Wednesday, April 11, 2007

၁၀၀ ပြည့် နှင့်အတူ...

၂၀၀၇ ခုနှစ်ရဲ့ ခြေလှမ်းတွေက တစတစနဲ့ အခုဆိုရင် လေးလှမ်းမြောက်အဖြစ် ဧပြီလကို ရောက်ရှိခဲ့ပါပြီ။ ဒီလိုနဲ့ပဲ တလှမ်းပြီးတလှမ်း ဆက်ရင်းနဲ့ လများမှသည် နှစ်များဆီသို့ အချိန်ရဲ့ ကိန်းဂဏန်းတွေက တိုးလို့သွားပါလိမ့်မယ်။

အချိန်ကာလ ရွေ့လျားမှုနဲ့ လိုက်လျောညီထွေစွာ လောကကြီးရဲ့ ပစ္စက္ခအခြေအနေတွေကလည်း ပြောင်းလဲလို့ နေပါတယ်။ မနေ့ကနဲ့ ဒီနေ့ မတူတော့သလို မနှစ်ကနဲ့ ဒီနှစ်သည်လည်း အပုံအပင်ကြီး ကွာခြားသွားခဲ့ပါပြီ။

အင်တာနက်မှာ မြန်မာဘာသာနဲ့ ဘလော့ဂ်တွေ ဘယ်အချိန်ကာလလောက်ကတည်းက စတင်ပေါ်ပေါက်နေတယ် ဆိုတာ အတတ်မပြောနိုင်ပေမယ့် ကျနော် ဘလော့ဂ် စတင်ရေးတဲ့ အချိန်မှာတော့ အဲဒီယဉ်ကျေးမှုက အတော်ကြီးကို ကျယ်ပြန့်နေပါပြီ။ အခုဆိုရင်တော့ မြန်မာဘလော့ဂ်တွေ တစတစနဲ့ များပြားလာလိုက်တာ ဘလော့ဂ်နာမည်တွေက အစုံစုံ၊ ရေးဟန်တွေက အဖုံဖုံနဲ့ မိုးဦးစကာလမှာ ဖက်ဆွတ်မှိုပွင့်ကလေးများ အပြိုင်းအရိုင်း ပေါက်သည့်အလားပါပဲ။

မြန်မာဘာသာနဲ့ ဘလော့ဂ်တွေ များလာခြင်းရဲ့ အချက်ပေါင်း များစွာရှိတဲ့ အထဲက ကျနော်မြင်မိတဲ့ အချက်တခုကတော့ မြန်မာလူငယ်တွေ စာတော်တော် ရေးကြတာပါ။ စာရေးလိုသူတွေ တော်တော်များကြတာပါ။ ဒါဟာ ဘလော့ဂ် ယဉ်ကျေးမှု ထွန်းကားလာခြင်းရဲ့ တိုးတက်မှု ပြယုဂ် တခုပါပဲ။ အခုဆိုရင် လူငယ်တွေ စုစည်းပြီး မြန်မာဘလော့ဂ် စာအုပ်ထုတ်ကြဖို့ အားထုတ် စိုင်းပြင်းနေကြပါပြီ။ အားရစရာပါ။

ကျနော်တို့တတွေ စာတပုဒ်ရေးသားရာမှာ မြန်မာလို ရေးသားကြတယ် ဆိုပေမယ့် အမျိုးမတော်ချင်လည်း တော်နေရတာကတော့ အင်္ဂလိပ်စာလုံး အချို့ကိုပါ။ မြန်မာလို ဘယ်လောက်ပဲ ရေးချင်နေပါစေ၊ တချို့သောနေရာတွေမှာတော့ အင်္ဂလိပ်စာလုံးတွေနဲ့ ဘယ်လိုမှ ကင်းကွာလို့ မရတဲ့ အနေအထားတွေကို ပိုတွေ့လာရပါတယ်။ ဒါ့အပြင် အင်္ဂလိပ်စာလုံးတွေကို မွေးစားထားတဲ့ မြန်မာ အသုံးတချို့ကလည်း အတော်လေးကို တွင်ကျယ်နေပါပြီ။ ဥပမာ- ကား၊ ဆိုင်ကယ်၊ ဒရိုက်ဘာ၊ ဒါရိုက်တာ၊ ဘောလုံး ……။

