ထူးထွေများမြောင်လှတဲ့ ဒီလူ့ဘောင်ကြီးထဲမှာ လူတဦးနဲ့တဦး တခါတရံမှာ စိတ်အခန့်မသင့်၊ အဆင်မပြေတာလေးတွေ ရှိတတ်ကြတာကြောင့် အချင်းချင်း စိတ်ဆိုးမိတတ်ကြပါတယ်။ အပြစ်မြင်မိတတ်ကြပါတယ်။ သာမန်အားဖြင့် တော်ရုံတန်ရုံ စိတ်ထားချင်း မသင့်မြတ်မှုတွေဟာ ပြေပျောက်ဖို့ရာ လွယ်ကူပေမယ့် ဘ၀နဲ့ချီပြီး ထိခိုက်နစ်နာလောက်စရာ ကိစ္စတွေနဲ့ ယှဉ်လာရင်တော့ စိတ်ဆိုးရုံတင်မက နာကျည်းတဲ့ အဆင့်ကိုပါ ရောက်သွားတတ်ပါတယ်။
အဲဒီအခါမှာ အညှိုးအတေးတွေ၊ မုန်းတီးမှုတွေ၊ ရန်လိုမှုတွေ၊ အာဃာတ တရားတွေက တနေ့ထက် တနေ့ ပိုမိုကြီးထွားလာတတ်ပါတယ်။
အဲဒါကြောင့်..။
ကျနော်တို့ နေထိုင်ရှင်သန်ရာ လူ့ပတ်ဝန်းကျင်မှာ လူအများ ပြောလေ့ရှိတဲ့ စကားတခွန်း ရှိပါတယ်။
`စိတ်ဆိုးအောင် လုပ်ပါ၊ စိတ်နာအောင် မလုပ်ပါနဲ့´..တဲ့။
***
ကျနော်ငယ်စဉ်က မိဘတွေက `သားကြီးလာရင် ဘာလုပ်မလဲ´ လို့ မေးခဲ့စဉ်က `စစ်ဗိုလ်ကြီး လုပ်မယ်´ လို့ ဖြေခဲ့ဖူးပါတယ်။ စမတ်ကျကျ စစ်ယူနီဖောင်း အခန့်သားနဲ့ စစ်သားကြီးတွေရဲ့ ဟန်ပန်ကို အားကျခဲ့ဖူးပါတယ်။
၁၉၈၈ ခုနှစ်ကို ဖြတ်သန်းအပြီးမှာတော့ ကျနော် စစ်သားတွေကို တော်တော်လန့်သွားပါတယ်။ စစ်သားတွေရဲ့ ဦးစီးဦးဆောင် ဖြစ်သူကိုယ်တိုင်က တတိုင်းတပြည်လုံးကို `စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ် ထောင်ပစ်တာ မပါဘူး´ လို့ စိန်ခေါ်လိုက်သံကို ကြားရအပြီးမှာတော့ စစ်ဗိုလ်လုပ်မယ်ဆိုတဲ့ အတွေးဟာ ကျနော့်ရည်မှန်းချက်ထဲကနေ လွင့်ပျောက်သွားခဲ့ပါတယ်။
၁၉၉၀ ခုနှစ်မှာ မွေးရပ်မြေ ကရင်ပြည်နယ်ကို ပြန်လည် ပြောင်းရွှေ့ခဲ့ရအပြီးမှာတော့ စစ်တပ်နဲ့ ပြည်သူအကြား ရန်ကုန်နဲ့ မတူတဲ့ ဆက်ဆံရေးကို ထိတွေ့ခဲ့ရပါတော့တယ်။
ရန်ကုန်မှာတုန်းက ကြားတောင် မကြားဖူးခဲ့ရတဲ့ `ပေါ်တာ´ဆိုတဲ့ စကားလုံးကို ခါးသီးတဲ့ အတွေ့အကြုံနဲ့ ရင်းနှီးပြီးတော့ သိကျွမ်းခဲ့ရပါတယ်။ `လုပ်အားပေး´ ဆိုတဲ့ လှလှပပ စကားလုံးရဲ့ ခိုင်းစေမှုအောက်မှာ မနက်စာ ထမင်းထုပ်လေး ဆွဲလို့ နေပူကျဲကျဲမှာ ပေါက်တူးလက်ဆွဲလို့ ပြည်သူဆီက မတရားသိမ်းထားတဲ့ နယ်မြေခံတပ်ပိုင် လယ်မြေအတွက် ချွေးမြေကျခဲ့ရဖူးပါတယ်။
ကျနော်တို့ မြို့လေးမှာ ပြည်သူတွေ စိတ်အဆင်းရဲရဆုံး အချိန်ကာလ တခုရှိပါတယ်။ အဲဒါကတော့ နယ်မြေခံတပ်ရင်း ရှေ့တန်းက အပြန်၊ နောက်တန်းမှာ နားနေကြတဲ့ ကာလပါ။ ရှေ့တန်းပြန် ပြည်သူ့စစ်သားကြီးများက မြို့ကလေးငယ်ငယ်ပေါ်မှာ မူးယစ်၊ လမ်းသလားလို့ တချို့များဆို လမ်းသွားလမ်းလာ ပြည်သူကို အသားလွတ်ကြီး ဆဲဆို ရန်စတာကို ကြုံရပါတယ်။ မကျေနပ်လို့ သွားတိုင်တော့လည်း သူတို့ အထက်အရာရှိများက ထိရောက်တဲ့ အရေးယူမှုတွေ လုပ်လေ့မရှိပါဘူး။
အဲဒီလို ဆိုးသွမ်းရမ်းကားတဲ့ စစ်သားတွေ ရှိနေသလို ပြည်သူနဲ့ တသားတည်း ကျလိုတဲ့ စစ်သားတချို့နဲ့လည်း ကြုံဆုံခဲ့ရဖူးပါတယ်။ ဒါပေမယ့် သူတို့ကတော့ သူတို့ကိုယ်သူတို့ `ငါ တပ်မတော် အရာရှိကွ´ တို့၊ `ငါ တပ်ကြပ်ကြီးကွ´ တို့ ဆိုတဲ့ မောက်မာ ထောင်လွှားမှု တစိုးတစဉ်းမှ မရှိကြပါဘူး။ ပြည်သူနဲ့ ထိတွေ့ခွင့် ရတဲ့ အခိုက်အတန့်မှာ သူတို့ကို ပြည်သူက မချစ်ရင်တောင်မှ မမုန်းအောင် သတိထားနေထိုင်ကြလို့ ပြည်သူကလည်း သူတို့ကို `သြော်၊ သူတို့ခမျာ အထက်လူကြီးတွေကို မလွန်ဆန်နိုင်လို့သာ နေမှာပါ´ လို့ ဖော့တွေးပြီး မေတ္တာထားပါတယ်။
ယနေ့ခေတ် တပ်မတော်သား အတော်များများရဲ့ ခံစားချက်၊ တနည်းပြောရရင် လိုလားချက် တခုကို သတိထားမိတာ ရှိပါတယ်။ အဲဒါကတော့ သူတို့ကို ကျနော်တို့ (ပြည်သူ)က မုန်းနေကြမှာကို စိုးရိမ်တတ်ကြတာပါ။ `စစ်သားတိုင်း လူဆိုးမဟုတ်ပါဘူးကွာ´ ဆိုတဲ့ လက်သုံးစကားကို စစ်သားတိုင်းနီးပါး ပြောလေ့ရှိပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ ကျနော်တို့တတွေကို `အုပ်ချုပ်သူက အုပ်ချုပ်သူ၊ တပ်မတော်သားက တပ်မတော်သား´ ဆိုပြီး မြင်စေချင်ကြပါတယ်။
မိသားစု တခုမှာ အိမ်ထောင်ဦးစီး ဖြစ်သူရဲ့ ကောင်းခြင်း၊ ဆိုးခြင်းက သူ့မိသားစုဝင်တွေကို ရိုက်ခတ်စေသလို အဖွဲ့အစည်း တခုရဲ့ ကောင်းခြင်း၊ ဆိုးခြင်းဟာလည်း အဲဒီအဖွဲ့အစည်းမှာ စိတ်ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ ပါဝင်ပတ်သက်နေသူတွေကို အနည်းနဲ့ အများ သက်ရောက်စေတာ ဖြစ်ရိုးဖြစ်စဉ် တခုပါပဲ။ သို့တိုင်အောင် ခေါင်းဆောင် မကောင်းတိုင်း ငယ်သားတွေပါ မကောင်း ဖြစ်ရရော ဆိုတာတော့ မရှိပါ။
ဒါပေမယ့် အဲဒီလို ခေါင်းဆောင် မကောင်းတိုင်း ငယ်သားတွေကိုပါ မကောင်းမမြင်ရလေအောင် ငယ်သားတွေကိုယ်တိုင်က အနေအထိုင် တတ်ဖို့တော့ လိုအပ်လှပါတယ်။ ကျနော် အထက်က တင်ပြခဲ့သလို အရပ်ထဲမှာ မူးယစ်ရမ်းကားနေတဲ့ တပ်မတော်သားကို ဘယ်ပြည်သူကမှ ချစ်မှာ မဟုတ်ပါဘူး။ မချစ်တဲ့အပြင် `သူတို့ အုပ်ချုပ်နေတယ်ဆိုပြီး လူပါးဝနေတာ၊ ဘာထူးလဲ၊ ဒီပုတ်ထဲက ဒီပဲပါပဲ´ လို့တောင် မြင်သွားနိုင်ပါတယ်။
တကယ်တော့ ကျနော်တို့ မြန်မာပြည်သူတွေ စစ်သားတွေကို မမုန်းကြပါဘူး။ ဟိုးအရင်ခေတ်များက ဆိုရင်ဖြင့် အသည်းထဲက တုန်နေအောင်ကို ချစ်ခဲ့ကြတာပါ။ စစ်သားဆိုတာကလည်း ပြည်သူ့ရင်နှစ်သည်းချာပေကိုး။ ရှုပါ..။
~~~ သွေးနဲ့သာရယ် ချွေးနဲ့သာရယ် ~~~ စစ်တိုက်တဲ့နေရာဝယ် ~~~ အသက်စွန့်ကာ နေတော့တယ် ~~~ သနားလောက်စရာကွယ် ~~~ စားသောက်ရာဝယ် ~~~ အဆင်းရဲလည်း ခံရှာတယ် ~~~ ဇွဲသတ္တိကောင်းနဲ့ရယ် ~~~ စွန့်စားတဲ့သူတွေရယ် ~~~ ကျေးဇူးကိုမျှော်တွေးလို့ ~~~ ဗမာ့သွေးကို နှမပေးချင်ပါတယ်~~~
~~~ ရန်သူတွေကို အသေနှံတယ် ~~~ စေတနာ ရှိလွန်းလို့ပါကွယ် ~~~ ပိုပြီးပျော်ဖို့ကွယ် ~~~ တို့ကြီးတော်ကြီးကိုပါ ငါပေးမယ် ~~~
ကျနော်တို့ အဘိုးတွေ ခေတ်က ကျော်ကြားခဲ့ဖူးတဲ့ အထက်ပါ သီချင်းလေး တပုဒ်ရဲ့ စာသားတွေကို လေ့လာကြည့်ရင် မြန်မာပြည်သူတွေရဲ့ တပ်မတော်အပေါ်၊ တပ်မတော်သားတွေအပေါ် ထားရှိခဲ့တဲ့ မေတ္တာတရားကို မှန်းဆကြည့်လို့ရပါတယ်။
ဒါပေမယ့် ယခုလက်ရှိ မြန်မာပြည် အနေအထားအရကတော့ တပ်မတော်သားတွေအဖို့ ရှေးကနည်းတူ ပြည်သူတွေရဲ့ မေတ္တာကိုရဖို့၊ ပြည်သူက ချစ်တဲ့ တပ်မတော်သားတယောက် ဖြစ်ဖို့ဆိုရင်တော့ သူတို့ကလည်း ရှေးက စစ်သားများနည်းတူ ပြည်သူကို စေတနာထားဖို့ လိုအပ်ပါတယ်။
မြန်မာလူမျိုးတွေမှာ အလွန်အင်မတန် ချစ်စရာကောင်းတဲ့ အကျင့်တခုရှိပါတယ်။ အဲဒါကတော့ ရှေးက ဘယ်လောက်ဆိုးခဲ့ပါစေအုံး။ အခု ကောင်းမယ်ဆိုရင် ဆိုးခဲ့သမျှကို အားလုံးမေ့ပြီး ခွင့်လွှတ်မေတ္တာထားလေ့ရှိပါတယ်။ ရှေးကကောင်းခဲ့ဖူးတာရှိရင်တော့ အခုလက်ရှိဆိုးနေတဲ့ တိုင်အောင် ကောင်းတာလေးကို ရှာကြံတွေးပေးတတ်ပါသေးတယ်။ အဲဒီတော့ တပ်မတော်သားများအနေနဲ့ မြန်မာပြည်သူတွေဆီက ချစ်ခြင်း မေတ္တာကို ရရှိဖို့ဆိုတာဟာ မခဲယဉ်းပါဘူး။
***
စိတ်ဆိုးတယ်ဆိုတာဟာ ဖြေဖျောက်ဖို့ လွယ်ကူပေမယ့် စိတ်နာသွားရင်တော့ နာကျည်းမှုတွေက ဖြေဖျောက်ပစ်ရတာ ခက်လှပါတယ်။
အခုအချိန်မှာတော့ လက်ရှိတပ်မတော်ကြီးကို ကျနော်တို့ စိတ်ဆိုးနေတုန်း ရှိပါသေးတယ်။ တပ်မတော်ကို စိတ်ဆိုးနေတဲ့ အတွက် တပ်မတော်သားတွေကိုပါ အမြင်မကြည်ဖြစ်ရတာတော့ ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် တပ်မတော်ကို စိတ်နာမသွားဖို့ကတော့ တပ်မတော်သား အားလုံးမှာ တာဝန်ရှိပါကြောင်း..။
ကလိုစေးထူး
(ဒီစာကို ရေးနေတုန်း သူငယ်ချင်းတယောက် ဖွင့်ထားတဲ့ မြန်မာဗွီဒီယိုကားထဲမှာ `ဗိုလ်ကြီးတို့က တိုင်းပြည်အတွက် အသက်ပေးနေတာပဲ။ လေးစားပါတယ်ဗျာ´ ဆိုတဲ့ ဇာတ်ဝင်ခန်းတခုရဲ့ အသံကိုကြားမိလို့ ကြည့်မိတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြောရမလား မသိ၊ ဇာတ်ကားက ဂျပန်ခေတ် နောက်ခံဇာတ်ကားဖြစ်နေတယ်)
Monday, April 30, 2007
စိတ်သာ ဆိုးချင်သည်..
Thursday, April 26, 2007
ဒီတလအကြိုက်ဆုံးများ (၃) ....
