Friday, January 05, 2007

ဒီတလ အကြိုက်ဆုံးများ (၂)...

ဒီတလအကြိုက်ဆုံးကို တင်ဖို့ ရည်ရွယ်ထားတာ ကြာပါပြီ။ ဒါပေမယ့် အခုမှပဲ တင်ဖြစ်ပါတယ်။ ဘလော့တွေကို ဒီနေ့ တခေါက် ထပ်လိုက်ဖတ်ဖြစ်တော့ ထပ်ကြိုက်နေမိပြန်တဲ့ စာတွေကိုလဲ တွေ့ပြန်ပါတယ်။ တကယ်တော့ ကြိုက်သမျှ အားလုံးကိုသာ တင်ရမယ်ဆိုရင် အားလုံးလိုလိုကို ကြိုက်နေမိတယ် ပြောရမှာပါ။

ကျနော့် အကြိုက်ဆုံးတွေကို ရွေးချယ်ဖော်ပြရတဲ့ ရည်ရွယ်ချက် နှစ်ခုရှိပါတယ်။ တခုကတော့ ကျနော် မချီးကျူးပဲ မနေနိုင်လို့ပါ။ နောက်တခုကတော့ အဲဒီ စာတွေ၊ ကဗျာတွေ၊ ဖန်တီးမှုတွေကို ဒီဘလော့ကို လာလည်မိတဲ့ လူတွေကိုပါ ဖတ်စေချင်လို့ပါ။ အကြိုက်ချင်း မတူ ဖြစ်သွားခဲ့ရင်၊ ဒါမှမဟုတ် ရေးသားသူ၊ ဖန်တီးသူတွေရဲ့ အားထုတ်မှုက ကျနော်ချီးမွမ်းကာမှပဲ ယုတ်လျော့သွားခဲ့ရင် ခွင့်လွှတ်ပေးပါ။

နောက်တခုကတော့ ကျနော် ဒီလို ရွေးချယ်ဖော်ပြတာဟာ မူပိုင်ခွင့်ဆိုတာနဲ့ ငြိစွန်းနေရင်လဲ ဒီနေရာကနေ တခါတည်း တောင်းပန်ပါတယ်။ အကျိုးအမြတ် တစုံတရာမပါတဲ့အတွက် နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။ ကဲ.. စလိုက်ကြရအောင်။

အကြိုက်ဆုံး ဘလော့ကာ ပို့စ်များ

(၁) အမှောင်ကွယ်ပျောက် အလင်းရောက်လျှင်
ဒီပို့စ်ရဲ့ သခင်က မမေဓာဝီပါ။ အမှန်တော့ သူရေးတာကို အပုဒ်တိုင်း ကြိုက်တယ်ဆိုရင် ပိုမှန်ပါတယ်။ အပုဒ်တွေ အများကြီးထဲကမှ ဒီအပုဒ်ကို ပိုကြိုက်နှစ်သက်မိပါတယ်။ ဒီပို့စ်ကို ဖတ်ပြီး သီချင်းတပုဒ်လဲ ရေးဖြစ်ခဲ့ပါတယ်။ အကြိုက်ဆုံး အရေးအသားကတော့-
အခန်းပြင်မှာ အလင်းရောင်အောက်က လူတွေ ရှိနေပါတယ်။ ကျမတို့ အခန်းလေးရဲ့ တံခါးပေါက်ကို ပွင့်သွားအောင် အပြင်ကလူ တချို့က ကြိုးစားပမ်းစား ဆွဲဖွင့်ပေးနေကြပါရဲ့။ အခန်းထဲက ကျမတို့လို လူတချို့ကလဲ ဖယောင်းတိုင် မီးလေးတွေနဲ့ တံခါးပေါက်ရှိရာကို စမ်းတ၀ါးဝါး သွားလို့ပေါ့။ တံခါးပေါက်နား ရောက်နှင့် နေသူ တချို့ကလဲ ပွင့်လိုပွင့်ငြား အားစိုက် တွန်းဖွင့်နေကြဆဲပါ။ တွန်းဖွင့်ရင်း တချို့လဲ ခြေကုန် လက်ပမ်း ကျလိုကျ …။ တချို့ ဘ၀တွေ ဆုံးပါးသွား … ။တချို့ကတော့ ကိုယ်နဲ့ မဆိုင်သလို မျက်စိ စုံမှိတ်ပြီး ချောင်မှာထိုင်၊ တချို့ကလဲ ဒီတံခါးကြီး ခိုင်သထက် ခိုင်အောင် ကြိုးစား …. ….. ။
http://maydar-wii.blogspot.com/2006/12/blog-post_11.html