တခါတလေကျတော့ ကျနော်တယောက်ထဲ တွေးမိတာ တခုရှိပါတယ်။ မြန်မာစာရေးတာပဲဟာ၊ အားလုံးကို မြန်မာလို မြန်မာစာလုံးသက်သက်ချည်း ရေးတော့ ဘာဖြစ်မတုန်း ဆိုတဲ့ အတွေးပါ။ ဒါပေမယ့် လက်တွေ့မှာတော့ မဖြစ်နိုင်ပါဘူး။ တော်တော်ကို ကပ်သီးကပ်သတ် နိုင်ပါလိမ့်မယ်။ ရှုပါ။

`ဘောလုံးပွဲ နောက်ကျမည်ကို စိုးရိမ်စိတ်ဖြင့် ဆိုင်ကယ်ကို အပြင်းမောင်းလာသော မောင်လှမှာ ကံကောင်းလှစွာပင် ကားဖြင့် မတိုက်မိလေတော့သည်။ ဘရိတ်အုပ် မြန်သောကြောင့်သာ သက်သာရာရလေသည်။´

အထက်ပါ စာပိုဒ်က မြန်မာစာလုံး မဟုတ်တဲ့ စကားလုံးတွေကို မြန်မာလို အတိအကျ ရေးမယ်ဆိုပါစို့-

`လေထိုးထားသော လုံးဝန်းသည့် အလုံးကို ကန်ကျောက် ကစားကြသည့် ပွဲ နောက်ကျမည်ကို စိုးရိမ်စိတ်ဖြင့် စက်တပ်နှစ်ဘီးယာဉ်ကို အပြင်းမောင်းလာသော မောင်လှမှာ ကံကောင်းလှစွာပင် စက်တပ်လေးဘီးယာဉ်ဖြင့် မတိုက်မိလေတော့သည်။ ရပ်တန့်စေသည့် ကိရိယာကို အသုံးချ မြန်သောကြောင့်သာ သက်သာရာရလေသည်။´

ကဲ..၊ ဘယ်လောက်များ ကိုးရို့ကားယား နိုင်လိုက်ပါ့မလဲ။

အဲဒီတော့ အင်္ဂလိပ်စာလုံး အသုံးတချို့ကို သူ့မူရင်း အသံထွက်အတိုင်း မြန်မာစာတွေမှာ ကြားညှပ် ရေးသားခြင်းဟာ လိုအပ်ချက်တခုအရ ပေါ်ပေါက်လာပါတယ်။

အသုံးများနှင့်နေပြီးသား အင်္ဂလိပ်စကားလုံးတွေကို မြန်မာအသံထွက်နဲ့ တိုက်ရိုက်ရေးသားတာက ပြဿနာ မရှိလှပေမဲ့ အသုံးနည်းနေသေးတဲ့ တချို့စကားလုံးတွေကိုတော့ ဖတ်တဲ့လူ နားလည်သဘောပေါက်အောင် ဘယ်လို ရေးကြမလဲ ဆိုတာ မေးခွန်းတခု ဖြစ်နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ လက်ရှိ အောင်မြင်နေကြတဲ့ မြန်မာမဂ္ဂဇင်းတွေမှာ ရေးနေကြတဲ့ စာရေးဆရာတွေထဲမှာလည်း အင်္ဂလိပ်စာလုံးကို မူရင်းအတိုင်း ရေးခြင်းနဲ့ မြန်မာအသံထွက် စာလုံးပေါင်းပုံစံ ရေးခြင်းဆိုပြီး ၀ိဝါဒတွေ ကွဲနေကြတာကို သတိထားမိပါတယ်။