ကျနော် ဖတ်မိသမျှ ဘလော့ဂ်တွေထဲက နှစ်သက်ဖွယ်ရာ စာ၊ ကဗျာ၊ သီချင်းများကို ဒီတလအကြိုက်ဆုံးများ ဆိုပြီး ရေးသားခဲ့တာဟာ အကြောင်းအမျိုးမျိုးကြောင့် အမှတ်စဉ်(၂) နောက်ပိုင်းမှာ ဆက်မရေးအားနိုင်ဘဲ တန့်နေခဲ့ရပါတယ်။ ဒါပေမယ့် မရေးအားနိုင်ခဲ့တဲ့ ကြားကာလအတွင်းမှာ ဘလော့ဂါ အဟောင်း၊ အသစ်တွေရဲ့ စာ၊ကဗျာ အတော်များများကို ဖတ်ဖြစ်ခဲ့ပါတယ်။ အမှတ်စဉ်(၂)တုန်းက ပြောခဲ့ဖူးတဲ့အတိုင်းပါပဲ။ ကျနော့် အကြိုက်ဆုံးတွေကို ရွေးချယ်ဖော်ပြရတဲ့ ရည်ရွယ်ချက် နှစ်ခုရှိပါတယ်။ တခုကတော့ ကျနော် နှစ်သက်မိလို့ပါ။ နောက်တခုကတော့ အဲဒီ စာတွေ၊ ကဗျာတွေ၊ ဖန်တီးမှုတွေကို ဒီဘလော့ကို လာလည်မိတဲ့ လူတွေကိုပါ ဖတ်စေချင်လို့ပါ။ အကြိုက်ချင်း မတူ ဖြစ်သွားခဲ့ရင်၊ ဒါမှမဟုတ် ရေးသားသူ၊ ဖန်တီးသူတွေရဲ့ အားထုတ်မှုက ကျနော်ချီးမွမ်းကာမှပဲ ယုတ်လျော့သွားခဲ့ရင် ခွင့်လွှတ်ပါ။ နောက်တခုကတော့ ကျနော် ဒီလို ရွေးချယ်ဖော်ပြတာဟာ မူပိုင်ခွင့်ဆိုတာနဲ့ ငြိစွန်းနေရင်လဲ ဒီနေရာကနေ တခါတည်း တောင်းပန်ပါတယ်။ အကျိုးအမြတ် တစုံတရာမပါတဲ့အတွက် နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။ ကဲ.. စလိုက်ကြရအောင်။ အကြိုက်ဆုံး ဘလော့ဂါပို့စ်များ (၁) နွေလယ်ခေါင်မှာ.. စာအရေးအသားကောင်းလှတဲ့ မမေဓာဝီဟာ အခုနောက်ပိုင်းမှာ ကိုပြူးကျယ်သို့ ပေးစာများ၊ ဘကြီးဘဘေ၏ နိုင်ငံရေးရာ အဖြာဖြာများ လို့ ပို့စ်များကို အရေးစိတ်လာတာကြောင့်များလား မသိ၊ အထက်ပါ ပို့စ်လို မြင်ကွင်းသရုပ်ဖော်ပို့စ်ကို ရေးတာ အတန်ငယ် ကျဲပါးသွားတာကို နေ့စဉ်ဝင်ဖတ်သူ စာဖတ်ပရိသတ်တယောက် အနေနဲ့ သတိထားမိပါတယ်။ ဒီပို့စ်မှာ ပူလှတဲ့ နွေရဲ့ သရုပ်ကို လမ်းပေါ်က မြင်ကွင်းကို သရုပ်ဖော်ပြီး စတင်ပုံဖော်ထားသလို နွေရဲ့ အလှကိုလည်း လမ်းတဖက်က အပင်တွေရဲ့ အလှနဲ့ ဖော်ကျူးထားပါတယ်။ ပူလောင်ခြင်းရဲ့ အေးမြရာ နေရာဟာ ဘုရားရိပ်၊ တရားရိပ် ဆိုတာဟာ ဒီပို့စ်က ပေးချင်တဲ့ မက်ဆေ့ပါ။ http://maydar-wii.blogspot.com/2007/04/blog-post_08.html (၂) ဂျစ်တူး၏ ခရီးသွားပို့စ်များ ဂျစ်တူးဟာ သူမြန်မာပြည်ကို ပြန်ခွင့်ရခိုက်မှာ ကျိုက်ထီးရိုး၊ ပုဂံ၊ ဟဲဟိုး၊ ကလော၊ အင်းလေး စတဲ့ နေရာတွေကို အလည်ရောက်ခဲ့ပါတယ်။ အားကျမိပါရဲ့။ သူအလည်ရောက်ခဲ့တာကို ဓာတ်ပုံမှတ်တမ်းများနဲ့ တကွ ဂရုတစိုက်နဲ့ အခန်းဆက် ပို့စ်များ တင်ပေးခဲ့တာဟာ စာဖတ်သူတွေကို ဗဟုသုတလဲ ရစေသလို မြန်မာပြည် အထင်ကရ နေရာတချို့ရဲ့ ပြောင်းလဲနေတဲ့ အနေအထားကိုပါ လေ့လာခွင့်ရစေခဲ့ပါတယ်။ အထူးနှစ်သက်မိတာကတော့ ဟိုတယ်ပေါ်ကနေ လှမ်းအကြည့်၊ နွားတကောင်နဲ့ အလုပ်ရှုပ်နေတဲ့ လယ်သမားကြီးကို မြင်ရတဲ့ အချိန်မှာ တွေးမိတဲ့ အတွေးကို ပုံနဲ့တကွ သရုပ်ဖော်ထားတာကိုပါ။ http://gyittu.blogspot.com/2007_03_01_archive.html (၃) လွန်ခဲ့သော ၁၉၈၃ ကိုဇော်မိုးအောင်ရဲ့ မိမိ မွေးနေ့ကို ခံစားပုံဖော်ထားတာဟာ ရသ၀တ္ထုတို တပုဒ်ကို ဖတ်ရတဲ့အလားပါပဲ။ ရိုးရှင်းတဲ့ ရေးဟန်က လူသားတယောက်ရဲ့ မွေးဖွားခြင်းကို ပုံဖော်နေစေသလို မိဘနှစ်ပါးရဲ့ ကျေးဇူးကို အောက်မေ့သတိရတာကိုလည်း လေးစားမိပါတယ်။ http://zawmoeaung.blogspot.com/2007/03/blog-post_619.html (၄) ကျွန်တော်နှင့် အရောင်များ စာအရေးအသား ကောင်းလှတဲ့ ကိုနေဘုန်းလတ်ရဲ့ လက်စွမ်းပြမှု စာတပုဒ်ပါ။ ပိတောက်မြေ မဂ္ဂဇင်းမှာ ဖော်ပြခံရပြီးသား လို့ သိရပါတယ်။ လူ့ဘ၀ကို အရောင်တွေနဲ့ အတူ သရုပ်ဖော်ထားပုံဟာ ထိမိပါတယ်။ စာဖတ်ရတာ အရသာ ပျက်ရတာ တခုကတော့ စာတွေက ဘလော့ဂ်ပေါ်မှာ အပိုဒ်မခွဲထားတော့ ပြွတ်သိပ်နေတာပါ။ http://nayphonelatt.blogspot.com/2007/02/blog-post_19.html (၅) သတင်းစာဆရာ မအိမ်ချမ်းမြေ့ရဲ့ ဒီပို့စ်ကို ကျနော် သုံးခေါက်လောက် ထပ်ဖတ်ဖြစ်ပါတယ်။ ပထမတခေါက်ဖတ်၊ ဘာပြောချင်တာပါလိ့မ်လို့ တွေး၊ နောက်တခေါက် ပြန်ဖတ်၊ ထပ်တွေး၊ တတိယမြောက်မှာမှ ၀ိညာဉ်အကြောင်းကို ပြောချင်တာလို့ သဘောပေါက်ပါတယ်။ နှစ်သက်မိတာက မြုပ်ကွက်ထားတဲ့ အရေးအသားပါ။ အဲဒီ ဘလော့ဂ်မှာလဲ စာဖတ်ရင်း အနှောက်အယှက်ပေးတာ တခုရှိပါသေးတယ်။ Auto Playing လုပ်ထားတဲ့ သီချင်းသံက ဟိုးအရင်က ရေးထားတဲ့ တခြားစာတွေကို လိုက်ဖတ်ရင် အစက တခေါက်ပြန်လာတော့ စာဖတ်ရတာကို အာရုံပျက်ရပါတယ်။ (၁) Traveler ကဗျာရေးတာ ထူးချွန်တဲ့ ကိုတက်စလာရဲ့ ဘလော့ဂ်က ကဗျာတပုဒ်ပါ။ ချစ်ခြင်း၊ မုန်းခြင်း၊ ပျော်ရွှင်ခြင်း၊ ပူဆွေးခြင်းတွေရဲ့ ဟိုမှာဘက်မှာ ဘာရှိနိုင်မလဲ ဆိုတာကို ခံစားမျှော်ကြည့်စေတဲ့ ကဗျာတပုဒ်ပါ။ ကဗျာနာမည်ကို `ခရီးသွား´ လို့ ကျနော့်သဘောအရ ကျနော် မြန်မာဆန်ဆန် မှည့်ကြည့်မိပါတယ်။ http://teslanetblog.blogspot.com/2007/04/traveller.html (၂) ၀ိဘစ္ဆ ဘလော့ဂ်သက်တမ်း မကြာလှသေးသလို စာရေးလဲ ကျဲပါးတဲ့ ပန်ဒိုရာရဲ့ ကဗျာကောင်းတခုပါ။ `၀ိဘစ္ဆ´ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုက်ညီလှစွာပဲ လောဘ၊ ဒေါသ၊ သံသယ၊ အာဃာတ၊ အကြောက်တရားတွေရဲ့ ပေါင်းစပ်မှုကြောင့် ပေါ်လာတဲ့ စစ်ပွဲတွေကို ကြောက်ရွံ့တဲ့ပုံဟန်၊ ငြိမ်းချမ်းရေးကို လိုလားတဲ့ ကဗျာဆရာရဲ့ ဆိုလိုဟန်ကို ဖော်ကျူးဟန်က ထိမိတဲ့ အတွက် နှစ်သက်မိပါတယ်။ http://pandora-and-pandora.blogspot.com/2007/04/blog-post_01.html (၃) ဆေးရုံ(၁) မြန်မာ့ဘလော့ဂါစာအုပ် ဘလော့ဂ်မှာ ဒီကဗျာကို ဖတ်လိုက်ရပါတယ်။ ရေးသူ အမည်ကိုတော့ မဖော်ပြထားပါ။ `ဆရာဝန်ကြီးရဲ့ နှလုံးသားဟာ ဓာတ်မှန်မှာ မပေါ်ဘူးတဲ့´ ဆိုတဲ့ စာသားကို အကြိုက်ဆုံးပါပဲ။ ဆေးရုံတခုရဲ့ သရုပ်သကန်ကိုလည်း တိုတောင်းကျစ်လစ်တဲ့ စာသားတွေက ဖော်ကျူးလို့ နေပါတယ်။ http://mmblogbook2.blogspot.com/2007/03/blog-post_9776.html ကျနော် မဖတ်မိပေမယ့် ကျနော်တင်ပြခဲ့တဲ့ စာ၊ ကဗျာများနည်းတူ ကောင်းမွန်တဲ့ အနုပညာတွေလည်း တခြားသော ဘလော့ဂ်တွေမှာ ရှိနေဦးမှာ သေချာပါတယ်။ ဒီပို့စ်ကို လာဖတ်မိသူ မိတ်ဆွေများက လမ်းညွန်ပေးနိုင်ရင်တော့ အတိုင်းထက် အလွန်ပါပဲ။ ဖန်တီးသူမှာလည်း ကြိုးစားအားထုတ်ရကျိုး နပ်သလို ကျနော်တို့ အဖို့မှာလည်း ကောင်းမွန်တဲ့ ဖန်တီးမှုရသကို ခံစားနိုင်ကြမှာပါ။ အားလုံးကို ခင်မင်လေးစားစွာဖြင့်.. ကလိုစေးထူး |
Wednesday, April 25, 2007
ဘောင်ဘင်ခတ်ကြခြင်း...
ကျနော်ဖြေခဲ့ရတဲ့ အဝေးသင် တက္ကသိုလ် အတန်းတင် စာမေးပွဲ တခုမှာ ဖြစ်ပါတယ်။ ကျနော်နဲ့ မလှမ်းမကမ်းက စာဖြေသူ ကျောင်းသားတယောက်က စာကူးချနေတာကို အခန်းကြီးကြပ်သူ ဆရာမက တွေ့တော့ သူကူးနေတဲ့ စာရွက်ကို သိမ်းယူဖို့ ကြိုးစားပါတယ်။ အဲဒီမှာတင် အဲဒီကျောင်းသားက သူ့ရဲ့ အိတ်ကပ်ထဲက တစုံတခုကို ထုတ်ပြီး စားပွဲပေါ်ကို ဆရာမ မြင်သာအောင် တင်လိုက်ပါတယ်။ ပြီးတော့ ပြောလိုက်ပါသေးတယ်။ `ဆရာမ၊ ကျနော် တပ်က အရာရှိတယောက်ပါ’ အဲဒီမှာတင် ဆရာမက အောင်နိုင်သူ စစ်သူကြီးတယောက် အပြုံးနဲ့ စကားတခွန်း ပြန်ပြောလိုက်ပါတယ်။ `အေး၊ ငါလဲ တပ်ရင်းမှူးကတော် တယောက်ပဲ၊ မင်းက ဘယ်တပ်က အရာရှိတုန်း´ *** ကျနော်တို့ မြို့ကလေးရဲ့ မြို့လယ်ခေါင်က ဖြစ်ရပ်တခု ဖြစ်ပါတယ်။ လဲကျနေတဲ့ စက်ဘီး နှစ်စီး..၊ အဲဒီအနီးမှာတော့ အသက်သုံးဆယ် ၀န်းကျင်လူတယောက်က ချာတိတ်အရွယ် ကောင်လေး တယောက်ကို ရှူးရှူးရှားရှားနဲ့ အားရပါးရ ထိုးကြိတ်နေပါတယ်။ ပါးစပ်ကလည်း.. `ငါ့ကို ဘာကောင်ထင်နေလဲ၊ တပ်မတော်အရာရှိကွ၊ ကဲကွာ..´ သူဘာဖြစ်လို့ အဲဒီလောက်တောင် ဟိုကောင်လေးကို ထိုးကြိတ်ရသလဲဆိုတာကို နောက်ပိုင်းမှာ စုံစမ်းကြည့်တော့ သူ့ကို စက်ဘီးချင်း လိုက်ချိတ်လို့ပါတဲ့။ *** စစ်မြေပြင် တခုမှာ ဖြစ်ပါတယ်။ ဗုံးသံ၊ သေနတ်သံတွေ တ၀ုန်းဝုန်းနဲ့ ပြင်းထန်လှတဲ့ တိုက်ပွဲတခုမှာ အင်အားချင်းက မမျှလေတော့ သူပုန်တွေဘက်က တဖြည်းဖြည်းနဲ့ အသာစီးရလာပါတယ်။ ရေရှည်ဆိုရင် တပ်ခွဲ စခန်းတခုလုံး သူပုန်တွေ လက်အောက်ကို ကျရောက်ပါတော့မယ်။ အဲဒီလိုနဲ့ တကြိမ်မှာတော့ တပ်ခွဲမှူး ဗိုလ်ကြီးကို သေနတ်မှန်သွားပါတယ်။ ဆုတ်ခွာမှ ဖြစ်တော့မယ့် အခြေအနေမှာ ဗိုလ်ကြီးက အားတင်းထားရင်းနဲ့ တပ်ကြပ်ကြီးကို အနား ခေါ်လိုက်ပါတယ်။ `ဆရာကြီး´ `ဟုတ်၊ ဗိုလ်ကြီး´ `ကျနော့်ကို ထားခဲ့ကြတော့၊ ဆရာကြီး ဦးစီးပြီးတော့ တပ်ခွဲတခုလုံး ဆုတ်ပါ။ ကျနော်ခံပစ် ထားပေးမယ်´ `ဟာ၊ ဘယ်ဖြစ်မလဲ ဗိုလ်ကြီး´ အဲဒီမှာတင် ဗိုလ်ကြီးက ဒဏ်ရာကြောင့် နာကျင်နေတဲ့ကြားက အားယူပြီး ခပ်ပြတ်ပြတ်ပြောလိုက်ပါတယ်။ `ဒီမယ်ဆရာကြီး၊ ကျုပ်အမိန့်ပေးနေတယ်၊ ကျုပ် အရာရှိ အမိန့်ပေးနေတယ်´ *** ဖြစ်ရပ်သုံးခုမှာ နှစ်ခုက ဖြစ်ရပ်မှန်..၊ တခုကတော့ ဗီဒီယို ဇာတ်ဝင်ခန်း..။ အဖြစ်အပျက်တွေ မတူကြပေမယ့် တူကြတာ တခုတော့ ရှိပါတယ်။ အားလုံးကတော့ `တပ်မတော် အရာရှိ´ တွေပါပဲ။ ကလိုစေးထူး |
Monday, April 23, 2007
10 Weird Things About Me
မရောက်တာကြာတဲ့ ဘလော့ဂ်တွေကို တနေ့က ဟိုဟိုဒီဒီ လိုက်ဖတ်တော့ ဘလော့ဂ်ညီအကို မောင်နှမတွေရဲ့ ပျော်စရာ အစီအစဉ်တခုကို ဖတ်လိုက်ရပါတယ်။
ကိုယ်နဲ့ ပတ်သက်တဲ့ ထူးဆန်းသော၊ တနည်းအားဖြင့် ဂွတီးဂွကျနိုင်သော အချက်(၁၀)ချက်ကို ဖော်ပြပါတဲ့..။ တကယ်တော့ ဒါက ကိုယ့်ငယ်ကျိုး ငယ်နာဖော်တဲ့ ကစားနည်းတမျိုးပေကိုး.။ :D ကျနော့်ကိုလည်း ငယ်ကျိုးငယ်နာတွေ ဖော်ခိုင်းထားကြလေရဲ့။
ကဲ..။ မကြီးမငယ်နဲ့ ကလေးတွေကြားထဲ ၀င်ပေါတယ် ဆိုချင်ဆို..။ စိတ်ရှုပ်ထွေးနေတာတွေ အခိုက်အတန့်အဖြစ်ဖြစ် ပြေပျောက်အောင် ဒီကစားနည်းမှာ ပျော်ပျော်ကြီး ၀င်ပေါ (အဲလေ) ၀င်ကစားကြည့်တာပေါ့..။ ကျနော့်ရဲ့ ထူးခြားသော သို့မဟုတ် ဂွကျကျနိုင်သော အချက်တွေကတော့..
(၁) အိမ်သာတက်လျှင် စာအုပ်ကို စိမ်ပြေနပြေဖတ်တတ်ခြင်း။ (မယုံမရှိနဲ့ တကယ်အရသာ ရှိတာဗျ။ ကျနော် ရေးဖူးတဲ့တချို့စာတွေက အိမ်သာတက်ရင်း စာဖတ်ရာကနေ စိတ်ကူးရတယ်။ :D)
(၂) ဘီယာမူးလာလျှင် ကာရာအိုကေ အလွန်ဆိုချင်ခြင်း။ (မြန်မာပြည်မှာတုန်းက မိုက်ခဲဗျ :D)
(၃) မသိမသာကြွားရသည်ကို ၀ါသနာထုံခြင်း။ (ခပ်ရှက်ရှက်နဲ့ ၀န်ခံတာ။ :P)
(၄) သီချင်းမဖွင့်ပေးသော လက်ဖက်ရည်ဆိုင်များကို မုန်းတီးခြင်း။ (ရေလည်အမြင်ကပ်တယ်ဗျာ၊ ၀မ်းတီးတူးရှယ်နဲ့ စားပွဲထိုးတွေနဲ့ အော်ဟစ်ဆူညံနေပြီး သီချင်းလေးမှ မဖွင့်ထားရင်..)
(၅) စိတ်တိုလွယ် စိတ်ပြေလွယ်ခြင်း။ (စိတ်အရမ်းတိုရင် ကွင်းပြင်ကျယ်ကြီးထဲမှာ အားရပါးရအော်တတ်တယ်၊ ဒီမှာတော့ မအော်ရဲတော့ဘူး။ ရဲက အရူးမှတ်ပြီးမှာကြောက်လို့.. :D)
(၆) စကားပြောလျှင် လေသံကျယ်လောင်ကျယ်လောင်ဖြင့် အားရပါးရပြောလေ့ ရှိခြင်း။ (ဘယ်လိုမှကို ထိန်းလို့မရတာ၊ မူးလာရင် ပိုဆိုးတယ်။ :D)
(၇) မတ်တပ်ရပ် ဓာတ်ပုံအရိုက်ခံလျှင် ခြေထောက်ကားယား အမြဲဖြစ်လေ့ရှိခြင်း။ :D
(၂) ကျော်ဇေယျ (ခ) ၀ိုင် (မှတ်ထားကွ.. အခုမှ အခွင့်သင့်တုန်း ချောက်တွန်းတာ။)
(၃) ညလေး (ဘယ်သူ tag ထားပြီးပြီလဲတော့ မသိ၊ သူ့ကိုလဲ ချောက်တွန်းချင်နေတာ ကြာပြီ။)
ရယ်မောခြင်းဖြင့် ပျော်ရွှင်နိုင်ကြပါစေ။ ပျော်ပျော်ပါးပါးပေါ့..။
ကလိုစေးထူး
Sunday, April 22, 2007
ရုရှပြန် ကဗျာတပုဒ်..
ဒီနေ့တော့ ကျနော့်ဘလော့ဂ်ကို လာလည်သူ မိတ်ဆွေများကို ကဗျာတပုဒ် တင်ပြပါမယ်။ ဒါပေမယ့် အဲဒီကဗျာကို ကျနော်ရေးတာတော့ မဟုတ်ပါ။ ကျနော်တို့တတွေ အေးအေးဆေးဆေးနေနိုင်အောင် ပေးဆပ်နေတဲ့ ပြည်ချစ်တပ်မတော်သား စစ်ဘိုများအနက်မှ ရုရှရောက် စစ်ဘိုတယောက် ရေးတဲ့ ကဗျာပါ။ ကဗျာကို ဖတ်ရခြင်းအားဖြင့် ၂၀၀၅ ခုနှစ် မတိုင်မီက ရေးခဲ့တယ်လို့ ယူဆရပါတယ်။
အဲဒီကဗျာကို ဖတ်ခြင်းအားဖြင့် ရုရှနိုင်ငံရောက် မြန်မာစစ်ဘိုတွေရဲ့ အခြေအနေကို အားလုံး မဟုတ်တောင် တစေ့တစောင်း သိမြင်ပါလိမ့်မယ်။ ကဗျာထဲက စာသားတချို့ရဲ့ ကြမ်းတမ်းတဲ့ အသုံးအနှုံးတွေအတွက်တော့ ကျနော့် ညီမတွေ အမတွေကို အားနာပါတယ်။ ရေးသူက အဲဒီအတိုင်း ရေးခဲ့တာကြောင့် ကဗျာကို မူရင်းအတိုင်း တင်လိုတဲ့အတွက်ဆိုတာ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။
ကဗျာမှာ ခေါင်းစဉ်မပါခဲ့ပါဘူး။ ဒီကဗျာနဲ့ လိုက်မယ့် ခေါင်းစဉ်ကိုတော့ စာဖတ်သူ ပရိသတ်ကသာ စဉ်းစားပေးပါတော့။ ကျနော်ကတော့ ဒီကဗျာကို ဖတ်မိတော့ ဘာပြောရမှန်းမသိအောင်ကို တုန်လှုပ်သွားသလို အကြီးအကျယ်လဲ အံ့အားသင့်မိပါတယ်။ ဖတ်ကြည့်ကြပါအုံး…။
အမိမြန်မာ၊ ဘွဲ့ရတာ ၇၅
၁၀ ယောက်က ကျိုးကန်း
၅ ယောက်က ရူးနှမ်းနှမ်းနဲ့
ရဲဖမ်းတာ ၇ ယောက်
၃ ယောက်က လူကြီးအမျိုး
ကံဆိုးသူ အယောက် ၅၀ (ငါတို့ကျောင်းမှာ လူ ၅၀ ရှိလို့)
ရုရှနယ်စေလွှတ်
နျူကလီးယားကို အိတ်နဲ့သွတ်ဖို့တဲ့..။
ဟိုတခါ ပြည်မြန်မာမှာ
ငွေနှစ်ရာ ဝေလာဝေး
ဆေးလိပ်တိုလေး မျှသောက်
Issue နဲ့ စားသောက်နေရပေမယ့်
အရှင်မွေးတော့ နေ့ချင်းကြီး
ဒေါ်လာ ၂၀၀ ကိုင်ပြီးကတည်းက
လက်ကြားမှာ စီးကရက်
ဘီယာဆို ပလပ်ပလပ်နဲ့
သေးထွက်မတတ် မျိုဆို့
ညှီစို့စို့ အသားထုပ်
မှိုတက်လို့ လွှင့်ပစ်လိုက်ရသေးသတဲ့…။
လယ်သမားကြီး အယောက် လေးဆယ်
ကျွဲနွားနှယ်သူတို့ရုန်း
အသင်သုံးနေတဲ့ ရာတန်နှစ်ရွက်
သူတို့တတွေရဲ့ ချွေးစက်…
ဟုတ်မဟုတ်တော့ မသိ
ရှိတာနဲ့ ဖုန်းဝယ်
ခါးကြားမှာ သယ်ပြီး
လူလယ်ရောက်မှ ထုတ်ဆက်
အိမ်မှာတော့ ယောက်မ လျက်နေကြရပြီ။
တချောက်ချောက်နဲ့ Keyboard ရိုက်သံ
ကြိုးစားမှုတွေ မှန်နေတယ် မထင်နဲ့
ရည်းစား တယောက်ရရေး
Chatroom တွေ လိုက်မေးပြီး
ကျနော်ကတော့ Master
ခပ်ထွားထွား လေလုံးပစ်
ကြက်ဥနှစ်ကို ဆားနဲ့နယ်
ထမင်းတောင် မတည်နိုင်တော့ဘူး..။
လေ့လာဖြစ်တာ all ကား
လှတဲ့ အိုး၊ ဖြိုးတဲ့တင်
မြင်သမျှ သရေကျ
ဟင်း…။ *** လိုက်ရ ဆိုတဲ့ စိတ်နဲ့
မိုးလင်းတော့ ကသုတ်ကရက်
ကားဂိတ်မှာ မတ်တပ်ရပ်ပြီး
ဖင်မှန်သမျှ လိုက်ကြည့်
တချို့ကလည်း မြန်မာအထာသိတော့
အင်္ကျီကိုဆွဲချ၊ တင်ပါးဆို ဖုံးထားမှ ဆိုတဲ့ အတွေးနဲ့။
လေ့လာတာ all ကား
ရှုစားတာ မိန်းမဖင်
သင်ချင်တာ Chat အကြောင်း
ငမိုက်သားအပေါင်းက
လိုချင်တော့ ၅ မှတ်
ဘာစာမှ မတတ်ပေမယ့်
ဆရာမကို ဆီးကြို၊ အထုပ်ကို ခပ်သွက်သွက်နဲ့
ပြေးယူတတ်သူတွေတောင်
Programmer ဖြစ်နေကြပြီပဲ
ဆရာသင်တဲ့စာ၊ ဘာဆို ဘာမှမသိ
ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ကျေနပ်နေကြပြီ။
ဒီတခါ Анюта
ခဏတာဝင်ငေး
အသားဈေးထိုးကျ
ရောင်းမရလို့တဲ့
ကြက်ဥဈေးခေါင်ခိုက်
ကုလားပဲ လှည်းနဲ့တိုက်ပြီး
ပုတ်ရိုက်ရောင်းစား
သြော်.. မြန်မာတွေတောင် တော်တော်များလာပြီပဲ။
အောင်ပွဲတွေ ပွေ့ပြီး
နျူကလီးယား စက်ရုံသစ်
ဖဲကြိုးဖြတ် ဖွင့်ဖြစ်ရင်တော့
အင်း..
