လွယ်အိတ်ကို စလွယ်သိုင်းလွယ်၊ ကျောင်းဝတ်စုံ ဖြူစိမ်းကို သေသပ်စွာဝတ်ပြီး ကျောင်းသွားရန် အိမ်မှထွက်သော အချိန်တွင် မနက် ၈ နာရီ ကျော်ကျော်သာ ရှိပါသေးသည်။ အိမ်ကလေး ရှိရာမှ မြို့၏ တခုတည်းသော ကတ္တရာလမ်းဖြစ်သော `ဗိုလ်ချုပ်လမ်း´ ကို ရောက်တော့ ကျောင်းသွားသူ တယောက်စ နှစ်ယောက်စကို စတင်မြင်နေရပြီ။
မိနစ်အနည်းငယ် လျှောက်သွားအပြီးတွင်တော့ ပညာရည်နို့ သောက်စို့ရာ ကျောင်းတော်မဟာဆီသို့ ရောက်၏။ မြို့၏ တကျောင်းတည်းသော အထက်တန်းကျောင်း။
ကျောင်းတော်သည်ကား ဟိတ်ဟန်ကင်း၏။ မာန်မာနမဲ့၏။ လာသမျှသော ကျောင်းတော်သူ၊ ကျောင်းတော်သား အားလုံးကို ရင်မှဖြစ်သော သားသမီးများနှယ် ပြုံးရွှင်ခြင်း တပွေ့တပိုက်ဖြင့် ကြိုဆို၏။
အင်္ဂလိပ် အက္ခရာ `E´ ပုံသဏ္ဍာန်ဆောက်လုပ်ထားသော ကျောင်းကို ပုံဖော်ပါရစေအုံး။ ခြံစည်းရိုးတလျှောက် ဒေသအခေါ် `ဘိုကတော် မျက်ခုံး´ ပင်များဖြင့် အလှဆင်ဝင်းခတ်ထားသော ကျောင်းထဲ၌ ပိန္နဲ၊ မာလကာ၊ သီဟိုဠ်၊ သရက်ပင်တို့က ဟိုနားတပင် ဒီနားတပင်ဖြင့် အေးမြခြင်း အသွင်ကို ဆောင်ကြသည်။
ကျောင်း၏ အနောက်ဘက်တွင်တော့ မျှော်မဆုံးသည့် လယ်ကွင်းပြင်က နှစ်အစတွင် စိမ်း၊ နှစ်အဆုံးတွင် ၀ါ အရောင်နှစ်ဖြာဖြင့် အလှဂုဏ်မောက်၏။ လယ်ကွင်းပြင်၏ တဆုံး ဟိုမှာဘက်တွင်တော့ မှိုင်းပြပြတောင်တန်း ခပ်ညို့ညို့က မာနတခွဲသားဖြင့် ခန့်ထည်ခြင်း အသွင်ကို ဆောင်နေလေ၏။
ကျောင်းကိုလာကြသူ ကျောင်းတော်သူ၊ ကျောင်းတော်သားများမှာ အသွင်စုံလှပါဘိ။ ငွေကြေးတတ်နိုင်သူ တယောက်စ နှစ်ယောက်စမှာ ဆိုင်ကယ်ဖြင့် ကျောင်းလာ၏။ တချို့မှာကား စက်ဘီးဖြင့် ခရီးနှင်၏။ အများစုသည်ကား ခြေကျင်။ မြို့မှ လေးငါးမိုင်အကွာ တောနယ်မှ ပညာရှာလာသူများမှာတော့ ကျောင်းကို မလာမီ မနက်ခင်းဈေးမှာ ဈေးရောင်းနေရသေး၍ထင့်၊ သူတို့၏ ဟန်ပန်က ပန်းလျနေသယောင်ယောင်၊ ပန်းသော်ငြား အပြုံးပန်းတွေကတော့ လန်းလျက်သာ။
ကျောင်း၏ စာသင်ခန်းများမှာလည်း မြို့ပြများနှင့် မတူပြန်။ ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်း၊ အဋ္ဌမတန်းများမှာ တခန်းစီသာ ရှိ၏။ မြို့ပြများလို အေ၊ ဘီ၊ စီ၊ ဒီ မရှိ။ ရှိလောက်အောင်လဲ ကျောင်းသားဦးရေ မများချေ။ န၀မတန်းနှင့် ဒသမတန်းများကိုတော့ ၀ိဇ္ဇာခန်း နှင့် သိပ္ပံခန်းဟူ၍ နှစ်ခန်းစီ ခွဲထားသည်။
ဆရာ/ ဆရာမ အများစုမှာလည်း နယ်မြေခံများသာ..။ လက်နက်ကြီး/ငယ်သံတွေ ရံဖန်ရံခါ ကြားရတတ်သော၊ မငြိမ်းချမ်းသော ဒီမြို့ကလေးမှာ မြို့ကြီးပြကြီးမှ ဆရာ/ဆရာမများမှာ ရေရှည် မနေနိုင်။ အများဆုံး နှစ်နှစ်ခန့်သာ နေ၍ ရာထူးတိုးသောအခါ ပြောင်းရွှေ့ကုန်၏။ သို့နှင့် နယ်မြေခံ ဆရာ/ဆရာမများသည်သာ ဒီကျောင်းနှင့် တသားတည်းကျနေတော့၏။