ဆိုလိုတာက Realism ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို တချို့ စာရေးဆရာတွေက သူ့မူရင်းအတိုင်း Realism လို့ ကြားညှပ်ရေးပေမယ့် တချို့ဆရာတွေကတော့ ရီးရဲလစ်ဇင် လို့ မြန်မာအသံထွက် စာလုံးပေါင်းနဲ့ ရေးပါတယ်။

ကျနော့်အမြင်ကတော့ စာလုံးတိုင်းကို မူရင်း အင်္ဂလိပ်စာလုံးအတိုင်း ရေးတာက ဖတ်လို့ မကောင်းလှသလို မြန်မာအသံထွက် စာလုံးပေါင်းနဲ့ ရေးလို့ ဖတ်ရတာ အဆင်မပြေလှတဲ့ တချို့ကိုတော့ မူရင်းအတိုင်း အင်္ဂလိပ်စာလုံးအတိုင်း ရေးတာ သင့်တော်မယ်လို့ မြင်မိပါတယ်။

တကယ်တော့ အင်္ဂလိပ်စကားတွေကို သူ့အသံထွက် အတိအကျရအောင် မြန်မာစာနဲ့ ပြန်ရေးဖို့ဆိုတာဟာ မတူညီတဲ့ အက္ခရာတွေရဲ့ အသံထွက်ပုံတွေကြောင့် အခက်အခဲ ရှိပါတယ်။ ဖြစ်နိုင်ခြေ အရှိဆုံးကတော့ အနီးစပ်ဆုံးဖြစ်အောင် ရေးဖို့ပါပဲ။

` Bus ကို မြန်မာ အသံထွက်နဲ့ ဘယ်လိုရေးမလဲ´ လို့ တယောက်က မေးဖူးပါတယ်။ ကျနော်က `ဘတ်စ်´ လို့ ဖြေတော့ နောက်တယောက်က `ဘပ်စ် လို့ရေးသင့်တယ်´ လို့ ငြင်းပါတယ်။ တကယ်တော့ သူ့အသံထွက် အတိအကျအတိုင်း ပြောကြေးဆိုရင်တော့ ဘယ်ဟာမှ မှန်တယ်လို့ ပြောလို့ မရပါဘူး။ `ဘတ်စ်´ က `t´ သံ ပါနေသလို `ဘပ်စ်´ ကျတော့လည်း `p´ သံ ပါနေပါတယ်။ `ဘာ့စ်´ လို့ ရေးရင်လည်း အဆင်မချောပြန်ပါဘူး။

မြန်မာ-အင်္ဂလိပ် အဘိဓာန်ပြုစုသူများကတော့ အင်္ဂလိပ်အသံကို မြန်မာအက္ခရာများနဲ့ ဖော်ပြရာမှာ `အသံဖလှယ်မှု´ ကို အခုလို ရှင်းလင်းထားတာကို ဖတ်မှတ်ရပါတယ်။

b - ဘ/ဗ
c - က/ခ (သို့မဟုတ်) စ/ဆ
d - ဒ/ဓ
f - မြန်မာသံ အတိအကျ မရှိပါ၍ `ဖ´ အက္ခရာသံဖြင့် အနီးစပ်ဆုံး ဖော်ပြရပါသည်။ သို့ရာတွင် `f´ သံ ရအောင် ထွက်ရပါမည်။
g - ဂ/ဃ (သို့မဟုတ်) ဂျ
h - ဟ (သို့မဟုတ်) ဟထိုး
j - ဂျ
k - က/ခ
l - လ/ဠ
m - မ
n - န/ဏ
p - ပ/ဖ
q - ကွ (သို့မဟုတ်) က/ခ
r - ရ (ယ နှင့်မတူပါ)
s - စ/ဆ
t - တ/ထ
v - မြန်မာသံ အတိအကျ မရှိပါ၍ `ဗ´ အက္ခရာသံဖြင့် အနီးစပ်ဆုံး ဖော်ပြရပါသည်။ သို့ရာတွင် `v´ သံ ရအောင် ထွက်ရပါမည်။
w - ၀ (သို့မဟုတ်) ၀ဆွဲ
x - ကစ (သို့မဟုတ်) ဇ/ဈ
y - ယ (သို့မဟုတ်) ယပင့်/ယရစ်
z - ဇ/စ်