မြန်မာပြည်မြေပုံ အသစ်ဖြစ်ပြီ ထင်ပါရဲ့။
Saturday, April 21, 2007
ကိုမင်းမောင်သို့ အိတ်ဖွင့်ပေးစာ..
လွန်ခဲ့တဲ့ နှစ်ရက်က `ကျေးဇူကန်းသူများ.. သို့´ ဆိုတဲ့ ပို့စ်ကို ရေးသားပြီး ဘလော့ဂ်မှာ တင်ခဲ့ပါတယ်။
ရေးသားခဲ့ရခြင်းအကြောင်းရင်းကိုတော့ အဲဒီပို့စ်ထဲမှာ ပါပြီးသားပါ။
အဲဒီပို့စ်ကို ဖတ်မိတဲ့ ညီမငယ်တယောက်က ပဒုမ္မာဖိုရမ် မှာ လင့်ခ် ချိတ်ဆက်ပေးခဲ့ပါတယ်။
ဒါကို ဖတ်မိတဲ့ ရုရှနိုင်ငံရောက် ကိုမင်းမောင်က ကျနော်ရေးတာတွေကို မကျေလည်တာကြောင့် ပြန်လည်ချေပခဲ့ပါတယ်။ ဒါပေမယ့်..၊ ပုဒုမ္မာဖိုရမ်က အဲဒီတော့ပစ်လေးကို စတင်ဖွင့်ပေးခဲ့သူနဲ့ ၀ိုင်းဝန်းအားဖြည့်နေသူတွေရဲ့ မူရင်းရည်ရွယ်ချက်ကနေ ကျနော့်စာတပုဒ်ကြောင့် သွေဖည်သွားမှာကို စိုးရိမ်တာက တချက်၊ အကျိုးသင့်အကြောင်းသင့် ၀င်ရောက် ထိန်းသိမ်းပေးတဲ့ ဖိုရမ်တာဝန်ရှိသူကို လေးစားသမှု ပြုခြင်းက တချက်ကြောင့် အဲဒီဖိုရမ်က အချက်လက်တွေကို ဒီမှာ တင်ပြပါရစေ။
QUOTE(s0wha1 @ Apr 20 2007, 04:00 AM)
စိတ်ဝင်စားရင် အဲ့ဒီလင့်ခ်မှာ သွားဖတ်ကြည့်ပါ...ဒီမှာ copy/ paste လုပ်ဖို့ကို Admin တွေက ခွင့်ပြု၊ မပြု မသေချာလို့ လင့်ခ်ပဲ တင်လိုက်ပါတယ်...http://klosayhtoo.blogspot.com/2007/04/blog-post_19.html
ဒီဘလော့ကိုဒီဖိုရမ်မှာလာတင်တဲ့ အတွက်ဒါကိုရေးတာပါ.... မင်းတို့ တွေရေးချင်ရင်.....နာမယ်တပ်ရေးပါ.... မင်းပြောတဲ့ ၂၀၀၀ ပြည့် နှစ်မှာ ငါတပ်ထဲမှာ ..ဗိုလ်အဆင့်နဲ့ တာဝန်ထမ်းဆောင်နေပြီ မင်းပြောသလိုမျိုး ငါတို့တပ်ထဲမှာ....ဒေါ်အောင်ဆန်းစုကြည်..နာမယ်ကို ဘယ်လိုခေါ်ရမယ် ဆိုတဲ့ ...အမိန့် မျိုးစည်းကမ်းမျိုး မထုတ်ထားဘူး.....မင်းတို့ တွေမသိပဲ နဲ့ ချဲ့ ကား ရေးသားဖေါ်ပြနေကြလို့ တစ်ခြားသူတွေ အမြင်တစ်မျိုးဖြစ်နေမယ်....မင်းတို့ တွေ ဘာမှမသိတဲ့ ဗိုလ်သင်တန်းကျောင်းတွေ... အကြောင်းကိုလည်း... မဟုတ်မမှန်တာတွေနဲ့ ထည့်သွင်းမရေးပါနဲ့.....မင်းတစ်ကယ်သိချင်ရင်...... ကိုယ်တိုင်ဗိုလ်သင်တန်းတက်လိုက်ပါ.... မှတ်ထားမသိရင်ပြောပြဦးမယ်.... ဗိုလ်သင်တန်းမှာ လက်တလောကာလဖြစ်ပျက်နေတဲ့ နိုင်ငံရေးကိုမသင်ဘူး...စစ်ကျောင်းဆိုတဲ့ အတွက်သာ.. စစ်ပညာပါသင်တဲ့ သဘောရှိတယ်.... ကျန်တာကတော့ အပြင်ကျောင်းတွေနဲ့ ဘာမှမထူးခြားဘူး..။ အေး... လူဆိုတာအမျိုးမျိုးရှိတယ်...... မင်းတို့ တွေထဲမှာလည်း...စစ်တပ်ကိုကြိုက်တဲ့ သူရှိသလို ..မကြိုက်တဲ့ သူတွေရှိမှာပဲ... ဒါကိုငါဘာမှမပြောချင်ဘူး...ငါပြောချင်တာက.... မင်းတို့ တွေ..တွေ့ တဲ့ လူအမျိုးမျိုးထဲက တစ်ယောက်အတွက်နဲ့ .....မင်းတို့ မကြိုက်တဲ့ အရာကိုဆွဲယူပုတ်ပြီး... တပ်ထဲမှာဘယ်လိုဖြစ်မယ် စစ်ကျောင်းမှာဘာတွေသင်တယ်လို့ .....အထင်နဲ့ ရမ်းသန်းမှန်းသန်းပြီး....သိမ်းကြုံးပြီး မစော်ကားကြနဲ့.......စကားလုံးယဉ်ကျေးပြီး....အတွေးအခေါ်မိုက်ရိုင်းမှုမျိုးမလုပ်ကြနဲ့......။
မင်းတို့ တစ်ကယ်ရေးချင်ရင်...နာမယ်တပ်ပြီးရေးစမ်းပါ.... ငါအားပေးပါတယ်...မင်းတို့ အဲလိုရေးလို့ ကာယကံရှင်လည်း ဒီဖိုရမ်ကိုမ၀င်နိုင်ပါဘူး....ဒါကိုမသိနိုင်ပါဘူး....အေးဒါပေမယ့်...ငါတို့ တွေသိနေမြင်နေရတာကတော့.... မင်းတို့ ဟာ ကိုယ်လည်းတစ်ကယ်သေချာမသိတဲ့ အရာနဲ့ အားလုံးကိုပုတ်ခပ်ချင်တယ်....... ကြားဖူးနားဝနဲ့ ပေါက်တတ်ကရလျှောက်ပြောချင်တယ်....။ မင်းတို့ သိပ်ချစ်တဲ့ သိပ်လေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်းစကားကိုငါရေးပေးခဲ့ မယ်....
ဗမာတွေစိတ်ထက်သလေးဘာလေးနဲ့ တစ်လွဲဆံပင်ကောင်းနေကြတယ် ဗမာပြည်လွတ်လပ်ရေးရအောင် လုပ်ရတဲ့ တိုက်ပွဲမျိုးမှာအသုံးမချဘူး ဗမာပြည်ပြန်လည်ထူထောင်ရေးမှာအသုံးမချဘူး ဗမာဗမာချင်းချဖို့ မှာလုပ်ချင်တယ်.. ဒါမျိုးတွေလုပ်ချင်လို့ ဘယ်တော့မှအကျိုးမရှိဘူး။
အဲတော့ဂုဏ်ပုဒ်တွေကိုချီးကျူးတာကောင်းပါတယ်......အေးအဲလိုပဲ..ကိုယ်လေးစားချစ်ခင်တဲ့ ဗိုလ်ချုပ်ရဲ့ စကားတွေကို... လိုက်နာဘို့ ကြိုးစားကြဖို့ လိုအပ်တယ်....။ နောက်ပြီးမှတ်ထား....သမိုင်းဆိုတာ ဘယ်တော့မှ ဖျောက်ဖျက်ပြစ်လို့ ရတဲ့ အမျိုးမဟုတ်ဘူး..။ မင်းတို့ ဒီမှာတစ်စုတစ်စည်းထဲဖြစ်အောင် လာတင်ပေးတာကိုကျေးဇူးတင်တယ်.... အားပေးတယ်...။ အေးအဲလိုပဲ.....မင်းတို့ တွေဗိုလ်ချုပ်ကိုခုတုံးလုပ်ပြီး....... တစ်ခြားသူတွေပါ..ပါဝင်ပါတ်သပ်နေမယ့်....တပ်မတော်ကိုတော့မစော်ကားနဲ့..... တပ်မတော်ဆိုတာ...ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးဆောင်ပြီးဖွဲ့ စည်းခဲ့ တဲ့ နိုင်ငံအတွက်လိုအပ်လို့ ပေါ်ပေါက်လာတဲ့ အဖွဲ့ အစည်း.... ဟိုးအရင်..ကတည်းက..နိုင်ငံအတွက်အသက်ပေးလာတဲ့ သူတွေအများကြီး.... အခုထိလည်းအသက်ပေးနေကြရတုန်းပဲ.....
ဒီဖိုရမ်ရဲ့ ယူဇာတစ်ယောက်ဖြစ်တဲ့ ကိုကိုမောင်တော်တော်ဆိုးရဲ့ ယောက်ဖတော်စပ်သူကိုယ်တိုင်...၂၀၀၀ ပြည့် နှစ်မှာတိုက်ပွဲကျသွားရတယ်.. အဲဒီသူဟာ..ငါနဲ့ ဗိုလ်သင်တန်းတစ်ပါတ်စဉ်ထဲအတူတူတက်ခဲ့ တာ ....။ အေးဒါဟာ...မင်းတို့ သိနိုင်လောက်တဲ့ သူကိုပြောပြတာ....ငါ့အပါတ်စဉ်မှာ နိုင်ငံအတွက်အသက်စွန့် သွားရတဲ့ သူတွေ ခြေထောက်ဖြတ်လိုက်ရတဲ့ သူတွေအ..များကြီး....မင်းတို့ ဒါတွေသိရဲ့ လား... မင်းတို့ တွေ..ဒီလိုအင်တာနက်ပေါ်မှာ...အေးအေးဆေးဆေး..အတင်းတုတ်နေနိုင်ဖို့ အတွက်.. တစ်ချို့ ချို့ သော..........တပ်မ တော်သား တွေ အသက်ပေးနေရတာရောသိလို့လား.... ငါတို့ တွေမှာ.. တာဝန်ဟာ ၂၄ နာရီအပြည့် ရှိနေတယ်...ဒီခံယူချက်တွေနဲ့ အလုပ်လုပ်နေကြတာ..... လာပြီးအားလုံးကိုသိမ်းကြုံးပြီး မစော်ကားနဲ့....။မင်းတို့ သိပ်ပြီးတိုက်ခိုက်နေချင်ရင်..... နာမယ်အတိအကျ အပါတ်စဉ်အတိအကျ... ဘယ်ကျောင်းဆင်းဆိုတာပါ ရေးလိုက်ဦးဟုတ်ပြီလား....