(၂) လွတ်လပ်ရေး
ဒီပို့စ်ရဲ့ ဖန်တီးရှင်ကတော့ ကိုသန့်ဇင်အောင်ပါ။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နဲ့ ဘလော့ကာ အတော်များများ ပို့စ်တွေ ရေးကြတဲ့အထဲကမှ ဒီပို့စ်ရဲ့ တင်ပြပုံနဲ့ အရေးအသား၊ နောက်ပြီးတော့ အကြောက်တရားကို သေသေသပ်သပ် သရော်ထားမှုကို ကျနော် နှစ်သက်မိပါတယ်။ လေးစားပါတယ် ကိုသန့်ဇင်အောင်။ တနေ့နေ့မှာတော့ ကြီးရင့်လာတဲ့ ကိန်းဂဏန်းတွေရဲ့ ပြည့်ဝတဲ့ အဓိပ္ပာယ်ကို ကျနော်တို့ ရရှိမှာပါ။
http://thantzinaung.blogspot.com/2007/01/blog-post_04.html

(၃) ကျမနှင့် ကျမချစ်သော ဖေဖေနှင့် မေမေ
တကယ်တော့ ဒီပို့စ်ရဲ့ စာအရေးအသားမှာ နိဂုံးက တုံးတိတိကြီးပါ။ ဒါပေမယ့် ကျနော် ဒီပို့စ်ကို နှစ်သက်မိတာကတော့ ကိုယ်ချင်းစာမှု သဘောပါကောင်းပါနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘလော့ပိုင်ရှင်လိုပဲ ကျနော်ဟာလဲ ငယ်စဉ်က ကြိမ်ဖန်များစွာ မိဘများရဲ့ အရိုက်အနှက်ခံခဲ့ရလို့ပါ။ ဖတ်ကြည့်ပါ။ မိဘများရဲ့ ရိုက်တာ မကြာခဏခံရတဲ့ ကလေးတယောက်ရဲ့ ခံစားချက်တပိုင်းတစကို တွေ့ပါလိမ့်မယ်။
http://misspollyanna.blogspot.com/2006/12/blog-post_07.html

အကြိုက်ဆုံးကဗျာ
ပြက္ခဒိန်

နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာနေဇော်နိုင် ခေါ် ကိုပုည ရဲ့ ကဗျာကို ကိုသက်နိုင်ရဲ့ ဘလော့မှာ ဖတ်မိပါတယ်။ ကျနော် နားလည်ထားတဲ့ ကဗျာဆိုတာရဲ့ အဓိပ္ပာယ်နဲ့ အဲဒီကဗျာရဲ့ ဖော်ကျူးချက်က ကိုက်ညီတယ်လို့ ခံစားမိတဲ့အတွက် အနှစ်သက်ဆုံးအဖြစ် ဖော်ပြလိုက်ပါတယ်။ ကိုသက်နိုင်ရေ၊ အဲဒီကဗျာ တင်ထားတဲ့အတွက် ကျေးဇူးပါ။
http://thetnaing.blogspot.com/2007/01/blog-post_116788922608181853.html

အကြိုက်ဆုံး သီချင်း
Hurt

ကျနော် ဒီတလ အကြိုက်ဆုံး သီချင်းကတော့ မြန်မာသီချင်း မဟုတ်ခဲ့ပါဘူး။ တင်ဆက်သူ ဘိုးတော်ကြီးက သီချင်းရေးသူနဲ့ သီဆိုသူနာမည်ကိုလဲ မဖော်ပြပေးထားပါဘူး။ ဒါပေမယ့် ဒီသီချင်းကို နားဆင်ကြည့်ပါ။ ခံစားမှုတခုခုတော့ ရသွားပါလိမ့်မယ်။
http://7monkeys.blogspot.com/2006/12/hurtdictators-cut.html

တကယ်တော့ ကြိုက်တာတွေက အများကြီးပါ။ အဲဒီအထဲကမှ အခိုက်ဆုံးတွေကို ရွေးချယ်ဖော်ပြလိုက်ခြင်းပါ။ အကြိုက်ချင်း မတူခဲ့ရင်လဲ မတတ်နိုင်ပါခင်ဗျာ။ အားလုံး ကျေးဇူးပါ။

ကလိုစေးထူး



2 comments:

boedawgyi said...

သူချင်းရေးသူတော့မသိဘူးဗျ..ဆိုသူကjohhny cash
သူချင်းနာမည်Hurtပါ.ကျနော်နောက်ဆုံးမှာထည့်ထားပါ
တယ်။

မေဓာဝီ said...

ကျမရဲ့ စာ ကိုသံလွင်ရဲ့ အကြိုက်ဆုံးထဲမှာ ပါဝင်ပြန်တာ ၀မ်းသာပါတယ်။ ဖယောင်းတိုင်မီးနဲ့ တံခါးပေါက်ရှိရာ စမ်းတ၀ါးဝါးသွားရင်း ရုတ်တရက် မီးငြိမ်းသွားလို့ မီးပြန်ထွန်းနေရတာနဲ့ နဲနဲကြာသွားတယ်။