အထက်ပါ အသံဖလှယ်ကြပုံတွေကို ကြည့်ခြင်းအားဖြင့် ဘာကိုသိနိုင်သလဲ ဆိုတော့ ကျနော်တို့တတွေ အင်္ဂလိပ်စာလုံးတွေကို မြန်မာအသံထွက်နဲ့ မြန်မာမှုပြု ရေးသားတဲ့အခါ မတူကွဲပြားတဲ့ ရေးဟန်တွေ ထွက်ပေါ်လာနိုင်တယ် ဆိုတာ သိနိုင်ပါတယ်။ ဥပမာ blog ကို တယောက်က ဘလော့ လို့ရေးချင် ရေးပေမယ့် နောက်တယောက်က ဘလော့ခ်၊ ဘလော့ဂ် စသဖြင့် ရေးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

အင်္ဂလိပ်စကားလုံးတခုကို မြန်မာအသံထွက်နဲ့ အသံဖလှယ်ရေးတာက စာလုံးတိုင်းအတွက်တော့ မကောင်းလှဘူးလို့ ထင်မြင်မိပါတယ်။ သိပ်ပြီးရှည်လျားလွန်းတဲ့ စာလုံးတွေကို မြန်မာအသံထွက်နဲ့ ဖလှယ်မယ့်အစား သူ့မူရင်းအတိုင်း အင်္ဂလိပ်စာလုံးပေါင်း အတိအကျနဲ့ ကြားညှပ်ရေးသားတာက ဖတ်ရတာ ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။ ဥပမာ pluralism ဆိုတဲ့ စကားလုံးကို `ပလူရယ်လ်လစ်ဇင်´ လို့ ရှုပ်ထွေးရှည်လျားစွာ မြန်မာအသံထွက်နဲ့ ဖလှယ်ရေးသားမယ့် အစား သူ့မူရင်းအတိုင်း pluralism လို့ ရေးတာက ပိုမို ရှင်းလင်းပါလိမ့်မယ်။

မြန်မာလို အဓိပ္ပာယ် ပြန်ဆို ဖော်ပြရင် ဖတ်ရတာ အဆင်ပြေမယ် ထင်တဲ့ စကားလုံးတွေကိုတော့ မလိုအပ်ဘဲနဲ့ အင်္ဂလိပ်စာလုံးပေါင်းတွေ၊ အဲဒီ စာလုံးပေါင်းရဲ့ မြန်မာအသံထွက်တွေနဲ့ မရေးသင့်တော့ပါဘူး။

ရေးခဲ့တာ အတန်ငယ် ရှည်လျားပါပြီ။ ဖတ်ရတဲ့လူမှာလည်း ခေါင်းရှုပ်ပြီ ထင်ရဲ့။

ဒီပို့စ်ဟာ ကျနော်ဘလော့ဂ်ရဲ့ တရာခုမြောက် ပို့စ်ပါ။ ဒီဘလော့ဂ်ကို စတင်ရေးသားမိပြီ ဆိုကတည်းက ကျနော့်ရဲ့ အချိန်အတော်များများကို ဒီဘလော့ဂ်က သိမ်းယူပါတယ်။ ဒါပေမယ့် ကျနော် နှစ်နှစ်ကာကာ ကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ကျနော့်ရဲ့ အတွေးတွေ အတော်များများကို ဒီဘလော့ဂ်မှာ ဖော်ပြခွင့်ရပါတယ်။ ကျနော် သီချင်း ကိုးပုဒ်ရေးဖြစ်ခဲ့တာ၊ ဒီဘလော့ဂ်က ပို့စ်တွေထဲက ကိုးပုဒ်ကို တခြားသော စာစောင်တွေမှာ ဖော်ပြခွင့် ရခဲ့တာ၊ ကျနော်ရေးတာတွေကို တကူးတက လာဖတ်ပေးပြီး အားပေးခဲ့တဲ့ မိတ်ဆွေတွေ ရခဲ့တာတွေအတွက် ကျနော်ပေးလိုက်ရတဲ့ အချိန်တွေကို ကျေနပ်မိပါတယ်။ ဒါတွေဟာ ကျနော်လမ်းဆက်လျှောက်နိုင်ဖို့ အားအင်တွေလို့ ခံယူပါတယ်။