အဲကောင်လေး ဘယ်သူဆိုတာ ငါသိတယ်....ဘယ်သူ့ ရီးစားဆိုတာလည်း ငါသိတယ်.... လူဆိုတာ အမြင်အမျိုးမျိုး ရှိကြတာကို သဘောပေါက်... ကျန်တဲ့ သူတွေကို သိမ်းကြုံးပြီးမစော်ကားမိအောင် ဂရုစိုက်...။ မင်းတို့တွေ နိုင်ငံတော်အတွက်....သွေးတစ်စက်မပြောနဲ့ ချွေးတစ်စက်တောင် မထွက်ဖူးပဲနဲ့ ကြီးကြီးကျယ်ကျယ် စကားလုံးတွေနဲ့ အင်တာနက်မှာ...ပေါက်တတ်ကရလာမပြောနဲ့....။ မင်းတို့ နိုင်ငံတော်ကိုတစ်ကယ်ချစ်ရင်... ဗိုလ်ချုပ်ကို တစ်ကယ်ချစ်ရင်... ကြိုးစားပါ... မင်းတို့ ကြိုးစားမှုနဲ့ နိုင်ငံတော်ကြီး မိုးပျံသွားတယ်ဆိုရင်ကွာ...ငါတို့ တွေ အကုန်လုံးဝိုင်းပြီး လက်ခုပ်တီးပြီးအားပေးမှာပါ...။ အခုလိုမျိုးတစ်ယောက်နဲ့ တစ်ယောက်မကောင်း ပြောတိုက်ခိုက်နေပြီးတော့.. နိုင်ငံကြီးမတိုးတက်တာ... ဟိုလူကြောင့်ဒီလူကြောင့်ပြောလာတာလည်း ကြာခဲ့ ပါပြီ...။ ဒီစိတ်ဓါတ်တွေကို ဗိုလ်ချုပ်မြင်ခဲ့လို့ ဒီသောက်သုံးမကျတဲ့ တိုက်ခိုက်မှုတွေမလုပ်စေချင်လို့ အပေါ်မှာ ငါရေးထားခဲ့ တဲ့ အတိုင်းပြောခဲ့တာ... ဒီစိတ်ဓါတ်တွေဟာ ဗိုလ်ချုပ်ဖျောက်စေချင်ခဲ့ တဲ့ စိတ်ဓါတ်တွေ..။ အနှစ် ၆၀ ပြည့် တော့မယ်.... ဗိုလ်ချုပ်မှာခဲ့ တာ... အခုထိတောင်မပျောက်နိုင်သေးဘူး..... အရင်က.. အပြင်မှာလူလူချင်း တိုက်နေရတယ်... နောက်စာရွက်တွေပေါ်လာတော့ စာရွက်တွေပေါ်..စာနယ်ဇင်းတွေပေါ်.. အခု..အင်တာနက်ပေါ်မှာတောင် ဒီသောက်ကျင့်တွေကမပျောက်သေးဘူး..။ အကျိုးမရှိတဲ့ အလုပ်တွေမလုပ်ချင်ပါနဲ့.... မြန်မာပြည်ကောင်းစားဖို့ ဆိုတာ.. မြန်မာလူမျိုးတွေ.. အထူးသဖြင့်.. လူငယ်တွေအားလုံး စည်းစည်းလုံးလုံးနဲ့ ကြိုးစားမှကောင်းမှာပါ... နောင်အနာဂါတ်အတွက်.... အခုအချိန်ကစပြီး သွေးမကွဲချင်စမ်းပါနဲ့... သွေးခွဲဖို့လည်း မကြိုးစားစမ်းပါနဲ့.... နိုင်ငံတစ်ခုမှာ.... တပ်မတော်ဆိုတာ လိုအပ်တဲ့ အဖွဲ့ အစည်းပါ... ဒါကိုနားလည်အောင်လုပ်ပြီး.....လူတစ်ဦးတစ်ယောက်မကောင်းရင်.. လူတစ်ဦးတစ်ယောက်ကိုပဲ ပြောပါ.... တပ်မတော်ကို..ထိခိုက်တဲ့ စကားလုံးတွေမသုံးပါနဲ့..။ အဲလိုပဲ... ကိုယ်တစ်ကယ် ကြိုးစားရမှာကိုလည်း..... မေ့မနေကြပါနဲ့....။ ငါပြောချင်တာကတော့ဒါပဲ..။
ကိုမင်းမောင်
ဟုတ်ကဲ့..။
ရေးသားထားချက်တွေကတော့ ဒေါသံတွေဆူပွက်နေတဲ့ ရေနွေးအိုးကြီးတလုံး ကို မီးနဲ့ မြိုက်ထားတာကို တွေ့လိုက်ရသလိုပါပဲလား။ ကျနော့်ကို ဒီလိုမျိုး တယောက်ယောက် ရေးလာမယ်လို့တော့ မျှော်လင့်ထားပါတယ်။ ဒီလောက်တောင် ရှူးရှူးရှားရှားဖြစ်နေမယ်လို့တော့ မထင်မိခဲ့ပါဘူး။ အရင်ဆုံး ပြန်မဆွေးနွေးခင် ကိုမင်းမောင်ကို တခုပြောချင်တာက အခု ကိုမင်းမောင်က ပြန်လည်ပြီး အကျိုးသင့်အကြောင်းသင့် ချေပ ဆွေးနွေးနေတာလား၊ ဒါမှမဟုတ် ငါပြောနေတာမှ အမှန်ဆိုပြီး သဟောက်သဟမ်းလုပ်ချင်နေတာလားဆိုတာ အရင်သိချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုမင်းမောင် ရေးသွားတဲ့ အချက်တွေထဲမှာ မိမိနဲ့ အမြင်မတူသူကို လေးစားမှု လုံးဝမရှိတာကို သတိထားမိပါတယ်။ လူဆိုတာ တယောက်နဲ့ တယောက် အပြန်အလှန်လေးစားမှုရှိရပါတယ်။ ဒါက လူ့ကျင့်ဝတ်ပါ။ အဲဒါလေးကို အရင် သတိချပ်စေချင်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ကိုမင်းမောင်ဟာ ကိုမင်းမောင်လို အမြင်မရှိရင် ဒီလိုပဲ ပြောလေ့ရှိပါလားလို့ ခံယူတဲ့အတွက် နောက်ထပ် ဆွေးနွေးစရာ အကြောင်းမရှိပါ။
နာမည်အတိအကျ တပ်မရေးခြင်းဟာ စည်းစောင့်ခြင်းတခုပါ။ ဒါပေမယ့် သူပြောလိုက်တဲ့ စကားတခွန်းကြောင့် တပ်မတော်တခုလုံးရဲ့ အမြင်ဟာ ဒါပါလားဆိုတဲ့ သဘောသဘာဝကို သက်ရောက်နေလို့ အဲဒီစာကို ရေးပါတယ်။ ဒါပေမယ့် အဲဒီ ပုဂ္ဂိုလ်လေးကို ပုဂ္ဂိုလ်ရေးရာအရ ထိခိုက်စေလိုခြင်းမရှိတာကြောင့် နာမည်တပ်မရေးတာပါ။ နာမည်တပ်ရေးလိုက်ရင် ကျနော်ဆိုလိုချင်တဲ့ အချက်၊ ကျနော်ပေးချင်တဲ့ မက်ဆေ့က ဆောင်းပါးထဲမှာ ပါတော့မှာ မဟုတ်ပါဘူး။ ကိုမင်းမောင် စာကို ဒေါသတွေဖျောက်ပြီး အသေအချာ ထပ်ဖတ်စေချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလိုခေါ်ရမယ်လို့ အမိန့် တရားဝင်ထုတ်ခဲ့တယ်လို့ ကျနော်မရေးခဲ့ပါ။ သူတို့ တပ်ရင်းအစည်းအဝေးမှာ ပြောခဲ့တယ်လို့သာ ရေးခဲ့ပါတယ်။ အဲဒါဟာလည်း အဲဒီပြောတဲ့ ပုဂ္ဂိုလ်ရဲ့ တဦးပိုင်အယူအဆ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ တပ်မတော်ထဲမှာ ဘယ်လောက်များရှိနေမလဲ ဆိုတာ သိအောင် ထောက်ပြချင်လို့ အဲဒီအပိုဒ်ကို ထည့်ရေးပါတယ်။ ကိုမင်းမောင်က ဒေါသစိတ်နဲ့ သတိမမူမိတာလား၊ ဒါမှမဟုတ် ကျနော့်ကို ပြောချင်ဇောနဲ့ လိုရာဆွဲယူပြောတာလားဆိုတာတော့ အတတ်မသိနိုင်ပါ။
စစ်တပ်ထဲကလူ ပြောတယ်ဆိုရင် စစ်တပ်ကို အနည်းနဲ့အများတော့ ကိုယ်စားပြုပါတယ်။ ရာထူးသေးရင် သေးသလို ကြီးရင် ကြီးသလိုပေါ့ဗျာ။ ဥပမာ ကိုမင်းမောင်က ဘိုမှူးဆိုပါတော့။ ဟာ.. စစ်တပ်ထဲက ဘိုမှူး မင်းမောင်က ဒီလိုပြောတယ်ဟေ့ လို့ လူတွေက ပြောမှာပါ။ အဲဒီကတည်းက စစ်တပ် ဆိုတဲ့ အသုံးက ပါကိုပါနေရပါပြီ။ အဲဒီတော့ အဲဒီကောင်လေး ပြောတဲ့ စကားဟာလည်း စစ်တပ်ကို ကိုယ်စားပြုပါတယ်။ တပ်မတော်ကိုတော့မစော်ကားနဲ့.....တပ်မတော်ဆိုတာ...ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးဆောင်ပြီးဖွဲ့ စည်းခဲ့ တဲ့ နိုင်ငံအတွက်လိုအပ်လို့ ပေါ်ပေါက်လာတဲ့ အဖွဲ့ အစည်း..ကိုမင်းမောင်ဟာ စာကို သေချာစွာ ဖတ်ခဲ့မယ်ဆိုရင် ကျနော်ရေးခဲ့တာဟာ တပ်မတော်ကို စော်ကားနေတာလား၊ တပ်မတော်ကို စော်ကားနေတဲ့ ယူနီဖောင်းဝတ်တွေရဲ့ နောက်လာမယ့် မျိုးဆက်တွေကို သူတို့လို စော်ကားနည်းတွေ သင်ပေးနေလေမလားလို့ တွေးဆချက်ကို ရေးတာလားဆိုတာ တွေ့နိုင်မှာပါ။
တပ်မတော်ကို မစော်ကားပါ။ အင်မတန်ချစ်ပါတယ်။ (သို့ပေမယ့် အခုလက်ရှိ တပ်မတော်ကိုတော့ မဟုတ်ပါ) ချစ်လွန်လွန်းလို့ တပ်မတော် နာမည်ပျက်အောင် ပြောဆို ရိုင်းပျမှုကို ထောက်ပြရေးသားခဲ့တာပါ။ စစ်တပ်ထဲဝင်ရင် စစ်တိုက်ရတယ်၊ စစ်တိုက်ရင် သေတာပျောက်တာ ဒဏ်ရာရတာတွေ ရှိမှာပါ။ စစ်ထဲဝင်လို့ စစ်တိုက်ရ၊ သေရတာ မဆန်းပါဘူး။ ဒါပေမယ့် ဟိုးအရင်တုန်းက စစ်သားတွေ အသက်ပေးနေရတာနဲ့ အခုလက်ရှိ စစ်သားတွေ အသက်ပေးနေရတဲ့ ပုံစံချင်း၊ အနှစ်သာရချင်းကတော့ တခြားစီ ဖြစ်နေပါပြီ။ ဟိုးအရင်က နိုင်ငံတော်လွတ်လပ်ဖို့၊ တနည်းအားဖြင့် နိုင်ငံတော်ကို ကာကွယ်ဖို့။ အခုကတော့ အာဏာကို ကာကွယ်ဖို့ ကိုယ့်အချင်းချင်း သတ်ရင်း အသက်ပေးနေရတာပါ။ အနှစ်သာရခြင်း ဘာမှ မဆိုင်ပါ။
အဲဒီလိုသာ ပြောကြကြေးဆိုရင် ကိုမင်းမောင် အခုလို ကျနော်တို့ ရေးသားချက်ကို ပြန်လည်တိုက်ခိုက်ဖို့အတွက် ရှေ့တန်းမှာ သေနေရတဲ့ စစ်သားတွေ ဘယ်နှစ်ယောက်ရှိနေမလဲ ပြန်ပြောလို့ရပါတယ်။ အခုလို ကိုမင်းမောင် ရုရှမှာ တိုင်းပြည် ဘဏ္ဍာတော်နဲ့ အခန့်သား ပညာသင်နေရတာ ကျနော်တို့ ပြည်သူတွေ ပေးခဲ့တဲ့ ငွေတွေဆိုတာလေးလဲ သတိချပ်စေချင်ပါတယ်။ လူဆိုတာ အမြင်အမျိုးမျိုး ရှိတယ်ဆိုတာကို ကိုမင်းမောင် မမေ့တာကို ကျေးဇူးတင်ပါတယ်။ ကျနော့်မှာလည်း စစ်တပ်က မိတ်ဆွေ သူငယ်ချင်းတွေ မြောက်မြားစွာ ရှိပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ အမြင်မတူသူတွေကို အခုလို ယမ်းပုံမီးကျ ဂမူးရှုးထိုးနဲ့ ဟိန်းလားဟောက်လား လုပ်လေ့ရှိရင်တော့ ပြောရတာ မကောင်းလှပါ။ ကိုမင်းမောင် တယောက်အတွက်နဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ တခြားသော စစ်ဘိုတွေကို မထိခိုက်စေချင်ပါဘူး။
မိမိထင်မြင်ချက်ကို လွတ်လပ်စွာထုတ်ဖော်ရေးသားတာကို အင်တာနက်မှာ အတင်းတုတ်တယ်လို့ လူကြီးလူကောင်းမဆန်စွာ သတ်မှတ်ရင်တော့ မြန်မာပြည်ထုတ် သတင်းစာတွေမှာ ပါနေတဲ့ ဆောင်းပါးတွေကိုရော ဘယ်လို သတ်မှတ်မလဲလို့ မေးချင်ပါတယ်။ မင်းတို့ ငါ့တို့ကို ကြိုက်ရင်ကြိုက်၊ မကြိုက်ရင်တော့ ဘာမှ မရေးနဲ့လို့ ပြောချင်နေတာလား..။ စဉ်းစားစရာပါပဲ။ အကျိုးမရှိတဲ့ အလုပ်တွေဆိုတာကိုလည်း ပြောချင်နေပါသေးတယ်။ ကိုမင်းမောင်လုပ်နေတာက ဘယ်သူ့အကျိုးလဲလို့ မေးရင်။ ဟ..နိုင်ငံအတွက်၊ ပြည်သူအတွက်လို့ ဖြေမှာ ကျနော်သိနေပါတယ်။ လူတိုင်း ကိုယ့်နိုင်ငံ ကိုယ်ချစ်ပါတယ်။ ကျနော်လည်း ချစ်ပါတယ်။ ကိုမင်းမောင်က ကိုမင်းမောင်လုပ်နေတာ နိုင်ငံအတွက်လို့ ယူဆသလို ကျနော်ကလည်း ကျနော်လုပ်နေတာ နိုင်ငံအတွက်လို့ ယုံကြည်ထားပါတယ်။ ကိုမင်းမောင်ပြောသလိုပေါ့ဗျာ။ အမြင်ချင်းတော့ ဘယ်တူနိုင်ပါ့မလဲ။ ဒါပေမယ့် စစ်သားလုပ်မှပဲ နိုင်ငံအတွက်လို့ မမည်ပါဘူး။ စစ်တပ်ထဲ ၀င်နေသူတွေကသာလျှင် နိုင်ငံ့ကို ချစ်သယောင်ယောင် ပြောနေတာကို ဖတ်ရတော့ ပြုံးချင်မိပါတယ်။
ရေးခဲ့တာလည်း အတန်ငယ်များပါပြီ..။ နိဂုံးချုပ်ပြောရရင် တဦးတယောက်ကိုပဲ ပုဂ္ဂိုလ်ရေးအရ ရည်ရွယ်တိုက်ခိုက်တယ်ဆိုတာက လူသိမ်လူမွှားတွေရဲ့ အလုပ်လို့ ကျနော်ခံယူထားပါတယ်။ ကျနော်ရေးခဲ့ခြင်းဟာ အနှီပုဂ္ဂိုလ်လေးကို ကိုယ်ရေးကိုယ်တာအရ ထိခိုက်စေလိုတဲ့ စိတ်မရှိပါ။ ဒါပေမယ့် သူပြောလိုက်တဲ့ စကားတခွန်းအရ ကိုမင်းမောင်တို့လို နိုင်ငံကို သိပ်ချစ်၊ နိုင်ငံအကျိုး သိပ်သယ်ပိုးတဲ့ တပ်မတော်စစ်ဘို ပညာတတ်ကြီးများကိုပါ မထိခိုက်စေလိုလို့ ရေးခဲ့ပါတယ်။ အပြန်အလှန်လေးစားမှုရှိသော ဆွေးနွေးချက်များကို ရင်ဖွင့်ကြိုဆိုလျက်..။
ကလိုစေးထူး
QUOTE(klosayhtoo @ Apr 21 2007, 01:37 PM)
ဟုတ်ကဲ့..။ ကလိုစေးထူး
မင်းငါရေးတဲ့ စာကိုဖတ်လိုက်မိတာကို..... ကောင်းပါတယ်... မင်းဖတ်မိသွားရင် အေးဆေးပါ... ( မင်းနဲ့ ငါရေးတာက မင်းငါ့ထက်ငယ်မယ်လို့ ခန့် မှန်းမိလို့ ပါ ) လေးစားလို့ မလေးစားလို့ မဟုတ်ဘူးနော်....၂၀၀၀ ပြည့်နှစ်မှာ တတိယနှစ်ကျောင်းသားလို့ မင်းရေးထားတာတွေ့ လိုက်လို့ ဒီလိုသုံးလိုက်တာ။ နောက်ပြီး မင်းရေးတာတွေကလည်း အထင်နဲ့ မှန်းတုတ်ထားတာတွေဖြစ်တဲ့ အတွက်... မှန်းတုတ်ရမ်းတုတ်တွေ ပေါ်လွင်အောင်ပဲရေးပေးလိုက်တာပါ... ဆွေးနွေးတယ်ဆိုတာကတော့..... မဆွေးနွေးတာကောင်းပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့.. မင်းကရမ်းတုတ်တ့တ်တဲ့ အကျင့်နဲ့ စာရေးနေတာကိုတွေ့ တယ်လေ..။ နောက်ပြီး..ငါဒီစာကိုရေးတာ... ဒေါသတွေဆူပွက်ပြီးရေးတာာမဟုတ်ဘူး...ငါ့ရေးတဲ့ ပုံစံကဒီအတိုင်းပဲ...
မင်းဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေ နားထောင်တယ်မှတ်လား.... ဒေါသထွက်နေသလိုမျိုး ပြောနေတာ... အဲတာပညာသံလို့ ခေါ်တယ်..။ လောကမှာ အသံဆင်တူတာတွေရှိတယ်... ပညာသံရယ်..ဒေါသသံရယ်..။ နောက်ပြီး..မေတ္တာသံရယ်..ေ လာဘသံရယ်ဆင်တူတယ်....။ အဲတော့..ပြတ်ပြတ်သားသားပြောနေလို့ ဒေါသလို့ မထင်လိုက်နဲ့ကွာ.. ချိုချို..ချိုချိုပြောနေလို့လည်း မေတ္တာလို့ မယူဆပါနဲ့ ညီလေးရေ..။
မင်း ပေါက်တတ်ကရ ရမ်းပြောတာလောက်နဲ့တော့.. ငါ ဒေါသမထွက်ပါဘူးကွာ..အေးဆေးပါ....။ အဓိက..ကတော့ အားလုံးကြိုးစားကြဖို့ လိုတာပါ..... ဒီလို ကြိုးစားဖို့အတွက်... တစ်ဦးနဲ့ တစ်ဦး စည်းစည်းလုံးလုံး ဖြစ်နေမှရမှာပါ.... ဒီတော့ လူငယ်အချင်းချင်း သွေးမကွဲချင်စမ်းပါနဲ့ကွာ.... အနာဂါတ်မှာ မင်းတို့ငါတို့ ပုခုန်းချင်းဖက်ပြီး နိုင်ငံအတွက် ရုန်းကြရဦးမှာပါ...။ မင်းငါတို့နဲ့ တူတူ မရုန်းချင်လည်း ရတယ်နော်... အခုလိုပဲ ဘေးထိုင်ဘုပြောပြီးနေ.. နေလည်းအေးဆေးပါ...။
ကိုမင်းမောင်
ကိုမင်းမောင်…သို့..
ကိုမွန်းစတားပြောစကားအရ ဆိုရင်တော့ ကိုမင်းမောင်က ကျနော့်ထက် ငယ်ရွယ်တာ သိနေပေမယ့် ကျနော် ပြောခဲ့ပြီးသလို လူအချင်းချင်း လေးစားရမယ့် လူမှုဝတ္တရားကြောင့် ကိုမင်းမောင်လို့ ခေါ်ပါမယ်။ (နောက်နောင် ရင်းနှီးလာလို့ ညီလေးမင်းမောင်လို့ ခေါ်ပြီး မင်းနဲ့ ငါနဲ့ သုံးစွဲကြတာက တမျိုးပေါ့) ၂၀၀၀ပြည့်နှစ်မှာ တတိယနှစ်လို့ ပြောခဲ့တာနဲ့တင် ကိုမင်းမောင်ထက် အသက်ငယ်ရွယ်တယ်လို့ ထင်တာကိုတော့ မရှင်းတော့ပါဘူး။ လူတယောက်နဲ့ တယောက် ဘ၀တွေက ရှင်သန်ရပ်တည်ရခြင်းက မတူတော့ တနှစ်တတန်း ကျောင်းမှန်မှန်တက်နိုင်လောက်အောင် အခြေအနေက ပေးချင်မှ ပေးမှာကိုး..။ ထားလိုက်ပါစို့.. အသက်ကြီးခြင်း.၊ ငယ်ရွယ်ခြင်းဆိုတဲ့ ကိစ္စကို။
နောက်ပြီးမင်းရေးတာတွေကလည်းအထင်နဲ့ မှန်းတုတ်ထားတာတွေဖြစ်တဲ့ အတွက်... မှန်းတုတ်ရမ်းတုတ်တွေ ပေါ်လွင်အောင်ပဲ ရေးပေးလိုက်တာပါ... ဆွေးနွေးတယ်ဆိုတာကတော့..... မဆွေးနွေးတာကောင်းပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့.. မင်းကရမ်းတုတ်တတ်တဲ့ အကျင့်နဲ့ စာရေးနေတာကို တွေ့ တယ်လေ..။
အဲဒါနဲ့ ပတ်သက်လို့ကတော့ အထူးအထွေ မပြောလိုပါ။ စာရေးတယ်ဆိုတာ မိမိအမြင်၊ မိမိ အတွေး၊ မိမိခံစားချက်ကို ပုံဖော်ရေးသားတာဖြစ်လို့ မှန်တာတွေ ပါသလို အမှားလဲ မည်သူမှ ကင်းမယ် မထင်ပါ။ ကျနော်က ရမ်းတုတ်ရေးသားနေလား၊ ကျနော်ခံစားရ မြင်တွေ့ရတာကို စိတ်ကူးပုံဖော်ရေးသားနေတာလားဆိုတာ ဖတ်သူက အကဲဖြတ်ပါလိမ့်မယ်။ ကိုမင်းမောင် ဒီလို ထင်တာကိုလည်း ` မထင်နဲ့ကွ၊ ငါရေးတာကမှ အမှန်´ လို့ မပြောလိုပါ။ ကြိုက်ချင်လဲကြိုက်နိုင်သလို မကြိုက်ချင်ရင်လည်း လွတ်လပ်စွာ မကြိုက်ခွင့်ရှိပါတယ်။ ကျနော်ရေးတာကို ကိုမင်းမောင်က `ရမ်းတုတ်နေတာ´ လို့ မြင်ပေမယ့် တခြားသောသူက သူ့ခံစားချက်နဲ့ ယှဉ်ပြီး နှစ်သက်ကောင်းနှစ်သက်နိုင်ပါတယ်။ ဒီတော့ ဒီအချက်ကို ကိုမင်းမောင် မဆွေးနွေးချင်သပဆိုလည်း သဘောပါပဲ။
အခုလိုပဲဘေးထိုင်ဘုပြောပြီးနေ..နေလည်းအေးဆေးပါ...။
ဒီစကားလေးကတော့ အတန်ငယ် ရင့်သီးတယ်လို့ ထင်လို့ ကန့်ကွက်ပါတယ်။ မိမိနဲ့ အမြင်မတူတာနဲ့ဘဲ ဘေးထိုင် ဘုပြောတယ်လို့ သတ်မှတ်တာ လူကြီးလူကောင်းတွေရဲ့ လုပ်ရပ်မဟုတ်ပါ။ ကိုမင်းမောင်ကို (အခုဆွေးနွေးနေတဲ့ အချိန်ထိ) လူကြီးလူကောင်း ပညာတတ်ကြီး တယောက်လို့ ကျနော်မြင်နေဆဲပါ။ ရုန်းပါ ကိုမင်းမောင်..။ တိုင်းပြည်ကြီးက ကိုမင်းမောင်တို့လို ပညာတတ်ကြီးတွေ ရုန်းလို့ ကောင်းလာရင် ကိုမင်းမောင်တို့ကို ဆန့်ကျင်တဲ့လူတွေကို ကျနော်က ထိပ်ဆုံးကနေ ပြန်ဆန့်ကျင်ပါမယ်။
နိဂုံးချုပ်ပြောရင် ကျနော် ဖိုရမ်ရေးလေ့မရှိပါ။ ရေးရင်လည်း စတာ နောက်တာတွေသာ ရေးတာ များပါတယ်။ ဖိုရမ်တွေမှာ ဟိုတော့ပစ်အောင် ငြင်းလိုက်၊ ဒီတော့ပစ်အောက် ငြင်းလိုက်လုပ်ပြီး လူတွေနဲ့ သဟဇာတ မဖြစ်တာကို မလိုလားတာကြောင့်ပါ။ ဒီတော့ပစ်ကိုတော့ တော့ပစ်ဖွင့်ရခြင်း ရည်ရွယ်ချက်နဲ့ တော့ပစ်အောက်မှာ အားဖြည့်ရေးသားသူ ညီအကို မောင်နှမတွေ အားလုံးကို လေးစားချစ်ခင်စိတ်နဲ့ လာရောက်ပူးပေါင်းပါတယ်။ အခုလို အချေအတင်ဖြစ်ရလို့ တော့ပစ်ရဲ့ မူရင်းရည်ရွယ်ချက်အောက်ကနေ သွေဖည်သွားမှာကိုတော့ မလိုလားတဲ့အတွက်.. ဒီလောက်ပါပဲ။
ကလိုစေးထူး
ကိုကလိုစေးထူး...
