Tuesday, April 03, 2007

စပ်မိစပ်ရာ

အခုတလောမှာ ကျနော်တယောက် ဟိုဟာရေးရနိုးနိုး၊ ဒီဟာ ရေးရနိုးနိုးနဲ့ အလုပ်ထဲမှာဆိုရင်တော့ ရေးစရာအကြောင်းတွေက ခေါင်းထဲကို လှစ်ကနဲ ၀င်လာလိုက်၊ တကယ်တမ်း ချရေးဖို့ စက်ရှေ့မှာ ထိုင်လိုက်တော့ အတွေးတွေက ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေပြန်ပါရော။ ခက်ပါပေ့..။

တော်လှန်ရေးနေ့ လွန်မြောက်ခဲ့ပြန်ပါပြီ။ သူတို့ကတော့ ဒါဟာ တပ်မတော်နေ့ပါတဲ့။ ၁၉၅၄ခုနှစ်မှာ အဲဒီအခေါ်အဝေါ်ကို စတင် သုံးစွဲခဲ့ပါသတဲ့။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇောကတော့ တပ်မတော်နေ့ဟာ ဘီအိုင်အေ တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၄၁ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့သာလျှင် ဖြစ်သင့်ပါသတဲ့။ လက်ရှိ ခေါ်ဝေါ်နေတဲ့ တပ်မတော်နေ့ဟာ တော်လှန်ရေးနေ့ပါလို့ ပြောနေလို့မှ မဆုံးသေးဘူး အုပ်ချုပ်သူများက ခါတိုင်း တော်လှန်ရေး ပန်းခြံမှာ လုပ်နေကြ စစ်ရေးပြ အခမ်းအနားကို သူတို့အခေါ် `နေပြည်တော်´ မှာ ရှေးခေတ် အဆောင်အယောင် သူတို့ အကြိုက် ရုပ်တုတွေ ရှေ့မှောက်မှာ ရွှေ့ပြောင်း ကျင်းပနေလေရဲ့။

မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေသစ် ပြဋ္ဌာန်းဖို့အတွက် မူကြမ်းရေးဆွဲနေတာ အခုနှစ်မကုန်မီ ထွက်ပေါ်လာဖွယ် ရှိပါသတဲ့..။ ဟင်..ဒါဆို၊ အရင်တုန်းက အဲဒါနဲ့ ဆိုင်တဲ့ ဥပဒေမရှိဘူးပေါ့..။ မဟုတ်ဘူး.. ရှိပါသတဲ့..။ ၁၉၄၈ ခုနှစ်တုန်းက ပြဋ္ဌာန်းခဲ့ပေမယ့် အခုခေတ်အခါနဲ့ ဆီလျော်မှု မရှိတော့လို့ပါတဲ့။ အခု ရေးဆွဲမယ့် ဥပဒေသစ်မှာတော့ အစိုးရ၀န်ထမ်းသာမက တခြားလူတွေကိုပါ အကျုံးဝင်စေပါမတဲ့..။ ဒါဆိုရင် ရုံးတွေဘာတွေမှာ လက်ဖက်ရည်ဘိုးဆိုပြီး တောင်းတိုင်း မပေးနဲ့..။ ကိုယ်ပါအချောင်ခံရမယ် ဆိုတဲ့ သဘောများလား။ ဒါမှမဟုတ် ငါတောင်းတာကို တိုင်ရင် နင်ပေးတာကိုပါ အချုပ်ထဲ ထည့်လို့ရတယ်ဆိုတဲ့ သဘောများလား။

ဒေါက်တာ ခင်မောင်ညိုက `အုပ်စုဖွဲ့လိုသူ ဂျာနယ်လစ် တချို့ဟာ ဘက်လိုက်ရမယ် ဆိုတဲ့ အယူအဆကို လက်ခံကြတာ ရှိတယ်။ တကယ်တော့ ဒါဟာမှားယွင်းပြီး ဂျာနယ်လစ် ကျင့်ဝတ်နဲ့ မညီပါဘူး။ သူ့မှာ အစွမ်းအစတွေ၊ လွှမ်းမိုးစရာ အာဏာတွေ ပါဝင်လာတယ်´ လို့ ပြောကြားသွားပါတယ်။ အမေ လူထုဒေါ်အမာကတော့ `စာနယ်ဇင်းတွေက ဘက်မလိုက်ဘူး ပြောရင် ဒါဟာ လိမ်နေတာပါ´ လို့ ပြောဖူးတာကို မှတ်သားရဖူးပါတယ်။ ဒါဖြင့် ကျနော်တို့ နိုင်ငံရဲ့ အထင်ကရ နိုင်ငံပိုင် သတင်းစာတွေရဲ့ ရေးသားဖော်ပြချက် သတင်းအချက်အလက်တွေဟာ တကယ်ပဲ ဘက်မလိုက်သော၊ တရားမျှတမှု ရှိသော၊ အစွမ်းအစ၊ လွှမ်းမိုးစရာ အာဏာတွေ မပါဝင်သော ဂျာနယ်လစ်ကျင့်ဝတ်နှင့် ညီညွတ်သော စာစောင်များ ဖြစ်နေပါသလား ..။ စဉ်းစားစရာပါပဲ။

