာ သေချာလောက်ပြီလဲ ထင်ရော သူ့အကြံအတိုင်း မောင်မြကို ဓားနဲ့ ခုတ်သတ်ဖို့ ကြံစည်တော့တာပေါ့။ မသိစိတ်ရဲ့ စေ့ဆော်မှုကြောင့် လန့်နိုးလာတဲ့ မောင်မြဟာ သူ့ကို သတ်ဖို့ ဓားမိုးထားတဲ့ မောင်လှကိုတွေ့တော့ အံ့အားလဲသင့်၊ ထိတ်လဲ ထိတ်လန့်သွားသတဲ့။ အဲဒါနဲ့….။ `ဟင်၊ သူငယ်ချင်း၊ မောင်ရွှေ၊ မင်းငါ့ကို သတ်မလို့လား´ `အေး၊ ဟုတ်တယ်၊ တကယ်တော့ ငါ့မှာ ငွေအသပြာ တပြားမှ မစုဆောင်းမိဘူး၊ အဲဒီတော့ မင်းကို သတ်ပြီး မင်းရဲ့ အသပြာငွေတွေကို ယူသွားမှ ငါရွာပြန်ဖို့ လူလုံးလှမှာ´ `မသတ်ပါနဲ့၊ သူငယ်ချင်းရာ၊ ငါ့မှာပါတာကို တယောက်တ၀က် ခွဲယူလေ´ `ငါဆုံးဖြတ်ပြီးပြီ၊ သတ်ကို သတ်ရလိမ့်မယ်၊ တ၀က်နဲ့လဲ မကျေနပ်နိုင်ဘူး´ မောင်မြက ထပ်တလဲလဲ တိုးလျှိုးတောင်းပန်ပေမယ့် ယုတ်မာလှတဲ့ မောင်ရွှေကတော့ တွင်တွင်ငြင်းပါတယ်။ ဒီလိုနဲ့ ဘယ်လိုမှ တောင်းပန်လို့ မရတဲ့ အဆုံးမှာတော့….။ `ကဲ၊ မောင်ရွှေ၊ မင်းငါ့ကို သတ်လိုက သတ်ပါတော့၊ ဒါပေမယ့် ငါ့ကို တခုပဲ လိုက်လျောပေးပါ´ `ဘာကို လိုက်လျောရမလဲ´ `ငါ့ကို ကွမ်းတယာညက်လောက် အချိန်ပေးပြီး ဟောဟိုက သာနေတဲ့ လမင်းကြီးနဲ့ စကားပြောခွင့်ပေးပါ´ `ဟ.. မင်းအရူးပဲ၊ လမင်းနဲ့ စကားပြောလို့ ရလို့လားကွ´ `ငါပြောတဲ့ အတိုင်းသာ ခွင့်ပြုပေးပါ သူငယ်ချင်း´ `ကဲ.. ပြောကွာ´ အဲဒီလိုနဲ့ ထိန်နေအောင်သာနေတဲ့ လမင်းကြီးရဲ့ အလင်းရောင်ကို မော့ကြည့်ရင်း မောင်ရွှေရဲ့ ဓားသွားအောက်က မောင်မြဟာ အခုလို တိုင်တည်သတဲ့..။ `လမင်းကြီး ခင်ဗျာ၊ မောင်ရွှေဟာ အခုဆို ကျနော့်ကို သတ်ပြီး ငွေအသပြာတွေကို ယူလို့ မွေးရပ်မြေကို ပြန်ပါတော့မယ်၊ ကျနော်ဟာ သူ့အပေါ်နဲ့ တကွ အားလုံးအပေါ် ရိုးသားခဲ့ပါတယ်။ ဒီသစ္စာစကားကြောင့် အခုလို မောင်ရွှေက ကျနော်မျိုးအပေါ် ကောက်ကျစ်ရက်စက်တာတွေကို ကျနော့်အိမ်သူနဲ့တကွ ရွာသူရွာသား အားလုံးကို လမင်းကြီးက ပြောပြပေးပါခင်ဗျာ´ မောင်မြရဲ့ အဲဒီသစ္စာ တိုင်တည်စကားအပြီးမှာပဲ အေးမြတဲ့ လရောင်အောက်မှာ ရက်စက်ယုတ်မာတဲ့ သွေးစွန်းမှုနဲ့ အတူ မောင်ရွှေဟာ မောင်မြကို အဆုံးစီရင်ပစ်လိုက်တယ်။ အဲဒီနောက်မှာတော့ မောင်မြရဲ့ ငွေအသပြာတွေကိုယူလို့ မွေးရပ်ကို ကျော့ကျော့လေး ပြန်တော့တာပေါ့။ ရွာကိုပြန်ရောက်တော့ မောင်မြဟာ တပါးသူရပ်ရွာမှာ သောက်စားမူးယစ်ပြီး ငွေလဲ အခုထိမစုဆောင်းနိုင်သေးကြောင်း၊ သူ့ကို ရွာပြန်ဖို့ ခေါ်တာလဲ မလိုက်တဲ့ အတွက် ထားခဲ့ရကြောင်း သွားပုပ်လေလွင့် ပြောပြီး သူကတော့ မောင်မြရဲ့ ငွေအသပြာတွေကို ဇနီးမယားကို အပ်လို့ စီးပွားရေး ကောင်းကောင်းကြီး လုပ်တော့တာပေါ့။ မောင်ရွှေဟာ လပြည့်နေ့တွေ ရောက်ပလားဆိုရင် ထိန်ထိန်သာနေတဲ့ လမင်းကိုကြည့်ပြီး အမြဲပဲဟားတိုက် ရယ်မောလေ့ရှိတယ်။ ကြာလာတော့ မောင်ရွှေရဲ့ မယားက ဒါကို သတိထားမိတာပေါ့။ အဲဒီလိုနဲ့ လပြည့်ည တညအရောက်မှာ မောင်ရွှေနဲ့ သူ့မယားဟာ အိမ်ရှေ့က ကွပ်ပျစ်ကလေးမှာ လဲလျောင်း လေညှင်းခံရင်းနဲ့ သာနေတဲ့ လမင်းကြီးကို ကြည့်ပြီး မောင်ရွှေက ရယ်မောပြန်သတဲ့။ အဲဒီလိုရယ်တာကို မြင်ဖန်များလာတဲ့ သူ့မယားက မောင်ရွှေကို မေးတော့တာပေါ့။ `မောင်ရွှေ၊ သင်ဟာ ဟိုးတရပ်တရွာက ပြန်လာပြီးကတည်းက လပြည့်နေ့ရောက်တိုင်း လမင်းကြီးကို ကြည့်ပြီး အမြဲလိုလို ရယ်မောတာ ဘာကြောင့်လဲ၊ ကျမသိချင်လှတယ်´ `လမင်းကြီးကို ကြည့်ရတာ ရယ်ချင်စရာကောင်းလို့ပါ မိန်းမရာ´ `မဟုတ်နိုင်ဘူး၊ သင့်မှာ အကြောင်းတခုခု ရှိလို့ ရယ်တာပဲ ဖြစ်ရမယ်၊ လမင်းက ဘာများရယ်စရာ ကောင်းနေလို့လဲ´ `ဒါကတော့ ငါပြောပြလို့ မရဘူးကွ၊ ဒါပေမယ့် ရယ်ချင်စိတ်ကိုတော့ ထိန်းလို့မရဘူး´ အဲဒီလို မောင်ရွှေက ပြောပြဖို့ ငြင်းဆန်နေပေမယ့် သူ့မိန်းမကတော့ ငြင်းဆန်လေ ပိုသိချင်လာလေလော ဆိုတော့ မရမကမေးတော့တာပေါ့။ နောက်ဆုံးမှာတော့ မောင်ရွှေဟာ ဘယ်သူ့ကိုမှ မပြောပြဖို့ သူ့မိန်းမကို ကတိအထပ်ထပ်တောင်းပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်ပါလေရောတဲ့။ ……………………. …………………………. …………………………….. `ကဲ.. အဲဒါပါပဲကွာ၊ မင်းပဲ စဉ်းစားကြည့်စမ်းပါအုံး မိန်းမရာ၊ လမင်းက စကားပြောတတ်မလားကွ၊ ငါက အဲဒါကို ပြန်စဉ်းစားမိတိုင်း ရယ်ချင်နေလို့ပါကွာ´ မောင်ရွှေအတွက် ရယ်ချင်စရာဖြစ်နေတဲ့ မောင်မြရဲ့ တိုင်တည်မှုဟာ အဲဒီမှာတင် အကောင်အထည်ပေါ်တော့တာပါပဲ။ မောင်ရွှေရဲ့ မယားဖြစ်သူဟာ ကောက်ကျစ်လှတဲ့ သူ့ခင်ပွန်းကို အဲဒီမှာတင် အရွံကြီး ရွံသွားပြီး နောက်တနေ့မှာ မောင်ရွှေမသိအောင် ရွာလူကြီးနဲ့ တကွ မောင်မြရဲ့ ဇနီးကိုပါ ဒီအကြောင်းတွေကို ပြောပြလိုက်ပါလေရောလား..။ အဆုံးသတ်မှာတော့ မကောင်းမှုဆိုတာဟာ ဆိတ်ကွယ်ရာ ဆိုသလိုပါပဲ။ လမင်းကြီးကို မောင်မြက တိုင်တည်ခဲ့တာဟာ လမင်းကြီးဆီက တဆင့်ပဲ အမှန်တရားကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ယုတ်မာလှတဲ့ မောင်ရွှေဟာ နောက်ဆုံးမှာတော့ သူယုတ်မာခဲ့တဲ့ အပြစ်ဒဏ်အတိုင်း ခံရပါတော့တယ်။ *** ဒီပုံပြင်ကို လသာနေတဲ့ လပြည့်ညတညမှာ ကျနော်တို့ ညီအကိုကို ဖေဖေ တကယ်ပဲ ပြောပြခဲ့တာပါ။ ပုံပြင်ပြောပြခဲ့တဲ့ ဖေဖေ့ရဲ့ ဒီပုံပြင်ဟာ အဲဒီကတည်းကနေ အခုထိတိုင်အောင် မမေ့နိုင်ယုံမက ကြုံကြိုက်တိုင်းမှာ သူငယ်ချင်းတွေကို ကျနော် ပြန်ပြောပြတတ်ပါတယ်။ အခုလဲ လမင်းကြီး သာနေတာကို တွေ့တော့ ဒီပုံပြင်ကို သတိရမိတာနဲ့ ပြောပြမိတာပါ။ အားလုံး အေးမြတဲ့ ပြာသိုလပြည့်ညနဲ့ အတူ သာယာပျော်ရွှင်ကြပါစေဗျာ.။ ကလိုစေးထူး ဇန်န၀ါရီလ (၂) ရက်၊ ၂၀၀၇ ခုနှစ်။ ည ကိုးနာရီခွဲ |