ကျနော်တို့ ကောင်းကောင်းမွန်မွန် ဆွေးနွေးကြတာပေါ့...... ပထမဦးဆုံး ကျနော်ပြောချင်တာကတော့.... ကိုကလိုစေထူးရဲ့. အမြင်ဖြစ်တဲ့ စစ်ဘက်နဲ့ အရပ်ဘက်ဆိုတဲ့ ခွဲခြားချင်တဲ့စိတ်ကို အရင်ဖျောက်လိုက်ပါဦး.. ဒါမှကျနော်တို့တွေ ကောင်းကောင်းမွန်မွန် ဆွေးနွေးလို့ ရမယ်..။ ကျနော်တို့ တွေအားလုံး
မြန်မာနိုင်ငံသား လူငယ်တွေ.. တိုင်းပြည်ကိုချစ်ကြတဲ့ သူတွေ
ကြိုးစားချင်စိတ် အပြည့် ရှိတဲ့ သူတွေချည်းပါပဲ။ ဒါကိုတော့
အပြန်အလှန်ယုံကြည်မှရမယ်..
ကျနော်အပေါ်က.. စကားလုံးမာမာတွေနဲ့ ရေးထားပြောထားတာကလည်း. ဒီလိုမျိုးခွဲခြားမှုကို လက်မခံလို့ ရေးထားတာ....
ဒီလိုမျိုး အုပ်စုကွဲစရာမလိုပါဘူး...။ အဲလိုလူငယ်တွေ.
အခုကတည်းကအုပ်စုကွဲပြီး
အပြန်အလှန် တိုက်ခိုက်နေကြရင်... ဘယ်သူမှလည်းအကျိုးမရှိပါဘူး.....။ အခုဟာက ဘယ်သူက
တိုင်းပြည်ကိုပိုချစ်တယ်.. ဘယ်သူကတော့ ညာဝါးနေတယ်လို့ ဆိုလိုနေတာ မဟုတ်ပါဘူး.... ခွဲခြားမှုတွေလုပ်နေပြီး.... ရိချင်တာတိုက်ခိုက်ချင်တာ. ဒါတွေကိုမဖြစ်စေချင်တာပါ....။
ကိုကလိုစေးထူးပြောတဲ့ စကားလိုပေါ့... ဒီကောင်လေးကစစ်တပ်ကဖြစ်လို့.... ဒီကောင်လေးပြောတဲ့ စကားဟာ တပ်မတော်ကိုယ်စားပြုတယ်လို့ ယူဆတယ်ထားပါတော့.. အဲလိုမျိုးလည်းယူဆပြီးရေးတယ်လို့ ကျနော်သိပါတယ်... ဒါကြောင့်သာလျှင်....စစ်ကျောင်းတွေမှာ သင်တာလား.... ၀ါဒတွေပဲရိုက်သွင်းခံရတာလားလို့ စမ်းတ၀ါးဝါးရေးမှုကိုတွေ့ ရပါတယ် အမှန်ကတော့... စစ်ကျောင်းတွေမှာ..... အဲလိုမျိုးလုံးဝမသင်သလို.. ဘာဝါဒမှလည်းရိုက်သွင်းတာလည်း မရှိပါဘူး.။ ဒီကောင်လေးဒီလိုပြောလို့ စစ်တပ်ကကောင်တွေ မိုက်ရိုင်းတယ်လို့ စွပ်စွဲရင်မှန်ပါ့မလား..။
ဥပမာ..ကျနော်ကတော့ ဗိုလ်ချုပ်အောင်ဆန်းကောင်းကြောင်း ပြောနေတယ်... ဒီကောင်လေးက.. မကောင်းကြောင်းပြောနေတယ်... ဟုတ်ပြီ.. ခင်ဗျားယူဆတာက... ကျနော်ကောင်းကြောင်းပြောတာသည်... ကိုယ်ပိုင်အသိရှိလို့.......ဟိုကောင်လေးပြောတာကျတော့...ရိုက်သွင်းခံထားရလို့ ဒီလိုဖြစ်နေတယ်...။
နေရာတိုင်းမှာ အသုံးမကျတဲ့သူရှိတယ်. ကျတဲ့သူရှိတယ်.. အမြင်အမျိုးမျိုးရှိနိုင်တယ်.. ကြိုက်တဲ့ သူရှိနိုင်တယ်. မကြိုက်တဲ့ သူရှိနိုင်တယ်.... ဒီတစ်ယောက်ဒီလိုပြောတာနဲ့ တပ်မတော်ကြီးမှာရှိတဲ့ သူတွေဒီလိုလား..... ဆိုပြီး သိမ်းကြုံးပြီးပြောစရာ မလိုအပ်ဖူးလို့ ယူဆပါတယ်...တစ်ကယ်လို့ အရပ်သားတစ်ယောက် ဒီလိုပြောနေပြီဆိုရင်ကော.... ပြောချင်ပြောနေမှာပါပဲ.. နောက်ပြီး...အဲကောင်လေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မကြိုက်ဘူးပြောပိုင်ခွင့်ရှိတယ်နော်... ဒါကိုသွားတားလို့ မရဘူး....။ ဒါသူ့ လွတ်လပ်ခွင့်.. ဒီလိုပြောလို့ ဒီကောင်လေးနှင့်တကွသော.. တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကို အတူတူဆိုပြီးရောချနေတာကို.... လက်မခံတာ.။ ဒီကောင်လေးရဲ့ ပျော့ကွက်ကိုတပ်မတော်သား... တွေအကုန်လုံးရဲ့ ပျော့ကွက်အဖြစ်နင်းပြီး တင်ပြနေတဲ့ ပုံစံကိုလက်မခံတာ.... အဲတာကြောင့် နာမယ်အတိအကျ ရေးခိုင်းတာ..ခင်ဗျားအနေနဲ့ နာမယ်မရေးပဲ ပြောတော့... ကျန်တဲ့ တပ်မတော်သားတွေ ထိခိုက်တယ်...နောက်ပြီး ခင်ဗျားသိတယ်ဆိုတာ.. သူများတစ်ဆင့်ပြန်ပြောလို့ သိတာ.... နောက်ပြီး ဒါဟာတပ်မတော်တစ်ခုလုံးရဲ့ အမြင်မဟုတ်ဘူး.... ခင်ဗျားတို့ မိသားစုလေး ရှိပြီထားပါတော့........ ခင်ဗျားညီပြောတဲ့ စကားလုံးတွေဟာ.. ခင်ဗျားအဖေရဲ့ အမြင်မဖြစ်နိုင်ပါဘူး.. .သူလည်းသူပြောချင်ရာ ပြောမှာပဲ...ဒါတောင် မိသားစုပဲရှိသေးတယ်.. နောက်ပြီးတပ်မတော်ဆိုတာ. မတစ်ရာသားနဲ့ ဖွဲ့ စည်းထားတာ.. အမြင်ဆိုတာတစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ဘူး.။ စစ်စည်းကမ်းနဲ့ တစ်သွေးတစ်သံ တစ်မိန့် ဆိုတဲ့ နေရာမှာ.... အတွေးအခေါ်မပါဘူး..။ ဒါကိုခွဲခြားတတ်ဖို့ လိုအပ်ပါတယ်...။
နောက်ပြီးခင်ဗျားတို့ ပိုက်ဆံတွေနဲ့ ကျနော်တို့တွေ ကျောင်းတက်နေရတယ်ဆိုတဲ့ အပြောမျိုးနဲ့ ဂုဏ်မဖေါ်ပါနဲ့.... ခင်ဗျားပိုက်ဆံ ဘယ်လောက်ပေးရလဲ ကျနော်ပြန်အမ်းပေးလိုက်မယ်...။ ဒီလိုမျိုးအပြောတွေကို သဘောမကျတာပါ...။ ဥပမာ..ကျောင်းဆရာတွေ... စာသင်နေတယ်.. သူတို့ကို နိုင်ငံတော်ကလစာပေးတယ်.. သူတို့တွေလည်း ပြည်သူတွေရဲ့ ထမင်းကိုစားနေရတာပဲလေ.. ဒီလိုပဲအပြန်အလှန်ရှိတယ်.. သူတို့ ကြောင့် ပြည်သူတွေစာတတ်တယ်... ပြည်သူတွေကသူတို့တွေကို လစာပေးတယ်... ဒါပေမယ့်.. ဘယ်နိုင်ငံရဲ့ အစိုးရမဆို... နိုင်ငံပိုင်စီးပွားရေးဆိုတာ လုပ်ရပါတယ်....ခင်ဗျားတို့ ဆီက အခွန်ကောက်တယ်ဆိုတာ..... အစိုးရလခစားတွေ အကုန်လုံးအတွက် မလောက်ပါဘူး.... အခုလည်းကျနော်တို့ တွေ ကာကွယ်ရေးမှာ တာဝန်ထမ်းဆောင်နေတယ်.. ပြည်သူတွေကျနော်တို့ ကြောင့် အေးအေးဆေးဆေးနေရတယ်.. .ဒါအပြန်အလှန်ပဲ.... ကျနော်တို့ တွေ တစ်ခါတစ်ရံ အသက်ပေးလိုက်ကြရတယ်.. ဘယ်အရာကမှ.. အသက်တစ်ချောင်းထက် တန်ဖိုးမကြီးပါဘူး... တပ်ထဲဝင်မှ နိုင်ငံတော်ချစ်တယ်လို့ ကျနော်မပြောထားပါဘူး... အဲလိုလည်းမသတ်မှတ်ပါဘူး...။ ကျနော်ဦးတည်တာသည်..... မကောင်းတာလုပ်တဲ့ သူတစ်ဦးတစ်ယောက်ကိုတိတိကျကျဖေါ်ထုတ်ပါ.... ဒါဟာစောင့်စည်းတာမဟုတ်ပါဘူး... ကိုယ့်ရဲ့ မတိကျမှုကြောင့်... တခြားသူတွေပါ သို့ လောသို့ လောထင်စရာတွေ ဖြစ်စေနိုင်ပါတယ်..။ ဒီလိုမိုက်ရိုင်းတဲ့ ( ခင်ဗျားအမြင်အရ ) သူကိုမဖေါ်ထုတ်တော့ ကျန်တဲ့သူတွေပါ ဒီလိုလားဖြစ်နေတယ်.. နောက်ပြီးခင်ဗျားက စစ်ကျောင်းတွေပါ လှမ်းထိခိုက်ထားတယ်...။ ခင်ဗျားကပုဂ္ဂိုလ်ရေးကိုတော့ မထိခိုက်ပါဘူး.... တပ်မတော်တစ်ခုလုံးက အရာရှိတွေကိုမွေးထုတ်ပေးတဲ့ ကျောင်းတော်တွေ ကိုထိခိုက်တယ်....။ ကဲအဲတော့ခင်ဗျားရဲ့ ရေးသားမှုကို စဉ်းစားကြည့်...။ တပ်မတော်ဆိုတာရှိနေလို့ ကျနော်တို့ ရှိနေတယ်..ကျနော်တို့ ရှိနေလို့ တပ်မတော်ဆိုတာရှိတယ်.. ဒါဟာခွဲခြားလို့ မရဘူး..။ အပြန်အလှန်မှီတည်တယ်.. ခင်ဗျားကစကားလုံးကိုပြောင်းသုံးတယ်.. တပ်မတော်ကိုချစ်ပါတယ်.. လက်ရှိတပ်မတော်မဟုတ်ဘူး ဆိုပြီးရေးတယ်... အရင်က တပ်မတော်သားတွေလည်း.. တစ်ခါပဲ သေပေးခဲ့ကြတာပါ.. ကျနော်တို့ လည်း.. လိုအပ်ရင် တစ်ခါသေပေးရမှာပါပဲ... အသက်တွေချင်းအတူတူပါပဲ..။ ခင်ဗျားတို့ ကကြားထဲ ကနေသူများရဲ့ အသက်တွေကို တန်ဖိုးမဖြတ်ချင်ကြပါနဲ့....ခင်ဗျားတို့ ၀င်သေပေးရတာမဟုတ်ပါဘူး..။ အဲလိုပဲ..အပြန်အလှန်မှီတည်နေတဲ့ နိုင်ငံဝန်ထမ်းများနဲ့ ပြည်သူတွေရဲ့ ကြားထဲမှာမှ..ခင်ဗျားရဲ့ ပိုက်ဆံဘယ်လောက်များပါနေသေးလဲပြောပါဦး..။ ကြားထဲက ဟုတ်သလိုလိုရှိတဲ့ စကားလုံးတွေနဲ့ ၀င်ပြီးဂုဏ်မဖေါ်ချင်ပါနဲ့...။ ဒီလို အပြန်အလှန်ဂုဏ်ဖေါ်နေတာတွေက. ...မတိုးတက်ပါဘူး..။
ခင်ဗျားဒီလိုမျိုးရေးလိုက်တဲ့ အတွက်... လူငယ်တွေချင်းကြားမှာ.. အမြင်စောင်းမယ်.. အုပ်စုကွဲမယ်.. အပြန်အလှန်ဂုဏ်ဖေါ်လာကြမယ် အနာဂါတ်အတွက်အကျိုးယုတ်တယ်.... မကောင်းတဲ့သူကို မဖေါ်ထုတ်တဲ့ အတွက်... ကောင်းတဲ့ သူတွေအချင်းချင်းပါ.. .စိတ်တွေငြိုငြင်လာကြမယ်... အခုတောင် ဒီတော့ပစ်အောက်ကို ၀င်ဖတ်မိပြီး.. အုပ်စုဘယ်လောက်ကွဲနေပြီလည်း မသိဘူး..။ အဲတော့ဒါမျိုးတွေ တိတိကျကျမရေးပဲ... လက်ရှိတပ်မတော်တစ်ခုလုံးကို ထိခိုက်အောင်ရေးခြင်းသည်......မကောင်းမှုကိုပဲဦးတည်လို့ မြင်သာအောင် လာရေးပေးတာပါ..။
အချက်အလက်တွေနဲ့ ပါတ်သပ်လို့ကတော့. ကိုကလိုစေးထူးပြောတာတွေဟာ တိကျတဲ့ အချက်အလက်တွေ အဖြစ်ကျနော်မမြင်မိပါဘူး..။ နောက်တစ်ခုက.. ကျနော်ဆွေးနွေးရေးသားရင်... တစ်ဘက်ကိုရိပြီး မရေးတတ်ပါဘူး... တည့် တည့် ဒဲ့ ပြောပြီးပဲရေးတတ်ပါတယ်..။
ကိုမင်းမောင်
ဖိုရမ်မှာ ပြောခဲ့ဆိုခဲ့ကြတာတွေကတော့ အဲဒီလောက်ပါပဲ။ ဒီတော့ အဲဒီ ဆွေးနွေးချက်တွေကို အခြေခံပြီး ကျနော် ပြန်လည် ဆွေးနွေးပါမယ်။
အရင်ဆုံး ပြန်လည်ဆွေးနွေးမှာကတော့ အားလုံးဟာ နိုင်ငံကို ချစ်ကြတဲ့လူတွေချည်းပါပဲ ဆိုတဲ့ အချက်ပါ။ လုံးဝဥသုံ ယုံကြည်ပါတယ် ကိုမင်းမောင်။ ဒါပေမယ့် ချစ်နေကြတဲ့ ပုံစံခြင်း၊ အနှစ်သာရခြင်းကတော့ မတူကြပါဘူး။ ဘာကြောင့်ပါလဲ…။ အမြင်မတူကြလို့ပါ။ အယူအဆ မတူကြလို့ပါ။ အတွေးအခေါ် မတူကြလို့ပါ။ အဲဒီလို မတူကွဲပြားခြင်းဟာ စစ်သားဖြစ်ခြင်း၊ အရပ်သား ဖြစ်ခြင်းနဲ့ မဆိုင်ပါ။ ဒီတော့ အမြင်မတူကြတဲ့ အလျှောက် ချစ်ကြတဲ့ ပုံစံကွာပါတယ်။ ဒါဟာ ခွဲခြားပြောစရာ မလိုသလို သူ့အလိုလိုကိုက ကွဲပြားနေနှင့်ပြီးသားပါ။ တိုက်ခိုက်လိုစိတ် အလျဥ်းမရှိပါ။ ဒဲ့ပြောဆိုလို့ ပြောပါမယ်။ အနာပေါ် တုတ်ကျသွားတာ ဆိုရင်တော့လဲ မတတ်နိုင်ပါ။
ကိုမင်းမောင်ဟာ စစ်သားဖြစ်တဲ့အတွက် စစ်တပ်အထာကို သိပြီးဖြစ်မှာပါ။ စစ်တပ်မှာ တပ်သားသစ်သင်တန်း ဖြစ်ဖြစ်၊ ဗိုလ်သင်တန်းဖြစ်ဖြစ် စစ်သင်တန်းတွေမှာ တပ်စုတခု၊ ဒါမှ မဟုတ် တပ်ခွဲတခုက သင်တန်းသား တယောက်ယောက်က အပြစ်ကျူးလွန်ရင် ဘာဖြစ်လို့ အဲဒီ တပ်စု၊ တပ်ခွဲ တခုလုံးကို အပြစ်ပေးပါသလဲ..?။ အဖြေက အရှင်းလေးပါ။ တယောက်အပြစ်လုပ်တာဟာ အဲဒီတယောက်တည်းနဲ့ မပြီးပါဘူး။ သူပါဝင်ပတ်သက်နေတဲ့ အစုအဖွဲ့ကိုပါ ထိခိုက်ပါတယ်။ အနည်းနဲ့ အများ ကိုယ်စားပြုပါတယ်။ သူ့တယောက်အတွက်နဲ့ ကျန်တဲ့လူတွေကို မထိခိုက်စေချင်လို့ အားလုံးက ၀ိုင်းဝန်းထိန်းသိမ်းစေချင်တဲ့ တာဝန်ယူမှုကို သိအောင် အပြစ်ပေးပါတယ်။ `စစ်တပ်ထဲမှာ တယောက်မကောင်း အများပဲကွ´ လို့ စစ်သားတွေ ပြောလေ့ ရှိတာကိုရော ကျနော်က စမ်းတ၀ါးဝါးပြောနေတယ်လို့ မျက်စိ စုံမှိတ် ငြင်းချင်သေးရင်တော့လည့်း မတတ်နိုင်ပါ။
အဲဒီတော့ ထိုပုဂ္ဂိုလ်လေး ပြောတဲ့ စကားဟာ တပ်မတော်ကို အနည်းနဲ့ အများ ကိုယ်စားပြုပါတယ်။ နောက်တခုက ကျနော်က `တပ်မတော်မှာ ရှိတဲ့လူတွေက ဒီလိုလူစားတွေလား´ လို့ သိမ်းကြုံးမပြောခဲ့ပါ။ စာအသွားအလာကို စေ့စေ့ငငဖတ်ပါ။ အဲဒီကောင်လေး ဒီစကားတွေ ပြောလာရခြင်းရဲ့ အကြောင်းရင်းကို ကျနော်တို့ နိုင်ငံရဲ့ လက်ရှိအနေအထားနဲ့ တည်မှီပြီးတော့ Analysis လုပ်၊ ရေးသားကြည့်တာပါ။ ဖတ်မိသူ တော်တော်များများကလည်း ကျနော် တပ်မတော်ကို ပုတ်ခတ်တယ်လို့ မမြင်ပါ။ အောက်က ကွန်မန့်တွေကို ကြည့်ရင်သိနိုင်ပါတယ်။ အဲဒီကောင်လေး Brain wash အလုပ်ခံရတယ်လို့သာ မြင်ကြတာကို တွေ့မှာပါ။ ကိုမင်းမောင် တဦးတည်းက တပ်မတော်ကို ကျနော်က ပုတ်ခတ်နေတယ်လို့ မြင်နေတာကတော့ စဉ်းစားစရာပါပဲ။
ကိုမင်းမောင် ဥပမာပေးသလို ကျနော်ကလည်း ဥပမာ ပြန်ပေးပါမယ်။ မိသားစု တခုထဲက ခပ်ဆိုးဆိုးကလေး တယောက်က အရပ်ထဲမှာ သောင်းကျန်း၊ အော်ဟစ် ဆဲဆိုနေပြီ ဆိုပါစို့။ ပထမ..၊ `ဒီကောင်လေး ရိုင်းလှပါလား´ လို့ လူတွေက သတ်မှတ်ပါတယ်။ ဒုတိယ `သူ့မိဘတွေက မဆုံးမဘူးလားမသိ´ လို့ ထပ်မံ သတ်မှတ်ပါမယ်။ ရိုးရိုးကလေးပါ။ `ငါ့သား ရိုင်းတာ ငါနဲ့ မဆိုင်ဘူး´ လို့ ပြောရင်တော့ ဒါဟာ တာဝန်မဲ့တဲ့ မိဘလို့ အရပ်က သတ်မှတ်ပါမယ်။