ကျောင်း၏ ဆယ်တန်း အောင်ချက်ရာခိုင်နှုန်းမှာ သိပ်မကောင်းလှ။ (က)စာရင်းနှင့် (ခ)စာရင်း ခြစ်ခြစ်မည်အောင် နှစ်ခုပေါင်းမှ ၂၅%အောင်သည့် နှစ်က အောင်ချက် အကောင်းဆုံး။ ကျူရှင် မရှိ၊ ဘော်ဒါဆောင် နတ္ထိ..။ ဒီလောက် တောကျသည့် မြို့မှာ ကျူရှင်သင်စားရင်လည်း အလုပ်ဖြစ်မည်မထင်။
သို့သော် ဒီမြို့ကလေးမှ ဆရာဝန်ထွက်ပေါ်ဖူးသည်။ အင်ဂျင်နီယာ ထွက်ပေါ်ဖူးသည်။ ယင်းသို့နှယ် တချို့သော ပန်းများ ဖူးပွင့်ဝေဆာသွားသကဲ့သို့ တချို့မှာကား လန်းတင့်ဆန်းဆင့်ခွင့် မရရှာသည့် ဖူးငုံစ ပန်းကလေးများနှယ် ဆုံးခန်းတိုင်အောင် ပညာမသင်နိုင်ကြဘဲ ကျောင်းတော်ကြီးကို ခွဲခွာသွားကြသူများမှာလည်း ဒုနှင့်ဒေး။
စာသင်နှစ် တနှစ်၏ ကုန်ဆုံးချိန်တွင်တော့ မြို့ပြကျောင်းများတွင် မရှိသော ဓလေ့တခုက ဆရာစစ် အတန်းများ စာမေးပွဲပြီးဆုံးသည်နှင့် ဆယ်တန်းဖြေဆိုခါနီး ကျောင်းသူ/ ကျောင်းသားများကို ကျောင်းတွင် စခန်းသွင်း၍ ကျောင်းဆရာ/ ဆရာမများ၏ ကြီးကြပ်မှုဖြင့် စာကျက်စေခြင်း အစီအစဉ်ဖြစ်သည်။ ကျောင်းအပေါ်ထပ်တွင် မိန်းကလေးများ၊ အောက်ထပ်တွင် ယောက်ျားလေးများကို နေစေ၍ ဆရာ/ဆရာမများက မိမိရင်မှ ဖြစ်သော သားသမီးရင်းချာများနှင့်မခြား စေတနာထား၍ သူတို့၏ ကိုယ်ပိုင်အချိန်များ အကုန်ဆုံးခံကာ စေတနာထား သင်ကြားပေးကြသည်။
နံနက် ကိုးနာရီ..။
ကျောင်းတက် သံချောင်းခေါက်သံက ကျောင်းဝင်းတ၀ိုက် ပြန့်ကျဲနေသော ပန်းကလေးများကို စုစည်းရန် အလို့ငှာ တဒေါင်ဒေါင်နှင့် မြည်ဟီးလေ၏။ မိနစ်အနည်းငယ် အကြာတွင်တော့ စာသင်ခန်း ကိုယ်စီမှ ကျောင်းသား/ကျောင်းသူတို့၏ စာအံသံများက အနာဂတ်၏ တေးသွားများသဖွယ် ဟိုတစ ဒီတစဖြင့် လွင်လွင်သာလေတော့သည်။
မုန့်စားဆင်းချိန်ဖြစ်သည့် နေ့လည် ဆယ့်နှစ်နာရီမှ တနာရီအကြား ကာလသည်ကား အဆော့သန်သော ကျောင်းသားများအတွက် မဟာ အချိန်ကောင်းပေတည်း။ တချို့က နှစ်ဖက်ခွဲ၍ ဘောလုံးကန်ကြသည်။ တချို့က တန်းခုန်ကြသည်။ တချို့ကျောင်းသူများက ဖန်ခုန်၊ ထုပ်ဆီးထိုး။ လူပျိုပေါက်၊ အပျိုပေါက် ကျောင်းသားကြီး ကျောင်းသူကြီးများမှာတော့ အငယ်များဆော့ကစားနေကြသည်ကို ကျောင်းဝရန်တာမှ ငေးသူကငေး၊ စာသင်ခန်းထဲမှာပင် တကုပ်ကုပ်နှင့် စာကျက်သူကကျက်။ အရပ်ထဲမှာ ပေါ်သမျှ သီချင်းအစုံစုံကို ကျောင်းခန်း အဆိုတော်လုပ်ပြီး စာသင်ခုံကို တဒေါက်ဒေါက်ခေါက်၍ ဆိုညည်းသူ ကျောင်းသားများကလည်း မနည်း။
