Monday, April 02, 2007

မရဏလမ်းမှ လားတူ လူသားများ…

နေက ခြစ်ခြစ်တောက် ပူပြင်းလှသည်။ ဘေးဘီကို ငဲ့ကြည့်မိတော့ တဖက်က ချောက်ကမ်းပါး၊ တဖက်က တောင်နံရံ..။ မောပန်းလွန်းလှသောကြောင့် ကိုယ်ပေါ်တွင် ထမ်းပိုးထားရသော အထုပ်ကို `ဗုန်း´ကနဲ ပစ်ချ နားပစ်လိုက်ချင်နေသည်။ ရှေ့ကို အသာမျှော်ကြည့်တော့ ပုရွက်ဆိတ်တန်းများ သဖွယ် လူတန်းကြီးက တောင်ပေါ်ကို တရွေ့ရွေ့နှင့် ဆက်တက်နေကြဆဲ..။ အင်း.. ဒီတောင်ထိပ်ပေါ်ကို ရောက်ရင်တော့ ခဏဖြစ်ဖြစ် နားရတန်ကောင်းပါရဲ့။

`လှမ်းထား… လှမ်းထား၊ အရှေ့နဲ့ မပြတ်စေနဲ့´

မကြားချင်ဆုံးနဲ့ အကြားနေရဆုံးသော အသံက နောက်နားမှ ခပ်အုပ်အုပ် ထွက်လာသည်။ သို့သော် နောက်လှည့်မကြည့်ရဲ..။ ကြည့်မိပါက အနည်းဆုံးတော့ ပျစ်ပျစ်နှစ်နှစ် ဆဲဆိုသံတခုခုကို လက်ခံရရှိလိမ့်မည်။ ဒီထက်ပိုလျှင်တော့ သူ့လက်ထဲက ခပ်ရွယ်ရွယ်တုတ်က မိမိခန္ဓာကိုယ်ပေါ်သို့ မညင်မသာ လာရောက်ထိခတ်တော့မည်။ ကိုယ့်ကိုယ်ကို အားတင်း သတိပေးလိုက်၏။

`တင်းထားစမ်းကွာ၊ မင်းအသက်နဲ့ ခန္ဓာတွဲလျက် အိမ်ပြန်ချင်သေးတယ်မှတ်လား၊ လျှောက်ထား… ´

ယင်းသို့ဖြင့် မလှမ်းချင်သော ခြေလှမ်းတွေက အလိုမတူစွာဖြင့် မသွားလိုသောနေရာကို လှမ်းနေရဆဲ..။

***

တောင်ထိပ်ပေါ်ရှိ နားနေကြသော လူစုစုကို တွေ့တော့ စိတ်ကို လျှော့ချပစ်လိုက်သည်။ နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာသော အစိမ်းရောင် ပါးကွက်သားဆီမှ လောလောဆယ် ကြားချင်နေသော စကားသံ ထွက်ပေါ်လာ၏။

`ကဲ.. နား၊ အထုပ်ကို ဖြည်းဖြည်းချ၊´

သူပြောသည့်အတိုင်း တသွေမတိမ်းလိုက်နာပြီး ပိုးလာရသော အထုပ်ပေါ်တွင်ပင် ပက်လက်လှန် မှီချလိုက်သည်။ လတ်ဆတ်သောလေကို အငမ်းမရ ရှုရှိုက်လိုက်သော်လည်း မီးရထား စက်ခေါင်းသံလို နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်အုံက အားမရသည့်အလား ရှုးရှုးရှဲရှဲ အသံ မြည်နေဆဲ။ တောင်ထိပ်ဖြစ်လို့လား မသိ၊ လေက တဖြူးဖြူးနှင့်..။ ကောင်းကင်ကို မော့ကြည့်မိတော့ ကျနော်တို့ကို ကရုဏာသက်လှစွာဖြင့် ငုံ့မိုးကြည့်နေသည့်အလား..။

ဘေးနားဆီမှ ချိုးချိုးချွတ်ချွတ် အသံများကို လစ်လျူရှုထားရင်း နားခွင့်ရသည့် အခိုက်မှာ မျက်လုံးအစုံကိုပါ မှေးမှိတ် အနားယူပစ်လိုက်သည်။ တားမရသည့် စိတ်အစဉ်ကတော့ ကျန်ရစ်ခဲ့သော အတိတ်ဆီသို့….။