ကျနော်တို့ ပိုက်ဆံတွေကို ပြန်အမ်းချင်သပဆိုရင်တော့ ကိုမင်းမောင်ရေ..။ ကျနော့်တယောက်ထဲကို ပြန်အမ်းလို့ မရသလို ခင်ဗျားတယောက်ထဲက ပြန်အမ်းလို့လဲ မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သန်းပေါင်းငါးဆယ်သော ကျနော်တို့ ပြည်သူတွေရဲ့ ချွေးနှဲစာတွေကို မူးစု၊ ပဲစု စုပြီး ပေးထားရလို့ ပြန်အမ်းပေးလိုက်မယ်ဆိုတဲ့ အဲဒီစကားကတော့ ကလေးဆန်လွန်းပါတယ်။ ဂုဏ်ဖော်ပြောတာ မဟုတ်ပါ။ သိအောင် ထောက်ပြခြင်းသာ ဖြစ်ပါတယ်။
ပြည်သူတွေ ကျနော်တို့ကြောင့် အေးအေးဆေးဆေး နေနေရတယ်ဆိုတဲ့ စကားကိုတွေ့တော့ မပြုံးဘဲ ၀ါးလုံးကွဲသာ ရယ်လိုက်ချင်ပါရဲ့ ကိုမင်းမောင်ရေ။ ဒါကတော့ ကိုယ့်အဖွဲ့အစည်း၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို လုံးဝ အထင်ကြီးမှုကြီးလို့ မြင်ပါတယ်။ ပြောရက်ပါပေ့။။ ပြောထွက်ပါပေ့။
တပ်မတော်ကို ချစ်ပါတယ် (လက်ရှိတပ်မတော်ကိုတော့ မဟုတ်ပါ) ဆိုတာဟာ စကားလုံး ပြောင်းသုံးတာ မဟုတ်ပါဘူး။ ဗြောင်ပြောတာပါ။ မြန်မာ့လွတ်လပ်ရေးရဖို့ အသက်သွေးချွေးတွေ ကို ကိုယ်ကျိုးမငဲ့ဘဲ ပြည်သူကို အကာအကွယ်ပေးနေတဲ့ ဟိုတုန်းက တပ်မတော်နဲ့ လက်ရှိတပ်မတော်က လားလားမှ မဆိုင်၊ မတူ လို့ လက်ရှိတပ်မတော်ကိုတော့ မချစ်ရုံမက စက်ဆုပ်ပါတယ်။
အသက်တွေခြင်း တူတာ မှန်ပေမယ့် သေရခြင်းကတော့ မတူပါဘူး။ ဒါကိုလဲ ပြောပြီးပါပြီ။ ထပ်ပြောလိုက်ပါမယ်။ အမေရိကန်က ဗာဂျီးနီးယား တက္ကသိုလ်မှာ မကြာသေးခင်ကမှ ဖြစ်သွားတဲ့ ကိုရီးယားကျောင်းသားလေးက လူ ၃၂ ယောက်ကို သတ်ပြီး သူ့ကိုယ်သူပါ အဆုံးစီရင်သွားတာဟာ မြင့်မြတ်သော သေခြင်းမဟုတ်ပါဘူး။ အဓိပ္ပာယ်လဲ မရှိပါဘူး။ သေခြင်းမှာလည်း အမျိုးမျိုး ရှိပါတယ်။ ကျနော်ခွဲခြားပြောလို့ ကွဲပြားနေတာ မဟုတ်ပါဘူး။ သူ့အလိုလိုကိုက အဓိပ္ပာယ် ကိုယ်စီ ရှိနှင့်နေတာပါ။ အဲဒီတော့ တချိန်က တပ်မတော်သားတွေရဲ့ တိုင်းပြည်အတွက် အသက်ပေးပုံနဲ့ လက်ရှိတပ်မတော်သားတွေရဲ့ အသက်ပေးပုံ လားလားမှ မတူပါ။
ကျနော်ရေးလိုက်တိုင်း အမြင်တွေ စောင်းကုန်လိမ့်မယ်ဆိုတာကတော့ တခြားသော စာဖတ်သူတွေကို ကိုမင်းမောင်ရဲ့ အထင်သေးခြင်း တမျိုးပါပဲ။ လူတွေဟာ သူ့အသက်အရွယ်၊ သူ့ရပ်တည်ချက်နဲ့သူ ခွဲခြားပိုင်းဖြတ်နိုင်တဲ့ အသိဉာဏ် ကိုယ်စီရှိကြတဲ့ အတွက် ကျနော်ရေးတာက မှားနေသလား ကိုမင်းမောင်တို့ တပ်မတော်ကြီးက ကောင်းနေလားဆိုတာ သူတို့ ကိုယ်ပိုင်အသိနဲ့ ဆုံးဖြတ်ယူပါလိမ့်မယ်။ ကျနော်က ကျနော့်အမြင်ကိုရေးပါတယ်။ ဒီလောက်ပါပဲ..။
အပြန်အလှန်လေးစားမှုရှိသော ဆွေးနွေးချက်များကို ရင်ဖွင့်ကြိုဆိုလျက်..။
ကလိုစေးထူး
Thursday, April 19, 2007
ကျေးဇူးကန်းကြသူများ..သို့
၁၉၈၈ ခုနှစ် နှောင်းပိုင်း ကာလများဆီက ဖြစ်ပါတယ်။
မြန်မာ့အသံ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေမှာ မနက်ဆိုလည်း စစ်ချီတေး၊ စစ်သည်တေး နေ့လည်ဆိုလည်း စစ်ချီတေး၊ စစ်သည်တေး၊ ညနေဆိုလည်း စစ်ချီတေး၊ စစ်သည်တေးနဲ့ တနိုင်ငံလုံးမှာ စစ်သားတွေရဲ့ သံပြိုင်ဟစ်ကြွေး သီဆိုသံတွေက ဟိန်းဟိန်းညံနေခဲ့ပါတယ်။
နေ့စဉ်နေ့တိုင်း ကြိမ်ဖန်များစွာ ကြားနေရတဲ့ ဒီအသံတွေကို လူကြီးတွေကတော့ `ဒါဟာ စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေပါလား´ လို့ သဘောပိုက်ခဲ့ပေမယ့် ဘာမှန်းမသိတဲ့ အဲဒီတုန်းက လေးငါးခြောက်နှစ် အရွယ် ကလေးသူငယ်တွေကတော့ အဲဒီအချိန်က ထုတ်လွှင့်ခဲ့တဲ့ စစ်ချီသီချင်းတွေကို လိုက်ဆိုခဲ့ကြတာကို မှတ်မိနေပါသေးတယ်။
***
`ဗိုလ်ချုပ်အောင်ဆန်းကို မကောင်းပြောတဲ့လူတွေ ရှိနေတယ် အကို´
`ဟင်..၊ ဟုတ်လား´
`ဟုတ်တယ် အကို၊ အောင်ဆန်းလို့တောင် ခေါ်တာ´
`သြော်၊ ခေါ်တဲ့လူက အသက်ဘယ်လောက် ရှိပြီလဲ´
`၂၄ နှစ်´
`သြော်´
`သူက ပြောသေးတယ်၊ အောင်ဆန်းခေါ်ခဲ့တဲ့ ဂျပန်တွေက မြန်မာပြည်က သယံဇာတတွေကို အများကြီးယူသွားတာတဲ့။ အမှန်ဆို လွတ်လပ်ရေးက ရတာက ရမှာပဲတဲ့၊ နို့မို့ဆို အခုလောက်ဆိုရင် ဟောင်ကောင်လို ဖြစ်နေလောက်ပြီတဲ့။ အောင်ဆန်းကြောင့် တိုင်းပြည်က အခုအချိန်မှာ ဒီလိုဖြစ်နေရတာတဲ့´
`ဟင်´
အထက်ပါ စကားတွေကို ကြားရတဲ့ အခိုက်အတန့်မှာ ကျနော့်စိတ်တွေ ဆူပွက်သွားပါတယ်။ ခံပြင်းမှု၊ ဒေါမနဿဖြစ်မှုနဲ့ အတူ ၀မ်းနည်းခြင်းတွေကိုပါ တချိန်တည်းမှာ ခံစားလိုက်ရပါတယ်။
တဆက်တည်းမှာ သိလိုက်ရတာက အဲဒီ စကားကို ပြောသူဟာ ဆိုဗီယက်ပြည်ထောင်စုကနေ ပြိုကွဲသွားတဲ့ ဥရောပ နိုင်ငံတခုမှာ စစ်ပညာလာသင်နေတဲ့ ကောင်လေးပါလားဆိုတာ သိခွင့်ရလိုက်ပါတယ်။
အတန်ငယ် သွေးအေးသွားတဲ့ အချိန်မှာတော့ အနှီ အသက်(၂၄)နှစ် အရွယ် ပုဂ္ဂိုလ်လေး ဘယ်လိုအကြောင်းတွေကြောင့် ဒီလိုအတွေးတွေ ၀င်နေရပါသလဲ ဆိုတာကို ဆန်းစစ်ကြည့်မိပါတယ်။
အသက်(၂၄)နှစ် ဖြစ်တဲ့အတွက်ကြောင့် ယခု လက်ရှိ ၂၀၀၇ ခုနှစ်ကနေ ရေတွက်ရင် ထိုပုဂ္ဂိုလ်လေးဟာ ၁၉၈၃ ခုနှစ်မှာ လူ့လောကကို စတင်ရောက်ရှိပါမယ်။ ဒီတော့ ၁၉၈၈ ခုနှစ်မှာ သူ့အသက်ဟာ (၅)နှစ်သားပေါ့။ အဲဒီ ကလေးငယ် အသက်(၅)နှစ်ပြည့်မြောက်လို့ သူငယ်တန်း စတင်သင်ကြားတဲ့ အချိန်မှာတော့ မြန်မာပြည်မှာ အထက်က ပြောခဲ့သလို စစ်ချီသီချင်းသံတွေ လှိုင်လှိုင်ကြီးကို ညံနေပါပြီ။
သူ လူမှန်းသိတတ်စ အရွယ်မှာ အာဇာနည်နေ့မှာ မြန်မာ့အသံကနေ ဗိုလ်ချုပ်မိန့်ခွန်း မလွှင့်တော့ပါဘူး။ `မှတ်မိသေးတော့သလေ~~ သတ္တိသွေးတွေ မွေးထုတ်ခဲ့ပေ~~~ ဒို့ ဗိုလ်ချုပ်အောင်ဆန်းလေ´ ဆိုတဲ့ ဒေါ်ခင်ညွှန့်ရီရဲ့ သီချင်းအစား `သူမပါရင်လေ~~~ ဘယ်လိုများ ရှေ့ဆက်ဖြစ်ကြမယ်~~~ သူမပါချင်လည်း တကယ်ကိုပဲ သားဆိုးများကြောင့်´ ဆိုတဲ့ ချစ်ကောင်းရဲ့ `အဖေနဲ့ သားများ´ သီချင်းကသာလျှင် ထပ်ခါတလဲလဲ ကြားနိုင်ပါလိမ့်မယ်။
အဲဒီကောင်လေး တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့ အချိန်မှာလည်း သူနေတဲ့ စာသင်ကျောင်းရဲ့ ရုံးခန်းထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံ မရှိတော့ပါဘူး။ လက်ရှိ အကြီးအကဲဆိုသူရဲ့ ဘေးတိုက်တမျိုး၊ တည့်တည့် တဖုံ အိုက်တင်တခွဲသားနဲ့ ပုံကိုသာ သူမြင်ရပါလိ့မ်မယ်။
လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူသည်လည်း ဒီအတိုင်းပါပဲ။ သူ ပိုက်ဆံ စတင်သုံးရမယ့် အရွယ်၊ တနည်းအားဖြင့် လူလားမြောက်တဲ့ အရွယ်မှာ သုံးစွဲနေတဲ့ ငွေစက္ကူတွေက ဗိုလ်ချုပ်ပုံအစား ဘာကောင်မှန်းမသိတဲ့ အကောင်တကောင်ပုံနဲ့ ငွေစက္ကူကိုသာ သူသုံးစွဲရပါလိမ့်မယ်။
တကယ်တော့ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကို သူ့ခေတ်သူ့အခါ ကတည်းက လူတိုင်းက ချစ်နေကြတာတော့ ဟုတ်မယ် မထင်ပါဘူး။ မုန်းတဲ့လူတွေလဲ ရှိခဲ့ကြမှာ ဧကန်မလွဲပါဘဲ။ မုန်းတဲ့လူတွေ ရှိခဲ့ကြလို့သာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အဖိုးတန်လှတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတာပါ။
ဗိုလ်ချုပ်ကို မလုပ်ကြံခဲ့ပေမယ့် မနာလို တိုရှည် ဖြစ်နေကြသူတွေကလည်း ထိုစဉ်အခါကတည်းက ရှိခဲ့မှာ အသေအချာပါ။ အဲဒီ မနာလို တိုရှည်ဖြစ်နေကြသူတွေထဲက တယောက်ဖြစ်တဲ့ ဦးနေ၀င်းဟာ မြန်မာပြည်ကို ၂၆ နှစ်တိုင်တိုင် ဗိုလ်ကျစိုးမိုးခွင့် ရခဲ့ပါတယ်။
ဦးနေ၀င်း တခေတ်ကုန်ဆုံးလို့ နောက်တော်ပါး သူ့တပည့်တွေရဲ့ လက်ထက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းအပေါ် သူတို့ရဲ့ မနာလိုဖြစ်မှုကို ထိန်းချုပ်ခြင်းငှာ မစွမ်းသာတော့ပါဘူး။ ဗိုလ်ချုပ်နဲ့ ပတ်သက်တာ မှန်သမျှ အားလုံး မှေးမှိန်အောင်၊ နောက်ဆုံးမှာ သမိုင်းကနေ ဖယ်ထုတ်ပစ်ဖို့ပါ တစတစနဲ့ အတင့်ရဲစွာ လုပ်ဆောင်ခဲ့ပါတယ်။
နိုင်ငံတခုမှာ လက်ရှိ အာဏာရသူတွေဟာ သူတို့ရဲ့ ၀ါဒကို လူတွေ လက်ခံလာအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစား ရိုက်သွင်းပါတယ်။ နိုင်ငံပိုင် စာနယ်ဇင်း၊ ရုပ်သံ၊ ရေဒီယို အစရှိတဲ့ မီဒီယာတွေကို အသုံးချပြီး ၀ါဒဖြန့်ခြင်းများအပြင် နောက်ထပ် သူတို့ လုပ်လေ့ရှိတာကတော့ မျိုးဆက်သစ် လူငယ်များကို သူတို့ရဲ့ ၀ါဒကို သက်ဝင်ယုံကြည်လာအောင် ရိုက်သွင်းခြင်းပါပဲ။
အထက်ပါ ၂၄ နှစ်အရွယ် လုလင်လေးဟာ သူ့အသက် ၁၆နှစ်၊ သို့မဟုတ် ၁၇ နှစ်မှာ ဗိုလ်လောင်းသင်တန်းကို တက်ရောက်ခွင့် ရတယ်ဆိုပါစို့။ အဲဒီအချိန်ဟာ ၁၉၉၉ခုနှစ်၊ ဒါမှမဟုတ် ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်မှာပါ။ အဲဒီအချိန်ကာလမှာတော့ မြန်မာပြည်မှာ စစ်အာဏာရှင် စနစ်က အတော်ကြီးကို အားကောင်းနေပါပြီ။
၂၀၀၀ ပြည့်နှစ်မှာ ကျနော် အဝေးသင် တတိယနှစ် ဖြေရတော့ စစ်တပ်ထဲကနေ အဝေးသင်လာဖြေတဲ့ တယောက်နဲ့ အသိဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက သူပြောပြခဲ့ဖူးတာ တခုရှိပါတယ်။
`ငါတို့ စစ်တပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်စုလို့ မခေါ်ရ၊ စုကြည်၊ ဘိုကတော် လို့ပဲ ခေါ်ရမယ်လို့ တပ်ရင်းအစည်းအဝေးမှာ တခါပြောဖူးတယ်´
အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလို သဘောထားခဲ့တဲ့ အုပ်ချုပ်သူ ပုဂ္ဂိုလ်များဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖေ ဗိုလ်ချုပ်အောင်ဆန်းကိုတော့ ကြည်ညိုလေးစားကြဖို့ဆိုတာ ရာခိုင်နှုန်း အင်မတန်နည်းလှပါတယ်။
ဒီတော့ အဲဒီကောင်လေး တက်ခဲ့ရတဲ့ ဗိုလ်လောင်းသင်တန်းကာလတွေမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို သူ့သင်တန်းဆရာတွေက ဘယ်လိုပုံစံနဲ့ သင်ကြားပို့ချခဲ့မလဲ ဆိုတာ စဉ်းစားစရာပါပဲ။
တကယ်ဆိုရင်တော့ ဗိုလ်လောင်းသင်တန်းလို နေရာမျိုးမှာ အမြှောက်စားခံရမယ့် လူတွေဟာ အမိန့်အနာခံဆုံး၊ အသားအသေဆုံး၊ တနည်းအားဖြင့် လက်ရှိအုပ်ချုပ်သူတွေရဲ့ သြ၀ါဒကို တသွေမတိမ်း လိုက်နာဖို့ အလားအလာ အကောင်းဆုံး လူမျိုးကိုသာ မြှောက်စားမှာ မြေကြီးလက်ခတ်မလွဲပါ။ အဲဒီလို မြှောက်စားခံရတဲ့ ဗိုလ်လောင်းတယောက်က သင်တန်းဆင်းလို့ ဗိုလ်ဖြစ်လာတော့လည်း နှစ်နဲ့ချီပြီး ရိုက်သွင်းပေးလိုက်တဲ့ ၀ါဒတွေက အမြစ်တွယ်သွားပါပြီ။
နိုင်ငံခြားကို ပညာတော်သင် စေလွှတ်ခြင်းဆိုတာဟာလည်း မြှောက်စားခံရခြင်း တမျိုးပါပဲ။ ဒီကြားထဲကမှ စစ်ပညာတော်သင် သင်ကြားခွင့်ရသူဆိုရင်တော့ မြန်မာပြည်ကနေ တရားဝင်ဗီဇာနဲ့လာတာကလည်းဖြစ်၊ လက်ရှိအုပ်ချုပ်နေတဲ့ လူတန်းစားထဲကလည်းဖြစ်ဆိုတော့ သာမန်အားဖြင့် ကြည့်လိုက်ရင်တော့ ဆယ်ကျော်သက် အရွယ်မတိမ်းမယိမ်း လူငယ်တယောက်အဖို့ ယစ်မူးချင်စရာ၊ ခေတ်စကားနဲ့ဆိုရင်တော့ ခပ်မြောက်မြောက် ဖြစ်ချင်စရာတွေပါ။
ဒါပေမယ့် သတိပြုမိစရာ တခုကတော့ အထက်က တင်ပြခဲ့တဲ့ သူတို့လေးတွေရဲ့ နှုတ်ထွက်စကား တချို့ပါ။ ဒါတွေဟာ သူတို့ကို မွေးထုတ်ပေးလိုက်တဲ့ ကျောင်းတော်ကြီးရဲ့ သင်ခန်းစာတွေက ပေးတဲ့ အသိလေလား၊ ဒါမှမဟုတ် သူတို့ အထက်လူကြီးတွေရဲ့ ဆိုဆုံးမစကားတွေထဲက ပေါ်ထွက်လာတဲ့ ထင်ဟပ်မှုလေလားဆိုတာပါ။
