Sunday, April 22, 2007

ရုရှပြန် ကဗျာတပုဒ်..

ဒီနေ့တော့ ကျနော့်ဘလော့ဂ်ကို လာလည်သူ မိတ်ဆွေများကို ကဗျာတပုဒ် တင်ပြပါမယ်။ ဒါပေမယ့် အဲဒီကဗျာကို ကျနော်ရေးတာတော့ မဟုတ်ပါ။ ကျနော်တို့တတွေ အေးအေးဆေးဆေးနေနိုင်အောင် ပေးဆပ်နေတဲ့ ပြည်ချစ်တပ်မတော်သား စစ်ဘိုများအနက်မှ ရုရှရောက် စစ်ဘိုတယောက် ရေးတဲ့ ကဗျာပါ။ ကဗျာကို ဖတ်ရခြင်းအားဖြင့် ၂၀၀၅ ခုနှစ် မတိုင်မီက ရေးခဲ့တယ်လို့ ယူဆရပါတယ်။

အဲဒီကဗျာကို ဖတ်ခြင်းအားဖြင့် ရုရှနိုင်ငံရောက် မြန်မာစစ်ဘိုတွေရဲ့ အခြေအနေကို အားလုံး မဟုတ်တောင် တစေ့တစောင်း သိမြင်ပါလိမ့်မယ်။ ကဗျာထဲက စာသားတချို့ရဲ့ ကြမ်းတမ်းတဲ့ အသုံးအနှုံးတွေအတွက်တော့ ကျနော့် ညီမတွေ အမတွေကို အားနာပါတယ်။ ရေးသူက အဲဒီအတိုင်း ရေးခဲ့တာကြောင့် ကဗျာကို မူရင်းအတိုင်း တင်လိုတဲ့အတွက်ဆိုတာ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။

ကဗျာမှာ ခေါင်းစဉ်မပါခဲ့ပါဘူး။ ဒီကဗျာနဲ့ လိုက်မယ့် ခေါင်းစဉ်ကိုတော့ စာဖတ်သူ ပရိသတ်ကသာ စဉ်းစားပေးပါတော့။ ကျနော်ကတော့ ဒီကဗျာကို ဖတ်မိတော့ ဘာပြောရမှန်းမသိအောင်ကို တုန်လှုပ်သွားသလို အကြီးအကျယ်လဲ အံ့အားသင့်မိပါတယ်။ ဖတ်ကြည့်ကြပါအုံး…။


အမိမြန်မာ၊ ဘွဲ့ရတာ ၇၅
၁၀ ယောက်က ကျိုးကန်း
၅ ယောက်က ရူးနှမ်းနှမ်းနဲ့
ရဲဖမ်းတာ ၇ ယောက်
၃ ယောက်က လူကြီးအမျိုး
ကံဆိုးသူ အယောက် ၅၀ (ငါတို့ကျောင်းမှာ လူ ၅၀ ရှိလို့)
ရုရှနယ်စေလွှတ်
နျူကလီးယားကို အိတ်နဲ့သွတ်ဖို့တဲ့..။

ဟိုတခါ ပြည်မြန်မာမှာ
ငွေနှစ်ရာ ဝေလာဝေး
ဆေးလိပ်တိုလေး မျှသောက်
Issue နဲ့ စားသောက်နေရပေမယ့်
အရှင်မွေးတော့ နေ့ချင်းကြီး
ဒေါ်လာ ၂၀၀ ကိုင်ပြီးကတည်းက
လက်ကြားမှာ စီးကရက်
ဘီယာဆို ပလပ်ပလပ်နဲ့
သေးထွက်မတတ် မျိုဆို့
ညှီစို့စို့ အသားထုပ်
မှိုတက်လို့ လွှင့်ပစ်လိုက်ရသေးသတဲ့…။