တရာပြည့် ပို့စ်လေးနဲ့ အတူ..

ဟိုးရှေ့မှာ …. ပန်းတိုင်ရှိတယ်၊ လာ…. သွားကြစို့။

ကလိုစေးထူး

6 comments:

Anonymous said...

အသံဖလှယ်ရေးတာနဲ့ ပတ်သက်ပြီးတော့ ကျမလည်း တခါတခါ အတွေးခေါင်တတ်တယ်။
ဥပမာပြောရရင် … ကွန်ပျူတာ နဲ့ ကွန်ပြူတာ ဘယ်လိုပေါင်းတာက မှန်သလဲပေါ့။ ပင့်ရမလား ရစ်ရမလား။ ကျမကတော့ ပင့်တာကိုကြိုက်တယ်။ ဘာကြောင့်တုန်းဆိုတော့ computer ဆိုတဲ့ စကားလုံးကို ခွဲခြမ်းစိတ်ဖြာ ကြည့်ရင် comp = ကွန့်ပ်, uter = ယူတာ၊
ကွန့်ပ်ယူတာ = ကွန်ပယူတာ = ကွန်ပျူတာ ဆိုတော့ ယပင့်နဲ့ရေးတာများ ပိုမှန်လေမလားလို့ ထင်မိတယ်။ ယပင့်သည် ယပက်လက်ကို ကိုယ်စားပြုပြီး ရရစ်က ရကောက်ကို ကိုယ်စားပြုတယ်မဟုတ်လား။
ဒီတော့ ကွန်ပြူတာ ဆိုရင် ကွန်ပရူတာ ဖြစ်နေမှာပေါ့။ ကိုသံလွင်က ကွန်ပြူတာ လို့ အမြဲရေးတတ်သလားလို့ပါ။ :P

နောက်တခု v ကို ဗ၊ f ကို ဖ နဲ့ အသံ ဖလှယ်တဲ့နေရာမှာလည်း ဆရာဆူဒိုနင် ရေးလေ့ရှိတာကို သွားသတိရမိသေးတယ်။ သူက ဟထိုးတွေထည့်ရေးတယ်။ ဥပမာ Finland နိုင်ငံဆို ဖဦးထုတ်သံ တိတိကျကျနဲ့ဆို ဖတ်ရတာ သိပ်အဆင်မပြေဘူးလေ။ သူရေးတာက ဒီလို “ဖှင်လန်” တဲ့။ video ကတော့ “ဗှီဒီယို”ပေါ့ .. အဲဒီလို။ ကျမနည်းအတိုင်းသာ စာလုံးတွေကို ဖြန့်ရေးကြည့်ရင် ဖဟင်လန် တို့ ဗဟီဒီယို တို့ ဖြစ်ကုန်မလား မသိဘူး။ :D

ထင်မြင်ချက်ရေးတာလည်း နည်းနည်းရှည်သွားပြီ … ဆိုတော့ကာ … လက်ကို ရပ်တန့်စေတဲ့ ကရိယာလေး အသုံးချပြီး ရပ်တန့်လိုက်ပါတော့မယ်။
မရပ်တန့်ခင် … ၁၀၀-ပြည့် စာအတွက် ဆုတောင်းလိုက်ပါရစေအုံး။
ဘန်နာပေါ်က ငှက်ကလေးတွေလို ကိုသံလွင် ရည်ရွယ်ရာ ပန်းတိုင်ဆီသို့ ပျံသန်းနိုင်ပါစေ …။
ရာပြည့်မှသည် …ထောင်၊ သောင်း၊ သိန်း၊ သန်း မက … ကဗျာ၊ စာပေ၊ သီချင်းများကို ဆက်လက် ဖန်တီးနိုင်ပါစေ … ။
***
အစဉ် အားပေးလျက် …
မေဓာဝီ
12th April, 2007
10:45 am

Anonymous said...