ပြည်ပမှာ ပညာတော်သင်ခွင့် ရပြီးလို့ ရွှေပြည်ကြီးကို ပြန်ရောက်သွားတဲ့ အချိန်မှာ သူတို့တွေရဲ့ ရာထူးတွေက အငြိမ်နေမှာ မဟုတ်ပါဘူး။ တဆင့်တဆင့်နဲ့ တိုးတက်လာအုံးမှာပါ။ ဒီလို (အောင်ဆန်းလုပ်လို့ ငါတို့နိုင်ငံ ဒီလိုဖြစ်နေတာဆိုတဲ့) အရိုးစွဲမှုရှိနေတဲ့ လူငယ်လေးတယောက်က တချိန်ချိန်မှာ (မတော်တဆ)နဲ့ နိုင်ငံ့ခေါင်းဆောင် ဖြစ်သွားခဲ့ရင် ….???။
အားလုံး ကြည့်ပြီး သိပြီး ဖြစ်ကြမှာပါ။ လက်ရှိ အကြီးအကဲ ဆိုသူရဲ့ သမီးဟာ သူ့ရဲ့ မင်္ဂလာဆောင်ကို ဆင်းရဲ မွဲတေနေတဲ့ တိုင်းပြည်သူ ပြည်သားတွေဆီက မတရား ခိုးယူသိမ်းပိုက်ထားတဲ့ ငွေတွေနဲ့ ခမ်းနားကြီးကျယ်စွာ မျက်နှာပြောင်တိုက် ဆင်နွှဲခဲ့ပါတယ်။ သူတို့ရဲ့ ဆွေတော်မျိုးတော်တွေကလည်း နိုင်ငံရပ်ခြားမှာ ပညာတော်တွေသင်၊ ဆွေစဉ်မျိုးဆက် အကွက်ချလို့ မင်းဆက်တခု အသစ်ထပ်ဖော်တော့မလားတောင် ထင်မှတ်မှားနေရပါပြီ။
အဲဒီလို အခွင့်အရေးသမားတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကြောင်းက မယှဉ်သာအောင် နံသာဆီနဲ့ အီးပမာ ကွာခြားလွန်းလှပါတယ်။ မစွန့်ဘဲ စားနေကြတဲ့ လူတွေက မစားဘဲ စွန့်သွားတဲ့ ဗိုလ်ချုပ်ရဲ့ သမိုင်းကို ဖျောက်ဖျက်ပစ်ရုံသာမက အခုတော့ ရိုင်းပျတဲ့ အဆင့်ကိုပါ ရောက်ရှိနေပါပြီ။
အထက်တန်း ကျောင်းသား ဘ၀က သင်ခဲ့ရတဲ့ `ပတ္တမြား ရွှေဂူ´ ကဗျာလေးကို အမှတ်ရမိပါတယ်။ တကယ်တော့ ပတ္တမြားရဲ့ တောက်ပြောင်ထွန်းလင်းမှုကို မရှုစိမ့်ဘဲ ညွှန်သွားလူးကြရင် မိမိကိုယ်ကို ဘယ်လို အနေအထားကို ရောက်နေတယ်ဆိုတာကို ပြသနေပြီလဲ ဆိုတာ သတိချပ်သင့်ပါတယ်။ ။ ဘယ်လိုပင် မှေးမှိန်အောင် လုပ်ပေမယ့် ပတ္တမြားရွှေဂူကတော့ အရောင်မှိန်မှာ မဟုတ်ပါ။
ထိုပုဂ္ဂိုလ်လေး ရောက်ရှိ ပညာသင်ကြားနေကြတဲ့ နိုင်ငံမှာ တခြားတခြားသော နိုင်ငံမှ စစ်ပညာတော်သင် ရောက်ရှိနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြမှာပါ။ အဲဒီ ပုဂ္ဂိုလ်လေးရဲ့ အတွေး၊ အပြော၊ ခံယူချက်တွေကို တခြားနိုင်ငံက လူတွေက ဘယ်လို သုံးသပ်မလဲ။ မိမိနိုင်ငံ ကိုလိုနီဘ၀က လွတ်မြောက်အောင် အသက်ကိုတောင် ပဓာနမထားဘဲ ချမ်းသာခြင်း စည်းစိမ်ဆိုတာ တစိုးတစိမှ စံစားသွားခြင်း မရှိရှာတဲ့ အာဇာနည် ခေါင်းဆောင်ကိုတောင် စော်ကားဝံ့သူတွေဟာ ငါတို့နဲ့ အတူတူ ပညာသင်နေကြပါလားလို့ မှတ်ယူသွားကြရင်ဖြင့်…..။
သူ့ဆန်စားလို့ ရဲရသည့်တိုင်အောင် မိမိ၏ တကယ့်ကျေးဇူးရှင် အစစ်ကိုတော့ မစော်ကားစေလို၊ မရိုင်းပျစေလိုပါ။ စာသင်ခြင်း သို့တည်းမဟုတ် ပညာဆည်းပူးခြင်းဆိုတာဟာ အသိဉာဏ်ကို ရင့်သန်စေဖို့ ဖြစ်ပါတယ်။ လူ့ပတ်ဝန်းကျင်ကို အကျိုးရှိစေဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို အတွေးအခေါ်နဲ့ မှိုင်းမိနေတဲ့ ဒီလို ၀ါဒတွေကတော့ အပြစ်ဖြစ်စေဖို့ကိုသာ ဦးတည်နေပါပြီ။
ဗိုလ်ချုပ်ကို စော်ကားရိုင်းပျသူများကို ဗိုလ်ချုပ်ပြောသွားတဲ့ မိန့်ခွန်းတခု လက်ဆောင်ပါးလိုက်ချင်ပါတယ်။
`ဒီစိတ်ဓာတ်မျိုး ရှိနေသမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည် မထူထောင်နိုင်ဘူး´
အမြင်မှား၊ အတွေးမှားသူတို့၏ ၀ါဒဖြန့် လှိုင်းတံပိုးအောက်မှ မျိုးဆက်သစ်များ လွတ်မြောက်ကြစေရန် ရည်သန်လျက်…။
ကလိုစေးထူး
(မနေ့က တင်ခဲ့တဲ့ ပို့စ်ရဲ့ နိဂုံးကို အနည်းငယ် ပြန်လည် ပြင်ဆင် ဖြည့်စွက်ထားပါတယ်)
Wednesday, April 18, 2007
အဖြူရောင်များဆီသို့ လှမ်းမျှော်မိခြင်း...
လွယ်အိတ်ကို စလွယ်သိုင်းလွယ်၊ ကျောင်းဝတ်စုံ ဖြူစိမ်းကို သေသပ်စွာဝတ်ပြီး ကျောင်းသွားရန် အိမ်မှထွက်သော အချိန်တွင် မနက် ၈ နာရီ ကျော်ကျော်သာ ရှိပါသေးသည်။ အိမ်ကလေး ရှိရာမှ မြို့၏ တခုတည်းသော ကတ္တရာလမ်းဖြစ်သော `ဗိုလ်ချုပ်လမ်း´ ကို ရောက်တော့ ကျောင်းသွားသူ တယောက်စ နှစ်ယောက်စကို စတင်မြင်နေရပြီ။
မိနစ်အနည်းငယ် လျှောက်သွားအပြီးတွင်တော့ ပညာရည်နို့ သောက်စို့ရာ ကျောင်းတော်မဟာဆီသို့ ရောက်၏။ မြို့၏ တကျောင်းတည်းသော အထက်တန်းကျောင်း။
ကျောင်းတော်သည်ကား ဟိတ်ဟန်ကင်း၏။ မာန်မာနမဲ့၏။ လာသမျှသော ကျောင်းတော်သူ၊ ကျောင်းတော်သား အားလုံးကို ရင်မှဖြစ်သော သားသမီးများနှယ် ပြုံးရွှင်ခြင်း တပွေ့တပိုက်ဖြင့် ကြိုဆို၏။
အင်္ဂလိပ် အက္ခရာ `E´ ပုံသဏ္ဍာန်ဆောက်လုပ်ထားသော ကျောင်းကို ပုံဖော်ပါရစေအုံး။ ခြံစည်းရိုးတလျှောက် ဒေသအခေါ် `ဘိုကတော် မျက်ခုံး´ ပင်များဖြင့် အလှဆင်ဝင်းခတ်ထားသော ကျောင်းထဲ၌ ပိန္နဲ၊ မာလကာ၊ သီဟိုဠ်၊ သရက်ပင်တို့က ဟိုနားတပင် ဒီနားတပင်ဖြင့် အေးမြခြင်း အသွင်ကို ဆောင်ကြသည်။
ကျောင်း၏ အနောက်ဘက်တွင်တော့ မျှော်မဆုံးသည့် လယ်ကွင်းပြင်က နှစ်အစတွင် စိမ်း၊ နှစ်အဆုံးတွင် ၀ါ အရောင်နှစ်ဖြာဖြင့် အလှဂုဏ်မောက်၏။ လယ်ကွင်းပြင်၏ တဆုံး ဟိုမှာဘက်တွင်တော့ မှိုင်းပြပြတောင်တန်း ခပ်ညို့ညို့က မာနတခွဲသားဖြင့် ခန့်ထည်ခြင်း အသွင်ကို ဆောင်နေလေ၏။
ကျောင်းကိုလာကြသူ ကျောင်းတော်သူ၊ ကျောင်းတော်သားများမှာ အသွင်စုံလှပါဘိ။ ငွေကြေးတတ်နိုင်သူ တယောက်စ နှစ်ယောက်စမှာ ဆိုင်ကယ်ဖြင့် ကျောင်းလာ၏။ တချို့မှာကား စက်ဘီးဖြင့် ခရီးနှင်၏။ အများစုသည်ကား ခြေကျင်။ မြို့မှ လေးငါးမိုင်အကွာ တောနယ်မှ ပညာရှာလာသူများမှာတော့ ကျောင်းကို မလာမီ မနက်ခင်းဈေးမှာ ဈေးရောင်းနေရသေး၍ထင့်၊ သူတို့၏ ဟန်ပန်က ပန်းလျနေသယောင်ယောင်၊ ပန်းသော်ငြား အပြုံးပန်းတွေကတော့ လန်းလျက်သာ။
ကျောင်း၏ စာသင်ခန်းများမှာလည်း မြို့ပြများနှင့် မတူပြန်။ ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်း၊ အဋ္ဌမတန်းများမှာ တခန်းစီသာ ရှိ၏။ မြို့ပြများလို အေ၊ ဘီ၊ စီ၊ ဒီ မရှိ။ ရှိလောက်အောင်လဲ ကျောင်းသားဦးရေ မများချေ။ န၀မတန်းနှင့် ဒသမတန်းများကိုတော့ ၀ိဇ္ဇာခန်း နှင့် သိပ္ပံခန်းဟူ၍ နှစ်ခန်းစီ ခွဲထားသည်။
ဆရာ/ ဆရာမ အများစုမှာလည်း နယ်မြေခံများသာ..။ လက်နက်ကြီး/ငယ်သံတွေ ရံဖန်ရံခါ ကြားရတတ်သော၊ မငြိမ်းချမ်းသော ဒီမြို့ကလေးမှာ မြို့ကြီးပြကြီးမှ ဆရာ/ဆရာမများမှာ ရေရှည် မနေနိုင်။ အများဆုံး နှစ်နှစ်ခန့်သာ နေ၍ ရာထူးတိုးသောအခါ ပြောင်းရွှေ့ကုန်၏။ သို့နှင့် နယ်မြေခံ ဆရာ/ဆရာမများသည်သာ ဒီကျောင်းနှင့် တသားတည်းကျနေတော့၏။
ကျောင်း၏ ဆယ်တန်း အောင်ချက်ရာခိုင်နှုန်းမှာ သိပ်မကောင်းလှ။ (က)စာရင်းနှင့် (ခ)စာရင်း ခြစ်ခြစ်မည်အောင် နှစ်ခုပေါင်းမှ ၂၅%အောင်သည့် နှစ်က အောင်ချက် အကောင်းဆုံး။ ကျူရှင် မရှိ၊ ဘော်ဒါဆောင် နတ္ထိ..။ ဒီလောက် တောကျသည့် မြို့မှာ ကျူရှင်သင်စားရင်လည်း အလုပ်ဖြစ်မည်မထင်။
သို့သော် ဒီမြို့ကလေးမှ ဆရာဝန်ထွက်ပေါ်ဖူးသည်။ အင်ဂျင်နီယာ ထွက်ပေါ်ဖူးသည်။ ယင်းသို့နှယ် တချို့သော ပန်းများ ဖူးပွင့်ဝေဆာသွားသကဲ့သို့ တချို့မှာကား လန်းတင့်ဆန်းဆင့်ခွင့် မရရှာသည့် ဖူးငုံစ ပန်းကလေးများနှယ် ဆုံးခန်းတိုင်အောင် ပညာမသင်နိုင်ကြဘဲ ကျောင်းတော်ကြီးကို ခွဲခွာသွားကြသူများမှာလည်း ဒုနှင့်ဒေး။
စာသင်နှစ် တနှစ်၏ ကုန်ဆုံးချိန်တွင်တော့ မြို့ပြကျောင်းများတွင် မရှိသော ဓလေ့တခုက ဆရာစစ် အတန်းများ စာမေးပွဲပြီးဆုံးသည်နှင့် ဆယ်တန်းဖြေဆိုခါနီး ကျောင်းသူ/ ကျောင်းသားများကို ကျောင်းတွင် စခန်းသွင်း၍ ကျောင်းဆရာ/ ဆရာမများ၏ ကြီးကြပ်မှုဖြင့် စာကျက်စေခြင်း အစီအစဉ်ဖြစ်သည်။ ကျောင်းအပေါ်ထပ်တွင် မိန်းကလေးများ၊ အောက်ထပ်တွင် ယောက်ျားလေးများကို နေစေ၍ ဆရာ/ဆရာမများက မိမိရင်မှ ဖြစ်သော သားသမီးရင်းချာများနှင့်မခြား စေတနာထား၍ သူတို့၏ ကိုယ်ပိုင်အချိန်များ အကုန်ဆုံးခံကာ စေတနာထား သင်ကြားပေးကြသည်။
နံနက် ကိုးနာရီ..။
ကျောင်းတက် သံချောင်းခေါက်သံက ကျောင်းဝင်းတ၀ိုက် ပြန့်ကျဲနေသော ပန်းကလေးများကို စုစည်းရန် အလို့ငှာ တဒေါင်ဒေါင်နှင့် မြည်ဟီးလေ၏။ မိနစ်အနည်းငယ် အကြာတွင်တော့ စာသင်ခန်း ကိုယ်စီမှ ကျောင်းသား/ကျောင်းသူတို့၏ စာအံသံများက အနာဂတ်၏ တေးသွားများသဖွယ် ဟိုတစ ဒီတစဖြင့် လွင်လွင်သာလေတော့သည်။
မုန့်စားဆင်းချိန်ဖြစ်သည့် နေ့လည် ဆယ့်နှစ်နာရီမှ တနာရီအကြား ကာလသည်ကား အဆော့သန်သော ကျောင်းသားများအတွက် မဟာ အချိန်ကောင်းပေတည်း။ တချို့က နှစ်ဖက်ခွဲ၍ ဘောလုံးကန်ကြသည်။ တချို့က တန်းခုန်ကြသည်။ တချို့ကျောင်းသူများက ဖန်ခုန်၊ ထုပ်ဆီးထိုး။ လူပျိုပေါက်၊ အပျိုပေါက် ကျောင်းသားကြီး ကျောင်းသူကြီးများမှာတော့ အငယ်များဆော့ကစားနေကြသည်ကို ကျောင်းဝရန်တာမှ ငေးသူကငေး၊ စာသင်ခန်းထဲမှာပင် တကုပ်ကုပ်နှင့် စာကျက်သူကကျက်။ အရပ်ထဲမှာ ပေါ်သမျှ သီချင်းအစုံစုံကို ကျောင်းခန်း အဆိုတော်လုပ်ပြီး စာသင်ခုံကို တဒေါက်ဒေါက်ခေါက်၍ ဆိုညည်းသူ ကျောင်းသားများကလည်း မနည်း။
နေ့ခင်း ကျောင်းပြန်တက်ချိန်တွင်တော့ ကလေးများ၏ စာအံသံများ စီစီညံပြန်လေပြီ။ ကျောင်းသားကြီးတချို့မှာတော့ ပျင်းရိဖွယ် ဘာသာရပ်နှင့် အပုပ်ချိန်နေ့ခင်း၏ လွန်ဆွဲမှုအကြားတွင် ကမ္ဘာ့အလေးလံဆုံးသော မျက်ခွံကို မနည်းအားတင်းဖွင့်ရင်း ဆရာ၏ သင်ကြားမှုကို ကြားတချက်၊ မကြားတချက်။ ပါးနပ်ပြီး ဟာသဉာဏ်ရွှင်သော ဆရာတချို့က ငိုက်မြည်းတတ်သော ယင်းအချိန်တွင် ရယ်ရွှင်ဖွယ်များနှော၍ သင်ခန်းစာကို စိတ်ဝင်စားဖွယ် သင်ကြားလေသည်။ သို့နှင့်ပင် ကျောင်းသားများမှာ ငိုက်မြည်းလိုက်၊ ရယ်မောလိုက်၊ ဖတ်မှတ်လိုက်နှင့် နေ့လည် စာသင်ချိန်ကို ဖြတ်သန်းကြ၏။
မွန်းလွဲ သုံးနာရီ …။
ကျောင်းဆင်း သံချောင်းခေါက်သံ အက်ကွဲကွဲက တဒေါင်ဒေါင်မြည်အပြီးတွင်တော့ စုဘူးထဲမှ ငွေအကြွေများ ကြဲဖြန့်လိုက်သည့်နှယ် ကျောင်းတော်၏ သားသမီးငယ်များ ကျောင်းရှေ့ကွင်းပြင်သို့ ဖွေးကနဲ ဖြာထွက်လာကြသည်။
ဆိုင်ကယ်သံက တဝေါဝေါ၊ စက်ဘီးသံ တဖျောဖျော အကြားမှာ ကျောင်းတော်သူ ကျောင်းတော်သားတို့၏ ရယ်ရွှင်သံ တသောသောဖြင့် ညနေခင်းက လှပနေ၏။ မြို့ပေါ်နေ ကျောင်းသားများအတွက်တော့ ကျောင်းနှင့်အိမ်က မဝေးလှသော်ငြား တောနယ်နေ ကျောင်းသားများအတွက်တော့ မထောင်းတာလှ။ သုံးမိုင်မှသည် ခုနှစ်မိုင်အထိ ဝေးသော အရပ်မှ ကျောင်းလာတက်ရသူများမို့ တောကိုကျော်၊ ချောင်းကိုဖြတ်နှင့် အိမ်အပြန်လမ်းကို မြန်းရသည်။ သို့သော် နွမ်းတယ်တော့ သူတို့ မထင်၊ ယင်းသို့ပင် သွားလိုက် ပြန်လိုက်နှင့် နေ့စဉ်ကျောင်းတက်မြဲ ပညာရှာမြဲ။
အတိတ်အဖြူရောင် ကာလ၏ ဆယ့်ခြောက်နှစ် အကြာမှာတော့ ကျောင်းကလေးနှင့် ကမ္ဘာတဖက်စီ ခြားခဲ့လေပြီ။ မငြိမ်းမချမ်းနှင့် မြို့ကလေးဆီက ကျောင်းကလေးမှာ ဘယ်လိုနေရှာမှာပါလိမ့်။ ဆွေးစိတ်နဲ့ မျှော်မှန်းပေမယ့် ထိုစဉ်အချိန် ဖြူစင်သော ဘ၀ကိုတော့ ပြန်မရနိုင်တော့လေပြီ။ အတ္တများ၊ မောဟများနှင့် အားပြိုင် ရုန်းကန်ရင်း ၀င်ကစွပ်ကောင် ဖြစ်မှန်းမသိ ဖြစ်နေလေတော့..။
(အထက်တန်းကျောင်းသား ဘ၀.. အမှတ်တရ)
ကလိုစေးထူး
Tuesday, April 17, 2007
ကျနော့်အကြိုက် (၃) ….