VZO နဲ့ gtalk ကို အသုံးပြုပြီး ဆွေမျိုးသားချင်းများထံ ဆက်သွယ်နိုင်တာကြောင့် မြန်မာနိုင်ငံမှာ အင်တာနက်ကို အသုံးပြုသူ ပိုမိုများပြားလာနေတယ်လို့ ဖတ်လိုက်ရပါတယ်။ ၀မ်းသာစရာပေါ့..။ ပြောမယ့်သာ ပြောရတယ်။ စေတနာ ပရပွနဲ့ ဟိုပုဂ္ဂိုလ်များက သူတို့ရောင်းတဲ့ အီးမေးလ်ကို မသုံးရကောင်းလားဆိုပြီး ပိတ်ပစ်လိုက်မှ အခက်…။

မြန်မာနိုင်ငံမှာ စာအုပ်ပုံနှိပ်ထုတ်ဝေသောသူ၊ ပရိသတ်ရှေ့ မိန့်ခွန်းစကား ဆိုသောသူနဲ့ ဇာတ်စင်ပေါ်မှာ သီဆိုကပြတဲ့ သဘင်သည်တို့ကို သဘောရိုးဖြင့် ဝေဖန်ရင် အသရေဖျက်မှု မမြောက်ပါဘူးတဲ့။ ကဲ.. ဝေဖန်ကြပါစို့လား။ ဒါပေမယ့် တခုတော့ ရှိတယ်။ သဘောရိုးနဲ့မှတဲ့နော။ `သဘောရိုး´ ဆိုတဲ့ စကားကို လှည့်ပတ်ပြီး ဥပဒေကို လိုသလို အသုံးချရင်တော့လည်း မတတ်နိုင်။

မဲဆောက်မြို့က အိမ်တအိမ်ထဲမှာ ပိတ်လှောင်ထားခြင်း ခံနေရတဲ့ မြန်မာကလေးငယ် လေးဦးကို ဒေသခံရဲတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲဒီကလေးငယ်တွေကို လူပွဲစားတွေက ဘန်ကောက်ကို ပို့ဆောင်ဖို့ စီစဉ်နေကြဆဲမှာ အခုလို တွေ့ရှိခဲ့ကြတာပါ။ ထိုင်းရဲတွေကတော့ ဒီကလေးတွေကို ရောင်းစားဖို့ စီစဉ်ရာမှာ သူတို့ရဲ့ မိဘတွေပါ ပါဝင် ပတ်သက်နေတယ်လို့ ပြောဆိုပါတယ်။ မျက်ရည်လည်ရွှဲနဲ့ ကလေးတွေရဲ့ မိဘတွေကတော့ `ကိုယ့်ကလေးကို ကိုယ်ရောင်းစားဖို့ အထိတော့ မလုပ်ရက်ပါဘူး´ လို့ ပြောနေပေမယ့် ကလေးလေးတွေကတော့ `ဘန်ကောက်မှာ ပန်းသွားခူးရမယ်လို့ အမေက ပြောပြီး ပြန်သွားရော´ လို့ အပြစ်ကင်းစွာ ပြောပြခဲ့ကြပါတယ်။ အခြေအနေတွေက ဒီလောက်တောင် ဆိုးဝါးနေပြီးတဲ့လား.။

ကြက်သားတပိဿာ မြန်မာကျပ်ငွေ ငါးထောင်တဲ့..။ ကျနော်ပေါ်တာ လိုက်ခဲ့ရစဉ်ကလည်း မလိုက်ချင်ရင် ပေးရမယ့် ငွေက ငါးထောင်ပါပဲ။ အဲဒီတုန်းက အလယ်တန်းပြ ဆရာမ မေမေ့လစာက ထောင့်နှစ်ရာဝန်းကျင်မျှသာ။ ကျဆင်းလာတဲ့ မြန်မာ့ငွေတန်ဖိုးက ဆယ်စုနှစ်ကျော်ကျော်အတွင်းမှာ အကွာကြီး ကွာသွားခဲ့ပါပြီ။ တရုတ်မြန်မာ နယ်စပ်မှာ ဆိုရင် မြန်မာငွေတွေ လက်ရှိအသုံးပြုနေဆဲ ငွေစက္ကူများမှအစ ငွေအကြွေစေ့များ အဆုံး အမှတ်တရ သိမ်းထားစရာ တခုအနေနဲ့ ဈေးကွက်တခု ဖြစ်နေပါသတဲ့။