လေလုံးပွဲ နောက်ကျမည်စိုး၍ စက်တပ်ဘီးကို အပြင်းမောင်းလာသော မောင်လှမှာ ကံကောင်းထောက်မ၍သာ လေးဘီးစက်ယာဉ်နဲ့ မတိုက်မိခဲ့ပါ။ အချိန်မီ အရှိန်ထိန်းနိုင်၍သာ သက်သာရာရပေတယ်။

အဲဒီလိုရေးရင်ကော ဘယ်လိုနေမလဲ၊ တိုတော့သွားတယ်၊ ဒါပေမယ့် ဒီလိုရေးပုံမျိုး ဒီနေ့မှာ မသုံးကြတဲ့အတွက် ရယ်ရတဲ့ ပုံစံနဲ့ နောက်စပ်စပ်သဘောကတော့ ကျန်နေဆဲပဲ။ :D ကျွန်တော်တခါက Myanmar Teashop Forum မှာ forum ကို စကားဝိုင်း (ဇဂ၀ိုင်း)၊ administrator ကို ၀ိုင်းချုပ်၊ moderator ကို ၀ိုင်းထိန်း လို့ ဖလှယ်တော့ လူတွေရယ်ကြတယ်ဗျ။ :)) အခုလည်း အဲဒီလိုပဲ ဖြစ်နေတာပေါ့။

စကားမစပ် မြန်မာအသင်းကန်မယ့် “လေလုံးပွဲလေးများ” အခုတလော မရှိဘူးလားဗျာ၊ မကြည့်ဖြစ်တာကြာပြီ။

Anonymous said...

မြန်မာလို အတိကျ ရေးထားတဲ့ စာပိုဒ်ကိုကြည့်ပြီး ပြုံးမိတယ် ။ အမှန်ဝန်ခံရရင် ကျွန်မအတွက်တော့ အင်္ဂလိပ်စကားလုံးကို မြန်မာလို ပြုရတာ ၊ နောက် ဖတ်ကြည့်ပြီး ဘာကိုပြောနေပါလိမ့်လို့ စဉ်းစားရတာ အတော်ခဲယဉ်းပါတယ် ။ ကိုကလိုစေထူး အခုလို ပို့စ်အရှည်ကြီးရေးပေးတာ ကျေးဇူးပဲ ။ အင်္ဂလိပ်အသံထွက်ကို မြန်မာလိုပြုတာနဲ့ ပတ်သက်လို့ ဗဟုသုတ အတော်ရသွားပြီ ။

၁၀၀မြောက် ပို့စ်အပြီး ပန်းတိုင်သို့ ရွှင်လမ်းချမ်းမြေ့စွာ ဆက်လျှောက်လှမ်း နိုင်ပါစေရှင် ။

Anonymous said...