***

`ဘယ်လိုလဲဗျ၊ ကိုတင့်ဆွေကြီး၊ ဒီနေ့ အခြေအနေ´
`အင်း….၊ မဆိုးလှပါဘူး ငါ့လူရာ´

ဂိတ်ထဲသို့ ဆိုက်ကားကို အသာနင်းဝင်လာရင်း လှမ်းမေးလာသော လှသန်းကို ဖြေလိုက်ရင်း ဆိပ်ကမ်းဘက် ရှိရာသို့ သင်္ဘော ဆိုက်ပြီလားလို့ လှမ်းမျှော်ကြည့်လိုက်သည်။ သင်္ဘောဆိုက်ရင်တော့ ဆိုက်ကားစီး ခရီးသည်ရမည်လေ..။

ဒီနေ့တော့ ခါတိုင်းနေ့ထက်စာလျှင် တွက်ခြေကိုက်သည်ဟု ဆိုရမည်။ ညနေအပြန်တွင်တော့ သမီးလေးကြိုက်တတ်သည့် ခေါက်ဆွဲကြော် တထုပ်လောက် ၀ယ်သွားမှဟု တွေးမိသည်။

မှောင်စပျိုးလာချေပြီ..။ အင်း.. ပြန်မှပဲ..။ ဂိတ်ထဲတွင် ရပ်ထားသော ဆိုက်ကားကို အသာတွန်းထွက်ရင်း ပြန်မည်ပြင်လိုက်တော့….။

အစိမ်းရောင် လော်ရီကားတစီးက ဆိုက်ကားဂိတ်အနီးသို့ ဝေါကနဲ ထိုးဆိုက်လာသည်။ ကားရပ်သွားသည်နှင့် တပြိုင်နက် စစ်စိမ်းရောင်ဝတ် လူတချို့ ဖျတ်ကနဲ ဖျတ်ကနဲ ခပ်သွက်သွက် ခုန်ဆင်းလာကြ၏။ အဲဒီနောက်တွင်မတော့ ကျင့်သားရနေသည့်အလား သူတို့ လုပ်စရာရှိသည်များကို ခပ်သွက်သွက် လုပ်ဆောင်တော့သည်။

`တက်.. တက်၊ ကားပေါ်တက်၊ ကားပေါ်တက်´

ဆိုက်ကားဂိတ်အတွင်းရှိ မြင်မြင်သမျှ ယောက်ျား ဘသားအားလုံးကို ကားပေါ်သို့ အလျင်စလို တက်စေရာ ကိုတင့်ဆွေတို့မှာ ဘုမသိဘမသိဖြင့် တက်ကြရလေသည်။

`မြန်မြန်၊.. မြန်မြန်´
ရှေ့ခန်းမှာ ထိုင်နေသည့် ပုဂ္ဂိုလ်က လောဆော်အပြီးတွင်မတော့ ကားက ၀ူးကနဲ မောင်းထွက်လေတော့သည်။ ဆိုက်ကားဂိတ်ကလေးကတော့ အနောက်တွင် ရိပ်ကနဲ ရိပ်ကနဲ ကျန်ခဲ့လျက်..။

***

`ခင်ဗျားတို့ကို အခုခေါ်လာတာကတော့ ကျနော်တို့နဲ့ အတူတူ တပတ်ဆယ်ရက်တန်သည်ပေါ့ဗျာ။ ကူညီပေးစေချင်လို့ပါ။ ဆယ်ရက်ထက် ပိုမကြာစေရဘူး။ ပြီးတာနဲ့ ခင်ဗျားတို့ကို အိမ်အရောက် ပြန်ပို့ပေးပါမယ်။´

ဘာအဆင့်မှန်း မသိသော ပုဂ္ဂိုလ်၏ စကားသံကို မကြားတချက်၊ ကြားတချက်။ စိတ်တွေကတော့ အိမ်တွင် မိမိပြန်အလာကို မျှော်နေမည့် ဇနီးနှင့် သမီးဆီကိုသာ ရောက်နေ၏။

ဒီလိုနှင့် သူတို့ပြောသည့် ဆယ်ရက်ထက် ပိုမကြာသော လပေါင်းများစွာမှာ တပ်ပေါင်းများစွာက မိမိတို့ကို ၀န်တင်လားများသဖွယ် အလဲအလှယ်ပြုရင်း မရဏ အနိဋ္ဌာရုံ စစ်မြေပြင်တွင် လူးလာခေါက်တုံ့ သယ်ပိုးပေးနေရသည်မှာ ကြာခဲ့ပါပကော..။ ဒီတခေါက်ပြီး ပြန်ရနိုး..၊ နောက်တခေါက်ဆို ပြန်ပို့နိုးနှင့် ခန္ဓာကိုယ်တွင်းရှိ အားအင်များမှာလည်း ခန်းလှပြီ။ အိမ်ကိုလဲ လွမ်းလှပြီ။