လယ်သမားကြီး အယောက် လေးဆယ်
ကျွဲနွားနှယ်သူတို့ရုန်း
အသင်သုံးနေတဲ့ ရာတန်နှစ်ရွက်
သူတို့တတွေရဲ့ ချွေးစက်…
ဟုတ်မဟုတ်တော့ မသိ
ရှိတာနဲ့ ဖုန်းဝယ်
ခါးကြားမှာ သယ်ပြီး
လူလယ်ရောက်မှ ထုတ်ဆက်
အိမ်မှာတော့ ယောက်မ လျက်နေကြရပြီ။

တချောက်ချောက်နဲ့ Keyboard ရိုက်သံ
ကြိုးစားမှုတွေ မှန်နေတယ် မထင်နဲ့
ရည်းစား တယောက်ရရေး
Chatroom တွေ လိုက်မေးပြီး
ကျနော်ကတော့ Master

Russia နေတာပေါ့ကြွား
ခပ်ထွားထွား လေလုံးပစ်
ကြက်ဥနှစ်ကို ဆားနဲ့နယ်
ထမင်းတောင် မတည်နိုင်တော့ဘူး..။

အချိန်တန်တော့ စက်ဖွင့်
လေ့လာဖြစ်တာ all ကား
လှတဲ့ အိုး၊ ဖြိုးတဲ့တင်
မြင်သမျှ သရေကျ
ဟင်း…။ *** လိုက်ရ ဆိုတဲ့ စိတ်နဲ့
မိုးလင်းတော့ ကသုတ်ကရက်
ကားဂိတ်မှာ မတ်တပ်ရပ်ပြီး
ဖင်မှန်သမျှ လိုက်ကြည့်
တချို့ကလည်း မြန်မာအထာသိတော့
အင်္ကျီကိုဆွဲချ၊ တင်ပါးဆို ဖုံးထားမှ ဆိုတဲ့ အတွေးနဲ့။

လေ့လာတာ all ကား
ရှုစားတာ မိန်းမဖင်
သင်ချင်တာ Chat အကြောင်း
ငမိုက်သားအပေါင်းက
လိုချင်တော့ ၅ မှတ်
ဘာစာမှ မတတ်ပေမယ့်
ဆရာမကို ဆီးကြို၊ အထုပ်ကို ခပ်သွက်သွက်နဲ့
ပြေးယူတတ်သူတွေတောင်
Programmer ဖြစ်နေကြပြီပဲ
ဆရာသင်တဲ့စာ၊ ဘာဆို ဘာမှမသိ
ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ကျေနပ်နေကြပြီ။

ဒီတခါ Анюта
ခဏတာဝင်ငေး
အသားဈေးထိုးကျ
ရောင်းမရလို့တဲ့
ကြက်ဥဈေးခေါင်ခိုက်
ကုလားပဲ လှည်းနဲ့တိုက်ပြီး
ပုတ်ရိုက်ရောင်းစား
သြော်.. မြန်မာတွေတောင် တော်တော်များလာပြီပဲ။

၂၀၀၅ရဲ့ တနေ့
အောင်ပွဲတွေ ပွေ့ပြီး
နျူကလီးယား စက်ရုံသစ်
ဖဲကြိုးဖြတ် ဖွင့်ဖြစ်ရင်တော့
အင်း..
မြန်မာပြည်မြေပုံ အသစ်ဖြစ်ပြီ ထင်ပါရဲ့။

1 comment:

ပုထုဇဉ် said...

ဆရာတော်ကြီးတစ်ပါးက သာသနာနဲ့ ပတ်သက်လို့ ဦးနုခေတ်ကလား၊ မဆလခေတ်ကလား မသိ၊ မိန့်ဖူးတာရှိပါတယ်၊ ယနေ့ခေတ် သာသနာတော်ကြီး စည်ပင်ဝပြောနေတယ်လို့ ဆရာတော်ကြီးကို လျှောက်ကြတော့ ဆရာတော်ကြီးက "ငါ့ရှင်တို့၊ သာသနာတော်ကြီး ထွန်းကားနေတာမဟုတ်၊ ၀မ်းဖောဝမ်းယောင် ဖြစ်နေတာပါ" တဲ့။ အခုလည်း တပ်မတော်ကြီး ၀မ်းဖောဝမ်းယောင် ဖြစ်နေတယ်လို့ ပြောရမလားမသိ။ :(