ဒီတခါ ကျနော့်အကြိုက် အဖြစ် တင်ပြမယ့် ၀တ္ထုတိုလေးကတော့ ၂၀၀၇ခုနှစ်၊ ဇန်န၀ါရီလထုတ် မဟေသီမဂ္ဂဇင်းမှာ ပါရှိတဲ့ ဆရာလေးစိုး(ဒေးဒရဲ) ရဲ့ `သူတော်ကောင်း အတ္ထုပ္ပတ္တိ´ ဆိုတဲ့ အတိုဆုံး ၀တ္ထု စာတွဲလေးပါ။ အားလုံး ဖတ်ရှုနိုင်ဖို့ ဝေမျှလိုက်ပါတယ်။ ခံစားကြည့်ကြပါအုံး..။
ကလိုစေးထူး
သူတော်ကောင်း အတ္ထုပ္ပတ္တိ
(၁)
မနက်ခင်း မျက်နှာသစ်ရင်း…
`သူတော်ကောင်းတို့နှင့် ပေါင်းဖက်လျှင် ပညာဗဟုသုတရသည်။ ဥစ္စာစီးပွား တိုးတက်သည်။ သူယုတ်မာနှင့် ပေါင်းဖက်လျှင် အကျင့်စာရိတ္တ ပျက်သည်။ ဥစ္စာစီးပွား ဆုတ်ယုတ်သည်။
(၂)
နေ့လယ်ခင်း ကားစီးရင်း… ။
လိုင်းကားဖြင့် ခရီးသွားရသည်မှာ မလွယ်လှပေ။ နေရာရဖို့ အတွက် တိုးဝှေ့တွန်းတိုက်ပြီး တက်ရသည်။ နေရာ ရတော့ရသည်။ တွဲခိုမတ်တပ် တခဏပေါ့။ ကားခထုတ်ပေးရန် အိတ်ထဲသို့ လက်နှိုက်နေတုန်း `သူတော်ကောင်းတွေ မတောင်းဘဲနဲ့ ပေးတယ်နော်´ ဆိုသည့် ကားစပယ်ယာ၏ ကားခ တောင်းသံကြောင့် ကျနော် လန့်သွားခဲ့ရသည်။ ကားစပယ်ရာ ပြောလိုက်သည့် စကားကို ဆန့်ကျင်ဘက်တွေးလိုက်မိသော် ကားခမပေးဘဲ နေလျှင် ဘာဖြစ်သွားမည်နည်း။
ဘတ်စ်ကားပေါ်မှာ ဖြစ်သည်။
(၃)
ညနေခင်း အပန်းဖြေရင်း…။
`ဒီနေ့ ဥပုသ်နေ့တော့..။ ရှင်မသိဘူးလား။ ကျုပ်က ဘုရားရှိခိုး၊ ပုတီးစိပ် လုပ်နေတာ။ ရှင့်လို အရက်သောက်ပြီး မူးရူးနေတာ မဟုတ်ဘူး။ အရက်မူးလာရင် မိန်းမကိုပဲ ရန်ရှာချင်တယ်။ ရှင် လူယုတ်မာ …..´
`ဟုတ်ပါတယ်၊ မင်းက သူတော်ကောင်းကြီးကိုး´
`ဟုတ်တယ်၊ ကျုပ်က သူတော်ကောင်း´
ခေါင်းရင်းအိမ်မှ လင်မယား ရန်ဖြစ်နေသံ ဖြစ်သည်။
(၄)
မနက်စောစော လွယ်အိတ်ဆွဲပြီး အလုပ်ထဲသို့ ထွက်လာခဲ့သည်။ လမ်းသွားရင်း စားဖို့ လမ်းဘေးက အဒေါ်ကြီးဆိုင်မှာ ကွမ်းယာ ၀င်ဝယ်လိုက်သည်။
`အဆိမ့်နဲ့ ကွမ်းတရာဖိုး ပေးပါအဒေါ်´ ဟု ပြောပြီး တရာကျပ်တန် တရွက် ထုတ်ပေးလိုက်သည်။ ကွမ်းယာသည် အဒေါ်ကြီးသည် ကျနော် ထုတ်ပေးလိုက်သော တရာတန်ဖြင့် ကွမ်းပုံနှင့် ကွမ်းယာပစ္စည်းများကို ရိုက်ပုတ်ပြီး `ကဲ…. ကဲ၊ သူတော်ကောင်း ပိုက်ဆံရှင်´ ဟု ပါးစပ်မှ အသံထွက်ကာ လာဘ်ခေါ်နေသည်။
ကျနော် တွေးကြည့်မိသည်။ လူတွေဟာ သူတော်ကောင်းတရားကို မြတ်မြတ်နိုးနိုး ခင်တွယ်တတ်ကြသည်။ ချစ်ခင် စုံမက်တတ်ကြသည်။ သူတော်ကောင်း စိတ်ရှိသူသည် နေရာတရာတွင် မျက်နှာ ပွင့်လန်းနေသည်။ သူတော်ကောင်း အတ္ထုပ္ပတ္တိကား ဂန္ထ၀င် မြောက်ပြီး အလွန် တန်ဖိုး မြင့်မားပါလား ဟူ၍ပင်။
ကွမ်းယာဆိုင်ထဲမှာ ကျနော်ပြန်ထွက်လာတော့ ကျနော်တို့ လမ်းထိပ်က အလှူခံဌာနမှ အသံချဲ့စက်ဖြင့် အလှူခံနေသည်ကို ကြားရပြန်သည်။ `သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပ ဆိုတဲ့ သူတော်ကောင်း တရားများနဲ့ ပြည့်စုံကြပါစေ´ တဲ့ဗျာ။
လေးစိုး (ဒေးဒရဲ)
Monday, April 16, 2007
သတင်းစာထဲမှာ…
သတင်းစာ တရက်မဖတ်တာဟာ တခေတ်နောက်ကျတာနဲ့ တူပါသတဲ့။
အဲဒီလို ဖတ်မှတ်ခဲ့ရဖူးတော့ သတင်းစာ အစုံစုံကို လိုက်ဖတ်ရင်းနဲ့ ဧပြီလ (၁၁)ရက်နေ့ထုတ် ကြေးမုံ သတင်းစာကို ဖတ်မိတော့ အဲဒီပုံလေးကို ခေါင်းစီးမှာ တွေ့လိုက်ရပါတယ်။
ပုံ အညွန်းစာမှာတော့ ` ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ မရမ်းကုန်း မြို့နယ်ရှိ ကိုယ်တိုင်ထုတ်လုပ်သူများ၏ အခွန်လွတ်ဈေးတွင် ခင်းကျင်းရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးစဉ်´ လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
အဲဒီသတင်းမှာ ကျနော် စိတ်ဝင်စားမိတဲ့ အသုံးအနှုံးတခုကတော့`ကိုယ်တိုင် ထုတ်လုပ်သူများ၏´ ဆိုတဲ့ စကားလုံးပါ။ ဒါဖြင့် ပုံမှာပါတဲ့ သူတို့ရဲ့ အစစ်ဆေးကို ခံနေရသူတွေဟာ ဆန်ကို ကိုယ်တိုင် ထုတ်လုပ်သူများလို့ ပြောချင်တာများလား။ ဆန်ကို ကိုယ်တိုင် ထုတ်လုပ်တဲ့လူတွေဆိုရင်တော့ လယ်သမားတွေများလားမသိ။ ဒါဖြင့် လယ်သမားတွေက မရမ်းကုန်းမှာ ကိုယ်တိုင်လာရောင်းတာလား၊ ဒါမှမဟုတ် မရမ်းကုန်းက ပြည်သူတွေက လယ်ကို ကိုယ်တိုင် စိုက်ပျိုး၊ ရိတ်သိမ်း၊ ခြွေလှေ့ ထုတ်လုပ်ရောင်းတာလား။ တမျိုးတော့ တမျိုးကြီးပါပဲ။
အခွန်လွတ်တယ် ဆိုတာကရော ဘယ်လိုလွတ်တာများပါလိမ့် လို့ တွေးမိပါသေးတယ်။ ဈေးကောက်တွေ ဘာတွေ မကောက်တာလား၊ ဒါမှမဟုတ် ဆိုင်ခန်းကြေး၊ နေရာကြေးတွေ မကောက်တာလား။ အခွန်လွတ်ဈေးနဲ့ အခွန်မလွတ်ဈေးရဲ့ ကုန်ဈေးနှုန်းကွာဟမှုကရော ဘယ်လိုများပါလိမ့်။ အခွန်လွတ်ဈေးမှာ ဈေးဝယ်ရင် ပြည်သူတွေအတွက် ဈေးသက်သာတယ်ဆိုရင်ဖြင့် အုပ်ချုပ်သူတွေအနေနဲ့ မြန်မာပြည်မှာ ရှိရှိသမျှ ဈေးတွေကို အခွန်လွတ်လို့ရော မရပေဘူးလား။ လွတ်မယ့်လွတ်တော့ အကုန်လွတ်ပေါ့။
ပုံကို သေသေချာချာ ကြည့်မိတော့ ဆိုင်ပေါ်က မျက်နှာထားမသာမယာနဲ့ လုလင်၊ စိုးရိမ်မကင်းတဲ့ မျက်နှာထားနဲ့ ဆိုင်ရှင် ဖြစ်ဟန်တူသူ အမျိုးသမီး၊ သူတို့ရှေ့မှာတော့ ဈေးဝယ် မဟုတ်၊ ဈေးသည်လဲ မဟုတ်တဲ့ တံဆိပ်ပေါင်းစုံ ရင်ဘတ်မှာ ချိတ်ဆွဲထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဆိုသူက ကိုယ်ယောင်ကိုယ်ဝါ တောက်တောက်ပြောင်ပြောင်နဲ့ အခန့်သား ရပ်လို့။ စတိုင်လ်ကလဲ ထွားပါပေ့။ ရှုးဖိနပ်က ပြောင်ပြောင်၊ လက်ကိုနောက်ပစ်လို့ ပြုံးစစပြီတီတီ မျက်နှာထားက မင်းသားကြီး ကျော်ဆွေလိုလို၊ ညွှန့်ဝင်းလိုလို။
အနှီပုဂ္ဂိုလ်ရဲ့ ဘေးဘီကို ကြည့်မိပြန်တော့ ညာဘက် ကပ်ရက်မှာက အဆီယစ်နေတဲ့ ဖားခုန်ညင်းကြီးတကောင်ရဲ့ စပ်ဖြီးဖြီးမျက်နှာထား၊ ပုဆိုးမညီမညာဝတ်ထားတဲ့ စားဖားပေါက်စ ကြံ့ဖွတ်တချို့၊ စည်ပင်သာယာမှ ဖြစ်ဟန်တူသူ လူတယောက် စသဖြင့် ပုံရိပ်တွေက စည်းချက်မညီတဲ့ ကကွက်တခုလို မျက်စိထဲကို ကိုးလိုးကန့်လန့် ၀င်ရောက်လာပါတယ်။
သူတို့တတွေရဲ့ အနောက်ဘက်ကို လှမ်းမျှော်ကြည့်မိပြန်တော့ ပုံရဲ့ ညာဘက်ထောင့်မှာ နယ်မြေခံဖြစ်ဟန်တူသူ ပြည်သူများ၊ ဈေးဝယ်ဖို့ စောင့်နေကြတာများလားမသိ၊ လာစစ်ဆေးတဲ့ အချိန်က မနက်ပိုင်းဆိုတော့ ဈေးရောင်း၊ ဈေးဝယ်အများဆုံး လုပ်ကြတဲ့ အချိန်ပေါ့။ အဓိကအားဖြင့်တော့ စားကုန်တွေကို လာဝယ်သူ များကြမှာ အသေအချာနေမှာ။ လူကြီးဆိုသူတွေ လာစစ်တာပြီးမှ ဈေးဝယ်ရမှာမို့ နေ့လည်စာ ချက်ပြုတ်ဖို့ နောက်ကျရော့ထင့်။
သူတို့ရဲ့ အပေါ်နားခပ်ကျကျ လမ်းတခုပေါ်မှာတော့ ကားအကောင်းစား တစီးနဲ့ အဲဒီကားနားမှာ ရပ်နေကြတဲ့ လူတစု၊ ဟိုပုဂ္ဂိုလ်ကြီးရဲ့ နောက်တော်ပါးတွေ ထင်ရဲ့။ ကားကိုကြည့်ရတာ တမြန်နှစ်များဆီက မြန်မာတပြည်လုံးမှာ သိမ်းယူခဲ့တဲ့ လိုင်စင်မဲ့ ကားတွေထဲက တစီးများ ဖြစ်နေလေမလား၊ ဒါမှမဟုတ် တယောက်ယောက်က ဆက်သထားတာများလား။ ပုဂ္ဂိုလ်ကြီးရဲ့ ကိုယ်ပိုင် လစာငွေနဲ့ ၀ယ်ထားတာများလား၊ ကိုယ်ပိုင်လစာငွေနဲ့ ဆိုရင်တော့ တော်တော်ခြိုးခြံရရှာမှာပဲ။ ဒါနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးရဲ့ လစာက ဘယ်လောက်ပါလိမ့်။
ပုံကိုကြည့်ရတာ စိတ်မသက်မသာ ဖြစ်လာတာနဲ့ အောက်ကိုဆွဲချ ရွှေ့လိုက်တော့ `ပြည်သူ့ သဘောထား´ ဆိုတဲ့ စာတန်းက ဘွားကနဲ ပေါ်လာပါတယ်။ ဘာတဲ့..။
`နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တိုးတက်ရေးကို နှောက်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ´ တဲ့။
ဒါ..ဟုတ်တာပေါ့၊ ဆန့်ကျင်ရမှာပေါ့။ အဲဒါနဲ့ အပေါ်က ပုံကို တခါထပ်ကြည့်မိပြန်တော့ အိုက်တင်အပြည့်နဲ့ ဟိုပုဂ္ဂိုလ်က ပေါ်လာပြန်ရဲ့။
ကလိုစေးထူး
Sunday, April 15, 2007
အင်ဒီယားနားပြည်နယ်မှ မြန်မာသင်္ကြန်ပွဲ..
ဒီလိုနဲ့ပဲ ကျနော်တယောက် သင်္ကြန်ရနံ့၊ သင်္ကြန်ရသတွေ ခံစားနိုင်ဖို့ အင်ဒီယားနား ပြည်နယ်ကို ရောက်ခဲ့ပြန်ပါတယ်။
မြန်မာပြည်မှာတော့ သင်္ကြန်ပွဲတော် ကျင်းပတယ်ဆိုတာဟာ ရာသီဥတုရဲ့ ပူပြင်းလှမှုကို သက်သာစေဖို့ အလို့ငှာနဲ့ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောစေတဲ့ သဘော သင်္ကြန်ပွဲ ကျင်းပကြပါတယ်။ နေမင်းရဲ့ အပူဒဏ်ကို သင်္ကြန်ရေနဲ့ အချင်းချင်း ပက်ဖြန်းပြီး အံတုပါတယ်။
တချို့သော နိုင်ငံရပ်ခြားကို ရောက်သွားကြတဲ့ မြန်မာတွေ အဖို့မှာတော့ အမိမြေကို လွမ်းစိတ်၊ မိမိလူမျိုးရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းလိုစိတ်နဲ့သာ သင်္ကြန်ပွဲတော်ကို ကျင်းပရပေမဲ့ ယခုနှစ် ဧပြီလရဲ့ အအေးဒဏ်ကတော့ သင်္ကြန်ရေ ပက်ကစားဖို့ နေနေသာသာ အပြင်မှာတောင် ကြာကြာနေလို့ မရသေးပါဘူး။ ဒီကြားထဲ သင်္ကြန်ပွဲ ကျင်းပတဲ့ နေ့မှာမှ နှင်းတွေကကျ၊ မိုးတွေကရွာ နှင်းကဖွဲဖွဲ မိုးကသည်းသည်းကြားမှာပဲ သင်္ကြန်ပွဲကို သွားခဲ့ရပါတယ်။
အင်ဒီယားနားပြည်နယ်ရောက် မြန်မာများရဲ့ သင်္ကြန်ပွဲတော်ကို အုပ်စုနှစ်စုက နှစ်နေရာခွဲပြီးတော့ တချိန်တည်းမှာ ကျင်းပခဲ့ပါတယ်။
ကျနော် ရောက်ခဲ့တဲ့ ဖို့ဝိန်းမြို့ သင်္ကြန်ပွဲတော် တခုမှ သင်္ကြန်ပုံရိပ်အချို့ပါ။
အဲဒါတွေကတော့ တခြားနေရာမှာ တချိန်တည်း ကျင်းပနေတဲ့ ဖို့ဝိန်းသင်္ကြန် နောက်တပွဲမှ ပုံရိပ်တွေပါ။
သင်္ကြန်ကျင်းပနေတဲ့ ခန်းမအပြင်ဘက်မှာတော့ အမေရိကန်နှင်းတွေက မြန်မာ သင်္ကြန်နဲ့ လိုက်လျောညီထွေ မဖြစ်လှစွာ ဖွဲဖွဲသည်းသည်း ကျလို့နေပါတယ်။ နှင်းတွေကြားထဲမှာပဲ ခန်းမထဲက သင်္ကြန်တေးသံက ပျံ့လွင့်လာပါတယ်။
လောင်း လောင်း လောင်းလိုက်ပါ ~~~ ရွှဲအောင် လောင်းလိုက်ပါ ~~~ ပက်ပက် ပက်လိုက်ပါ ~~~~
ပြီးဆုံးသွားပြန်ပေါ့ သင်္ကြန်…။
ကလိုစေးထူး