***

`သွားမယ်ဟေ့..အသင့်ပြင်´

လူသံရုန်းရုန်းနှင့်အတူ မကြားချင်သော လောဆော်သံကြောင့် အတိတ်ဆီမှ နိုးထလာသော စိတ်သန္တာန်တို့ကို လက်ရှိပစ္စုပ္ပန်တွင် လောကငရဲခံရန် အဆင်သင့် ပြင်ရပြန်သည်။ မိုင်ရှည်ခရီးနှင်လာရသော ယာဉ်အိုကြီးတစီး၏ အင်ဂျင်စက်နှယ် ခန္ဓာကိုယ်က လေးလံစွာ ရုန်းထလေ၏။

ဘယ်တော့ဆုံးမည်မသိသော စစ်ပွဲများကို စိတ်မပါလက်မပါဖြင့် ၀န်စည်စလယ်များကို ထမ်းပိုးရင်း ထောက်ပံ့ပေးရဦးမည်။ မိမိကျောတွင် ထမ်းပိုးထားရသော ကျည်ဆံများသည်ကား မည်သူ့ အသက်ဇီဝိန်ကို ခြွေဦးမည်မသိ။ ကိုယ့်ဆွေမျိုးကို ကိုယ်ပြန်သတ်မည့် သေမင်းတမန် လက်နက်များသည်ကား သူတို့ရှိရာသို့ အတ္တတို့၏သခင် အာဏာရှင်များ အမိန့်အရ ရက်စက်ခြင်း နမိတ်ပုံတွေကို ဆောင်ကြဉ်းရန်အတွက် တစတစ ချဉ်းကပ်နေလေပြီ။

ခြေလှမ်းတို့က စိတ်မပါလှစွာဖြင့် လှမ်းဆဲ။ အမိန့်သံတို့က ရိုင်းပြစွာ ထပ်ချပ်မကွာ လိုက်ပါဆဲ။

သို့သော် ဘယ်သူမှ ပိုင်စိုး၍မရသော စိတ်ထဲမှ ရွတ်ဆိုသံကိုတော့ သူတို့ ကြားနိုင်အံ့မထင်..။

`ရပ်ပါတော့… စစ်ပွဲတွေ ရပ်လိုက်ပါတော့…၊ အဲဒီနေရာတွေကို မသွားကြပါနဲ့တော့… မသွားပါရစေနဲ့တော့….(((((((((((((((´

ကလိုစေးထူး

4 comments:

Anonymous said...

great. your 'nyan ni,nyan pyar and nyan wah' squeezed from brian still work well. btw your post reminds me of my childhood life in loimwe. This city was once a centre of all front-line fighting between BCP and BA...anyway nice post.. keep it up..(loimwethu)

ဂျစ်တူး - gyit_tu said...

ကိုကလိုစေထူး... ဒါ ဖြစ်ရပ်မှန်ထင်တယ် ။ ၀မ်းနည်းစရာပဲ ။ အစိမ်းရင့်ရောင်ဝတ်စုံနဲ့ လူတွေကို ငယ်ငယ်က အရမ်းလေးစားဖူးတယ် ။ သူတို့ပါတဲ့ ဇာတ်လမ်းတွေဆို အားတက်သရော ကြည့်ရ ။ ခုတော့ အစိမ်းရင့်ရောင်မြင်ရင် ကြည့်ရတာတောင် အကုသိုလ်ပဲ ။

Anonymous said...

I wanna know...bro...
Is it really??

ကလိုစေးထူး said...

လာဖတ်ကြသူတွေ.. မှတ်ချက်ရေးသူတွေကို ကျေးဇူးအထူးတင်ပါတယ်... ဒီဝတ်ထုကတော့ ကျနော်ကိုယ်တိုင် ပေါ်တာလိုက်ခဲ့ရစဉ်တုန်းက ကျနော်တို့ထက် အခြေအနေဆိုးတဲ့ လူတချို့ကို တွေ့တော့ ကရုဏာသက်ခဲ့ရဖူးပါတယ်။ အဲဒါကို အခြေခံပြီး ရေးထားတာပါ။ ဖြစ်ရပ်မှန်တွေထဲက တခုလို့ ပြောလို့ရပါတယ်။