နေ့ခင်း ကျောင်းပြန်တက်ချိန်တွင်တော့ ကလေးများ၏ စာအံသံများ စီစီညံပြန်လေပြီ။ ကျောင်းသားကြီးတချို့မှာတော့ ပျင်းရိဖွယ် ဘာသာရပ်နှင့် အပုပ်ချိန်နေ့ခင်း၏ လွန်ဆွဲမှုအကြားတွင် ကမ္ဘာ့အလေးလံဆုံးသော မျက်ခွံကို မနည်းအားတင်းဖွင့်ရင်း ဆရာ၏ သင်ကြားမှုကို ကြားတချက်၊ မကြားတချက်။ ပါးနပ်ပြီး ဟာသဉာဏ်ရွှင်သော ဆရာတချို့က ငိုက်မြည်းတတ်သော ယင်းအချိန်တွင် ရယ်ရွှင်ဖွယ်များနှော၍ သင်ခန်းစာကို စိတ်ဝင်စားဖွယ် သင်ကြားလေသည်။ သို့နှင့်ပင် ကျောင်းသားများမှာ ငိုက်မြည်းလိုက်၊ ရယ်မောလိုက်၊ ဖတ်မှတ်လိုက်နှင့် နေ့လည် စာသင်ချိန်ကို ဖြတ်သန်းကြ၏။
မွန်းလွဲ သုံးနာရီ …။
ကျောင်းဆင်း သံချောင်းခေါက်သံ အက်ကွဲကွဲက တဒေါင်ဒေါင်မြည်အပြီးတွင်တော့ စုဘူးထဲမှ ငွေအကြွေများ ကြဲဖြန့်လိုက်သည့်နှယ် ကျောင်းတော်၏ သားသမီးငယ်များ ကျောင်းရှေ့ကွင်းပြင်သို့ ဖွေးကနဲ ဖြာထွက်လာကြသည်။
ဆိုင်ကယ်သံက တဝေါဝေါ၊ စက်ဘီးသံ တဖျောဖျော အကြားမှာ ကျောင်းတော်သူ ကျောင်းတော်သားတို့၏ ရယ်ရွှင်သံ တသောသောဖြင့် ညနေခင်းက လှပနေ၏။ မြို့ပေါ်နေ ကျောင်းသားများအတွက်တော့ ကျောင်းနှင့်အိမ်က မဝေးလှသော်ငြား တောနယ်နေ ကျောင်းသားများအတွက်တော့ မထောင်းတာလှ။ သုံးမိုင်မှသည် ခုနှစ်မိုင်အထိ ဝေးသော အရပ်မှ ကျောင်းလာတက်ရသူများမို့ တောကိုကျော်၊ ချောင်းကိုဖြတ်နှင့် အိမ်အပြန်လမ်းကို မြန်းရသည်။ သို့သော် နွမ်းတယ်တော့ သူတို့ မထင်၊ ယင်းသို့ပင် သွားလိုက် ပြန်လိုက်နှင့် နေ့စဉ်ကျောင်းတက်မြဲ ပညာရှာမြဲ။
အတိတ်အဖြူရောင် ကာလ၏ ဆယ့်ခြောက်နှစ် အကြာမှာတော့ ကျောင်းကလေးနှင့် ကမ္ဘာတဖက်စီ ခြားခဲ့လေပြီ။ မငြိမ်းမချမ်းနှင့် မြို့ကလေးဆီက ကျောင်းကလေးမှာ ဘယ်လိုနေရှာမှာပါလိမ့်။ ဆွေးစိတ်နဲ့ မျှော်မှန်းပေမယ့် ထိုစဉ်အချိန် ဖြူစင်သော ဘ၀ကိုတော့ ပြန်မရနိုင်တော့လေပြီ။ အတ္တများ၊ မောဟများနှင့် အားပြိုင် ရုန်းကန်ရင်း ၀င်ကစွပ်ကောင် ဖြစ်မှန်းမသိ ဖြစ်နေလေတော့..။
(အထက်တန်းကျောင်းသား ဘ၀.. အမှတ်တရ)
ကလိုစေးထူး
2 comments:
it is nice post. But you might miss one thing what school always do. It is school assembly in every monday morning and sing 'national anthem'. ur post made me missing my schooling time in Meikhtila. It was 16 years back :-)
ကိုကလိုစေထူး.. ကျူရှင်ဆိုတာမရှိ.. စေတနာအပြည့်နဲ့ ကိုယ်ဖိရင်ဖိ သင်ကြားပေးတဲ့ ဆရာ ဆရာမတွေနဲ့ ဒီပို့စ်ထဲက ကျောင်းမျိုး ခုခေတ် မြန်မာပြည်မှာ ဘယ်နှစ်ကျောင်း ကျန်ပါသေးလဲလို့ တွေးတောမိပါတယ် ။
Post a Comment