ဒီစာကိုရေးတာကို ခဏနားရင်း ဟိုဟိုဒီဒီ လိုက်ကြည့်မိတော့ ဒီငနဲကြီးပုံကိုတွေ့ပါတယ်။ ဘုရားရင်ပြင်တော်ပေါ်မှာ လို့ ယူဆရတဲ့ နေရာမှာ ထိုင်နေတဲ့ ဒီလူ၊ နေကိုကြည့်နေတာလား ဘာလားမသိ..။ လက်မှာတကုံး၊ လည်မှာတကုံးနဲ့ ဧရာမပုတီးကြီးတွေနဲ့ ဘယ်လို တရားထူးကို ရအောင်ကျင့်မှာပါလိမ့်။ သူ့ပုံကို မြင်တော့ ကျနော်တို့နိုင်ငံမှာ ပလူပျံနေတဲ့ ဂမ္ဘီရဆိုင်ရာ မဂ္ဂဇင်း၊ ဂျာနယ်တွေကို မျက်စိထဲ မြင်ယောင်လာမိပါတယ်။ အင်း…ခက်ရချည်ရဲ့။

ဒီလိုနဲ့ပဲ ကျနော်တယောက် ဘာစာမှ ဟုတ်တိပတ်တိ မရေးဖြစ်ဘဲ တနေ့ လွန်မြောက်သွားပြန်ပါတယ်။ ခေါင်းစဉ်ဘာပေးရမလဲလို့ စာကို တခေါက်ပြန်ဖတ်တော့ ဘယ်လို ခေါင်းစဉ်တပ်ရမှန်းမသိပါဘူး။ အဲဒါနဲ့ စိုင်းစိုင်းသီချင်းတပုဒ်ကို သတိရမိတာနဲ့ သူ့သီချင်းစာသားကို ကူးချလိုက်ပါတယ်။ `စပ်မိစပ်ရာ ကွိစိကွစ´။

ကလိုစေးထူး

ကိုးကား။ Weekly Eleven ဂျာနယ်။ ဒီဗွီဘီ ရုပ်သံ သတင်း။

3 comments:

Anonymous said...

ကျွန်မ ပုဂံမှာစားခဲ့တဲ့ ပုဇွန် ၂ကောင်ပါတဲ့ ဆီပြန်ဟင်းတခွက်ဟာ ၄၀၀၀ကျပ်ဆိုလို့ မျက်လုံးတောင် ပြူးသွားတယ် ။ စင်္ကာပူ ဒေါ်လာနဲ့တွက်ရင်တောင် ၅ဒေါ်လာလေ ။ ဈေးအတန်ဆုံးနဲ့ အကောင်းဆုံးကတော့ ရွှေပုဇွန်မှ ၇၀၀တန် ရွှေရင်အေးပဲ ။

Anonymous said...

စပ်မိစပ်ရာ ကွိစိကွစိ ထဲက ပြောချင်တာလေး တခုထုတ်ယူလိုက်အုံးမယ်။
စာနယ်ဇင်းတွေ ဘက်လိုက်သင့် မလိုက်သင့်နဲ့ ပတ်သက်လို့ ကျမအမြင်ပြောရရင်တော့ … သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းပြောသလိုပါပဲ … မှန်တဲ့ဘက်ကို လိုက်သင့်တယ်လို့ ထင်ပါတယ်။
မနေ့ကပဲ မိုးမခမှာဖတ်လိုက်ရလို့ အဲဒီလင့်ခ်လေး ပေးလိုက်မယ်။ သွားဖတ်ကြည့်ပါအုံး။
http://moemaka.com/index.php?option=com_content&task=view&id=65&Itemid=1
အင်း .. နိုင်ငံပိုင် သတင်းစာကြီးများက ဘက်လိုက်မလိုက် ဆိုတာတော့ ပြောတော့ပါဘူး။
မ-ဘက်လိုက်လို့ မိုက်ဘက်ပါ ဆိုတဲ့စကားကို ကျမက ခုလို နဲနဲပြင်ပြီးရေးချင်တယ်။
“အမှားဘက်လိုက်လို့ အမှိုက်ဘက်ပါ …” လို့ …။ သတင်းစာတစောင်လုံးက အမှိုက်သာသာပါပဲ။
ကိုင်ရင်တောင် လက်ပေသေးတယ်။ တော်တော်ကို မကောင်းလိုက်ပုံများ။

Unknown said...

ပုဇွန်ထုပ်ဆိုလို့ လွမ်းသွားပီ..ကျနော်ရန်ကုန်က သိဒ္ဓိရှင်မှာ ဂျပန်တွေနဲ့ သွားစားတုန်းကလဲ ၂ကောင်တည်းကါတာ ၄၀၀၀ပေး၇တယ်ဗျ..
ဒါပေမဲ့ ပြန်စားချင်သေးတယ်..ဟီး