ကျနော်မလေးရှားမှာရှိတုန်းက ကွာလာလမ်ပူက တချို့ရပ်ကွက်တွေရဲ့အသံထွက်တွေမှာ မြန်မာလို အတိအကျ အသံထွက်လို့မရတာတွေ ရှိခဲ့ဘူးတယ်။ ဥပမာ Puchong ဆိုတဲ့ ရပ်ကွက်ကို မြန်မာလို အားရပါးရ ‘ပူချောင်း’ လို့ထွက်တဲ့သူရှိသလို၊ ‘ပူချူန်း’ လို့ ခေါ်တဲ့သူလည်း ရှိကြတယ်။ တကယ့်ဒေသခံတွေထွက်တဲ့အသံက မြန်မာလို လိုက်ရေးလို့မရတဲ့ ‘ချောင်း’ နဲ့ ‘ချူန်း’ ကြားထဲက အသံကို ထွက်ပါတယ်။ နောက် ကွာလာလမ်ပူရဲ့ မီးအိမ်နီရပ်ကွက်ဖြစ်တဲ့ Chowkit ကိုလည်း မြန်မာက ‘ချောင်ကစ်’ လို့ အားရပါးရခေါ်ပါတယ်။ အမှန်က ‘ချောင်’ နဲ့ ‘ချော်’ ကြားထဲက အသံပါပဲ။ ကျနော်တို့ သူငယ်ချင်းနှစ်ယောက် အချီအချ မြန်မာလို ပြောနေကြတာကို ဘေးကနားထောင်နေတဲ့ တရုတ် စူပါဗိုက်စာ (တိုက်ရိုက်ပဲ အသံဖလှယ်လိုက်တယ်ဗျာ) က မင်းတို့စကားပြောတာ ဂျပန်တွေစကားပြောတာနဲ့ တူတယ်လို့ မှတ်ချက်ပေးဖူးတယ်။ ဒါက သူ့အမြင်သာဖြစ်ပါ ကြောင်း၊ မိမိတို့နှင့်မသက်ဆိုင်ပါကြောင်း၊ မိမိတို့နှင့်ဆိုင်ပါက သတင်းစာဆရာကြီးများကို အသိပေးမှာဖြစ်ပါကြောင်း။ (ဆောရီးဗျာ၊ ပြောရင်းနဲ့ ကျနော်လည်း လေရှည်သွားတယ်)

စိုးဇေယျထွန်း said...

စဉ်းစားစရာပဲဗျာ နောက်မှ ကျွန်တော်လဲ ပို့တင်ဦးမယ်

Thet Htoo@Myat Lone said...

ကိုကလိုစေးထူး။ စိတ်ဝင်စားဖို့ကောင်းပါတယ်ခင်ဗျာ။ ကျွန်တော် ၉တန်း၁၀တန်းလောက်တုန်းက သူငယ်ချင်းတစ်ယောက်နဲ့ ပြောတာလေးတွေ ပြန်မှတ်မိတယ်ခင်ဗျ။ ခြွင်းချက်ရှိတာတွေက ရှိမယ်။ မရှိတာတွေက မရှိဘူးဆိုတာလေးပါ။ ဒီစကားမှာလည်း ခြွင်းချက်ရှိချင် ရှိမှာပေါ့နော်။

ဘာသာပြန်သင့်တာက ပြန်ရမယ်။ မပြန်ဘဲဒီအတိုင်း ထားသင့်တာက ထားရမယ်လို့ပဲ ထင်မိပါတယ်။ ဒါပေမယ့် ဘယ်လိုစကားလုံးမျိုးကို ပြန်သင့်တယ်။ ဘယ်လိုစကားလုံးမျိုးကို မပြန်သင့်ဘူးလဲဆိုတာ နည်းနည်း ပြောရခက်မယ်ထင်ပါတယ်ခင်ဗျ။

ကျွန်တော်တို့ ဟိုအရင်ကတည်းက မြန်မာစာက အခြားစကားတွေကနေ စကားလုံးတွေမွေးစားခဲ့တာပဲ။ ဒါပေမယ့် မြန်မာစကားကတော့ ပျောက်မသွားခဲ့ပါဘူး။ ဒါပေမယ့် အခုခေတ်မှာက အရင်ခေတ်နဲ့ မတူပြန်ဘူးလို့ ထင်ပါတယ်။ မွေးစားရမယ့်စကားလုံး တွေ အရမ်းများလာသလို ဘာသာပြန်ဖို့လည်း တော်တော်လေးခက်လာတယ်ထင်ပါတယ်။ ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ စကားလုံးတွေတောင် မနည်းဘူးမဟုတ်လားခင်ဗျာ။